ဒီကိုအချည်းနှီး လာမိတာလား
Vol. 43 Ch. 588
“ချီလောင် ရီသခင်မလေး ရှိတဲ့နေရာကို မင်းရှာတွေ့လား ”
ကျန်းရီက သူ၏ကောင်းကင် စိတ်အာရုံကို မထုတ်ဖော်ရဲချေ။ မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့လည်း ဝင်ရောက်ရဲခြင်း မရှိပေ။ သို့သော် ချီလောင်ကမူ သူဆန္ဒရှိသလောက် ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်နိုင်၏။ ယခုအချိန်တွင် အရပ်မျက်နှာအားလုံးမှ ဆန်းကြယ်နတ်ဘုရား နန်းတော်ဆီသို့ ကောင်းကင်စိတ်အာရုံများ ပို့လွှတ်နေကြတာပဲဖြစ်ရာ ချီလောင်၏ စိတ်အာရုံ ထပ်တိုးလာလျှင် သံသယဝင်ကြမှာ မဟုတ်ပေ။
“မတွေ့ဘူး ”
သိမ်းကြုံးကြည့်ပြီးနောက် ချီလောင်က ခေါင်းခါကာ ပြောလိုက်တော့သည်။
“ဆန်းကြယ်နတ်ဘုရား နန်းတော်အောက်မှာ ကောင်းကင်ကံကြမ္မာအမိုး ၁၂ခုရှိတယ်၊ ဒါတွေက အထူးရေးဆွဲထားတာပဲ၊ တစ်ခုကို ကုန်ကျစရိတ်က ကောင်းကင်ကျောက်တုံး တစ်သောင်းလောက်ရှိတယ်၊ အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ် ဒါမှမဟုတ် မယုံနိုင်စရာ ကောင်းလောက်အောင် သန်မာတဲ့ ဝိညာဉ်စွမ်းအားကို ကျင့်ကြံတဲ့ သိုင်းပညာရှင်ကလွဲရင် ဒီလိုအမိုးအောက်မှာ ဘယ်သူမှ မစစ်ဆေးနိုင်ဘူး၊ မျိုးနွယ်စုကြီး ကိုးခုရဲ့ မျိုးဆက်တွေနဲ့ ကျန်သည့် ရှေးမျိုးနွယ်စုတွေက အဲ့ဒီမှာ ရှိနေလောက်တယ်၊ ရီသခင်မလေးက ကောင်းကင်ကံကြမ္မာ အမိုးတွေထဲက တစ်ခုအောက်မှာ နေနေလား တစ်ခြားနေရာမှာ ပုန်းနေလားဆိုတာ မသိဘူး ”
“ဆက်ရှာကြည့်ကြည့် ရီသခင်မလေးကို တွေ့ပြီဆိုတာနဲ့ သူ့ဆီကိုချက်ချင်း အသံပို့ပေး ”
ကျန်းရီက ချီလောင်ကို ထိုသို့ပြောပြီးနောက် သူသည် ကျူးဆွေ့နောက်ကွယ်၌ ပုန်းနေလိုက်တော့သည်။ သူတို့ရောက်နေသည့် တောအုပ်လေးထဲတွင် လူများပိုထူထပ်လာ၏။ သို့သော် ဤနည်းဖြင့် ပိုလုံခြုံသည်။ တစ်စုံတစ်ယောက်က ရှာဖွေခဲ့လျှင်တောင် တစ်ချက်သာကြည့်ပြီး အာရုံစိုက်မိခဲ့ကြမှာ မဟုတ်ပေ။ ဆိုရလျှင် မျိုးနွယ်စုကြီးများ၏ မျိုးဆက်များက ဤကဲ့သို့သော တောအုပ်လေးထဲတွင် ဘယ်တော့မှ နေမှာမဟုတ်။
အချိန်က တတိတိ ကုန်ဆုံးသွားပြီး လူများပိုမို ရောက်ရှိလာတော့သည်။ သူတို့ရောက်နေသည့် တောအုပ်လေးက လူများပိုထူထပ်လာသည်။ ကျန်းရီက သူနှင့်မီတာများစွာ အကွာ၌ လူများအဝိုင်းခံထားရသည်။ ထိုလူများက အရပ်မျက်နှာ အနှံ့ကနေ ဤနေရာသို့ စုဝေးလာကြသည်။ ဤနေရာသို့လာပြီး စိတ်လှုပ်ရှားမှုကို မျှဝေရန် သတ္တိရှိသည့်သူသည် အနည်းဆုံး စိတ်ဝိညာဉ်မျောလွင့် ခရီးသွားဧည့်သည် ဖြစ်ရမည်။ ထိုသို့တိုင် လူတစ်သိန်းကျော် ရောက်လာ၏။
ဝှစ်
စူးရှသော အသံတစ်သံက တောင်ဘက်ကောင်းကင်ကိုခွင်းလျက် လူအများ၏ အာရုံစိုက်မှုကို ရသွားတော့သည်။ ကျန်းရီကလည်း အလိုလိုမော့ကြည့်လိုက်ပြီး မျက်ဝန်းတို့ တောက်ပသွားတော့၏။
ဧရာမခရမ်းရောင် ဘူးသီးခြောက်က တောင်ဘက်ကောင်းကင်မှ ပျံသန်းလာတော့သည်။ ပန်းရောင်ဝတ်စုံဖြင့် မိန်းမပျိုလေးတစ်ဦးက ထိုအပေါ်၌ ကျက်သရေရှိရှိ ရပ်နေလေ၏။ နေရောင်ခြည်က သူမ၏လှပသော မျက်နှာပေါ် ဖြာကျနေလေရာ ခပ်ဖျော့ဖျော့ တောက်ပနေစေတော့သည်။ မြန်ဆန်သည့် ခရီးနှင်နေသော အရှိန်ကြောင့် သူမ၏ အနက်ရောင်ဆံနွယ်နှင့် အဝတ်အစားတို့က လေထဲလွင့်နေပြီး သေမျိုးလောကသို့ နတ်မိမယ်တစ်ပါး ဆင်းသက်လာသည့်ပမာ ဖြစ်နေတော့သည်။
ခရမ်းရောင် ဘူးသီးခြောက်ဘေး၌ နှင်းထူးဆန်းသော သားရဲဆွဲသော စစ်ရထားလုံးတစ်စင်း ရှိနေလေသည်။ သားရဲ၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိကာ ရွှေတောင်ပံဂဠုန်ထက် အားမနည်းပေ။ ပြောရန်မလိုပေ။ ယင်းက နတ်ဆိုးဧကရာဇ် တစ်ပါးဆိုတာ သေချာနေပေ၏။
ထိုစစ်ရထားလုံးဘေး၌ ခမ်းနားသော ပုံများစွာလည်း ထွင်းထုထားလေသည်။ သို့သော် ကျန်းရီနှင့် ကျန်သည့်သူများက စစ်ရထားလုံး၏ တလက်လက် ပေါ်ပေါက်လာမှုကို အလိုလို လျစ်လျူရှု့မိကြပြီး ရထားလုံးထဲတွင် ထိုင်နေသော အဖြူရောင် ခြေဗလာဖြင့် မိန်းမပျိုလေးကိုသာ ကြည့်မိကြတော့သည်။ သူတို့က ထိုမိန်းမပျိုလေး ဘေးတွင်ရှိနေသော ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ ရောက်ပြီဖြစ်သည့် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးကို အလိုလို ကျော်ကြည့်မိသွားကြသည်။
လင်းရှီယာ့နှင့် ယဉ်ရို့ပင်းတို့က ဤနေရာသို့ တစ်ပြိုင်နက်တည်း ရောက်လာကြသည်။
ထိုသခင်မလေးနှစ်ဦးက လောကထဲတွင် ထိပ်တန်းအလှလေးများဖြစ်တာ သေချာပေ၏။ သူ၏ထူးကဲသော နောက်ခံပါ ထပ်ပေါင်းလိုက်ရာ ဆန်းကြယ်သော ရောင်ခြည်တစ်ခုဖြင့် ဝန်းရံနေပြီး အမျိုးသားများစွာ၏ ရင်ထဲရှိ နတ်သမီးများသဖွယ် ဖြစ်နေစေတော့သည်။
နတ်သမီးများ၏ သွင်ပြင်က မရေမတွက်နိုင်သည့် လူများစွာကို စိတ်လှုပ်ရှား ဝမ်းမြောက်ပြီး ကတုန်ကယင် ဖြစ်စေ၏။
ယခုအချိန်တွင် နှစ်ယောက်လုံး ပေါ်ပေါက်လာလေရာ လူအုပ်ကြီးကို စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်သွားစေသည်။ အမျိုးသားများစွာက ထိုနှစ်ယောက်ပေါ် သူတို့၏ ချစ်ခြင်းတရားများ လေးစားမြတ်နိုးမှုများကို ဖော်ပြရန်အတွက် သူတို့အမည်များကိုတောင် အော်ခဲ့လေသည်။ နတ်သမီးများသည် နတ်သမီးများ ဖြစ်နေရခြင်း အကြောင်းအရင်းမှာ ထိုလူများစွာက သူတို့ကို ပိုင်ဆိုင်ရန် စိတ်ကူးယဉ်ကြသော်ငြား ဘယ်တော့မှ မပိုင်ဆိုင်ရသောကြောင့် ဖြစ်သည်။
လင်းရှီယာ့နှင့် ယဉ်ရို့ပင်းကလည်း ထိုကဲ့သို့ အခြေအနေကို အသားကျပြီး ဖြစ်ပုံပေါ်၏။ သူတို့က ဘာကိုမှမကြား ဘာကိုမှ မမြင်သည့်သဖွယ် ဤနေရာသို့ ဆက်လက်ပျံသန်းလာနေသည်။ အရှိန်လျော့သွားတာ သိသာ၏။ သူတို့၏ တလက်လက် တောက်ပနေသော မျက်ဝန်းများက ခပ်ဝေးဝေးရှိ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို စိုက်ကြည့်ပြီး အေးစက်သည့် အရိပ်အယောင်တစ်ချို့ ပေါ်ထွက်လာတော့သည်။
ဆန်းကြယ်နတ်ဘုရား နန်းတော်သည် နှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ ပေါ်ထွက်လာ၏။ ယခုအခေါက်တွင် အရှေ့ပိုင်း တော်ဝင်နယ်မြေနှင့် သိပ်မဝေးပေ။ ယင်းက သူတို့၏ ကံကောင်းမှုနှင့် အခွင့်အရေးများပင်ဖြစ်သည်။ ဧကရာဇ်ကိုးပါး၏ မျိုးဆက်များက အဆင့်အတန်း မနိမ့်ပါးရုံသာမက ခွန်အားကလည်း ကြီးမားကြသည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲရှိ ရတနာ အမဲလိုက်ပွဲတွင် လောကကြီးကို သူတို့၏စွမ်းဆောင်နိုင်စွမ်းများ ပြသရန် အခွင့်အရေး ရပေမည်။
“ဒီလောကထဲမှာ မိန်းမလှတွေရဲ့ အလှတရားက မြို့တွေ တိုင်းပြည်တွေကိုတောင် ပျက်စီးစေနိုင်တဲ့ အရည်အချင်း ရှိတာပဲ ”
ကျန်းရီက သက်ပြင်းသဲ့သဲ့ ချလိုက်တော့၏။ သူတို့လှပကြောင်း သူဝန်ခံသည့်တိုင် ထိုနတ်သမီးများအပေါ် တပ်မက်စိတ် မရှိပေ။ ပြိုင်ဘက်ကင်း အလှတရားသည် ဒုက္ခအတွက် အခြေခံ လက္ခဏာရပ်ဖြစ်သည်။ ထိုပြိုင်ဘက်ကင်း အလှများကို ပိုင်ဆိုင်ရန် အိပ်မက်မက်သည့် သူတိုင်းက မရေမတွက်နိုင်သည့် သိုင်းပညာ များစွာထံမှ တိုက်ခိုက်မှုကို ပြင်ဆင်ထားရမည်ဖြစ်ကာ မရေမတွက်နိုင်သည့် လူများ၏ အလောင်းကို နင်းဖြတ်ကျော်ဖြတ် ရမှာပဲဖြစ်သည်။
လူတိုင်းက ကောင်းမွန်သည့်အရာများ ပိုင်ဆိုင်ချင်၏။ မည်သူ့ဓားက ပိုထက်သည်ပေါ်ပဲ မူတည်နေလေသည်။
“ယဉ်သခင်မလေး ”
“ပင်းသခင်မလေး ”
“လင်းသခင်မလေး ”
“ယာ့သခင်မလေး ”
တောအုပ်ထဲမှ လူများစွာက ကောင်းကင်ထဲရှိ ပြိုင်ဘက်ကင်း အလှလေးနှစ်ဦးထံမှ အာရုံစိုက်မှုကိုရရန် စိတ်လှုပ်ရှားစွာ အော်နေကြ၏။ သို့မှသာ သူတို့တစ်ချက် လှည့်ကြည့်လာမှပဲဖြစ်သည်။ ကျူးဆွေ့ကမူ ဝင်မအော်ခဲ့ပေ။ သို့သော် သူ၏မျက်လုံးများကမူ ကြောက်မက်ဖွယ်ကောင်းအောင် တောက်ပနေလေ၏။ ကျန်းရီက ခေါင်းခါပြီး မနှစ်မြို့စွာ ပြုံးလိုက်တော့၏။ ဤလောကထဲတွင် သူတို့ကိုယ်သူတို့ အလွန်အကျွံတွေးပြီး စိတ်ကူးထဲ နစ်မြောနေကြသည့် လူများစွာ ပြည့်နေလေသည်။
နောက်တစ်စက္ကန့်၌ ယဉ်သခင်မလေးသည် ဤနေရာရှိ အော်သံကြောင့် ဆွဲဆောင်ခံလိုက်ရဟန် တူသည်။ သူမက သာမန်ကာလျှံကာ ကြည့်နေစဉ် ခဏရပ်တန့်သွား၏။ ထိုစဉ် ကျန်းရီက ခေါင်းကိုလျှပ်စီးဖြင့် အပစ်ခံလိုက်ရသည့်အလား သူ၏ခန္ဓာကိုယ် တုန်ယင်သွားပြီး စိတ်ဝိညာဉ်တစ်ခုလုံး လှုပ်ခါသွား၏။ အစောပိုင်းက ယဉ်သခင်မလေးသည် သူနှင့်အကြည့်ချင်း ဆုံသွားတော့သည်။
သူသည် ထိုအလှလေးထံမှ ထူးခြားသော အာရုံစိုက်မှု ရသွားသောကြောင့် ရင်ဖိုသွားတာ မဟုတ်ပေ။ ထိုအစား ကပ်ဘေးအငွေ့အသက်ကို ခံစားလိုက်မိတာပဲဖြစ်သည်။ တစ်နည်းဆိုရလျှင် သူကြောက်လန့်သွားတာဖြစ်၏။
သူ၏အဆင့်အတန်းက ယဉ်ရို့ပင်း၏ အဆင့်အတန်းနှင့် ကမ္ဘာခြားနေပေသည်။ ဤယဉ်သခင်မလေး၏ ခွန်အားကို သူမမြင်နိုင်သော်ငြား သူမက ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး သူ့ထက်တစ်နှစ်၊ နှစ်နှစ်ငယ်ကြောင်း သိသာပေ၏။ ထိုသို့ဆိုလျှင် သူမကသူ့ကို အဘယ့်ကြောင့် ကြည့်လာရသနည်း။ အဖြေက သူမိုးနှင့်မြေ တစ်သားထဲ အခြေအနေသို့ ဝင်ရောက်စဉ်က ဤယဉ်သခင်မလေးကို ချောင်းကြည့်မိသည့်အချိန် သူသို့မဟုတ် ထိုလှပသော အမျိုးသမီးက သူ့ကို ရှာတွေ့သွားတာပဲဖြစ်မည်။
ယဉ်သခင်မလေးက အကြည့်ပြန်ရုပ်သိမ်းလိုက်ရာ ကျန်းရီက ခေါင်းအမြန်ငုံ့ပြီး ခန္ဓာကိုယ်ကို ကျုံ့လိုက်တော့၏။ သို့သော် သူ၏နဖူးမှ ချွေးစေးများ ကျလာတော့သည်။ ပိုတော်သည့် တစ်စုံတစ်ယောက်က အမြဲတမ်း ရှိနေပြီး ဤလောကက အမှန်တကယ် ဆန်းကြယ်ပေ၏။ သူကဤလောကထဲတွင် အင်အားကြီး ပုဂ္ဂိုလ်များကို အထင်သေးမိခဲ့သေးသည်။
ကံကောင်းသည်မှာ ထိုယဉ်သခင်မလေးသည် မနေ့ညနှင့် ယခုအချိန်တွင် ထူးဆန်းသော အမူအကျင့်များ မပြခဲ့ပေ။ သူမက ဤကိစ္စကို ခွင့်လွှတ်လိုက်ပုံရသည်။ ကျန်းရီက ခဏကြာပြီးနောက် ခွန်အားများ ပြန်ရလာ၏။ နဖူးပေါ်ရှိ ချွေးစေးများကို သုတ်ပြီးနောက် နောင်ကျ အဆင်အခြင်မဲ့စွာ မပြုမူရန် တိတ်တဆိတ် ကျိန်ဆိုလိုက်တော့သည်။ မဟုတ်လျှင် မည်သို့သေသွားမှန်းတောင် သိလိုက်မှာမဟုတ်ပေ။
မိန်းမပျိုလေးနှစ်ဦးက ဆန်းကြယ်နတ်ဘုရား နန်းတော်ဆီ ပြန်သွားပြီး ကောင်းကင်ကံကြမ္မာ အမိုးအောက်သို့ဝင်ရောက်ပြီး ပျောက်ကွယ်သွားတော့၏။ ဖြစ်စဉ်က နှေးကွေးသော်ငြား ကျူးဆွေ့နှင့် ကျန်သည့်သူများ၏ အမြင်တွင် သူတို့နှလုံးသားထဲ လေပွေဝှေ့နေသေးဆဲဆိုတာ ရှင်းလင်းနေပေ၏။
အချိန်က မည်မျှကုန်ဆုံးသွားသည်မသိ။ လူများက ပိုမိုစုဝေးလာသည်။ သို့သော် အင်အားကြီး မျိုးနွယ်စုမှ မျိုးဆက်များ ပေါ်မလာတော့ပေ။ နေ့လယ်သို့ ရောက်လာသည်နှင့် လူတိုင်းက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ကြည့်လိုက်ကြသည်။ အကြောင်းမှာ အတိတ်တုန်းက နန်းတော်သည် နေ့လယ်၌ ပွင့်နေကျ ဖြစ်သောကြောင့်ပင်ဖြစ်သည်။
ဘီး
နေရောင်က ဆန်းကြယ်နတ်ဘုရား နန်းတော်အထက်သို့ တန်းရောက်လာသည့် အချိန်တွင် နန်းတော်တစ်ခုလုံးက အနက်ရောင်အလင်း ရုတ်တရက် ဖြာထွက်လာတော့၏။ ရှိနေသည့် လူတစ်သိန်းကျော်က အနက်ရောင် အလင်းတန်းဆီ အာရုံရောက်သွားတော့သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်အောက်ရှိ ကောင်းကင်ကံကြမ္မာ အမိုးက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ လေထဲတွင် သခင်လေးများ သခင်မလေးများ ပေါ်ပေါက်လာသော်ငြား မည်သူကမှ သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်ခံပြီး အာရုံစိုက်မနေတော့ချေ။
ဆန်းကြယ်နတ်ဘုရား နန်းတော်၏ဂိတ်က ဖြည်းဖြည်းချင်း ပွင့်လာပြီး အတွင်းထဲမှ တောက်ပသော အလင်းတန်း ပေါ်ထွက်လာတော့၏။
နှစ်တစ်ထောင်ကြာပြီးနောက် ဆန်းကြယ်နတ်ဘုရား နန်းတော် ပွင့်လာချေပြီ။
ဝှစ် ဝှစ် ဝှစ်
ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်ရှိ သခင်လေးများ သခင်မလေးများက မှိန်ဖျော့ဖျော့ ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး ဂိတ်ဆီသို့ ပျံသန်းသွားကြသည်။ မျက်တောင်တစ်ခတ်အတွင်း လူတစ်ရာနီးပါး အထဲသို့ဝင်သွားကြ၏။ သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ လူတိုင်းက မူးဝေမှုကို ခံစားလိုက်ရပြီး ခြေရာလက်ရာများ ဆုံးရှုံးသွား၏။
“အာလား ရီသခင်မလေး ဝင်သွားပြီ ”
ချီလောင်က အော်လိုက်ပြီးနောက် အနေခက်ပြီး ခါးသက်စွာ ပြုံးလိုက်တော့၏။
“သခင်လေး ကျွန်တော် တောင်းပန်ပါတယ် ရီသခင်မလေးက မြန်လွန်းတယ် သူ့ကိုရှာတွေ့တဲ့အချိန်မှာပဲ ဝင်သွားနှင့်ပြီ ”
“ဘာ ”
ကျန်းရီက ဖြူဖျော့သွားတော့သည်။ သူသည်ဤနေရာသို့ အချည်းနှီး လာမိပြန်ပြီလော။
***