← Chapters

အခန်း (၃၅၅)

Vol. 36 Ch. 355

အခန်း (၃၅၅)

Vol. 36 Ch. 355

တုပိုင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး တရားကျင့်ကြံခြင်းကမ္ဘာထဲသို့ ဝင်လိုက်၏။

“စနစ်.. မဟာဆရာသခင်ကြီး ကျီချင်းကျူကို ဘယ်လို ကယ်တင်ရမလဲ။”

အလင်းရောင်အရိပ်က ပြန်လည်ဖြေကြားသည်။ “ယင်းရှောင်ထန် ပြောတာ မှန်တယ်။ မိစ္ဆာတံတွေးအမွှေးတိုင်နဲ့ ဂျင်ဆင်းနဂါးဟင်းရည် ရောစပ်ထားတဲ့ ပြင်းထန်တဲ့အဆိပ်က ကုသလို့ မရဘူး။ ဒါပေမဲ့ အဆိပ်ကို လုံးဝ စုပ်ထုတ်ပစ်နိုင်တဲ့ အရာတစ်ခုတော့ ရှိတယ်။”

တုပိုင်က မေးလိုက်သည်။ “ဘာလဲ။”

အလင်းရောင်အရိပ်က ရှင်းပြလေသည်။ “မိစ္ဆာတံတွေးအမွှေးတိုင်ဆိုတာ ပင်လယ်နက်ထဲက ထူးခြားဆန်းပြားတဲ့ သားရဲတစ်ကောင်ဖြစ်တဲ့ ပင်လယ်ဘီလူးနေ ထွက်ရှိလာတဲ့ အရည်ပုံစံကျောက်တုံးလေ။ ဒီ ပင်လယ်နက်သားရဲက အလွန်စွမ်းအားကြီးမားပေမဲ့ သူ့မှာ သဘာဝရန်သူ တစ်ကောင်ရှိတယ်။ အဲ့ဒါက မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့လို့ ခေါ်တဲ့ ကပ်ပါးကောင်ငယ်လေး တစ်မျိုး။ သူက ပင်လယ်ဘီလူးရဲ့ ခန္ဓာကိုယ်ထဲမှာ အထူးတလည် နေထိုင်ပြီး သွေးနဲ့ ဦးနှောက်ထဲမှာ ရှိတဲ့ မိစ္ဆာတံတွေးအမွှေးတိုင်ကို အပြင်ကို မထုတ်လွှတ်နိုင်ခင်ကတည်းက စားသုံးတတ်တယ်။ တချို့ ပင်လယ်ဘီလူးတွေဆိုရင် ဝါးမြိုခံရပြီး သေဆုံးသွားတဲ့အထိပါပဲ။”

တုပိုင်က ပြောလိုက်သည်။ “ဒါဆို ဒီ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့ကို ဘယ်မှာ သွားရှာရမလဲ။ ကျွန်တော်က ပင်လယ်အောက်ထိသွားပြီး ပင်လယ်ဘီလူးကို သွားသတ်ရမှာတော့ မဟုတ်ပါဘူးနော်။”

အလင်းရောင်အရိပ်က ပြန်ပြောသည်။ “ပင်လယ်ဘီလူးကို သတ်မယ်ဟုတ်လား။ မဟာဆရာသခင်ကြီး အဆင့်တောင် အဲ့လိုစကားမျိုး မပြောရဲဘူး။”

တုပိုင်က မေးလိုက်သည်။ “ဒါဆို ဒီ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့က ဘယ်မှာလဲ။”

“အကြွင်းအကျန် သွေးဂိုဏ်းက မိုဟန်ဆီမှာ ရှိတယ်။”

“သောက်ကျိုးနည်း” တုပိုင် စိတ်ထဲတွင် အာမေဋိတ်ပြုလိုက်မိသည်။ “အဲ့ဒီ မိန်းမရူးဆီမှာ ဘာလို့ ရှိနေရတာလဲ။”

အလင်းရောင်အရိပ်က ဆက်လက်ရှင်းပြသည်။ “ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က မိုမိသားစု စော်ဘွားခေါင်းဆောင် ကန်ထော်ကို ဒီနည်းလမ်းအတိုင်း လုပ်ကြံခဲ့ဖူးလို့ပဲ။ ဒါပေမဲ့ မိုမိသားစုမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိတော့ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့ကို ရှာတွေ့ခဲ့ကြပြီး ကန်ထော်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို စုပ်ထုတ်ကာ အသက်ကယ်နိုင်ခဲ့တယ်လေ။ ဒီ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့က အသက်ပြင်းလွန်းပြီး ရေထဲမှာ အစာမစား ၊ ရေမသောက်ဘဲ ဆယ်စုနှစ်ချီ နေနိုင်တယ်။ ဒါကြောင့် အဲ့ဒီ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့က လက်ရှိမှာ မိုဟန်ရဲ့ လက်ထဲမှာ ရှိနေတာပေါ့။”

တုပိုင်က ပြောလိုက်သည်။ “အင်း... ၊ အဲဒီဖာသည်မနဲ့ အဆက်အသွယ်မလုပ်ချင်ဘူး။”

အလင်းရောင်အရိပ်က နှစ်သိမ့်သည်။ “စိတ်မပူပါနဲ့။ ကြာလာရင် မင်း နေသားရသွားမှာပါ။”

စနစ်သည် အမှန်တကယ်ပင် အဆင့်မြင့်တင်ထားပြီးဖြစ်ကာ ယခုအခါတွင် ဟာသပင် လုပ်တတ်နေပြီ ဖြစ်သည်။

တုပိုင်သည် မိုဟန်ဆီမှ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့ကို သွားတောင်းရန် ရှောင်မူကျစ်ကို စေခိုင်းချင်စိတ် ပေါ်လာသော်လည်း စကားမပြောမီ ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့ကောင်ဟု ဆဲရေးလိုက်မိသည်။

ရှောင်မူကျစ်ကို မိုဟန်ဆီ သွားတောင်းခိုင်း၍ မဖြစ်သလို ၊ ဤကိစ္စအတွက် ရှောင်မူကျစ်၏ အာဏာကိုလည်း အနည်းငယ်မျှ အားကိုး၍မရပေ။ ကျီချင်းကျူကို ကယ်တင်ရန် သူကိုယ်တိုင်၏ အစွမ်းအစကိုသာ လုံးဝ အားကိုးရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်မှသာ အကြီးမားဆုံးသော ကျေးဇူးကျွေးကို ရရှိနိုင်မည် ဖြစ်သည်။

တုပိုင် မပျော်မရွင်လျက် တရားကျင့်ကြံခြင်းကမ္ဘာမှ ထွက်ခွာလာလိုက်သည်။

**--**--**--**--**--**--**--**

တုပိုင်က ကျီပြောင်ပြောင်ကို ပြောလိုက်သည်။ “မင်း ဒီမှာနေပြီး မဟာဆရာသခင်ကြီး ကျီကို စောင့်ရှောက်လိုက်ပါ။ ငါ မင်းအဖေကို ကယ်ဖို့ ဖြေဆေး သွားရှာလိုက်ဦးမယ်။”

ကျီပြောင်ပြောင်က မေးလိုက်သည်။ “ကျွန်မ လိုက်ခဲ့ရမလား။”

“မလိုပါဘူး။” တုပိုင်က ငြင်းလိုက်သည်။ “ငါတစ်ယောက်တည်း လုပ်နိုင်ပါတယ်။”

**--**--**--**--**--**--**--**

မိုယဲ့၏ ဦးဆောင်မှုဖြင့် တုပိုင်သည် အကြွင်းအကျန် သွေးဂိုဏ်း ဌာနချုပ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ မြေအောက်၌ မဟုတ်တော့ဘဲ မြေပြင်ပေါ်ရှိ အိမ်တော်ငယ်လေးတစ်ခုတွင် ဖြစ်သည်။ ဂိတ်တံခါးဝတွင် စာလုံးကြီးသုံးလုံး ရေးထိုးထားသည်။ မိုမိသားစု တော်ဝင်မိသားစု ဟူ၍ပင်။

ချက်ချင်းပင် တုပိုင်တစ်ယောက် သူ၏မျက်လုံးများကို ပြန်ပြီးတော့ ဖောက်ထုတ်ပြစ်ချင်သွား၏။ ဤမိန်းမရူးသည် မြေအောက်မှ ဘုရင်မဇာတ်လမ်းအား မြေပေါ်အထိပင် သယ်လာလေ၏။

ကံကောင်းသည်မှာ ဤနေရာသည် တရားရုံး၏ စီရင်ပိုင်ခွင့်အပြင်ဘက် ပိုင်ဆယ်မြို့ ဖြစ်နေခြင်းပင်။ အခြားစီရင်စုတစ်ခုခုတွင်သာ ဆိုပါက ဤဆိုင်းဘုတ်တစ်ခုတည်းဖြင့်ပင် ပုန်ကန်မှုဟု သတ်မှတ်ကာ အစိုးရ၏ နှိမ်နင်းခြင်းကို ခံရပေလိမ့်မည်။

မိုမိသားစု တော်ဝင်မိသားစုဟု ခေါ်ဆိုသော ဤနေရာသည် သေးငယ်သော်လည်း အရာအားလုံး ပြည့်စုံပြီး ကုန်းကုန်းခွေး ဆယ်ကောင်ခန့်ပင် ရှိနေသေးသည်။ ဗိသုကာလက်ရာတစ်ခုလုံးမှာ အဆင့်ဆင့် တည်ဆောက်ထားပြီး ပိုင်ဆယ်မြို့ဘုရင်မဟု ကိုယ့်ကိုယ်ကိုယ် ကြေညာထားသော မိုဟန်သည် အတွင်းအကျဆုံး မျှော်စင်တွင် နေထိုင်လေသည်။

မိုယဲ့၏ ဦးဆောင်မှုဖြင့် တုပိုင်သည် မိုဟန်၏ မဟာခန်းမဆောင်ဟု ခေါ်ဆိုသော နေရာသို့ ဝင်ရောက်လာခဲ့သည်။

ဝင်လိုက်သည်နှင့် စူးရှသော အလင်းရောင်ကြောင့် မျက်လုံးပင် ပြာဝေသွားရသည်။

“ဒီမိန်းမရူးက သူမရထားတဲ့ ရွှေတုံး ငါးသောင်းစလုံးကို ဒီခန်းမဆောင်မှာ သုံးပစ်လိုက်တာလား။” တုပိုင် အံ့သြသွားသည်။

နေရာတိုင်းတွင် ရွှေရောင်များဖြင့် တောက်ပနေပြီး ပစ္စည်းအိုးခွက်အားလုံးကို ရွှေဖြင့် ပြုလုပ်ထားကာ အဆိုးရွားဆုံးမှာ ကြမ်းခင်းများကိုလည်း ရွှေတစ်လွှာ ပါးပါး ကပ်ထားခြင်းပင် ဖြစ်သည်။

တုပိုင် ခန့်မှန်းခဲ့သည်မှာ အမှန်ပင် ဖြစ်နေသည်။ သူမ ရရှိခဲ့သော ရွှေတုံး ငါးသောင်းစလုံးကို ကြမ်းခင်းပေါ်တွင် ပုံလိုက်ခြင်း ဖြစ်သည်။ ပြီးစီးရန် တစ်ရက်နှင့် တစ်ည ကြာမြင့်ခဲ့ပြီး လွန်ခဲ့သော ခုနစ်နာရီကမှ ပြီးစီးခဲ့ကာ ကြမ်းပြင်မှာ အနည်းငယ် နွေးထွေးနေဆဲ ဖြစ်သည်။

တာ့နင်အင်ပါယာ ဧကရာဇ်၏ ရွှေပလ္လင်ခန်းမဆောင်ရှိ ရွှေအုတ်များပင်လျှင် အတုများ ဖြစ်သော်လည်း ပိုင်ဆယ်မြို့ဘုရင်မဟု ကိုယ့်ကိုယ်ကိုယ် ကြေညာထားသော မိုဟန်ကမူ ကြမ်းခင်းအတွက် ရွှေအစစ်ကို အသုံးပြုထားသည်။ မည်မျှပင် အထင်ကြီးဖွယ် ကောင်းလိုက်ပါသနည်း။ ဤအမျိုးသမီးသည် မွေးရာပါ ဖြုန်းတီးသူပင် ဖြစ်သည်။

တုပိုင်အနေဖြင့် သူမအား ရွှေများ ပိုမပေးမိခဲ့ခြင်းမှာ ကံကောင်းသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက ဤအိမ်တော်၏ လက်မတိုင်းကို ရွှေဖြင့် ခင်းလိမ့်မည်မှာ သေချာသည်။

တုပိုင်က လီမိသားစုကို တိုက်ခိုက်ရန် စစ်သားနှင့် မြင်းများ စုဆောင်းဖို့ ရွှေတုံး ငါးသောင်း ပေးခဲ့ခြင်း ဖြစ်သည်။

“သစ္စာဖောက် မိုယဲ့.. မင်းက ဘာလို့ မိန်းမစိုးခွေး တုပိုင်ကို ဒီခေါ်လာတာလဲ။” မိုဟန်၏ ပထမဆုံး စကားက လူကို သေလုနီးပါး ရိုက်နှက်ချင်စိတ် ဖြစ်ပေါ်စေသည်။

မိုယဲ့က ပြောလိုက်သည်။ “တတိယသခင်မလေး.. တုပိုင်က မနေ့ကပဲ မဟာအောင်ပွဲ ရရှိခဲ့ပါတယ်။ မြို့စောင့်တပ်မှူး ယန်ရှောင် လုံးဝ သုတ်သင်ခံလိုက်ရပါပြီ။”

မိုဟန်က ဂရုမစိုက်စွာ ပြောလိုက်သည်။ “အဲ့ဒါတော့ ဘာဖြစ်လဲ။ ငါနဲ့ ဘာဆိုင်လို့လဲ။”

တုပိုင်သည် ဤမျှ စိတ်အနှောင့်အယှက် ပေးသော အမျိုးသမီးမျိုးနှင့် တစ်ခါမျှ မကြုံဖူးပေ။ လီဝမ်ဝမ်သည် ယုတ်မာကောက်ကျစ်သော်လည်း စိတ်အနှောင့်အယှက် မဖြစ်စေပေ။ ထိုအပြင် ဤမျှ လှပပြီး စိတ်အနှောင့်အယှက် ပေးနိုင်သော အမျိုးသမီးမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးပေ။

သူမ၏ ကိုယ်ခန္ဓာက ကျီပြောင်ပြောင်ကဲ့သို့ အကွေးအကောက် မများဘဲ ရိုးရာအရှေ့တိုင်း အမျိုးသမီးတစ်ဦးကဲ့သို့ ပိန်ပါးကာ အရိုးမပေါ်ဘဲ ကျော့ရှင်းနေသော်လည်း သူမ၏ မျက်နှာမှာမူ ကျီပြောင်ပြောင်ထက်ပင် သာလွန်ပြီး အိပ်မက်ဆန်ကာ အလွန်တရာ လှပလေသည်။

တုပိုင်က ပြောလိုက်သည်။ “အစ်ကိုကြီး မိုယဲ့.. ကျွန်တော် သခင်မလေးမိုနဲ့ သီးသန့် စကားပြောချင်ပါတယ်။”

မိုယဲ့ ခေါင်းညိတ်၏။ “ကောင်းပါပြီ”

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် မိုဟန်ကလည်း လက်ဝှေ့ယမ်းပြကာ လူအားလုံးကို ထွက်သွားရန် အချက်ပြလိုက်သည်။ သူတို့ ထွက်သွားပြီးနောက် မိုယဲ့သည် လူများကို မီတာတစ်ရာခန့် အကွာအဝေးထိ မောင်းထုတ်လိုက်သည်။

ရုတ်တရက် ခန်းမဆောင်ကြီးတစ်ခုလုံးတွင် တုပိုင်နှင့် မိုဟန် နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

“မင်း မြို့စောင့်တပ်မှူး ယန်ရှောင်ကို ငါ့ရဲ့ မိုမိသားစု တော်ဝင်ရတနာသိုက်ကို သုံးပြီး အနိုင်ယူလိုက်တာလား။” မိုဟန်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “အဲ့ဒီ လျှို့ဝှက်လက်နက်တွေက ငါ့ရဲ့ မိုမိသားစု ဘိုးဘွားတွေဆီက ဟုတ်တယ်မလား။”

တုပိုင်က ဝန်ခံလိုက်သည်။ “အဲ့ဒီသဘောပါပဲ။”

မိုဟန်က ပြောလိုက်သည်။ “အခု ဘယ်လောက်ကျန်သေးလဲ။ အကုန် ငါ့ကို ပြန်ပေး။”

ထိုစကားကို ကြားသောအခါ တုပိုင် စိတ်ပျက်သွားသည်။ သူက သူမဆီက ဘာမှတောင် မတောင်းရသေး ၊ သူမက သူ့ဆီကနေ အရင် တောင်းဆိုနေပြီ ဖြစ်သည်။

တုပိုင်က ပြောလိုက်သည်။ “ငါတို့ သဘောတူညီချက်တစ်ခု လုပ်ကြမလား။ မင်းဆီမှာ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့ ရှိတယ်လို့ ကြားတယ်။”

မိုဟန် အံ့အားသင့်သွားပြီး တုပိုင်က ဤအကြောင်း ဘာလို့သိနေတာလဲဟု တွေးလိုက်သော်လည်း ခဏဘေးဖယ်ထားပြီး ဆက်ပြောလိုက်သည်။ “ရှိတော့ ဘာဖြစ်လဲ”

တုပိုင်က ကမ်းလှမ်းလိုက်သည်။ “မင်းရဲ့ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့နဲ့ ရွှေတုံး ငါးသောင်း လဲလှယ်ပေးနိုင်တယ်။”

“မဖြစ်နိုင်ဘူး။” မိုဟန်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ “တစ်ယောက်ယောက်က မိစ္ဆာတံတွေးအမွှေးတိုင်နဲ့ ဂျင်ဆင်းနဂါးဟင်းရည် ရောစပ်ထားတဲ့ အဆိပ်မိသွားတာလား။ လွန်ခဲ့တဲ့ ၁၅ နှစ်က ငါ့အဖေလိုမျိုးလေ။ မင်းက သွေးစုပ်မျှော့ကိုသုံးပြီး ကယ်ချင်တာလား။ ဟားဟားဟား.. အိပ်မက်သာ မက်နေလိုက်။ မင်း ကယ်ချင်တဲ့လူကို ငါက ပိုပြီး သေစေချင်နေတာ။ ဘာပဲဖြစ်ဖြစ် မင်းမပျော်မရွှင်ဖြစ်မယ့် ကိစ္စမှန်သမျှ ငါလုပ်မှာပဲ။”

“သောက်ကျိုးနည်း...” တုပိုင်သည် သူမကို သေအောင် ရိုက်သတ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။

တုပိုင်က ထပ်ပြောလိုက်သည်။ “မြို့စောင့်တပ်မှူး ယန်ရှောင်ကို ချေမှုန်းဖို့ သုံးခဲ့တဲ့ လက်နက် သေမင်းပန်းပွင့် ကို မင်းမြင်တယ်မလား။ အခု ၁၀၀ ကျော် ကျန်သေးတယ်။ အဲ့ဒါတွေအကုန်ပေးမယ် ၊ ပြီးတော့ ရွှေတုံး တစ်သိန်း ထပ်ပေါင်းပေးမယ် ၊ မင်းရဲ့ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့နဲ့ လဲလှယ်ပေး။”

“မဖြစ်နိုင်ဘူး။ အဲ့ဒါတွေက မူလကတည်းက ငါ့ရဲ့ မိုမိသားစု တော်ဝင်ရတနာတွေပဲ။ မင်းက ငါ့ဘိုးဘွားတွေရဲ့ ပစ္စည်းကိုသုံးပြီး ငါ့ပစ္စည်းနဲ့ လာလဲလှယ်နေတာလား ၊ တော်တော်စာရင်းတွက်တတ်တဲ့ကောင်ပဲ။” မိုဟန်က ပြောလိုက်သည်။ “အဲ့ဒါတွေကို မင်း ငါ့ဆီ ပြန်ပေးရမှာက တရားသဖြင့်ပဲလေ။ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့အတွက်ကတော့ အိပ်မက်တောင် မမက်နဲ့။ ငါပြောပြီးပြီလေ.. မင်းထိခိုက်စေမယ့်အရာဆို ဘာမဆို ငါလုပ်မှာပဲလို့။ ငါ့ကို စော်ကားဖို့ ဘယ်သူက ခိုင်းလို့လဲ။”

ချက်ချင်းပင် စေ့စပ်ညှိနှိုင်းမှု တစ်ခုလုံး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်သွားလေသည်။

ထို့အပြင် တစ်ဖက်လူမှာ လုံးဝ ဆင်ခြင်တုံတရားမရှိသော မိန်းမရူးဖြစ်နေသဖြင့် ဆက်လက်ပြောဆိုရန် မဖြစ်နိုင်တော့ပေ။

ထိုအချိန်တွင် တုပိုင်၏ စိတ်ထဲရှိ အလင်းရောင်အရိပ်က ဝင်ပြောလိုက်သည်။ “မိုဟန်ရဲ့ သိုင်းပညာက အလွန်မြင့်မားတော့ မင်းကို လုံးဝ အရေးမလုပ်ဘဲ ဘာကာကွယ်မှုမှ မယူထားဘူး။ ချက်ချင်းပဲ ဝိညာဉ်အရိပ် စွမ်းအင် ၆၀ ရာခိုင်နှုန်းကိုသုံးပြီး သူ့ကို ချက်ချင်း တိုက်ခိုက်လိုက် ၊ သူ့ရဲ့ ဖင်ကို ပြင်းပြင်းထန်ထန် ရိုက်ချပြီး မိစ္ဆာနတ်သမီးလေး.. ခုထိ မကြောက်သေးဘူးလား ၊ ခုထိ မကြောက်သေးဘူးလားလို့ အော်ပြောလိုက်။”

တုပိုင် ချက်ချင်း လန့်ဖျပ်သွားသည်။

အလင်းရောင်အရိပ်က အားပေးလိုက်သည်။ “ငါ့ကို ယုံစမ်းပါ။ ငါလုပ်ခိုင်းရင်သာ လုပ်လိုက်။ အဓိကအချက်က ရိုက်နေရင်းနဲ့ အော်ပြောဖို့ပဲ။ မိစ္ဆာနတ်သမီးလေး.. ခုထိ မကြောက်သေးဘူးလားလို့လေ။”

မိုဟန်သည် ကျောပေးထားသဖြင့် တုပိုင်ဘက်သို့ မောက်မာပြီး ဆွဲဆောင်မှုရှိသော ကျောပြင်ကို လှည့်ထားလေသည်။

“ခွေးကုန်းကုန်း.. ထွက်သွားတော့။ မင်း ငါ့ဆီက ဘာမှ ရမှာမဟုတ်ဘူး ၊ ကဲ့ရဲ့ရှုတ်ချမှုနဲ့ ရန်လိုမုန်းတီးမှုကလွဲပြီး ဘာမှရမှာ မဟုတ်ဘူး။”

အလင်းရောင်အရိပ်က ရေတွက်လိုက်သည်။ “သုံး နှစ် တစ်”

တုပိုင်သည် မိုဟန်၏ ကျောဘက်သို့ ချိန်ရွယ်ကာ ပြင်းထန်သော လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ပြီး ဝိညာဉ်အရိပ်စွမ်းအင် ၆၀ ရာခိုင်နှုန်းကို ပုံအော သုံးစွဲလိုက်သည်။ ယင်းသည် ဝိညာဉ်သားရဲတစ်ကောင်လုံး၏ စွမ်းအင်ဖြစ်သည်။

မိုဟန်သည် တုပိုင်၏ တိုက်ခိုက်မှုကို ချက်ချင်း ခံစားလိုက်ရပြီး သူမ၏ စိတ်နှလုံးထဲတွင် အံ့သြမှု ၊ ဒေါသနှင့် အထင်သေးမှုများ ပြည့်နှက်သွားလေသည်။

‘ခွေးကုန်းကုန်းကများ ငါ့ကို ခြုံခိုတိုက်ခိုက်ရဲတယ်ပေါ့’

အပိုင်း ၃၅၅ ပြီး။

All Chapters