နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ် ထွက်ပေါ်လာခြင်း(၃)
Vol. 31 Ch. 358
"နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်း… ကုယုံဂိုဏ်း ဟုတ်လား…"
ဤစကား ထွက်လာသည်နှင့် တပြိုင်နက် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအများအပြား၏ မျက်ဝန်းများ ကျုံ့သွားကြသည်။
သူတို့အားလုံးသည် ဝိညာဉ်သန္ဓေသား ဝါရင့်များအဖြစ် နှစ်ပေါင်းရာချီ နေထိုင်လာခဲ့ကြသူများ ဖြစ်သဖြင့်၊ သဘာဝကျစွာပင် ဗဟုသုတ ကြွယ်ဝကြပြီး ရှေးဟောင်းစာအုပ် အများအပြားကို ဖတ်ရှုလေ့လာထားသူများ ဖြစ်ကြသည်။
ထိုအထဲတွင် ရှေးဟောင်းခေတ် ချန်လန်ပင်လယ်ဒေသ၏ နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းများ၏ အချက်အလက်များစွာလည်း ပါဝင်ပေသည်။
ရှေးဟောင်းခေတ်တွင်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းများသည် များပြားလှသည် မဟုတ်ဘဲ၊ လက်တစ်ဖက်တည်းနှင့် ရေတွက်၍ ရနိုင်ပေသည်။
ထို့အပြင်၊ ကုယုံဂိုဏ်းသည် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းများအနက်၊ နံပတ်တစ်ဖြစ်ခဲ့ပြီး သမိုင်းကြောင်းအရ ချန်လန်ပင်လယ်ဒေသ၏ အုပ်စိုးသူပင် ဖြစ်ခဲ့သည်။
ကုယုံဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်း အချို့သည် စိတ်ဝိညာဉ်လောကသို့ တက်လှမ်းသွားခဲ့သည်ဟူသော ကောလဟာလများပင် ရှိခဲ့သေးသည်။
ယင်းသည် နှစ်တစ်သောင်းတိုင် သမိုင်းကြောင်းရှိခဲ့သော အထွတ်အထိပ်ဂိုဏ်းတစ်ခု ဖြစ်သည်။
သို့သော် ရှေးဟောင်းခေတ်ကာလက ကြီးမားသော အပြောင်းအလဲတစ်ခုကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းအများအပြား ကျဆုံးသွားခဲ့ရသည်။
ချန်လန်ပင်လယ်၏ နံပါတ်တစ်ဂိုဏ်းဖြစ်သော ကုယုံဂိုဏ်းအပါအဝင် ဖြစ်သည်။
အကယ်၍ ရှေးဟောင်းခေတ်ကာလက ထိုအပြောင်းအလဲသာ မဖြစ်ခဲ့လျှင် ကုယုံဂိုဏ်းသည် ချန်လန်ပင်လယ်ကို အုပ်စိုးနေဆဲ ဖြစ်ပေလိမ့်မည်။
ဤမျှကျယ်ပြောသော ပင်လယ်ပြင်နယ်မြေများနှင့် ကျွန်းများစွာကို ပိုင်ဆိုင်ဖို့အသာထား၊ ဤဝိညာဉ်သန္ဓေသားအဆင့် အင်အားစုများ ပေါ်ထွက်လာနိုင်ဖို့ရာ အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။
"မဟာမိတ်အဓိပတိ... ခင်ဗျား ပြောတာ အမှန်ပဲလား…"
"အဲ့ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်က ကုယုံဂိုဏ်းရဲ့ ဌာနချုပ်ကျွန်းလား…"
ဝိညာဉ်သန္ဓေသား ဘိုးဘေးအိုကြီး တစ်ဦးက မယုံကြည်နိုင်စွာ မေးလိုက်ပြီး ဝူကျိတာအိုအရှင်ကို ကြည့်ကာ စိတ်ထဲတွင် အလွန် တုန်လှုပ်နေလေသည်။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စသာ အမှန်ဖြစ်ပါက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း ချန်လန်ပင်လယ်၏ အကြီးမားဆုံး ဖြစ်ရပ် ဖြစ်လာပေလိမ့်မည်။
ထို့အပြင်၊ သူတို့လို ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများအတွက် အကြီးမားဆုံးသော အခွင့်အရေးလည်း ဖြစ်ပေသည်။
"အမှန်တိုင်း ပြောရရင် ဖြစ်နိုင်ချေ အရမ်းများတယ်လို့ ငါ ထင်တယ်…"
"ဘာကြောင့်လဲဆိုတော့ ရှေးဟောင်းခေတ်ကာလတုန်းက ဒီပင်လယ်ပြင်ဧရိယာကို ကုယုံဂိုဏ်းက အုပ်ချုပ်ခဲ့တာလေ.."
"ကျွန်းပေါ်ကနေ ထွက်ပေါ်လာတဲ့ တားမြစ်အစီအရင်က ကုယုံဂိုဏ်းမှာပဲ ရှိတဲ့ ထူးခြားချက် ဖြစ်နေတာကို ပေါင်းစပ်လိုက်ရင်..."
"အဲ့ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်က သေချာပေါက် ကုယုံဂိုဏ်းရဲ့ ဌာနချုပ်ပဲ ဖြစ်ရမယ်…"
ဝူကျိတာအိုအရှင်သည် သူ၏ ခန့်မှန်းချက်ကို အတော်လေး ယုံကြည်မှု ရှိလေသည်။
မည်သို့ပင်ဆိုစေကာမူ၊ သူသည် နတ်ဘုရားအမွေအနှစ်များကို စူးစမ်းရှာဖွေရန် ကြီးမားသော ကြိုးပမ်းအားထုတ်မှု ပြုလုပ်ခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းများနှင့် ပတ်သက်သော လျှို့ဝှက်ချက် အများအပြားကို တူးဖော်ခဲ့သည်။
၎င်းတို့အထဲတွင် ချန်လန်ပင်လယ်ဒေသ၏ ယခင် နံပါတ်တစ်ဂိုဏ်းဖြစ်သော ကုယုံဂိုဏ်းလည်း ပါဝင်သည်။
ထို့ကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်၏ ဇာစ်မြစ်သည် သာမန်မဟုတ်ကြောင်း သူ ပထမဆုံး အခိုက်အတန့်ကပင် သိရှိခဲ့ခြင်း ဖြစ်ပေသည်။
"တကယ်လို့ ဒါက ကုယုံဂိုဏ်းရဲ့ နေရာဟောင်း ဖြစ်တယ်ဆိုရင် လမ်းကြောင်းတူ လျှောက်လှမ်းနေသူတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ဖို့ လိုအပ်ပါတယ်…"
"ဒီမုန့်ကြီးက အရမ်း ကြီးမားလွန်းတယ်… ငါတို့ ဝူကျိမဟာမိတ်အဖွဲ့ တစ်ခုတည်း မျိုချနိုင်တဲ့အရာ မဟုတ်ဘူး…"
"ဒါပေမဲ့ ဒါက နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်ရဲ့ ရှားပါးမှုကို သက်သေပြနေတာပဲ…"
"ဘယ် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူမှ ဒီလို သွေးဆောင်မှုကို မငြင်းဆန်နိုင်ကြဘူး…"
"ဟုတ်တယ်... ငါတို့ရဲ့ ကိုယ်ပိုင် အင်အားကိုပဲ မှီခိုမယ်ဆိုရင် ကုယုံဂိုဏ်းရဲ့ အစီအရင်ခံစစ်ကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး…"
"တခြား ဝိညာဉ်သန္ဓေသားအဆင့်ဂိုဏ်းတွေရဲ့ အင်အားကို မှီခိုရဦးမှာပဲ…"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အများအပြားအကြား ဆွေးနွေးမှုများ ပေါ်ထွက်လာလေသည်။
ချန်လန်ပင်လယ်ဒေသ၏ ယခင် နံပါတ်တစ်ဂိုဏ်းဖြစ်သော ကုယုံဂိုဏ်း မည်မျှ စွမ်းအားကြီးမားသည်ကို သူတို့ သဘာဝကျကျ သိထားကြသည်။
၎င်း၏ အထွတ်အထိပ်ကာလတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် အကြီးအကဲငါးဦးကို တပြိုင်နက်တည်း မွေးထုတ်ပေးနိုင်ခဲ့သည်။
(စကားချပ် - Etran ရော မူရင်းမှာပါ ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲငါးဦး လို့ ရေးထားပါတယ်။ မှားယွင်းတာ ဖြစ်မယ်ထင်လို့ နတ်ဘုရားအသွင်ပြောင်းအဆင့်လို့ပဲ ပြင်ဆင်ရေးသားလိုက်ပါတယ်။)
ကုယုံဂိုဏ်း၏ အမွေအနှစ် မည်မျှ နက်ရှိုင်းသည်ကို ခန့်မှန်းကြည့်နိုင်သည်၊ သေချာပေါက် ပြိုင်ဘက်ကင်းပင်။
တစ်ချိန်တည်းမှာပင် ဤအချက်က ကြီးမားသော အကျိုးကျေးဇူးများ ပါဝင်ရမည်ဟု ဆိုလိုသည်။
ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုတစ်ခုတည်း စားသုံးနိုင်သော အရာ မဟုတ်ပေ။
"မင်းတို့အားလုံး မကန့်ကွက်ကြဘူးဆိုရင် တခြားဂိုဏ်းတွေကို ငါ အသိပေးလိုက်တော့မယ်…"
ဝူကျိတာအိုအရှင် ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်လေသည်။
……
ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ရွှမ်ပေါင်မျှော်စင်၊ ကောင်းကင်ဓားဂိုဏ်း၊ မြူနှင်းနန်းတော်၊ ဆည်းဆာဂိုဏ်းနှင့် အခြား ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုများသည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ် ပေါ်ထွက်လာခြင်းကို ပထမဆုံးအကြိမ် သိရှိသွားကြသည်။
ဤလမ်းမှန်ဂိုဏ်းများသာ မဟုတ်ပေ။
ဟေးရှားနန်းတော်၊ ရွှမ်ယင်ဂိုဏ်းနှင့် ကောင်းကင်မိစ္ဆာဂိုဏ်း စသည်တို့သည်လည်း ဤကိစ္စကို သိရှိသွားကြသည်။
ပင်လယ်မျိုးနွယ်စုအတွင်း၌ပင် ကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့လေသည်။
"ဘာ... ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ပင်လယ်ပြင်ဧရိယာမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ် ပေါ်လာတယ် ဟုတ်လား… ပြီးတော့ ဒါက ကုယုံဂိုဏ်းရဲ့ နေရာဟောင်း ဖြစ်နိုင်တယ်ပေါ့…"
"ဒါ အမှန်ဆိုရင် ငါတို့ တကယ် ပွပြီပဲ…"
"ကုယုံဂိုဏ်းက ရှေးဟောင်းခေတ်ကာလရဲ့ နံပါတ်တစ်ဂိုဏ်းလေ.. ချန်လန်ပင်လယ်ဒေသရဲ့ အရှင်သခင်ပဲ… အထဲမှာ ရတနာ ဘယ်လောက်တောင် ကျန်ခဲ့မလဲဆိုတာ မှန်းကြည့်လိုတောင် ရတယ်… ငါတို့လို ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေအတွက် သင့်လျော်မယ့် စတုတ္ထအဆင့် ရတနာဆေးလုံးတောင် ရှိနိုင်တယ်…."
"ဒါပေမဲ့ ရှေးဟောင်းခေတ်ကာလကနေဆိုရင် အချိန်အကြာကြီး ကုန်ဆုံးသွားပြီ… ဆေးလုံးတွေ ကျန်ခဲ့ရင်တောင်မှ အာနိသင် ပျက်ပြယ်သွားလောက်ပြီ…"
"ငတုံး... တကယ်လို့ စတုတ္ထအဆင့် ဆေးလုံးကို အထူး ဝိညာဉ်ပစ္စည်းသုံးပြီး သိုလှောင်ထားမယ်ဆိုရင် ဆေးလုံးရဲ့ အာနိသင်ကို အကန့်အသတ်မရှိ ရှည်ကြာစေနိုင်တယ်… ကုယုံဂိုဏ်းမှာ ဒီလို ဝိညာဉ်ပစ္စည်းမျိုး မရှိဘူးလို့ ငါ မယုံဘူး…"
"ဆေးလုံးတွေ မရှိရင်တောင်မှ ရှားပါးတဲ့ စိတ်ဝိညာဉ်ဆေးမြစ်တွေ အများကြီး စိုက်ပျိုးထားမှာပဲ… ငါတို့ စတုတ္ထအဆင့် ရတနာဆေးလုံး မဖော်စပ်နိုင်ရတဲ့ အကြောင်းရင်းက ငါတို့ရဲ့ ဆေးပညာ ကျွမ်းကျင်မှု လိုအပ်နေလို့ မဟုတ်ဘူး… ရှေးဟောင်း စိတ်ဝိညာဉ်ဆေးမြစ်တွေ ရှားပါးနေလို့ပဲ…"
"ဘာပဲဖြစ်ဖြစ် ဒါက ကြီးမားတဲ့ အခွင့်အရေးပဲ… ငါတို့ လက်လွှတ်မခံသင့်ဘူး…"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအားလုံး သိသိသာသာ စိတ်လှုပ်ရှားနေကြလေသည်။
အမှန်စင်စစ်အားဖြင့်၊ နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်ပေါ်လာတိုင်း ကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေလေ့ရှိသည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအများအပြားသည် ၎င်းမှ မမျှော်လင့်ထားသော အကျိုးအမြတ်များ ရရှိတတ်ကြသည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအများအပြားနှင့် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင် မွေးဖွားလာနိုင်သည်။
ထို့အပြင် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်သည် ကုယုံဂိုဏ်း၏ နေရာဟောင်း ဖြစ်နိုင်သေးသည်။
ထို့ကြောင့် သူတို့ ပို၍ပင် လက်လွှတ်မခံနိုင်ကြတော့ချေ။
"ဒါပေမဲ့ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အဓိပတိက ပင်လယ်မျိုးနွယ်စုရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ရာမှာ သူတို့ကို ကူညီဖို့ တောင်းဆိုနေတယ်…"
"မဟုတ်ရင် ငါတို့ကို ဒီပင်လယ်ပြင်ဧရိယာဆီ လာခွင့်ပြုမှာ မဟုတ်ဘူး… ဒီနတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်ကို စူးစမ်းခွင့်ပေးမှာ မဟုတ်ဘူး…"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးက တွန့်ဆုတ်စွာ ပြောလိုက်သည်။
ဝူကျိမဟာမိတ်အဖွဲ့က သူတို့၏ အခြေအနေများကို ကြေညာထားပြီး ဖြစ်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်ကို ပူးပေါင်းဖော်ထုတ်ရန် အဆင်ပြေပေမဲ့ ဝူကျိမဟာမိတ်အဖွဲ့ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုကို အရင် ဖြေရှင်းပေးရပေမည်။
"ဟဟ... ဝူကျိတာအိုအရှင်က ဘယ်အခွင့်အရေးကိုမှ လက်လွှတ်မခံဘူးပဲ…."
"ငါ အစက ဝူကျိမဟာမိတ်အဖွဲ့နဲ့ ပင်လယ်မျိုးနွယ်စု အပြန်အလှန် တိုက်ခိုက်ပြီး… ထိခိုက်နစ်နာတာကို မြင်ချင်တာ… ဒါပေမဲ့ အခုတော့ ငါ ဝင်ပါရတော့မယ် ထင်တယ်…"
"ရွေးချယ်စရာ မရှိဘူး… နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်က တကယ် အရေးကြီးတယ်… ဝူကျိမဟာမိတ်အဖွဲ့ တကယ် ကျဆုံးသွားရင်တောင်မှ ငါတို့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေဖို့ ကူညီပေးမှာ မဟုတ်ဘူး… ဒါပေမဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်ထဲက ရတနာတွေကတော့ ကူညီပေးနိုင်တယ်… အဓိကနဲ့ သာမညက ရှင်းနေပြီ..”
"ဘာပဲပြောပြော ငါတို့အားလုံးက လူသားမျိုးနွယ်တွေပဲ… ကူညီတာက သဘာဝကျပါတယ်…"
"ပင်လယ်မျိုးနွယ်စုကလည်း မောက်မာနေတာ ကြာပြီ… ဒီလောက် အချိန်အကြာကြီး ကျဆင်းနေပြီးမှ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူ နည်းနည်းလောက်နဲ့ ချန်လန်ပင်လယ်ဒေသကို လွှမ်းမိုးနိုင်မယ်လို့ တကယ် ထင်နေကြတာလား…"
"ငါတို့ လူသားကျင့်ကြံသူတွေရဲ့ စွမ်းအားကို သူတို့ ခံစားဖူးအောင် လုပ်ပေးလိုက်ရအောင်… သူတို့ရဲ့ မှားယွင်းတဲ့ ထင်မြင်ယူဆချက်တွေကို ရိုက်ချိုးပစ်လိုက်ကြစို့…"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ အများအပြားသည် စကားအနည်းငယ် ပြောဆိုရုံဖြင့် ဆုံးဖြတ်ချက် ချလိုက်ကြတော့သည်။
သူတို့သည် ဝူကျိမဟာမိတ်အဖွဲ့ကို ကူညီရန် အထူးတလည် စိတ်အားထက်သန်ခြင်း မရှိသော်လည်း၊ ဤအပိုင်းအခြားတွင် သူတို့၌ ရွေးချယ်စရာ မရှိပေ။
ပင်လယ်မျိုးနွယ်စုကို မကိုင်တွယ်ဘဲ နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်ကို မည်ကဲ့သို့ စိတ်အေးလက်အေး စူးစမ်းနိုင်မည်နည်း။
အများအကျိုးအတွက်ဖြစ်စေ၊ ကိုယ်ကျိုးအတွက်ဖြစ်စေ ပင်လယ်မျိုးနွယ်စု၏ ခြိမ်းခြောက်မှုကို အရင် ကိုင်တွယ်ရပေမည်။
အရေးအကြီးဆုံးမှာ ဝူကျိမဟာမိတ်အဖွဲ့တွင် သူတို့ကို ခြိမ်းခြောက်နိုင်သည် စွမ်းရည် အမှန်တကယ် တည်ရှိနေခြင်းပင်။
အကယ်၍ ဝူကျိမဟာမိတ်အဖွဲ့ကသာ သူတို့အား သားအမိ တာဝေးပို့ဆောင်ရေးအစီအရင်ကို သုံးခွင့်မပြုပါက၊ ကျယ်ပြောလှသော ချန်လန်ပင်လယ်ဒေသကို ဖြတ်ကျော်ရန် သူတို့၏ ကိုယ်ပိုင်ပျံသန်းမှုအပေါ်သာ မှီခိုရမည် ဆိုပါက အနည်းဆုံး ဆယ်စုနစ်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။
ထိုမျှသော ကြာမြင့်သည့်အချိန်ဖြင့်ဆိုလျှင် သူတို့ အမှန်တကယ် ရောက်ရှိလာချိန်တွင်မူ အမွေအနှစ်များ ဘာမှကျန်တော့မည် မဟုတ်ပေ။
ထို့ကြောင့်၊ ဝူကျိမဟာမိတ်အဖွဲ့နှင့် အဆင်ပြေပြေ ပေါင်းသင်းခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စပင် ဖြစ်ချေသည်။