ရွှေအမြုတေအဆင့် အစေခံမများ၊ ပြည်ဖျက်နိုင်မည့် အလှနတ်ဘုရားမများ(၁)
Vol. 31 Ch. 351
ရက်အနည်းငယ် ကြာပြီးနောက်...။
သမင်ကြီးကျွန်းတွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များသည် ချန်လန်ပင်လယ် ဒေသတစ်ခုလုံးနီးပါးသို့ ပျံ့နှံ့သွားကာ၊ ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုအများအပြား သိရှိသွားကြလေသည်။
မည်သို့ပင်ဆိုစေကာမူ၊ ဤသည်မှာ လူသားမျိုးနွယ်အတွက် ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်ပေသည်။
ပင်လယ်မျိုးနွယ်စုသည် ယခင်က ကြီးမားသော အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့ပြီး၊ သားရဲလှိုင်းလုံးများကို လှုံ့ဆော်ကာ ချန်လန်ပင်လယ်ဒေသ၏ နေရာလပ်မကျန် တိုက်ခိုက်ခဲ့ကြသည်။
လူသားအများအပြားသည် ချက်ချင်းဆိုသလို ကြီးမားသော ထိုးနှက်ချက်များကို ခံစားခဲ့ရပြီး နေရာတိုင်းလိုလိုတွင် ဆုတ်ခွာခဲ့ကြရသည်။
သို့သော် ယခုအခါ ဝူကျိမဟာမိတ်အဖွဲ့သည် ကြီးမားသော အောင်ပွဲကို ရရှိခဲ့ပြီး၊ ပင်လယ်မျိုးနွယ်စုမှ ဝိညာဉ်သန္ဓေသားအဆင့် ငါးဦးကို သတ်ဖြတ်ကာ ရွှေအမြုတေအဆင့် ပင်လယ်မျိုးနွယ်စု ရာပေါင်းများစွာကို သုတ်သင်ချေမှုန်းနိုင်ခဲ့သည်။
ဤအောင်ပွဲသည် ကျရှုံးလုနီးပါး ဖြစ်နေသော ဝူကျိမဟာမိတ်အဖွဲ့နှင့် လူသားမျိုးနွယ်စုအတွက် အားဆေးတစ်ဖုံ ဖြစ်စေခဲ့လေသည်။
"ဒါကတော့ သောက်ရမ်းကြမ်းလွန်းပါတယ်ကွာ… ဝူကျိမဟာမိတ်အဖွဲ့ရဲ့ သမင်ကြီးကျွန်းကို ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသားအဆင့်တွေက တိုက်ခိုက်ခဲ့တယ်.. အရေးကြီးတဲ့အချိန်မှာ သခင်မမက်မွန်ပွင့် ဝင်ပါပြီး ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသားအဆင့် ငါးဦးနဲ့ ဟေးရှားနန်းတော်က ဝိညာဉ်သန္ဓေသားအဆင့် နှစ်ဦးကို သုတ်သင်ပစ်လိုက်တယ်တဲ့…"
"တစ်ယောက်တည်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဝိညာဉ်သန္ဓေသားအဆင့် ခုနစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တယ်… သခင်မမက်မွန်ပွင့်သာ မရှိရင် ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ဒုတိယ ခံစစ်စည်းကို ပင်လယ်မျိုးနွယ်စုက ဖောက်ထွင်းဝင်ရောက်သွားလောက်ပြီ" လူတစ်ဦးက ဖြစ်ရပ်များကို တက်ကြွစွာ ရှင်းပြနေလေသည်။
"တကယ်လား… ဟုတ်ရော ဟုတ်ရဲ့လားကွာ… မင့်ဟာက သေချာရဲ့လား…"
"သေချာတာပေါ့ကွ… ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူခုနစ်ဦးရဲ့ ခေါင်းတွေကို မြို့တံခါးဝမှာ ချိတ်ဆွဲပြသထားတာလေ… ဘယ်လိုလုပ် မှားနိုင်မှာလဲ…"
"ဝိညာဉ်သန္ဓေသား ခုနစ်ဦးတင် မကဘူး… ကျူးကျော်လာတဲ့ ရွှေအမြုတေအဆင့် ပင်လယ်မျိုးနွယ်စု ရာပေါင်းများစွာတောင် အကုန် သုတ်သင်ခံလိုက်ရတာ… အခု အဲဒီရွှေအမြုတေအဆင့် ပင်လယ်မျိုးနွယ်စုတွေကို ဝူကျိမဟာမိတ်အဖွဲ့က ကျင့်ကြံသူတွေအတွက် စားသောက်ပွဲကြီးအဖြစ် ပြင်ဆင်နေကြပြီ…"
"အစက သခင်မမက်မွန်ပွင့်ရဲ့ အလှအပ သတင်းကြီးတာကို ထောက်ပြီး… သူက အလှပြသက်သက်ပဲလို့ ငါ ထင်ခဲ့တာ… ဒီလောက် စွမ်းအားကြီးမယ်လို့ မထင်ထားခဲ့ဘူး…"
"အခုကြည့်ရတာ သခင်မမက်မွန်ပွင့်က ချန်လန်ပင်လယ်ဒေသမှာ နံပါတ်တစ် အလှနတ်ဘုရားမဆိုတာ အမှန်ပဲ… ရင်သပ်ရှုမောဖွယ် လှပရုံသာမက စွမ်းအားလည်း ကြီးမားတယ်.. သူက သေချာပေါက် ဝူကျိမဟာမိတ်အဖွဲ့ရဲ့ နောက်ထပ် အဓိပတိ ဖြစ်လာမှာပဲ…"
"ဟဟ... အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့… အလှအပအကြောင်း ပြောမယ်ဆိုရင် မြူနှင်းနန်းတော်ရဲ့ နန်းတော်သခင်မ ယဲ့ဖေးယိုပဲ ဖြစ်ရမှာပေါ့… သူက တကယ့်ကို တောက်ပတဲ့ အလှနတ်ဘုရားမလေး… သူက မြူနှင်းနန်းတော်မှာရှိတဲ့ အမျိုးသမီးကျင့်ကြံသူ အားလုံးရဲ့ ခေါင်းဆောင်ပဲ…"
"လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းကဆို ယဲ့ဖေးယိုကြောင့် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတွေ အများကြီး အချင်းချင်း တိုက်ခိုက်ကြပြီးတော့… ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးအတော်များများ သေဆုံးခဲ့ရတယ်လို့တောင် ပြောစမှတ်ပြုကြတယ်…"
"နောက်ဆုံးမှာ မြူနှင်းနန်းတော်ရဲ့ နန်းတော်သခင်မ ယဲ့ဖေးယိုကိုယ်တိုင် ထွက်လာပြီး ဒီဘဝမှာ လက်မထပ်ဘူးလို့ ကြေညာလိုက်မှ အငြင်းပွားမှုတွေ ပြီးဆုံးသွားတာ… နန်းတော်သခင်မ ဘယ်လောက်လှလဲဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါတယ်… သခင်မမက်မွန်ပွင့်က ယှဉ်လို့တောင် မရဘူး…"
"တောသား... တကယ်လို့ အလှအပနဲ့ ဆွဲဆောင်မှုအကြောင်း ဆွေးနွေးမယ်ဆိုရင် ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချန်ဇီယွင်ပဲ ဖြစ်ရမှာပေါ့ဟ,,, သူကမှ တကယ့် ပြိုင်ဘက်ကင်း အလှနတ်ဘုရားမ… သူက ရှားရှားပါးပါးမှ လှုပ်ရှားတတ်တာ… ဒါပေမဲ့ သူ ပေါ်လာတာနဲ့ ကျွန်းတွေ… တိုင်းပြည်တွေနဲ့ အင်အားစုတွေ အများကြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်ပြီး ပြည်တွင်းစစ်တွေ ဖြစ်ကုန်ကြတယ်လို့ ပြောကြတယ်… သူက တကယ့် စုန်းမပဲ…"
"သူ့ကို တစ်ခါ မြင်ဖူးရုံနဲ့ စားမဝင် အိပ်မပျော်ဖြစ်ပြီး ကိုယ့်မိသားစုကို စွန့်ပစ်… ကောင်းကင်မိစ္ဆာဂိုဏ်းကို ဝင်ရောက်ပြီး မိစ္ဆာကျင့်ကြံသူတွေ ဖြစ်သွားကြတဲ့ ကျင့်ကြံသူတွေ ဘယ်လောက်တောင် များလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ…"
"အခုဆိုရင် ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းကြီးငါးခု အကြီးအကဲတွေက သူတို့ရဲ့ တပည့်တွေကို ချန်ဇီယွင်နဲ့ မတွေ့ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားရတယ်… မဟုတ်ရင် တပည့်ရင်းတွေ ဘယ်လောက်များများ ဂိုဏ်းကို သစ္စာဖောက်သွားကြမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး…"
"ငါ သဘောတူတယ်… ချန်လန်ပင်လယ် ဒေသရဲ့ နံပါတ်တစ် အလှနတ်ဘုရားမ ဖြစ်လာဖို့ဆိုရင် ပြိုင်ဘက်ကင်းတဲ့ အလှအပ ရှိရုံတင်မကဘူး… လုံလောက်တဲ့ ပိုးပန်းသူတွေလည်း ရှိဖို့ လိုတယ်… အဲဒီအခါကျမှ နံပါတ်တစ် အလှနတ်ဘုရားမလို့ ခေါ်လို့ရမှာ…"
"အဟွတ်... အဟွတ်... ငါတို့က သာမန် ကျင့်ကြံသူတွေပါကွာ… ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေအကြောင်း ဒီလို စည်းလွတ်ဘောင်လွတ် ဆွေးနွေးနေတာ တကယ် အဆင်ပြေရဲ့လား…"
"ဘာ ကြောက်စရာ ရှိလို့လဲ… ချန်လန်ပင်လယ် ဒေသက အရမ်း ကျယ်ဝန်းတာ… အဲဒီ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေက ငါတို့ ဘယ်မှာရှိလဲဆိုတာတောင် သိမှာ မဟုတ်ဘူး… ငါတို့ ဆွေးနွေးနေတာကို ဘယ်လိုလုပ် ကြားနိုင်မှာလဲ… ငါတို့ကို စကားမပြောရဘူးလို့ ပိတ်ပင်ထားချင်တာလား…"
ကျင့်ကြံသူများသည် အကြိတ်အနယ် ဆွေးနွေးနေကြလေသည်။
ထင်ရှားသည်မှာ မည်သည့်အကြောင်းပြချက်ကြောင့်ပင် ဖြစ်စေ၊ ဤတိုက်ပွဲကြောင့် သခင်မမက်မွန်ပွင့်သည် ချန်လန်ပင်လယ် ဒေသတစ်ဝန်း ကျော်ကြားလာခဲ့သည်။
ယခင်က သူမသည် အလှအပဖြင့် ချန်လန်ပင်လယ် ဒေသကို တုန်လှုပ်စေခဲ့သည်ဆိုလျှင်၊ ယခုအခါ သူမသည် စစ်ရေးစွမ်းဆောင်မှုဖြင့် ပင်လယ်ပြင်ကို တုန်လှုပ်စေခဲ့ပြီ ဖြစ်သည်။
ဤအချက်က ကျင့်ကြံသူ အများအပြားကို သခင်မမက်မွန်ပွင့်အား အမြင်သစ်ဖြင့် ကြည့်မြင်လာစေခဲ့သည်။
တစ်ချိန်တည်းမှာပင် သခင်မမက်မွန်ပွင့်ကို ဝူကျိမဟာမိတ်အဖွဲ့ ခေါင်းဆောင်၏ တရားဝင်ဆက်ခံသူအဖြစ် စတင် ရှုမြင်လာကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ ဤအမျိုးသမီးကျင့်ကြံသူ၏ အဆင့်အတန်း၊ စွမ်းရည်နှင့် စစ်ရေးစွမ်းဆောင်မှုများသည် အပြစ်ပြောစရာ မရှိအောင် ပြည့်စုံနေပေသည်။
…
ဆယ်ရက်ကျော် ကြာပြီးနောက်...။
သမင်ကြီးကျွန်းမှ ပျံသန်းလာသော တတိယအဆင့် လှေပျံသည် အင်မော်တယ်ရှားမြို့တော်သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့လေသည်။
ကျိုးစွေ့၏ ကိုယ်ပွားသည် ရွှေအမြုတေအဆင့် အစေခံလေးဦးဖြစ်သော ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့ကို ဦးဆောင်ပြီး အင်မော်တယ်ရှားဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။
လမ်းခရီးတွင် အံ့အားသင့်ဖွယ်များ သို့မဟုတ် နှောင့်ယှက်မှုများမရှိဘဲ ချောမွေ့စွာ ပြန်ရောက်လာခဲ့ကြသည်။
"ယောက်ျား... ဒီအမျိုးသမီးတွေက ဘယ်သူတွေလဲ…"
ထိုအချိန်တွင် ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် ကျိုးစွေ့၏ အသိပေးချက်ကို ရရှိထားပြီးဖြစ်သဖြင့်၊ မက်မွန်ပွင့်ကျွန်းမှ ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူ ငါးဦးရောက်လာမည်ကို သိထားကြသည်။
ထို့ကြောင့် သူတို့သည် ကြိုတင် ပြင်ဆင်ထားကြသည်။
လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့မှာမူ အပေါ်ယံတွင် သမင်ကြီးကျွန်း၌ ရှိနေကြသေးသဖြင့် လူလုံးထွက်ပြရန် အဆင်မပြေလှပေ။
သို့မဟုတ်ပါက အခြားကျင့်ကြံသူများ၏ သံသယကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော် ဤတိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်ရာ၊ သူတို့ မကြာမီ ပြန်လာကြပေတော့မည်။ သူတို့သည် သမင်ကြီးကျွန်းတွင် အမြဲတမ်း နေနိုင်မည် မဟုတ်ပေ။
"ဩော်... ဒီအမျိုးသမီးတွေက မက်မွန်ပွင့်ကျွန်းက ရွှေအမြုတေအဆင့် သခင်မတွေပါ…"
"သူတို့က အခု ငါ့ရဲ့ အစေခံတွေ ဖြစ်သွားပြီ…"
"ဒီနေ့ကစပြီး သူတို့က ငါနဲ့အတူ အင်မော်တယ်ရှားဂိုဏ်းမှာ နေကြလိမ့်မယ်…"
"အနာဂတ်မှာ ငါတို့က မိသားစု ဖြစ်သွားကြပြီ…"
ကျိုးစွေ့က ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူ လေးဦး၏ ဇာတ်မြစ်ကို အမျိုးသမီးများအား မိတ်ဆက်ပေးလိုက်လေသည်။
"မင်္ဂလာပါ ညီအစ်မတို့…"
"အနာဂတ်မှာ ကျွန်မတို့က သခင်လေးကျိုးရဲ့ အစေခံတွေ ဖြစ်လာပါတော့မယ်… ကျေးဇူးပြုပြီး ကျွန်မတို့ကို ဂရုစိုက်ပေးကြပါဦး…"
ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့သည် လန်ယွဲ့ရှီနှင့် အခြားသူများကို နှုတ်ဆက်လိုက်ကြသည်။
ကျိပင်းယွီနှင့် အခြားသူများ၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ သူတို့လည်း အံ့သြသွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးများသည် အလွန် လှပလွန်းသည်ဟု သူတို့ ထင်မြင်မိသောကြောင့် ဖြစ်သည်။
ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားကြောင့် ကျိပင်းယွီနှင့် အခြားသူများ၏ ခန္ဓာကိုယ်များသည် ပြောင်းလဲသွားခဲ့ပြီး၊ သူတို့၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဝင်းလာကာ ခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ရည်အသွင်အပြင်များလည်း တိုးတက်လာပြီး ပြီးပြည့်စုံလုနီးပါး ဖြစ်လာခဲ့သည်။
သူတို့အားလုံးကို ပြိုင်ဘက်ကင်း အလှနတ်ဘုရားမများအဖြစ် သတ်မှတ်နိုင်သည်။
ရုပ်ရည်နှင့် စိတ်နေသဘောထားအရဆိုလျှင် သူတို့သည် သခင်မမက်မွန်ပွင့်ထက် မလျော့နည်းပေ။
သူတို့ တစ်ယောက်စီတိုင်းသည် ရုပ်ရည်တစ်ခုတည်းဖြင့်ပင် တိုင်းပြည်ကို ပျက်စီးစေနိုင်လောက်အောင် လှပကြသည်။
အစေခံလေးဦးသည် သူတို့၏ ကိုယ်ပိုင်ရုပ်ရည်ကို ထိပ်တန်းအဆင့်ဟု ယူဆထားကြသည်။
သို့သော်၊ ကျိပင်းယွီကဲ့သို့သော အမျိုးသမီးများနှင့် နှိုင်းယှဉ်လိုက်သောအခါ သူတို့ အနည်းငယ် နိမ့်ကျသည်ဟု ခံစားလိုက်ရသည်။
ဤအမျိုးသားက သူ့ဇနီးမယားများကို ထားခဲ့ရန် ဝန်လေးနေသည်မှာ အံ့သြစရာ မဟုတ်ပေ။
အကယ်၍ သူ့ဇနီးများသည် ဤမျှ လှပနေပါက သူလည်း ထွက်ခွာချင်မည် မဟုတ်ပေ။
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး…"
"ရှင်တို့က ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေလေ… အစေခံအဖြစ် တာဝန်ထမ်းဆောင်ရတာက နှိမ့်ချလွန်းရာ ရောက်နေပါပြီ…"
ကျိပင်းယွီ၏ မျက်နှာအမူအရာက ထူးဆန်းနေလေသည်။
သူမ၏ ခင်ပွန်းသည် နောက်ပိုင်းတွင် ပိုမို ရှုပ်ပွေလာသည်ဟု သူမ ထင်မြင်မိသည်။
သူသည် ဤမျှ တိုတောင်းသော အချိန်အတွင်း ရွှေအမြုတေအဆင့် အစေခံလေးဦးကို ရရှိခဲ့သည်။
မဟုတ်သေးချေ၊ သူတို့သည် သာမန်အစေခံများ မဟုတ်ကြပေ။ သူတို့သည် မက်မွန်ပွင့်ကျွန်းမှ ရွှေအမြုတွေအဆင့် အမျိုးသမီးကျင့်ကြံသူများပင်။
သူတို့နောက်ကွယ်မှ ကျောထောက်နောက်ခံသည် သခင်မမက်မွန်ပွင့် ဖြစ်၏။
ဆိုရလျှင်၊ သူမ၏ခင်ပွန်းသည် နာမည်ကျော် သခင်မမက်မွန်ပွင့်ကိုပါ ပိုးပန်းရန် ကြိုးစားနေသည်လော။
အကယ်၍ ထိုသို့သာဆိုလျှင် ဤသတင်းသည် လုံးဝ တုန်လှုပ်စရာကောင်းပြီး အဓိပ္ပာယ်မရှိသော ကိစ္စပင်။
"မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး… ဒါက နှိမ့်ချရာ မရောက်ပါဘူး…"
"အတိအကျ ပြောရရင် သခင်လေးကျိုးကို ပြုစုခွင့်ရတာ ကျွန်မတို့ရဲ့ ဂုဏ်ယူစရာပါ…"
"ကျွန်မတို့ကို ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေလို့ မသတ်မှတ်ပါနဲ့… သာမန် အစေခံတွေလို့ပဲ သဘောထားပေးပါ…"
"ဟုတ်ပါတယ်... ကျွန်မတို့က အာရုံစိုက်ခံရတာမျိုး မလိုချင်ပါဘူး… ကျွန်မတို့ ရှိနေတာကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်…"
ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့သည် သူတို့၏ မာနကို နှိမ့်ချပြီး ပြောဆိုလိုက်ကြလေသည်။
မက်မွန်ပွင့်ကျွန်းမှ ဖြစ်သလို၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့သည် မော်ကြွားလိုသည့် အရိပ်အယောင် လုံးဝ မပြကြပေ။
"ဒါဆိုရင်လည်း ညီမလေးတို့ ရောက်လာတာကို ကြိုဆိုပါတယ်…"
ကျိပင်းယွီ အတော်လေး ကျေနပ်သွားလေသည်။
ဤအမျိုးသမီးများသည် မောက်မာခြင်း သို့မဟုတ် ဆက်ဆံရခက်ခဲခြင်း လက္ခဏာများ မပြကြပေ။