ပွဲဖျက်သူ
Vol. 39 Ch. 583
“ကောင်းမင် ၊ သူ့စကားကို နားမထောင်နဲ့ ၊ မင်းရဲ့ ပျော်ရွှင်မှုက မင်းဆီကပဲလာတာ ၊ ရှီနတ်ဘုရားဆီက လာတာ မဟုတ်ဘူး၊ သူ မင်းဆီကနေ အဲ့ဒါကို လုယူလို့ မရဘူး”
ဖူရှုက ကောင်းမင်ဘက်ကနေ ရပ်တည်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် အရာအားလုံးကို ကောင်းမင်အပေါ်မှာပဲ ပုံအော လောင်းကြေးထပ်လိုက်ပြီ ဖြစ်သည်။ သူက သူရဲဘောကြောင်သူတစ်ယောက်အဖြစ် ဆက်မနေတော့ဘဲ မဒမ်ရှီကို အော်ဟစ်လိုက်သည်။
ကောင်းမင်၏ အရေပြားများ စုတ်ပြဲသွားပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကြားမှ စကားမပြောနိုင်သော ငှက်တစ်ကောင် ပျံထွက်လာသည်။ ထိုအရာက သူ၏ ပျော်ရွှင်ခြင်းပင် ဖြစ်သည်။
“ဒေါသထွက်နေတဲ့ ကျားက မျက်မမြင်ဖြစ်နေသလို နင့်ရဲ့ ပျော်ရွှင်ခြင်းကလည်း စကားမပြောနိုင်ဘူး၊ နင့်ရဲ့ ကြောက်ရွံ့ခြင်းက နင့်ကိုလှုပ်ရှားလို့မရအောင် ချုပ်နှောင်ထားတဲ့ မြွေတွေအဖြစ် ပြောင်းလဲသွားပြီ ၊ နင့်ရဲ့ အတိတ်က တကယ့်ကို ဝမ်းနည်းစရာ ကောင်းတာပဲ”
မဒမ်ရှီသည် ဘေးလူတစ်ယောက်အလား အခြေအနေကို မှတ်ချက်ပေးလိုက်သည်။
ဒဏ်ရာများက ပိုမိုကျယ်ပြန့်လာ၏။ စိတ်ခံစားချက်များမှ အသွင်ပြောင်းလာသော မကောင်းဆိုးဝါးများသည် ကောင်းမင်ကို ဆွဲဖြဲရန် ကြိုးစားနေကြသည်။ သူ့ရင်ဘတ်အတွင်းမှ ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။ ချိုပါသော ရေနဂါးနှစ်ကောင်က ကောင်းမင်၏ နံရိုးများကို ရိုက်ချိုးလိုက်သည်။ တစ်ကောင်က ဝမ်းနည်းခြင်း အရှိန်အဝါများ ထွက်ပေါ်နေပြီး ပုံပျက်ပန်းပျက် သန္ဓေပြောင်းနေလေသည်။ အခြားတစ်ကောင်မှာမူ အသားနှင့် အကြေးခွံများ ဖုံးလွှမ်းနေပြီး ပူဆွေးတမ်းတခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။
“ရေနဂါးတွေလား”
ထိုကဲ့သို့ ပြယုဂ်သတ္တဝါများ ပေါ်ထွက်လာသဖြင့် မဒမ်ရှီ အံ့အားသင့်သွားသည်။ ကျားကြီးတစ်ကောင်တည်းကပင် ကောင်းမင်၏ ကန့်သတ်ချက်ဖြစ်လိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်းဖြစ်သည်။
ကောင်းမင်၏ နှလုံးသားထဲမှ ဝမ်းနည်းခြင်းနှင့် ပူဆွေးခြင်းများ တွားသွား ထွက်ပေါ်လာသည်ကို မြင်သောအခါ မဒမ်ရှီက သူမ၏ ခြုံလွှာအောက်မှ ခေါင်းကို ခါယမ်းလိုက်သည်။ သူမ၏ လက်ညှိုးက ဖြည်းညင်းစွာ ပြန်ကျသွား၏။
အခြေအနေများသည် သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေပြီ ဖြစ်သည်။ နဂါးနှစ်ကောင်နောက်တွင် အခြားအရာတစ်ခု ရှိနေသေးသည်ကို သူမသတိပြုမိလိုက်သည်။ ထိုအရာက ကောင်းမင်၏ ရင်ဘတ်အတွင်းမှနေ၍ သူမကို စိုက်ကြည့်နေခြင်း ဖြစ်သည်။
“သန္ဓေပြောင်းနေတဲ့ စိတ်ခံစားချက်တွေက နင့်ရဲ့ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်သင့်တာ ၊ ဒါပေမဲ့ နင့်အသားတွေက ခိုင်ခံ့တဲ့ လှောင်အိမ်တစ်ခုလို ဖြစ်နေတုန်းပဲ ၊ နင့်ခန္ဓာကိုယ်က စိတ်ခံစားချက်တွေကို အတင်းအကျပ် ထိန်းချုပ်ထားဖို့ ကြိုးစားနေတာပဲ ၊ နင့်ရဲ့ ရင်ဘတ်ထဲမှာ ဘာတွေ ပုန်းကွယ်နေတာလဲ”
မဒမ်ရှီ၏ အသံမှာ အလွန် ချိုသာလှသည်။ယင်းသည် လူများကို အလိုလိုအဖြေပေးချင်စိတ် ပေါက်လာစေသည်။
ကောင်းမင်၏ အခြေအနေမှာမူ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။သူသည် မဒမ်ရှီက လက်ညှိုးလေးတစ်ချက် လှုပ်ရုံဖြင့် လူများကို ကြောက်မက်ဖွယ်ကောင်းစွာ သတ်ဖြတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ စိတ်ခံစားမှုများတွင်လည်း ဤမျှ ပြင်းထန်လှသော စွမ်းအားများ ကိန်းအောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့အပေါ်ရှိ နိဗ္ဗာန်ပန်းချီကားသည် ဆွဲဖွင့်ခံထားရသော သမုဒ္ဒရာကြီးတစ်ခုအလား ဖြစ်နေသည်။ ကောင်းမင်၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေ၏။ သူ့မျက်လုံးများတွင် အဆုံးမဲ့သော ဝမ်းနည်းရိပ်များ ထင်ဟပ်နေလေသည်။သူ၏ သူငယ်အိမ်များမှာ မီးခိုးရောင် ဖြစ်လုနီးပါး ဖြစ်နေတော့သည်။
“အရမ်းနာတယ် ... ဘာလို့ မင်းတို့အားလုံးက ငါ့ကို နာကျင်အောင်ပဲ လုပ်နေကြတာလဲ ၊ ငါ့ကို ပျော်ရွှင်မှုတွေ ပေးရင်တောင် အဲ့ဒါက လွှင့်ပြယ်သွားမယ့် တံလျှပ်တစ်ခုပဲ ၊ ငါ ဘာတွေ မှားခဲ့လို့လဲ ... ဘယ်နေရာမှာ မှားသွားခဲ့တာလဲ”
ကောင်းမင်သည် မဒမ်ရှီကို မဖြေသလို သူမ၏ အတွေးနောက်သို့လည်း လိုက်ပါမသွားပေ။ ကောင်းမင် သားသတ်သမား၏ ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ့သွေးများက ဓားသွားပေါ်သို့ ပန်းထွက်ကုန်သည်။ သွေးများ ခဲသွားသဖြင့် သားသတ်သမား၏ အမှတ်အသားကို ဖုံးလွှမ်းလုနီးပါး ဖြစ်သွားသည်။
ကျားဟိန်းသံက ဘုရားကျောင်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ ထိုအသံသည် အလွန်ကျယ်လောင်လွန်းသဖြင့် အိပ်မက်ချိုးဖျက်မြို့ရှိ နေထိုင်သူများပင် ကြားနိုင်လေသည်။
“ငါ အများကြီး မတောင်းဆိုခဲ့ပါဘူး ၊ ဒါပေမဲ့ ငါပိတ်မိနေတုန်းပဲ ၊ ငါသေပြီးတိုင်း ဒီနေရာကိုပဲ အမြဲတမ်း ပြန်ရောက်လာတယ် ၊ နောက်ထပ် သံသရာတစ်ခု ထပ်စဦးမယ်၊ ငါထွက်ပေါက်ကို ရှာမတွေ့ဘူး၊ငါလမ်းကို ရှာမတွေ့ဘူး”
အတိုင်းအဆမရှိသော အိပ်မက်ဆိုးကြီးသည် ညဉ့်အမှောင်ထုထက်ပင် ပိုမှောင်မိုက်သည်။ အန္တရာယ်များပြီး စေးကပ်နေသော အမှောင်ထုက ကောင်းမင်၏ ရင်ဘတ်အတွင်းမှ စီးထွက်လာသည်။ ယဇ်ပလ္လင်တံခါးများက ကောင်းမင်ကို ပြန်ဖြေရန် ကြိုးစားနေသည့်အလား ပွင့်ဟသွားသည်။ အမှောင်ထုသည် ရှီနတ်ဘုရားကျောင်းပေါ်သို့ မိုးပေါက်များကဲ့သို့ ကျဆင်းလာတော့သည်။ စကားမပြောနိုင်သော ငှက်သည် မရုန်းကန်နိုင်ခင်မှာပင် အမှောင်ဒီရေများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ကောင်းမင်၏ ခြေထောက်ကို ရစ်ပတ်ထားသော မြွေများမှာလည်း တွန့်လိမ်နေကြသည်။ ဒေါသထွက်နေသော ကျားကြီးက ကောင်းမင်၏ ပုခုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး အိပ်မက်ဆိုးအတွင်းသို့ တက်ကြွစွာ ဝင်ရောက်သွားလေသည်။
“စိတ်ခံစားချက်တွေ တည်ငြိမ်သွားတာလား”
ပျော်ရွှင်ခြင်း၏ အကူအညီမပါဘဲ ကောင်းမင်၏ စိတ်ခံစားချက်များက ပြိုကွဲမသွားပေ။ ထိုသားရဲများမှာ ကောင်းမင်၏ အသိစိတ်ထဲမှ ရုန်းထွက်နိုင်ခြင်း မရှိကြပေ။ ဝမ်းနည်းခြင်းနှင့် ပူဆွေးခြင်းကို ကိုယ်စားပြုသော နဂါးနှစ်ကောင်က ထွက်ပြေးရန် ကြိုးစားနေကြသည်။ ကောင်းမင်သည် မြို့ထဲရှိ ယုံနတ်ဘုရားများထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းနေလေသည်။ သူ၏ ဖွေးဆွတ်နေသော နံရိုးများက နဂါးများကို သွားများအလား ကိုက်ခဲထား၏။ ဖူရှုနှင့် မဒမ်ရှီတို့ ရှေ့မှောက်မှာပင် ရှီနတ်ဘုရားကျောင်းထက် ကြီးမားသော ပုံရိပ်ကြီးတစ်ခုက ကောင်းမင်၏ နောက်ကျောတွင် တိတ်တဆိတ် ထွက်ပေါ်လာတော့သည်။
၁၀ မီတာကျော်အထိ ပြန့်ကားလာသော အိပ်မက်ဆိုးကြီးပင် ထိုပုံရိပ်ကို အနိုင်နိုင်ထိန်းထားရသည်။ မျက်နှာလေးခုမှာ မတူညီသော အမူအရာများကို ဖော်ပြနေသည်။ လက်ရှစ်ဖက်က နောက်သို့ ဆန့်ထွက်နေသည်။ လက်နှစ်ဖက်က နဂါးနှစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။ မြွေများက ခြေထောက်များကို ရစ်ခွေသွားသည်။ ပုခုံးနောက်တွင် ဒေါသထွက်နေသော ကျားရှိပြီး တုန်ယင်နေသော ငှက်က နှလုံးသားထဲတွင် ပုန်းအောင်းနေလေသည်။
ကောင်းမင်၏ သန္ဓေပြောင်း စိတ်ခံစားချက်များကို သားစားကြူးနတ်ဘုရားက ဖမ်းချုပ်ထားလိုက်ပြီ ဖြစ်သည်။ နတ်ဘုရားနှင့် လူသားမှာ ပေါင်းစည်းသွားချေပြီ။ သူ၏ စိတ်ခံစားချက်များက နတ်ဘုရားပုံရိပ်ပေါ်တွင် ထွက်ပေါ်လာသည်။ ၁၀ မီတာ ပတ်လည်အတွင်းရှိ အရာအားလုံးသည် အသားများအဖြစ် ပြောင်းလဲသွားသည်။ ကောင်းမင်၏ နောက်တွင် ပုန်းနေသော ဖူရှုမှာလည်း သူ၏ ခန္ဓာကိုယ်က ဖယောင်းများကဲ့သို့ အရည်ပျော်ပြီး ပြန်လည်တည်ဆောက်ခံနေရသည်ကို သတိပြုမိလိုက်သည်။
သူ လျင်မြန်စွာ အော်ဟစ်လိုက်သည်။
“ပိုင်ဖုန်းကို ကယ် ၊ ကောင်းမင် ၊ မင်း ပိုင်ဖုန်းကို ကယ်မှဖြစ်မယ်”
ဖူရှုသည် ကောင်းမင်ကို အကြံပေးနေဆဲဖြစ်ပြီး ကောင်းမင်အနေဖြင့် သူ့နှလုံးသားထဲမှ ပျော်ရွှင်မှု အရင်းအမြစ်ကို ရှာဖွေတွေ့ရှိကာ ရှီနတ်ဘုရား၏ လွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်နေခြင်းဖြစ်သည်။ သို့သော် ကောင်းမင်က သူ့ကို လုံးဝ လျစ်လျူရှုထားလိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။ ရှီနတ်ဘုရား၏ စွမ်းအားအောက်တွင် မိမိကိုယ်ကိုယ် ဆုံးရှုံးမသွားစေရန်အတွက် ကောင်းမင်သည် သူ၏အိပ်မက်ဆိုးကို လွှတ်ထုတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဆင်ခြင်တုံတရားများ ပျောက်ဆုံးကုန်ပြီး သူ၏ အိပ်မက်ဆိုးအတွင်း ပိတ်မိလာသည်။
“ကောင်းမင် ၊ကောင်းမင်”
အကယ်၍ ကောင်းမင်သာ ရှီနတ်ဘုရား၏ လွှမ်းမိုးမှုအောက်သို့ ရောက်သွားပါက အခြေအနေက ပို၍ ရှုပ်ထွေးလာရုံသာ ရှိလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းမင်က အိပ်မက်လွှတ်ခြင်းကြောင့် စိတ်လွတ်သွားပါက အသက်ပေါင်းများစွာ ဆုံးရှုံးရပေလိမ့်မည်။ ရူးသွပ်နေသော လူသတ်သမားတစ်ယောက် စိတ်လွတ်သွားသောအခါ အကောင်းဆုံးနည်းလမ်းမှာ ထိုသူကို ကုလားထိုင်တွင် ချည်နှောင်ထားရန်သာ ဖြစ်ပြီး ပိုစိတ်ကြွလာအောင်လုပ်ဖို့ မဟုတ်ပေ။
ပုပ်ပွနေသော အသားများက ပျော်ရွှင်မှုအရှိန်အဝါများကို တွန်းလှန်လိုက်သည်။ နိဗ္ဗာန်ပန်းချီကားများ၏ စစ်မှန်သော ရုပ်သွင်များ ပေါ်ထွက်လာတော့သည်။ ပြုံးပျော်နေသော မျက်နှာများနှင့် ခြောက်ကပ်နေသော အလောင်းများကို အတူတကွ ချည်နှောင်ထားခြင်း ဖြစ်သည်။ ထိုပန်းချီကားသည် တကယ်တမ်းတွင် အလောင်းများ ပြည့်နှက်နေသော အတိုင်းအဆမရှိ နက်ရှိုင်းလှသည့် ကျင်းကြီးတစ်ခုသာ ဖြစ်ပေသည်။
“နင်က အိပ်မက်ချိုးဖျက်မြို့က နတ်ဘုရားတစ်ပါး မဟုတ်ဘူးလား”
မဒမ်ရှီ၏ ခြုံလွှာအောက်တွင် လူနှင့်ပင် မတူတော့သော ပုံရိပ်တစ်ခု ရှိနေသည်။ သူမ၏ အသံမှာလည်း ပန်းချီကားများ ပျက်စီးသွားသဖြင့် အိုမင်းရင့်ရော်သွားသည်။
“နင်က နောက်ထပ် ကျန်းမင်လီတစ်ယောက်လား”
သောင်းကျန်းနေသော သားစားကြူးနတ်ဘုရားနှင့် ရူးသွပ်နေသော ကောင်းမင်တို့၏ ဖျက်ဆီးနိုင်စွမ်းသည် အံ့ဩဖွယ်ကောင်းလှသည်။ ရှီနတ်ဘုရားသည် အိပ်မက်ချိုးဖျက်မြို့ရှိ ပျော်ရွှင်မှုကို ထိန်းချုပ်ထားသော်လည်း သားစားကြူးနတ်ဘုရားမှာ ဤအနက်ရှိုင်းဆုံး အိပ်မက်ဆိုးကမ္ဘာမှ လာသူမဟုတ်သဖြင့် ရှီနတ်ဘုရားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်သည်။ ကောင်းမင်၏ အိပ်မက်ဆိုးသည် အိပ်မက်ချိုးဖျက်မြို့၏ စည်းမျဉ်းများကို လိုက်နာခြင်း မရှိပေ။
လက်ရှစ်ဖက်က နိဗ္ဗာန်ပုံရိပ်ကို ထိုးဖောက်သွားသည်။ သားစားကြူးနတ်ဘုရားသည် သန်းနဲ့ချီသော အလောင်းများကြားတွင် မဒမ်ရှီ ဝှက်ထားသည့် ပိုင်ဖုန်းကို ရှာတွေ့သွားသည်။
ပိုင်ဖုန်းတွင် မတူညီသော အမူအရာနှစ်ခု ရှိနေလေသည်။ တစ်ခုသည် ပျောက်ဆုံးသွားသော သားသမီးများကို လိုက်ရှာနေသည့် မိခင်တစ်ဦးကဲ့သို့ ဖြစ်ပြီး အခြားတစ်ခုမှာမူ လောကီလောကုတ္တရာ အရေးအရာများကို ကျော်လွန်သွားသော နတ်ဘုရားတစ်ပါးသို့ပင်။
“ပိုင်ဖုန်း”
ဖူရှုက သူ့အဆုတ်ထဲရှိ လေများ ကုန်ခမ်းမတတ် အော်ဟစ်လိုက်သည်။ သူသည် ကောင်းမင်ထက်ပင် ပို၍ စိုးရိမ်ပူပန်နေလေသည်။
“မင်္ဂလာအချိန်ကျပြီ ၊ ဒီဘဝမှာ ရှီနတ်ဘုရား ဘာဒဏ်ရာမှ မရပါစေနဲ့လို့ ငါဆုတောင်းပါတယ်”
မဒမ်ရှီ၏ အသံမှာ ပို၍ ပို၍ အိုမင်းလာတော့သည်။ သူမက လက်ကို မြှောက်လိုက်ရာ ရှီနတ်ဘုရားကျောင်း၏ ခေါင်မိုးက ပွင့်ထွက်သွားသည်။ အဆုံးမရှိသော အရိုးစုများက ကောင်းမင်ဆီသို့ ပြေးဝင်လာကြသည်။ သူမ ခြေတစ်ချက် ဆောင့်လိုက်သောအခါ ဒုတိယထပ်၏ သစ်သားကြမ်းပြင်က အက်ကွဲသွားသည်။ ပထမထပ်ရှိ မင်္ဂလာဖိတ်စာများမှ အနီရောင်ကြိုးမျှင်များ စီးထွက်လာလေသည်။ ၎င်းတို့သည် ကမ္မကို သယ်ဆောင်လာပြီး ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားဆီသို့ ပို့လွှတ်လိုက်သည်။
ရှီနတ်ဘုရားသည် ပျော်ရွှင်မှုအရှိန်အဝါများမှတစ်ဆင့် စုပ်ယူထားသော အိပ်မက်ဆိုးများကို အသုံးပြု၍ သားစားကြူးနတ်ဘုရားကို အစွမ်းမဲ့သွားစေရန် လုပ်ဆောင်လိုက်သည်။ မဒမ်ရှီက လက်ဝှေ့ယမ်းလိုက်ပြီး ပိုင်ဖုန်းကို ပွေ့ချီကာ ထွက်ခွာသွားတော့သည်။
ပုံမှန်အားဖြင့် သတို့သားက သတို့သမီးကို ပွေ့ချီရမည် ဖြစ်သော်လည်း အိပ်မက်ချိုးဖျက်မြို့တွင်မူ ဆန့်ကျင်ဘက် ဖြစ်သည်။ သတို့သမီးသရဖူက ရွဲ့စောင်းသွား၏။ မဒမ်ရှီသည် ပိုင်ဖုန်းအား အိပ်မက်ချိုးဖျက်မြို့သို့ ခေါ်ဆောင်သွားရန် စီစဉ်နေပုံ ရသည်။