အခန်း (၃၅၉)
Vol. 36 Ch. 359
ချက်ချင်းပင် ကျီချင်းကျူ၏ အရာရှိတစ်ဦးအဖြစ် အောင်မြင်လိုသော ရည်မှန်းချက် မီးတောက်သည် တောက်လောင်လာပြီး သူ၏ သွေးများ ဆူပွက်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် ကျီချင်းကျူသည် ခေါင်းကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “ကျွန်တော်မျိုး ကျီချင်းကျူ... ဧကရာဇ်မင်းမြတ်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်ကို အထူးကျေးဇူးတင်ရှိကြောင်းပါ။ ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်နဲ့ အင်ပါယာအတွက် မီးထဲရေထဲမရှောင် အစွမ်းကုန် အမှုထမ်းပါ့မယ်လို့ ကတိသစ္စာ ပြုပါတယ်။”
အမိန့်တော်လွှာကို လက်ခံရယူပြီးနောက် ကျီချင်းကျူသည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားလျက် မလှုပ်မယှက် ဆက်ရှိနေသည်။
တုပိုင် အလျင်အမြန် သွားရောက်ထူမပေးလိုက်ရာ ကျီချင်းကျူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ လက်မောင်းကို ကိုင်လိုက်သောအခါ တစ်ကိုယ်လုံး တုန်ယင်နေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှုကို အလွန်အမင်း ခံစားနေရပုံ ပေါ်သည်။
“ကောင်လေး... မင်း ငါ့ကို ရယ်ချင်ရယ်ပါတော့ကွာ။ ငါ ငယ်ငယ်တုန်းက စာပေ ၊ ကျမ်းဂန်တွေနဲ့ စစ်ရေးဗျူဟာတွေကို ကြိုးစားလေ့လာခဲ့တယ်။ တစ်နေ့နေ့မှာ နိုင်ငံတော်အတွက် အမှုထမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပေါ့။ အဲ့ဒီတုန်းက ငါ့ရင်ထဲမှာ ကြီးမားတဲ့ ရည်မှန်းချက်တစ်ခု ရှိခဲ့တယ် ။ အသက် ၄၀ အရွယ်မှာ ပထမအဆင့် အရာရှိကြီး ဖြစ်လာရမယ်ဆိုတဲ့ ရည်မှန်းချက်ပေါ့” ကျီချင်းကျူက ပြောလိုက်သည်။ “နောက်ပိုင်းမှာ စာမေးပွဲ မသမာမှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်မိလို့ ဒီဘဝမှာ ငါ့ရဲ့ စိတ်ကူးယဉ်အိပ်မက်ကို ဘယ်တော့မှ အကောင်အထည်ဖော်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ငါ့ဘဝရဲ့ နေဝင်ချိန်ကျမှ ရည်မှန်းချက် ပြည့်ဝလာလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး။ ဒီလောကကြီးက လူတွေကို တကယ်ပဲ လှည့်စားတတ်တာပဲ။”
အရာရှိဖြစ်လာခြင်းသည် ကျီချင်းကျူ၏ အဓိက စိတ်ကူးယဉ်အိပ်မက် ဖြစ်ခဲ့သည်မှာ အမှန်ပင်။ ထို့နောက် ကျီချင်းကျူက ပြောလိုက်သည်။ “အမိန့်တော်လွှာမှာ စစ်သား စုဆောင်းခွင့် ရှိတယ်လို့ ရေးထားတယ်။ စုဆောင်းခွင့် ပမာဏက ဘယ်လောက်လဲ။ ကြီးကြပ်ရေးမှူး စေလွှတ်မှာလား။”
တုပိုင်က ပြောလိုက်သည်။ “တပ်သား တစ်သောင်းပါ။ နန်းတွင်းက ကြီးကြပ်ရေးမှူး စေလွှတ်မှာ မဟုတ်ပါဘူး။ တကယ်လို့ ခင်ဗျားက ကြီးကြပ်ရေးမှူး ထားချင်တယ်ဆိုရင်တော့ ကျွန်တော်ပဲ မတတ်သာတဲ့အဆုံး လုပ်ပေးရမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ရာထူးက နိမ့်လွန်းတော့ ခင်ဗျားရဲ့ ကြီးကြပ်ရေးမှူးတောင် လုပ်နိုင်ပါ့မလား မသိဘူး။”
ကျီချင်းကျူက ပြောလိုက်သည်။ “ငါ့နာမည်နဲ့ဆိုရင် စစ်သား တစ်သောင်း စုဆောင်းဖို့ မခက်ခဲပါဘူး။ ပိုင်ဆယ်မြို့တစ်ခုလုံးမှာ လူပေါင်း သိန်းချီရှိပြီး အများစုက လီမိသားစုအပေါ် မကျေနပ်ချက်တွေ ရှိနေကြတာလေ။”
တုပိုင်က ပြောလိုက်သည်။ “စစ်သား စုဆောင်းဖို့ စစ်စရိတ်အတွက် ရွှေတုံး ငါးသောင်းကို ကျွန်တော် ချက်ချင်း ထုတ်ပေးပါမယ်။ အဲ့ဒါဆိုရင် စစ်သား တစ်သောင်း စုဆောင်းဖို့ လုံလောက်မှာပါ”
ဤရွှေတုံး ငါးသောင်းဆိုသည်မှာ မိုမိသားစု တော်ဝင်ရတနာသိုက်မှ ရရှိထားခြင်း ဖြစ်သည်။
ကျီချင်းကျူ အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “ငါ့ရဲ့ အပြာရောင်နဂါးဂိုဏ်းမှာလည်း စစ်သား တစ်သောင်း စုဆောင်းဖို့ ရန်ပုံငွေ ရှိပါသေးတယ်”
တုပိုင်က ပြောလိုက်သည်။ “တပ်သား လေ့ကျင့်ပေးဖို့ ကုန်ကျစရိတ်ကို ခင်ဗျားကိုယ်တိုင် အကုန်ခံခိုင်းလို့ ဘယ်ဖြစ်မလဲဗျာ။”
ကျီချင်းကျူက ပြောလိုက်သည်။ “ဒါဆိုရင်တော့ ရှက်ရှက်နဲ့ပဲ လက်ခံပါရစေတော့။”
တုပိုင်က ဆက်ပြောသည်။ “စစ်ရိက္ခာနဲ့ သံချပ်ကာတွေအတွက်ကတော့ ၊ မူလက ကွမ်ရှီးပြည်နယ်ထဲက စပါးကျီတွေနဲ့ သံရည်ကျိုစက်ရုံတွေ အကုန်လုံးကို လီမိသားစုနဲ့ အကျင့်ပျက် အရာရှိတွေက ထိန်းချုပ်ထားခဲ့တာ။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော့် မွေးစားအဖေ လီဝမ်ဟွေ့က အခြေအနေ အတိမ်းအစောင်းမခံ ဖြစ်နေတာကို ရိပ်မိလို့ အဟောင်းကိုဖျက် အသစ်ကိုတည်ဆိုတဲ့ မူဝါဒနဲ့ အကြီးစား ရှင်းလင်းရေး လုပ်ခဲ့တယ်။ ကွမ်ရှီးပြည်နယ်ထဲက လီမိသားစုရဲ့ အမာခံစခန်းတွေ အကုန်လုံးကို အမြစ်ဖြတ် ရှင်းလင်းပစ်ခဲ့ပြီး လီမိသားစုနဲ့ ပူးပေါင်းကြံစည်တဲ့ အရာရှိတွေ အကုန်လုံးကို သုတ်သင်ပစ်ခဲ့တယ်။ အဲ့ဒီမှာ စပါးနဲ့ သံထည်ပစ္စည်းတွေ မရေမတွက်နိုင်အောင် သိမ်းဆည်းရမိခဲ့တယ်။ အခု ကွေ့မင်းသားနဲ့ သခင်ကြီးကျန်းရန်မင်က ကွမ်ရှီးပြည်နယ်ထဲမှာ လက်နက်တိုက် တစ်ဒါဇင်ကျော် တည်ထောင်ခွင့်ပြုဖို့ ဧကရာဇ်ဆီ အမိန့်တော် တောင်းခံထားတယ်။ အဲ့ဒီထဲက သံချပ်ကာနဲ့ လက်နက်တချို့ကို ခင်ဗျားရဲ့ တပ်မတော်အတွက် ထောက်ပံ့ပေးပါလိမ့်မယ်။”
ကျီချင်းကျူက ပြောလိုက်သည်။ “မင်းရဲ့ မွေးစားအဖေ သခင်ကြီးလီဝမ်ဟွေ့က တကယ်ကို ထူးခြားတဲ့ပုဂ္ဂိုလ်ပဲ။ သူက အင်ပါယာအတွက် အချိန်တစ်နှစ်နီးပါး ရအောင် ဝယ်ယူပေးခဲ့တာပဲ။”
တုပိုင်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ အဲ့ဒီအတွက် သူက အသက်နဲ့ရင်းပြီး ပေးဆပ်ခဲ့ရတာပါ။”
ကျီချင်းကျူက ပြောလိုက်သည်။ “နောက်တစ်ဆင့်ကတော့ ငါတို့နဲ့ လီမိသားစုကြားက ပြိုင်ဆိုင်မှုပဲ။ အချိန်ကို လုရမယ့် ပြိုင်ပွဲပေါ့။”
ဟုတ်ပါသည်။ ဤသည်မှာ ရူးသွပ်ဖွယ်ရာ ပြိုင်ပွဲတစ်ခု ဖြစ်သည်။ လီမိသားစုသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို ရူးသွပ်စွာ စုစည်းလျက် ရှိသည်။ တာ့နင်အင်ပါယာဘက်တွင်လည်း ကွေ့မင်းသားက တပ်သား လေ့ကျင့်ခွင့် အမိန့်တော် တောင်းခံနေပြီး ကျီချင်းကျူကလည်း စစ်သားနှင့် မြင်းများ စတင် စုဆောင်းနေပြီ ဖြစ်သည်။
မည်သူ၏ လှုပ်ရှားမှုက ပိုမြန်မည် ဆိုတာ ကြည့်ကြရမည်။ အကယ်၍ တာ့နင်အင်ပါယာ၏ လှုပ်ရှားမှု ပိုမြန်ပါက တုပိုင်သည် ပိုင်ဆယ်မြို့ကို ပိတ်ဆို့ထားနိုင်ရုံသာမက ကွမ်ရှီးပြည်နယ်တွင်လည်း လီမိသားစု၏ စစ်သည် သိန်းချီကို ခုခံနိုင်မည့် အသုံးဝင်သော တပ်မတော်တစ်ခု ပေါ်ပေါက်လာမည် ဖြစ်သည်။ ထိုမှသာ တာ့နင်အင်ပါယာသည် အတိုင်းအတာ တစ်ခုအထိ အသာစီး ရယူနိုင်မည် ဖြစ်သည်။
အကယ်၍ လီမိသားစု၏ လှုပ်ရှားမှု ပိုမြန်ပါက အကျိုးဆက်သည် တွေးကြည့်ရန်ပင် ခက်ခဲပေလိမ့်မည်။
မဟာဆရာသခင်ကြီး နင်ဇောင်ဝူသည် လက်ရှိတွင် လီမိသားစု နယ်မြေ၏ အချက်အခြာကျသော နေရာတွင် ရှိနေပြီး အနောက်တောင်ပိုင်း စော်ဘွား လေ့မင်ကို လုပ်ကြံသတ်ဖြတ်ရန် အခွင့်အရေး ရှာဖွေနေသည်။ ယင်းသည် လီမိသားစု၏ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို ပရမ်းပတာဖြစ်စေပြီး အတားအဆီးများ ဖြစ်ပေါ်စေရန် ရည်ရွယ်သည်။ အကယ်၍ အရာအားလုံး အဆင်ပြေပါက လီမိသားစု၏ တိုးတက်မှုကို အတိုင်းအတာ တစ်ခုအထိ နှေးကွေးသွားစေနိုင်သည်။
**--**--**--**--**--**--**--**
အရာရှိပိုင်းဆိုင်ရာ ကိစ္စရပ်များ ပြီးဆုံးသွားသောအခါ တုပိုင် နောက်ဆုံးတွင် စကားစပြောလိုက်သည်။ “ခင်ဗျားကို အဆိပ်ခတ်တဲ့သူက ခင်ဗျားရဲ့ တပည့်ကြီး ယင်းရှောင်ထန်ပါ။ ဒါပေမဲ့ ခင်ဗျား သိပ်ဝမ်းနည်းနေစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူက စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သိက္ခာအတွက် ခင်ဗျားကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူး။ သူက အစကတည်းက ပေမင်ဓားဂိုဏ်းရဲ့ သူလျှို ဖြစ်နေလို့ပါ။”
မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ မျက်နှာ အချိန်အတော်ကြာအောင် ရှုံ့မဲ့သွားပြီးနောက် ပြောလိုက်သည်။ “ယင်းရှောင်ထန်က ငါ့နောက်ကို အကြာဆုံး လိုက်ခဲ့တဲ့သူပါ။ သူ့ရဲ့ အရည်အချင်းက သာမန်ပဲ ဖြစ်ပေမဲ့ သစ္စာအရှိဆုံးသူပါ။ သူက ငါ့တပည့် ဖြစ်ပေမဲ့ ငါတို့ကြားက အသက်ကွာခြားချက်က သိပ်မများပါဘူး။ ငါက သူ့ကို ယုံကြည်စိတ်ချရတဲ့ လက်ရုံးတစ်ဆူ ၊ ညီအစ်ကိုတစ်ယောက်လို သဘောထားပြီး ရာနှုန်းပြည့် ယုံကြည်ခဲ့တာ။ သူက ပေမင်ဓားဂိုဏ်းရဲ့ သူလျှို ဖြစ်နေလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့မိဘူး။”
ထို့နောက် ကျီချင်းကျူက ပြောလိုက်သည်။ “ကောင်လေး ၊ နောင်တစ်ချိန် ပေမင်ဓားဂိုဏ်းနဲ့ ရင်ဆိုင်ရတဲ့အခါ မင်း အထူးသတိထားရမယ်။ ဒါက ဒီလောကမှာ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံးနဲ့ အစွမ်းအထက်ဆုံး အင်အားစုပဲ။ တိမ်တိုက်တွေကြားမှာ ပုန်းအောင်းနေပြီး ရိပ်ခနဲမှသာ ပေါ်လာတတ်တဲ့ နဂါးအစစ်တစ်ကောင်လိုပဲ။”
တုပိုင်က ပြောလိုက်သည်။ “မဟာဆရာသခင်ကြီး ကျီ.. ခင်ဗျားလည်း ပေမင်ဓားဂိုဏ်းရဲ့ တပည့်ပဲ မဟုတ်လား။ ခင်ဗျားလည်း သူတို့ကို နားမလည်ဘူးလား။”
ကျီချင်းကျူက ပြောလိုက်သည်။ “ဒီလောကမှာ ပေမင်ဓားဂိုဏ်းကို နားအလည်ဆုံးလူက ပေမင်ဓားဂိုဏ်းရဲ့ တပည့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပေမင်ဓားဂိုဏ်းရဲ့ လက်အောက်မှာ ကျွန်း ၁၃ ကျွန်း ရှိတယ်။ ငါ့ဆရာနဲ့ ငါက အဲ့ဒီထဲက ကျွန်းတစ်ကျွန်းမှာပဲ ပညာသင်ခဲ့ရတာ။ တခြားကျွန်းတွေကို ငါတို့ တစ်ခါမှ မရောက်ဖူးသလို ဓားဂိုဏ်း ဌာနချုပ်ကိုဆို ပိုလို့တောင် မရောက်ဖူးဘူး။”
တုပိုင်က ပြောလိုက်သည်။ “တချို့က ပြောကြတယ်.. ပေမင်ဓားဂိုဏ်းဆိုတာ တာ့နင်အင်ပါယာ တစ်ခုလုံး ၊ ကမ္ဘာတစ်ဝက်လောက်ရဲ့ တွင်းနက်ကြီးပဲတဲ့။”
ကျီချင်းကျူက ပြောလိုက်သည်။ “အဲ့ဒီစကားက အရမ်းမှန်ကန်ပါတယ်။ ငါ ဧကရာဇ်မင်းမြတ်ကို သစ္စာခံဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းက ယင်းရှောင်ထန် ငါ့ကို အဆိပ်ခတ်သတ်ဖို့ ကြိုးစားခဲ့လို့ပဲ။ ငါသာ ရွေးချယ်မှု မလုပ်ရင် တစ်ဖက်လူက ငါ့ကို အချိန်တစ်ခဏလေးတောင် ပေးမှာ မဟုတ်ဘူးဆိုတာ သိနေလို့။”
ထို့နောက် ကျီချင်းကျူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ဒီတစ်လျှောက်လုံး ငါ့ရဲ့ သိုင်းပညာကို မဟာဆရာသခင်ကြီး အဆင့်ထက်တောင် ပိုမြင့်မားတဲ့ အဆင့်ထိ တိုးတက်အောင် လုပ်မယ်လို့ အိပ်မက်မက်ခဲ့တယ်။ ပြီးရင် ပေမင်ဓားဂိုဏ်းကို တက်ပြီး ငါ့ဆရာအတွက် လက်စားချေမယ်လို့ တွေးခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ ငါရှင်းရှင်းလင်းလင်း သိလိုက်ရပြီ။ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ အနည်းဆုံးတော့ ငါ့အတွက် မဖြစ်နိုင်ဘူးဆိုတာပေါ့။”
ထို့နောက် ကျီချင်းကျူ အံကြိတ်လိုက်သည်။ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်နေရသကဲ့သို့ပင်။
သူသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်သို့ လှမ်းကြည့်နေသည်။
တုပိုင်သည် သူ မည်သည့်အရာကို တုံ့ဆိုင်းနေသလဲ ဆိုသည်ကို ဝေဝါးဝါး သိနေသော်လည်း စကားမပြောဘဲ သူကိုယ်တိုင် ရွေးချယ်ခွင့် ပေးထားလိုက်သည်။
ကျီချင်းကျူသည် အမှန်တကယ်ပင် ဘဝနှင့် သေခြင်းကြား ဆုံးဖြတ်ချက် ချနေရခြင်း ဖြစ်သည်။
ယခင်က သူ၏ တစ်ခုတည်းသော တာဝန်မှာ သိုင်းပညာကို တိုးတက်အောင် လုပ်ဆောင်ပြီး တစ်နေ့တွင် ပေမင်ဓားဂိုဏ်းသို့ တက်ကာ ဆရာအတွက် လက်စားချေရန် ဖြစ်သည်။ အချိန်အတော်ကြာအောင် သူသည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းစာအုပ်အပေါ်တွင် မျှော်လင့်ချက် အားလုံးနီးပါး ပုံအောထားခဲ့သည်။
သို့သော် ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားသော်လည်း သူသည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို လုံးဝ ကျွမ်းကျင်အောင် မလုပ်နိုင်ခဲ့ပေ။ သူသည် ကျမ်းစာအုပ်ကို အလွတ်ရနေပြီး အတွင်းပိုင်းရှိ ကျင့်စဉ်များကို ရင်းနှီးကျွမ်းဝင်နေသော်လည်း ယင်းကို လုံးဝ အသုံးမပြုနိုင်ခဲ့ပေ။
ယခင်က သူသည် မျှော်လင့်ချက် ရောင်ခြည်သန်းနေသေးသည်ဟု ယူဆခဲ့သော်လည်း မနေ့က သေလုမျောပါး ဖြစ်ချိန်တွင် သူ၏ရင်ထဲ၌ ရှင်းလင်းစွာ သိမြင်လာခဲ့သည်။
သူသည် ဤဘဝတွင် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို ဘယ်တော့မှ သင်ယူနိုင်တော့မည် မဟုတ်ပေ။
ကျီချင်းကျူသည် ကံပါလာသူ မဟုတ်ပေ။
သူ၏တပည့်များထဲတွင်လည်း မည်သူမျှ မသင်ယူနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်း၏ အစိတ်အပိုင်းတချို့ကို သမီးဖြစ်သူ ကျီပြောင်ပြောင် အပါအဝင် တပည့်အများအပြားကို သင်ကြားပေးရန် ကြိုးစားခဲ့ဖူးသောကြောင့် ဖြစ်သည်။
သို့သော် လုံးဝ အသုံးမဝင်ခဲ့ပေ။
တပည့်များရော ၊ ကျီပြောင်ပြောင်ပါ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း ကျင့်စဉ်အပေါ် မည်သည့် တုံ့ပြန်မှုမှ မပြသခဲ့ကြပေ။
ကျီချင်းကျူ ရုတ်တရက် သဘောပေါက်လိုက်သည်မှာ သူသည် ဤ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း၏ ပိုင်ရှင် လုံးဝ မဟုတ်ဘဲ ထိန်းသိမ်းစောင့်ရှောက်သူ သက်သက်သာ ဖြစ်ကြောင်းပင်။ သူ၏တာဝန်မှာ ပိုင်ရှင်အစစ်အမှန် ရောက်လာမည့်အချိန်အထိ လျှို့ဝှက်ကျမ်းစာအုပ်ကို ကာကွယ်စောင့်ရှောက်ရန်သာ ဖြစ်သည်။
မှန်ပါသည်။ သူ ဤအချက်ကို လက်ခံရန် အလွန် ဝန်လေးနေခဲ့သည်။ သူ့မှာ ဤမျှ အစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခု ရှိနေရက်နဲ့ သူက မသင်ယူနိုင် ၊ ကျွမ်းကျင်အောင် မလုပ်နိုင် ဖြစ်နေသည် မဟုတ်ပါလော။
ယခင်ကဆိုလျှင် သူသည် ဤကံကြမ္မာကို လုံးဝ လက်ခံမည် မဟုတ်ပေ။ သို့သော် သေမင်းနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် သူသည် အရာများစွာကို လျစ်လျူရှုနိုင်လာသကဲ့သို့ ဖြစ်လာသည်။
အရေးကြီးဆုံးမှာ ယခုအခါ သူ့တွင် တာဝန်သစ်တစ်ခု ရှိလာပြီ ဖြစ်သည်။ အင်ပါယာ၏ အရာရှိကြီး ဖြစ်လာရန် သူ၏ လူငယ်ဘဝ အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်ရန်နှင့် ရည်မှန်းချက်သစ်များကို လိုက်စားရန် ဖြစ်သည်။
ထို့အပြင် သူ၏ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်မှာ သူ၏ သိုင်းပညာလမ်းကြောင်းသည် နောက်ထပ် တစ်လက်မမျှပင် တိုးတက်နိုင်တော့မည် မဟုတ်ကြောင်းပင်။ ထို့ကြောင့် သိုင်းပညာလမ်းကြောင်းနှင့် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းနှင့် ပတ်သက်ပြီး သူ ခေတ္တမျှ လက်လွှတ်လိုက်သင့်သည်။
နောက်ဆုံးတွင် ကျီချင်းကျူ ဆုံးဖြတ်ချက် ချလိုက်သည်။
“ကောင်လေး... မင်းက ပြောင်ပြောင်ရဲ့ သွေးကြောတွေကို ကုသပေးခဲ့ပြီး ငါ့အသက်ကိုလည်း ကယ်တင်ပေးခဲ့တယ်။ ငါ ကျီချင်းကျူသာ ကျေးဇူးမဆပ်ရင် လူဖြစ်ရကျိုးနပ်တော့မှာ မဟုတ်ဘူး” ကျီချင်းကျူက ပြောလိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “အင်ပါယာနဲ့ ဧကရာဇ်မင်းမြတ်အပေါ်ထားတဲ့ ခင်ဗျားရဲ့ သစ္စာတရားက ကျွန်တော့်အတွက် အကြီးမားဆုံးသော ကျေးဇူးဆပ်မှုပါပဲ။”
ကျီချင်းကျူက ပြောလိုက်သည်။ “အဲ့ဒါက အများဆိုင်ကိစ္စပါ။ ပြီးတော့ ဧကရာဇ်မင်းမြတ်ကို သစ္စာခံတာက ငါ့အတွက်နဲ့ အပြာရောင်နဂါးဂိုဏ်း အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် လုပ်ဆောင်တာပါ။ ဒါ့အပြင် ဧကရာဇ်မင်းမြတ်က ငါ့ကို ဒီလောက် ရက်ရောစွာ ဆက်ဆံပေးခဲ့တော့ ငါက ပိုပြီးတောင် အမြတ်ထွက်ပါသေးတယ်။ မင်းရဲ့ အသက်ကယ်ကျေးဇူးကတော့ သီးသန့်ကိစ္စမို့ ငါကျေးဇူးဆပ်ရပါလိမ့်မယ်။”
ထို့နောက် ကျီချင်းကျူသည် တုပိုင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ငါ့ဆီမှာ ရှေးဟောင်း အထွတ်အထိပ် ကျင့်စဉ် လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ်ရှိတယ်။ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းစာအုပ်ပေါ့။ ငါ မင်းကို နှစ်နာရီ အချိန်ပေးမယ်။ မင်း နားလည်သလောက် ဖတ်ကြည့်ပါ။ ဒါပေမဲ့ တစ်နှစ် ၊ နှစ်နှစ်အတွင်း သင်ယူတတ်မြောက်မယ်လို့တော့ လုံးဝ မမျှော်လင့်ပါနဲ့။ ငါ ဆယ်စုနှစ်ချီ အချိန်ကုန်ခဲ့ပေမဲ့ ဘာမှ မရခဲ့ဘူး။ ငါ မင်းကို ပေးဖတ်တာက အခွင့်အရေးတစ်ခု ပေးရုံသက်သက်ပါပဲ။ ဘာမျှော်လင့်ချက်မှ မထားပါနဲ့။”
“ငါ့နောက်ကို လိုက်ခဲ့ပါ”
အပိုင်း ၃၅၉ ပြီး။