တံတားပေါ်ဝယ်
Vol. 39 Ch. 576
အတွင်းကလီစာများ ထုတ်ယူခံထားရသည့် အရေခွံသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ ၎င်းမှာ ဖြူဖျော့နေသော်လည်း ပုပ်သိုးခြင်း မရှိသေးပေ။ မင်္ဂလာပွဲအတွက် ရှီနတ်ဘုရားငယ်များသည် ကလေးငယ်များကို တစ်ဦးထက်မက ရေနဂါးမင်းထံ ယဇ်ပူဇော်ခဲ့ကြပုံရသည်။
“မင်း တကယ်ကယ်ချင်တယ်ဆိုရင်တော့ ကျန်တဲ့ကလေးတွေကို ကယ်ဖို့ အချိန်မီနိုင်ပါသေးတယ် ၊ ဒါပေမဲ့ ငါကတော့ အဲ့ဒီလိုမလုပ်ဖို့ တကယ်အကြံပေးချင်တယ်”
ဖူရှုက ပတ်ဝန်းကျင်ရှိ အမှောင်ထုကို ဝေ့ကြည့်လိုက်သည်။
“တကယ်လို့ ရေနဂါးမင်းနဲ့ ထိပ်တိုက်တွေ့ပြီဆိုရင်တော့ အကုန်ပြီးသွားပြီပဲ ၊ မြို့ပြင်က ဒီမြစ်ကြီးထဲမှာ ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းများစွာ ရှိတယ် ၊ ညတိုင်း ဝိညာဉ်တွေရဲ့ ငိုကြွေးသံကို မင်းကြားနိုင်တယ်”
ကောင်းမင်သည် ဝိညာဉ်များ၏ အသံကို မကြားရဘဲ ရေစီးသံကိုသာ ကြားနေရသည်။ မြစ်သည် အိပ်မက်ဆိုး၏ တစ်ဖက်အစမှ စီးဆင်းလာပြီး နောက်ထပ်တစ်ဖက်သို့ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ကောင်းမင်သည် မြေကျင်းလေးတစ်ခုတူး၍ ထိုကလေးငယ်ကို မြှုပ်နှံပေးလိုက်သည်။ ကောင်းမင်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အနီရောင်စက္ကူစများနောက်သို့ လိုက်ပါလာရင်း နောက်ဆုံးတွင် ဟောင်းနွမ်းနေသော သစ်သားတံတားကြီးတစ်ခုထံသို့ ရောက်ရှိလာသည်။ တံတားသည် အတော်အတန်ကြီးသည်။ ၎င်းတွင် သစ်သားလက်ရန်းများနှင့် ကျယ်ဝန်းသော လူသွားစင်္ကြံတစ်ခု ပါဝင်သည်။ တံတားအောက်တွင် မှောင်မည်းနေသော ရေများ စီးဆင်းနေ၏။ စင်္ကြံလမ်း၏ အလယ်တွင် အလယ်အလတ်စား ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ထားသည်။ ရှီနတ်ဘုရားငယ်များသည် ရှီနတ်ဘုရားကို ကိုးကွယ်ကြသော်လည်း ဤနေရာရှိ ယဇ်ပလ္လင်တွင်မူ မြွေရေခွံဟောင်းတစ်ခု ရှိနေလေသည်။ အမွှေးတိုင်အိုးသည် ပြာများဖြင့် ဖုံးလွှမ်းနေ၏။ ယဇ်ပလ္လင်ပေါ်တွင် ပုပ်သိုးနေသော ဝက်ခေါင်းတစ်ခုနှင့် ဆုတ်ဖြဲခံထားရသော အနီရောင်အဝတ်အစားများလည်း ရှိနေသည်။ ရှီနတ်ဘုရားငယ်များသည် တံတားကို ဖြတ်ကျော်ရန်အတွက် လူသားများကို ထပ်မံယဇ်ပူဇော်ခဲ့ကြပုံရသည်။
“မင်း ဒီတံတားကို သုံးဖို့လိုတာ သေချာရဲ့လား”
ဖူရှုသည် တည်ငြိမ်နေသော ရေပြင်ကို ကြည့်နေသော်လည်း သူ၏မျက်လုံးများထဲတွင်မူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
“ခင်ဗျားက ရေကူးပြီး ဖြတ်ချင်လို့လား”
ကောင်းမင်က သစ်သားလှေကားထစ်များပေါ်သို့ တက်လိုက်သည်။ စင်္ကြံလမ်းသည် စိုထိုင်းပြီး အေးစက်နေလေသည်။ သစ်သားတိုင်တိုင်းတွင် ကုတ်ခြစ်ရာများ ရှိနေသည်။ ယင်းသည် တံတားတစ်စင်းထက် မကောင်းဆိုးဝါးသားရဲတွင်း၏ အဝင်ဝနှင့် ပိုတူနေလေသည်။ သူတို့၏ အရေပြားပေါ်သို့ ရေစက်များ ကျလာသည်။ ကောင်းမင်သည် တံတားအလယ်တွင် ရပ်လိုက်၏။ ယဇ်ပလ္လင်မှာ သူ့ရှေ့တည့်တည့်တွင် ရှိနေခြင်းဖြစ်သည်။ နတ်ဘုရားပုံစံကွက်များသည် အနက်ရောင် မျက်လုံးများအဖြစ် စုစည်းသွားပြီး ကောင်းမင်ကို စိုက်ကြည့်နေကြသည်။
“တကယ်လို့ မင်းမှာ ယဇ်ပူဇော်စရာ ဘာမှမပါဘူးဆိုရင်တော့ တတ်နိုင်သမျှ မြန်မြန်ပြေးဖို့သာ ပြင်ထားတော့”
ဖူရှုက နတ်ဘုရား ကြားသွားမည်ကို စိုးရိမ်သည့်အလား တိုးတိုးလေးပြောလိုက်သည်။
“ရေနဂါးမင်းက အမြဲတမ်း ဗိုက်ဆာနေတာ မဟုတ်ဘူး ၊ သူ အဝစားထားပြီးသားလည်း ဖြစ်နိုင်တယ်”
တံတားမှာ တကျွီကျွီ အသံမြည်နေပြီး ရေစီးနှင့်အတူ လှုပ်ခတ်နေပုံရသည်။ ကောင်းမင်သည် ယဇ်ပလ္လင်ကို ဖြတ်လျှောက်သွားသည်။သူသည် ဦးညွှတ်ခြင်း သို့မဟုတ် အမွှေးတိုင်ထွန်းခြင်းတို့ကို မပြုလုပ်ပေ။ ကလေးငယ်များကို ထိခိုက်စေသော အရာသည် သူ၏ကိုးကွယ်မှုနှင့် မထိုက်တန်ပေ။
ထိုအချိန်တွင် တည်ငြိမ်နေသော ရေပြင်မှာ ရုတ်တရက် ဗြုန်းခနဲ လှုပ်ခတ်သွားသည်။ လှိုင်းလုံးများက တံတားတိုင်များကို ရိုက်ခတ်လာတော့သည်။ ရေယက်သံများ ထွက်ပေါ်လာ၏။ ကောင်းမင်သည် အရှိန်မြှင့်လိုက်ပြီး တံတားပေါ်မှ ထွက်ခွာရန် ကြိုးစားလိုက်သည်။ သို့သော် စင်္ကြံလမ်းသည် ရုတ်တရက်ဆိုသလို အရင်ကထက် ပိုရှည်လျားသွားသည်ကို သူသတိထားမိလိုက်သည်။
“ဒါက ဘာလဲ”
ရေငွေ့များ တလိပ်လိပ်ထလာသည်။ မြစ်ပေါ်တွင် မြူပါးပါးတစ်ခု ဖုံးလွှမ်းသွားသည်။ သူသည် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း တစ်စုံတစ်ခု ချဉ်းကပ်လာနေသည်ကို အာရုံခံမိသည်။ မသိနိုင်သော ခြိမ်းခြောက်မှုက ကြောက်စရာအကောင်းဆုံးပင်။ ကြောက်ရွံ့မှုများသည် ပင့်ကူအိမ်တစ်ခုအလား ကောင်းမင်နှင့် ဖူရှုတို့အပေါ် ကပ်ငြိလာတော့သည်။
“ရေနဂါးမင်း လာနေပြီ ၊ မင်းဆီမှာ အဖိုးတန်တာ တစ်ခုခုပါလား ၊ မတွန့်ဆုတ်နဲ့တော့ ၊ မြန်မြန် ယဇ်ပူဇော်လိုက်တော့”
ဖူရှုက ထိတ်လန့်တကြားဖြင့် ကောင်းမင်ကို တိုက်တွန်းလိုက်သည်။
“ခင်ဗျားက ဘာလို့ ထွက်ပြေးဖို့ကိုပဲ ပထမဦးစားပေး ရွေးချယ်နေတာလဲ”
ဖူရှုသည် ပုံမှန်မဟုတ်ဘဲ ထူးဆန်းစွာ ပြုမူနေသည်ကို ကောင်းမင် သတိထားမိသည်။ ရေနဂါးမင်းနှင့် ရင်ဆိုင်ရချိန်တိုင်း သူသည် ခုခံရန်ကိုပင် ထည့်မစဉ်းစားပေ။
ဖူရှုက မျက်မှောင်ကြုတ်သည်။
“ရှီနတ်ဘုရားက အိပ်မက်ဆိုးတွေထဲက ပျော်ရွှင်မှုအားလုံးကို ကိုယ်စားပြုတယ် ၊ ရေနဂါးမင်းကတော့ ကြောက်ရွံ့မှုကို ကိုယ်စားပြုတာပဲ ၊ ကျန်းမင်လီရဲ့ ဒေါသက ကြောက်စရာကောင်းပေမဲ့ သူတစ်ယောက်ပဲ ရေနဂါးမင်းကို တိုက်ခိုက်နိုင်တာ ၊ အဲ့ဒါက နဂါးမင်း ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ မင်းကို ပြောပြနေတာပဲ”
“အိပ်မက်ဆိုးထဲက အရာအားလုံးက သင်္ကေတတွေပဲ ၊ ကျုပ်က ကြောက်ရွံ့မှုတွေကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ် ၊ ခင်ဗျားရဲ့ မျက်လုံးနဲ့ နားတွေကိုသာ ပိတ်ထားလိုက်စမ်းပါ”
ကောင်းမင်သည် ဖူရှုတွင် ခြေလက်များ မရှိသည်ကို သတိရသွားသည်။ သူသည် သူ၏ အဝတ်စများကို ဆုတ်ဖြဲ၍ ဖူရှု၏ပါးစပ်နှင့် နားများကို ပိတ်လိုက်သည်။ ဖူရှု၏လွှမ်းမိုးမှု မရှိတော့သောအခါ ကောင်းမင်သည် ပိုနေလို့ ကောင်းသွားသည်။ အန္တရာယ် လာနေသည်ကို သိခြင်းနှင့် ၎င်းကို ကြောက်ရွံ့နေခြင်းမှာ မတူညီသော အရာနှစ်ခုဖြစ်သည်။ သူသည် တံတားကို အလွယ်တကူ ဖြတ်၍ မရနိုင်မှန်း သိသဖြင့် ယဇ်ပလ္လင်ဘေးတွင် ရပ်လိုက်သည်။ သူသည် ပုပ်သိုးနေသော ဝက်ခေါင်းကို ကန်ထုတ်လိုက်ပြီး ယဇ်ပလ္လင်တံခါးကို ဖွင့်လိုက်သည်။ သူသည် သားသတ်သမား၏ ဓားကို ထုတ်ကာ မြွေအရေခွံကို ထိုးဖောက်လိုက်၏။ ထို့နောက် သူ့သွေးများကို ယဇ်ပလ္လင်ပေါ်တွင် သုတ်လိမ်းလိုက်လေသည်။
“ဒီအိပ်မက်ဆိုးထဲမှာ လွတ်နေတဲ့ ယဇ်ပလ္လင်တွေ အများကြီးပဲ ၊ မသေဆေးကုမ္ပဏီက တကယ့်ကို အရင်းအနှီး အများကြီး သုံးထားတာပဲ”
ကောင်းမင်မှာ လောဘကြီးသူဖြစ်ပြီး သားစားကြူးနတ်ဘုရားမှာလည်း ဥပဒေများကို ဂရုမစိုက်သူ ဖြစ်သည်။ သူတို့သည် အလွန်လိုက်ဖက်လှသည်။ သွေးက ရေနဂါးမင်း၏ ယဇ်ပလ္လင်ကို ထိတွေ့လိုက်သည်နှင့် အသားနံ့များ ပျံ့နှံ့သွားတော့သည်။ သားစားကြူးနတ်ဘုရားသည် ယဇ်ပလ္လင်ကို ချက်ချင်းသိမ်းပိုက်ရန် ကြိုးစားလိုက်သည်။ နတ်ဘုရားပုံစံကွက်များက နီစွေးသွားသည်။ အနက်ရောင် မျက်လုံးများသည် ခြေမွခံလိုက်ရပြီး စတင်သန္ဓေပြောင်းလာတော့သည်။ ကောင်းမင်က မြွေရေခွံကို ကိုင်ထားချိန်တွင် ယဇ်ပလ္လင်အပြင်ဘက်မှ နတ်ဘုရားပုံစံကွက်များသည် သွေးကျိန်စာအဖြစ် ပြောင်းလဲသွားသည်။
“မင်းက ငါ့ကို ထွက်သွားခွင့် မပေးဘူးဆိုရင်တော့ အဆုံးထိ တိုက်ကြတာပေါ့ ၊ ဘယ်သူက ပိုကြောက်ရမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
လှိုင်းလုံးများအောက်တွင် ပုန်းကွယ်နေသော မကောင်းဆိုးဝါးက တဖြည်းဖြည်း ချဉ်းကပ်လာသည်။ မြူများကြောင့် ကောင်းမင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။
“မသိမှုက လူတွေရဲ့ နှလုံးသားထဲမှာ ကြောက်ရွံ့မှုတွေကို ဖြစ်ပေါ်စေနိုင်တယ် ၊ ဒါပေမဲ့ ကြောက်ရွံ့မှုထက်စာရင် ငါ့သွေးသားထဲက စွမ်းအားတွေ ပိုတိုးလာတာကို ခံစားနေရတယ်”
ကောင်းမင်သည် ဓားကို တင်းတင်းဆုပ်လိုက်သည်။သားစားကြူးနတ်ဘုရားက သန္ဓေပြောင်းသွားသော ယဇ်ပလ္လင်ကို သိမ်းပိုက်လိုက်သည်နှင့် ရေနဂါးမင်းအပေါ် လူမျာား၏ ကြောက်ရွံ့မှုများမှာလည်း လျော့နည်းသွားသည်။ မကြာမီ စားစားကြူးနတ်ဘုရားသည် ဒုတိယမြောက် ယဇ်ပလ္လင်ကို ရရှိတော့မည် ဖြစ်သည်။
မြူများက ပိုမိုထူထပ်လာသည်။ ကောင်းမင်သည် ရုတ်တရက် သူ့ကျောဘက်တွင် အေးစိမ့်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ အရေပြားပေါ်တွင် ကြက်သီးမွေးညင်းများ ထသွားသည်။ သူသည် ရှေ့သို့ လှိမ့်ချလိုက်ပြီး အောက်ဘက်သို့ ဓားဖြင့် ခုတ်ချလိုက်သည်။
အကြေးခွံများ နေရာအနှံ့ လွင့်စင်သွားသည်။ ကြီးမားလှသော မြွေခေါင်းကြီးတစ်ခုသည် စင်္ကြံလမ်း၏ အမိုးပေါ်တွင် တွဲလောင်းကျနေလေ၏။ မြွေကြီးသည် သူ့ကို အဆိပ်များ ပြည့်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ အနက်ရောင်မြွေကြီးမှာ တရှူးရှူး အသံပေးလိုက်၏။ ထို့နောက် မြူများ လွင့်မျောလာပြီး ၎င်းက ပျောက်ကွယ်သွားပြန်သည်။
“ရေနဂါးမင်းက မြွေကြီးတစ်ကောင်လား”
မြွေကြီးသည် အလွန်ကြီးမားလွန်းသဖြင့် ကောင်းမင် သေချာ မပြောနိုင်ပေ။ ၎င်း၏ အကြေးခွံတစ်ခုချင်းစီတွင် ခြောက်ခြားဖွယ် လူသားမျက်နှာတစ်ခုစီ ပုန်းကွယ်နေကြသည်။
“ကျန်းမင်လီကိုသာ ငါနဲ့ အတူလိုက်ခဲ့ဖို့ ခေါ်ခဲ့သင့်တယ် ၊ သူ့ရဲ့ ဒေါသက ဒီမြွေကြီးရဲ့ ဖိနှိပ်မှုကို ခံနေရတုန်းပဲ”
ကောင်းမင်သည် ဓားကို သတိဖြင့် ကိုင်ထားလိုက်သည်။ သူ မထိတ်လန့်သွားပေ။ သူ့ခေါင်းနှင့် တိုက်မိသွားသော ဖူရှုသာလျှင် တတွက်တွက်ရေရွက်နေလေသည်။
“သာမန်မြို့သူ မြို့သားတွေဆိုရင်တော့ ဒီတံတားပေါ်မှာ ပိတ်မိနေမှာပဲ ၊ ဒါပေမဲ့ ဒါက ငါ့အတွက်တော့ ခြိမ်းခြောက်မှု မဟုတ်ဘူး ၊ ဒီမြွေကြီးက ပုန်းအောင်းနေသရွေ့ သားစားကြူးနတ်ဘုရားက သူ့ရဲ့ ယဇ်ပလ္လင်ကို မကြာခင် စားပစ်လိမ့်မယ် ၊ သူက ငါ့ထက် ပိုပြီး စိုးရိမ်နေသင့်တာ”
တံတားအောက်မှ ရေများသည် ဆူပွက်နေသည့်အလား ပလုံစီထနေသော အသံများ ထွက်ပေါ်နေသည်။ မြွေ၏ အမြီးက ကောင်းမင်ကို လွှဲရိုက်လိုက်သည်။ သူက ယဇ်ပလ္လင်နောက်သို့ ဝင်ပုန်းလိုက်သည်။
“လာစမ်းပါ... မင်းရဲ့ ယဇ်ပလ္လင်ကို ကိုယ်တိုင် ဖျက်ဆီးချင်နေတာလား”
ကောင်းမင်သည် သားစားကြူးနတ်ဘုရားနှင့် အသားသစ်သီးတို့ထံမှ ခွန်အားများ ရရှိထားသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုသည် အိပ်မက်ဆိုးအတွင်း၌ မယုံနိုင်လောက်အောင် ကြံ့ခိုင်နေလေ၏။ သားသတ်သမား၏ ဓား အကူအညီဖြင့် ကောင်းမင်သည် မြွေ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပြီး ၎င်းကို အနည်းငယ် ပြန်လည်ထိခိုက်အောင်ပင် လုပ်ဆောင်နိုင်ခဲ့သည်။
“ငါ သူ့ရဲ့ အားနည်းချက်ကို ရှာပြီး သေစေနိုင်မယ့်တိုက်ခိုက်မှုတစ်ခု လုပ်ဖို့လိုတယ်”
မြူများမှာ တအိအိလှုပ်ခတ်နေသည်။ ရေများက ကောင်းမင်အပေါ်သို့ လွင့်စင်လာသည်။ ခေတ္တအကြာတွင် ကောင်းမင်သည် တံတားကြီးက ပိုမိုပြင်းထန်စွာ လှုပ်ခတ်လာသည်ကို သတိပြုမိလိုက်သည်။ ရေမျက်နှာပြင်မှာလည်း မြင့်တက်လာပုံရသည်။