← Chapters

ကောင်းမင်ရဲ့ အိပ်မက်

Vol. 39 Ch. 571

ကောင်းမင်ရဲ့ အိပ်မက်

Vol. 39 Ch. 571

လိုက်ကာစက အနည်းငယ် ခပ်ဟဟပွင့်သွားသည်။ သားသတ်သမားနှင့် ရှီနတ်ဘုရားငယ်များ၏ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာ၏။ ပုံမှန်အားဖြင့် ရှီနတ်ဘုရားငယ်များကို မည်သူမျှ မမြင်နိုင်သော်လည်း ယခုမူ သားသတ်သမား၏ အသားစများ ကပ်ငြိကူးစက်ခံထားရသဖြင့် သူတို့၏ သန္ဓေပြောင်းခန္ဓာကိုယ်များပေါ်တွင် အမွေးအမှင်များနှင့် ဦးချိုများ စတင်ကြီးထွားလာနေပြီဖြစ်သည်။ ရှီနတ်ဘုရားငယ်များ အချင်းချင်း ချိတ်ဆက်မှုကိုလည်း သက်ရောက်ခံရသည်။ ရွာအဝင်ဝရှိ မင်္ဂလာလှည့်လည်ပွဲအဖွဲ့မှာ ရပ်တန့်သွားရသည်။ ပိုင်ဖုန်းသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပေ။သူမသည် စက္ကူမြင်းပေါ်တွင် ထိုင်လျက် မျက်နှာအမူအရာ မပြောင်းလဲဘဲ ရှိနေသည်။ သူမသည် ဝေါယာဉ်ဆီသို့ တစ်ချက်တစ်ချက် လှမ်းကြည့်သည်။

ကောင်းမင်သည် မူလက ပိုင်ဖုန်းနှင့်အတူ ထွက်ပြေးရန် ကြံစည်ထားသော်လည်း ပိုင်ဖုန်းကမူ ထွက်ပြေးလိုသည့် အရိပ်အယောင်မပြပေ။

“အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ် ၊ သူ့ကို နောက်မှ ပြန်လာကယ်လို့ရတယ်”

ထိုလူက ကောင်းမင်ကို သတိပေးလိုက်သည်။

“သူ့ကို ဆွဲမချမိစေနဲ့”

ကောင်းမင်သည် ပုပ်ပွနေသော အသားစများကို စစ်ဆေးလိုက်ပြီး လမ်းကြားလေးထဲသို့ မျက်စိကစားလိုက်သည်။ သူသည် ကြေးမှုံမှန်ကို တဖြည်းဖြည်း လှုပ်ရှားလိုက်၏။ ပုန်းအောင်းနေသူ မရှိကြောင်း သေချာသွားပြီးနောက် သူသည် လိုက်ကာကို ဆွဲဖွင့်၍ အမှောင်ထဲသို့ ဒုံးစိုင်းပြေးထွက်လိုက်တော့သည်။

“ဘယ်သူလဲ”

“ဝေါယာဉ်ထဲမှာ ပုန်းနေရဲတယ်ပေါ့ ၊ မင်းလည်း ရှီနတ်ဘုရားရဲ့ အငွေ့အသက်တွေ ကူးစက်ခံနေရပြီ ၊ မင်း ဘယ်လိုမှ ပြေးမလွတ်နိုင်ဘူးကွ”

အနီရောင်ကြိုးမျှင်များက ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော်လည်း မည်သို့မျှ မထူးခြားပေ။ ရှီနတ်ဘုရားငယ် အများစုသည် သားသတ်သမားနှင့် လုံးထွေးနေကြသဖြင့် ဝေါယာဉ်နှင့် အနီးဆုံးရှိ နတ်ဘုရားငယ်နှစ်ပါးသာ ကောင်းမင်နောက်သို့ လိုက်လာကြသည်။ အကွေ့အကောက်များစွာကို ပတ်ပြေးလာပြီးနောက် ကောင်းမင်သည် သူတို့ကို မျက်ခြေဖြတ်နိုင်ခဲ့သည်။

“မယုံနိုင်စရာပဲ ၊ စမ်းသပ်သူတစ်ယောက်က ငါ့ကို ရှီအိမ်တော်ကနေ တကယ်ကြီး ကယ်ထုတ်နိုင်ခဲ့တာလား”

သူသည် သူ့ဒီဇိုင်းတွင် မည်သည့်ဟာကွက်မှ မရှိနိုင်ဟု ထင်ထားခဲ့သည်။ သာမန်လူများသည် ရှီနတ်ဘုရားကို မမြင်နိုင်ကြပေ။ အကယ်၍ သူတို့ မြင်ရပြီဆိုပါက ထိုလူသည် ‘ပျော်ရွှင်မှု’ ကျိန်စာ၏ လွှမ်းမိုးမှုကို ခံနေရပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းမင်လီ၏ မကောင်းဆိုးဝါး ဝိညာဉ်များသည် ရှီအိမ်တော်အတွင်းသို့ မဝင်ဝံ့ကြခြင်း ဖြစ်သည်။

ကောင်းမင် ထိုလူကို ကျောပိုး၍ ပြန်ရောက်လာသောအခါ ကျန်းမင်လီမျက်လုံးထဲမှ အံ့ဩရိပ်များကို ဖုံးကွယ်ထား၍ မရတော့ပေ။ ဝမ်မင်နှင့် ဝမ်ယန်တို့ မောင်နှမမှာလည်း ကြောင်တောင်တောင် ဖြစ်နေကြလေသည်။ သူတို့ဖခင်၏ မှတ်တမ်းများအရ ကျန်းမင်လီ ပေးသော တာဝန်ကို လက်ခံသူတိုင်း သေဆုံးကြရသည်ချည်း ဖြစ်သည်။ ကျန်းမင်လီကို အနိုင်ယူရန်အတွက် စိတ်ရှည်သည်းခံမှုဖြင့်သာ ဖြည်းဖြည်းချင်း တိုက်စားရမည်ဟု ဖော်ပြထားခဲ့သည်။

“ကျုပ် သူ့ကို ခေါ်လာခဲ့ပြီ”

ကောင်းမင်က ထိုလူကို ချပေးလိုက်သည်။ သို့သော်လည်း သူသည် ကျန်းမင်လီထံသို့ ထိုလူကို လွှဲမပေးသေးပေ။ သူက သားသတ်သမား၏ဓားကို ထိုလူ၏ လည်ပင်းတွင် တေ့ထားလိုက်သည်။

“ကျုပ်ကို အိပ်မက်လွှတ်နည်းလမ်း အပြည့်အစုံကို ပေးပါ”

ကျန်းမင်လီသည် ထိုလူနှင့် ကောင်းမင်ကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် အသံမထွက်ဘဲ ရယ်မောကာ ခေါင်းခါလိုက်သည်။ သူသည် ကောင်းမင်ကို လက်ညှိုးထိုးလိုက်သည်။

“မင်းကတော့ မသေဆေးကုမ္ပဏီရဲ့ အစီအစဉ်တွေကို ဖျက်ဆီးတဲ့နေရာမှာ တကယ့်ကို ပါရမီပါတာပဲ ၊ မင်း လက်က အနက်ရောင်လက်ပတ်သာ မပါရင် မင်းကို အနက်ရှိုင်းဆုံးအဆင့်ကမ္ဘာထဲက သရဲတစ်ကောင်လို့တောင် ထင်မိတော့မယ်”

“သူ ဖြစ်နိုင်ပါတယ်”

ထိုလူက ဆိုသည်။

“ပျော်ရွှင်မှု အရှိန်အဝါတွေက သူ့အပေါ်မှာ အလုပ်မဖြစ်ဘူး ၊ ဒီက နိယာမတွေကလည်း သူ့ကို ထိန်းချုပ်မထားနိုင်ဘူး ၊ ဒါက တကယ်ကို ထူးဆန်းတယ်”

“ဖူရှု... မင်းကို နောက်တစ်ခါပြန်တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ကျန်းမင်လီသည် ထိုလူ့အနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။

“ငါ မင်းကို သူငယ်ချင်းလို သဘောထားပြီး မသေဆေးကုမ္ပဏီရဲ့ အထက်ပိုင်းရောက်အောင် ကူညီပေးခဲ့တယ် ၊ဒါက မင်း ငါ့ကို ပြန်ဆက်ဆံတဲ့ ပုံလား”

“နိုင်တဲ့သူက အကုန်ယူတာပါပဲ”

ထိုလူက မည်သို့မျှ စောဒကတက်ခြင်းမရှိဘဲ အဆုံးမဲ့သော ဝမ်းနည်းမှုများသာ ပြည့်နှက်နေသည်။

“ကယ်တင်ရှင်ရဲ့ နာမည်ကို ငါမေ့နေပေမဲ့ သူချန်ထားခဲ့တဲ့ အရာတွေကိုတော့ ငါမှတ်မိသေးတယ် ၊ အခု အဲ့ဒီအရာတွေကို သူ့ပိုင်ရှင်ဆီ ပြန်ပေးရမယ့် အချိန်ရောက်ပြီ”

ကျန်းမင်လီ၏ အစွမ်းသည် သူတစ်ဦးတည်းထံမှ လာခြင်းမဟုတ်ပေ။ ကယ်တင်ရှင်၏ လူများက ကယ်တင်ရှင်ကို လိုက်ရှာရန်အတွက် အနက်ရှိုင်းဆုံးကမ္ဘာထဲသို့ ဝင်သွားကြစဉ် ကျန်းမင်လီတစ်ဦးတည်းသာ နာမကျန်းဖြစ်နေသော သူ့ဇနီးအတွက် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ လောဘကြီးသူများကို ပြန်လည် တိုက်ခိုက်နိုင်ရန်အတွက် သူ့သူငယ်ချင်းများက ကျိန်စာသင့်ပစ္စည်းများစွာကို ကျန်းမင်လီထံတွင် ချန်ထားရစ်ခဲ့ကြသည်။

“အဲ့ဒါတွေကို ဘယ်နေရာကို လွှဲပြောင်းလိုက်လဲတော့ ငါလည်း မသိဘူး ၊ ငါလည်း မင်းလို အကျဉ်းသား တစ်ယောက်ပါပဲ”

ဖူရှုနှင့် ကျန်းမင်လီတို့သည် သူငယ်ချင်းဟောင်းများ ဖြစ်ပုံရသည်။

“အဲ့ဒီတုန်းက ကျိန်စာသင့်ပစ္စည်းတွေကို ငါမသုံးနိုင်အောင် မင်းက လူ့အသက်ပေါင်းများစွာကို အသုံးချပြီး ငါ့ကို တားဆီးခဲ့တယ် ၊ ငါဟာ သရဲတစ်ကောင်အနေနဲ့တောင် လူတွေကို မသတ်ချင်ခဲ့ဘူး ၊ ဒါပေမဲ့ မင်းတို့ကောင်တွေက သက်ရှိလူသားတွေရဲ့ အိပ်မက်ထဲမှာ ကျိန်စာတွေ စိုက်ပျိုးထားတဲ့အထိ နှလုံးသားမဲ့ကြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ၊ ငါ့ကို ပိတ်လှောင်ထားဖို့နဲ့ မင်းတို့က သူတို့အားလုံးကို စတေးခဲ့ကြတယ်...”

“တော်ပါတော့... အဲ့ဒါတွေက ငါနဲ့ ဘာမှမဆိုင်ပါဘူး”

ဖူရှုသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့၍ ပြောလိုက်သည်။

“အခုချိန်မှာ ငြင်းနေလို့လည်း ဘာထူးမှာလဲ”

ကျန်းမင်လီက ပြုံးလိုက်သည်။ ထို့နောက် သူက ကောင်းမင်ဘက်သို့ လှည့်လိုက်သည်။

“ကောင်းကောင်းလုပ်ခဲ့တာပဲ... ငါ့မှာ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး ၊ စာသင်ခန်းထဲ လိုက်ခဲ့ပါ ၊ မင်းနှလုံးသားထဲက အိပ်မက်ဆိုးကို လွှတ်ထုတ်နိုင်အောင် ငါကူညီပေးမယ်”

ဝမ်မောင်နှမ၏ ကြည့်ရှုမှုအောက်တွင် ကောင်းမင်သည် ဖူရှုကို စာသင်ခန်းထဲသို့ ဆွဲခေါ်သွားသည်။ သစ်သားတံခါး ပိတ်သွားသည်။အပြင်ဘက်မှ စာသင်ခန်းသည် ဘာမှမပြောင်းလဲသော်လည်း အတွင်းဘက်မှာမူ အရာအားလုံး ပြောင်းလဲသွားသည်။ဟောင်းနွမ်းဆွေးမြေ့နေသည့် စားပွဲများပေါ်တွင် နတ်ဘုရားပုံစံကွက်များနှင့် သွေးစွန်းကွက်များ ထွက်ပေါ်လာလေသည်။ပုံစံကွက်များသည် ကျန်းမင်လီထံသို့ စုစည်းသွားကြပြီး သူ့နှလုံးသားထဲတွင် မီးတောက်တစ်ခုအလား တောက်ပလာလေသည်။

“အိပ်မက်လွှတ်ဖို့အတွက် ဓာတ်ကူပစ္စည်း ၊ ဝိညာဉ်မီးတောက်နဲ့ ယဇ်ပလ္လင်တစ်ခု လိုတယ် ၊ အမှန်တော့ မင်းမှာ အဲ့ဒီအရာတွေ အားလုံး ရှိနေပြီးသားပဲ ၊ ငါက လမ်းပြပေးရုံသက်သက်ပဲ” ကျန်းမင်လီက ကောင်းမင်ကို ဓားချခိုင်းလိုက်သည်။

“စိတ်လျှော့ထားပါ ၊ ငါ့မှာ မင်းကို ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး ၊ မင်းရဲ့ နှလုံးသားထဲကို ကြည့်ခွင့်ပေးပါ”

အခန်းတွင်း၌ ရွတ်ဖတ်သရာယ်သံများ ပဲ့တင်ထပ်လာသည်။ နံရံများပေါ်တွင် မဖော်ပြနိုင်သော အရိပ်များ ထွက်ပေါ်လာသည်။၎င်းတို့အား ဖမ်းဆုပ်မရချေ။ ထိုအရာများသည် ကျန်းမင်လီ တွေ့ဆုံခဲ့ဖူးသော မပြောသင့်သူများ ဖြစ်ဟန်တူသည်။ သူတို့၏ အကြည့်များက ကောင်းမင်ကို အလွယ်တကူ ဖောက်ထွင်းသွားကြသည်။ ကျန်းမင်လီက မျက်မှောင်ကြုတ်လိုက်သည်။

“ငါ မင်းရဲ့စိတ်ဆန္ဒကို မမြင်ရဘူး ၊ လူသားတစ်ယောက်ရဲ့စိတ်စွမ်းအားက ဘယ်လိုတောင် ကြံ့ခိုင်နေရတာလဲ”

သူ့နှလုံးသားရှိ မီးတောက်ကို အာရုံစိုက်လိုက်ရင်း ကျန်းမင်လီက ပြောလိုက်သည်။

“မခုခံပါနဲ့ ၊ ငါ မင်းကို ကူညီဖို့ ကြိုးစားနေတာ”

ကောင်းမင်က သူ၏ ခုခံမှုကို လျှော့ချလိုက်သည်။ ကျန်းမင်လီ၏ မီးတောက်က သူ့ရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာလေသည်။

အခန်းတွင်း၌ အသားနံ့များ ပျံ့နှံ့လာသည်။သရဲများက ဟိန်းဟောက်ကုန်ကြသည်။ ကျန်းမင်လီသည် ကောင်းမင်၏ ရင်ဘတ်အတွင်းသို့ စိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ တုန်လှုပ်သွားတော့သည်။ ထိုနေရာတွင် မယုံနိုင်ဖွယ် အမှောင်ခန်းတစ်ခု ရှိနေလေသည်။အခန်းနံရံများသည် အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။ သူသည် ထိုအက်ကြောင်းများကြားမှ အတွင်းသို့ လှမ်းကြည့်လိုက်၏။

အဆုံးမဲ့သော ချိန်းကြိုးများက အသွေးအသားနတ်ဘုရားတစ်ပါးကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသည်။ နတ်ဘုရား၏ ယဇ်ပလ္လင်ဆီသို့ ဦးတည်နေသော လှေကားထစ်များမှာ ကောင်းမင်၏ ကိုယ်ပိုင်အလောင်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူသည် သူကိုယ်တိုင်၏ ယုံကြည်သူဖြစ်သလို သူကိုယ်တိုင်၏နောက်လိုက်လည်း ဖြစ်သည်။

“မင်းက ဘယ်နှကြိမ်တောင် သေခဲ့ရတာလဲ”

မီးတောက်က အမှောင်ထုကို မောင်းထုတ်ရန် ကြိုးစားလိုက်သည်။ ကျန်းမင်လီသည် သူ၏ ဝိညာဉ်မီးတောက်ကို ထိုအခန်းတွင်းသို့ လောင်းထည့်ရန် ပြင်လိုက်စဉ် ချိန်းကြိုးများကြားမှ ကျယ်လောင်လှသောအသံတစ်ခု ထွက်ပေါ်လာသည်။

“ထွက်သွားစမ်း”

စွမ်းအားပြည့်လှသော အရှိန်အဝါက လက်တွေ့လောကနှင့် အိပ်မက်လောကကြားရှိ နယ်နိမိတ်ကို ဖြတ်တောက်လိုက်ပြီး အတိတ်နှင့် အနာဂတ်ကို ဝေဝါးသွားစေသည်။

၎င်းက ကျန်းမင်လီအား ကယ်တင်ရှင်များ ပြောပြခဲ့ဖူးသော စကားကို သတိရစေသည်။ အနက်ရှိုင်းဆုံးကမ္ဘာထဲတွင် မပြောသင့်သူများထက်ပင် ပိုကြောက်စရာကောင်းသည့် ဖြစ်တည်မှုအုပ်စု တစ်ခုရှိသည်ဟုပင်။သူတို့ကို ‘နတ်ဆိုးနတ်ဘုရား’ များဟု ခေါ်ကြလေသည်။

“ဒီလူရဲ့ နှလုံးသားက ကြေမွနေပြီ ၊ သူ့ရဲ့ ဝိညာဉ်နဲ့ မှတ်ဉာဏ်တွေက ပျောက်ကွယ်သွားသင့်ပြီ ၊ ဒါပေမဲ့ ချိန်းကြိုးတွေက အဲ့ဒါတွေကို အတင်းအကျပ် ထိန်းထားပေးတာပဲ ၊ သူ့ရဲ့ မှတ်ဉာဏ်တချို့က သူ့အသားထဲမှာ မြှုပ်နှံထားပြီး သွေးထဲမှာ ပျော်ဝင်နေကြတယ် ၊ ဒီလူက ဘယ်သူလဲ ၊ ငါ ဒါမျိုးကို တစ်ခါမှ မမြင်ဖူးဘူး ၊ သူက ဘာလို့ သူ့အတိတ်ကို တခြားလူတွေ မသိစေချင်ရတာလဲ”

သို့သော် ကျန်းမင်လီသည် ထိုအသံကြောင့် ကြောက်ရွံ့မသွားပေ။ သူသည် အမြဲလိုလို သူ့ကတိအတိုင်းသာ လုပ်ဆောင်တတ်သည်။

ဝိညာဉ်မီးတောက်က အက်ကွဲကြောင်းကို ထိတွေ့လိုက်သည်။ ကျန်းမင်လီသည် မပြောသင့်သူတစ်ယောက်ထံမှ ရရှိထားသော စွမ်းအားကို အသုံးပြု၍ ထိုထူးဆန်းသော နှလုံးသားအခန်းအတွင်းမှ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို အပြင်သို့ ဆွဲထုတ်လိုက်လေသည်။

All Chapters