← Chapters

အာရုံစိုက်ထား

Vol. 39 Ch. 572

အာရုံစိုက်ထား

Vol. 39 Ch. 572

ချက်ချင်းဆိုသလိုပင် ကျန်းမင်လီ၏ ဝိညာဉ်မီးတောက်သည် အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။ သူ့မျက်နှာအမူအရာမှာလည်း ပျက်ယွင်းသွားသည်။ အဆုံးမဲ့သော စိတ်ပျက်အားငယ်မှု ပင်လယ်ကြီးက သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏။

သူသည် ဆုတ်ခွာချင်သော်လည်း ကောင်းမင်၏ နှလုံးသားအခန်းက သူ့အား ဝါးမြိုရန် ကြိုးပမ်းနေသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။

“ဒါက ထောင်ချောက်လား ၊ မသေဆေးကုမ္ပဏီရဲ့ ထောင်ချောက်လား ၊ မဟုတ်ဘူး... မသေဆေး ကုမ္ပဏီက ‘နတ်ဆိုးနတ်ဘုရား’ ရဲ့ စွမ်းအားကို မသုံးနိုင်ဘူး”

ကျန်းမင်လီသည် ပြတ်သားစွာဖြင့် သူ၏ ဝိညာဉ်မီးတောက် သုံးပုံတစ်ပုံကို ဖြတ်တောက်ပစ်လိုက်ပြီး အလူးအလဲထွက်ပြေးလွတ်မြောက်သွားသည်။

စာသင်ခန်းအတွင်းရှိ နတ်ဘုရားပုံစံကွက်များက တွန့်လိမ်သွားကြသည်။ မပြောသင့်သူများ၏ အရိပ်များမှာလည်း မှေးမှိန်ကွယ်ပျောက်သွားတော့သည်။ ကျန်းမင်လီသည် ဖြူဖျော့သော မျက်နှာဖြင့် လဲကျသွား၏။ သူသည် ကောင်းမင်၏ ဝါးမြိုခြင်းကို ခံရလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူ့အစွမ်းသည် မူလထက် ဆယ်ပုံတစ်ပုံခန့်သာ ရှိတော့သော်လည်း သူအထွတ်အထိပ်တွင် ရှိခဲ့စဉ်က သူသည် အိပ်မက်ဆိုးနှင့် ဆက်နွှယ်နေသော စွမ်းအားနှင့်စွမ်းရည်များကို မပြောသင့်သူများထံမှ ဆက်ခံရရှိထားခဲ့သူ ဖြစ်သည်။ သာမန်စမ်းသပ်သူတစ်ဦးက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူ စိတ်ငြိမ်အောင် မလုပ်နိုင်သေးခင်မှာပင် အခြေအနေများက ထပ်မံပြောင်းလဲသွားပြန်သည်။ နတ်ဘုရားပုံစံကွက်များ ခပ်နှိပ်ထားသော မီးတောက်က ကောင်းမင်၏ နှလုံးသားအခန်းကို လင်းထိန်သွားစေသည်။ နံရံများပေါ်တွင် နှိပ်စက်ညှဉ်းပန်းသည့် ကိရိယာမျိုးစုံ ချိတ်ဆွဲထားလေသည်။ ဝိညာဉ်များစွာသည်လည်း ထိုအခန်းထဲတွင် ပိတ်လှောင်ခံထားရသည်။ ဝိညာဉ်များ၏ အော်ဟစ်သံများ ထွက်ပေါ်နေပြီး မျက်နှာမဲ့ နောက်လိုက်များကလည်း ဆုတောင်းနေကြသည်။

“ဒါက... နှိပ်စက်ခန်းတစ်ခန်းလား”

အခန်းအလယ်တွင် ချည်နှောင်ခံထားရသော နတ်ဆိုးနတ်ဘုရားက ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြသည်။ နတ်ဘုရား၏ လက်ရှစ်ဖက်သည် ကောင်းမင်၏ ရင်ဘတ်ကို ဆွဲဖြဲရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ သို့သော် အသားစအများအပြားသည် ကျန်းမင်လီ၏ ဝိညာဉ်မီးတောက်ကြောင့် လမ်းညွှန်မှုရရှိသွားပြီး နံရံအက်ကြောင်းများကြားမှ တိုးထွက်လာကြတော့သည်။

ကောင်းမင် ဘာမှလုပ်စရာမလိုဘဲ နတ်ဆိုးနတ်ဘုရား၏ အသားစများသည် ကျန်းမင်လီ ပေးထားသော အလွတ်ဖြစ်နေသည့် ယဇ်ပလ္လင်ဆီသို့ တွားသွားလိုက်ကြသည်။ ၎င်းတို့သည် လျင်မြန်စွာ ကြီးထွားလာပြီး မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ပါသော ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ရုပ်တုဖြစ်ပေါ်လာသည်နှင့် စူးရှသောအသားနံ့များက စာသင်ခန်းအတွင်း ပြည့်နှက်သွား၏။ အကယ်၍ မပြောသင့်သူများ၏ အရိပ်များသာ မရှိပါက ထိုအနံ့သည် အိပ်မက်ချိုးဖျက်မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားမည် ဖြစ်သည်။

“အောင်မြင်သွားပြီလား”

နတ်ဆိုးနတ်ဘုရားက မျက်လုံးများကို ဖွင့်လိုက်သည်။ ကောင်းမင်၊ ယဇ်ပလ္လင်နှင့် သူ၏နှလုံးသားထဲမှ ထူးဆန်းသော အခန်းတို့သည် ဆက်နွှယ်မှုအသစ်တစ်ခု ဖြစ်ပေါ်လာတော့သည်။ သူသည် ယဇ်ပလ္လင်အတွင်းရှိ ယုံကြည်မှု ဖြစ်သည်။ သူသည် ယဇ်ပလ္လင်ကို အသုံးပြု၍ သူ့အိပ်မက်ဆိုးထဲမှ မြင်ကွင်းအချို့ကို လက်တွေ့ဘဝတွင် အကောင်အထည်ဖော်ဆောင်နိုင်ပြီ ဖြစ်သည်။ ယဇ်ပလ္လင်ကို ကိုင်ထားရင်း ကောင်းမင်၏ကိုယ်ပေါ်ရှိ သွေးနီရောင်မြို့တော် တက်တူးသည် ယဇ်ပလ္လင်၏ အောက်ခြေအထိ တွားသွားလိုက်သည်။ စိတ်ဝင်စားဖွယ်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက ကောင်းမင်၏ အိပ်မက်ဆိုးကို ကိုယ်စားပြုရုံသာမက သွေးနီရောင်မြို့တော်နှင့် လက်တွေ့ကမ္ဘာကို ဆက်သွယ်ပေးမည့် ကြားခံတစ်ခုလည်း ဖြစ်လာခဲ့သည်။

ယဇ်ပလ္လင်၏ အပြောင်းအလဲများကို ခံစားမိလိုက်သည်နှင့် ကောင်းမင်၏ စိတ်ထဲတွင် အမည်နာမတစ်ခု ပေါ်လာလေ၏။ ၎င်းမှာ ‘သားစားကြူးနတ်ဘုရား’ ဖြစ်သည်။

ထိုအမည်သည် သော့တစ်ခုကဲ့သို့ ဖြစ်သည်။ ကောင်းမင် ၎င်းကို မှတ်မိလိုက်သည်နှင့် သူ့အသားထဲတွင် မြှုပ်နှံထားသော မှတ်ဉာဏ်များမှာ စတင်လျော့ရဲလာတော့သည်။ အရိပ်များသည် သူ၏ ဦးနှောက်ထဲသို့ ပဟေဠိအပိုင်းအစများအလား စီးဝင်လာကြသည်။သူသည် နောက်ထပ် ကန်ချက်တစ်ခုသာ လိုတော့ပြီး သူ၏အတိတ်တစ်ခုလုံးကို ပြန်လည် စုစည်းနိုင်တော့မည် ဖြစ်သည်။ ကောင်းမင်က ယဇ်ပလ္လင်ကို ပြန်သိမ်းလိုက်၏။ လက်ရှစ်ဖက်ပါသော နတ်ဘုရားအရိပ်က ပျောက်ကွယ်သွားသည်။ စာသင်ခန်းအတွင်းရှိ တွန့်လိမ်နေသော နတ်ဘုရားပုံစံကွက်များမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“အိပ်မက်လွှတ်တဲ့ နည်းလမ်းက ကျုပ်ထားထင်သလောက်လည်း အံ့ဩစရာမကောင်းပါဘူး”

ကောင်းမင်က မှတ်ချက်ပေးလိုက်သည်။

“မင်း ရူးနေတာလား”

ကျန်းမင်လီသည် နောက်ဆုံးတွင် စိတ်မရှည်နိုင်တော့ချေ။

“မင်း နှလုံးသားထဲက အိပ်မက်ဆိုးက ချိတ်ပိတ်ခံထားရတာ ၊ ငါတို့ လွှတ်ထုတ်နိုင်ခဲ့တာက ဆယ်ပုံတစ်ပုံတောင် မရှိဘူး ၊ဒါကို မင်းက မကျေနပ်နိုင်သေးဘူးလား”

“မင်း အိပ်မက်လွှတ်နည်းလမ်းကို ရသွားပြီလား”

ဖူရှုက နံရံကို မှီထားရင်း ကောင်းမင်ကို အကဲခတ်လိုက်သည်။

“ငါတို့ရဲ့ ဆန်းစစ်ချက်အရ စမ်းသပ်သူ တစ်ရာမှာ တစ်ယောက်လောက်ပဲ ဒီနည်းလမ်းနဲ့ သင့်တော်တာ ၊ သူတို့က အိပ်မက်ဆိုးပေါင်း ရာနဲ့ချီပြီး ကြုံတွေ့ခဲ့ရဖူးသူတွေ ဖြစ်ရမယ် ၊ တစ်ခုထက်တစ်ခု ပိုကြောက်ဖို့ကောင်းတဲ့ အိပ်မက်ဆိုးတွေပေါ့ ၊ပြီးတော့ အိပ်မက်လွှတ်ဖို့အတွက် အဆင့်သုံးဆင့် ရှိပြီး အဆင့်တိုင်းက အရမ်းအန္တရာယ်များတယ် ၊ စိတ်ရူးပေါက်သွားနိုင်ခြေလည်း အများကြီးရှိတာ ၊ မင်းဆီမှာ ဝိညာဉ်မီးတောက် တောက်လောင်တာကိုတောင် ငါမမြင်ရဘဲနဲ့ ဘယ်လိုလုပ် အောင်မြင်သွားတာလဲ”

“သူက ငါ့ဝိညာဉ်မီးတောက်ကို စားပစ်လိုက်တာကွ”

ကျန်းမင်လီက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ဖူရှုမှာ ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။

“ဒါက ကျုပ် မျှော်လင့်ထားသလောက် စွမ်းအားမကြီးပေမဲ့ ကျုပ်အတွက်တော့ အများကြီး အထောက်အကူဖြစ်ပါတယ်ဗျာ”

ကောင်းမင်က ကျန်းမင်လီကို ဦးညွှတ်လိုက်ပြီး

“ကျေးဇူးတင်ပါတယ် ဆရာကျန်း”

“အဲ့ဒါက ငါတို့ကြားက မျှတတဲ့ အပေးအယူတစ်ခုပဲ ၊ ဒါပေမဲ့ ငါ့ဝိညာဉ်မီးတောက်အတွက်တော့ အပိုထပ်ပေးရလိမ့်မယ်”

ကောင်းမင်၏ နှလုံးသားထဲတွင် ဝှက်ထားသော အရာများကို မြင်တွေ့ခဲ့ရပြီးနောက် ကျန်းမင်လီ၏ သဘောထားက ပြောင်းလဲသွားသည်။ သူသည် ကောင်းမင်အား သာမန်စမ်းသပ်သူတစ်ဦးအဖြစ် မသတ်မှတ်တော့ဘဲ တန်းတူအဆင့်အတန်းတစ်ခုတွင် ထားလိုက်သည်။

“ကျုပ်ကို ပြန်အန်ထုတ်ပေးစေချင်လို့လား”

ကောင်းမင်က ယဇ်ပလ္လင်ကို ပုတ်လိုက်သည်။ ယခုအခါ သူသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လုံလောက်သော စွမ်းအားကို ရရှိထားပြီ ဖြစ်သည်။

ကောင်းမင်၏ ခန့်မှန်းချက်အရ အနက်ရှိုင်းဆုံးကမ္ဘာသည် အစစ်အမှန်ပင် ဖြစ်သည်။ အိပ်မက်လွှတ်နည်းလမ်းသည် ကမ္ဘာနှစ်ခုကြားတွင် ဆက်သွယ်မှုများ ပြုလုပ်ခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်၏ ဝိညာဉ်၊ မှတ်ဉာဏ်နှင့် အသိစိတ်ကို တံတားအဖြစ် အသုံးပြုကာ အနက်ရှိုင်းဆုံးကမ္ဘာမှ အရာများကို အိပ်မက်ဆိုးများအတွင်းသို့ ဆွဲသွင်းခြင်းဖြစ်သည်။ သို့သော်လည်း လိုအပ်ချက်သည် အလွန်ပင် တင်းကျပ်လှသည်။ စိတ်ပျက်အားငယ်မှု ကြီးမားလေလေ ဆွဲသွင်းနိုင်သော စွမ်းအားမှာ ပိုမိုခိုင်မာလေလေ ဖြစ်သည်။ နောက်ဆုံးတွင် လူသားတစ်ဦး၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီး စစ်မှန်သော စိတ်ပျက်အားငယ်မှုကို လွှတ်ထုတ်နိုင်မည် ဖြစ်သည်။ ဤပြုပြင်မွမ်းမံသည့် နည်းလမ်းသည် ကောင်းမင်နှင့် အံဝင်ခွင်ကျဖြစ်သည်ဟု ဆိုရပေမည်။ သူသည် ပြီးပြည့်စုံသော သားစားကြူးနတ်ဘုရားကို ရရှိရန်အတွက် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရသည်။ ထို့ကြောင့်ပင် သူသည် လွတ်နေသော ယဇ်ပလ္လင်အတွင်း၌ သားစားကြူးနတ်ဘုရားကို အလွယ်တကူ အာရုံစိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“မင်း သိပ်ပြီး ဘဝင်မမြင့်နဲ့ဦး”

ကျန်းမင်လီသည် စိတ်တည်ငြိမ်စေရန် ခပ်လေးလေးသက်ပြင်းချလိုက်သည်။

“အိပ်မက်လွှတ်ခြင်းဆိုတာ ‘အိပ်မက်’ လို့ခေါ်တဲ့ မပြောသင့်သူတစ်ယောက်ဆီကနေ လာတာပဲ ၊ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လက်တွေ့ကမ္ဘာထဲကို ကျူးကျော်ဖို့ ကြိုးစားခဲ့ဖူးတယ် ၊ ရှင်းလုမြို့က လူအားလုံးနီးပါးကို အရူးဖြစ်အောင် လုပ်နိုင်ခဲ့တယ် ၊ ငါလည်း သူဖန်တီးထားတဲ့ အိပ်မက်ဆိုးထဲမှာ နေထိုင်ခဲ့ဖူးတယ် ၊ အဲ့ဒါက သူတစ်ခါမှ မရရှိခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတယ် ၊ အိပ်မက်လွှတ်ခြင်းဆိုတာ သူ့ရဲ့ အရန်အစီအစဉ်ပဲ ၊ မင်း အဲ့ဒီနည်းလမ်းကို သုံးတိုင်း သူ့ကို ဆင့်ခေါ်သလို ဖြစ်နေလိမ့်မယ် ၊ မင်းမှာ အိပ်မက်ကို နိုးထလာအောင် လုပ်မိဖို့ အခွင့်အရေးနည်းနည်း ရှိနေတယ်”

“အိပ်မက် လား”

ကောင်းမင်သည် ထိုအမည်ကို မှတ်သားထားလိုက်သည်။

“အိပ်မက်က ပျောက်ကွယ်သွားတာ ကြာလှပြီ ၊ သူ့စကားတွေကို နားမယောင်နဲ့”

ဖူရှုက နူးညံ့စွာ ကြားဖြတ်ပြောလိုက်သည်။

“သူ သေသွားသင့်တာ မှန်ပေမဲ့ မသေဆေးကုမ္ပဏီက အရူးတွေက အိပ်မက်ရဲ့ စွမ်းအားကို ရချင်နေကြတယ် ၊ သူတို့က အိပ်မက်ရဲ့နာမည်ကို စရွတ်နေကြပြီ ၊ သူတို့ အောင်မြင်လား မအောင်မြင်လားဆိုတာ ဘယ်သူသိမှာလဲ”

ကျန်းမင်လီ၏ လေသံမှာ တည်ကြည်လေးနက်လာသည်။

“မပြောသင့်သူတွေဆိုတာ လူတွေက သူတို့ကို လုံးဝမေ့သွားမှသာ ပျောက်ကွယ်သွားတာ ၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လူတွေရဲ့ စိတ်ထဲမှာ အိပ်မက်ရဲ့ ပုံရိပ်က ပိုပြီး ခိုင်မာလာတယ် ၊ ဒါပေမဲ့ ကမ္ဘာ့ကယ်တင်ရှင်အပေါ် ထားရှိတဲ့ ပုံရိပ်ကတော့ မှေးမှိန်လာနေပြီ ၊ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး”

ကျန်းမင်လီ၏ စကားများက ကောင်းမင်၏ အာရုံကို ဖမ်းစားလိုက်သည်။ လူတိုင်းသည် ကယ်တင်ရှင်အကြောင်းကို ပြောနေကြသော်လည်း မည်သူကမျှ သူ့အမည်ကို မသိကြပေ။ နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် မည်သူကမျှ သူ့ကို မှတ်မိကြတော့မည် မဟုတ်ပေ။

စွမ်းအားများ ရရှိလိုက်သဖြင့် ပျော်ရွှင်နေသောစိတ်လေး ပျောက်ကွယ်သွားသည်။ ကောင်းမင်သည် ကျန်းမင်လီကို အိပ်မက်ချိုးဖျက်မြို့တော်မှ မည်သို့ ကယ်ထုတ်ရမည်ကို စတင် စဉ်းစားလိုက်သည်။

စာသင်ခန်းအတွင်းရှိ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ကျန်းမင်လီသည် အားအင်ကုန်ခမ်းနေပုံ ပေါ်သည်။ သူသည် ကောင်းမင်နှင့် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ဖူရှုထံသို့ လျှောက်သွားလိုက်သည်။

“လောဘက ပြန်ရောက်လာပြီ ၊ မင်းရဲ့ ကတိကို ဖြည့်ဆည်းရမယ့် အချိန်ရောက်ပြီ”

All Chapters