← Chapters

အခန်း (၅၈၁)

Vol. 39 Ch. 581

အခန်း (၅၈၁)

Vol. 39 Ch. 581

သုံးမီတာ၊ ငါးမီတာ ၊ ခုနစ်မီတာ။

ကောင်းမင်၏ နှလုံးသားထဲမှ အိပ်မက်ဆိုးသည် အိပ်မက်ချိုးဖျက်မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ နတ်ဘုရားအရိပ်မှာ ပိုမိုအစစ်အမှန် ဆန်လာသည်။သူ့နောက်ကျောရှိ လက်ရှစ်ဖက်က ဆန့်ထုတ်လိုက်သည်။ သားစားကြူးနတ်ဘုရားကို ဗဟိုပြု၍ ကောင်းမင်၏ အိပ်မက်ဆိုးထဲမှ အခြားအရာများပါ ပေါ်ထွက်လာတော့သည်။ မျက်နှာမဲ့ နောက်လိုက်များ၊ သန္ဓေပြောင်းလူနာများနှင့် အနီရောင်မိုးကာအင်္ကျီဝတ်ထားသော တစ္ဆေတစ်ကောင်ပင် ပါလာသည်။

“ထွက်လာကြစမ်း ၊ ငါ့နှလုံးသားထဲမှာ ပုန်းမနေကြနဲ့”

ကောင်းမင်က နာကျင်စွာ အော်ဟစ်လိုက်သည်။

ဟယ်အာနတ်ဘုရား၏ အခြေအနေမှာ အဆိုးရွားဆုံးဖြစ်သည်။ သူတို့၏နှလုံးသားထဲရှိ ရှီနတ်ဘုရားငယ်များသည် စတင်တိုက်ခိုက်လာကြပြီး ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားလာကြသည်။ ကောင်းမင်၏ လွှမ်းမိုးမှုနယ်ပယ်အတွင်းရှိ လူတိုင်းသည် စိတ်ပျက်အားငယ်မှုများအောက်တွင် နစ်မွန်းနေကြသည်။ ရှီနတ်ဘုရား၏ ကောင်းချီးများ မှေးမှိန်သွားသည်။ရှီနတ်ဘုရားငယ်တချိုသည် ထိုစိတ်ပျက်အားငယ်မှုများမှ လွတ်မြောက်ရန် ရှီနတ်ဘုရား၏ ကောင်းချီးများကိုပင် စွန့်လွှတ်လိုက်ကြသည်။

“ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး ၊ ရှီနတ်ဘုရား ပြန်လာတော့မှာ ၊ မင်းတို့ရဲ့ ရွေးချယ်မှုတွေကို သေချာစဉ်းစားကြ”

ဟယ်အာနတ်ဘုရား၏ အသံက ပေါက်ကွဲထွက်လာသည်။ အခြေအနေသည် ထိန်းချုပ်မှုလွတ်သွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ပြီဖြစ်သည်။ သူတို့သည် ဘုရားကျောင်းကို ဦးညွှတ်လိုက်ကြသည်။ ကောင်းချီးစကားလုံးများက ရွှေရောင်ဖဲကြိုးများအလား လွင့်ပျံလာတော့သည်။ ပျော်ရွှင်မှုအရှိန်အဝါများသည် ဧရာမ သော့ခလောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းမင်ကို ဖိနှိပ်လိုက်သည်။

“နားထောင်စမ်း ၊ နားထောင်စမ်း ၊ နားထောင်စမ်း ၊ သင့်မိဘကို ရိုသေပါ ၊ သင့်မောင်နှမချင်း စည်းလုံးပါ ၊ ဖျက်ဆီးလိုတဲ့ စကားလုံးတွေကို သင့်စိတ်ထဲက ဖယ်ထုတ်လိုက်ပါ”

“ကောင်းကင်ဘုံ ၊ ကောင်းကင်ဘုံ ၊ ကောင်းကင်ဘုံ၊ ကောင်းကင်အလိုတော်ဆိုတာ လူသားတွေရဲ့ ဆန္ဒပဲ ၊ ကိုယ့်နှလုံးသားကို ဆန့်ကျင်တဲ့ ဘာကိုမှ မလုပ်နဲ့ ၊ အထက်မှာ ကောင်းကင်ဘုံက အမြဲစောင့်ကြည့်နေတယ်”

“လွတ်လပ်ခြင်း၊ လွတ်လပ်ခြင်း ၊ လွတ်လပ်ခြင်း၊ ပျော်ရွှင်မှုရှိသလို ဝမ်းနည်းမှုလည်း ရှိလိမ့်မယ် ၊ ဘဝမှာ ဘာတစ်ခုမှ အလကားမရဘူး။”

“ကံကြမ္မာ ၊ ကံကြမ္မာ၊ ကံကြမ္မာ၊ ဓာတ်ကြီးငါးပါးနဲ့ စာလုံးရှစ်လုံးက အရာအားလုံးကို ဆုံးဖြတ်ထားပြီးသားပဲ ၊ သူတစ်ပါးကို မလှည့်စားနဲ့ ၊ ချမ်းသာကြွယ်ဝမှုဆိုတာ ကံကြမ္မာပဲ”

ပျော်ရွှင်မှုသော့ခလောက်ကြီးက ကောင်းမင်ကို ချိတ်ပိတ်ရန် ကြိုးစားနေသည်။သူ့စိတ်နှင့် ဝိညာဉ်မှာ ရှီနတ်ဘုရား၏ ထိန်းချုပ်မှုကို ခံရတော့မည့်အလား ဖြစ်နေ၏။ အိပ်မက်ဆိုးများ ပျံ့နှံ့မှုက နှေးကွေးသွားသည်။ ဘုန်းကြီးနှစ်ပါးသည် ကျမ်းစာရွတ်ဆိုနေရင်း ကောင်းမင်အတွက် ကံကြမ္မာအသစ်တစ်ခုကို ရေးဆွဲနေကြခြင်းဖြစ်သည်။ ယင်းသည် ရှီနတ်ဘုရား၏ သုံးနေကျ နည်းလမ်းဖြစ်သည်။ သူတို့သည် ကောင်းမင်ကို ဒုက္ခပေးလိုခြင်း မဟုတ်ပေ။သူတို့သည် ရှီနတ်ဘုရား၏ စွမ်းအားကို သုံး၍ ကောင်းမင်၏ အိပ်မက်ဆိုးနှင့် စိတ်ပျက်အားငယ်မှုများကို ဖယ်ထုတ်ပစ်ချင်နေကြခြင်း ဖြစ်သည်။ ဝတ်ပြုဓလေ့ ပြီးမြောက်သည်အထိ အချိန်ဆွဲထားချင်ကြရုံသာ ဖြစ်သည်။

သော့ခလောက်က သူ့ကို ဖိနှိပ်လိုက်သောအခါ ကောင်းမင်သည် နာကျင်မှုများ လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ယင်းက သူ့ကို အချက်တစ်ချက်အား သတိရသွားစေသည်။ သူ အိပ်မက်ဆိုးမှ နိုးလာပြီးကတည်းက သူတွေ့သမျှလူတိုင်းမှာ ကြင်နာကြသည်။ လျိုယီသည် သူ့ကို အကောင်းဆုံး ဂရုစိုက်ပေးခဲ့သည်။ သူသည် ထိုအလှတရားကို မဖျက်ဆီးရက်ပေ။ သူ့ကံကြမ္မာကို တိတ်တဆိတ် ပြုပြင်နေသော မကောင်းသည့် စွမ်းအားတစ်ခု ရှိနေပုံရသည်။ ထိုစွမ်းအားမှာ ဟယ်အာနတ်ဘုရား၏ စွမ်းအားနှင့် ဆင်တူပေသည်။ သူတို့သည် သုခနှင့် ပျော်ရွှင်မှုများကို သုံးကာ ကောင်းမင်ကို ထုံထိုင်းသွားအောင် လုပ်ခဲ့ကြသည်။ သူ၏ စိတ်ပျက်အားငယ်မှုများကို ချိတ်ပိတ်ရန် မှတ်ဉာဏ်များကို သိမ်းယူခဲ့ကြသည်။ ထိုစွမ်းအားသည် ကောင်းမင်အား အမှန်တရားကို မသိစေချင်ပေ။

“အရာအားလုံးက ကံကြမ္မာရဲ့ ဇာတ်ညွှန်းအတိုင်း ဖြစ်ရမှာလား၊ လူသားတွေမှာ လွတ်လပ်ခွင့် မရှိဘူးလား ၊ အဲ့ဒါ မင်းတို့ ဖြစ်စေချင်တဲ့ ဆန္ဒသက်သက်ပဲကွ”

လိမ်ညာခံထားရသော နာကျင်မှုများက သူ့နှလုံးသားထဲသို့ စီးဝင်လာလေသည်။ သို့သော်လည်း သူ၏ ဒေါသသည် ပျော်ရွှင်မှုများအောက်တွင် အသံတိတ်သွားသည်။ ကောင်းမင်သည် ပျော်ရွှင်မှုကိုသာ ခံစားနေရသည်။

“ဒီလိုမျိုး နေထိုင်ရတာ မကောင်းဘူးလား ၊ ပျော်ပျော်ရွှင်ရွှင် နေပါ ၊ ရန်ပွဲတွေ မရှိဘူး၊ စိုးရိမ်စရာတွေလည်း မရှိဘူး”

ဘုန်းကြီးနှစ်ပါးက ကောင်းမင်ကို ဖျောင်းဖျရန် ကြိုးစားနေကြသည်။

“ဒါက အကောင်းဆုံး ရှင်သန်နည်းပဲ ၊ နောက်ဆုတ်လိုက်ခြင်းနဲ့ ရှေ့တက်ပါ ၊ အရာအားလုံးကို အောင်မြင်အောင် ဘာမှ မလုပ်ပဲ နေလိုက်စမ်းပါ”

“ပြီးတော့ အရာအားလုံးကို နတ်ဘုရားလို့ခေါ်တဲ့သူတွေနဲ့ ခန့်မှန်းရခက်တဲ့ ကံကြမ္မာဆီ ပုံအပ်လိုက်ရမှာလား ၊ ရယ်စရာပဲ ၊ မင်းတို့ဆီမှာ သူရဲဘောကြောင်တာကိုပဲ ငါမြင်ရတယ်၊ လူတိုင်းက မင်းတို့ ဖြစ်စေချင်သလို လုပ်နေကြမယ်ဆိုရင် လူတိုင်း နတ်ဘုရားတွေလက်ထဲက ကစားစရာတွေ ဖြစ်ကုန်မှာပဲ ၊ အိပ်မက်ချိုးဖျက်မြို့ထဲက လူတွေက သရဲနဲ့ နတ်ဆိုးတွေရဲ့ ကစားပွဲထဲက နယ်ရုပ်တွေ ဖြစ်နေတာ မဆန်းပါဘူး ၊ ငါ နားလည်သွားပြီ ၊ ကံကြမ္မာဆိုတာ ငါ့လက်ထဲမှာပဲ ရှိရမယ်၊ မဟုတ်ရင် ငါလည်း ဒီမြို့ထဲက တိရစ္ဆာန်တွေလိုပဲ ဖြစ်သွားလိမ့်မယ်”

ကောင်းမင် သူ့အတွေးများကို စုစည်းလိုက်သည်။ သူသည် အတုအယောင် သုခများကို မလိုချင်ပေ။ သူ့ကံကြမ္မာကို သူ့လက်ထဲတွင်သာ ဆုပ်ကိုင်ထားချင်သည်။

သူ့အိပ်မက်ဆိုးထဲမှ သရဲများက ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ကြသည်။ ကောင်းမင်သည် ဟယ်အာနတ်ဘုရား ပေးအပ်ထားသော ပျော်ရွှင်မှုများကို ဆွဲဖြဲပစ်လိုက်သည်။ သားစားကြူးနတ်ဘုရားက သော့ခလောက်ဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်၏။ စိတ်ပျက်အားငယ်မှုများ သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းသွားတော့သည်။

နောက်ဆုံးတွင် ဘုန်းကြီးနှစ်ပါး၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။ အကယ်၍ သူတို့ ကျိန်ဆဲနိုင်မည်ဆိုပါက ကောင်းမင်ကို အားရပါးရ ကျိန်ဆဲနေကြပေလိမ့်မည်။ သူတို့ အပင်ပန်းခံ ဖန်တီးထားသော ပျော်ရွှင်မှုများမှာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားခဲ့ရပြီဖြစ်သည်။ ကောင်းမင်သည် သူတို့အား စိတ်ပျက်အားငယ်မှုထဲသို့ ဆွဲသွင်းလိုက်သည်။ မည်သည့် ပျော်ရွှင်မှုကမှ ကောင်းမင်၏ ဒဏ်ရာရနေသော နှလုံးသားကို မကုသနိုင်ပေ။

ကောင်းမင်၏ နှလုံးသားထဲရှိ လျှို့ဝှက်ခန်းသည် အက်ကြောင်းများ ပိုမိုများပြားလာတော့သည်။ အိပ်မက်ဆိုးများသည် ဆယ်မီတာကျော်အကွာအဝေးအထိ စီးထွက်လာသည်။ ယင်းက ဘုန်းကြီးနှစ်ပါးကို အပြည့်အဝလွှမ်းခြုံသွားသည်။ ဟယ်အာနတ်ဘုရား၏ မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်များက စတင်ပုပ်သိုးလာသည်။ ပျော်ရွှင်မှု အရှိန်အဝါများ ကုန်ဆုံးသွားသည်နှင့်အမျှ သူတို့သည် ထိခိုက်မှုကို ကောင်းမင်ထံသို့ ရောင်ပြန်ဟပ်ခြင်း မပြုနိုင်တော့ပေ။ အခက်ခဲဆုံး ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ သားစားကြူးနတ်ဘုရား၏ လက်များက ဘုန်းကြီးနှစ်ပါး၏ ဗိုက်များကို ထိုးဖောက်သွားပြီး သူတို့၏ နှလုံးသားများကို ဝါးမြိုလိုက်တော့သည်။

နတ်ဘုရားပုံရိပ်မှာ အစစ်အမှန်နီးပါး ထင်ရှားလာလေသည်။ သို့သော်လည်း ပျော်ရွှင်မှုများ ကုန်ဆုံးသွားသောအခါ ကောင်းမင်သည် စိတ်ပျက်အားငယ်မှုများကြောင့် တစ်ပိုင်းတစ်စ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားသည်။ သူသည် လက်တွေ့လောကတွင် ရှိနေသလား၊ အိပ်မက်ထဲတွင် ရှိနေသလားကို မပြောတတ်တော့ပေ။ သူ၏နှလုံးသားထဲတွင် မျာားစွာသော မှတ်ဉာဏ်အပိုင်းအစများ ရှိနေသဖြင့် ထိုလောကနှစ်ခုကို မခွဲခြားနိုင်တော့ချေ။

“ကောင်းမင်၊ ကောင်းမင်”

ဖူရှုက အော်ဟစ်လိုက်သည်။

“ပိုင်ဖုန်းကို ကယ်ဦးလေ ၊ မင်း ဘာလို့ ဒီကို ရောက်နေတာလဲဆိုတာ သတိရစမ်း ၊ အဲ့ဒါကို မေ့လို့မရဘူးနော်”

သူသည် ကောင်းမင် မပြီးမြောက်သေးသော တာဝန်များနှင့် သူတို့ ကြုံတွေ့ခဲ့ရသည်များကို ပြန်ရွတ်ပြတော့သည်။ ကောင်းမင်၏ မျက်နှာတွင် နာကျင်မှုများ လျော့ပါးသွားသောအခါမှသာ သူစိတ်သက်သာရစွာ သက်ပြင်းချနိုင်တော့သည်။ အိပ်မက်ဆိုးသည် ထိန်းချုပ်မှု လွှတ်မသွားဘဲ စတင် ကျုံ့ဝင်လာသည်။ ယဇ်ပလ္လင်တံခါးများ ပိတ်သွားသည်။

ကောင်းမင်၏ ဝမ်းဗိုက်တွင် ကြီးမားသော ဟက်တက်ကွဲရာကြီးတစ်ခု ရှိနေသော်လည်း ၎င်းမှာ ပြန်လည်သက်သာနေပြီ ဖြစ်သည်။ ကောင်းမင်၏ ပုံစံသည် ကြောက်မက်ဖွယ်ကောင်းနေသော်လည်း သူသည် ကြီးမားသော ဆုလာဘ်များကို ရရှိခဲ့သည်။ သူသည် အိပ်မက်လွှတ်ခြင်းအတတ်ကို ကောင်းစွာ ကျွမ်းကျင်သွားခဲ့သည်။ဧရိယာလွှမ်းမိုးနိုင်စွမ်းမှာ ဆယ်မီတာအထိ တိုးတက်လာခဲ့သည်။ သူသည် ထိုနယ်ပယ်အတွင်းရှိနေသရွေ့ အိပ်မက်ချိုးဖျက်မြို့၏ စည်းမျဉ်းများဖြင့် လွှမ်းမိုးခံရမည်မဟုတ်ပေ။

“နောက်တစ်ခါ မင်းစိတ်လွတ်သွားရင် ငါ မင်းကို ထိန်းကျောင်းပေးနိုင်အောင် မင်း ဂရုစိုက်ရတဲ့အရာတွေနဲ့ လူတွေအကြောင်း ငါ့ကို ပြောပြထားသင့်တယ် ၊ ငါ မင်းရဲ့ ကျောက်ဆူးဖြစ်ပေးနိုင်တယ်”

ဖူရှုက ကြောက်ရွံ့စွာ ပြောလိုက်သည်။

“ခင်ဗျားအသံက အရမ်းပညာရှိဆန်တာပဲ”

ကောင်းမင်က ခေါင်းခါလိုက်သည်။ ဖူရှုမှာ စေတနာဖြင့် ပြောခြင်းဖြစ်သည်ကို သူသိသော်လည်း အချို့အရာများကိုမူ သူတစ်ဦးတည်းသာ သိမ်းဆည်းထားချင်ပေသည်။ ကောင်းမင်သည် သားသတ်သမား၏ ဓားကို ကိုင်၍ ရှီဘုရားကျောင်းတံခါးကို ဖွင့်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူ့ကို တားဆီးမည့်သူ မရှိတော့ပေ။

အနီရောင်တံခါး၏ နောက်ကွယ်တွင် ထူးဆန်းသော ဖဲကြိုးများနှင့် စက္ကူများ ချိတ်ဆွဲထားသည့် ထူးဆန်းသော ကျောင်းဆောင်တစ်ခု ရှိနေလေသည်။ သာမန်ကျောင်းဆောင်များတွင် နတ်ဘုရားရုပ်ထုများ၊ ယဇ်ပလ္လင်များနှင့် ဝတ်ပြုသူများ ရှိသော်လည်း ဤကျောင်းဆောင်တွင်မူ ငြိမ်းသတ်ထားသော မီးအိမ် ၂၄ လုံးသာ ရှိသည်။ နံရံများတွင် လူသားတို့၏ ဇာတာခွင်များ ပါဝင်သော မင်္ဂလာဖိတ်စာများကို ကပ်ထား၏။

“ဖိတ်စာတစ်စောင်ချင်းစီက အိပ်မက်တစ်ခုနဲ့ သက်ရှိလူသားတစ်ယောက်ရဲ့ ဦးနှောက်ကို ကိုယ်စားပြုတာပဲ”

ဖူရှုက နူးညံ့စွာ ညည်းတွားလိုက်သည်။

“ရှီနတ်ဘုရားက ဒီအိပ်မက်တွေထဲမှာ နစ်ဝင်နေပြီး သူတို့ရဲ့ ပျော်ရွှင်မှုတွေကို စုပ်ယူနေတာ၊ သူက အဲ့ဒီ လှပတဲ့ အိပ်မက်တွေကို အိပ်မက်ဆိုးတွေအဖြစ် ပြောင်းလဲပစ်နေတာပဲ”

All Chapters