← Chapters

ပျော်ရွှင်မှု နှင့် ကြေကွဲဝမ်းနည်းစရာ

Vol. 39 Ch. 578

ပျော်ရွှင်မှု နှင့် ကြေကွဲဝမ်းနည်းစရာ

Vol. 39 Ch. 578

“ငါ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ ဒဏ်ရာတွေချည်းပဲ ၊ငါ့လည်ပင်း၊ ငါ့ဗိုက်နဲ့ ရင်ဘတ်... ငါ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ငါကိုယ်တိုင် ဘယ်လိုရိတ်သိမ်းခဲ့လဲဆိုတာ မြင်ခဲ့ရတယ် ၊ ငါ့ခေါင်းက ငါ့လည်ပင်းပေါ်မှာ တဆတ်ဆတ်တုန်နေခဲ့တာ...”

ကောင်းမင်သည် တံတားပေါ်တွင် ထိုင်ချလိုက်သည်။ သူ့လက်များ တုန်ယင်နေ၏။ သားသတ်သမား၏ ဓားက ပြုတ်ကျသွားသော်လည်း သူ လှမ်းမကောက်မိပေ။

“ဘယ်လိုမျိုး စိတ်ပျက်အားငယ်မှုတွေက ငါ့ကို အကြိမ်ပေါင်းများစွာ သေရအောင် တွန်းပို့ခဲ့တာလဲ ၊ အဲ့ဒါက ဘာလဲ”

“ကံကြမ္မာလား”

“ငါ မမှတ်မိတော့ဘူး ၊ အရေးအကြီးဆုံး အစိတ်အပိုင်းကို ငါဘာလို့ မေ့နေရတာလဲ ၊ အဲ့ဒီအိပ်မက်ဆိုးထဲကနေ ငါဘယ်လိုထွက်လာခဲ့တာလဲ ၊ ဟန်ဟိုင်းကနေ ငါဘယ်လိုထွက်လာခဲ့တာလဲ ၊ အဲ့ဒီမြို့က ဘယ်မှာလဲ ၊ ငါ့နှလုံးသားထဲမှာလား ၊ အဲ့ဒါကို စစ်ဆေးဖို့ ငါ့နှလုံးသားကို ငါကိုယ်တိုင် ပြန်ဆွဲထုတ်ရမှာလား”

သူ၏မျက်လုံးများထဲတွင် နာကျင်မှုများ ပြည့်နှက်နေလေသည်။ ကောင်းမင်သည် အမှန်တရားနောက်သို့ လိုက်လံရှာဖွေနေခြင်းဖြစ်သော်လည်း ထိုအမှန်တရားက သူ့အား ဤမျှလောက် နာကျင်စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အရာအားလုံးကို လျစ်လျူရှု၍ လျိုယီနှင့်အတူ သာမန်ဘဝတစ်ခုတွင် နေထိုင်ခြင်းက ပိုကောင်းသည့်ရွေးချယ်မှု ဖြစ်နိုင်ပေသည်။ ကောင်းမင်အတွက် အကောင်းဆုံးရွေးချယ်မှုမှာ မေ့ပစ်လိုက်ခြင်း ဖြစ်နိုင်သည်။

“မဟုတ်ဘူး”

ကောင်းမင်က သူ၏ခေါင်းကို အုပ်ကိုင်လိုက်သည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး ၊ လူတွေ ငါ့ကို စောင့်နေကြတယ် ၊ သူတို့ ဘာလို့ ငါ့ကို စောင့်နေကြတာလဲ ၊ ငါပြန်လာမှာကို စောင့်နေတာလား၊ ဒါမှမဟုတ် ငါ တစ်ခုခုလုပ်မှာကို စောင့်နေတာလား”

အိပ်မက်ချိုးဖျက်မြို့အပြင်ဘက်ရှိ မြစ်ရေသည် နူးညံ့စွာ စီးဆင်းနေသည်။ သွေးများနှင့် ရေနဂါးမင်းသည် မြစ်ရေနှင့် မျောပါသွားခဲ့ပြီဖြစ်သော်လည်း ကောင်းမင်ကမူ ထွက်ခွာသွားလိုသည့်ပုံ မပေါ်ပေ။ အိပ်မက်လွှတ်ခြင်းဆိုသည်မှာ မိမိနှလုံးသားထဲတွင် မုန်းတီးသော အရာကို ရင်ဆိုင်ရန် မိမိကိုယ်ကို အတင်းအကျပ်ဖိအားပေးခြင်းပင် ဖြစ်သည်။ ကောင်းမင်၏ ပထမဆုံး အိပ်မက်လွှတ်ခြင်းသည် အကြောက်တရားကို ထိန်းချုပ်ထားသော ရေနဂါးမင်းနှင့် တိုက်ခိုက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကံကြမ္မာ ပေါ်ထွက်လာသောအခါ ကောင်းမင်နှင့် ရေနဂါးမင်းတို့ နှစ်ဦးလုံး အပြင်းအထန် တုန်လှုပ်သွားခဲ့ကြသည်။

“စိတ်မကောင်းပါဘူး... ဒါပေမဲ့ မင်းအာရုံစိုက်ဖို့ လိုနေပြီ ၊ မင်းမိတ်ဆွေ ပိုင်ဖုန်းက အခြေအနေ မကောင်းဘူးနော် ၊ မင်း ဒီမှာ ဒီထက်ပိုကြာနေမယ်ဆိုရင် သူက မဒမ်ရှီနဲ့ တကယ်လက်ထပ်သွားရမှာကို ငါစိုးရိမ်တယ်”

ဖူရှုက သတိထား၍ စပြောလိုက်သည်။ သူသည် ကောင်းမင်၏ စကားကို ကြားဖြတ်ပြောဝံ့ရန်အတွက် သူ့ကိုယ်သူ သေချာပြင်ဆင်ခဲ့ရသည်။ အကြောင်းမှာ ကောင်းမင်သည် သူ့အား အလွယ်တကူ ဆွဲဖြဲပစ်နိုင်သည်ကို သူသိထားသောကြောင့် ဖြစ်သည်။

ကောင်းမင် တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံးတွင် အိပ်မက်လွှတ်ခြင်း၏ လွှမ်းမိုးမှုမှ လွတ်မြောက်လာခဲ့သည်။ တိုက်ပွဲက အလွန်ပြင်းထန်ခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။ ‘နှစ်သိမ့်မှု’ ဟုခေါ်သော ခံစားချက်နှင့် အဆုံးမဲ့သော အသက်စွမ်းအားများက သူ့သွေးထဲမှ စိမ့်ထွက်လာသည်။ ၎င်းမှာ သားစားကြူးနတ်ဘုရားထံမှ လာခြင်းမဟုတ်ပေ။ အသားသစ်ပင်ကြီးက ကောင်းမင်၏ ပူဆွေးမှုကို အာရုံခံမိသောကြောင့် ဖြစ်သည်။ ၎င်းသည် အခြားအိပ်မက်ဆိုးများထဲမှ အိပ်မက်ချိုးဖျက်မြို့ဆီသို့ တွားဝင်လာရန် ကြိုးစားနေခြင်း ဖြစ်သည်။ ၎င်း၏အသီးကို စားသုံးပြီးနောက် သစ်ပင်ကြီးသည် ကောင်းမင်ကို ၎င်း၏အစိတ်အပိုင်းတစ်ခုအလား သတ်မှတ်ထားခြင်း ဖြစ်သည်။

ကောင်းမင်သည် သူ့ရင်ဘတ်ပေါ်သို့ လက်တင်လိုက်သည်။ ဝေါ်ကီတော်ကီမှ တစ်စုံတစ်ဦးက သူ့အား ဆက်သွယ်ရန် ကြိုးစားနေသည့်အလား တဂျစ်ဂျစ်အသံများ ထွက်ပေါ်နေသည်။ ဖူရှု ရှိနေသောကြောင့် ကောင်းမင်က ၎င်းကို လျစ်လျူရှုထားလိုက်သည်။

“ငါ အိပ်မက်ဆိုးကမ္ဘာထဲမှာ ရှိနေရင်တောင် လူတွေက ငါ့ကို ဂရုစိုက်နေကြတုန်းပါပဲ”

ကောင်းမင်သည် အသားသစ်ပင်နှင့် ဝေါ်ကီတော်ကီထဲမှ လူကို ဆိုလိုခြင်းဖြစ်သော်လည်း ဖူရှုကမူ သူ့ကို အထင်လွဲသွားသည်။ အကြောင်းမှာ သူသည်သာ ကောင်းမင်ဘက်တွင် ရှိနေသော တစ်ဦးတည်းသောသူဖြစ်သောကြောင့် ဖြစ်သည်။

ဖူရှု၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများ အနည်းငယ် မှေးမှိန်သွားသည်။ သူက ခေါင်းခါလိုက်သည်။

“ငါတို့က သာမန်လူတွေရဲ့ အမြင်မှာတော့ မကောင်းဆိုးဝါးတွေပါပဲ ၊ ဒါကြောင့် ငါတို့က တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်ကြတယ် ၊ ဘာပဲဖြစ်ဖြစ် ငါက မင်းဘက်မှာ ရှိနေမှာပါ”

ကောင်းမင်သည် သားသတ်သမား၏ ဓားကို ကောက်ယူလိုက်ပြီး ချွင်နန်၏ အဝတ်အစားများထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ယဇ်ပလ္လင်ကို ကိုင်ကာ မတ်တတ်ရပ်လိုက်၏။ မြူများ ကွဲလွင့်သွားပြီ ဖြစ်သည်။ တံတားသည် နေရာအချို့တွင် ပျက်စီးနေပြီး ကျိုးပဲ့နေသော အကြေးခွံများနှင့် သွေးမည်းများ နေရာအနှံ့ ရှိနေသည်။

“ရေနဂါးမင်းက အခုအချိန်မှာ အားအနည်းဆုံးပဲ ၊ ပိုင်ဖုန်းကို ကယ်ပြီးရင် ငါကျန်းမင်လီကို ရှာပြီး ရေနဂါးမင်းကို အတူတူ သွားသတ်သင့်တယ်”

ကောင်းမင် အနည်းငယ်တွန်းလိုက်သောအခါ ရေနဂါးမင်း၏ ယဇ်ပလ္လင်က လဲကျသွားသည်။ မြွေအရေခွံမှာလည်း နတ်ဘုရားစွမ်းအားများ ကင်းမဲ့သွားပြီ ဖြစ်သည်။ ၎င်းစုဆောင်းထားသော ယုံကြည်မှုစွမ်းအားများကို သားစားကြူးနတ်ဘုရားက စားသုံးလိုက်သည်။ သားစားကြူးနတ်ဘုရား၏ ယဇ်ပလ္လင်ခြေရင်းတွင် မြွေနှင့်ဆင်တူသော ပုံစံကွက်လေးများ ပေါ်လာလေသည်။

“ယဇ်ပလ္လင်ဆိုတာ သက်ရှိတွေဆီက ယဇ်ပူဇော်မှုတွေကို စုဆောင်းဖို့၊ ယုံကြည်မှုနဲ့ စိတ်ခံစားချက်စွမ်းအားတွေကို ထုတ်လုပ်ဖို့ပဲ ၊ မြစ်အောက်ခြေမှာ နဂါးမင်းကျောင်းဆောင်တစ်ခု ရှိတယ် ၊ ရေနဂါးမင်းက တခြားအိပ်မက်ဆိုးတွေဆီကနေ ခိုးယူထားတဲ့ ကြောက်ရွံ့မှုအားလုံးကို အဲ့ဒီမှာ ဝှက်ထားတယ် ၊ မင်း ရေနဂါးမင်းကို အနိုင်ယူချင်ရင် အဲ့ဒီကျောင်းဆောင်ကို အရင်ဖျက်ဆီး ဒါမှမဟုတ် သိမ်းပိုက်ဖို့ လိုလိမ့်မယ်”

ဖူရှုသည် ကောင်းမင်ဘက်သို့ ကူးပြောင်းရန် ဆုံးဖြတ်ပြီးနောက် ပို၍ ပွင့်လင်းလာသည်။

“ကောင်းပြီ”

ကောင်းမင်သည် ဖူရှုကို ကျောပိုး၍ မြစ်ကို ဖြတ်ကျော်လိုက်သည်။ ပေါင်းပင်များ ဖုံးလွှမ်းနေသော လမ်းအတိုင်း လျှောက်လာစဉ် လမ်းဘေးဝဲယာတွင် သင်္ချိုင်းဂူ အကြီးအငယ်များကို တွေ့လိုက်ရသည်။ အချို့မှာ ဂူပင် မရှိတော့ဘဲ သစ်သားဆိုင်းဘုတ်လေးများသာ ရှိတော့သည်။

“ငါ ဒီကို စရောက်တုန်းက အဲ့ဒီဂူတွေထဲက တွားထွက်လာခဲ့တာပဲ”

ကောင်းမင်က အသုဘငွေစက္ကူအချို့ကို ပတ်ကြဲလိုက်သည်။ ထိုအသုဘငွေစက္ကူများသည် အိပ်မက်ချိုးဖျက်မြို့၏ နေရာအနှံ့တွင် တွေ့နိုင်သော်လည်း သူတို့ တံတားကို ဖြတ်ကျော်လာပြီးနောက်တွင် သိသိသာသာ နည်းပါးသွားသည်။

“မိတ်ဆွေလေး... ရှေ့ကို ဆက်မသွားပါနဲ့ ၊ တောထဲမှာ ဝက်ဝံတွေရှိတယ် ၊ သူတို့ကို လူဝက်ဝံတွေလို့ ခေါ်ကြတယ်”

ခေတ္တအကြာတွင် ကောင်းမင်သည် အသက်ကြီးကြီးလူတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ဂူဟောင်းတစ်ခု၏ နောက်ကွယ်မှ ထွက်လာသော အရပ်ကလန်ကလား အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏မုတ်ဆိတ်နှင့် ဆံပင်များသည် ဖြူဖွေးနေပြီး ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားများကို ဝတ်ဆင်ထားသည်။သူ့တွင် လက်တစ်ဖက်သာ ရှိသည်။သူ့ရင်ဘတ်ပေါ်တွင် အနီရောင်အဝတ်စကြီးတစ်ခုကို တွဲချုပ်ထားသည်။

“အဘိုး... လူဝက်ဝံဆိုတာ ဘာလဲ”

ကောင်းမင်သည် ဖူရှု၏ တားမြစ်ချက်ကို လျစ်လျူရှု၍ မေးလိုက်သည်။

“သူတို့က သာမန်လူတစ်ယောက်ရဲ့ အရွယ်အစားပဲရှိပေမဲ့ လူတွေထက် ပိုကောက်ကျစ်ကြတယ် ၊ သူတို့က ရေကူးနိုင်သလို သစ်ပင်လည်း တက်နိုင်တယ် ၊ သူတို့ လက်တစ်ချက်ယမ်းလိုက်တာနဲ့ လူကြီးတစ်ယောက်ရဲ့ ခေါင်းကို အစိပ်စိပ်အမွှာမွှာဖြစ်သွားအောင် လုပ်နိုင်တယ် ၊ အချို့ဆိုရင် လူစကားတောင် ပြောတတ်ကြသေးတယ်”

အဘိုးအိုက သင်္ချိုင်းဂူနောက်တွင် ပုန်းနေရင်း သတိပေးလိုက်သည်။

“တကယ်လို့ မင်း တောထဲမှာ လူနဲ့တူတဲ့အရာတစ်ခုက မင်းကို လက်ယမ်းပြနေတာတွေ့ရင် အမြန်သာ ပြေးပေတော့”

“ကျေးဇူးတင်ပါတယ် အဘိုး”

ကောင်းမင်က ဦးညွှတ်နှုတ်ဆက်ပြီး သူ၏ခရီးကို ဆက်သွားသည်။

ပေါင်းပင်များမှာ ချုံပုတ်များအဖြစ် ပြောင်းလဲသွားပြီး လမ်းကို ဝါးမြိုလုနီးပါး ဖြစ်နေသည်။ ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ လမ်းညွှန်မှုနောက်သို့သာ လိုက်ပါခဲ့ရသည်။ တိုက်ဆိုင်စွာပင် ထိုလမ်းသည် ကျောချမ်းဖွယ်ကောင်းသော တောအုပ်ကြီးတစ်ခုဆီသို့ ဦးတည်နေလေသည်။

ကောင်းမင်သည် သားသတ်သမား၏ ဓားကို ထုတ်လိုက်သည်။ သူ၏မျက်လုံးများက သွေးရောင်လွှမ်းလာပြီး စိတ်ခံစားချက်များ တစ်ဖန် ပြန်၍ မတည်မငြိမ် ဖြစ်လာပြန်သည်။

“ဖူရှု... ကျုပ်တို့ ဝက်ဝံတွေနဲ့ တိုးမယ်လို့ ထင်လား”

“တိုးမယ်ဆိုရင်တော့ အဲ့ဒီဝက်ဝံတွေ တကယ်ကံဆိုးတာပဲ”

ဖူရှုက ကောင်းမင်အပေါ် အလွန် ယုံကြည်မှုရှိနေပုံရသည်။

“ငါ မင်းနောက်ကျောကို ကြည့်ပေးထားမယ်”

ကောင်းမင်သည် သစ်ကိုင်းများကို ခုတ်ထွင်ကာ မင်္ဂလာလှည့်လည်ပွဲအဖွဲ့က ဖောက်လုပ်သွားသော လမ်းကြောင်းကို ရှာဖွေသွားသည်။ သူ မီတာရာဂဏန်းခန့် လျှောက်လာပြီးနောက် သစ်ပင်အိုကြီးများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ သစ်ကိုင်းများပေါ်တွင် အနီရောင်ကြိုးများနှင့် အထုံးများ ချည်နှောင်ထားသည်။ ကောင်းမင်သည် သစ်ခေါင်းများထဲတွင် သေဆုံးနေသော ကလေးငယ်များနှင့် သစ်ပင်များပေါ်တွင် ကြိုးဆွဲချခံထားရသော လူအိုများကို တွေ့လိုက်ရသည်။

“မြို့ထဲကလူတွေ အိုမင်းမစွမ်းဖြစ်လာရင်၊ ဖျားနာလာရင် သူတို့ရဲ့ အိမ်နီးချင်းတွေ ဒါမှမဟုတ် သားသမီးတွေက သူတို့ကို အရှင်လတ်လတ်ဂူသွင်းဖို့ တောထဲကို ပို့လိုက်ကြတာပဲ”

ဖူရှုက အလောင်းများကို စစ်ဆေးကြည့်လိုက်သည်။ သူတို့၏ ကိုယ်တွင်းအင်္ဂါများသည် စားသောက်ခံထားရပြီဖြစ်သည်။

“တောထဲက ဝက်ဝံတွေက သူတို့ကို စားလိုက်ကြတာပဲ ၊ သူတို့က လူသားတွေအများကြီးကို စားပြီးတဲ့နောက် လူတွေထက်တောင် ပိုဉာဏ်ကောင်းလာကြတယ်”

ကောင်းမင်သည် ခန္ဓာကိုယ်ကို နှိမ့်ထားလိုက်သည်။ သူသည် တောအုပ်ထဲတွင် ထူးဆန်းသည့် အရာများစွာကို တွေ့မြင်ခဲ့ရသည်။ သေခြင်းနှင့် ရှင်ခြင်းသည် ရောယှက်နေပုံရသည်။ သေဆုံးသွားသော သန္ဓေပြောင်းကလေးများနှင့် လူအိုကြီးများဖြင့် ပြုလုပ်ထားသော သက်ရှိသင်္ချိုင်းဂူများရှိသည်။ ချစ်ခြင်းအတွက် အသေခံသွားသော ချစ်သူမောင်နှံများနှင့် ရူးသွပ်သွားသော ရွာသားများကိုလည်း တွေ့ရသည်။

နေရာတိုင်းတွင် အနိဋ္ဌာရုံများ ပြည့်နှက်နေသော်လည်း သစ်ကိုင်းများတွင် ပွဲတော်အထိမ်းအမှတ် အနီရောင်ကြိုးများဖြင့် အလှဆင်ထားလေသည်။ မြေပြင်တွင်လည်း ကောင်းချီးစက္ကူများ ပြန့်ကျဲနေ၏။ အဝေးတစ်နေရာမှ ခရာသံများနှင့် မောင်းသံများကို ကြားနေရပြီး ၎င်းသည် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတစ်ခု ကျင်းပနေကြောင်း အချက်ပြနေလေသည်။

All Chapters