← Chapters

အလွန်အမင်း ပျော်ရွှင်မှု

Vol. 39 Ch. 582

အလွန်အမင်း ပျော်ရွှင်မှု

Vol. 39 Ch. 582

ဘုရားကျောင်းအတွင်းပိုင်းသည် လာရောက်လည်ပတ်သူများ စိတ်အေးချမ်းသွားစေမည့် ပုံစံမျိုးဖြင့် အလှဆင်ထားသည်။

“ဂရုစိုက်ဦး”

ဖူရှုက သတိကြီးစွာဖြင့် ပြောလိုက်သည်။

“အိပ်မက်ချိုးဖျက်မြို့မှာ ရှိသမျှအရာအားလုံးက ပြယုဂ်တွေချည်းပဲ ၊ နံရံပေါ်က ဖိတ်စာတွေကို ကြည့်လိုက် ၊ လက်တွေ့မှာတော့ အဲ့ဒါတွေက လူနာတစ်ယောက်ရဲ့ ဦးနှောက် ဖြစ်နိုင်တယ် ၊ ငြိမ်းနေတဲ့ မီးအိမ်တွေက ရှီနတ်ဘုရားနဲ့ ပတ်သက်တဲ့ ရက်စက်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်နိုင်တယ်”

ကောင်းမင်က ခေါင်းအသာ ငြိမ့်ပြလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ထူးခြားသည့်အရာ ဘာမှမရှိပေ။ သို့သော်လည်း ဖယောင်းတိုင်များမှာ ငြိမ်းသေနေပြီး အနီရောင်အလှဆင်ပစ္စည်းအားလုံးသည် သွေးရောင်ရင့်ရင့်သို့ ပြောင်းလဲနေသည်။ ကောင်းမင်သည် ပိုးဖဲကြိုးများ ဖုံးလွှမ်းနေသော သစ်သားလှေကားအတိုင်း တက်သွားလိုက်သည်။ အန္တရာယ်ရှိသော နတ်ဆိုးများ ပေါ်မလာခဲ့ပေ။ သူသည် ဒုတိယထပ်သို့ လွယ်လွယ်ကူကူပင် ရောက်ရှိသွားခဲ့သည်။

ဘုရားကျောင်း၏ မျက်နှာကြက်တွင် သန့်ရှင်းမြင့်မြတ်သော သူတော်စင်ပုဂ္ဂိုလ်တို့၏ ပုံများကို ရေးဆွဲထားသည်။ အသက်အရွယ်မရွေး၊ ကျားမမရွေး လူပေါင်းစုံ ပါဝင်သည်။ သူတို့သည် ယခင်က ရှီနတ်ဘုရား၏ ကောင်းချီးပေးခြင်းခံခဲ့ရသော ခန္ဓာကိုယ်အခွံများ ဖြစ်ပုံရသည်။ သူတို့ အသက်ရှင်စဉ်က ပြင်းထန်စွာ ရုန်းကန်ခဲ့ရသော်လည်း သေဆုံးပြီးနောက်တွင်မူ သုခဘုံသို့ ရောက်ရှိသွားကြသည်။ သူတို့ သေဆုံးချိန်တွင် သူတို့မျက်နှာပေါ်၌ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုများသာ ရှိနေခဲ့သည်။

“သူတို့ကို အကြာကြီး မကြည့်နဲ့”

ဖူရှုက ခပ်တိုးတိုး သတိပေးလိုက်သည်။

“ပန်းချီကားတွေက လှုပ်ရှားနေတာ ၊ မင်း သူတို့ကို ကြည့်နေတဲ့အချိန်မှာ သူတို့ကလည်း မင်းကို ပြန်ကြည့်နေကြတယ် ၊ သူတို့က မင်းကို ပန်းချီကားထဲ ဆွဲသွင်းသွားနိုင်တယ် ၊ ဒီဘုရားကျောင်းက ဒီအိပ်မက်ဆိုးထဲမှာ ကြောက်စရာအကောင်းဆုံး နေရာအနည်းငယ်ထဲက တစ်ခုပဲ ၊ မင်းမိတ်ဆွေကို ရှာပြီးတာနဲ့ ချက်ချင်း ထွက်ကြမယ်”

ပန်းချီကားထဲတွင် နာကျင်မှုကင်းမဲ့သော ကမ္ဘာတစ်ခုကို ပုံဖော်ထားသည်။ ထိုနေရာတွင် ပျော်ရွှင်မှုနှင့် သုခများသာ ရှိပေသည်။

“ပထမထပ်ရဲ့ နံရံတွေမှာ မင်္ဂလာဖိတ်စာတွေ ဖုံးလွှမ်းနေတယ် ၊ ဖိတ်စာတစ်စောင်စီက အိပ်မက်ဆိုးတစ်ခုစီကို ကိုယ်စားပြုတယ် ၊ ဒုတိယထပ်မှာတော့ နိဗ္ဗာန်ဘုံရဲ့ ပန်းချီကားတွေနဲ့ ပြည့်နေတယ် ၊ ပထမထပ်ကနေ စုပ်ယူထားတဲ့ ဝိညာဉ်တွေကို ဒီပန်းချီကားတွေထဲမှာ ပိတ်လှောင်ထားတာလား”

ကောင်းမင် အနီးကပ် ကြည့်လိုက်သည်။ ပန်းချီကားထဲမှ နတ်သမီးလေးများမှာ ချစ်စဖွယ်ကောင်းပြီး ကျော့ရှင်းလှပသည်။ ကောင်းမင် သူတို့ကို ကြည့်နေသည်ကို သိသွားသောအခါ သူတို့က ကောင်းမင်အား သူတို့နှင့်အတူ ပူးပေါင်းရန် ဖိတ်ခေါ်သည့်အလား လက်ယမ်းပြနေကြသည်။

ပန်းချီကားများသည် ပျော်ရွှင်မှု ရေတံခွန်ကြီးအလား ခံစားရသည်။ လောကီသုခများက ကောင်းမင်ထံသို့ လျှံတက်လာတော့သည်။ ဖူရှုပင်လျှင် သက်ရောက်ခံလိုက်ရသည်။ သူသည် အမုန်းတရားများကို ဖြည်းဖြည်းချင်း မေ့လျော့လာ၏။သူ့မျက်လုံးများသည် ကြင်နာမှုများဖြင့် နူးညံ့လာလေသည်။ သူ၏သမီးငယ်လေးက သူ့ဆီသို့ တလှုပ်လှုပ်နှင့် လျှောက်လာသည်ကို သူ မြင်နေရသည်။ ဖူရှုသည် သမီးဖြစ်သူ၏ အမည်ကို တိုးတိုးလေးရေရွက်လိုက်မိသည်။ သူ ဒီနေရာသို့ လာရသည့် ရည်ရွယ်ချက်ကို မေ့သွားခဲ့ချေပြီ။ သူသည် အိမ်ပြန်ချင်ရုံသာ ရှိတော့သည်။ သူ့အိမ်က သူ့ကို စောင့်ကြိုနေသည်။ ဇနီးသည်နှင့် တင်းမာလှသော ဖခင်ဖြစ်သူတို့က ထိုနေရာတွင် ရှိနေကြသည်။သူတို့သည် သူ့အား ကြိုဆိုနေကြလေသည်။

“အိမ်ပြန်လာခဲ့ပါတော့...”

သူ့ဝိညာဉ်သည် ရုပ်ခန္ဓာ၏ အနှောင်အဖွဲ့မှ လွတ်မြောက်သွားတော့သည်။သူသည် သူ့အိမ်အတွင်းသို့ လှမ်းဝင်တော့မည့် အချိန်မှာပင် မိုးကုတ်စက်ဝိုင်းမှ အနက်ရောင် ရေလှိုင်းကြီးများ ပြေးဝင်လာလေသည်။ ပုပ်အဲ့အဲ့အနံ့အသက်များက သူ၏အိမ်လေးကို တိုက်စားသွားပြီး သူ့မိသားစုကိုပါ ဆွဲချသွားတော့သည်။ သူ့သမီးငယ်လေးမှာ လှိုင်းလုံးများကြားတွင် ငိုကြွေးနေသည်။ ဇနီးဖြစ်သူက သူ့အမည်ကို အော်ခေါ်နေသည်။ ပျော်ရွှင်မှုက နာကျင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် မိသားစုကို ကယ်တင်ရန် ရေထဲသို့ ခုန်ချမည် ပြုလိုက်သည်။

ရုတ်တရက် လှောင်ပြောင်သံတစ်ခုက သူ့နားထဲ တိုးဝင်လာသည်။

“ခင်ဗျားရဲ့ ခြေထောက်တွေကို မသေဆေးကုမ္ပဏီက ခုတ်ဖြတ်ထားခဲ့တာလေ၊ ခင်ဗျား သူတို့ကို ဘယ်လိုကယ်မလို့လဲ”

ဖူရှု ချက်ချင်း နိုးကြားသွားသည်။ သူ၏ နဖူးပေါ်တွင် ချွေးအေးများ စီးထွက်နေလေသည်။ သူ့လည်ပင်းမှာ ထူးဆန်းသော ထောင့်ချိုးတစ်ခုသို့ ကွေးညွှတ်နေပြီး သူ့ဝိညာဉ်မှာလည်း လွတ်ထွက်တော့မည့်အလား ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

သူ ကောင်းမင်ကို ကြည့်လိုက်သည်။သူ့အကြည့်များက ကောင်းမင်၏ လက်မောင်းနှင့် ဗိုက်ပေါ်ရှိ ဒဏ်ရာများဆီသို့ ရောက်ရှိသွားသည်။ ဤအရူးသည် သူ၏ထင်ယောင်ထင်မှား ဖြစ်မှုထဲတွင် ပေါ်လာသော လူကို မထိခိုက်စေချင်သောကြောင့် မိမိကိုယ်ကိုသာ ထိခိုက်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ကောင်းမင်သည် မိမိကိုယ်ကို ပြန်နိုးစေခဲ့ခြင်း ဖြစ်သည်။

“ပန်းချီကားထဲမှာ... မင်း ဘယ်သူ့ကို မြင်ခဲ့တာလဲ”

ဖူရှု နားမလည်နိုင်ဖြစ်သွားသည်။ ကောင်းမင်ကဲ့သို့ ရက်စက်ကြမ်းတမ်းသူတစ်ဦးကို ထင်ယောင်ထင်မှားဖြစ်ရပ်ထဲတွင် စိတ်လှုပ်ရှားသွားအောင် လုပ်နိုင်သည့်သူက မည်သူဖြစ်နိုင်မည်နည်း။

“ခင်ဗျားနဲ့ မဆိုင်ပါဘူး”

ကောင်းမင်၏ မျက်လုံးများမှာ ကြောက်မက်ဖွယ် ကောင်းနေလေသည်။ သူ၏ အင်္ကျီလက်အတွင်းမှ ယဇ်ပလ္လင်က ပွင့်လာပြီး သားသတ်သမား၏ ဓားမှာ ပန်းချီကားဆီသို့ ချိန်ရွယ်လိုက်သည်။ နိဗ္ဗာန်ပင်လယ်ကြီးက ပိုင်းဖြတ်ခံလိုက်ရသည်။ ရှီနတ်ဘုရား၏ ပူးကပ်ခြင်းခံထားရသော အခွံများသည် မှိန်ဖျော့သွားသည်။ သူတို့သည် စစ်မှန်သော ပျော်ရွှင်မှုကို ရရှိထားကြခြင်း မဟုတ်ပေ။ ဤလောကတွင် ထာဝရသုခဆိုသည်မှာ မရှိချေ။

“တကယ်လို့ ရှင်တို့ရဲ့ ပျော်ရွှင်မှုတွေကို လဲလှယ်ခဲ့ကြတယ်ဆိုရင် ဒါကို စီးပွားရေး အရောင်းအဝယ်လို့ပဲ ခေါ်ရမှာပေါ့၊ ဟုတ်တယ်မလား”

ကောင်းမင်သည် ပန်းချီကားများကို ဖျက်ဆီးရန် ပြင်လိုက်စဉ် ပန်းချီကားများအတွင်းမှ အနီရောင်ကြိုးများ စတင်ပြန့်ကားလာသည်။ ထိုအသက်ဝင်နေသော ကြိုးများက မင်္ဂလာဝတ်စုံတစ်ခုအဖြစ် ပြောင်းလဲသွား၏။ အလွန်အမင်း ပျော်ရွှင်မှုများကြားမှ သာမန်အမျိုးသမီးတစ်ဦး လမ်းလျှောက်ထွက်လာလေသည်။ ထိုအမျိုးသမီးမှာ ထူးခြားသည့် လေထုတစ်ခုကို သယ်ဆောင်လာသော ရေဆေးပန်းချီကားတစ်ချပ်နှင့် တူပေသည်။ သူမတွင် ပြောပြစရာ ပုံပြင်များစွာ မရှိသော်လည်း သူမကိုယ်တိုင်က ပျော်ရွှင်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

သူမသည် ဖီးနစ်သရဖူနှင့် အနီရောင်မျက်နှာဖုံးပုဝါကို ဆင်မြန်းထားသည်။ အနီရောင် ပန်းထိုးဝတ်ရုံနှင့် ရောင်စုံပဝါကို ဝတ်ဆင်ထားသည်။ သူမ၏ ဖြူဖွေးသော လက်များတွင် ငွေရောင်အလှဆင်ပစ္စည်းများစွာ ဝတ်ဆင်ထား၏။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင်မူ အနီရောင်ဝတ်စုံနှင့် အနီရောင် ပိုးဖိနပ်များ ဖုံးလွှမ်းနေသည်။

အနီရောင်သည် ပွဲတော်အထိမ်းအမှတ်အဖြစ် တောက်ပနေသင့်သည်။သို့သော်လည်း ဤအမျိုးသမီးဝတ်ထားသော အနီရောင်မှာ ထူးခြားမှု ခံစားနေရသည်။ ၎င်းသည် နူးညံ့ပြီး ကြင်နာပုံရသော်လည်း သေချာကြည့်လျှင်မူ အေးစက်ပြီး အန္တရာယ်ရှိနေသည်ကို တွေ့ရမည်။

“သတိထား ၊ အဲ့ဒါ မဒမ်ရှီပဲ”

ဖူရှု၏ အသံက ပြောင်းလဲသွားသည်။ သူသည် သူမကို အလွန်အမင်း ကြောက်ရွံ့နေသည်မှာ သိသာလှသည်။ သူမသည် ရှက်သွေးဖြာနေသော သတို့သမီးတစ်ဦးနှင့် တူသော်လည်း ဖူရှု၏ မျက်လုံးထဲတွင်မူ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။

“သခင်လေးဖူ... ကျွန်မတို့က ဇနီးမောင်နှံတွေလေ ၊ ရှင့်ရဲ့ စကားတွေက ကျွန်မရဲ့ နှလုံးသားကို အေးစက်သွားစေတယ်”

သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခုသည် ခြုံလွှာအောက်မှ ထွက်ပေါ်လာသည်။ မဒမ်ရှီ၏ အသံသည် အံ့ဩစရာကောင်းလှ၏။သူမသည် သူမ၏ ရုပ်ရည်ကို မပြဘဲနှင့်ပင် အသံဖြင့် အမျိုးသားများစွာကို သူမ၏ခြေရင်းတွင် ဝပ်စင်းတွားသွားအောင် လုပ်ဆောင်နိုင်ပေသည်။

“သူ့ စကားကို နားမယောင်နဲ့၊ သူ့ကိုလည်း မကြည့်နဲ့ ၊ မဒမ်ရှီကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းက သူ့ကို တိုက်ရိုက်သတ်ဖြတ်ပြီး ဆက်သွယ်မှုမှန်သမျှကို ဖြတ်တောက်လိုက်ဖို့ပဲ ၊ သူက မင်းရဲ့ စိတ်ဓာတ်ကို လှုပ်ခါအောင် လုပ်လိမ့်မယ်”

ဖူရှုသည် သူ့နားများကို မပိတ်နိုင်သောကြောင့် သူ၏အတွေ့အကြုံများကို ကောင်းမင်အား ပြောပြလိုက်သည်။

“သခင်လေးဖူ... ရှင်က တကယ်ကို နှလုံးသားမဲ့တာပဲ ၊ ကျွန်မတို့ အတူတူ ခံစားခဲ့ကြတဲ့ ပျော်ရွှင်မှုတွေကို ရှင်မေ့သွားပြီလား...”

“မြန်မြန်လုပ်၊ သူ့ကို အခု သတ်လိုက်တော့”

ဖူရှုက အော်ဟစ်လိုက်သည်။

“ငါ အခုလို ဖြစ်သွားရတာ သူ့ကြောင့်ပဲ ၊ အိပ်မက်ချိုးဖျက်မြို့မှာ ငါဒီဇိုင်းမဆွဲထားတဲ့ ရွာသားအနည်းငယ် ရှိတယ် ၊ မဒမ်ရှီက အဲ့ဒီထဲက တစ်ယောက်ပဲ ၊ သူက ငါ့ကို ထောင်ဖမ်းဖို့နဲ့ မူမမှန်မှုတွေအားလုံးကို ရှင်းပစ်ဖို့ ပေါ်လာခဲ့တာပဲ”

ကောင်းမင်သည် သူကိုယ်တိုင်လည်း မူမမှန်မှုတစ်ခု ဖြစ်သောကြောင့် တွန့်ဆုတ်မနေတော့ပေ။

“ကျွန်မတို့က ဇနီးမောင်နှံတွေ ဖြစ်ခဲ့ကြပေမဲ့ အခုတော့ ရန်သူတွေ ဖြစ်သွားကြပြီပေါ့ ၊ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ”

မဒမ်ရှီက တည်တည်ငြိမ်ငြိမ်နှင့် ဖြည်းညင်းစွာ စကားပြောလိုက်သည်။ သူမ၏ လက်ချောင်းများက ကောင်းမင်ဆီသို့ အသာအယာ ချိန်ရွယ်လိုက်သည်။

“လူသားတွေမှာ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ချမ်းမြေ့ခြင်း၊ ပူဆွေးခြင်း၊ အံ့သြခြင်းနဲ့ ကြောက်ရွံ့ခြင်းဆိုတဲ့ စိတ်ခံစားမှု ခုနစ်မျိုး ရှိတယ် ၊ ပျော်ရွှင်ခြင်းက ပထမနေရာမှာ ထားတယ် ၊ ပျော်ရွှင်ခြင်း မရှိရင် ကျန်တဲ့စိတ်ခံစားမှုခြောက်မျိုးက လွတ်မြောက်သွားလိမ့်မယ်”

ကောင်းမင်သည် သူ့ခန္ဓာကိုယ်မှာ အလိုလိုတုန်ယင်လာသည်ကို သတိပြုမိလိုက်သည်။ တစ်စုံတစ်ခုက သူ၏ကြွက်သားများနှင့် သွေးများအတွင်း တွားသွားနေပုံရသည်။ ခေတ္တအကြာတွင် ကြီးမားလှသော မျက်မမြင် ကျားကြီးတစ်ကောင် ကောင်းမင်၏ပုခုံးပေါ်မှ ခုန်ထွက်လာလေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံက အနီးရှိ ဖဲကြိုးများကို အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေသည်။ ထို့နောက် ကောင်းမင်၏ ခြေထောက်များမှ မြွေအမြီးနှစ်ခု ကြီးထွားလာသည်။၎င်းတို့က သူမလှုပ်ရှားနိုင်အောင် သူ၏ခန္ဓာကိုယ်ကို တုတ်နှောင်လိုက်တော့သည်။

“ကျန်တဲ့ စိတ်ခံစားမှု သုံးမျိုးလည်း ထွက်လာတော့မယ် ၊ ပျော်ရွှင်ခြင်း မရှိတော့ရင် လူသားတွေဟာ မီးခိုးရောင်ဖရိုဖရဲတွေထဲမှာ သေဆုံးသွားလိမ့်မယ် ၊ အိပ်မက်ချိုးဖျက်မြို့ဟာ ရှီနတ်ဘုရားမရှိဘဲ မရှင်သန်နိုင်ဘူး ၊ ရှီနတ်ဘုရား ပြန်မလာနိုင်ရင် ဒီမြို့ဟာ ကျိနတ်ဘုရားတွေနဲ့ ယုံနတ်ဘုရားတွေရဲ့ ဖျက်ဆီးတာကို ခံရလိမ့်မယ် ၊ အဲ့ဒီနေရာကို ဝမ်းနည်းခြင်းနဲ့ သေခြင်းတရားတွေ စိုးမိုးသွားလိမ့်မယ်”

မဒမ်ရှီက ဖူရှုဘက်သို့ လှည့်ကြည့်လိုက်သည်။

“သခင်လေးဖူ... ရှင် သူ့ကို ဒါတွေ မပြောပြထားဘူးလား”

All Chapters