အခန်း (၃၆၀)
Vol. 36 Ch. 360
“မင်း.. ငါ့နောက်လိုက်ခဲ့။” မဟာဆရာသခင်ကြီး ကျီချင်းကျူက ပြောလိုက်သည်။
ထို့နောက် တုပိုင်သည် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ နောက်မှ လိုက်ပါသွားပြီး မျှော်စင်မြင့်ကြီးပေါ်မှ ဆင်းလာကာ အပြင်ဘက်သို့ ထွက်ခွာလာကြသည်။
အပြင်ဘက်တွင် ရောက်နေသော ကျီပြောင်ပြောင်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တုပိုင်နှင့် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ဆွေးနွေးပွဲ မည်သို့ ပြီးဆုံးသွားသနည်း ၊ ယခု မဟာဆရာသခင်ကြီးက သူ့ကို မည်သည့်နေရာသို့ ခေါ်သွားမည်နည်း ဆိုတာကို မသိနိုင် ဖြစ်နေကြသည်။
သူတို့သည် အပြာရောင်နဂါးဂိုဏ်း၏ ဗဟိုရေကန်သို့ ရောက်ရှိလာကြသည်။ ယခုတစ်ကြိမ်တွင် မဟာဆရာသခင်ကြီး ကျီချင်းကျူသည် ရေထဲသို့ တိုက်ရိုက် မဆင်းဘဲ ရေများကို ဖောက်ထုတ်လိုက်ရာ အတွင်းပိုင်းရှိ ဝင်ပေါက်တစ်ခု ပေါ်လာသည်။
တုပိုင်သည် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ နောက်မှ လိုက်ပါသွားပြီး အောက်သို့ တဖြည်းဖြည်း ဆင်းသက်သွားသည်။
မီတာ ဆယ်ချီနက်သော လှေကားထစ်များကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် လုံးဝ အလင်းရောင် မရှိသော အမှောင်ထုဖုံးလွှမ်းနေသည့် မြေအောက်ခန်းငယ်လေးတစ်ခုသို့ ရောက်ရှိလာကြသည်။
မဟာဆရာသခင်ကြီး ကျီချင်းကျူသည် ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းလိုက်သည်။
ထို့နောက် မကြာခင်မှာပင် ဖယောင်းတိုင်ကို ပြန်မှုတ်ငြှိမ်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဖယောင်းတိုင်များထဲတွင် မိစ္ဆာတံတွေးအမွှေးတိုင် ပါဝင်နေသည်ကို သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။ သူ အစက ဤအရာကို ကောင်းမွန်သော အရာဟု ထင်ခဲ့ခြင်း ဖြစ်သည်။ ယင်းရှောင်ထန်က သူ့ဆရာ စိတ်ဖိစီးနေတာကို သိလို့ ဈေးကြီးပေးရတဲ့ မိစ္ဆာတံတွေးအမွှေးတိုင်ကို အထူးတလည် ရှာဖွေပေးခဲ့တဲ့ ကျေးဇူးတရားဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ လူယုတ်မာရဲ့ လုပ်ကြံမှု ဖြစ်နေလိမ့်မယ်လို့ မည်သူက ထင်မိပါမည်နည်း။
သူသည် မိမိဘာသာ ယူဆောင်လာသော ဖယောင်းတိုင်ကို မီးထွန်းလိုက်သည်။ ထိုအခါမှသာ တုပိုင်သည် အခန်းငယ်လေးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ အတွင်းပိုင်းတွင် စားပွဲခုံငယ်လေး တစ်လုံးသာ ရှိပြီး ဘေးပတ်ဝန်းကျင်တွင် ပြာပုံများစွာ စုပုံနေလေသည်။ မဟာဆရာသခင်ကြီး ကျီချင်းကျူက ဤထဲမှာ စာရွက်စာတမ်း မည်မျှ မီးရှို့ခဲ့သည်ကို တုပိုင် မခန့်မှန်းနိုင်အောင်ပင်။
မဟာဆရာသခင်ကြီး ကျီချင်းကျူက ပြောလိုက်သည်။ “တကယ်တော့ ဒီဓားသိုင်းကျမ်းစာအုပ်က ငါ့စိတ်ထဲမှာ အမြဲရှိနေတာပါ ၊ ဒါကြောင့် ဘယ်သူမှ ခိုးယူလို့ မရပါဘူး။ ငါ အချိန်ရတိုင်း ဒီကျမ်းစာအုပ်ရဲ့ လျှို့ဝှက်ချက်တွေကို ရက်အနည်းငယ်ကြာအောင် အပြည့်အစုံ ကူးယူရေးသားလေ့ရှိတယ်။ ကူးယူပြီးရင် တစ်ခေါက်ပဲ ပြန်ဖတ်တယ် ၊ ပြီးတာနဲ့ ချက်ချင်း မီးရှို့ပစ်လိုက်တာပဲ။ ဒီလိုလုပ်လာတာ အချိန်အကြာကြီး ရှိပြီမို့ ဒီမှာ ပြာပုံတွေ ဒီလောက်များနေတာပေါ့။”
“မနေ့က ညမတိုင်ခင် တစ်ညတုန်းက ငါ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းစာအုပ်ကို ထပ်ပြီး ကူးယူရေးသားခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်လဲ မသိဘူး ၊ ရေးပြီးသွားတဲ့အခါ မီးရှို့ပစ်ဖို့ ဝန်လေးနေခဲ့တယ်။ အဲ့ဒီတုန်းက ငါ့ဆီမှာ တစ်ခုခု ဖြစ်လာတော့မယ်လို့ ကြိုတင် အာရုံခံမိသလိုပဲ ၊ မီးရှို့ပစ်လိုက်ရင် ဒီဓားသိုင်းပညာရပ်ကြီး လုံးဝ ပျောက်ကွယ်သွားမှာ စိုးရိမ်မိတယ်။ ဒါကြောင့် ဒီအတိုင်း ထားခဲ့လိုက်တာ။”
မဟာဆရာသခင်ကြီး ကျီချင်းကျူသည် စားပွဲပေါ်ရှိ အသစ် ကူးယူရေးသားထားသော သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းစာအုပ်ကို ကောက်ယူလိုက်ပြီး တုပိုင်လက်ထဲသို့ ထည့်ပေးကာ ပြောလိုက်သည်။ “ယူပြီး ဖတ်ကြည့်လိုက်။ မင်းမှာ နှစ်နာရီပဲ အချိန်ရမယ်။ မင်း ဖတ်နိုင်သလောက် ဖတ်ပါ။ ဒါက အခွင့်အရေး တစ်ခုပေးရုံ သက်သက်ပဲ ၊ သင်ယူတတ်မြောက်ဖို့တော့ စိတ်ကူးတောင် မယဉ်နဲ့။”
တုပိုင်သည် ဦးစွာ ဦးညွှတ်လိုက်ပြီးမှ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းစာအုပ်ကို လက်ခံယူလိုက်သည်။
ဤသည်မှာ တခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာသော လျှို့ဝှက်ကျမ်းစာအုပ် ဖြစ်ပြီး ဤကမ္ဘာတွင် ခရီးဝေး စွမ်းအင်တိုက်ခိုက်မှု အတွက် တစ်ခုတည်းသော ကျင့်စဉ်စာအုပ် ဖြစ်သည်။ ဤလျှို့ဝှက်ကျမ်းစာအုပ်သည် တုပိုင်အတွက် သီးသန့် ပြုလုပ်ပေးထားသကဲ့သို့ပင်။
ယခင် စနစ်ရှင်သည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို ရယူရာတွင် ကျရှုံးခဲ့ဖူးသည်။
တုပိုင်သာ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း ခြောက်တွဲစလုံးကို သင်ယူတတ်မြောက်သွားပါက ကမ္ဘာလောကကြီးတွင် အတားအဆီးမရှိ သွားလာနိုင်တော့မည် ဖြစ်ရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
သို့သော် တုပိုင် ဖွင့်ကြည့်လိုက်သောအခါ လုံးဝ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ စာမျက်နှာ တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်သော်လည်း အတွင်းရှိ အကြောင်းအရာများမှာ ဗလာသက်သက်သာ ဖြစ်နေသည်။
တုပိုင် ကြောင်အသွားသည်။
မဟာဆရာသခင်ကြီး ကျီချင်းကျူက ဘေးမှ ပြုံးကာ ပြောလိုက်သည်။ “အံ့သြသွားတယ် မဟုတ်လား။ ဒီလောက် နက်နဲဆန်းကြယ်တဲ့ သိုင်းပညာရပ်မျိုး ဒီလောကမှာ ရှိနေမယ်လို့ မင်း မထင်ထားခဲ့ဘူးမလား။”
တုပိုင်က ပြောလိုက်သည်။ “မဟာဆရာသခင်ကြီး... အတွင်းက စာမျက်နှာတွေက ဗလာ ဖြစ်နေပါတယ်။”
ထိုစကားကို ကြားလိုက်သည်နှင့် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် တုပိုင်လက်ထဲမှ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းစာအုပ်ကို အမြန် ဆွဲယူကြည့်လိုက်ရာ အမှန်တကယ်ပင် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လွန်ခဲ့သော နှစ်ရက်က သူကိုယ်တိုင် ကူးယူရေးသားထားပြီး နောက်နှစ်ရက်အကြာတွင် မီးရှို့ပစ်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာတွင် ကောင်းမွန်စွာ ထားခဲ့သည် မဟုတ်ပါလော။
အခုတော့ စာလုံးမပါသော ကောင်းကင်ကျမ်းစာအုပ်ကြီး ဖြစ်သွား၏။ ဤသည်မှာ ဘာကို သက်သေပြနေသနည်း။
တစ်စုံတစ်ယောက်က သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းစာအုပ်ကို ခိုးယူသွားကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ချက်ချင်းပင် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ မျက်နှာမှာ မယုံနိုင်လောက်အောင် တင်းမာသွားပြီး မျက်နှာသွင်ပြင်များ လှုပ်ရှားသွားသည်။
သူသည် အပြင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး သူ့ဒုတိယတပည့် ရှဲ့ဝူတောက်ကို မေးလိုက်သည်။ “ရှောင်မူကျစ် ဘယ်မှာလဲ။”
ဒုတိယတပည့် ရှဲ့ဝူတောက်က ဖြေလိုက်သည်။ “သခင်လေးတုပိုင်က ဆရာသခင်အတွက် ကုထုံးရှာဖို့ ထွက်သွားတာ ကြာမြင့်နေပြီဆိုတော့ မပြန်ရောက်လာသေးပါဘူး။ ဒါကြောင့် သခင်လေးရှောင်မူကျစ်က စိတ်မအေးတာနဲ့ လိုက်ကြည့်ဖို့ ထွက်သွားပြီး အခုထိ ပြန်မရောက်လာသေးပါဘူး။”
မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ မျက်နှာမှာ ချက်ချင်းပင် မယုံနိုင်လောက်အောင် မည်းမှောင်သွားသည်။
“သူ ပြန်လာတော့မှာ မဟုတ်ဘူး” မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ အသံမှာ ရုတ်တရက် နာကျင်မှုများ ပြည့်နှက်သွားပြီး အော်ဟစ်လိုက်သည်။ “သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းစာအုပ်ကို လိုချင်ရင် ဘာလို့ ငါ့ကို မတောင်းရတာလဲ။ အဲ့ဒါက ငါ့ဆရာ ပေးခဲ့တာဆိုတော့ သူက ငါ့ဆရာရဲ့ မြေးအရင်းပဲလေ ၊ သူ့ကို ပြန်ပေးရမှာက ငါ့တာဝန်ပဲ။ ဘာလို့ ငါ့ကို မတောင်းဘဲ ခိုးယူသွားရတာလဲ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ရှောင်မူကျစ်က သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို ခိုးယူသွားသည်လော။
တုပိုင်က ဘေးမှ အေးစက်စွာ ပြောလိုက်သည်။ “သူက သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို ခိုးယူသွားရုံတင် မကဘူး ၊ မဟာဆရာသခင်ကြီး ကျီချင်းကျူကို လုပ်ကြံတဲ့အထဲမှာလည်း ပါဝင်ပတ်သက်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။ ယင်းရှောင်ထန် မသေခင်တုန်းက ငါတို့ထဲက တစ်ယောက်ကို သတ်လိုက်ရုံနဲ့ အပြာရောင်နဂါးဂိုဏ်း အေးချမ်းသွားမယ် ထင်နေလားလို့တောင် လှောင်ပြောင်သွားသေးတယ်။ ပြီးတော့ မိစ္ဆာတံတွေးအမွှေးတိုင်နဲ့ ဂျင်ဆင်းနဂါးဟင်းရည် တွဲဖက်အသုံးပြုပြီး လူသတ်တဲ့ နည်းလမ်းကို ယင်းရှောင်ထန် စဉ်းစားမိမှာ မဟုတ်ဘူး။ ဒါပေမဲ့ သခင်လေးရှောင်မူကျစ်ရဲ့ ဆရာကတော့ နံပါတ်တစ် ဆေးနတ်ဘုရားလို့ ကျော်ကြားသူလေ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်မူကျစ်သည် လူတိုင်း၏ စိတ်ထဲတွင် မြွေဆိုးတစ်ကောင်ကဲ့သို့ အဆိပ်ပြင်းပြီး လျှို့ဝှက်ဆန်းကြယ်သူ ဖြစ်သွားလေသည်။
“ဘာလို့လဲ... ဘာလို့လဲ...” မဟာဆရာသခင်ကြီး ကျီချင်းကျူ တုန်ယင်နေသည်။ “ဒီရက်ပိုင်းတွေမှာ ငါက ပြောင်ပြောင်နဲ့ တုပိုင်အပေါ် အမှားလုပ်ခဲ့မိပေမဲ့ ရှောင်မူကျစ်အပေါ်တော့ နည်းနည်းလေးမှ အမှားမလုပ်ခဲ့ပါဘူး။ သူ့ကို စိတ်ရောကိုယ်ပါ ထောက်ပံ့ပေးခဲ့သလို အပြာရောင်နဂါးဂိုဏ်းရဲ့ သခင်လေးအဖြစ်တောင် တရားဝင် သတ်မှတ်ပေးခဲ့တာပဲ။ သူက ဘာကို လိုချင်နေတာလဲ။ ဘာလို့ ငါ့ရဲ့ လျှို့ဝှက်ကျမ်းစာအုပ်ကို ခိုးယူရတာလဲ။ ဘာလို့ ငါ့ကို လုပ်ကြံချင်ရတာလဲ။”
မဟာဆရာသခင်ကြီး ကျီချင်းကျူသည် အမှန်တကယ်ပင် နှလုံးကွဲကြေနေလေသည်။
တုပိုင်က ပြောလိုက်သည်။ “တကယ်တော့ သူ အောင်မြင်လုနီးပါး ဖြစ်ခဲ့ပါတယ်။ မဟာဆရာသခင်ကြီး ကျီချင်းကျူ သေဆုံးသွားပြီးနောက် ကျီပြောင်ပြောင် သေဒဏ်မကျရင်တောင်မှ အဖေကိုသတ်တဲ့ လူသတ်သမားဆိုတဲ့ နာမည်ဆိုးနဲ့ အပြာရောင်နဂါးဂိုဏ်း ခေါင်းဆောင်နေရာကို ဆက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် အပြာရောင်နဂါးဂိုဏ်းကို သူထိန်းချုပ်ခွင့်ရဖို့က သေချာသလောက် ဖြစ်သွားပြီ။ သူ စောစောစီးစီး ထွက်ပြေးသွားရတဲ့ အကြောင်းရင်းက ကျွန်တော် မဟာဆရာသခင်ကြီး ကျီချင်းကျူကို ကယ်တင်နိုင်ဖို့ အလားအလာ များတယ်ဆိုတာ သူ တွက်ချက်မိလို့ ဖြစ်မယ်။ သူ့ရဲ့ ပူးပေါင်းကြံစည်မှု ပေါ်ပေါက်သွားနိုင်လို့ ကြိုတင် ထွက်ပြေးသွားတာပါ။”
သူ ထွက်ပြေးသွားသည်မှာ ကြာမြင့်နေပြီဖြစ်၍ ယခု လိုက်ဖမ်းရန်မှာ အိပ်မက်သက်သက်သာ ဖြစ်နေသည်။ သူက တောင်ပိုင်းပင်လယ်သို့ပင် ရောက်ရှိနေလောက်ပြီ။
မဟာဆရာသခင်ကြီး ကျီချင်းကျူ အံကြိတ်ပြီး ပြောလိုက်သည်။ “အမိန့်ထုတ်လိုက်... ရှောင်မူကျစ်ကို တွေ့ရင် ချက်ချင်း သတ်...”
သူ စကားကို ရပ်လိုက်ပြီး ပြန်ပြောင်း ပြောလိုက်သည်။ “ရှောင်မူကျစ်ကို တွေ့ရင် ချက်ချင်း လာသတင်းပို့ပါ။”
သူ စိတ်ပျော့သွားသောကြောင့် မဟုတ်ဘဲ ရှောင်မူကျစ်သည် ဉာဏ်များလွန်းပြီး သိုင်းပညာ မြင့်မားလွန်းသောကြောင့် ဖြစ်သည်။ ကျီပြောင်ပြောင်မှလွဲ၍ အခြားသူများ ရှောင်မူကျစ်နှင့် တွေ့ဆုံပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။
အသက်ပြင်းပြင်း ရှူပြီးနောက် မဟာဆရာသခင်ကြီး ကျီချင်းကျူက ပြောလိုက်သည်။ “တုပိုင်.. ငါ့ကို ခဏစောင့်ပါ။ ငါ မင်းကို ကတိပေးထားတာ ရှိတယ် ၊ အဲ့ဒါကို ငါဖြည့်ဆည်းပေးရမယ်။ ငါ အခုပဲ မင်းအတွက် တစ်စောင် ပြန်ရေးပေးမယ်။ ငါ့နောက် လိုက်ခဲ့။”
ထို့နောက် တုပိုင်သည် မျှော်စင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
မဟာဆရာသခင်ကြီး ကျီချင်းကျူသည် မင်ရည် စသွေးလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် မိတ္တူကူးသကဲ့သို့ စတင် ရေးသားလေတော့သည်။
သူသည် ဤလျှို့ဝှက်ကျမ်းစာအုပ်ကို အကြိမ်ပေါင်း ရာချီ ကူးယူရေးသားခဲ့ဖူးသဖြင့် သူ့အမြန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ အမှန်တကယ်ပင် ပျံသန်းနေသကဲ့သို့ ရေးသားနေပြီး စာမျက်နှာတစ်ရွက်လျှင် ငါးမိနစ်ခန့်သာ ကြာမြင့်လေသည်။
စာသားပဲ ဖြစ်ဖြစ် ၊ ပုံပဲ ဖြစ်ဖြစ် တစ်မျက်နှာလျှင် ငါးမိနစ်သာ ကြာသည်။
ဤအမြန်နှုန်းက တုပိုင်ကို အံ့အားသင့်စေသည်။ အမှန်တကယ် အထင်ကြီးစရာ ကောင်းလှသည်။ တုပိုင်သာ ကူးယူရေးသားရမည် ဆိုပါက အနည်းဆုံး တစ်မျက်နှာလျှင် ဆယ်မိနစ်ခန့် ကြာမြင့်ပေလိမ့်မည်။
သို့သော်... နောက်ဆုံး စာမျက်နှာ ဆယ်ရွက်ခန့် အလိုတွင် မဟာဆရာသခင်ကြီး ကျီချင်းကျူ ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် အသည်းအသန် ပြန်လည်စဉ်းစားရန် ကြိုးစားပြီး မိမိခေါင်းကိုပင် ထုရိုက်နေသော်လည်း မှတ်မိခြင်း မရှိတော့ပေ။
“မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး...” မဟာဆရာသခင်ကြီး ကျီချင်းကျူက ပြောလိုက်သည်။ “ငါ အလွတ်ရနေတာပဲ ၊ ဘာလို့ မမှတ်မိတော့တာလဲ။ ဘယ်လိုဖြစ်ရတာလဲ။”
တုပိုင်က ပြောလိုက်သည်။ “မဟာဆရာသခင်ကြီး.. စိတ်မပူပါနဲ့။ ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ။”
ထို့နောက် တုပိုင်သည် သူ့စိတ်စွမ်းအင်ကို ထင်းရှူးသီးပုံဂလင်းပေါ်တွင် စုစည်းလိုက်ပြီး စနစ်၏ မျက်လုံးကို အသက်သွင်းလိုက်သည်။
သူသည် မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ဦးနှောက် နက်ရှိုင်းသော အစိတ်အပိုင်းတစ်ခုတွင် အမှောင်စွမ်းအင် အစုအဝေးတစ်ခု ပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ယခင်က အဆိပ်မိထားခြင်း၏ အကြွင်းအကျန်များ ဖြစ်ပြီး ထိုဦးနှောက်ဧရိယာရှိ မှတ်ဉာဏ်အားလုံးကို ပိတ်ဆို့ထားခြင်း ဖြစ်သည်။ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း ကျမ်းစာအုပ်၏ နောက်ဆုံးအပိုင်း မှတ်ဉာဏ်များ အားလုံး ထိုနေရာတွင် ရှိနေသဖြင့် ပြန်လည်အမှတ်ရရန် မဖြစ်နိုင်တော့ခြင်း ဖြစ်သည်။
တုပိုင်သည် ထိုကိစ္စကို မဟာဆရာသခင်ကြီး ကျီချင်းကျူအား ပြောပြလိုက်သည်။
မဟာဆရာသခင်ကြီး ကျီချင်းကျူသည် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ရှောင်မူကျစ်... သောက်ကောင်စုတ် ၊ ငါ မင်းကို တစ်စစီ ဆွဲဖြဲပစ်မယ်။ မင်းက ငါ့ရဲ့ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို ခိုးယူသွားရုံတင် မကဘူး ၊ ငါ့ခေါင်းထဲက မိတ္တူကိုပါ ဖျက်ဆီးပစ်ဖို့ ကြိုးစားသေးတယ်ပေါ့။”
မည်သို့ လုပ်ရမည်နည်း။
မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ သိုင်းပညာသည် ပြိုင်ဘက်ကင်းသော်လည်း သူ့ဦးနှောက်ထဲက ကိစ္စများနှင့် ပတ်သက်လာလျှင် လုံးဝ အစွမ်းအစ မရှိပေ။
တုပိုင်က ပြောလိုက်သည်။ “မဟာဆရာသခင်ကြီး.. ကျွန်တော့်ကို ယုံလား။”
အပိုင်း ၃၆၀ ပြီး။