အခန်း (၃၅၇)
Vol. 36 Ch. 357
ထို့အပြင် သူမသည် တုပိုင်၏ စိတ်စွမ်းအင်တိုက်ခိုက်မှုကို ယခုလေးတင် ခံစားခဲ့ရခြင်း ဖြစ်သည်။ သူမသည် မျက်မှောင်ကြုတ်ထားပြီး မသက်မသာဖြစ်နေပုံ ရသော်လည်း ထိခိုက်ဒဏ်ရာ ရထားပုံ မပေါ်ပေ။ ဤအမျိုးသမီး၏ စိတ်စွမ်းအင် မည်မျှ မြင့်မားသည်ကို အမှန်တကယ် ခန့်မှန်း၍ မရနိုင်ပေ။
“ဘယ်နေရာမှာလဲ။” လီပေါင်း တစ်ရာကျော် လမ်းလျှောက်ပြီးနောက် မိုဟန် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။ “နင် ငါ့ကို လိမ်ရဲရင် နင့်ကို တစ်စစီ ဆွဲဖြဲပစ်မယ်လို့ ကတိပေးတယ်။”
တုပိုင်သည် သူမကို လျစ်လျူရှုပြီး စနစ်၏ ညွှန်ကြားချက်အတိုင်း ဆက်လက် လျှောက်လှမ်းနေခဲ့သည်။ နောက်ထပ် လီ ၅၀ ခန့် လျှောက်ပြီးနောက် လုံးဝ စွန့်ပစ်ထားသော အိမ်ပျက်အနည်းငယ်နှင့် ရေခမ်းခြောက်နေသော ရေတွင်းပျက်တစ်ခုကို တွေ့လိုက်ရသည်။
တုပိုင်က ပြောလိုက်သည်။ “မင်းအဖေရဲ့ ရုပ်အလောင်းက ဒီရေတွင်းပျက်ထဲမှာ ရှိတယ်။”
သူ စကားမဆုံးမီမှာပင် မိုဟန်သည် တိုက်ရိုက် ခုန်ချသွားသည်။ သောက်ကျိုးနည်း။ ဤမိန်းမရူးသည် အမှန်တကယ်ပင် ဦးနှောက်မရှိလေသလော။ ထောင်ချောက်တစ်ခု ဖြစ်နေလျှင်ပင် သူမသည် စကားတစ်ခွန်းမှ မပြောဘဲ ခုန်ချသွားမည်လော။ ခဏအကြာတွင် ရေတွင်းပျက်ထဲမှ အံကြိတ်ငိုကြွေးသံ သဲ့သဲ့ ထွက်ပေါ်လာသည်။
“ဖေဖေ... ဖေဖေ...” သူမသည် မရပ်မနား ငိုကြွေးနေတော့သည်။ တစ်နာရီကျော်ကြာအောင် ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေခဲ့သည်။
တုပိုင်သည် လူယုတ်မာ ချင်ဟွေ့မှာတောင် မိတ်ဆွေကောင်း သုံးယောက်ရှိတယ်ဆိုသော စကားပုံကို သတိရသွားသည်။
ဤလောကကြီး အတွင်းမှ လူဆိုးလူမိုက် အများစုတွင်လည်း သူတို့၏ ကိုယ်ပိုင် စိတ်ခံစားချက်များ ရှိကြသည်။ ဥပမာအားဖြင့် ကန်ထော်သည် သေချာပေါက် လူဆိုးတစ်ယောက် ဖြစ်သော်လည်း သူ၏သမီး မိုဟန်အပေါ် အလွန်အမင်း ချစ်ခင်မြတ်နိုးခဲ့ပုံရသည်။ သို့မဟုတ်ပါက မိုဟန်သည် သူ့အား ဤမျှအထိ လွမ်းဆွတ်နေမည် မဟုတ်ပေ။
“တော်လောက်ပြီ။” တုပိုင် အပေါ်မှ လှမ်းအော်လိုက်သည်။
ခဏအကြာတွင် မိုဟန် ငိုကြွေးမှု ရပ်သွားပြီး ရေတွင်းပျက်ထဲမှ ခုန်တက်လာသည်။
သူမ၏ လက်ထဲတွင် အရိုးစုတစ်ခုကို ပွေ့ပိုက်ထားသည်။ ဒဏ်ရာအမာရွတ်များ ကျန်ရှိနေသော အရိုးစုတစ်ခု ဖြစ်သည်။ မိုဟန်အနေဖြင့် ဤသည်မှာ သူမဖခင် ကန်ထော်၏ အရိုးစုဖြစ်ကြောင်း ချက်ချင်း မည်သို့မှတ်မိသွားသည်ကို တုပိုင် မသိသော်လည်း ဤအရိုးစုတွင် ထင်ရှားသော လက္ခဏာများ ရှိနေသည်မှာ အမှန်ပင်။ ဥပမာအားဖြင့် အရပ်အလွန်မြင့်မားခြင်း ၊ မျက်နှာသွင်ပြင်အရိုးများက နိုင်ငံခြားသားပုံစံ ပေါက်နေခြင်းနှင့် ခန္ဓာကိုယ်ပေါ်မှ ထူးခြားသော ဒဏ်ရာအမာရွတ်များ ဖြစ်သည်။
“သူ့ကို ခဏလောက် ကြည့်ပေးထားပါဦး။ ငါ ခေါင်းတလားလုပ်ဖို့ သစ်ပင်သွားခုတ်လိုက်ဦးမယ်။” မိုဟန်က ပြောလိုက်ပြီး ကန်ထော်၏ အရိုးစုကို ဂရုတစိုက် ချထားကာ တောအုပ်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
တုပိုင်က အကြာကြီး စောင့်ရမည်ဟု ထင်ထားသော်လည်း အံ့သြစရာကောင်းလောက်အောင်ပင် နာရီဝက်ကျော်ရုံဖြင့် သူမ ပြန်ရောက်လာသည်။ သူမ သယ်ဆောင်လာသည်မှာ သစ်ပင်တစ်ပင်လုံးကို ဓားဖြင့် ထွင်းထုထားသော ခေါင်းတလားအသစ်စက်စက် တစ်လုံး ဖြစ်သည်။
ထို့နောက် သူမသည် ကန်ထော်၏ ရုပ်အလောင်းကို ခေါင်းတလားထဲသို့ လေးလေးနက်နက် ထည့်လိုက်သည်။ မိုဟန်က တိုးတိုးလေး ပြောလိုက်သည်။ “ဖေဖေ... သမီး ဖေဖေ့ကို အိမ်ပြန်ခေါ်သွားပေးမယ်နော်။ နောက်ဆို သမီးက ဖေဖေနဲ့ ဘယ်တော့မှ မခွဲတော့ဘူး။”
ထို့နောက် သူမသည် ခေါင်းတလားကို ထမ်းကာ ပြန်လှည့်ထွက်လာပြီး တုပိုင်သည် နောက်မှ လိုက်ပါလာခဲ့သည်။ မိုနန်းတော်ဟု ခေါ်သော နေရာသို့ ပြန်ရောက်သောအခါ ညအချိန်သို့ပင် ရောက်နေပြီ ဖြစ်သည်။
မိုဟန်သည် ဖခင် ကန်ထော်၏ ရုပ်အလောင်းကို ပင်မခန်းမဆောင်တွင် ရက်အနည်းငယ် ထားရှိပူဇော်ပြီးမှ မိုမိသားစု၏ မြေအောက်သင်္ချိုင်းဂူသို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားသည်။
မိုဟန်က ရုတ်တရက် မေးလိုက်သည်။ “ငါ့အမေ မိုယင် သေဆုံးတာကို ငါဘာလို့ လျစ်လျူရှုထားလဲဆိုတာ နင် အရမ်းသိချင်နေမယ် ထင်တယ်။”
တုပိုင် ခေါင်းညိတ်လိုက်သည်။
မိုဟန်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သူက ဖောက်ပြန်ခဲ့လို့ပဲ။ ငါ့အဖေနဲ့ လက်ထပ်ထားပေမဲ့ သူ့စိတ်နှလုံးက တခြားယောက်ျားတစ်ယောက်ဆီ ရောက်နေခဲ့တယ်။ ပြီးတော့ အဲ့ဒီတုန်းက ငါ့အဖေကို မိစ္ဆာတံတွေးအမွှေးတိုင်နဲ့ ဂျင်ဆင်းနဂါးဟင်းရည် တိုက်ပြီး လုပ်ကြံခဲ့တာ သူပဲလို့ ငါသံသယရှိတယ်။”
တုပိုင် လန့်ဖျပ်သွားပြီး မေးလိုက်သည်။ “မင်းမှာ သက်သေရှိလား။”
“မရှိဘူး။” မိုဟန်က ပြောလိုက်သည်။ “ဒါက ငါ့ရဲ့ ပင်ကိုအသိစိတ်နဲ့ ယုံကြည်မှုပဲ။”
ချက်ချင်းပင် တုပိုင် စကားပြောစရာ ပျောက်ဆုံးသွားသည်။
“ကဲပါလေ.. ငါ့အဖေရဲ့ ရုပ်အလောင်း ရှာတွေ့အောင် ကူညီပေးတဲ့အတွက် နင်လိုချင်တဲ့ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့ကို ငါပေးမယ်။” မိုဟန်က ပြောလိုက်သည်။
ထို့နောက် သူမ ထွက်ခွာသွားသည်။
၁၅ မိနစ်ခန့် ကြာသောအခါ သူမ ပြန်ရောက်လာပြီး သေတ္တာတစ်လုံးကို ကိုင်ဆောင်လာကာ တုပိုင်လက်ထဲသို့ ထည့်ပေးလိုက်သည်။
တုပိုင် သေတ္တာကို ယူပြီး ဖွင့်ကြည့်လိုက်သည်။
ဤသည်မှာ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့လော။ သူ စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားနေသည်။ တုပိုင်သည် မူလက မျှော့ကောင် သို့မဟုတ် ကပ်ပါးကောင် တစ်မျိုးဖြစ်၍ ရွံစရာကောင်းမည်ဟု ထင်ထားခဲ့သည်။ သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် ထိုသည်မှာ အထူ တစ်မီလီမီတာနှင့် အရှည် ဆယ်စင်တီမီတာခန့်ရှိသော ရွှေဝါရောင် သန်ကောင်လေးတစ်ကောင် ဖြစ်နေပြီး ရေထဲတွင် ငြိမ်သက်စွာ နေနေသည်။ သေနေပြီဟုပင် တုပိုင် သံသယဝင်မိသည်။
“မသေသေးဘူး။” မိုဟန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “ကျေးဇူးပဲ။ ဒါဆို ငါ သွားတော့မယ်။”
“နေဦး...” မိုဟန်က အေးစက်စွာ ပြောလိုက်သည်။ “ခုနက နင် ငါ့ကို ရိုက်ခဲ့တယ်နော်။ ဒီအတိုင်း ပြီးသွားမယ် ထင်နေလား။”
တုပိုင် လန့်သွားပြီး မေးလိုက်သည်။ “ဒါဆို မင်းက ဘာလိုချင်လို့လဲ။”
မိုဟန် ရှေ့သို့ တိုးလာပြီး တုပိုင်ကို ကြမ်းပြင်ပေါ်သို့ အတင်းဖိချလိုက်ကာ ဓားရိုးဖြင့် သူ၏ကျောပြင် ၊ တင်ပါးနှင့် ပေါင်များကို အကြိမ်ကြိမ် ရိုက်နှက်လေတော့သည်။
“ဖြောင်းးးး ဖြောင်းးးးး ဖြောင်းးးးး”
သောက်ကျိုးနည်း ၊ ဤမိန်းမရူးသည် တုပိုင် ရိုက်သည်ထက် ပိုနာအောင် ရိုက်နေ၏။ တုပိုင်ကဲ့သို့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်၏ ဖိချုပ်ပြီး ရိုက်နှက်ခြင်း ခံရသည်မှာ အမှန်တကယ်ပင်... ရှက်စရာကောင်းလှသည်။
အချက်ပေါင်းများစွာ ရိုက်နှက်ပြီးနောက် မိုဟန်က ပြောလိုက်သည်။ “အခု ကျေသွားပြီ။ နင် သွားလို့ရပြီ။”
တုပိုင်သည် မဲ့ရွဲ့ရင်း ထရပ်လိုက်ပြီး သူမကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ထွက်ခွာလာခဲ့သည်။ ထို့နောက် အပြာရောင်နဂါးဂိုဏ်းသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။
ကျီပြောင်ပြောင်သည် သူ့ကို စိုးရိမ်ပူပန်စွာဖြင့် ကြိုဆိုလေသည်။ ရှောင်မူကျစ် ပျောက်နေသည်ကို တုပိုင် သတိထားမိလိုက်သည်။
“ရှောင်မူကျစ် ဘယ်ရောက်သွားလဲ။” တုပိုင် မေးလိုက်သည်။
ကျီပြောင်ပြောင် အံ့အားသင့်သွားသည်။ သူမ ထိုအရာကို လုံးဝ သတိမထားမိခဲ့ပေ။
ဒုတိယဂိုဏ်းတူအစ်ကို ရှဲ့ဝူတောက်က ပြောလိုက်သည်။ “သခင်လေးတု အပြင်ထွက်သွားတာ ကြာနေတော့ ထျန်တောက်အဖွဲ့က လူတွေနဲ့ တိုးမိမှာစိုးလို့ သခင်လေးရှောင်က လိုက်ရှာဖို့ ထွက်သွားတာပါ။”
တုပိုင်သည် ရုပ်ဖျက်ပြီး ထွက်သွားခဲ့ခြင်း ဖြစ်သလို လျှို့ဝှက်လမ်းကြောင်းများကိုသာ အသုံးပြုခဲ့သောကြောင့် ထျန်တောက်အဖွဲ့မှ လူများနှင့် တိုက်ဆိုင်စွာ တွေ့ဆုံရန် မဖြစ်နိုင်သလောက်ပင်။ ထို့အပြင် ထျန်တောက်အဖွဲ့မှ လူများသည် တပ်ရင်းမှူးရုံးကိုသာ အနီးကပ် စောင့်ကြည့်နေလောက်သည်။
ယခုအချိန်အထိ ရှောင်မူကျစ်၏ သဘောသဘာဝအမှန်မှာ ဝေဝါးနေဆဲ ဖြစ်သည်။ ဤလူသည် အလွန် ရှုပ်ထွေးပြီး အန္တရာယ်များသူဟု တုပိုင် ခံစားနေရသော်လည်း သူသည် ရန်သူလား မိတ်ဆွေလား ဆိုသည်ကို ရှင်းလင်းသော လက္ခဏာ တစ်စုံတစ်ရာ မပြသသေးပေ။
“သခင်လေးတု... ဆရာသခင်ကို ကယ်ဖို့ ပစ္စည်း ရှာတွေ့လား။” ဒုတိယဂိုဏ်းတူအစ်ကို ရှဲ့ဝူတောက်က မေးလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် မျက်လုံးအားလုံးက တုပိုင်ထံသို့ ရောက်ရှိလာကြသည်။
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ရှာတွေ့ပြီ။”
ချက်ချင်းပင် လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိဖြစ်မှုများ ပေါ်လာကြပြီး တုပိုင် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ အခန်းထဲသို့ ဝင်ရောက်သွားချိန်တွင် ဝိုင်းဝန်းလိုက်ပါလာကြသည်။
ဤအချိန်တွင် မဟာဆရာသခင်ကြီး ကျီချင်းကျူသည် ယခင်အတိုင်း ယာယီသေဆုံးခြင်း အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ သူ၏ ကြီးမားသော သိုင်းပညာစွမ်းအင်ကို အသုံးပြု၍ နှလုံးသွေးကြောမကြီးထဲရှိ နောက်ဆုံးသော အသက်ဓာတ်ကို ကာကွယ်ထားခြင်း ဖြစ်သည်။
တုပိုင်သည် ဓားငယ်တစ်ချောင်းကို ထုတ်ယူကာ မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ခြေဖဝါးကို ဓားရာပေးလိုက်ရာ သွေးများ ချက်ချင်း စီးကျလာသည်။
ဤနေရာမှ စီးကျလာသော သွေးများထဲတွင်ပင် ရွှေရောင်ကြိုးမျှင်သဏ္ဌာန် အရာဝတ္ထုတွေ ပါဝင်နေသေးသည်။
ထိုအချိန်တွင် သေတ္တာထဲရှိ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့သည် ချက်ချင်း အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး ရေထဲတွင် အသည်းအသန် ကူးခတ်ကာ ထွက်ပြေးရန် ကြိုးစားနေသည်။
ရှင်းနေသည်မှာ ယင်းသည် မိစ္ဆာတံတွေးအမွှေးတိုင် (အဆိပ်) ၏ အနံ့ကို ရလိုက်ခြင်း ဖြစ်သည်။
တုပိုင်သည် ယင်းကို ညင်သာစွာ ကောက်ယူလိုက်ပြီး မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ခြေဖဝါးဒဏ်ရာပေါ်သို့ တင်ပေးလိုက်သည်။
“ရှူးးးး”
ချက်ချင်းပင် ယင်းသည် အနာဝထဲသို့ တိုးဝင်သွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေသည်။ လူတိုင်း အသက်အောင့်ကာ ထိုမြင်ကွင်းကို ကြည့်ရှုနေကြသည်။ နောက်တစ်ဆင့်မှာမူ ဤ မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့ စားသောက်ပွဲ ကျင်းပမည့် အချိန်ပင် ဖြစ်သည်။
ယင်းသည် သွေးကို မစုပ်ဘဲ မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်များကိုသာ စားသုံးသည်။ ယင်းသည် အလွန်သေးငယ်သဖြင့် မည်သည့်နေရာကိုမဆို သွားရောက်နိုင်ပြီး သွေးကြောများထဲသို့ ကူးခတ်သွားလာနိုင်သည်။ သွေးကြောမျှင်လေးများထဲရှိ အဆိပ်များကိုမူ အပြင်ဘက်မှနေ၍ စုပ်ယူရှင်းလင်းနိုင်သည်။
ဂိုဏ်းတူအစ်ကို လေးယောက်နှင့် ကျီပြောင်ပြောင် အပါအဝင် အားလုံးသည် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ မျက်နှာကို စိုက်ကြည့်နေကြပြီး ရင်တမမ ဖြစ်နေကြသည်။
အမှန်တကယ် အံ့သြစရာ ကောင်းလှသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ မျက်နှာအဆင်းမှာ သိသိသာသာ ကောင်းမွန်လာပြီး ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုံစံ မဟုတ်တော့ပေ။
နောက်ထပ် ဆယ်မိနစ် ကုန်ဆုံးသွားသည်။
သူ့အသက်ရှူသံများ တဖြည်းဖြည်း ပြန်လည် ပုံမှန်ဖြစ်လာပြီး နှလုံး ပြန်လည် ခုန်လာသည်။
နောက်ထပ် ဆယ်မိနစ် အကြာတွင် မွှေးပျံ့မိစ္ဆာ သွေးစုပ်မျှော့သည် ခြေဖဝါးမှ ဒဏ်ရာဝမှတဆင့် ပြန်ထွက်လာပြီး သေတ္တာထဲရှိ ရေထဲသို့ ပြန်ဆင်းကာ ငြိမ်သက်သွားပြန်သည်။
“ရှူးးး”
ထူးဆန်းသည်မှာ အချိန်ကြာမြင့်စွာ စုပ်ယူစားသောက်ခဲ့သော်လည်း ယင်း၏ အရွယ်အစားမှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိဘဲ နည်းနည်းလေးမှ ကြီးထွားမလာခြင်းပင်။
တုပိုင်က ပြောလိုက်သည်။ “မဟာဆရာသခင်ကြီး ကျီချင်းကျူရဲ့ အဆိပ်တွေ အားလုံး ပြေပျောက်သွားပါပြီ။”
ကျီပြောင်ပြောင်က မေးလိုက်သည်။ “ဒါဆို အဖေက ဘာလို့ မနိုးသေးတာလဲ။”
တုပိုင်က လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။ “မဟာဆရာသခင်ကြီး ကျီက ကျွန်တော် ဒီမှာ ရှိနေတုန်း မနိုးချင်သေးလို့ ဖြစ်မှာပါ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။
ထို့နောက် သူ မျက်လုံးဖွင့်လာပြီး ရှုပ်ထွေးသော ခံစားချက်များဖြင့် တုပိုင်ကို ကြည့်လိုက်သည်။
အပိုင်း ၃၅၇ ပြီး။