← Chapters

ယုတ္တိဗေဒ

Vol. 39 Ch. 584

ယုတ္တိဗေဒ

Vol. 39 Ch. 584

ရှီနတ်ဘုရားကျောင်းကြီး ပြိုကျသွားခဲ့ချေပြီ။ သားစားကြူးနတ်ဘုရား၏ အော်ဟစ်ငိုကြွေးသံက ညဉ့်ယံတစ်လျှောက် ပဲ့တင်ထပ်နေသည်။ မှတ်ဉာဏ်အပိုင်းအစများစွာသည် ကောင်းမင်၏ အသိစိတ်ကို လှုံ့ဆော်ပေးနေကြသည်။ သူသည် ပထမထပ်သို့ ပြုတ်ကျသွားသည်။ အနီရောင်ကြိုးမျှင်များနှင့် ဖိတ်စာကတ်များမှာ သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းသို့ ပျော်ဝင်သွားကြတော့သည်။

“ကောင်းမင် ၊ ထတော့”

ဖူရှု မည်မျှ ကျယ်လောင်စွာ အော်ဟစ်နေပါစေ ကောင်းမင်က မျက်လုံးများကို ဖွင့်လာနိုင်ခြင်း မရှိပေ။ အနီရောင်ကြိုးများသည် သူ့မျက်လုံးများကို ချုပ်ပိတ်ထားပြီး နားနှင့် နှာခေါင်းများကိုလည်း ပိတ်ဆို့ထားသည်။ ထိုအရာများက သူ့အား မတူညီသော အိပ်မက်ဆိုးများစွာထဲသို့ နစ်မြုပ်သွားစေခဲ့သည်။

“သတို့သားသစ်လေးရေ ၊မင်း ထမှဖြစ်မယ်နော် ၊ အချိန် ဘယ်လောက်တောင် လင့်နေပြီလဲ ကြည့်ဦး ၊ ဘယ်လိုလုပ် အိပ်နေနိုင်သေးတာလဲ”

မရင်းနှီးသော အသံတစ်ခု သူ့နားထဲသို့ တိုးဝင်လာသည်။ ကောင်းမင် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူသည် ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့အနားတွင် စိုးရိမ်တကြီးဖြင့် ဟိုလျှောက်ဒီလျှောက် လုပ်နေလေသည်။

“ခင်ဗျား ဘယ်သူလဲ”

သစ်သားတံခါး ပွင့်လာပြီး ချောမောလှပသော အစေခံမိန်းကလေးနှစ်ဦးက သတို့သားဝတ်စုံကို ကိုင်ဆောင်၍ အခန်းထဲသို့ ဝင်လာကြသည်။ သူတို့သည် ကောင်းမင်ကို အဝတ်အစားလဲပေးရန် လွယ်ကူစွာ ကူညီပေးလိုက်ကြသည်။

“မင်္ဂလာဦးညနဲ့ စာမေးပွဲအောင်စာရင်းထွက်တဲ့အချိန် ၊ လူ့ဘဝမှာ ပျော်စရာအကောင်းဆုံး ဖြစ်ရပ် သုံးခုပဲ ရှိတာ ၊ အခုတော့ မင်းက အဲ့ဒီထဲက နှစ်ခုကို တစ်ပြိုင်တည်း ရနေပြီ ၊ နောက်ဆိုရင်တော့ မင်းကိုယ်မင်း ထိန်းသိမ်းရမယ် ၊ အရင်ကလို ကရော်ကမည် မနေနဲ့တော့”

အိမ်တော်ထိန်းက တတွတ်တွတ် ပြောဆိုနေသည်။ အစေခံမိန်းကလေးများက တခိခိ ရယ်မောလိုက်ကြသည်။

နေမင်းက မြင့်တက်နေပြီ ဖြစ်သည်။ ကောင်းမင်သည် မြင်းထွားကြီးတစ်ကောင်ပေါ်တွင် စီးနင်းလိုက်ပါလာပြီး မင်္ဂလာလှည့်လည်ပွဲအဖွဲ့က သူ့နောက်မှ လိုက်ပါလာကြသည်။ လူတိုင်းက သူ့အား မနာလိုအားကျသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။ မြင်းကြီးက ကြွေကျနေသော ပန်းပွင့်ဖတ်များကို နင်းဖြတ်သွားနေသည်။သို့သော်လည်း ကောင်းမင်မှာမူ ပျော်ရွှင်မှုကို သိပ်မခံစားရပေ။

“မဟုတ်သေးဘူး ... တစ်ခုခုတော့ မှားနေပြီ”

မင်္ဂလာလှည့်လည်ပွဲအဖွဲ့က ထန်အိမ်တော်ရှေ့သို့ ရောက်ရှိလာသော်လည်း သတို့သမီးကို မတွေ့ရပေ။ ထန်အိမ်တော်ရှေ့ရှိ ကျောက်ခြင်္သေ့နှစ်ကောင်သည် အလွန်ထူးဆန်းနေသည်ကို ကောင်းမင် သတိပြုမိလိုက်သည်။ ထိုခြင်္သေ့များတွင် မျက်နှာလေးခု ရှိနေခြင်းဖြစ်သည်။ ကောင်းမင် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ အိမ်တော်ထိန်းနှင့် အစောင့်များက သူ့ကို တားဆီးရန် ကြိုးစားသော်လည်း ကောင်းမင်သည် ရူးသွပ်နေသူတစ်ယောက်အလား ကျောက်ခြင်္သေ့များဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။ သူ့လက်က ကျောက်ခြင်္သေ့များကို ထိတွေ့လိုက်သည်နှင့် ကျောက်သားအရေခွံများသည် အရည်ပျော်သွားပြီး အသားများအဖြစ် ပြောင်းလဲသွားသည်။ ခြင်္သေ့ခေါင်းသည် သရဲမျက်နှာအဖြစ် ပြောင်းလဲသွားသည်။ လမ်းမကြီးနှင့် ထန်အိမ်တော်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ ကောင်းမင်သည် သူ့ခန္ဓာကိုယ်ကြီး နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူ့မျက်လုံးများ ရုတ်တရက် ပွင့်သွားပြီး ...

“ကျွန်မ ရှင်နဲ့ လက်ထပ်ဖို့ သဘောတူပါတယ်”

ရှက်ကိုးရှက်ကန်းအသံလေး ထွက်ပေါ်လာသည်။ မွှေးရနံ့သင်းပျံ့နေသော အမျိုးသမီးတစ်ဦး ကောင်းမင်၏ ရင်ခွင်ထဲသို့ ရောက်ရှိနေသည်။ သူမသည် အဖြူရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည်။ တစ်စုံတစ်ယောက်က သူ့လက်ကို ဆွဲလိုက်သဖြင့် ကောင်းမင် ငုံ့ကြည့်လိုက်သောအခါ ချောမောလှပသော မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။

“ကျွန်မ လှရဲ့လား”

မိန်းကလေးက သူ့အနားသို့ ပိုမိုတိုးကပ်လာသည်။

“ကျွန်မ မိဘတွေက သဘောမတူကြပေမဲ့ ဒါက ကျွန်မရဲ့ မင်္ဂလာဝတ်စုံပဲ”

“မင်း သူတို့ဆီ ပြန်သွားပြီး ထပ်ဆွေးနွေးသင့်တယ် ၊ ခဏတာ အချစ်စိတ်နဲ့ မျက်ကန်းဖြစ်မသွားနဲ့”

ကောင်းမင်က သူမကို အသာအယာ တွန်းဖယ်လိုက်သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပန်းပင်လယ်တစ်ခု ဝန်းရံထားသော အိမ်ကလေးတစ်လုံးကို တွေ့လိုက်ရသည်။ နံရံများတွင် ပန်းချီကားများဖြင့် အလှဆင်ထားသည်။ ထိုပန်းချီကား အများစုသည် ပန်းပွင့်ပုံများနှင့် သူ့ရှေ့ရှိ မိန်းကလေး၏ ပုံများ ဖြစ်သည်။

“ကျွန်မ အားလုံးကို စဥ်းစားပြီးပါပြီ ၊ကျွန်မ ရှင်မရှိဘဲ မနေနိုင်ဘူး”

ထိုမိန်းကလေးက ကောင်းမင်ဆီသို့ ထပ်မံ တိုးကပ်လာပြန်သည်။

“ဖယ်စမ်း”

ကောင်းမင်သည် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေသော်လည်း ထိုစိတ်က ဘယ်ကလာနေသည်ကို သူ မသိပေ။

မိန်းကလေးသည် ထောင့်တစ်နေရာတွင် စုပုံထားသော ကင်းဗတ်စများကို တိုက်မိသွားသည်။ ပန်းချီကားများ၏ နောက်တွင် ကြိုးများနှင့် နှိပ်စက်ရာတွင် အသုံးပြုသော ကိရိယာများစွာ ဝှက်ထားသည်ကို တွေ့လိုက်ရသည်။ ကောင်းမင် ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ထိုမိန်းကလေးသည် ကြောက်လန့်သွားခြင်း မရှိပေ။ သူမက ကြိုးကို ကောက်ယူလိုက်သည်။ ကြမ်းတမ်းသော ကြိုးက သူမ၏နူးညံ့သော အရေပြားကို နာကျင်စေသော်လည်း သူမကပြောလိုက်သည်။

“ဒါက ကျွန်မရဲ့ အနှောင်အဖွဲ့ဖြစ်သလို ကျွန်မရဲ့ ကယ်တင်ရှင်လည်းဖြစ်တယ် ၊ ရှင် ကျွန်မကို ဒီနေရာမှာ ပိတ်လှောင်ထားတဲ့ တစ်လအတွင်းမှာ ရှင်က ကျွန်မအတွက် ကြောက်စရာအကောင်းဆုံးလူ ဖြစ်ခဲ့သလို ကျွန်မရဲ့ တစ်ဦးတည်းသော အားကိုးရာလည်း ဖြစ်ခဲ့တယ် ၊ ကျွန်မ ဘာဖြစ်သွားမှန်း ကျွန်မကိုယ်တိုင်တောင် မသိဘူး ၊ ဒီလို နာကျင်မှုတွေကို ကျွန်မ ဘယ်အချိန်ကစပြီး မြတ်နိုးသွားမှန်းတောင် မသိတော့ပါဘူး”

“စတော့ဟုမ်း ရောဂါလား”

ကောင်းမင်က ကြိုးကို ဘေးသို့ ပစ်ချလိုက်သည်။ ဤအဆောက်အအုံထဲတွင် သူနှင့် ထိုမိန်းကလေးသာ ရှိသည်။ သူတို့သည် အဆုံးမရှိသော ပန်းများ၏ ဝန်းရံခြင်းကို ခံထားရသည်။ ဤနေရာသည် သူ့ပန်းခြံမဟုတ်သော်လည်း သူသည် ဤနေရာ၏ ပိုင်ရှင်ဖြစ်ပုံရသည်။ သူ လုပ်ချင်ရာအားလုံးကို လုပ်ပိုင်ခွင့်ရှိသည်။

မိန်းကလေးသည် ကင်းဗတ်ချပ်တစ်ခုကို ယူ၍ ကောင်းမင်ရှေ့တွင် ချထားလိုက်သည်။ သူမသည် ကြိုးကို ကိုင်ဆောင်ထားပြီး ကောင်းမင်ရှေ့တည့်တည့်တွင် မတ်တပ်ရပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် တုန်ယင်နေလေသည်။ သူမ၏ မျက်တောင်များ တဖျတ်ဖျတ် ခတ်နေသည်။သူမက ကောင်းမင်ကို လှမ်းကြည့်ရန် ကြိုးစားနေသည်။

“ရှင် ကြိုက်တဲ့ ပန်းပုံမှန်သမျှ ဆွဲနိုင်ပါတယ်”

ကောင်းမင်သည် ဖိတ်စာကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုကဲ့သို့သော လူမျိုးမဟုတ်သည်ကို သူကိုယ်တိုင် သိသည်။သူသည် သူတစ်ပါး၏ ကံကြမ္မာကို ထိန်းချုပ်ရန် စိတ်မဝင်စားပေ။ သူ စုတ်တံကို ကောက်ယူလိုက်ပြီး မျက်လုံးများကို မှိတ်ကာ စုတ်တံလှုပ်ရှားမှုနောက်သို့ လိုက်ပါသွားသည်။ ခေတ္တအကြာတွင် ပန်းချီကားချပ်ပေါ်တွင် ထူးဆန်းသော ပန်းတစ်ပွင့် ပေါ်လာလေသည်။ ဓားတစ်စင်းက ရင်ဘတ်အတွင်းသို့ ထိုးဝင်နေပြီး သွေးပန်းတစ်ပွင့် ပွင့်နေသည်။

“ဒါ ငါ ရှာနေတဲ့ ပန်းလား”

ကောင်းမင်သည် ဓားကို သူ့နှလုံးသားဆီသို့ ထိုးစိုက်လိုက်သည်။ မိန်းကလေး၏ အော်ဟစ်သံနှင့်အတူ သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ ...

“ဂုဏ်ယူပါတယ် ၊ အမေရော ကလေးရော ဘေးကင်းပါတယ်”

ဆရာဝန်က ဓာတ်ပုံအချို့ကို ကိုင်ဆောင်၍ အခန်းထဲသို့ ဝင်လာသည်။ ကောင်းမင်သည် အပြာရောင်လူနာဝတ်စုံကို ဝတ်ဆင်ထားပြီး ကုတင်တွင် ချည်နှောင်ခံထားရသည်ကို သတိပြုမိသည်။

“မင်းလည်း အခြေအနေ တော်တော်ကောင်းလာပါပြီ ၊ ဆေးကိုတော့ ဆက်သောက်ပါ ၊ နောက်တစ်ပတ်ဆိုရင် မင်းရဲ့ မိသားစုနဲ့ ပြန်ဆုံနိုင်ပါပြီ”

သူ့ခေါင်းပေါ်ရှိ တိမ်မည်းများ ကင်းစင်သွားသည်။ သူသည် မွေးဖွားလာသော ဘဝသစ်လေးကို ကြည့်ရင်း နှလုံးသားထဲတွင် နူးညံ့မှုများ ခံစားလိုက်ရသည်။ ထိုကလေးငယ်က သူ့အား ဆန်းကြယ်နက်နဲသော စွမ်းအားတစ်ခုကို ပေးစွမ်းနေသကဲ့သို့ဖြစ်သည်။ထိုစွမ်းအားသည် သူ၏လေးလံလှသော နှလုံးသားကို ထပ်မံအလုပ်လုပ်စေရန် ခွင့်ပြုလိုက်သည်။ ကောင်းမင်သည် သူ့လက်ပေါ်ရှိ မညီမညာဖြစ်နေသော ဒဏ်ရာများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် နာကျင်မှုမရှိဘဲ စိတ်ရှုပ်ထွေးမှုများသာ ရှိနေသည်။

“ကျွန်တော် ဘာလို့ ဒီရောက်နေတာလဲ”

“မင်း ကိုယ့်ကိုယ်ကို ထပ်နာကျင်အောင် လုပ်မှာစိုးလို့ မင်းကို ဒီကန့်သတ်ဇုန်ထဲကို ပြောင်းလိုက်ရတာပါ”

ဆရာဝန်က ကောင်းမင်ကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ပေ။ သူက ကလေးဓာတ်ပုံကို ကုတင်ဘေးတွင် ချထားလိုက်သည်။

“Capgras Delusion ဆိုတာက ရှားပါးတဲ့ စိတ်ရောဂါတစ်မျိုးပဲ ၊ အဲ့ဒီလူနာတွေက သူတို့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို တခြားသူတွေလို့ ထင်တတ်ကြတယ် ၊ မင်းရဲ့ စိတ်ထဲမှာတော့ မင်းရဲ့ ချစ်လှစွာသောဇနီးက တခြားလူတစ်ယောက် ဖြစ်နေတာမျိုးပေါ့”

“ခင်ဗျား ပြောချင်တာက ...”

ကောင်းမင်မှာ ချည်နှောင်ခံထားရသဖြင့် မလှုပ်နိုင်ပေ။

“မင်းအတွက်ကတော့ သူက သူစိမ်းတစ်ယောက်လို ဖြစ်နေလိမ့်မယ်”

ဆရာဝန်သည် ကောင်းမင်အသိစိတ်ရှိနေစဉ်အတွင်း သူ့စိတ်ကို ပြုပြင်ပေးရန် ကြိုးစားနေသည်။

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းရဲ့ တရားဝင်ဇနီးပဲ ၊ မင်းရဲ့ အတွင်းစိတ်သံသယတွေက သူ့နေရာမှာ တခြားသူတစ်ယောက်ကို အစားထိုးပြီး မြင်နေမိတာ ၊ အဲ့ဒါက ပြဿနာပဲ”

ကောင်းမင်သည် ဆရာဝန်၏ စကားများကြောင့် တဖြည်းဖြည်း ယုံကြည်လာမိသည်။ သူ့မေးခွန်းအားလုံးကို ဆရာဝန်က ကျိုးကြောင်းဆီလျော်စွာ ရှင်းပြပေးနေလေသည်။ သူ့ ဦးနှောက်သည် ရောဂါဖြစ်နေခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် သူသည် ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်သည်။ မကြာမီ သူသည် သူ့ဇနီးနှင့် သားငယ်လေးကို ပြန်လည် ထွေးပွေ့နိုင်တော့မည်ဖြစ်သည်။

ညရောက်သောအခါ မီးများ မှိန်ဖျော့သွားသည်။ ကော်ရစ်ဒါက တိတ်ဆိတ်ငြိမ်သက်နေသည်။ ဓာတ်ပုံလေးက ကောင်းမင်၏ ဘေးတွင် ရှိနေသည်။ သူ၏ဇနီးနှင့် သားဖြစ်သူက သူ့အား ခွန်အားပေးနေသည့်အလား ကြည့်နေကြသည်။

‘အဲ့ဒါ မင်းရဲ့ ဇနီး မဟုတ်ဘူး ၊ မင်းရဲ့ သားလည်း မဟုတ်ဘူး’

ထိုအသံသည် သူ့နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကို ကောင်းမင် သေချာသိသည်။ ဆရာဝန်က ယင်းကို သူ့အား သတိပေးပြီးသားဖြစ်သည်။ ထိုအရာမှာ သူ၏ထင်ယောင်ထင်မှားများသာ ဖြစ်သည်။ ကောင်းမင်မှာ ရုန်းကန်နေသော်လည်း လွတ်မြောက်ခြင်း မရှိပေ။ သူသည် ရင်ဘတ်ကို ကြိုးစားငုံ့ကြည့်လိုက်သည်။ ထူးဆန်းသော တဂျစ်ဂျစ်အသံမှာ သူ့နှလုံးသားဆီမှ လာခြင်းမဟုတ်ဘဲ ဟောင်းနွမ်းနေသော စကားပြောစက်တစ်ခုဆီမှ လာနေခြင်းဖြစ်သည်။ ၎င်းတွင် သွေးများဖြင့် စွန်းထင်းနေသည်။ ချန်နယ်တစ်ခုစီတိုင်းတွင် ဆန်းကြယ်သော လူတစ်ယောက်စီ ပုန်းကွယ်နေကြသည်။

“ကန့်သတ်ဇုန်ထဲမှာ ဘယ်လို ဆက်သွယ်ရေးကိရိယာမှ ခွင့်မပြုထားဘူး ၊ ဒါဆို ဒီစကားပြောစက်က ဘာလဲ”

ကောင်းမင်၏ နှလုံးသားက ခုန်ပေါက်နေသည်။ တစ်စုံတစ်ခုက သူ၏အရေပြားကို ထိုးဖောက်ထွက်လာတော့မည့်အလား ခံစားလာရသည်။ ဆရာဝန် သတိပေးခဲ့သော ‘သံသယစိတ်’ ဆိုသည်မှာ ဤအရာ ဖြစ်ပေလိမ့်မည်။

“ငါ့နှလုံးသားထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတာ ၊ အဲ့ဒါက ငါ့ရောဂါရဲ့ အရင်းအမြစ်ပဲ ၊ အလုပ်ဖိစီးမှုတွေကြောင့် ငါဒီလို ဖြစ်နေရတာ ၊ ဒါတွေက တကယ်မဟုတ်ဘူး ၊ ငါ့စိတ်ကူးနဲ့ ဖန်တီးထားတာတွေပဲ”

ဆရာဝန်၏ စကားများက ကောင်းမင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ့ရင်ဘတ်အတွင်းမှ ဧရာမ သွေးသစ်ကိုင်းကြီးတစ်ခု တွားထွက်လာသည်ကို မြင်လိုက်ရသည်။ အသားနံ့များက တစ်ခန်းလုံးသို့ ပျံ့နှံ့သွားသည်။

All Chapters