စန်းကန်းအချိန်
Vol. 39 Ch. 573
ကတိစကားဟူသည် ဝိညာဉ်၏ ပဋိညာဉ်ဖြစ်သလို ချစ်ခြင်းမေတ္တာ၏ သက်သေအထောက်အထားလည်း ဖြစ်သည်။ ကျန်းမင်လီအတွက်မူ သူသည် ဤကတိစကားကို ပြန်လည်ရယူရန် လိုအပ်သည်။ ၎င်းက သူ၏အကျင့်စရိုက်ကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။
ဖူရှုက အလွယ်တကူ အရှုံးပေးလိုက်သည်။ သူသည် မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ မျက်နှာတွင် တောင်းပန်သည့် အရိပ်အယောင်တစ်ခု ရှိနေ၏။ ကျန်းမင်လီက ဖူရှု၏ နှလုံးသားပေါ်သို့ လက်တင်လိုက်သည်။ သူ့လက်က ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်နှင့် ဖူရှု၏ ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ယင်သွားသည်။ သူ့မျက်နှာသည် လျင်မြန်စွာတွန့်လိပ်သွားပြီး ဆံပင်များလည်း ဖြူဖွေးသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားသည်။ နှိုင်းယှဉ်ရလျှင် ကျန်းမင်လီ၏ မျက်လုံးများမှာ ပိုမိုတောက်ပလာလေသည်။ သူ့ဝိညာဉ်မီးတောက်မှာလည်း ပြင်းထန်စွာ တောက်လောင်လာသည်။ သူ၏ စိတ်ဆန္ဒမှာ ကြယ်တာရာများအလား လင်းလက်နေ၏။ အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်တွင် ကျန်းမင်လီက သူ့လက်ကို ပြန်ရုပ်လိုက်သည်။ ဘာမှတော့ မပြောပေ။
ဖူရှုသည် အိုမင်းသောမျက်နှာ ပြန်ဖြစ်သွားခဲ့သည်။ သူသည် နာမကျန်းဖြစ်နေပြီး အားအင်ချည့်နဲ့နေပုံ ပေါ်နေ၏။ သူသည် သုတေသနပညာရှင်တစ်ဦးနှင့် မတူတော့ဘဲ စိတ်ဝေဒနာရှင်တစ်ဦးနှင့် ပို၍ တူနေတော့သည်။
“ကတိတစ်ခုကို ဖြည့်ဆည်းဖို့ အသက်တစ်ချောင်းကို အသုံးပြုရတာပဲ”
နောက်ဆုံးတွင် ကျန်းမင်လီက မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပနေလေသည်။
“ပြုပြင်မွမ်းမံမှု နည်းလမ်း (၁၃) မျိုးက မပြောသင့်သူဖြစ်လာမယ့် နည်းလမ်း (၁၃) မျိုးနဲ့ ဆက်စပ်နေတယ် ၊ အိပ်မက်က ငါ့ခန္ဓာကိုယ်ကတစ်ဆင့် ပြန်လည်မွေးဖွားလာမှာကို ငါအမြဲတမ်း စိုးရိမ်ခဲ့လို့ အဲ့ဒီစွမ်းအားတွေကို ငါခုခံနေခဲ့တာ ၊ ဒါပေမဲ့ အခုတော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ပုံပဲ”
“ခင်ဗျား တွန့်ဆုတ်နေမယ်ဆိုရင် ကျုပ်ခင်ဗျားနေရာမှာ အစားထိုးပေးနိုင်ပါတယ် ၊ အိပ်မက်က ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်သွားမယ်ဆိုရင်လည်း ကျုပ်စိတ်ထဲမထားပါဘူး”
ကောင်းမင်သည် အိပ်မက်လွှတ်နည်းလမ်းကို သင်ယူခဲ့ပြီးဖြစ်သည်။သူ့တွင် သားစားကြူးနတ်ဘုရားကို မပြောသင့်သူတစ်ယောက် ဖြစ်လာစေရန် ကူညီပေးနိုင်သည့် အခွင့်အရေးလည်း ရှိနေသည်။
“လူငယ်တွေကတော့ အမြဲတမ်း သတ္တိရှိကြတာပဲ”
ကျန်းမင်လီက ကောင်းမင်ကို ဆုံးမလိုက်ပြီး စာသင်ခန်းတံခါးကို ဖွင့်လိုက်သည်။ ထိုအခါ တံခါးအပြင်ဘက်တွင် ချောင်းနားထောင်နေသော ဝမ်မင်နှင့် ဝမ်ယန်တို့ လန့်ဖျပ်သွားကြသည်။
“ဆရာ... ပြီးသွားပြီလား”
ဝမ်မင်က ကျန်းမင်လီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမသည် ကောင်းမင်က အိပ်မက်လွှတ်နည်းလမ်းကို တကယ်ရရှိသွားခြင်း ရှိမရှိ အတည်ပြုလိုသည့်အလား ကောင်းမင်ကို တစ်ချက်တစ်ချက် ခိုးကြည့်နေလေသည်။
“အေး... ပြီးပြီ ၊ မင်းတို့ အိပ်မက်လွှတ်နည်းလမ်းကို သင်ချင်သေးတယ်ဆိုရင် သူ့ကိုပဲ မေးလိုက်တော့ ၊ ငါ လုပ်စရာ ရှိသေးတယ်”
ကျန်းမင်လီက ကောင်းမင်ကို လက်ညှိုးညွှန်ပြလိုက်သည်။ ထို့နောက် သူသည် အပြင်သို့ ထွက်လာပြီး ခြံဝင်းကို ဖြတ်ကာ နောက်ဖေးတံခါးဆီသို့ လျှောက်သွားလိုက်သည်။ ကျန်းမင်လီ ကျောင်းပြင်သို့ ထွက်သွားသည်အခိုက်အတန့်တွင် ခြံဝင်းထဲရှိ ဥယျာဉ်ခြံသုံးပစ္စည်းများမှာ သွေးစွန်းလက်နက်များအဖြစ် ပြောင်းလဲသွားပြီး သစ်ပင်ပန်းမန်များမှာလည်း ကြောက်မက်ဖွယ်ကောင်းသော သရဲများအဖြစ်သို့ ကူးပြောင်းသွားကြသည်။ နံရံရှိ အုတ်ခဲများမှာလည်း ကျိန်စာများအဖြစ် အရည်ပျော်ကျလာကာ ကျန်းမင်လီ၏ ကိုယ်ပေါ်သို့ မိုးပေါက်များအလား ကျဆင်းလာတော့သည်။ ကျန်းမင်လီက ကျောင်းနှင့် ဝေးရာသို့ ခြေတစ်လှမ်း လျှောက်သွားသည်နှင့် ကျောင်းပတ်ဝန်းကျင်ရှိ ထူးဆန်းသော ပြောင်းလဲမှုများမှာ ပိုမိုဆိုးရွားလာသည်။ သူ လမ်းကြားအဆုံးသို့ ရောက်သောအခါ အိပ်မက်ချိုးဖျက်မြို့၏ အခြားတစ်ဖက်မှ ညကင်းစောင့်၏ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
“စန်းကန်း (ညဦးယံ) ရောက်ပါပြီ... လုံလုံခြုံခြုံ နေကြပါ”
အိပ်မက်ချိုးဖျက်မြို့သည် ဆက်လက် ပြောင်းလဲနေခဲ့သည်။ တစ္ဆေမီးတောက်များမှာ နေရာအနှံ့ လွင့်မျောနေပြီး အမှောင်ထဲတွင် အမည်မသိသတ္တဝါများ ပုန်းအောင်းနေကြသည်။ ဟိန်းဟောက်သံများနှင့် မြည်ကြွေးသံများသည်လည်း ပိုမိုကျယ်လောင်လာ၏။ အိမ်များအတွင်း ကွယ်ဝှက်နေကြသော ရုပ်တုများသည်လည်း မျက်လုံးများ ပွင့်လာကြသည်။
“စာသင်ကျောင်းက ကျန်းမင်လီ ပြင်ဆင်ထားတဲ့ ထောင်ချောက်တစ်ခုလား ၊ ဒီက အုတ်ခဲတိုင်းက သူ့ရဲ့ ကျိန်စာတွေပေါ့”
ဝမ်ယန်သည် ကြောင်တောင်တောင်ဖြင့် ရပ်နေမိသည်။ ကျန်းမင်လီ၏ ကျိန်စာများသည် အနက်ရှိုင်းဆုံးကမ္ဘာထဲမှ လာခြင်းဖြစ်သည်။ မည်သည့် ကုထုံးမှ မရှိပေ။
“အဖေ့မှတ်တမ်းထဲမှာ ဒါတွေ တစ်ခုမှ မပါဘူး”
ဝမ်မင်က ကောင်းမင်ကို မနာလိုစွာ ကြည့်လိုက်သည်။
“အိပ်မက်လွှတ်နည်းလမ်းကို ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်”
“ငါ မင်းတို့ကို သင်ပေးနိုင်တယ် ၊ ဒါပေမဲ့ ယဇ်ပလ္လင်တွေကိုတော့ ကိုယ့်ဘာသာ ပြင်ဆင်ထားကြပေါ့”
ကောင်းမင်က ဖူရှုကို ပြန်ကျောပိုးလိုက်ပြီး သူ၏ခါးတွင် သိုင်းချည်လိုက်သည်။
“မင်းအဖေရဲ့ မှတ်တမ်းထဲမှာ ငါ့ကျောပေါ်က လူအကြောင်း ပြောထားသေးလား ၊ သူ့နာမည်က ဖူရှုတဲ့”
“ပါပါတယ် ၊ အဖေက သူ့ကိုတွေ့ရင် ကူညီပေးဖို့ ငါတို့ကို ပြောလိုက်တယ် ၊ သူက မသေဆေး ကုမ္ပဏီကို ဆက်ခံဖို့ အသင့်တော်ဆုံးလူလို့ ပြောတယ်”
ခြေလက်များ ဖြတ်တောက်ခံထားရသော ဖူရှုကို ကြည့်ကာ ဝမ်မင်၏နှလုံးသားထဲတွင် စာနာစိတ်များ ပေါ်လာ၏။
“သူတို့နှစ်ယောက်က အရင်က အတူတူအလုပ်လုပ်ခဲ့ကြတာ ၊ ဒါပေမဲ့ မတူညီတဲ့ ပရောဂျက်တွေကို ကိုင်တွယ်ခဲ့ကြတာပေါ့”
“အော်...”
ကောင်းမင် ခေတ္တရပ်သွားသည်။
“မင်းတို့ အဖေက ဘယ်ပရောဂျက်မျိုးကို ကိုင်တွယ်ခဲ့တာလဲ”
“ငါ မှတ်မိတာကတော့... တစ်ညမှာ အဖေက ဖုန်းတစ်လုံးကို ပြန်ဖြေခဲ့ပြီးတော့ အိမ်ကို ဘယ်တော့မှ ပြန်မလာတော့တာပဲ”
ဝမ်ယန်သည် သူ၏ မွေးစားဖခင်ကို ဂရုမစိုက်ဟု ပြောလေ့ရှိသော်လည်း ဝမ်ကျားအပေါ် ထားရှိသော သူ၏မှတ်ဉာဏ်များမှာမူ အလွန်နက်ရှိုင်းသည်။
“ငါတို့ အဖေ့ကို ပြန်ရှာချင်လို့ ငါတို့ရဲ့ လျှို့ဝှက်အဆင့်ကို တတ်နိုင်သလောက် မြှင့်ဖို့ ကြိုးစားနေခဲ့တာ”
ဝမ်မင်က သူမ၏ မောင်ဖြစ်သူကို ပါးစပ်ပိတ်ရန် အချက်ပြလိုက်သည်။ သူမသည် ကောင်းမင်ကို လေးနက်စွာ ကြည့်လိုက်သည်။
“အဖေ့မှတ်တမ်းထဲမှာ မသေဆေးကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ် ၊ ဒီကုမ္ပဏီက မိစ္ဆာကြီးပဲ ၊ တကယ်လို့ နင် သူတို့အတွက် အလုပ်လုပ်မယ်ဆိုရင် နောက်ဆုံးကျ သူတို့က မင်းကို ဝါးမြိုပြီး အရိုးတွေပဲ ပြန်ထွေးထုတ်လိမ့်မယ်”
“မင်းတို့က မသေဆေးကို အမြင်မကြည်တဲ့ပုံပဲ”
ကောင်းမင်က ခေါင်းညိတ်လိုက်သည်။ သူသည် ပိုင်ဖုန်းကို ကယ်တင်ရန် ပြင်ဆင်လိုက်၏။ ရှီအိမ်တော်တွင် ရှိစဉ်က ပိုင်ဖုန်းသည် သူ့အား လွတ်မြောက်အောင် ကူညီပေးခဲ့သည်။ ယခုအခါ သူသည် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိလာပြီဖြစ်ရာ သူပထမဆုံး လုပ်ချင်သော အရာမှာ ပိုင်ဖုန်းကို ကယ်တင်ရန် ဖြစ်သည်။
“ငါတို့ မလုပ်ရဲပါဘူး”
ဝမ်မင်က ခေါင်းခါပြလိုက်သည်။
“နင်က ယဇ်ပလ္လင်အလွတ်ကို သုံးလိုက်ပြီဆိုတော့ ငါတို့ တခြားနည်းလမ်းတွေ ရှာရတော့မှာပေါ့ ၊ ငါတို့ မသွားခင် နင့်ကို အကြံတစ်ခု ပေးလိုက်မယ် ၊ မင်း ဒီပြုပြင်မွမ်းမံမှု နည်းလမ်းတွေကို ပိုကျွမ်းကျင်လာလေလေ နင့်ရဲ့ အခြေအနေက ပိုအန္တရာယ်များလေလေပဲ”
“ဘာလို့လဲ”
“မသေဆေး ကုမ္ပဏီဆီကနေ ခိုးယူဖို့ဆိုတာ မလွယ်ဘူး ၊ သူတို့ဆီမှာ လျှို့ဝှက်အဆင့် (၅) ထိ ရောက်ဖူးတဲ့ စမ်းသပ်သူအားလုံးရဲ့ စာရင်းရှိတယ် ၊ သူတို့က ကုမ္ပဏီအတွက် အဖိုးတန်ဆုံး ဆေးဝါးတွေပဲ ၊ မသေနိုင်စွမ်းကို ရယူဖို့ အသုံးချခံရမယ့်သူတွေပေါ့”
ဝမ်ယန်၏ မျက်လုံးများတွင် ဝမ်းနည်းရိပ်များ ဖြတ်ပြေးသွားသည်။
ကောင်းမင်သည် ဝမ်မင်၏ စကားများကို တွေးတောရင်း ဖူရှုကို သယ်ဆောင်၍ ကျောင်းပြင်သို့ ထွက်လာခဲ့သည်။သူ့တွင် လုပ်စရာများစွာ ရှိနေသေးသည်။
“ဟေ့... သေချင်ယောင်ဆောင်မနေနဲ့တော့ ၊ ခင်ဗျားက ဒီနေရာကို ဒီဇိုင်းဆွဲခဲ့တာဆိုတော့ ရှီနတ်ဘုရားရဲ့ အားနည်းချက်ကို သိမှာပေါ့”
ကောင်းမင်က ပြောလိုက်သည်။ ဖူရှုက အားနည်းစွာဖြင့် ချောင်းဆိုးလိုက်သည်။
“ရှီနတ်ဘုရားဆိုတာ အိပ်မက်ဆိုးအားလုံးထဲက ပျော်ရွှင်မှုတွေနဲ့ ဝမ်းမြောက်မှုတွေကို စုစည်းထားတာပဲ ၊ သူ့ကို ဖျက်ဆီးဖို့ နည်းလမ်း နှစ်ခုရှိတယ် ၊ ပထမနည်းလမ်းကတော့ အဆုံးမဲ့တဲ့ စိတ်ပျက်အားငယ်မှုတွေနဲ့ သူ့ကို ဝါးမြိုပစ်ဖို့ပဲ ၊ ဒုတိယနည်းလမ်းကတော့ ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်မှုတွေကို သူတို့ရဲ့ ကန့်သတ်ချက်ထက် ကျော်အောင်လုပ်ပြီး ဖျက်ဆီးခြင်းနဲ့ ရူးသွပ်ခြင်း ဖြစ်သွားအောင် လုပ်ဖို့ပဲ”
“ပျော်ရွှင်မှုရဲ့ အမြင့်ဆုံးကန့်သတ်ချက်က ဖျက်ဆီးခြင်းလား”
ကောင်းမင်သည် ဖူရှုထုတ်ပြောလိုက်သော အချက်ကို တွေးတောလိုက်သည်။ သူ ရှီနတ်ဘုရားကို ပစ်မှတ်ထားရခြင်းမှာ သူ့နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့် အလွန်လေးလံနေသောကြောင့် ဖြစ်သည်။ သူသည် ရှီနတ်ဘုရား၏ ပျော်ရွှင်မှုကို အသုံးချ၍ သူ၏ နာကျင်မှုများကို လျှော့ချချင်နေခြင်းဖြစ်သည်။
“အာရုံစိုက်ထား... လူတစ်ယောက် လာနေတယ်”
ဖူရှုက လမ်းမဖက်သို့ လှမ်းကြည့်လိုက်သည်။
“အခုက စန်းကန်းအချိန်ပဲ ၊ ငြိမ်ငြိမ်လေးနေဖို့ အကြံပေးချင်တယ်”
ကျောက်သားလမ်းပေါ်တွင် အနက်ရောင်လက်ပတ် ပတ်ထားသော လူထွားကြီးတစ်ယောက်သည် လမ်းတစ်လျှောက် တွားသွားနေလေသည်။ သူသည် အမှောင်ထဲတွင် ခက်ခဲစွာ တွားသွားနေခြင်း ဖြစ်သည်။ သူ၏ ခြေလက်များသည် တုတ်ချောင်းများအလား သေးသွယ်နေသော်လည်း သူ၏ ဝမ်းဗိုက်မှာ ပုံမှန်မဟုတ်ဘဲ အလွန်ပင် ကြီးမားနေသည်။ သူ့မျက်နှာတွင် အေးစက်သော ချွေးများဖြင့် ပြည့်နှက်နေသည်။သူ၏ မျက်နှာအမူအရာသည် ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့နေလေသည်။
“အတွင်းကလီစာတွေကို သိမ်းဖို့လိုတဲ့ ထူးဆန်းတဲ့ပစ္စည်းကို ရဖို့ ငါတော်တော် ကြိုးစားခဲ့ရတာ ၊ ငါ ဒီမှာ သေသွားလို့ မဖြစ်ဘူး”
သူသည် ဆက်လက် တွားသွားနေဆဲ ဖြစ်သည်။ မြေပြင်နှင့် ပွတ်တိုက်မိမှုကြောင့် သူ၏ဝမ်းဗိုက်က ပွင့်ထွက်သွားသည်။ အဝါရောင် ရုပ်တုအပိုင်းအစများနှင့် မြက်ခြောက်များ ထွက်ကျလာသည်။
“မလုပ်နဲ့... မင်းတို့ ငါ့ကို မထားခဲ့နဲ့”
သေးငယ်လှသော လက်များကို ဝေ့ရမ်းလိုက်သည်။ ထိုစမ်းသပ်သူသည် ကျိုးပဲ့နေသော အပိုင်းအစများနှင့် မြက်ခြောက်များကို ဗိုက်ထဲသို့ အတင်းပြန်ထိုးထည့်သော်လည်း ၎င်းက ဒဏ်ရာကို ပိုကျယ်သွားစေသည်။
စမ်းသပ်သူ၏ နောက်ကျောတွင် အရိပ်သည် ရေလှိုင်းကဲ့သို့ တအိအိ လှုပ်ခတ်လာသည်။ ဝါကျင်ကျင် လူအရေခွံတစ်ခုက တိတ်တဆိတ် ပေါ်လာလေသည်။ ၎င်းအလယ်တွင် ပါးစပ်ကြီးတစ်ခု ပွင့်ဟလာ၏။
စမ်းသပ်သူသည် တစ်ခုခုကို အာရုံခံမိသွားသည်။ သူက သူ့လည်ပင်းကို တောင့်တင်းစွာ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ရှိနေသော လူအရေခွံကို မြင်တွေ့လိုက်ရသည်။
“အနားမလာနဲ့... မင်းရဲ့ ကိုယ်တွင်းအင်္ဂါ (၅) ခုကို ခိုးခဲ့တာ ငါမဟုတ်ဘူး ၊ အဲ့ဒါ ငါ မဟုတ်ဘူး”