ကြင်နာမှု
Vol. 39 Ch. 580
ဟယ်အာနတ်ဘုရား၏ စွမ်းအားသည် ဤမျှထူးခြားလိမ့်မည်ဟု ကောင်းမင် မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် အိပ်မက်ဆိုးအတွင်းရှိ အရာတစ်ခုခုကို ကိုယ်စားပြုသည့် ပြယုဂ်များသာဖြစ်ပြီး စစ်မှန်သော နတ်ဘုရားများ မဟုတ်ကြချေ။ သို့သော်လည်း လူသားတို့၏ နှလုံးသားထဲတွင် သူတို့၏ တည်ရှိမှုက နက်ရှိုင်းလှသဖြင့် ဤနေရာတွင် သူတို့သည် စစ်မှန်သော နတ်ဘုရားများကဲ့သို့ အစွမ်းထက်နေကြသည်။
“ထိခိုက်မှုကို ရောင်ပြန်ဟပ်စေတာလား”
ကောင်းမင်က ဓားကိုကိုင်ရင်း မတ်တတ်ရပ်လိုက်သည်။ ဘုန်းကြီးနှစ်ပါးသည်လည်း ထိုနည်းတူ မတ်တတ်ရပ်လိုက်ကြ၏။ သူတို့မှာ အလွန်နွမ်းနယ်နေပုံပေါ်သော်လည်း စိုးရိမ်ပူပန်သည့် အရိပ်အယောင်မရှိပေ။ အနီရောင်ကြိုးများက သူတို့၏ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနေသည်။ ပျော်ရွှင်မှုအရှိန်အဝါများ စီးဝင်လာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်များက ပိုမိုကြီးထွားလာသည်။
“စကားတစ်ခွန်း ချွေတာပါ ၊ သင့်နူတ်ဖျားက ကပ်ဆိုး လွတ်မြောက်သွားနိုင်တယ်”
“မိမိကိုယ်ကို ခွင့်လွှတ်ပါ ၊ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့”
“သည်းခံပါ ၊ မီးတွင်းကြီးကနေ ကြာပန်းရေကန်အဖြစ် ပြောင်းလဲသွားတာကို စောင့်ကြည့်ပါ”
“နောက်တစ်လှမ်းဆုတ်ပါ ၊ တရားဓမ္မလမ်းစဉ်အတိုင်း လျှောက်လှမ်းပါ”
“မင်းတို့မှာ အသုံးမကျတဲ့ အကြံပေးချက်တွေ တော်တော်များတာပဲ”
ကောင်းမင်က ရှေ့သို့ တိုးဝင်လိုက်သည်နှင့် သားစားကြူးနတ်ဘုရားသည် သူ၏လက်ရှစ်ဖက်လုံးကို ဖွင့်လိုက်သည်။ တိုက်ခိုက်မှုမှာ မရပ်မနား ပြင်းထန်၏။ သို့သော် ပစ်မှတ်သည် ဘုန်းကြီးများမဟုတ်ဘဲ အခြားရှီနတ်ဘုရားငယ်များ ဖြစ်သည်။ ရှီနတ်ဘုရားငယ်များကို သတ်ပစ်လိုက်ပါက ထိုဘုန်းကြီးများ၏ ဒဏ်ရာကုသမှုနှုန်းမှာ နှေးကွေးသွားမည် ဖြစ်သည်။
ဘုန်းကြီးများ၏ ဘေးပတ်ပတ်လည်ရှိ ရှီနတ်ဘုရားငယ်များသည် အနီရောင်ကြိုးများဖြင့် ထိုးဖောက်ခံလိုက်ရပြီး ဘုန်းကြီးနှစ်ပါးဆီသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ ရှီနတ်ဘုရားငယ်တချို့သည် ဆန္ဒမရှိကြသော်လည်း မခုခံဝံ့ကြပေ။ ဘုန်းကြီးနှစ်ပါးက ထပ်မံကြီးထွားလာပြန်သည်။ သူတို့သည် ရှီဘုရားကျောင်းနီးပါး ကြီးမားလာပြီ ဖြစ်သည်။သူတို့သည် ဘုရားကျောင်းရှေ့တံခါးကို ပိတ်ဆို့ထားပြီး ကောင်းမင်ကို ကြင်နာစွာ ပြုံးပြနေကြသည်။
“သူ့ကို ဒေါသထွက်ခွင့်ပေးလိုက်ပါ ၊ မင်းကတော့ သဘောထားကြီးပြီး ခွင့်လွှတ်ပေးဖို့ပဲ လိုပါတယ်”
သားစားကြူးနတ်ဘုရားသည် သူ့လက်ချောင်းများဖြင့် ဘုန်းကြီးများ၏ ဝမ်းဗိုက်ကို ထိုးဖောက်လိုက်သည်။ နတ်ဘုရားပုံစံကွက်များက ပျော်ရွှင်မှုအရှိန်အဝါများကို ဖြတ်တောက်သွား၏။ သွေးကျိန်စာများမှာ ဘုန်းကြီးများ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းမင်သည် အူများ ပြတ်တောက်သွားသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် နာကျင်မှုကို ကျင့်သားရနေသူဖြစ်သဖြင့် ဤနည်းလမ်းကို သူ့တိုက်ကွက်အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဘုန်းကြီးများ ရှုံးနိမ့်သွားသည်အထိ ဒဏ်ရာချင်းလဲ၍ တိုက်ခိုက်တော့မည် ဖြစ်သည်။
နာကျင်မှုက အလွန်အမင်း ပြင်းထန်လာသဖြင့် ဓားကို မကိုင်နိုင်တော့သောအခါမှသာ ကောင်းမင် ရပ်တန့်လိုက်သည်။ မိနစ်အနည်းငယ်မျှ တိုက်ခိုက်ပြီးနောက် သူနှင့် ဘုန်းကြီးနှစ်ပါးလုံးသည် ဒဏ်ရာအပြင်းအထန် ရနေပြီ ဖြစ်သည်။ ဘုရားကျောင်းတစ်ခုလုံးမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေ၏။
သားစားကြူးနတ်ဘုရားနှင့် အသားသစ်ပင်၏ စွမ်းအားကို သုံး၍ ကောင်းမင်၏ ဗိုက်မှဒဏ်ရာသည် လျင်မြန်စွာ ပြန်ပိတ်သွားသည်။ သို့သော် ဘုန်းကြီးများသည်လည်း လျင်မြန်စွာ ပြန်လည်သက်သာလာကြသည်။ သူတို့၏ ဗိုက်များထဲတွင် ရှီနတ်ဘုရားငယ်များ ရှိနေကြသည်။ ရှီနတ်ဘုရား၏ အနီရောင်ကြိုးများတွင်လည်း ကုသနိုင်သည့်စွမ်းရည် ရှိသည်။သူတို့သည် သားစားကြူးနတ်ဘုရား၏ ကျိန်စာမိထားသော်လည်း သူတို့၏အပြုံးမှာ ပြောင်းလဲခြင်း မရှိပေ။
“အဝတ်ဟောင်းတွေ ဝတ်လို့ လောကကြီးရဲ့ တံထွေးကို အာဟာရပြုလို့ ငါရှင်သန်တယ်”
“လူတွေ ငါ့ကို ဆဲဆိုရင် ငါခေါင်းညိတ်လက်ခံတယ်၊ လူတွေ ငါ့ကို ရိုက်ရင် ငါမြေပေါ်မှာ အိပ်စက်တယ်”
“သူက သူ့ခွန်အားကို ချွေတာတယ်၊ ငါ့မှာ ဘာဒုက္ခမှ မရှိဘူး ၊ ဒါဟာ တရားဓမ္မပဲ ၊ ဒါဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ”
ဘုန်းကြီးနှစ်ပါးသည် ဘုရားကျောင်းရှေ့တွင် ရပ်လျက်ရှိနေပြီး ရှီနတ်ဘုရား၏ ဝတ်ပြုဓလေ့အခမ်းအနား ပြီးမြောက်သည်ကို စောင့်ဆိုင်းနေကြသည်။
“ယီး… ရွံစရာကောင်းလိုက်တာ”
ကောင်းမင် သွေးများ အန်ထုတ်လိုက်သည်။ သူသည် ရေနဂါးမင်းနှင့် တိုက်စဉ်ကပင် ဤမျှလောက် စိတ်အနှောက်အယှက်မဖြစ်ဖူးပေ။ ထိုဘုန်းကြီးများသည် ပြန်မတိုက်ဘဲ ကောင်းမင်ကို တိုက်ခိုက်ခွင့် ပေးထားခြင်းဖြစ်သည်။သို့သော်လည်း ရရှိလာသော ဒဏ်ရာများကိုမူ ကောင်းမင်ထံသို့သာ ပြန်လည်ရောင်ပြန်ဟပ်စေသည်။
ဘုရားကျောင်းအတွင်းမှ ပိုင်ဖုန်း၏ အသံသည် တဖြည်းဖြည်း စိမ်းသက်လာလေသည်။ သူမသည် သူမကိုယ်သူမ ဆုံးရှုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ကောင်းမင်တွင် အချိန်သိပ်မကျန်တော့ပေ။
“သူတို့က ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ၊ ကျိန်စာတွေနဲ့ သားသတ်သမားဓားက လူသတ်ချီတွေကိုတောင် ရောင်ပြန်ဟပ်နိုင်တယ် ၊ ငါ့ရဲ့ ခန္ဓာကိုယ်က တခြားစမ်းသပ်သူတွေထက် သန်မာတယ်ဆိုပေမဲ့ သူတို့အပေါ်မှာ ငါ့ခွန်အားတွေ အကုန်သုံးပစ်လို့ မရဘူး ၊ ငါ ဘာဆက်လုပ်ရမလဲ ၊ ငါ့မှာ တခြားတိုက်ခိုက်ရေး နည်းလမ်းတွေ ရှိသေးလား”
ကောင်းမင်သည် အသားသစ်ပင်ကို ဆင့်ခေါ်ရန် ကြိုးစားလိုက်ရာ အံ့ဩစရာကောင်းလောက်အောင် တုံ့ပြန်မှု ရရှိခဲ့သည်။ သို့သော်လည်း ဤအိပ်မက်ဆိုးသည် အလွန်တည်ငြိမ်လွန်းသည်။ အပင်ကြီး၏ အမြစ်များ ထိုးဖောက်ဝင်ရောက်လာရန် အချိန်လိုအပ်သည်။ ၎င်းသည် ကောင်းမင်ရှိရာနေရာကို အာရုံခံမိထားပြီး အစွမ်းကုန် ကြိုးစားနေပြီ ဖြစ်သည်။
“သာမန်တိုက်ခိုက်မှုတွေက ဟယ်အာနတ်ဘုရားကို မခြိမ်းခြောက်နိုင်ဘူး”
ဖူရှုက အလျင်အမြန် အကြံပေးလိုက်သည်။
“ရှီနတ်ဘုရားငယ်တွေရဲ့ စွမ်းအားက ရှီနတ်ဘုရားဆီက လာတာ ၊ ငါပြောခဲ့တာ မင်း မှတ်မိလား ၊ မင်းရဲ့ တစ်ခုတည်းသော အားသာချက်က မင်းထဲက နတ်ဘုရားဟာ အိပ်မက်ဆိုးကမ္ဘာကနေ ခေါ်ယူထားတာ မဟုတ်ဘူး ၊အဲ့ဒီအစား သူက မင်းရဲ့ နှလုံးသားထဲမှာ စုပုံနေတဲ့ စိတ်ပျက်အားငယ်မှုတွေကနေ ဖန်တီးခံထားရတာ”
ဖူရှုသည် ကောင်းမင်၏ ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှုများကို အကြိမ်ပေါင်းများစွာ ခံစားဖူးနေပြီ ဖြစ်သည်။
“အိပ်မက်လွှတ်ခြင်းက မင်းရဲ့ နှလုံးသားကို ရင်ဆိုင်ဖို့နဲ့ စိတ်ပျက်အားငယ်မှုတွေကို လက်ခံဖို့ လိုတယ် ၊ အဲ့ဒီ စိတ်ပျက်အားငယ်မှုတွေကို ဟယ်အာနတ်ဘုရားနဲ့ ဘာလို့ ဝေမျှမပေးတာလဲ ၊ ဘာရန်လိုတာမှ မပါစေနဲ့ ၊ မင်းက သူတို့ကို မင်းရဲ့ နာကျင်မှုတွေ ဝေမျှပေးရုံသက်သက်ပဲလို့ သဘောထားလိုက်”
ကောင်းမင်၏ မျက်လုံးများ တောက်ပသွားသည်။
“ခင်ဗျားက ကျောင်းတော်သားတစ်ယောက်ဖြစ်ပြီးတော့ တကယ့်ကို ယုတ်မာတဲ့ အကြံဉာဏ်တွေ ပေးတတ်တာပဲ”
“ဒါကို ချီးကျူးစကားလို့ပဲ မှတ်ယူလိုက်ပါမယ်”
ကောင်းမင်သည် ဓားကို ပြန်သိမ်းလိုက်ပြီး ဘုန်းကြီးနှစ်ပါးဆီသို့ လျှောက်သွားလိုက်သည်။ အခြားရှီနတ်ဘုရားငယ်များကို ဝါးမြိုပြီးနောက်တွင် ထိုဘုန်းကြီးနှစ်ပါးသည် ကြီးမားလှသော ဗုဒ္ဓရုပ်ပွားတော်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ကောင်းမင်ကို ကြင်နာစွာ ပြုံးကြည့်နေကြသည်။
“ငါ့မိတ်ဆွေလေး... သင့်လက်နက်ကို ချလိုက်ပြီး ဗုဒ္ဓဖြစ်လာပါ”
“ငါက အဲ့ဒါကို စိတ်မဝင်စားဘူး ၊ ဒါပေမဲ့ ဗုဒ္ဓတွေအားလုံးက ကြင်နာတတ်တယ်လို့ ငါကြားဖူးတယ်၊ ဒါကြောင့် ငါ မင်းတို့ကို အကူအညီတစ်ခု တောင်းချင်တယ်”
ကောင်းမင်၏ အိပ်မက်လွှတ်ခြင်းသည် သူ၏ ပတ်ပတ်လည် နှစ်မီတာအတွင်းရှိ အရာအားလုံးကို လွှမ်းမိုးနိုင်သည်။ လက်ရှိတွင် သူသည် ဘုန်းကြီးများနှင့် ငါးမီတာအကွာတွင် ရှိနေသည်။
သူသည် သုံးမီတာအကွာသို့ ရောက်ရှိလာသောအခါ ဘုန်းကြီးများသည် ကောင်းမင်ကို နေရာတင် ပွဲချင်းပြီး ရိုက်သတ်ရန် သူတို့၏လက်ဖဝါးကြီးများကို လှုပ်ရှားလိုက်ကြသည်။ ကောင်းမင်က မရှောင်တိမ်းပေ။ သူသည် ပျော်ရွှင်မှုအရှိန်အဝါ အားအကောင်းဆုံးဖြစ်သည့် ဘုန်းကြီးများ၏ ဗိုက်ကြီးများဆီသို့ တိုးဝင်သွားသည်။
သာမန်လူတစ်ဦးဆိုပါက ပျော်ရွှင်မှုအရှိန်အဝါများ၏ ဝါးမြိုခြင်းကို လျင်မြန်စွာ ခံလိုက်ရပေမည်။ ကောင်းမင်သည် သူ၏ ခြေလက်များကို မထိန်းချုပ်နိုင်တော့ကြောင်း ခံစားလိုက်ရသည်။ ကြီးမားလှသော ဗိုက်ကြီးများသည် ဧရာမပါးစပ်ကြီးများအလား သူ့ကို ကိုက်ခဲလိုက်ကြသည်။ သူသည် သူတို့၏ ဝမ်းဗိုက်အတွင်း ပိတ်မိသွားတော့သည်။
“မကျက်သေးတဲ့ ဒဏ်ရာကို ပြန်ဖွင့်ရတာက နာကျင်စရာကောင်းတယ်၊ ဒါပေမဲ့ ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး”
ကောင်းမင်သည် ယဇ်ပလ္လင်ကို ဖွင့်လိုက်ပြီး သားစားကြူးနတ်ဘုရားထံ အော်ဟစ်လိုက်သည်။
“အိပ်မက်လွှတ်ခြင်း”
သူ အစွမ်းကုန် ထုတ်သုံးလိုက်သည်။ စိတ်ပျက်အားငယ်မှုများကို ခံနိုင်ရည်ရှိမရှိ သူဂရုမစိုက်တော့ပေ။ သားစားကြူးနတ်ဘုရားသည် သူ့နှလုံးသားထဲမှ ဒဏ်ရာဟောင်းကို ပြဲထွက်သွားအောင် ဆွဲဆုတ်လိုက်သည်။ သူသည် ကျန်းမင်လီ၏ ဝိညာဉ်မီးတောက်ကို လမ်းညွှန်အဖြစ် အသုံးပြု၍ သူ့နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုများကို လျှံထွက်လာစေရန် ခွင့်ပြုလိုက်သည်။
အနက်ရောင် သမုဒ္ဒရာကြီးသည် ကောင်းမင်၏ ဝိညာဉ်အတွင်းသို့ ချက်ချင်း လွှမ်းမိုးသွားသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ပျော်ရွှင်မှု အရှိန်အဝါများကို လွင့်စင်သွားစေပြီး စတင်ပျံ့နှံ့လာတော့သည်။
စိတ်ပျက်အားငယ်မှုများ လျှံထွက်လာသည်နှင့်အမျှ ကောင်းမင်၏ အိပ်မက်လွှတ်ခြင်းက လွှမ်းမိုးနိုင်သည့် ဧရိယာသည်လည်း တိုးလာတော့သည်။
ဘုန်းကြီးနှစ်ပါး၏ မျက်နှာပေါ်မှ အပြုံးများ အေးခဲသွားသည်။ သူတို့သည် သာမန်လူသားတစ်ဦး၏ နှလုံးသားထဲတွင် ဤမျှ ပြင်းထန်လှသော စိတ်ပျက်အားငယ်မှုများ မည်သို့ ရှိနေသည်ကို နားမလည်နိုင်ကြပေ။ ကောင်းမင်သည် မရေမတွက်နိုင်သော သေဆုံးမှုများမှ စိတ်ပျက်အားငယ်မှုများကို စုဆောင်းထားသည့် ရှေးဟောင်းနတ်ဆိုးတစ်ကောင်နှင့် တူနေတော့သည်။
“ငါတို့ကို ကူပါဦး”
ဟယ်အာနတ်ဘုရားများသည် ရှီနတ်ဘုရားငယ်များ၏ စွမ်းအားများကို စတင်စုပ်ယူလိုက်သည်။ သူတို့သည် ရှီနတ်ဘုရားငယ်များ၏ တောင်းပန်တိုးလျှိုးသံများကို လျစ်လျူရှု၍ သူတို့ကို စတင်ဝါးမြိုလိုက်ကြသည်။ ရှီနတ်ဘုရားငယ်များက အော်ဟစ်နေကြသော်လည်း ဟယ်အာနတ်ဘုရားများက ဂရုမစိုက်ပေ။ သူတို့သည် ထိုစိတ်ပျက်အားငယ်မှုများ ဘုရားကျောင်းအတွင်းသို့ မဝင်ရောက်နိုင်ရန် သူတို့၏ ခန္ဓာကိုယ်များဖြင့် ကာကွယ်လိုက်ကြသည်။
ကောင်းမင်သည် အဆုံးမဲ့ ပျော်ရွှင်မှုများကို အသုံးပြု၍ စိတ်ပျက်အားငယ်မှုများကို ထိန်းညှိရန် ကြိုးစားလိုက်သည်။ သူသည် သိမ်မွေ့သော မျှခြေတစ်ခုကို ထိန်းသိမ်းနိုင်သွားသည်။
၎င်းမှာ သေခြင်းတရားထက် ပိုဆိုးရွားလှသော်လည်း သူသည် သူ၏ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်သေးသည်။ ထိုအခြေအနေတွင် သူ့နှလုံးသားထဲမှ စိတ်ပျက်အားငယ်မှုများ ပိုမိုလွှတ်ထွက်လာလေတော့သည်။