← Chapters

ကောင်းမင်နှလုံးသားထဲက အကြောက်တရား

Vol. 39 Ch. 577

ကောင်းမင်နှလုံးသားထဲက အကြောက်တရား

Vol. 39 Ch. 577

“ရေတွေက ဘာလို့ ဒီလောက်မြန်မြန် တက်လာတာလဲ ၊ တံတားပါ ကျိုးတော့မှာလား”

ကောင်းမင်သည် ပြုတ်မကျစေရန် ယဇ်ပလ္လင်ကို လှမ်းဆွဲထားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြစ်ရေက စင်္ကြံလမ်းပေါ်အထိ လျှံတက်လာသည်။ ရေလှိုင်းရိုက်ခတ်သံများက သူ့နားထဲတွင် ဆူညံနေပြီး မြူများကြောင့်လည်း မြင်နိုင်စွမ်းမှာလည်း လျော့ကျသွားသည်။ ထိုစဉ် ကြီးမားလှသော ဧရာမမြွေနက်ကြီးတစ်ကောင်သည် မြစ်ထဲမှ တံတားပေါ်သို့ တွားတက်လာသည်ကို ကောင်းမင် မြင်လိုက်ရသည်။ အကြေးခွံများက သစ်သားကြမ်းပြင်နှင့် ပွတ်တိုက်နေ၏။ မြွေကြီး၏ ဧရာမခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထည်ဝါလှသည်။

“မင်းက တီကောင်တစ်ကောင်ပဲ ၊ ဘာလို့ ရေနဂါးမင်းလို့ အမည်ခံနေသေးတာလဲ ၊ ရုပ်ကလည်း အရမ်းဆိုးတာပဲ၊ ဒါတောင်မှ အလှလေးတွေကို ယဇ်ပူဇော်ခိုင်းရတယ်လို့... ရွံစရာကောင်းလိုက်တာ”

ကောင်းမင်က တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ မည်သူမျှ မကြားနိုင်ဟု သူထင်ထားသော်လည်း မြွေကြီး၏မျက်လုံးများက အနက်ရောင်အဖြစ် လုံးဝပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သတ်ဖြတ်လိုစိတ်များက တရှိန်းရှိန်းထွက်ပေါ်လာ၏။ ၎င်းက ပါးစပ်ကြီးကို ဟလိုက်သည်။ ကောင်းမင်၏ ခေါင်းကို အဆိပ်စွယ်များဖြင့် ကိုက်ချလိုက်တော့သည်။

“အိပ်မက်လွှတ်ခြင်း”

ကောင်းမင်ကို ဗဟိုပြု၍ သူ၏ နှလုံးသားထဲမှ အိပ်မက်ဆိုးက ပေါက်ကွဲထွက်သွားသည်။ တံတားပေါ်တွင် သွေးပန်းတစ်ပွင့် ပွင့်လန်းလာလေသည်။ အိပ်မက်ချိုးဖျက်မြို့ထက် ပိုထူးဆန်းသော စွမ်းအားတစ်ခု သက်ဆင်းလာတော့သည်။ သူ့နှလုံးသားထဲမှ ဒဏ်ရာက ပို၍ ကျယ်ပြန့်သွားသည်။ ကောင်းမင်၏ မျက်လုံးများထဲတွင် ဖော်ပြမရနိုင်သော နာကျင်မှုများဖြင့် ပြည့်နှက်သွား၏။ အဆုံးမဲ့သော စိတ်ပျက်အားငယ်မှုများက သူ၏အရေပြားမှတစ်ဆင့် စိမ့်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လိမ်ရှုပ်သွားစေသည်။ ကောင်းမင်သည် အိပ်မက်ချိုးဖျက်မြို့တွင် ရှိနေဆဲ ဖြစ်သော်လည်း သူ၏ပတ်ပတ်လည် နှစ်မီတာအတွင်းရှိ နေရာလွတ်မှာမူ သူ့ကိုယ်ပိုင်အိပ်မက်ဆိုး၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။ သာမန်စမ်းသပ်သူတစ်ဦး၏ အိပ်မက်လွှတ်ခြင်းမှာ အနက်ရှိုင်းဆုံး အိပ်မက်ဆိုးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။သို့သော်လည်း ကောင်းမင်အတွက်မူ ပထမဆုံးအကြိမ် အိပ်မက်လွှတ်ခြင်း ဖြစ်လင့်ကစား မသေဆေးကုမ္ပဏီက အသေအချာဖန်တီးထားသော ဤအိပ်မက်ဆိုးကြီးတွင် အက်ကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။

“ငါက ဘာလို့ ထပ်ခါထပ်ခါ သေနေရတာလဲ ၊ သွေးနီရောင်မြို့တော်က ဒီလို အသေခံရလောက်အောင် တန်ဖိုးရှိလို့လား”

နာကျင်မှုများက ကောင်းမင်၏ ဦးနှောက်ကို ဆွဲဖြဲတော့မည့်အလား ခံစားနေရသည်။ သူ့ခန္ဓာကိုယ်သည် အိပ်မက်ဆိုး နှစ်ခုကြားတွင် ရောက်ရှိနေသည်။ဂီယာနှစ်ခုကြားတွင် အချိန်မရွေး ကြိတ်ခြေခံရနိုင်သည့် အခြေအနေမျိုးတွင် ရောက်ရှိနေသည်။ထိုပြင်းထန်လှသော နှိပ်စက်ညှင်းပန်းမှုကို ဖြတ်ကျော်ရင်း ကောင်းမင်သည် သူ့အိပ်မက်ဆိုးထံမှ စွမ်းအားကို ရရှိသွားသည်။ သူ့လက်အင်္ကျီအတွင်းမှ လွတ်နေသော ယဇ်ပလ္လင်က ပွင့်ဟလာတော့သည်။ ကောင်းမင်၏ အော်ဟစ်သံများနှင့်အတူ လက်ရှစ်ဖက် ဆန့်ထွက်လာပြီး မြွေခေါင်းကို လှမ်းဖမ်းလိုက်ကြသည်။

“ငါ့ကို သတ်ခဲ့တဲ့သူရဲ့ မျက်နှာကို ငါ မြင်လိုက်ပြီ ၊ ဒါပေမဲ့ ငါ ဘာလို့ သူ့ကို မမှတ်မိတာလဲ ၊ ငါ့ကို ထပ်ခါထပ်ခါ သတ်နေတာ ဘယ်သူလဲ”

ကောင်းမင်သည် ရူးသွပ်မှုထဲသို့ ကျဆင်းသွားတော့သည်။ သူ အသိစိတ်ကို မထိန်းနိုင်တော့ပေ။ အတိတ်သို့ ပြန်သွားရခြင်းသည် သွေးစွန်းမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကိုသာ သယ်ဆောင်လာခဲ့သည်။

သူသည် လည်ပင်းညှစ်သတ်ခံရသည်၊ ဓားဖြင့်အထိုးခံရသည်၊ မိစ္ဆာကောင်များ၏ ဝါးမြိုခြင်းကို ခံရသည်၊ သရဲတစ္ဆေများ၏ စုပ်ယူခြင်းကို ခံရသည်၊ သစ္စာဖောက်ခံရသည်၊ စွန့်ပစ်ခံရသည်၊ ရောင်းစားခံရသည်၊ ယုံကြည်နိုင်စရာမရှိလောက်အောင် နှိပ်စက်ခံခဲ့ရသည်။

သူ့မျက်လုံးများသည် သွေးများဖြင့် ဖုံးလွှမ်းသွား၏။ ကောင်းမင် နာကျင်မှု ပိုခံစားရလေလေ သူ၏နောက်ကျောမှ နတ်ဘုရားအရိပ်မှာ ပိုထင်ရှားလာလေလေ ဖြစ်သည်။ လက်ကြီးများက ရေနဂါးမင်းအား ဆိုးယုတ်စွာ ထိုးနှက်လိုက်ကြသည်။ သူသည် နာကျင်မှုအားလုံးကို လျှော့ချပစ်ချင်သည်။ သူသည် ဖျက်ဆီးခြင်းကို လိုအပ်နေသည်။ မြွေခေါင်းသည် ကောင်းမင်နှင့် တစ်မီတာအကွာသို့ ရောက်လာသည်နှင့် တစ်ခုခုမှားနေကြောင်း ချက်ချင်းအာရုံခံမိသွားသည်။ ၎င်းက နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း သားစားကြူးနတ်ဘုရား၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။

ကောင်းမင်သည် မြွေ၏အားနည်းချက်အား ရှာဖွေရန် စီစဉ်ထားသည်များကို လျစ်လျူရှုလိုက်သည်။ သူသည် သားသတ်သမား၏ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်၍ မြွေ၏ပါးစပ်ကြီးအတွင်းသို့ ပြေးဝင်သွားတော့သည်။ သူသည် ရှိသမျှအားအင်ကုန်သုံး၍ ခုတ်ချလိုက်၏။

“သေစမ်း”

အကြေးခွံများနှင့် သွေးမည်းများ နေရာအနှံ့ လွင့်စင်သွားသည်။ မြွေခေါင်းသည် အတွင်းပိုင်းရှိ အရိုးဖြူများ ပေါ်လာသည်အထိ အခုတ်ခံလိုက်ရသည်။

ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြွေအမြီး၏ ရိုက်ခတ်မှုကြောင့် တံတားတိုင်တစ်ခု ပြိုကျသွားသည်။ တံတားကြီးက တစ်ဖက်သို့ စောင်းသွားသည်။ ကောင်းမင် ဟန်ချက်မထိန်းနိုင်လိုက်ပေ။ မြွေနက်ကြီးမှာ ထိုအခွင့်အရေးကို သုံး၍ ထွက်ပြေးလိုက်သည်။ မြွေခေါင်းသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ ကောင်းမင်ကြောင့် မျက်စိကွယ်လုနီးပါး ဖြစ်သွားရသည်။

“မင်း... မင်းက ငါ့ကို သတ်ခဲ့တဲ့ကောင်ပဲ”

ကောင်းမင်၏ မျက်လုံးများသည် ရဲရဲနီနေသည်။ သူသည် စိတ်လွတ်သွားပုံရပြီး မြွေနက်ကြီးကို ဓားဖြင့် ချိန်ရွယ်လိုက်၏။ မြွေ၏ အရေပြားပေါ်မှ အဆိပ်သွေးများ စီးကျနေသည်။ မြွေကြီးသည် ကောင်းမင်အနားသို့ ပေါ့ပေါ့ဆဆ မချဉ်းကပ်ဝံ့တော့ပေ။ ၎င်းမျက်လုံးထဲရှိ အဆိပ်များက ကောင်းမင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အကြေးခွံများပေါ်ရှိ လူသားမျက်နှာများမှာလည်း ကောင်းမင်၏ ပုံရိပ်ကို ယူလိုက်ကြသည်။ အိပ်မက်ဆိုးများစွာမှ ရယူထားသော ကြောက်ရွံ့မှုများသည် ကောင်းမင်ကို ပစ်မှတ်ထားလာတော့သည်။ ရေနဂါးမင်းက မြစ်ရေပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ၎င်းက ကောင်းမင်နှလုံးသားထဲမှ အကြောက်ရွံ့ဆုံးအရာကို ဖော်ထုတ်ချင်နေခြင်း ဖြစ်သည်။ ၎င်းက ကောင်းမင်ကို စိတ်ဓာတ်ကျအောင်လုပ်ပြီးမှ ဝါးမြိုပစ်လိမ့်မည်ဖြစ်သည်။ လူတိုင်းတွင် သူတို့ကြောက်ရွံ့တတ်သော အရာတစ်ခုစီ ရှိကြသည်။ မည်သူမျှ ချွင်းချက်မရှိပေ။ အကြေးခွံများသည် မှန်ချပ်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းမင်၏ အိပ်မက်ဆိုးထဲမှ ကောင်းမင်များအဖြစ် ပုံပေါ်လာတော့သည်။

ရေနဂါးမင်းသည် ကောင်းမင်နှင့် တိုက်ခိုက်နေစဉ် သူ့ကို ကုတ်ခြစ်မိခဲ့သဖြင့် သူ့သွေးများကို ရရှိထားသည်။ အကြေးခွံများပေါ်ရှိ လူသားမျက်နှာများသည် ကောင်းမင်နှင့် ခိုင်မာသော ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ၎င်းတို့က ကောင်းမင်၏ ဝိညာဉ်ကို လှုပ်ခတ်စေပြီး ကောင်းမင်၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုများကို တဖြည်းဖြည်း တူးဖော်လိုက်ကြသည်။

ကောင်းမင်၏ အမြင်တွင်မူ သူ့နှလုံးသားမှာ တဒိတ်ဒိတ် ခုန်ပေါက်နေလေသည်။ သူ့သွေးများသည်လည်း လောင်ကျွမ်းနေသည်။ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့က သူ့နှလုံးသားကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြသည်။

သူသည် နောက်ဆုတ်ရန် ဆန္ဒမရှိပေ။ သူသည် သူ့နှလုံးသားထဲမှ အကြောက်တရားကို အသေအချာ စိုက်ကြည့်လိုက်သည်။

ဧရာမမြွေကြီးသည် မြူများအတွင်း ကျယ်ပြန့်လာသည်။ ၎င်းသည် မြစ်ရေပြင်ထက်၊ ကောင်းကင်ယံရှိ ဂလက်ဆီထက်ပင် ပို၍ ရှည်လျားလာလေသည်။ ၎င်းက ကမ္ဘာလောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ၎င်းက နိယာမအားလုံးကို ကိုယ်စားပြုသည်။ ၎င်းက ‘ကံကြမ္မာ’ ကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။

သွေးနှင့် အသားများ ပေါက်ကွဲထွက်သွားသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် တစ်စက္ကန့်မျှသာ တည်ရှိပြီး ပျောက်ကွယ်သွားတော့သည်။ ကောင်းမင် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဒဏ်ရာအပြင်းအထန် ရထားသော ဧရာမမြွေကြီးကို တွေ့လိုက်ရသည်။

ရေနဂါးမင်းသည် ကောင်းမင်နှလုံးသားထဲမှ အကြောက်တရားကို ဖော်ထုတ်ရန် ကြိုးစားခဲ့သော်လည်း ကောင်းမင် အကြောက်ဆုံးအရာမှာ မကောင်းဆိုးဝါးတစ်ကောင် သို့မဟုတ် မှတ်ဉာဏ်တစ်ခု မဟုတ်ဘဲ ထိုအစား နားလည်ရခက်ပြီး မခန့်မှန်းနိုင်သော ‘ကံကြမ္မာ’ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းက ကောင်းမင်၏ နှလုံးသားထဲမှ အကြောက်တရားကို ကူးယူရန် ကြိုးစားလိုက်သောအခါ ၎င်း၏ ကာကွယ်ရေးမှာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားခဲ့ရသည်။ ၎င်းသည် စစ်မှန်သော တားမြစ်ချက်ကို ထိတွေ့မိသွားခြင်း ဖြစ်သည်။

မည်သို့သော လူစားမျိုးက ‘ကံကြမ္မာ’ ကို အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုအဖြစ် ပိုင်ဆိုင်ထားရသနည်း။

မြူများ ပါးလျသွားသည်။ မြွေကြီး၏ သွေးစွန်းနေသော ခန္ဓာကိုယ်မှာ မြစ်ထဲသို့ ထိုးကျသွားပြီး တံတားသည်လည်း သွေးရောင်ဖြင့် နီစွေးတော့သည်။ နတ်ဘုရားအရိပ်က ယဇ်ပလ္လင်အတွင်းသို့ ပြန်ဝင်သွားသည်။ ယဇ်ပလ္လင်တံခါး ပိတ်သွားသောအခါ ကောင်းမင် လွှတ်ထုတ်လိုက်သော အိပ်မက်ဆိုးသည်လည်း သူ့နှလုံးသားထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။

ကောင်းမင်သည် သူ့ဦးခေါင်းကို ဆုပ်ကိုင်ထားရင်း ယဇ်ပလ္လင်ဘေးတွင် လဲကျသွားသည်။ အိပ်မက်လွှတ်နည်းလမ်းကို အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးသည် လက်တွေ့ကမ္ဘာနှင့် အိပ်မက်ဆိုးကြား ရှုပ်ထွေးသွားခြင်း ဖြစ်သည်။ ထို့ပြင် ကောင်းမင်သည် အိပ်မက်ဆိုးအတွင်း၌ လက်တွေ့ကမ္ဘာတစ်ခု ပုန်းကွယ်နေသည်ဟု ယုံကြည်ထားသူလည်း ဖြစ်သည်။

“လူသတ်သမား ၊ ငါ လူသတ်သမားကို ရှာရမယ် ၊ ငါ သူ့မျက်နှာကို မှတ်မိတယ် ၊ ငါ ဘယ်နှကြိမ်ပဲ သေရပါစေ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့လိုတယ်”

ကောင်းမင်၏ အော်ဟစ်သံများသည် မြစ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ဖူရှုမှာမူ အသံတစ်ချက်ပင် မထွက်ဝံ့ဘဲ အသက်ကို အောင့်ထားလိုက်သည်။ ဤစမ်းသပ်သူသည် အလွန် ကြောက်စရာကောင်းလှသည်။

ကောင်းမင် အိပ်မက်လွှတ်လိုက်စဉ်က ဖူရှုသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။သူသည် သေတော့မလို ခံစားခဲ့ရသည်။ ခေတ္တခဏတာအတွင်း သူသည် ရှီအိမ်တော် မြေအောက်ခန်းရှိ အရိုးအိုးထဲတွင် နေရသည်ကို လွမ်းမိသွားသည်။

သို့သော်လည်း သူ့တွင် ခြေလက်များမှာ မရှိတော့ပေ။ အိပ်မက်ချိုးဖျက်မြို့တွင် သူ့အား ကူညီပေးမည့်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။

All Chapters