အခန်း (၆၁၆-၆၂၀)
Vol. 31 Ch. 616-620
အခန်း(၆၁၆)
“သတင်းပို့”
ဝမ်ချောင်၏ အတွေးယာဉ်ကြောကို သတင်းပို့၏အသံက ဝင်ရောက်နှောက်ယှက်လိုက်သည်။
“သခင်လေး အစောင့်စစ်သားတာဝန်ကို ထမ်းဆောင်နေတဲ့ အတောအတွင်းမှာ စစ်သည်တော်(၁၇)ယောက် လဲကျသွားတယ်လို့ သတင်းရောက်လာပါတယ်။ ဒါကဒီနေ့ရဲ့ (၁၂)ခုမြောက်သော မတော်တဆမှုပါ။ ကျွန်တော်ရဲ့ ရဲဘော်ရဲဘက် စစ်သည်တော်တွေက သူတို့ကို စစ်သမားတော်က ပြုစုပေးနိုင်အောင် ပို့ဆောင်လိုက်ပါပြီ”
သတင်းပို့က ဆင်ခြေလျောပေါ်တွင် အလွန်အမင်း ယဉ်ကျေးသော ကိုယ်ဟန်အနေအထားမျိုး မျက်နှာထားမျိုးဖြင့် ဒူးထောက်ကာ တင်ပြနေသည်။ သူဒူးထောက်ထားသော နေရာက ကောင်းကင်တွင် မြင့်မားစွာ လွင့်ထူနေသည့် အလံအောက် ညာဘက်တည့်တည့်ဖြစ်သည်။ ဝမ်ချောင်၏ နှလုံးသားက လေးလံသွားရသည်။ သို့တိုင်အောင်သူက အမူအရာကို ချက်ချင်းပြန်ထိန်းသည်။
“ငါနားလည်ပြီ အနာဂတ်မှာ မင်းဒီကိစ္စကို ကိုယ့်ဘာသာပဲ ကိုင်တွယ်လိုက်ပါ။ ငါ့ကိုသတင်းပို့ဖို့ မလိုဘူး”
“ဟုတ်ကဲ့သခင်လေး”
သတင်းပို့က တရိုတသေ ပြန်ပြောပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည်။
“ချောင်အာ ဒါကစစ်ပွဲဆိုတာပဲ အနိုင်ရှိတဲ့နေရာမှာ အရှုံးလည်းရှိတယ်။ စစ်ပွဲရှိတဲ့နေရာမှာ သေဆုံးမှုလည်းရှိတယ်။ ဒါကိုရှောင်ရှားလို့မရဘူး။ ဒီလိုအချိန်က ဒီလိုကိစ္စတွေက လက်ခံနိုင်စရာပါပဲ။ ဖြောင့်မတ်မှန်ကန်တဲ့လူတွေက ကြွယ်ဝမှုကို မဖမ်းဆုပ်ကြဘူး။ ကြင်နာတတ်တဲ့လူတွေကလည်း စစ်သားတွေကို အမိန့်ပေးလို့မရဘူး။ ဗိုလ်ချုပ်မှူးကြီး တစ်ယောက်အနေနဲ့ လက်အောက်ငယ်သားတွေရဲ့ သေဆုံးမှုနဲ့ပတ်သတ်ပြီး မဝမ်းနည်းသင့်ဘူး။ အဲ့ဒီအစား မင်းတို့စစ်တပ်ကို ဘယ်လိုအောင်မြင်အောင် ဦးဆောင်ရမလဲဆိုတာနဲ့ သေဆုံးမှုတွေ နည်းပါးအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ တွေးသင့်တယ်”
“ဒါကမှ အစစ်အမှန် ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ရဲ့ လျှောက်လမ်းပဲ”
ဝမ်ချောင်၏အနောက်မှ သက်ပြင်းရှည်ကြီး ချသံနှင့်အတူ လေးလံသော ခြေသံက ထွက်လာသည်။ သိုင်းဝတ်စုံကို ဝတ်ထားသော ဝမ်ရန်က ထိုသို့မှန်ကန်လေးနက်သော ရင်နာဖွယ်ရာ စကားလုံးများကိုပြောပြီး တဖြည်းဖြည်းချင်း အနားသို့ လျှောက်လာနေသည်။
“အဖေ သားသိပါတယ်။ ဒီလိုကိစ္စမျိုးတွေက ရှောင်လွဲလို့မရတာလည်းမှန်တယ်”
ဝမ်ချောင်က ပြန်ဖြေသည်။
ဒီတိုက်ပွဲတွင် အနောက်တောင်ပိုင်း စစ်တပ်တစ်ခုလုံး၏ တိုက်ပွဲဖြစ်နေလေရာ သူ၏ဖခင်ပင်ဖြစ်စေ၊ ရှန်ယွီကျုံ့ထုံးပင်ဖြစ်စေ အားလုံးက သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းကိုသာ စောင့်ကြည့်နေနိုင်သည်။ သူတို့၏ အမြင်တွင် ဒီတိုက်ပွဲက ယခုထက်ပိုပြီး အစီအစဉ်တကျ မဖြစ်လာနိုင်တော့သော တိုက်ပွဲကြီးဖြစ်သည်။ ဝမ်ချောင်မြင်နိုင်သမျှ ကြိုတွေးနိုင်သမျှကလည်း ယခုထက်ပို၍ အလှမ်းဝေးကွာနေသေးပြန်သည်။
(လီတစ်ထောင်ကျယ်တဲ့ ဆည်မြောင်းတစ်ခုကလည်း ပုရွက်ဆိတ်တစ်ပေါက်ကြောင့် ပျက်စီးနိုင်သေးတာပဲ) ဆိုသည့်အတိုင်း ကြီးမားခမ်းနားသော မဟာဟန် အင်ပါယာကြီးကလည်း ဒီတိုက်ပွဲ တစ်ခုထဲကြောင့် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သေးတာပဲ။ မဟာထန်က အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ရှုံး၍မရချေ။ ဒီစစ်ပွဲက မဟာထန်တစ်ခုလုံး၏ အနာဂတ်ဖြစ်နေသည်။
“သခင်လေးက ရိုးသားပြီး သဘောထားကြီးတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ်။ သခင်လေးရဲ့ လုပ်ဆောင်မှုတွေကြောင့်ပဲ ကျွန်တော်တို့ ဒီအဆင့်ထိ ရောက်ရှိနေခဲ့ကြတာပါ။ မာန်ရှဲ့ယွီစန်းစစ်တပ်က လက်ရှိအချိန်မှာ ကျွန်တော်တို့ထက်ပိုဆိုးတဲ့ နစ်နာဆုံးရှုံးမှုတွေကို ခံစားနေကြရပြီ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ဒီရှန်ယွီက အများကြီး ကရုမစိုက်မနေပါဘူး”
နောက်ထပ် အမှောင်ထုထဲမှ အသံတစ်သံ ထွက်လာသည်။ ရှန်ယွီကျုံ့ထုံးက သင့်တင့်ရုံ ခြေလှမ်းများဖြင့် ခပ်အေးအေးလျှောက်လာသည်။ သူ၏ခြေလှမ်းများက မမြန်လွန်းသလို နှေးလည်းမနှေးလွန်းချေ။ အဆုံးတွင် သူကဝမ်ချောင်၏ ဘယ်ဘက်ခြမ်းတွင် လာထိုင်သည်။
“သခင်လေး ကျွန်တော်တို့ကို ရှာတာလား”
“ချောင်အာ မင်းပြောချင်တာရှိရင်ပြောပါ”
ဝမ်ချောင်ကလည်း သူ၏တစ်ဖက်ခြမ်းတွင် ဝင်ထိုင်လာသည်။
ပုံမှန်အားဖြင့် စစ်တပ်တစ်ခု၏ စစ်သေနာပတိချုပ် သို့မဟုတ် ဗိုလ်ချုပ်မှူးကြီးများဆိုလျှင် သူတို့၏ နေထိုင်ရာ စခန်းမှ ထွက်လာခဲလိမ့်မည်။ ယခုမူ ကိစ္စများက မတူတော့ချေ။ ယခုက ဝမ်ချောင်ကိုယ်တိုင်က အမိန့်ထုတ်ပေးနေခြင်း ဖြစ်လေရာ ထိုနှစ်ယောက်လုံးကလည်း ဝမ်ချောင်က ထိုနေရာတွင် ဒီတိုင်းထိုင်ပြီး အတွေးနက်နေကြောင်း မြင်နေရလေရာ မည်သူကမှ သူ၏အမိန့်ကို မနာခံဘဲ မနေချင်ကြသလို သူ့ကိုလည်း မနှောက်ယှက်ချင်ကြချေ။
သူကတကယ်ကို အရွယ်ရောက်လာပြီပဲ။
ဝမ်ရန်က အလံအောက်တွင်ထိုင်နေသော ဝမ်ချောင်ကိုကြည့်သည်။ သူ၏ပုံရိပ်က ယခင်ထက်စာလျှင် ပို၍ပိန်သွားသည်။ သို့တိုင်အောင် သူကစိတ်အေးသွားသလို သက်ပြင်းချမိပြန်သည်။ ယခင်က ပြဿနာရှာလွန်းပြီး မသိတတ်သော သားတစ်ယောက်အဖြစ်မှ အသက်ကိုပင်ရင်းပြီး ဗဟိုပြင်ကျယ်၏ မဟာထန်အတွက်ကြောင့်နှင့် ဝေးကွာလွန်းသော အကွာအဝေးကို ပြန်လာခဲ့ကာ လူများကို ကယ်ဆယ်ရန် ကြိုးစားခဲ့သည်။ ဝမ်ချောင်က လုပ်နိုင်ခဲ့သော အပြောင်းအလဲများက မနည်းပါးချေ။
ဝမ်ချောင်ကလည်း ဝမ်ရန်က မည်သည့်အတွက်ကြောင့် စစ်အနုပညာတွင် ထိုမျှတော်နေကြောင်း မသိသော်လည်း ထိုအချက်များက အရေးမကြီးတော့ချေ။ အဖေတစ်ယောက်အနေနှင့် ဝမ်ရန်က ဂုဏ်ယူမှုကို ခံစားရသည်။
“အဖေ အရှင်ရှန်ယွီ အချိန်က အကုန်မြန်နေပြီ။ ဒီရက်အနည်းငယ်အတွင်းမှာ ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းက သေချာပေါက် လှုပ်ရှားလာလိမ့်မယ်။ ဒီတစ်ကြိမ်မှာ တိဗက်တွေကို သူတို့လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးလို့ မရတော့ဘူး။ ဒါက ကျွန်တော်တို့နဲ့ မာန်ရှဲ့ယွီစန်း စစ်တပ်ကြားက နောက်ဆုံးနဲ့ အဆုံးအဖြတ် အပေးနိုင်ဆုံး စစ်ပွဲကြီးဖြစ်လိမ့်မယ်”
သာယာနာပျော်ဖွယ်ကောင်းသော စကားများ ဖလှယ်မနေတော့ဘဲ ဝမ်ချောင်က ပြောလိုသောစကား အဓိကအချက်ကိုသာ တိုက်ရိုက် ထည့်ပြောလိုက်သည်။ ဒီနှစ်ယောက်လုံးကလည်း မဟာထန်၏ အနောက်တောင်ပိုင်းက အဓိက ထောက်တိုင်ကြီးနှစ်တိုင် ဖြစ်နေသေးသည်။ သူက ထည့်ပြောရန် လိုအပ်သည်။ သူ၏စကားလုံးက ချက်ချင်းလိုလို လူတိုင်း၏ စိတ်အခြေအနေကို ပြောင်းလဲကာ တည်တင်းသွားစေခဲ့သည်။ ယခုကိစ္စက အနောက်တောင်ပိုင်းမှ မရေမတွက်နိုင်အောင် များပြားသော ပြည်သူခြောက်သောင်းကျော်၏ အသက်များစွာ ပါဝင်ပတ်သတ်နေလေသည်။ ထို့ကြောင့် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့၏ အမူအရာက လေးနက်သွားခဲ့ခြင်းဖြစ်သည်။
“သခင်လေး သခင်လေးပြောချင်တာရှိရင် တိုက်ရိုက်ပဲပြောလိုက်ပါ။ ဒီရှန်ယွီကသာ ကူညီဖို့လိုအပ်တယ်ဆိုရင် ကျွန်တော်ကလည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးမှာပါ”
ရှန်ယွီကျုံ့ထုံးက ခိုင်မာစွာ ပြောသည်။
အနောက်တောင်ပိုင်း၏ အရှုံးက သူက ဆွဲကိုင်ထားရသည့် အကြီးမားဆုံးသော အပြစ်တရားဖြစ်နေလေရာ သူက အကြီးမားဆုံး ဝန်ထုတ်ဝန်ပိုးကို ထမ်းရန်လည်း လိုအပ်နေသည်။ သေချာသော ဘက်ထောင့်တစ်ခုမှ ကြည့်လျှင် ဝမ်ချောင်လုပ်ခဲ့သမျှက သူ့ကိုကူညီပေးနေခြင်း ဖြစ်ပြန်သည်။ ဝမ်ရန်ကလည်း ဝင်ပြီးခေါင်းညိမ့်သည်။
စွစ်
ဝမ်ချောင်က သူတို့နှစ်ယောက်၏အရှေ့တွင် လက်ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော များပြားသော ဖုန်မှုန့်များစွာနှင့် ရွှံ့နွံ့များစွာက စတင်ကာ စုဝေးရောက်ရှိလာသည်။ သူက လက်ဝါးကို တစ်ချက်ပြန်တွန်းဟန်၊ ကာလိုက်ဟန် လုပ်လိုက်သော်လည်း အလံအောက်တွင် အသေးစား ပုံစံငယ်တစ်ခုက ပေါ်နေလေပြီ။
မဟာထန်၏ စစ်တပ်မှ ဗျူဟာနှင့် အချက်အလက်များကို အချက်ကျကျ စဉ်းစားရမည်ဖြစ်သော စစ်သေနာပတိချုပ်တစ်ယောက်အနေနှင့် ဝမ်ချောင်က သူ၏စိတ်ထဲတွင် တိုက်ပွဲတွင် ချထားပေးမည့် လူတိုင်း၏နေရာကို ပုံဖော်ထားပြီးသားဖြစ်သည်။
“လက်ရှိအခြေအနေမှာ ကျွန်တော်တို့က ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းနဲ့ မျိုးနွယ်ချင်းယှဉ်ပြိုင်ရသလို ဖြစ်နေတာ။ ကျွန်တော်တို့က လက်ရှိမှာ ရေပြတ်လပ်နေတဲ့ ပြဿနာကို ရင်ဆိုင်နေတာ။ ဒါပေမဲ့ သာ့လွန်ရော့ကျန်းကလည်း ပိုထူးမနေပါဘူး။ လူအင်အားအရဆိုရင်... ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အင်အားစုထဲက လေးဆယ်ရာခိုင်နှုန်းကို ဆုံးရှုံးထားပေမဲ့လည်း ကျွန်တော်တို့မှာ စစ်သည်တော် ခြောက်သောင်းပဲ ကျန်နေရစ်သေးပေမဲ့လည်း တိဗက်တွေက သုံးသိန်းလောက်ပဲ ကျန်တော့တယ်။ သူတို့ရဲ့ အားသာချက်က ကုန်ဆုံးလာတဲ့ အချိန်နဲ့အမျှ အားနည်းလာနေခဲ့ပြီ”
“အရေးကြီးဆုံးအချက်က မာန်ရှဲ့ယွီစန်းစစ်တပ်ရဲ့ လူအင်အား မဟုတ်တော့တာပဲ”
ဝမ်ချောင်၏အသံက ဖျော့တော့သွားချိန်တွင် သူက မဟာထန်၏ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။
“သခင်လေး ဆိုလိုတာက...”
ရှန်ယွီကျုံ့ထုံးက မျက်မှောင်အနည်းငယ်ကျုံ့ပြီး သံသယကို ဖော်ပြသည်။ ဝမ်ချောင်က တွေးတောပြသော ဗျူဟာလမ်းကြောင်းက ရှင်းလင်းစွာဖြင့် သူ့ကိုကျော်လွန်နေခဲ့လေရာ ကာကွယ်ရေးဗိုလ်ချုပ် ကျန်းချုံကပင် အမှီမလိုက်နိုင်လောက်တော့ပေ။
ထို့ကြောင့် ဒီတစ်ကြိမ်တွင် ဝမ်ချောင်က ကိစ္စများကို ရှင်းရှင်းလင်းလင်း ဖော်ပြရန် လိုအပ်လာသည်။ အကြောင်းမူကား သူကိုယ်တိုင်ကပင် လိုက်မှီအောင် မတွေးနိုင်တော့သောကြောင့်ဖြစ်သည်။
ဝမ်ချောင်က အပိုစကား မပြောလေဘဲ ကျောက်တုံးငယ်လေး လေးတုံးကိုယူလိုက်ပြီး သူလက်ယမ်းကာ ပုံဖော်ထားသော ပုံစံငယ်၏ တိဗက်နှင့် မာန်ရှဲ့ကျောင်းရှိရာဘက်သို့ ချလိုက်သည်။
“ဟော်ရှု့ဟွေ့ခမ်း ခဲ့လော့ဖုန်း သွမ့်ခဲ့ချွမ်နဲ့ သာ့လွန်ရော့ကျန်း... သာ့လွန်ရော့ကျန်းက အမတ် ဒီတော့ ကျွန်တော်တို့ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာက ယွီစန်းနဲ့မာန်ရှဲ့ကျောင်းက မဟာဗိုလ်ချုပ်သုံးယောက်ပဲ”
ဝမ်ချောင်က သာ့လွန်ရော့ကျန်းကို ကိုယ်စားပြုသော ကျောက်တုံးကို ပြန်ဖယ်လိုက်ပြီး နေရာပြန်စီပြသည်။
သာ့လွန်ရော့ကျန်းက သိုင်းတတ်သည်။ သို့သော် ဝမ်ချောင်၏အမြင်တွင် သူ၏ဉာဏ်ပညာနှင့် အကြံအစည်များမှ ပေးနိုင်သော ခြိမ်းချောက်မှုကကြီးလေလေ သူ၏သိုင်းက အင်အားမဲ့လေလေ ဖြစ်လာသည်။ မဟာထန်ကိုပေးနိုင်သော အဓိက ခြိမ်းချောက်မှု ရန်စွယ်အန္တရာယ်ဟာ ဟော်ရှု့ဟွေ့ခမ်း၊ ဟော်ရှု့ဟွေ့ခမ်းနဲ့ သွမ့်ခဲ့ချွမ်ဖြစ်ပြီး ထိုသုံးယောက်လုံးကလည်း မဟာဗိုလ်ချုပ်အဆင့် အဆင့်လွန် ကျွမ်းကျင်ပညာရှင်များ ဖြစ်နေသည်။
“သခင်လေးဝမ် ဘာကိုဆိုလိုလည်းဆိုတာကို ကျွန်တော်နားလည်ပြီ”
ရှန်ယွီကျုံ့ထုံး၏ မျက်မှောင်က ပြန်ပြေသွားသည်။
“လက်ရှိအခြေအနေမှာ ဟော်ရှု့ဟွေ့ခမ်းက ဗိုလ်ချုပ်ဝမ်ရန်ရဲ့ အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားကို ကိုင်တွယ်နိုင်တယ်။ သွမ့်ခဲ့ချွမ်အတွက်ကတော့ ကျွန်တော်က ဗာဂျရာနတ်ဘုရားကိုသုံးပြီး သူ့ကိုယ်လည်း ရင်ဆိုင်ထားနိုင်သေးတယ်။ ခဲ့လော့ဖုန်းအတွက်ကတော့... မာန်ရှဲ့ကျောင်းရဲ့ဘုရင်အနေနဲ့ သူက တိုက်ပွဲထဲကို အလွယ်တကူ ဝင်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့ ရင်ဆိုင်ရမဲ့ အန္တရာယ်က အဲ့ဒီလောက် မကြီးသေးဘူး”
“ဒါက သူတိုက်ပွဲထဲကို ဝင်ဖို့မလွယ်ဘူးလို့ ဆိုလိုတာပဲ။ မဝင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး”
ဝမ်ချောင်က ဝင်ပြောသည်။
ထိုအခါ ရှန်ယွီကျုံ့ထုံးလည်း တိတ်ဆိတ်သွားတော့သည်။ ဝမ်ချောင်က ပြောသည်မှာ မှန်ကန်သည်။ ခဲ့လော့ဖုန်းက တိုက်ပွဲထဲ ဝင်မပါလောက်သေးချေ။ သို့သော် အခြေအနေက အလွန်အမင်း လေးနက်နေလေရာ ယခင်အခြေအနေအရ သူကဝင်ပါလောက်တဲ့အထိ မပြင်းထန်လွန်းသောကြောင့် ဖြစ်သည်။ သို့သော်သူက တိုက်ပွဲထဲသို့ ဝင်ပါလာသည်နှင့် အန်းနန်အစိုးရစစ်တပ်၏ လက်ရှိအင်အားက သူ့ကိုတားရန် မလုံလောက်တော့ချေ။
ကံကောင်းစွာဖြင့် မဟာထန်၏ ပြည်ပရန်စွယ်များကို တားဆီးကာကွယ်နိုင်ခဲ့သော သက်တမ်းက ထိုက်ကျုံးခေတ်မှ ယခုသူတော်စင် ဧကရာဇ်ခေတ်အထိ ဖြစ်နေသဖြင့် အင်အားနည်းသော ကျွမ်းကျင်ပညာရှင် အရေအတွက်ပေါင်း များစွာကို ပြိုင်ဘက်ကင်းဝင်္ကပါများ အသုံးပြုစေလျှက် အင်အားကြီးသော ပုဂ္ဂိုလ်များကို ရင်ဆိုင်နိုင်သည့် နည်းလမ်းကို ထုတ်သုံးနိုင်လာပြီဖြစ်သည်။
“ကျွန်တော်တို့ကသာ ထုတ်သုံးမဲ့ ဒီအင်အားကို မဆုံးဖြတ်နိုင်ရင် ကျွန်တော်တို့ အမြဲတမ်း ခုခံတဲ့ဘက်ကပဲ နေနေပြီး သာ့လွန်ရော့ကျန်းက တိုက်ခိုက်မဲ့ အချိန်ကိုပဲ စောင့်နေရလိမ့်မယ်။ ထပ်ပြောရရင် ကျွန်တော်တို့ ဘယ်တော့မှ ဒီအခြေအနေကနေ လွတ်မြောက်တော့မှာ မဟုတ်ဘူး”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
ထိုစကားများနှင့်အတူ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့၏ မျက်ဝန်းက တောက်ပသွားသည်။ အန်းနန်အစိုးရ စစ်တပ်ထဲမှ အဆင့်လွန် ကျွမ်းကျင်ပညာရှင်များ၏ အရေအတွက်က မာန်ရှဲ့ယွီစန်းကို မယှဉ်နိုင်ချေ။ ထိုအချက်ကို မေးခွန်းထုတ်ရန် မလိုအပ်ချေ။ ထို့ကြောင့် အစပိုင်းကတည်းက သူတို့က အချိန်ဆွဲပြီး တော်ဝင်ခုံရုံးမှပို့မည့် တပ်ကူကိုသာ စောင့်နေရခြင်းဖြစ်သည်။
သို့ရာတွင် ဝမ်ချောင်၏ ရည်ရွယ်ချက်ကမူ ထိုအခြေအနေနှင့် ကွဲပြားခြားနားလာသည်မှာ သေချာသည်။
“သခင်လေးဆိုလိုတာက... အခြားနည်းလမ်း တကယ်ပဲ ရှိသေးတာလား”
ရှန်ယွီကျုံ့ထုံးက အလျင်စလိုမေးသည်။
ဝမ်ချောင်က စစ်အနုပညာမှ မဟာအရှင်သခင် ဖြစ်ထိုက်သည်။ သူ၏စွမ်းရည်ကို သံသယဝင်ရန် မရှိချေ။ သို့သော် ဝမ်ချောင်ကသာ အဆင့်လွန် ကျွမ်းကျင်ပညာရှင်များ၏ တိုက်ပွဲကြားတွင် ဝင်ရောက်စွက်ဖက်နိုင်သည်ဟု အခိုင်အမာ ပြောလာလျှင်မူ သူက အလွယ်တကူ မယုံရဲချေ။
ဝမ်ရန်က မည်သည့်စကားမှ မဆိုသော်လည်း သူ၏မျက်ဝန်းထဲတွင်လည်း သံသယများကို မြင်နိုင်သည်။
“အဖေ အဖေက ဟော်ရှု့ဟွေ့ခမ်းနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ သူတို့ကို ဘယ်လိုထင်လဲ”
ဝမ်ချောင်က မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ဖခင်ကိုသာ ပြန်မေးလိုက်သည်။
“ဟော်ရှု့ဟွေ့ခမ်းက အရမ်းကို အင်အားကြီးတယ်။ သူက ရွှေသားဗုဒ္ဓအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ပိုပြီးတော့တောင် အရမ်းကို အင်အားကြီးမားသွားသေးတယ်။ နောက်ပြီး အင်အားကြီးမားတဲ့ ခုခံနိုင်စွမ်းအားလည်း ရှိလာတယ်။ အဖေက ထိပ်တန်းဗိုလ်ချုပ် အယောက်ငါးဆယ်က ခြောက်ဆယ်ရဲ့အင်အားကို စုစည်းအသုံးပြုပြီး ကျန်တဲ့စစ်တပ်တစ်ခုလုံးက ဖေးမတွန်းပို့ပေးလာမဲ့ စွမ်းအားတွေကို ထုတ်သုံးမယ်ဆိုရင်တောင်မှ အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားကို ထုတ်သုံးလိုက်တဲ့အခါ သူ့ကိုမဖိနှိပ်နိုင်လောက်သေးဘူး”
ဝမ်ရန်က မသက်မသာဖြစ်သော မျက်နှာထားမျိုးဖြင့် ပြောလာသည်။
မဟာထန်တွင် လူပေါင်းများစွာရှိသော်လည်း တိုင်းပြည်က တစ်ခုထဲဖြစ်သည်။ ထို့ကြောင့် တစ်လောကလုံးမှ ပြည်ပတိုင်းပြည်တိုင်း၏ တိုက်ပွဲတိုင်းကို တပြိုင်ထဲခုခံရန် မဖြစ်နိုင်ချေ။ ဒါက လူတစ်ယောက်ထဲက တလောကလုံးကို ရင်ဆိုင်ရန် ကြိုးစားနေခြင်း ဖြစ်လာသည်။ ကျိုးကြောင်းသင့်လျော်စွာ တွက်ချက်ပြရလျှင် အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားနှင့် ဗာဂျရာနတ်ဘုရားကဲ့သို့သော စစ်တပ်တစ်ခုလုံး၏ အင်အားကို စုစည်းပြီး ထောက်ပံ့ပေးထားရသော ဝင်္ကပါစွမ်းအားများက ရန်သူ၏ အဆင့်လွန် ကျွမ်းကျင်ပညာရှင်များကိုသာ ရင်ဆိုင်ရန် အသုံးပြုခြင်းဖြစ်သလို အလွန်အမင်းလည်း အရေးကြီးပြန်သည်။
အမှန်တိုင်းဆိုရသော် ထိုနည်းလမ်းက မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို စုစည်းပြီး မဟာထန်က ထပ်ခါတလဲလဲ လေ့လာစမ်းသပ်ပြီးမှသာ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဝမ်ရန်ကသာ အမတ်များနှင့် ဗိုလ်ချုပ်ပေါင်းများစွာရှိသော ကလန်တစ်ခုမှ လာသောသူ ဖြစ်သည့်အပြင် မြို့စားကျို့၏သား ဖြစ်သောကြောင့်သာ ထိုဝင်္ကပါကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်သည်။
“အဖေ အဖေကသာ ဟော်ရှု့ဟွေ့ခမ်းနဲ့ ထပ်ပြီးတိုက်ခိုက်မယ်ဆိုရင် အဖေပြစ်မှတ်ထားရမှာက သူ့ရဲ့ ဂျိုင်းကြားနေရာ ဒါမှမဟုတ်ရင် ကျင်းဖူအကြောရှိတဲ့နေရာပဲ”
ထိုစကားကို ပြောနေသည့်အချိန်တွင် အမှောင်ထဲတွင် ထိုင်နေသည့် ဝမ်ချောင်၏ မျက်ဝန်းက တောက်ပလာသည်။
“ဪ”
ဝမ်ရန်ကပင် ဝမ်ချောင်ကို အံ့အားတကြီး ကြည့်လိုက်သည်။
“ချောင်အာ မင်းဒီစကားကို ဘယ်နေရာက ကြားလာတာလဲ”
ဟော်ရှု့ဟွေ့ခမ်းက ယွီစန်း၏ မဟာဗိုလ်ချုပ်ဖြစ်ပြီး ဝမ်ရန်က သူကထုတ်သုံးသော Variocaဗုဒ္ဓရွှေသားခန္ဓာကိုယ် မာန်ထရာကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုအရာ၏ အားနည်းချက်က ဂျိုင်းကြားတွင်ရှိနေခြင်း သို့မဟုတ် ကျင်းဖူအမှတ်တွင် ရှိနေကြောင်း မသိထားချေ။ ထို့ပြင် ဝမ်ချောင်ကိုယ်တိုင်ကလည်း အနောက်တောင်ပိုင်း တိုက်ပွဲနယ်မြေမှာ ပထမဦးဆုံးအကြိမ် ခြေချခြင်း ဖြစ်နေပြန်သည်။ ထို့ကြောင့် သူ၏သားဖြစ်သူက ထိုသို့ အကြောင်းအရာများကို မည်သို့သိကြောင်း သူကိုယ်တိုင်ပင် နားမလည်တော့ချေ။
“အဖေ့သားက အပျော်အပါးလိုက်စားပြီး အချိန်ဖြုန်းခဲ့တာ ဘယ်လောက်များခဲ့သလဲဆိုတာကို အဖေလည်း သိဦးမှာပဲ။ ဒါပေမဲ့ ကျွန်တော် အချို့တိဗက်တွေဆီကနေ လေ့လာနိုင်ခဲ့တာလည်းရှိတယ်။ ဒီလိုနဲ့ကျွန်တော်က မြို့တော်မှာ တိဗက်အချို့နဲ့ အရမ်းကို ရင်းနှီးခဲ့တာပေါ့။ အဖေ့ရဲ့သားက ဖြစ်ချင်တော့ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းရဲ့ အဓိကသိုင်းတွေမှာလည်း အားနည်းချက်ရှိကြောင်း သိခဲ့ရတယ်။ အဲ့ဒီအားနည်းချက်တွေက သူတို့ရဲ့ဂျိုင်းကြား ဒါမှမဟုတ်ရင် သူတို့ရဲ့ ကျင်းဖူအမှတ်မှာပဲ။ အဖေကသာ ဟော်ရှု့ဟွေ့ခမ်းနဲ့ တိုက်ခိုက်ခဲ့ရင် သူ့ကို အလဲထိုးရှုံးနိမ့်အောင် လုပ်စရာမလိုဘူး။ အဖေလုပ်ရမှာက ရလဒ်တစ်ခုရအောင် အဲ့ဒီနေရာတွေကို တိုက်ခိုက်ကြည့်ဖို့ပဲ”
ဝမ်ချောင်က ရိုးသားစွာ ပြောလိုက်သည်။
သဘာဝအလျောက်ပင် ဝမ်ချောင်က မြို့တော်တွင် မည်သည့်တိဗက်နှင့်မှ အကျွမ်းဝင်မှု မရှိခဲ့ပေ။ အထက်တန်းလွှာ ကလန်မှ ဆက်ခံသူတစ်ယောက်ကသာ ထိုမျိုးနွယ်ခြားများနှင့် ရင်းနှီးလွန်းသွားလျှင် ကွက်မျက်ခံရသည်အထိ ဒုက္ခများနိုင်သည်။ သို့သော် ဝမ်ချောင်ကမူ သူ၏ဖခင်ကို အယုံသွင်းနိုင်ရန်သာ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက သိုင်းသင်တန်းကျောင်း ရှစ်ကျောင်းပေါင်းထားခြင်းဖြစ်ပြီး သဘာဝအလျောက်ပင် သူတို့၏သိုင်းတိုင်း၏ ပြစ်ချက်များက ဂျိုင်းကြားနှင့် ကျင်းဖူအမှတ်များ မဟုတ်ချေ။ သို့သော် လွန်ခဲ့သောနှစ်ရက်က တိုက်ပွဲတွင် ဝမ်ချောင်က ဟော်ရှု့ဟွေ့ခမ်းနှင့် တိုက်ခိုက်ခဲ့ရခြင်း မရှိခဲ့ရသည့်တိုင်အောင် သူ၏သွေးကြောများ အလုပ်လုပ်ပုံကို ဖမ်းဆုပ်နိုင်ခဲ့သည်။
သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်သို့ ရောက်ခဲ့ဖူးသည့် စစ်သူတော်စင် တစ်ယောက်အနေနှင့် ဝမ်ချောင်က ထိုနယ်ပယ်တွင် ထူးခြားသော မြင်နိုင်စွမ်းအား အနည်းငယ်ကို ပိုင်ဆိုင်ထားသေးလေသည်။
အခန်း(၆၁၇)
“ဒီလိုဆိုရင် အချိန်ကျလာတဲ့အခါ ငါစမ်းကြည့်လိုက်မယ်”
ဝမ်ရန်ကမူ မယုံကြည်နိုင်သေးချေ။ သို့သော် အခြားပို၍ကောင်းမွန်သော နည်းလမ်းများလည်း မရှိသေးလေရာ ဝမ်ချောင်၏ အကြံပြုချက်ကို စမ်းကြည့်ချင်စိတ်ရှိသည်။
“ဟုတ်တယ်အဖေ အရှိန်အဟုန်မြင့် မှင်သက်အံ့သြဖွယ် နတ်ဘုရား ဝင်္ကပါနဲ့ပတ်သတ်ပြီး အကြီးအကဲစုကျန်းချန်းဆီကနေ နည်းနည်း ကြားထားဖူးတယ်။ ဒါက အဖေအတွက် အသုံးဝင်လောက်တယ်”
ဝမ်ချောင်က တစ်စုံတစ်ရာကို ယခုမှ သတိရသွားသလို ထပ်ပြောလာသည်။
“စစ်နတ်ဘုရားဆီကလား”
ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ဝမ်ချောင်ကို တအံ့တသြကြည့်ပြီး တုန်ယင်သွားကြသည်။
“သခင်လေးဝမ်က စစ်နတ်ဘုရားနဲ့ သိတာလား”
ရှန်ယွီကျုံ့ထုံးက ဝမ်ချောင်၏ လက်မောင်းကို အလွန်အမင်း ပြင်းထန်သော စိတ်လှုပ်ရှားမှုနှင့်အတူ လှမ်းကိုင်လိုက်သည်။ ဝမ်ချောင်က အလွန်ပါရမီကြီးကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် ဝမ်ချောင်က မဟာထန်မှ အလားအလာအကောင်းဆုံး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး စစ်နတ်ဘုရားနှင့် သိနေမည်ဟု မထင်ထားမိချေ။
ထိုပုဂ္ဂိုလ်က မဟာထန်အတွက် နတ်ဘုရားလို တည်ရှိမှုမျိုးဖြစ်သည်။ လူအများစုက သူကသေသွားပြီဟု ဆိုကြသည်။ သို့တိုင်အောင် ဝမ်ချောင်ကမူ ထိုမျှအလေးစားရဆုံးသော စစ်နတ်ဘုရားကို သိထားသည်။
“ချောင်အာ မင်းအမှန်ပြောနေတာလား”
ဖခင်ဝမ်ရန်ကပင် မှင်သက်နေရသည်။
ဝမ်ရန်က မြို့တော်မှ ထွက်သွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် စုကျန်းချန်း၏ အခြေအနေကို မသိနိုင်တော့ချေ။ ရှန်ယွီကျုံ့ထုံးကမူ အနောက်တောင်ပိုင်းတွင် နေနေခဲ့သည့်အတွက် မြို့တော်နှင့် ဝေးကွာနေလေရာ သတင်းရောက်ချိန်ကလည်း ကြာမြင့်လွန်းလှသည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း မသိပြန်ချေ။
အမှန်တိုင်းဆိုရသော် မြို့တော်တွင်ရှိသော လူများကပင် ဝမ်ချောင်နှင့် စုကျန်းချန်း၏ ဆက်ဆံရေးကို လူအနည်းစုလောက်ကတင် သိကြသည်။
“အဖေ့ရဲ့သားက မလိမ်မာဘူး”
ဝမ်ချောင်ကပြောသည်။
သူ၏ယခင်ဘဝအကြောင်းနှင့် ပတ်သတ်သော ကိစ္စများက တားမြစ်စကားများကဲ့သို့ ဖြစ်နေသဖြင့် ဝမ်ချောင်က စုကျန်းချန်း၏ နာမည်ကိုသာ သုံးပြီးရှင်းပြရတော့ပေမည်။ ထပ်ပေါင်းဆိုရသော် စုကျန်းချန်းက သူ၏အချိန်အများစုကို စံအိမ်တော်အတွင်းတွင်သာ နေထိုင်ခဲ့ပြီး ဂိတ်ဝမှ အစောင့်များကိုပင် တွေ့ရန် ငြင်းဆန်ခဲ့သည်။ အပြင်လူများက သူနှင့်တွေ့ရန် အခွင့်အရေး မရှိချေ။ ထို့ကြောင့် သူ၏ဖခင်ကတင် ချွင်းချက်မရှိလောက်ချေ။
“သခင်လေးချောင်က စစ်အနုပညာကို ဒီလောက်ထိ မြင့်မားတဲ့ အဆင့်ထိရောက်အောင် ဖမ်းဆုပ်ထားနိုင်တာ မအံ့သြတော့ပါဘူး”
ရှန်ယွီကျုံ့ထုံး၏ မျက်ဝန်းက တောက်ပလင်းလက်လာလျှက် ဝမ်ချောင်၏ မှင်သက်ဖွယ်ကောင်းသော ပါရမီ၏ အရင်းအမြစ်ကို ရှာတွေ့သွားသလို ဖြစ်သွားသည်။ ဝမ်ချောင်က အလွန်ငယ်သေးသော်လည်း စစ်နတ်ဘုရားကသာ ပါဝင်လာလျှင် အရာအားလုံးကို အလွယ်တကူ ရှင်းပြ၍ရသွားသည်။
“ချောင်အာ အကြီးအကဲစုက ဘာပြောခဲ့သလဲ”
ဝမ်ရန်၏မျက်ခုံးက ပြေသွားလေပြီ။ သူက စုကျန်းချန်းက ပြောသောစကားကို ဝမ်ချောင်၏ မှင်သက်ဖွယ်ကောင်းသော ပါရမီထက် ပို၍စိတ်ဝင်စားသည်။
ဝမ်ချောင်က တခဏခန့် ရပ်တန့်ပြီးမှသာ အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါကို အဆင့်မြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခုကို ထုတ်ပေးလိုက်သည်။
သူ၏ယခင်ဘဝတွင် ကပ်ဘေးက ဆင်းသက်ခဲ့သည်နှင့် မရေမတွက်နိုင်သော တိုင်းတစ်ပါးသားမှ ကျူးကျော်မှုများက ဆက်တိုက် စီးဝင်လာခဲ့သည်။ တောင်တန်းနှင့် မြစ်ပြင်များက အက်ကွဲပြီး မြေကမာ္ဘကြီးကပင် ကျွံ့ကျရသည်။ ထိုသို့ဖြင့် လျို့ဝှက်သိုင်းများက လျို့ဝှက်ချက် မဟုတ်တော့ပေ။
လောကမှ မဟာမာရှယ်တစ်ယောက်လည်းဖြစ် အဆင့်လွန် စစ်သူတော်စင်လည်းဖြစ်သော ဝမ်ချောင်က တစ်ကြိမ်က မဟာထန်၏ အဆင့်လွန်စစ်ဝင်္ကပါများကို တိုက်ပွဲတွင် ထုတ်သုံးနိုင်ရန် လေ့လာခဲ့ဖူးသည်။
အချိန်က အကန့်အသတ် ရှိနေသဖြင့် ဝမ်ချောင်အနေဖြင့် အရာအားလုံးကို အဆင့်မမြင့်နိုင်ခဲ့သည့်တိုင်အောင် ရလဒ်အချို့ရအောင် လုပ်နိုင်ခဲ့သေးသည်။ အရှိန်အဟုန်မြင့် အံ့သြဖွယ် နတ်ဘုရားဝင်္ကပါက သူ၏ဖခင် အကျွမ်းဝင်ဆုံးသော ဝင်္ကပါဖြစ်သည့်အလျောက် သူအစောပိုင်း ရလဒ်ထုတ်ခဲ့သော ဝင်္ကပါလည်း ဖြစ်ခဲ့သည်။
အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါကို အချိန်တိုအတွင်း စွမ်းအားအလွန်ကြီးမားအောင် မြင့်တင်ရန် မဖြစ်နိုင်သော်လည်း တိုက်ခိုက်စွမ်းအားကို အနည်းငယ် မြှင့်လိုက်နိုင်ခြင်းကတင် မှင်သက်စရာ ကောင်းနေလေပြီ။
ဝမ်ရန်က ထိုနည်းလမ်းကို နားထောင်နေလေရင်း ပို၍အံ့သြလာရသည်။ သူက ထိုဝင်္ကပါကို ထုတ်သုံးခဲ့သည်မှာ ခြောက်နှစ်၊ ခုနှစ်နှစ်ခန့် ကြာသွားပြီဖြစ်လေရာ အရာအားလုံးကို သူ၏ကိုယ်ပိုင်ခန္ဓာကိုယ် တစ်ခုကို နှလုံးသားရင်းကာ သိနှင့်နေလေပြီ။
ဝမ်ရန်က တစ်ဖက်သူကပြောသော နည်းလမ်းကိုကြားသောအခါ ထိုအတိုင်းလုပ်လိုက်လျှင် ထိုဝင်္ကပါက ပို၍အဆင့်မြင့်သွားနိုင်ကြောင်း နားလည်သဖြင့် အံ့သြသွားရခြင်းလည်းဖြစ်သည်။
ဝမ်ချောင်က ဒါကနည်းလမ်းတစ်ခုဟုသာ ပြောခဲ့သည့်တိုင်အောင် အရှိန်အဟုန်မြင့် မှင်သက်ဖွယ် ရိုက်ချက်သိုင်းဟုပင် ခေါ်ဆိုသင့်သေးသည်။ အချိန်တိုအတွင်း စွမ်းအားပေါင်းများစွာကို မြှင့်တင်နိုင်ပြီး ပြိုင်ဘက်ကင်းသော အင်အားကြီး ရိုက်ချက်တစ်ချက်ကို ထုတ်ဖော်ပေးနိုင်စွမ်း ရှိခြင်းဖြစ်သည်။
ထိုအကွက်က ဝင်္ကပါထဲတွင် ရောက်နေသော လူတိုင်း၏ ခန္ဓာကိုယ်ပေါ် ပြင်းထန်လွန်းသည့် ဝန်ထုတ်ဝန်ပိုး တင်နိုင်လောက်သော်လည်း တိုက်ခိုက်နိုင်စွမ်းအားကို အလွန်မြင့်သွားစေနိုင်ပြန်သည်။
“အကြီးအကဲစုက ဒီလိုပဲ ပြောခဲ့တာလား”
ဝမ်ရန်က အံ့အားတကြီး ရေရွတ်လိုက်သည်။
မဟာထန်၏ အဆင့်လွန် ဝင်္ကပါများ၏ သမိုင်းများက ကြာရှည်လွန်းပြီး အကြိမ်ရာပေါင်းမက အဆင့်မြင့်တင်နိုင်အောင် ကြိုးစားခဲ့ရခြင်းဖြစ်သည်။ အရှိန်အဟုန်မြင့် မှင်သက်အံ့သြဖွယ် နတ်ဘုရားကဲ့သို့သော ဝင်္ကပါမျိုးကမူ ထိုက်ကျုံးခေတ်နှင့် အလွန်ဝေးကွာလွန်းနေခဲ့ပြီဖြစ်လေရာ အလွန် ခေတ်နောက်ကျနေလေပြီ။
ဝမ်ရန်အနေဖြင့် ထိုကဲ့သို့သော ဝင်္ကပါမျိုးကို တိုင်းပြည်ကို မှီခိုရုံဖြင့် အဆင့်မြင့်တင်နိုင်မည်ဟု မမျှော်လင့်ခဲ့ဖူးချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ငါ့ရဲ့သားနဲ့ စကားခဏလောက် ပြောနေလိုက်ပါ။ ငါလုပ်စရာ ရှိနေလို့ပါ”
ယခုအခါ သူက ထိုသိုင်းကို အဆင့်မြှင့်တင်နိုင်သော နည်းလမ်းရှိနေပြီဖြစ်လေရာ ဝမ်ရန်က ထွက်ခွာရန် စိတ်မရှည်ပင် ဖြစ်လာသည်။ အရှိန်အဟုန်၏ မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါက တိုက်ပွဲ၏ ရလဒ်နှင့် ချိတ်ဆက်နေလေရာ ဝမ်ရန်က မစောင့်နိုင်တော့ချေ။
ဝမ်ရန်က ထွက်သွားသောအခါ ရှန်ယွီကျုံ့ထုံးက မေးလိုက်သည်။
“သခင်လေးဝမ် ဘာလို့ မင်းစစ်နတ်ဘုရားဟောင်းအကြောင်း ပြောတာကို ငါတစ်ခါမှ မကြားဖူးတာလဲ”
ထိုကိစ္စက သူဒီနေ့ ကြားရသမျှ စကားထဲတွင် အံ့အားသင့်စရာ အကောင်းဆုံးဖြစ်သည်။
“ရန်သူကရှေ့မှာ ရောက်နေတဲ့အခါ ဒီဝမ်ချောင်က အခြားကိစ္စတွေ စကားစမြည်ပြောဖို့ စိတ်အခြေအနေ ဘယ်ကောင်းပါ့မလဲ”
ဝမ်ချောင်က ခါးသီးသော အပြုံးနှင့်ပြောလိုက်သည်။ တိကျသေချာသော ဘက်ထောင့်မှကြည့်လျှင် သူက စုကျန်းချန်း၏ ဆက်ခံသူဟုပြောလျှင် မလွန်ချေ။ သို့သော် စုကျန်းချန်းကမူ စစ်အနုပညာမှ သူ၏ဆရာ မဟုတ်ချေ။ အနှစ်ချုပ်ဆိုရသော် စုကျန်းချန်းက ထိုနယ်ပယ်တွင် သူ့ကိုပင် ရှုံးခဲ့ပြီးလေပြီ။
အရေးကြီးသာ အခြေအနေကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်က ထိုအကြောင်းအရာကို ထည့်ပြောလိမ့်မည် မဟုတ်ချေ။
“သခင်လေးပြောတာ မှန်ပါတယ်”
ရှန်ယွီကျုံ့ထုံးက ကြောက်ရွံ့ရိုသေမှု အပြည့်ဖြင့် သက်ပြင်းချသည်။
“သခင်လေး လာမဲ့တိုက်ပွဲနဲ့ပတ်သတ်ပြီး ဘာအတွေးများ ရှိပါသေးသလဲ”
“အရှင်ရှန်ယွီကျုံ့ထုံး အရှင့်ရဲ့ မာန်ရှဲ့ကျောင်း မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်အပေါ် အမြင်က ဘယ်လိုလဲ”
ဝမ်ချောင်ကမေးလိုက်သည်။
ရှန်ယွီကျုံ့ထုံးက မျက်မှောင်ကျုံ့သည်။ သူ၏အမူအရာက လေးနက်သွားသည်။ ဝမ်ချောင်က ဗာဂျရာနတ်ဘုရား ဝင်္ကပါအကြောင်း မေးတော့မည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားစွာပင် သွမ့်ခဲ့ချွမ်အကြောင်း ပြောလာသည်။
“ကျွန်တော် ဘာမှတော့ ပြောစရာမရှိဘူး။ ဒါပေမဲ့ သခင်လေးချောင်က မေးလာမှတော့ ကျွန်တော် တဲ့တိုးပဲ ပြောတော့မယ်။ ဒီစစ်ပွဲမှာ ကျွန်တော်အစိုးရိမ်ဆုံးက ဟော်ရှု့ဟွေ့ခမ်းမဟုတ်ဘဲ သွမ့်ခဲ့ချွမ်ပဲ”
ရှန်ယွီကျုံ့ထုံး၏ အမူအရာက အလွန်လေးနက်နေသည်။ ဝမ်ချောင်က သူ့ကိုသိပြီးချိန်ကလည်းက ရှန်ယွီကျုံ့ထုံး၏အမူအရာ ထိုမျှလေးနက်နေခြင်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းလည်းဖြစ်သည်။
ဝမ်ချောင်က ခပ်မတ်မတ် ထိုင်လိုက်သည်။ သူကနားထောင်ချင်စိတ် အပြည့်အဝရှိကြောင်း ဖော်ပြသည်။
“ဝံပုလွေတွေက ဟင်းလင်းပြင်မှာ မားမတ်စွာ ရပ်နေတယ်။ သူတို့က ဘယ်လောက်ပဲ ကြောက်စရာကောင်းကောင်း အရေအတွက် ဘယ်လောက်ပဲများများ သူတို့ကို ရင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နိုင်သေးတယ်။ ဒါပေမဲ့ မြက်ပင်တွေကြားမှာ ပုန်းနေတဲ့ အဆိပ်ပြင်း မြွေလိုကောင်မျိုးက မြင်လည်းမမြင်နိုင်သလို ကြားလည်းမကြားနိုင်ဘူး။ ဒီတော့ အချိန်မှီ ခုခံဖို့ တုန့်ပြန်ဖို့ ခက်ခဲတယ်။ သွမ့်ခဲ့ချွမ်က ဒီလိုအဆိပ်ပြင်း မြွေလိုကောင်မျိုးပဲ”
အမှောင်ထဲတွင် ရှန်ယွီကျုံ့ထုံး၏ စကားက ဝမ်ချောင်ကို အံ့သြသွားစေခဲ့သည်။ ရှန်ယွီကျုံ့ထုံးက ရိုးသားသစ္စာရှိပြီး ဖြောင့်မတ်သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆိုသည့် ထင်မြင်ချက်ကို ပေးစွမ်းလာသည်။
ဝမ်ချောင်အနေနှင့်လည်း ရှန်ယွီကျုံ့ထုံးက သွမ့်ခဲ့ချွမ်ကို ထိုမျှအထင်ကြီးထားမည်ဟု မထင်မိသလို ရှန်ယွီကျုံ့ထုံးက သတိလက်လွတ်နိုင်ပြီး မယဉ်မကျေး ပြောတတ်သော လူဟုလည်း မထင်ရချေ။ သူက အရာအားလုံးကို မျက်စိဒေါက်ထောက်ကြည့်ကာ အကဲဖြတ်နိုင်စွမ်း ရှိနေခဲ့သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က အ့ဟိုင်တိုက်ပွဲက အခြေအနေကို ပြောချင်တာပါလား”
ဝမ်ချောင်က နောက်ဆုံးတွင် သူအစိုးရိမ်ဆုံး မေးခွန်းကို ထုတ်မေးလိုက်သည်။ ရှန်ယွီကျုံ့ထုံးအနေဖြင့် ကိုယ်တိုင်အတွေ့အကြုံ မရှိဖူးသေဘဲ ထိုကဲ့သို့သော အကြောင်းအရာမျိုးကို ဖြတ်ပြောလိမ့်မည်ဟု မထင်ချေ။ ရှန်ယွီကျုံ့ထုံး၏ အမူအရာအရ အဆိုးရွားဆုံး မေ့မရနိုင်ဆုံးသော အတွေ့အကြုံကို ထည့်ပြောနေခြင်းနှင့်တူသည်။
ရှန်ယွီကျုံ့ထုံး၏ မျက်လုံးက အနည်းငယ် ရွေ့လျားသွားပြီးနောက် ပြန်မတွေးချင်သလိုမျိုး ရှုံ့မဲ့သွားသည်။
“သွမ့်ခဲ့ချွမ်က အလျင်စလို လှုပ်ရှားတတ်တဲ့ လူမျိုးမဟုတ်ဘူး။ သူကအမြဲတမ်း မင်းကိုစိုက်ကြည့်နေလိမ့်မယ်။ မင်းရဲ့အားနည်းချက် ထုတ်ပြတာကို ချောင်းနေလိမ့်မယ်။ အဲ့ဒီအချိန်မှ အရေးအကြီးဆုံး အချိန်မှာမှ သေသွားနိုင်တဲ့ တိုက်ကွက်မျိုးကို ထုတ်လွှတ်တတ်တဲ့လူမျိုးပဲ”
ရှန်ယွီကျုံ့ထုံး၏ မျက်ဝန်းထဲတွင် သွေးအလင်းက လက်လာသည်။ အ့ဟိုင်တိုက်ပွဲတွင် သူ၏အသက်ကို အကြီးမားဆုံး ခြိမ်းခြောက်ပေးနိုင်ခဲ့ဆုံး၊ အကြီးမားဆုံး သိက္ခာအကျစေခဲ့ဆုံး သူဘယ်သောအခါမှ မေ့ချင်သော်လည်း မေ့၍မရနိုင်သည့် အိမ်မက်ဆိုးဖြစ်ခဲ့သည်။
ဝမ်ချောင်က မေးလာခဲ့သည့်တိုင်အောင် သူကထိုအရာများကို ပြန်တွေးရန် ခက်ခဲလွန်းစေသေးသည်။
အလံက လေတွင်လွင့်နေသည်။ ဝမ်ချောင်ကမူ လောက၏ ကျိန်စာမိနေသလို ဖြစ်နေသည့် ကာကွယ်ရေးဗိုလ်ချုပ်က နာကျင်မှု၊ မုန်းတီးမှု၊ အရှက်ရမှုများ ဖြစ်ပေါ်လျှက် အတွေးနက်နေသော မြင်ကွင်းကို ထိုင်ကြည့်နေရသည်။
ဝမ်ချောင်၏ ရှန်ယွီကျုံ့ထုံးအပေါ် နားလည်မှုက အခြားသူများ၏ ပြောစကားပေါ်မှလာသည်။ လမ်းများပေါ် သူ၏အတင်းအဖျင်း စကားများမှ လာခြင်းဖြစ်သည်။ ထို့အပြင် ဝမ်ချောင်က သူနှင့်ပတ်သတ်ပြီး ဘာမှမသိထားချေ။ ထို့ကြောင့် ပထမဦးဆုံးအကြိမ် ဝမ်ချောင်က လူများပြောကြသည့် မဟာထန်၏ အပြစ်သားဆိုသော တစ်ဖက်သူ၏ စိတ်အတွင်းပိုင်းကို နားလည်လိုက်သည်။
“ကျွန်တော်နားလည်ပြီ”
ဝမ်ချောင်က ရိုးရိုးသားသား ခေါင်းညိမ့်လိုက်သည်။
“ကျွန်တော် အရှင်နဲ့ သွမ့်ခဲ့ချွမ်ကို ရင်ဆိုင်ဖို့ ဒုက္ခပေးရတော့မယ်။ ဒါ့အပြင် ဒီဝမ်ချောင်က အရှင်ကာကွယ်ရေးဗိုလ်ချုပ်နဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိနေပါသေးတယ်”
“ဘာလဲ”
အနည်းငယ် စိတ်လှုပ်ရှားသွားသော ရှန်ယွီကျုံ့ထုံးက နောက်ဆုံးတွင် အံ့အားသင့်မှုကို ထုတ်ပြလာသည်။ မည်သူကမှ သူတို့ဆွေးနွေးသည့် အကြောင်းအရာကို မသိသော်လည်း ရှန်ယွီကျုံ့ထုံးက အလွန် နောက်ကျမှ ထွက်ခွာသွားခဲ့သည်။
“သခင်လေး အေးအေးသက်သာ အနားယူပါတော့။ ဒီအခြေအနေက တကယ်ဖြစ်လာခဲ့ရင်တောင်မှ ဒီရှန်ယွီက တန်ကြေးတစ်ခု သေချာပေါက် ပေးဆပ်ပြီး သူ့ကိုထိန်းထားမှာပါ”
ရှန်ယွီကျုံ့ထုံး၏ မျက်နှာက အလွန်လေးနက်နေသည်။
“ဒါဆိုရင် အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကိုပဲ ကျွန်တော် ဒုက္ခပေးရတော့မယ်”
ဝမ်ချောင်က ထိုသို့ပြောပြီး ပြန်လိုက်ပို့လိုက်သည်။ ရှန်ယွီကျုံ့ထုံးက ထွက်သွားပြီးနောက် တောင်ထိပ်က တိတ်ဆိတ်သွားသည်။ ဝမ်ချောင်က အလယ်အောက်တွင် တစ်ယောက်ထဲ ရပ်နေသည်။ သူ၏စိတ်ကမူ အနားမရနိုင်သေးချေ။ ဒီတိုက်ပွဲ၏ အခြေအနေအရ ဝမ်ချောင်လုပ်နိုင်သည်မှာ အကန့်အသတ် ရှိနေသည်။ အလွန်အမင်း အကန့်အသတ် ရှိနေသည်။
မည်သူကမှ တိုက်ပွဲက မည်သို့အဆုံးသတ်မည်ကို မသိသလို ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်း၊ ဝမ်ချောင်၊ ရှန်ယွီကျုံ့ထုံးတို့ကလည်း မသိနိုင်ချေ။ သို့သော် ဝမ်ချောင်က သိသည်မှာ ဒီရလဒ်က သိပ်မကြာခင် ဆုံးဖြတ်နိုင်ပေလိမ့်မည်။
“သာ့လွန်ရော့ကျန်း ဘယ်လိုများနေမလဲ သိချင်မိတယ်”
ဝမ်ချောင်က ရုတ်တရက် သူ၏ပြိုင်ဘက်ကို တွေးမိသွားသည်။ တစ်ဖက်သူ၏ အခြေအနေက အလွန်ဆိုးရွားနေသော်လည်း ဝမ်ချောင်အနေဖြင့် သာ့လွန်ရော့ကျန်းက ဒီတိုင်းထိုင်နေမည်မဟုတ်ကြောင်း သိနေသည်။
ပြောရလျှင် သာ့လွန်ရော့ကျန်းတို့၏ဘက်မှ အခြေအနေက အလွန်အမင်း ဆိုးရွားလွန်းနေခဲ့သည်။
“သတင်းပို့ နောက်ထပ် စစ်သားအယောက်နှစ်ဆယ် ဖျားနာသွားလို့ မာန်ရှဲ့ကျောင်းရဲ့ စစ်သမားတော်တွေဆီကို ပို့ထားရပါတယ်”
တိဗက်သတင်းပို့တစ်ယောက်က မြေပြင်တွင် ဒူးထောက်လာသည်။ သူ၏ခေါင်းကို ငုံ့ထားသည်။ ထိုအတိုင်း စီတန်းကာ ဒူးထောက်ချနေသော သတင်းပို့ပေါင်း ခုနှစ်ယောက် ရှိနေလေပြီ။ နောက်ထပ် သတင်းပို့တစ်ယောက်က နောက်ဆုံးတွင် မနေနိုင်တော့ဘဲပြောသည်။
“မဟာအမတ် မာန်ရှဲ့ကျောင်းရဲ့ ရိက္ခာတွေက ကျွန်တော်တို့အတွက် မသင့်တော်ဘူး။ စစ်သည်တွေအားလုံးက ဝမ်းလျောနေကြပါပြီ။ မဟာအမတ်အနေနဲ့ ဒီရိက္ခာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု တွေးပေးစေချင်ပါတယ်”
“ငါသိပြီ မင်းတို့အားလုံး ထွက်သွားကြတော့”
သာ့လွန်ရော့ကျန်းက လက်ကိုယမ်းပြီး မောင်းထုတ်သည်။ ရုတ်တရက် သူ၏အနောက်မှ အသံတစ်သံ ထွက်လာသည်။
“ငါတို့ဒီတိုင်း ကြာကြာခံမှာမဟုတ်ဘူး။ ငါတို့အနေနဲ့ သူတို့ရဲ့ ရိက္ခာတွေနဲ့ ကျင့်သားမရနိုင်ဘူး”
ဟော်ရှု့ဟွေ့ခမ်း၏ နတ်ဘုရားကဲ့သို့သော ပုံရိပ်က သာ့လွန်ရော့ကျန်း၏ အနောက်တွင် မယိုင်လဲနိုင်သော ရုပ်ထုတစ်ခုနှယ် ရပ်နေသည်။ သာ့လွန်ရော့ကျန်းက သက်ပြင်းရှည်ကြီးကိုချသည်။ ဟော်ရှု့ဟွေ့ခမ်းက ပြောသည်မှာ မှန်ကန်သည်။ သို့သော် သူသည်လည်း မသိနိုင်တော့ချေ။
တိဗက်စစ်တပ် တစ်ခုလုံးက လက်ရှိအချိန်တွင် မာန်ရှဲ့ကျောင်း၏ ရိက္ခာကို စားနေရသည်။ ဆာလောင်မှု ပြဿနာကို ယာယီဖြေရှင်းနိုင်သော်လည်း စစ်တပ်တစ်ခုလုံးက ဝမ်းလျောနေကြသေးသည်။
စစ်သားအချို့က ထိုဝမ်းလျောသော ပြဿနာက ကြီးမားလွန်းပြီး မေ့မျောကျသည်အထိ ဖြစ်လာသည်။ အကြောင်းမူကား တိဗက်များ၏ အစာအိမ်ပြဿနာသည် မာန်ရှဲ့ကျောင်း၏ ရိက္ခာနှင့် ကျင့်သားမရသောကြောင့်ဟု အဖြေထုတ်နိုင်တော့သည်။
တိဗက်များအတွက် အဆုံးစွန်သော ရလဒ်က စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်ကို အလွယ်တကူ ဖယ်ရှားရှင်းလင်းလိုက်သည်။ ဒီတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် အများဆုံး ငါးရက်မှ ခုနှစ်ရက် ကြာပြီးလျှင် တိဗက်စစ်တပ်က အန်းနန်အစိုးရစစ်တပ်ကို ခြိမ်းခြောက်နိုင်သော စွမ်းရည် ဆုံးရှုံးသွားရပေမည်။
“ငါတို့မှာ အခြားနည်းလမ်း မရှိတော့ဘူး။ ဒါကငါတို့ရဲ့ နောက်ဆုံးကမ်းစပ်ပဲ။ အခု ဒီစစ်ပွဲက ဘယ်သူအကြာဆုံး ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတယ်။ ဘယ်သူအရင်ဆုံး ကျရှုံးမလဲဆိုတာကို စောင့်ရမယ်။ ငါတို့အခုနောက်ဆုတ်လို့ မရတော့ဘူး။ ငါတို့မှာ နောက်ဆုတ်နိုင်စွမ်းအားလည်း မရှိတော့ဘူး”
“ငါတို့အနောက်တောင်ပိုင်းကို မသိမ်းနိုင်ရင် ငါတို့ပေးထားရတဲ့ ရင်းထားရတဲ့ တန်ကြေးက အလကား ဖြစ်သွားလိမ့်မယ်”
သာ့လွန်ရော့ကျန်းက အံ့ကိုကြိတ်ကာ ကျုံးဝါးသည်။
အခန်း(၆၁၈)
သူ၏အရှေ့တွင် ဘာမှမရှိနေသော်လည်း သာ့လွန်ရော့ကျန်းကမူ သူ၏တစ်ကိုယ်လုံး မျက်ဝန်းတစ်စုံက စောင့်ကြည့်နေသည်ဟု ခံစားရသည်။ ထိုမမြင်ရသော မျက်ဝန်းတစ်စုံ မမြင်ရသောပြိုင်ပွဲအရ မည်သို့ဖြစ်နေစေကာမူ သာ့လွန်ရော့ကျန်းအနေဖြင့် ရှုံးခွင့်ပြု၍မရချေ။ သူ(၁၇)နှစ်ပင် မရှိသေးသော ကောင်လေးတစ်ယောက်ထံ ရှုံး၍မရချေ။
“ဒါပေမဲ့ ငါတို့က အကြာဆုံး ကြာရှည်ခံနိုင်မဲ့လူလို့ မင်းတကယ်ယုံကြည်မှု ရှိနေနိုင်လို့လား”
ဟော်ရှု့ဟွေ့ခမ်းကမေးသည်။ သူ၏လေသံက အမြဲတမ်း ထက်ရှမြဲဖြစ်သည်။
သာ့လွန်ရော့ကျန်းက ချက်ချင်း တိတ်ဆိတ်သွားရသည်။
ဒါကပြိုင်ပွဲဖြစ်သည်။ ဒီတိုက်ပွဲတွင် သူပင်ဖြစ်စေ၊ ဝမ်ချောင်ပင်ဖြစ်စေ မည်သည့်ဘက်ကမှ အားမသာနေခဲ့ချေ။ မည်သူ့ဘက်ကမှလည်း ကြာရှည်ခံနိုင်မည်ဟု မကျုံးဝါးရဲကြချေ။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရှုံးလို့မရဘူး သေချာပေါက် ရှုံးလို့မရဘူး”
သာ့လွန်ရော့ကျန်းက လက်သီးကိုဆုပ်သည်။ ပြောရလျှင် သူ့တွင် အချိန်အနည်းငယ်သာ ရှိတော့သည်။ သာ့လွန်ရော့ကျန်းက တဲ၏အမိုးဘက်သို့ ကြည့်လိုက်ပြီးနောက် ထိုစကားလုံးများကို မပြောဘဲ ချန်ထားခဲ့လိုက်သည်။
ရုတ်တရက် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က တောင်ပံတဖြတ်ဖြတ်ခတ်သံကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က တဲပေါ်တွင် တစ်စုံတစ်ရာကို ချသွားသလို ထင်ရသည်။ တခဏခန့် ကြာပြီးသည်နှင့် တဲပေါ်မှ အနက်ရောင် ပင်ဂွင်းကြီးက လျောချလာပြီး အထဲသို့ ဝင်လာသည်။
“အွန်”
သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အံ့အားသင့်သွားကြသည်။ ဒါက သာမာန်သတင်းပို့ ပင်ဂွင်းမဟုတ်ချေ။ သူကမှတ်မိသည်မှာ မှန်ကန်လျှင် သိပ်မကြာခင်ကမှ ထိုသို့သော ပင်ဂွင်းမျိုးကို လက်ခံရရှိထားသေးသည်။ တစ်စက္ကန့် ကြာပြီးနောက် ပုံမှန်မဟုတ်ကြောင်း ချက်ချင်းသိသွားသည်။
“ငါသွားကြည့်လိုက်မယ်”
အချိန်တစ်ခုကြာ တိတ်ဆိတ်နေပြီးနောက် ဟော်ရှု့ဟွေ့ခမ်းက သာ့လွန်ရော့ကျန်းကို ခြေလှမ်းကျဲကြီးများဖြင့် ကျော်ဖြတ်ကာ ပင်ဂွင်း၏ ခြေထောက်မှစာကို သွားဖြည်လိုက်သည်။ သူကစာကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကျုံ့သည်။ သူ၏အမူအရာက ထူးဆန်းသထက် ထူးဆန်းသွားပြန်သည်။
“ဘာဖြစ်လို့လဲ”
“ဂုဏ်ယူပါတယ် နောက်ဆုံးတော့ မင်းမျှော်လင့်တဲ့အရာ ဖြစ်လာပြီ”
ဟော်ရှု့ဟွေ့ခမ်းက သူ၏လက်ချောင်းကို လှုပ်ပြီးနောက် စာကိုသာ့လွန်ရော့ကျန်း၏ လက်ထဲသို့ ပို့လိုက်သည်။ သာ့လွန်ရော့ကျန်းက ချက်ချင်းလိုလို စာကိုငုံ့ကြည့်လိုက်ပြီးနောက် သူ၏အမူအရာက ပြောင်းလဲသွားသည်။
“အံ့သြစရာပဲ”
သာ့လွန်ရော့ကျန်းက ထိုသတင်းကို မြင်သောအခါ ပျော်သွားသည်။
“အခုအချိန်က ငါတို့ရဲ့ဘက်မှာပဲ”
သာ့လွန်ရော့ကျန်းက မျက်မှောင်ပြန်ပြေသွားသည်။ သူ၏ခေါင်းပေါ်မှ တိမ်မည်းများကပင် ရှင်းလင်းသွားသည်။
ဝမ်ကျုံးစစ် ပေါ်လာသောကိစ္စက တောင်ပေါ်ဒေသ တစ်ခုလုံးကို လှုပ်ခါနိုင်သည့် ယွီစန်းအင်ပါယာ တစ်ခုလုံးက ခြိမ်းခြောက်မှုကြီးကို ခံစားနေရသည်။ စံပေါ်ကပင် မသက်မသာ ဖြစ်ခဲ့ရပြီး မအိပ်နိုင် မစားနိုင် ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဝမ်ကျုံးစစ်က တောင်ပေါ်ဒေသသို့ အောင်မြင်စွာ ကျူးကျော်နိုင်ခဲ့သော လူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်နေသည်။ သူက မြို့တော်တစ်ခုလုံးကို သိမ်းယူနိုင်လုနီးပါး ဖြစ်သည်အထိ လုပ်နိုင်သည်။ စံပေါ်က ဝမ်ကျုံးစစ်ကို ကြောက်သောစိတ်က တောင်ပေါ်ဒေသ တစ်ခုလုံးကို ဆုံးရှုံးသွားမည်ထက် ပို၍ဆိုးရွားသည်။
ထိုအနက်ရောင်ပင်ဂွင်းက သတင်းတစ်ခုကိုသာ သယ်လာသည်။ ဝမ်ကျုံးစစ်ကို ကိုင်တွယ်ရန် အလို့ငှာ စံပေါ်က လာစာတော်ဝင်တပ်ရင်း ရာဆယ်တော်ဝင်တပ်ရင်းနှင့် မြို့တော်အစောင့် အနည်းငယ်ကိုပင် လုံချီထံစေလွှတ်ကာ ဗိုလ်ချုပ်များ၏ဘုရင် Wetatra ခုံလော့ကို တပ်ကူအဖြစ် ပေးပို့ခဲ့သည်။
စံပေါ်က တော်ဝင်တပ်ရင်း လေးခု၏အထက်တွင် မြဲမြံစွာ အမြဲတစေ နေနိုင်ခဲ့ပြီး ရှားပါးစွာဖြင့် အင်ပါယာနှင့် အခြားသော တိုင်းပြည်များ၏ စစ်ပွဲထဲတွင် ဝင်ပါခဲသည်။ သူ၏ယခုလို လှုပ်ရှားလာသောအချက်က စံပေါ် ဝမ်ကျုံးစစ်ကို မည်မျှကြောက်ကြောင်း သိသာသည်။ ထိုအခြေအနေက သာ့လွန်ရော့ကျန်းကို ကြီးမားသော ရိတ်သိမ်းမှုကြီး ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ သံသယဝင်ရန် မလိုလောက်အောင် သူက အချိန်ပိုရသွားသည်။
“ဟား ဟား ငါ့ရဲ့အမိန့်ကိုထုတ်လိုက် နောက်ထပ်နှစ်ရက် ကြာပြီးရင် တိုက်ခိုက်မဲ့နေ့ရက်ကို စရှာကြမယ်”
သာ့လွန်ရော့ကျန်း၏ ရယ်သံက စခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ အသစ်ဆုံးရောက်လာသော အမိန့်က မာန်ရှဲ့ယွီစန်း စစ်တပ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
“သွားစို့ ဟော်ရှု့ဟွေ့ခမ်း အ့ဟိုင်ရဲ့ထမင်းတွေ သွားစားရအောင်”
သာ့လွန်ရော့ကျန်းက ရယ်နေသည်။ သူက စခန်းထဲမှထွက်ချိန်တွင် သူ၏မျက်နှာက သွေးရောင်ပင် လွှမ်းနေသေးသည်။
“အခြေအနေက မကောင်းဘူး။ တိဗက်တွေက ထမင်းချက်စားနေကြပြီ”
တောင်ပေါ်တွင်ရှိသော အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်များက စုရုံးကာ ရှိနေကြသည်။ လင်းဝူရှို့က တောင်အောက်သို့ငုံ့ကြည့်ပြီး မျက်မှောင်ကိုကျုံ့သည်။
တိဗက်များနှင့် မာန်ရှဲ့ကျောင်းက တောင်ပေါ်သို့ အမြဲတစေ စောင့်ကြည့်ရန် ကင်းထောက်များ စေလွှတ်ထားသလို အန်းနန်အစိုးရစစ်တပ်ကလည်း သူတို့ကို စောင့်ကြည့်နေခြင်းဖြစ်သည်။ တိဗက်စခန်းမှ ဟင်းချက်မီးဖိုများ အရေအတွက်က ယခင်အကြိမ်ရေများထက် အနည်းဆုံး ဆယ်ဆမက များနေသေးသည်။
“တိဗက်တွေက မာန်ရှဲ့ကျောင်းရဲ့ အစားအစာတွေကို စားနိုင်နေပြီ”
လင်းဝူရှို့က သုန်မှုန်သော မျက်နှာထားမျိုးဖြင့်ပြောသည်။
တိဗက်များ၏ ရိက္ခာက ဖြတ်တောက်ခံထားရပြီး သူတို့ကယခု မာန်ရှဲ့ကျောင်းက ထောက်ပံ့ပေးသော ရိက္ခာကို စားနေရသော ပြဿနာက လျို့ဝှက်ချက်မဟုတ်ချေ။ သို့သော် ဒီအခြေအနေက ကွာခြားနေသည်။ ရုတ်တရက် ဟင်းချက်မီးဖို အရေအတွက် တိုးလိုက်သော ပြဿနာက မာန်ရှဲ့ကျောင်းက ထိုရိက္ခာကို လက်ခံသွားနိုင်မည်ဟု ဆိုလိုနေသည်။
မြင်းကျောပေါ်တွင်သာ ရှင်သန်နေထိုင်ကြသော လူများ၏ အစာအိမ်က ထိုရိက္ခာများနှင့် ကိုက်ညီနေသည်။
ဘေးဘက်မှ လော့ကျီးက စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာထားမျိုးဖြင့်ပြောသည်။
“ဒီလိုဆိုရင် ငါတို့တော့ ဒုက္ခရောက်ပြီ။ တိဗက်တွေက မာန်ရှဲ့ကျောင်းရဲ့ ရိက္ခာကိုစားပြီး သူတို့ရဲ့ အစားအသောက် ပြဿနာကို ဖြေရှင်းနိုင်ပေမဲ့ ငါတို့က ရေပြဿနာကို ရင်ဆိုင်နေရတာ။ ဒါကို ဖြေရှင်းနိုင်စွမ်းအား မရှိဘူး”
“ငါတို့ဒီသတင်းကို သခင်လေးကို တင်ပြရမယ်”
ကျောင်းဟုန်က သိန်းငှက်အိုကြီးကို လှမ်းကြည့်သည်။
“သိန်းငှက်အိုကြီး ခင်ဗျားက သခင်လေးနဲ့ ဆက်ဆံရေး အကောင်းဆုံးပဲ။ ခင်ဗျားပဲ တင်ပြလိုက်ပါ”
“မလိုတော့ဘူး”
သိန်းငှက်အိုကြီးက တောင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေသော မလှုပ်ရှားသည့် လေပြေအလား ထင်ရသည်။
“သခင်လေးက ဒါကိုသိပြီးပြီ။ ဒီတော့ ငါသွားပြီး ပြောစရာမလိုတော့ဘူး။ ဒါ့အပြင် သခင်လေးက ဖြေရှင်းဖို့ များပြားတဲ့ ပြဿနာတွေ ရှိနေပြီးသား။ အနာဂတ်မှာ ဒီလိုကိစ္စတွေကြောင့် သခင်လေးကို ဒုက္ခမပေးကြပါနဲ့တော့”
စစ်သည်တော်ခြောက်သောင်းနှင့် အနောက်တောင်ပိုင်း တစ်ခုလုံး သို့မဟုတ် တော်ဝင်ခုံရုံးကပင် သူတို့၏ မျှော်လင့်ချက်များကို ဝမ်ချောင်ပေါ် ပုံအပ်ထားရခြင်းဖြစ်သည်။
သိန်းငှက်အိုကြီးက ဝမ်ချောင်၏ဘေးတွင် နေ့ရက်တိုင်းလိုလို အဖော်ပြုပြီး နေခဲ့လေရာ ဝမ်ချောင်က တောင့်ခံနေရသော ဖိအားက မည်မျှများကြောင်းသိသည်။ ဒီသိန်းငှက်အိုကြီးအနေဖြင့် သူကလည်း ထိုဖိအားများကို အနည်းငယ်ယူကာ တောင့်ခံပေးရန် မျှော်လင့်မိသည်။ သို့သော်သူ၏ လုပ်နိုင်စွမ်းရည်က လစ်လပ်နေလွန်းသည်။ အဆုံးတွင် သူ၏သခင်လေးက (၁၇)နှစ်သာ ရှိသေးသည်။
အခြားသော ဗိုလ်ချုပ်များကလည်း ထိုအခါမှသာ တိတ်ဆိတ်သွားကြသည်။ လော့ကျီး၊ လင်းဝူရှို့နှင့် ကျောင်းဟုန်တို့က တောင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့အားလုံးကလည်း ထိုနေရာတွင် တင်ပြင်ခွေထိုင်နေသော ဖျော့တော့သည့် ပုံရိပ်ကို မြင်နိုင်ကြသည်။
ရေ ရေ တကယ်ပဲ ဘယ်လိုများ လုပ်လို့ရမှာလဲ။
ဝမ်ချောင်က ထိုနေရာတွင် တစ်ယောက်ထဲထိုင်နေသည်။ သူ၏စိတ်ကမူ တောက်လျှောက် အလုပ်ပေးခံနေရသည်။
သူကလည်း သိပ်မကြာခင်ကတည်းက သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကို သတိထားမိသည်။ တိဗက်များ ရိက္ခာပြဿနာက အလွယ်တကူ ကိုင်တွယ်ဖြေရှင်းရ မလွယ်ကူသော်လည်း အစားအသောက်များကို ကျင့်သားမရမှု စားလေ့စားထမရှိသော ကိစ္စများ စသဖြင့်တို့ အားလုံးကို သာ့လွန်ရော့ကျန်းက သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းနိုင်လောက်သည်။ သို့ရာတွင် သာ့လွန်ရော့ကျန်းက ဟင်းချက်မီးဖိုများ တိုးလိုက်သောပြဿနာကြောင့် ဖြေရှင်းနိုင်သွားသည်မှာ သေချာသည်။ အနည်းဆုံး ရက်အနည်းငယ် ကြာသည်အထိ ပြဿနာ မရှိလောက်သေးချေ။ သို့သော် ဝမ်ချောင်ကမူ ခပ်အေးအေး မနေနိုင်ချေ။
အန်းနန်အစိုးရစစ်တပ်က ရေပြတ်နေပြီဖြစ်ပြီး စစ်မြင်းများကိုလည်း ဆက်သတ်၍မရတော့ချေ။ မဟုတ်လျှင် မာန်ရှဲ့ယွီစန်းက ထပ်မံတိုက်ခိုက်လာသည့်အခါ မဟာထန်က သေချာပေါက် ရှုံးသွားတော့ပေမည်။
မဟာထန်၏ လက်ရှိအခြေအနေက ရန်သူများ အဝိုင်းခံထားရသော အခြေအနေဖြစ်ပြီး ပြိုလဲကျလုနီးပါး ဖြစ်နေလေသည်။
ရေ ရေ သေချာပေါက် နည်းလမ်းကိုရှိမှာပါ။
ဝမ်ချောင်က ခါးသီးစွာ တွေးတောနေပြီး ယခင်ဘဝမှ ရေနှင့်ပတ်သတ်သော မှတ်ဉာဏ်တိုင်းကို ပြန်ခေါ်နေသည်။ သို့သော် အားလုံးက အလဟာသဖြစ်ရသည်။
တောင်တန်းတွေ
ဝမ်ချောင်က ဒီပိုင်နက်နယ်မြေပေါ်သို့ သူ၏စစ်တပ်ကို စခန်းချခိုင်းသောအခါ ရေက ဖြေရှင်းရန် ခက်ခဲသော ပြဿနာဖြစ်ကြောင်း သိခဲ့သည်။ အချိန်ကတဖြည်းဖြည်း ကုန်ဆုံးနေခဲ့သည်။ ဝမ်ချောင်၏ ဦးနှောက်က ဆက်တိုက် အလုပ်များနေသည်။ သို့သော် တဖြည်းဖြည်းချင်း ဗလာဖြစ်နေသေးသည်။
ထိုစစ်ပွဲက ဒီအဆင့်ထိ ရောက်နေပြီးလေရာ အခြေအနေကသူ၏ မျှော်လင့်ထားနိုင်သမျှကို ကျော်လွန်သွားသည်။ သို့တိုင်အောင် သူကရှုံး၍မရသေးချေ။
ဝှစ်
ရုတ်တရက် ခဲလုံးလိမ့်ကျသံက သူ၏အတွေးကို နှောက်ယှက်လိုက်သည်။
“သတိထား”
ဝမ်ချောင်က ရုတ်တရက် ခေါင်းမော့လိုက်သောအခါ အဝေးတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသော အမူအရာကို မြင်လိုက်ရသည်။ စစ်မြင်းအချို့က မတော်တဆ ကျောက်တုံးတစ်ခုကို ကန်လိုက်မိပြီး တောင်ပေါ်မှ လိမ့်ကျကာ လှံသမားထံ ရောက်သွားစေသည်။
ဝမ်ချောင်က ထိုကျောက်တုံး ကျသွားသောပုံစံကို မျက်လုံးဖြင့်ကြည့်နေရင်း ရုတ်တရက် အတွေးရသွားသည်။
“ဟုတ်တယ် ဟား ဟား ငါဘယ်လိုများ မေ့နေပါလိမ့်”
ဝမ်ချောင်က ရုတ်တရက် စိတ်လှုပ်ရှားစွာ ထရယ်သည်။
“ငါနည်းလမ်းသိပြီ သာ့လွန်ရော့ကျန်း ခင်ဗျားရှုံးမှာ သေချာပြီ”
ဇွက်
ဓားရှည်တစ်ချောင်းက အောက်သို့ လွှဲယမ်းချလိုက်သောအခါ အက်ကွဲကြောင်းရာတစ်ခုက ထွက်ပေါ်လာသည်။ ကျောက်တုံးတစ်တုံးက အလှီးဖြတ်ခံလိုက်ရပြီး ချောမွေ့သော မျက်နှာပြင်ကသာ ကျန်ရစ်ခဲ့သည်။ သို့သော် ထိုအရာက မည်သို့ထူးခြားနေကြောင်း မည်သူကမှလည်း မသိနိုင်ချေ။ လူအုပ်က စိတ်ရှုပ်ထွေးစွာဖြင့် အမိန့်ပေးသော ဝမ်ချောင်ကို ကြည့်လိုက်ကြသည်။
“သခင်လေး ကျွန်တော်တို့ဘာကို ရှာနေကြတာလဲ”
ဗိုလ်ချုပ်တစ်ယောက်ကမေးသည်။
လွန်ခဲ့သော တစ်နာရီခန့်က ဝမ်ချောင်က ထိုထူးဆန်းသော အမိန့်ကိုပေးခဲ့သည်။ သို့သော် သူက အကြောင်းပြချက်ကို မရှင်းပြခဲ့ချေ။
“ခင်ဗျားတို့မစိုးရိမ်ပါနဲ့ ကျွန်တော်ပြောတဲ့အတိုင်းသာလုပ်ပါ”
ဝမ်ချောင်က ထိုသို့ပြောပြီးနောက် ထွက်သွားသည်။
ဇွက်
ဒုတိယ တတိယ စတုတ္ထ ထိုသို့ဖြင့် ဝမ်ချောင်က တစ်နေရာပြီး တစ်နေရာသို့သွားကာ တောင်ထဲမှ ကျောက်တုံးများ တူးထုတ်ခိုင်းသည်။ ဝမ်ချောင်၏ ပန်းတိုင်က ဘာဖြစ်ကြောင်း မည်သူမှ မသိကြချေ။ သိန်းငှက်အိုကြီးကပင် မသိချေ။
ဝမ်ချောင်ကိုယ်တိုင်ကသာ သူရှာနေသည်မှာ ရေဖြစ်ကြောင်း သိသည်။
တောင်တန်းတိုင်းက ရေကိုသိုလှောင်နိုင်စွမ်းအားရှိပြီး ရေကို ထိန်းသိမ်းထားနိုင်စွမ်းအားလည်း ရှိသည်။ အပေါ်ယံ မျက်နှာပြင်ပိုင်းတွင် ရေအလွှာပါးပါး သေချာပေါက်ရှိနေပေလိမ့်မည်။ ကျောက်သားများကို တူးထုတ်ပြီးနောက် ရေအရင်းအမြစ်ကို ရှာဖွေနိုင်ပေလိမ့်မည်။
ရေများများစားစား မရှိနိုင်လောက်သော်လည်း အန်းနန်အစိုးရစစ်တပ်အတွက်မူ ထိုပမာဏကလည်း လုံလောက်နေပြီဖြစ်သည်။ အလိုအပ်ဆုံး ရေအရင်းအမြစ် ပြဿနာက အန်းနန်အစိုးရ စစ်တပ်အတွက် အသုံးဝင်နိုင်သလို တိုက်ခိုက်လိုစိတ်ကိုလည်း များသွားစေပေလိမ့်မည်။
ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းတို့ နှစ်ယောက်လုံးက အလွန်အမင်း ဆိုးရွားရက်စက်သော အခြေအနေကို ကြုံတွေ့နေရခြင်းဖြစ်သည်။ သာ့လွန်ရော့ကျန်းက မာန်ရှဲ့ကျောင်း၏ ရိက္ခာကို သူတို့၏ ရိက္ခာအဖြစ် အစားထိုးနိုင်လျှင် သူတို့ကလည်း အလားတူ သုံးရုံသာရှိတော့သည်။ အဓိကက မည်သူက အကြာဆုံး ခံနိုင်မလဲဆိုသော အချက်ဖြစ်သည်။ ဝမ်ချောင်ကမူ မမြင်ရသော ယဉ်ပြိုင်မှုကို နားလည်နေသည်။ ဒီအဆင့်ထိရောက်ပြီး ပထမဦးဆုံး လဲပြိုကျသောသူကသာ ရှုံးနိမ့်ပေလိမ့်မည်။
“ရှာ”
ဝမ်ချောင်က နောက်လှည့်ပြီးနောက် ထွက်သွားပြန်သည်။
သူက တစ်ကြိမ်ပြီးတစ်ကြိမ် ရှုံးနိမ့်နေသော်လည်း သူမျှော်လင့်ပြီး ရှာဖွေနေသောအရာကို ဘယ်သောအခါမှ အလျော့မပေးခဲ့ချေ။ သူကလည်း အားမလျော့သွားခဲ့ချေ။ တောင်တန်း၏ မည်သည့် အပေါ်ယံ အလွှာတင်မဆို ထိုရေအလွှာပါးပါးက ရှိနေနိုင်သည်။ ဒီအတိုင်း အရေအတွက်ကသာ ပြဿနာရှိလောက်သည်။
ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် အနောက်တောင်ပိုင်းလို နေရာမျိုးတွင် Karezရေတွင်းများ အသုံးပြုလေ့ရှိသည်။ ထိုအရာက တောင်ကျရေများကို သိမ်းဆည်းရန်ဖြစ်သည်။ ထို့ကြောင့် အနောက်တောင်ပိုင်းမှ ဒီလိုနေရာမျိုးတွင်ပင် ထိုကဲ့သို့သော ရေအရင်းအမြစ်မျိုး မရှိရန် ခက်ခဲသည်။
ပို၍အရေးကြီးသည်မှာ သိပ်မကြာခင်ကမှ ပြင်းပြင်းထန်ထန် မိုးရွာသွန်းထားခဲ့သေးသည်။ ထို့အပြင် အလွန်ပြင်းထန်လွန်းလှလေရာ ရန်သူနှင့် မိတ်ဆွေကိုပင် ခွဲခြားရန် ခက်ခဲသည်အထိ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဒီလိုအချိန်တိုအတွင်းတွင် တောင်ပေါ်တွင် မည်သည့်ရေမှ မကျန်ရစ်တော့သည့် ကိစ္စက မဖြစ်နိုင်ချေ။
ဒီတောင်က ရေကောင်းကောင်း မထိန်းသိမ်းထားနိုင်သည့်တိုင်အောင် ရေမရှိရန် ခက်ခဲသည်။ မည်သို့ပင်ဆိုစေ သေချာပေါက် ရေရှိသောနေရာ ရှိရပေမည်။
ဝမ်ချောင်က လက်သီးကိုတင်းတင်းဆုပ်သည်။ သူ၏မျက်လုံးက တောက်ပနေသည်။ တောင်ပေါ်ရှိ မည်သူကမှ သူဘာလုပ်နေကြောင်း မသိကြချေ။ အများစုကမူ သူ့ကို သံသယဖြင့်သာ ကြည့်ကြသည်။ ဝမ်ချောင်ကမူ သူရေအရင်းအမြစ်ကို ရှာနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိနေသည်။
အခန်း(၆၁၉)
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မရေမတွက်နိုင်အောင် ထပ်ခါတလဲလဲ ရှာဖွေမှု၊ ရှုံးနိမ့်မှုများ ပြီးဆုံးသွားသည့်တိုင်အောင် တစ်တောင်လုံးနီးပါးတွင် တူးထုတ်ထားသော အမှတ်အသားရာများ ပြည့်နှက်လာသည်။ နေရာတိုင်းတွင် ဓားခုတ်ရာများ ပြည့်နှက်နေတော့သည်။ သို့သော် ဒီတစ်ကြိမ်တွင် ကြည်လင်ကာ အေးမြသော ရေများက ကွဲအက်သွားသော ကျောက်တုံးမှ ပန်းထွက်လာသည်။
ထိုရေက လေထဲသို့ ပန်းထွက်လာပြီး စစ်သည်တော်များ၏ကိုယ်ပေါ် စင်သွားသည်။ ထိုအခါ လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ဝု့စ်သံမဏိဓားကို ကိုင်ထားသော သတင်းပို့ဆိုလျှင် ဓားကိုခေါင်းပေါ်ကျော်အောင် မြှောက်ထားလျှက်သာ အနေအထားမျိုးဖြင့် ကိုယ်သို့စင်လာသော ရေများကို ကြောင်တောင်တောင် ကြည့်နေသည်။
“ရေတွေ ရေတွေ ဒါရေတွေပဲ ရေတွေရလာပြီ”
“သခင်လေး သခင်လေးက တောင်ထဲကနေ ရေထွက်အောင် လုပ်နိုင်တယ်”
လော့ကျီး၊ လင်းဝူရှို့၊ ကျောင်းဟုန်နှင့် သိန်းငှက်အိုကြီးတို့က ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ စစ်သည်တော်များက စိတ်လှုပ်ရှားမှုကို မထိန်းသိမ်းနိုင်တော့ဘဲ အော်ဟစ်ကာ ကခုန်နေကြသည်။ လူတိုင်းကလည်း သခင်လေးက ထူးဆန်းသော အမိန့်ပေးခဲ့သည့် အကြောင်းအရာကို နားလည်သွားကြသည်။
ထိုရေကို ခြောက်ကပ်ကာ ထူထည်းလှသော အသက်မဲ့ကျောက်သားများ၏အောက်မှ ရှာတွေ့မည်ဟု မည်သူကမှ မထင်ထားကြချေ။ ထိုအချက်ကတင် မှင်သက်စရာ ကောင်းလွန်းနေလေပြီ။
ချက်ချင်းလိုလို ပတ်ဝန်းကျင်ရှိ စစ်သည်တော်များက အပြေးအလွှားသွားကာ ရေများကို တုန်ယင်သော လက်များဖြင့်ခံလျှက် သောက်ကြသည်။
မဟာထန်၏ ရေက လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကုန်သွားခဲ့ခြင်းဖြစ်သည်။
ထိုမတိုင်ခင်က အားလုံးကလည်း အချိန်အတန်ကြာအောင် ရေကိုအချိုးကျဖြင့် သုံးစွဲခဲ့ကြရသည်။ လူတိုင်းက တစ်နေ့လျှင် ရေတစ်စက် အနည်းငယ်သာလျှင် သောက်ခဲ့ရလေသည်။ သူတို့ထမင်းချက်ရာတွင် အသုံးပြုသော ရေများကပင် မရှိလုနီးပါးဖြစ်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ရေပြတ်လပ်သော အကြောင်းပြချက်ကြောင့် ထမင်းဘဝသို့ အပြည့်အဝမရောက်ဘဲ ဆန်ကွဲပုံစံနှင့်သာ စားသောက်ခဲ့ရသေးသည်။
ထိုသို့သော အခြေအနေများကြောင့် သူတို့အားလုံးက ဆာလောင်သဖြင့် မူးဝေခဲ့ရသည်။ သူတို့၏ ပါးစပ်များက အမြဲတစေ ခြောက်သွေ့နေခဲ့သည်။ ပို၍အရေးကြီးသည်မှာ ရေမသောက်ရသော ပြဿနာက သူတို့၏ခန္ဓာကိုယ်ကို မောပန်းကာ ထိုင်းမှိုင်းစေခဲ့ခြင်းဖြစ်သည်။
မည်သူကမှလည်း ရက်ပေါင်းများစွာ ရေကိုဆာလောင်နေခဲ့ပြီးနောက် ရုတ်တရက် လတ်ဆတ်လွန်းသော ရေကို ရရှိလိမ့်မည်ဟု မထင်ထားမိချေ။ ထိုခံစားချက်က လူတိုင်းကို ရူးသွပ်စေလောက်သည်။
“ဘာလို့ရပ်ကြည့်နေကြတာလဲ စစ်သည်တွေ ဒီလောက်များတာ မင်းတို့တစ်ယောက်ထဲတင်ပဲ သောက်လို့လုံလောက်မယ် ထင်နေလား”
ထိုအခါ သတင်းပို့က ချက်ချင်းလိုလို အသိပြန်ဝင်လာသည်။
“ဟုတ်ကဲ့သခင်လေး”
သူကချက်ချင်းလိုလို ဝမ်ချောင်၏ အနောက်သို့ ပြေးလိုက်သွားသည်။ သူ၏မျက်နှာတွင် ပျော်ရွှင်မှုက အပြည့်ရှိနေသည်။ စစ်သည်တော်ခြောက်သောင်းကို ထိုစမ်းရေကန် တစ်ခုထဲက ထောက်ပံ့ရန် လုံလောက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဓားကိုထပ်မံယမ်းပြီး သူကထိုတာဝန်ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးလေသည်။ သူက ရေထွက်နိုင်ကြောင်း သိသဖြင့် ပို၍တက်ကြွသွားသည်။
“သခင်လေး သခင်လေးအမိန့်သာ ပေးလိုက်ပါ။ ကျွန်တော် အခုချက်ချင်း လုပ်လိုက်ပါ့မယ်”
ထိုသို့ဖြင့် စမ်းရေကန်တစ်ခုကို တစ်ခုကို ရှာတွေ့ပြီးနောက် နောက်ထပ်တစ်ခု၊ နောက်ထပ်နှစ်ခု၊ နောက်ထပ်သုံးခု စသဖြင့် စမ်းရေကန်များကို ဆက်လက်ရှာတွေ့လာခဲ့သည်။ အက်ကွဲရာကြားမှလည်း ကြည်လင်ကာ အေးမြသောရေက စီးထွက်လာသည်။ ထိုရေများက ဆက်လက် စီးဆင်းသွားသည်နှင့် စစ်တပ်တစ်ခုလုံးက တက်ကြွသွားသည်။
များပြားသော စစ်သည်တော်များက ပျော်ပျော်ရွှင်ရွှင်ဖြင့် သောက်နိုင်ကြသည်။ ထိုသို့သောက်သုံးပြီး တစ်ချိန်လုံး ကုန်ဆုံးသွားမှသာ တစ်နေ့တာလုံး၏ အပျော်ရွှင်ဆုံး၊ စိတ်အလှုပ်ရှားဆုံး အချိန်က အဆုံးသတ်တော့သည်။ သူတို့က မီးများစမွှေးကာ အောင်ပွဲခံရန် အနေဖြင့် ဟင်းချက်ရန် ပြင်ဆင်တော့သည်။
စစ်မြင်းများကလည်း ဟီကြသည်။ သူတို့ကလည်း ပျော်ရွှင်စိတ်လှုပ်ရှားနေကြသည်။
“ချောင်အာ ဒီရေက ဘယ်လောက်ကြာကြာ လုံလောက်လောက်လဲ”
နောက်ထပ် တောင်ထိပ်ပေါ်တွင် လွင့်ထူနေသော အလံအောက်တွင် ဝမ်ရန်၊ ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ချောင်တို့က ဘေးချင်းယှဉ်လျှက် ရပ်နေသည်။
သူတို့၏အောက်တွင် ရေကိုအသည်းအသန် သောက်နေသော စစ်သားများနှင့် မြင်းများကို မြင်နိုင်သည်။ လူတိုင်းက သူတို့၏ ဦးထုတ်များဖြင့်ပင် ရေကိုသယ်ကာ အသုံးပြုနေကြသည်။ သူတို့က စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများက နီရဲကုန်ကြလေသည်။
ထိုမြင်ကွင်းကို ကြည့်ရုံဖြင့်ပင် ထိုလူများက မည်မျှပျော်ရွှင်နေကြောင်းကို သိနိုင်သည်။
“ကျွန်တော်မသိဘူး”
ဝမ်ချောင်က ဖျော့တော့စွာပြောသည်။ သို့သော် ထိုရေက ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့ကို အံ့သြသွားစေခဲ့သည်။ မည်သို့ပင်ဆိုစေ ဒီတောင်ထဲတွင် ရေပမာဏ များများရှိနေကြောင်းနှင့် မည်မျှကြာရှည် ခံမည်ဖြစ်ကြောင်းကို မည်သူကမှ မခန့်မှန်းနိုင်ချေ။
ဝမ်ချောင်ကပင် ထိုအချက်ကို မခန့်မှန်းနိုင်ချေ။
“ဒါပေမဲ့ အကြာကြီးတော့ ခံမှာမဟုတ်တာ သေချာတယ်”
ဝမ်ချောင်ကပြောသည်။
မည်သို့ပင်ဆိုစေ ဒီအပေါ်ယံ ရေအလွှာက အကန့်အသတ် ရှိပေလိမ့်မည်။ ခန့်မှန်းရန် ခက်ခဲသော်လည်း သိပ်ကြာကြာခံမည်မဟုတ်ကြောင်း သိနိုင်သည်။
“ဒါပေမဲ့ သခင်လေး လူတိုင်းကို ဒီလိုအလျင်စလို သောက်သုံးခိုင်း၊ ချက်ပြုတ်ခိုင်း၊ မြင်းတွေကို အသုံးပြုခိုင်းထားသေးတာလား”
ရှန်ယွီကျုံ့ထုံးက ခေါင်းလှည့်လာပြီး နားမလည်မှုအပြည့်ဖြင့်ပြောသည်။
သူတို့၏တာဝန်က တိုက်ပွဲနယ်မြေတွင် အင်အားစုကို ထိန်းသိမ်းစီစဉ်ပေးရန်နှင့် ရန်သူကို ခုခံပေးရန်ဖြစ်သည်။ ဗျုဟာအရ ယခုလို ရိက္ခာပိုင်းဆိုင်ရာ ပြဿနာများ၊ ရေအရင်းအမြစ် ပြဿနာများကို ဖြေရှင်းရန် ကိစ္စနှင့် တောင်ပေါ်မှရေများကို တူးထုတ်ခြင်း၊ မြေမျက်နှာသွင်ပြင်ပိုင်း တောင်နံရံများကို ဖန်တီးခြင်း စသော ကိစ္စရပ်များက ရှန်ယွီကျုံ့ထုံးက ကျွမ်းကျင်သော အပိုင်းမဟုတ်ချေ။
ရှန်ယွီကျုံ့ထုံးက ဝမ်ချောင်က ထိုသို့အလျင်စလို သုံးခိုင်းထားခြင်းက လုံလောက်သောကြောင့်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုသို့သော အဖြေမျိုး ပေးလာမည်ဟု မမျှော်လင့်ထားမိချေ။
တောင်ပေါ်တွင် လူတိုင်းကရေကို အငမ်းမရ သောက်နေကြသည်။ မြင်းများကလည်း သူတို့၏ ဝမ်းဗိုက်ဖောင်းလာသည်အထိ သောက်နေကြသည်။ ထိုရေကို မည်သူကမှ သိုလှောင်ထားရန် မစဉ်းစားကြချေ။ တောင်တလျှောက် ရေများစိုရွှဲကုန်သည်။ ဒါကဖြုန်းတီးခြင်းဖြစ်သည်။
“သခင်လေး ရေပြဿနာက စစ်တပ်တစ်ခုလုံးရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအလျင်စလို မသုံးဖြုန်းသင့်ပါဘူး”
ရှန်ယွီကျုံ့ထုံးက တင်းမာစွာပြောသည်။ သူ၏မျက်နှာက လေးနက်နေသည်။
ဝမ်ရန်က မည်သည့်စကားမှမဆိုချေ။ သို့သော် သူသည်လည်း မျက်မှောင်ကျုံ့ထားသည်။ ရှင်းလင်းစွာဖြင့်ပင် သူကလည်း ရှန်ယွီကျုံ့ထုံးနည်းတူ ရှု့မြင်နေခြင်းဖြစ်သည်။ ထိုရေများက အကန့်အသတ် ရှိနေကတည်းက ထိန်းသိမ်းထားသင့်သည်။ ထိုအကြောင်းအရာကို မည်သည့်ဗိုလ်ချုပ်မဆို နားလည်နိုင်သည်။
“မဟုတ်ဘူး ထိန်းသိမ်းထားဖို့ မလိုအပ်ဘူး”
ဝမ်ချောင်က ခေါင်းကိုခါပြီးပြောသည်။ သူ၏အမူအရာက ပြောရဆိုရ လွယ်သောလူတစ်ယောက်အလား ထင်ရသည်။ သူက အရာအားလုံးကို ဆုပ်ကိုင်ထားနိုင်သလို အမူအရာမျိုးဖြင့်ပြောသည်။
“အဖေ အရှင်ရှန်ယွီ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ကရေကို ချိုးခြံသုံးစွဲနေဖို့ မလိုရုံတင်မကဘဲ ဘာကိုမှ မထိန်းချုပ်ထားသင့်ဘူး။ စစ်တပ်တစ်ခုလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့သုံးချင်သလောက် သုံးပါစေ။ ဖြုန်းချင်သလောက် ဖြုန်းပါစေ”
ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ကြောင်အသွားကြသည်။ အနောက်တောင်ပိုင်း တိုက်ပွဲနယ်မြေမှ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်မှူးကြီး နှစ်ယောက်အနေနှင့် မရေမတွက်နိုင်သော တိုက်ပွဲဝင် အတွေ့အကြုံများကို ရှိခဲ့ဖူးသည့်တိုင်အောင် ပထမဦးဆုံးအကြိမ် ထိုအခြေအနေကို နားမလည်နိုင်ချေ။
“ဘာဖြစ်လို့လဲ”
ဝမ်ရန်က မျက်မှောင်ကျုံ့လျှက်မေးသည်။ နှစ်ယောက်လုံးက ဝမ်ချောင်ထံကို စူးစိုက်ကြည့်ကြသည်။ ဒီလိုအခြေအနေမျိုးတွင် ရေဖြုန်းနေသောကိစ္စက ဉာဏ်ရှိသော ဆုံးဖြတ်ချက်မဟုတ်ချေ။ သို့သော် သူတို့နှစ်ယောက်ကမူ ဝမ်ချောင်က ကောင်းသော ဖြေရှင်းချက်တစ်ခု ပေးနိုင်မည်ဟု ယုံကြည်သည်။
“အဖေ အရှင်ရှန်ယွီ အနောက်တောင်ပိုင်း ဘယ်လိုအခြေအနေ ဖြစ်သွားလဲဆိုတာကို ကြည့်ပါဦး။ ကျွန်တော်တို့ ဒီကိစ္စတွေကို မြန်မြန်ဖြေရှင်းတာ ကောင်းမလား ဆက်ပြီးအချိန်ဆွဲတာ ကောင်းမလား”
ဝမ်ချောင်ကပြောသည်။
“ဒါက...”
ဗိုလ်ချုပ်မှူးကြီး နှစ်ယောက်လုံးက တိတ်ဆိတ်သွားကြပြန်သည်။
အတိတ်တွင် ထိုနှစ်ယောက်က အချိန်ဆွဲနိုင်လေလေ ကောင်းလေလေဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့က တော်ဝင်ခုံရုံးသို့ တပ်ကူစေလွှတ်ရန် ပေးနိုင်ပေလိမ့်မည်။ ယခုမူ ဝမ်ရန်ပင်ဖြစ်စေ၊ ရှန်ယွီကျုံ့ထုံးပင်ဖြစ်စေ ထိုသို့မကျုံးဝါးရဲတော့ချေ။
မည်သူကမှလည်း တပ်ကူက လာမလာ မသိနိုင်ချေ။ ထိုတပ်ကူက မလာလျှင် စစ်တပ်က ရေမရှိတော့သည့်အခါ နှောင့်နှေးကျန့်ကြာမှုက စစ်တပ်ကို ပို၍ဆိုးကျိုး ဖြစ်သွားစေနိုင်သည်။ ပို၍ဆိုးသည်မှာ လူတိုင်းက သုံးနပ်မစားဘဲ နေနိုင်သည်။ ရေမသောက်ဘဲ နေ၍မရချေ။
သာ့လွန်ရော့ကျန်းက ထိုအခြေအနေကို ထိန်းသိမ်းထားနိုင်ပြီး အန်းနန်အစိုးရစစ်တပ်ကို ကိုင်တွယ်လိုနေခြင်းဖြစ်သည်။ အချိန်ကျလာသည့်အခါ မာန်ရှဲ့ယွီစန်းစစ်တပ်က မည်သည့် စစ်သည်တော် တစ်ယောက်ကိုမျှ စတေးရန် မလိုအပ်လေဘဲ အားလုံးကို အပြတ်ရှင်းလိုက်နိုင်ပေလိမ့်မည်။
“သခင်လေးဝမ် သခင်လေးဝမ်ရဲ့ ဆိုလိုရင်းကို ကျွန်တော်နားလည်ပြီ”
ရှန်ယွီကျုံ့ထုံးက ရုတ်တရက်ပြောသည်။
“ငါတို့ သားပြောတဲ့အတိုင်း လုပ်ပါ့မယ်”
ဝမ်ရန်ကလည်း ခေါင်းညိမ့်သည်။
အခြားတစ်ဖက်တွင် စစ်သည်တော်များက ရေကိုပျော်ရွှင်စွာ အဝသောက်၊ အဝဖြုန်းနေကြသည်။ မာန်ရှဲ့ယွီစန်း စစ်တပ်ကမူ ကြောင်တောင်တောင် ဖြစ်နေကြသည်။
မြင်းသမားပေါင်း များစွာက အပြေးနှင် ထွက်ခွာသွားသည်။ ထိုသတင်းကို သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းကို သွား၍လျှောက်တင်ကြသည်။
“ဒီလိုအရာက တကယ်ပဲ ဖြစ်နိုင်သလား”
စခန်းထဲတွင် ရှိနေသော ခဲ့လော့ဖုန်းက ထိုသတင်းကို ကြားသောအခါ ချက်ချင်း မတ်တပ်ထရပ်ပြီး အပြင်သို့ ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ ခဲ့လော့ဖုန်းက ရောက်လာသောအခါ တောင်ပေါ်ဒေသသား ပုဂ္ဂိုလ်နှစ်ယောက်က တောင်ကိုလေ့လာရန် ရောက်နေပြီဖြစ်သည်။
“မဖြစ်နိုင်ဘူး”
တောင်ပေါ်မှ ပန်းထွက်နေသော ရေများနှင့် ဝမ်းသာအားရ သောက်နေသံများကို ကြားသောအခါ သာ့လွန်ရော့ကျန်း၏ မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ ထိုသို့ကြီးမားသော သက်ရောက်မှုက သူ၏ခန္ဓာကိုယ်ကိုပင် တုန်ယင်သွားစေခဲ့သည်။
“ဘာလို့ဒီလို ကိစ္စမျိုးက ဖြစ်လာတာလဲ။ မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး”
သာ့လွန်ရော့ကျန်း၏ မျက်လုံးများက ပြူးထွက်လာသည်။ ခဲ့လော့ဖုန်းပင် မဆိုထားနှင့် ဟော်ရှု့ဟွေ့ခမ်းနှင့် အချိန်အတန်ကြာ အတူပူးပေါင်းဆောင်ရွက်ခဲ့သော သူကဲ့သို့ လူမျိုးကပင် ဒီလိုအမူအရာမျိုးကို မမြင်ဖူးချေ။
သာ့လွန်ရော့ကျန်းက ပညာတတ် အမတ်တစ်ယောက်ဖြစ်သည်။ ဉာဏ်ပညာရှိသော အမတ်တစ်ယောက် ဖြစ်လေရာ အမြဲတစေ သူ၏အရှေ့တွင် ထိုက်တောင်က ပြိုလဲကျသွားသည့်တိုင်အောင် မယိုင်လဲသော မျက်နှာထားမျိုးကိုသာ ကိုင်ဆွဲထားတတ်သူဖြစ်သည်။ သူတို့၏ အကြမ်းတမ်းဆုံး ကျန်းချုံ့ကျန့်ချုံးနှင့် တိုက်ပွဲတွင်ပင် ဟော်ရှု့ဟွေ့ခမ်းအနေဖြင့် သူ၏ထိုသို့သော အမူအရာမျိုးကို မမြင်ခဲ့ရချေ။ သို့သော် ယခုအခြေအနေအရမူ သူဟာအလွန်အမင်း အံ့အားသင့်နေဟန်ရသည်။
လေကရေအဖြစ် ပြောင်းလဲသွားသောကိစ္စ တောင်တန်းထဲက ရေကိုတူးထုတ်နိုင်သော ကိစ္စမျိုးက မယုံနိုင်စရာ ကောင်းလွန်းသည်။ မည်သို့ပင်ဆိုစေ ထိုတောင်တွင် ကျောက်သားများသာရှိသည်။
ထိုအချိန်တွင် သာ့လွန်ရော့ကျန်း၏ ခန္ဓာကိုယ်က ရေခဲတုံးကြီးတစ်ခုလို အေးစက်သွားသည်။
အ့ဟိုင်၏ တိုက်ပွဲက စတင်ပြီးကတည်းက ဝမ်ချောင်က အရာအားလုံးကို ခန့်မှန်းနိုင်နေခဲ့ပြီး အ့ဟိုင်ပြင်ကျယ်တွင် ခြင်္သေ့မြို့ကို တည်ဆောက်နိုင်ခဲ့သည်။ သာ့လွန်ရော့ကျန်းက ထိုအချက်ကို လက်ခံနိုင်သည်။ ဝမ်ချောင်က မြောက်ပိုင်းတွင် သူချထားသမျှ ခုခံမှု အားလှိုင်းတိုင်းကို ကျော်ဖြတ်နိုင်ပြီး အ့ဟိုင်သို့ ချောချောမွေ့မွေ့ ရောက်ရှိလာနိုင်ခဲ့သည်။ သာ့လွန်ရော့ကျန်းအနေဖြင့် ထိုအချက်ကိုလည်း လက်ခံနိုင်သည်။ ဝမ်ချောင်က အသက်(၁၇)နှစ်အရွယ်သာ ရှိနေသေးသော်လည်း စစ်သည်တော် တစ်သိန်းထဲကိုသုံးပြီး စစ်သည်တော် ငါးသိန်းကို ရင်ဆိုင်နိုင်ရန် စစ်အနုပညာကို ကျွမ်းကျင်စွာ အသုံးပြုသော ကိစ္စကိုလည်း သာ့လွန်ရော့ကျန်းက လက်ခံနိုင်သေးသည်။
သို့သော် သာ့လွန်ရော့ကျန်းအနေနှင့် ဝမ်ချောင်က ကျောက်သားများသာရှိသော တောင်ကိုတူးပြီး လတ်ဆတ်သောရေကို ထွက်အောင်လုပ်နိုင်သည့် ကိစ္စကိုမူ လက်သင့်မခံနိုင်တော့ချေ။ အကြောင်းမူကား ထိုတောင်တွင် သစ်ပင်များမပေါက်ချေ။
သာ့လွန်ရော့ကျန်းအနေဖြင့် သူငယ်စဉ်က မှတ်သားခဲ့ရသော နှလုံးသားသံစဉ် စာအုပ်ကိုပင် သတိရသွားသည်။ သူထိုအချိန်က ဗဟိုပြင်ကျယ်မှ ဂန္ဓဝင်သမိုင်းတိုင်းကို လေ့လာခဲ့သည်။ သူက နက္ခတ်ဗေဒပညာ၊ ဂမ္မီရပညာ၊ မြေမျက်နှာသွင်ပြင်ပညာ စသဖြင့် အရာအားလုံးကို လေ့လာစည်းပူးခဲ့သည်။ သို့သော် တောင်မှရေထွက်အောင် တူးနိုင်သည်ဆိုသော လူနှင့်ပတ်သတ်သော အကြောင်းအရာနှင့် ပတ်သတ်သည့် စာအုပ်များကို မဖတ်ခဲ့ဖူးချေ။
သူ၏ကိုယ်ပိုင်မျက်လုံးဖြင့် ရေများ ဆင်ခြေလျောတောက်လျှောက် စီးသွားကြောင်းကိုသာ မမြင်ရလျှင် ထိုရေများ အလဟာသ ဖြစ်သွားကြောင်းကိုသာ မမြင်နိုင်ခဲ့လျှင် သာ့လွန်ရော့ကျန်းအနေဖြင့် ထိုအချက်ကို ယုံနိုင်လိမ့်မည် မဟုတ်ချေ။
“မဟာအမတ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
ခဲ့လော့ဖုန်းက သာ့လွန်ရော့ကျန်းကို ဘေးမှလှမ်းမေးလာသည်။ သူက သာ့လွန်ရော့ကျန်း၏ အကြံအစည်ကို ဘေးမှထောက်ပံ့မည်ဖြစ်သည်။ သို့သော် ယခုအခြေအနေက မတူတော့ချေ။
ဝမ်ချောင်က ရေပြဿနာကို ဖြေရှင်းလိုက်နိုင်သည်။ ထိုအခြေအနေက အန်းနန်အစိုးရစစ်တပ် ရေပြဿနာကို ဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် မာန်ရှဲ့ယွီစန်းစစ်တပ်၏ အကြံက မတည်ရှိနိုင်တော့ချေ။
သူတို့ကသာ ဒီတိုင်းဆက်နေမည်ဆိုလျှင် တိဗက်များက ထိုဝမ်းပျက်ဝမ်းလျော ပြဿနာက အခြေအနေ ပို၍သာ ဆိုးရွားနိုင်ပြီး အားနည်းသွားနိုင်သေးသည်။ ထို့ကြောင့် အန်းနန်အစိုးရစစ်တပ်က အလွယ်တကူ အင်အားကြီးသွားပေလိမ့်မည်။ ထိုဟန်ချက်က အန်းနန်အစိုးရစစ်တပ်ဘက်သို့ အားသာသွားသည်။
“ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ စရုံပဲရှိတော့တယ်။ တိုက်ပွဲကို စောစောစရမယ်”
သာ့လွန်ရော့ကျန်း၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းနေသည်။ သူက နောက်ဆုံး စကားလုံး လေးလုံးကို အံ့ကြိတ်သံဖြင့် အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ့အနေဖြင့် အရေအတွက်တွင် သူ့ဘက်က အားသာနေလျှက်နှင့် ထိုသို့သော စိတ်ပျက်အားငယ်ဖွယ် အခြေအနေကို ကြုံရလိမ့်မည်ဟု မထင်ထားမိချေ။
“မဟာအမတ် ဒီအခြေအနေက ကျွန်တော်တို့ ထင်သလောက် မဆိုးရွားတာလည်း ဖြစ်နိုင်တာပဲ။ မဟာထန်တွေမှာ စစ်သည်တော် ခြောက်သောင်းပဲရှိတယ်။ တောင်ပေါ်ကရေတွေက သူတို့အတွက် ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ”
ခဲ့လော့ဖုန်းက ဝင်ပြောသည်။
အခန်း(၆၂၀)
“အရှင်မင်းကြီး အရှင်မင်းကြီး ဘာကိုဆိုလိုချင်တယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ တောင်ပေါ်က စမ်းရေက တစ်ရက်မှာ ကုန်သွားမှာပဲ။ ဒါပေမဲ့ အဲ့ဒီတစ်ရက်က ဘယ်တော့လဲ။ ဆယ်ရက်ကြာပြီးနောက်မှာလား။ တစ်လကြာပြီးမှလား။ ဒါမှမဟုတ် ဒီထက်ကြာအုံးမှာလား။ တကယ်လို့ ဆယ်ရက် ဒါမှမဟုတ် တစ်လအထိ ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ”
သာ့လွန်ရော့ကျန်းက ငြိမ်နေသည်ဟု ထင်ရသော်လည်း အနားရှိ သတင်းပို့များကပင် သူ၏အသံက တုန်နေကြောင်း သိနိုင်သည်။ ခဲ့လော့ဖုန်းတွင်လည်း ပြောစရာမရှိတော့ပေ။
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ လူငယ်လဲ။
ခဲ့လော့ဖုန်းက စီးကျနေသော ရေများကို ကြည့်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားသည်။ ဒါကအင်အားကို တိတ်တဆိတ်ပြကာ ဖိအားပေးနေခြင်းဖြစ်သည်။ ဝမ်ချောင်က အောင်မြင်ကြောင်း သူဝန်ခံရပေမည်။ သူက ရင်းရဲသည်။ သို့သော် ယွီစန်းနှင့် မာန်ရှဲ့ကျောင်းက မစောင့်နိုင်တော့ချေ။
“မဟာအမတ်ပြောတာ မှန်ပါတယ်။ ငါတို့စောင့်လို့ မရတော့ဘူး”
ဘေးဘက်မှ အသံထွက်လာသည်။ သွမ့်ခဲ့ချွမ်က အရာအားလုံးကို တပြိုင်ထဲ ဆုံးဖြတ်လိုက်သည်။
ဘုန်း
ကောင်းကင်ကို တုန်ခါသွားစေလောက်သည့် ကျယ်လောင်သော ခရာမှုတ်သံကြီးက ထွက်ပေါ်လာသည်။ သုံးရက်ကြာပြီးနောက် တောင်ခြေမှ ထူထည်းသော မီးခိုးများက တဖန်ထွက်ပေါ်လာပြန်ကာ မာန်ရှဲ့ယွီစန်း စစ်တပ်က စုရုံးလာပြန်သည်။
စစ်၏အနက်ရောင် တိမ်စိုင်များက မြေပေါ်လွှမ်းနေသော သံချပ်ကာများအလား ထင်ရသည်။
နောက်ထပ် မဟာထန်နှင့် မာန်ရှဲ့ယွီစန်း အင်အားစုကြားမှ တိုက်ပွဲက စတင်လာလေပြီ။ ဒါကနောက်ဆုံးပင် ဖြစ်သွားလောက်သည်။ ဒီတစ်ကြိမ်တွင် မည်သူကမှ နောက်မဆုတ်တော့ချေ။ သူတို့က သေလျှင်သေ သို့မဟုတ် အနိုင်ရလျှင်ရ တိုက်ခိုက်ရတော့မည်ဖြစ်သည်။ နောက်ဆုံးသော စစ်သည်တော် ကျန်ရစ်သည်အထိ သူတို့၏ နောက်ဆုံးသော သွေးစက်က မြေပြင်ပေါ် ကျသည်အထိ ဒီပြင်းထန်ကြမ်းတမ်း ရက်စက်လွန်းသည့် တိုက်ပွဲကြီးကို ဆင်နွဲရမည်ဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
တောင်အောက်မှ ဗုံတီးသံများက မိုးခြိမ်းသံလို မြောက်တက်လာပြီးနောက်တွင် ဒုတိယ၊ တတိယ၊ စတုတ္ထမြောက်သော ဗုံများ၏ တီးသံများကလည်း တဖန်ထွက်ပေါ်လာပြန်ကာ မိုးများရွာသွန်းသလို တောင်တန်းတစ်ခုလုံးကို လွွှမ်းခြုံသွားသည်။ ထို့ကြောင့် ပေတစ်ရာ အကွာကပင် ကြားရလောက်သည်။
စစ်အနက်ရောင် တိမ်စိုင်များကလည်း စတင်ကာ ရစ်သိုင်းလာပြန်သည်။
မဟာထန်၏ အနောက်တောင်ပိုင်းမှ စစ်သည်တော် ခြောက်သောင်းလုံးက ကြီးမားသော စစ်စက်ကြီးကို တပ်ဆင်လိုက်သလိုမျိုး ချက်ချင်းလိုလို အသက်ဝင်လာသည်။
အနောက်တောင်ပိုင်း၏ ထိုစစ်ပွဲက အချိန်ကြာမြင့်လှပြီဖြစ်လေရာ ထန်၊ မာန်ရှဲ့ကျောင်းပင်ဖြစ်စေ၊ ယွီစန်းပင်ဖြစ်စေ အလွန်အမင်း မောပန်းနွမ်းနယ်နေကြလေပြီ။ သူတို့၏ အင်အားက အစက အခြေအနေနှင့် မတူတော့ချေ။ မဟာထန်ကမူ ပြင်းထန်ကြီးလေးသော ရေအရင်းအမြစ် ပြဿနာကို ရင်ဆိုင်ခဲ့ရသည်။
တိဗက်များက အဆာပြတ်လပ်သော ပြဿနာကို ရင်ဆိုင်နေရပြီး ဝမ်းပျက်ဝမ်းလျော ပြဿနာကိုပင် ကြုံနေရသေးသည်။ သို့တိုင်အောင် လေထုက ပထမဦးဆုံးနေ့ထက် ပို၍ပင် တင်းကြပ်နေခဲ့သည်။ ယွီစန်းပင်ဖြစ်စေ၊ မာန်ရှဲ့ကျောင်းပင်ဖြစ်စေ၊ မဟာထန်ပင်ဖြစ်စေ အဘက်ဘက်က ဒီအနောက်တောင်ပိုင်းက တိုင်းပြည်သုံးခုလုံး၏ အရှုပ်အထွေးနှင့် ပါဝင်ပတ်သတ်နေကြောင်း နားလည်နေကြပြီး နောက်ဆုံးတွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိနေကြသည်။ အချင်းချင်း သွေးတိုးစမ်းသော ကိစ္စများ မလုပ်တော့ချေ။ တိုက်ပွဲငယ်များကိုလည်း မဆင်နွဲတော့ချေ။ နောက်ပိုင်းတိုက်ပွဲကြီးကိုသာ ဆင်နွဲတော့မည်ဖြစ်သည်။
“သခင်လေးဝမ် ကျွန်တော်တို့ မတိုက်ခိုက်ခင် ကျွန်တော်က မေးခွန်းတစ်ခုများ မေးလို့ရမလား”
မာန်ရှဲ့ယွီစန်းစစ်တပ်၏ သိပ်သည်းစွာ ရှိနေသော စစ်သည်တော်များ၏ အရှေ့တွင် တန်ဆာဆင်ထားသော ရွှေရောင်ရထားလုံးငယ် နှစ်စင်းက ရပ်နေသည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က တစ်ခီပေါ်တွင် ရှိနေပြီး အခြားတစ်ခုပေါ်တွင်မူ ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့ ရှိနေသည်။
သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က အရှေ့ဘက်တွင်ရှိပြီး ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့က အနောက်ဘက်တွင်ဖြစ်သည်။
သူတို့ပထမဦးဆုံး တွေ့ဆုံသည်နှင့် မတူသည်မှာပင် သာ့လွန်ရော့ကျန်းက သူ၏ယပ်တောင်ကို ချထားသည်။ သူက ပထမနေ့ကကဲ့သို့ အလွယ်တကူ ကိုင်တွယ်၍ ရမည့်လူမျိုးနှင့် မတူတော့ချေ။ သူကပို၍ပင် ရိုးသားလာပြီး တည်ငြိမ်လာသည်။ နှစ်ဖက်လုံးကလည်း နည်းလမ်းတိုင်းကို သုံးခဲ့ပြီးကြလေပြီ။ သာ့လွန်ရော့ကျန်းအနေဖြင့် ထပ်ပြောစရာ မရှိတော့ချေ။
ဝမ်ချောင်က သင့်တော်လွန်းသော ပြိုင်ဘက်တစ်ယောက်ဖြစ်သည်။ သူက အင်အားကြီးမားသော ရန်သူဖြစ်နေပြီး သူနှင့်အဆင့်တူသည်။ သူ၏နှလုံးသားထဲတွင် သာ့လွန်ရော့ကျန်းက အသက်အရွယ်ကိုသာ ဘေးဖယ်ထားလိုက်လျှင် တစ်ဖက်ကိုသူနှင့် တန်းတူ ဆက်ဆံနိုင်သေးသည်။
“မဟာအမတ်က ကျေးဇူးပြုပြီးပြောပါ”
တောင်ထိပ်ပေါ်တွင်ရှိနေသော ဝမ်ချောင်က အလံအရှေ့တွင် တည်ငြိမ်စွာ ရပ်နေသည်။ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကလည်း သူ၏ဘယ်ညာတွင် ရပ်နေသည်။ ကျန်သော မဟာထန်မှ ဗိုလ်ချုပ်တိုင်းက သူ၏အနောက်တွင် ရပ်နေသည်။
ယခုလို နောက်ဆုံးသော အဆုံးအဖြတ် တိုက်ပွဲကြီးနှင့်အတူ ဗိုလ်ချုပ်မှူးကြီးတိုင်း၊ ဗိုလ်ချုပ်တိုင်းက မာန်ရှဲ့ယွီစန်းစစ်တပ်ကို အဝေးမှ ထောက်လှမ်းပြီး ကိုင်တွယ်ရတော့မည်ဖြစ်သည်။
တိုက်ပွဲ၏ ဒီလိုအခြေအနေထိ ရောက်လာပြီးနောက် လူတိုင်းက တစ်စုံတစ်ရာကို နားလည်နှင့်ကြပြီဖြစ်သည်။ ထိုအရာက ယခုတိုက်ပွဲက သူတို့နှစ်ဖက်လုံး၏ အခြေအနေကို ဆုံးဖြတ်ပေးနိုင်သည်ဆိုသော အချက်ဖြစ်သည်။
“အသက်(၁၇)နှစ်မှာ ဘယ်သူကမှ စစ်ဗျူဟာမှာ ဒီလိုအဆင့်ထိ မရောက်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ သခင်လေးကတော့ ရောက်နိုင်တယ်။ ကိစ္စတွေကို ဖြေရှင်းနိုင်စွမ်း၊ တွေးတောနိုင်စွမ်း အမြင်ကျယ်တဲ့ စွမ်းရည် လုပ်ရဲတယ်။ နောက်ပြီး မြင်နိုင်စွမ်းအားလည်းရှိတယ်။ ဒီအချက်တွေက ဒီအသက်အရွယ်က သာမာန် လူတစ်ယောက် မရှိသင့်တဲ့ စွမ်းရည်မျိုးပဲ။ ဒီသာ့လွန်ရော့ကျန်းကလည်း ဗဟိုပြင်ကျယ်က ဂန္ဓဝင်သမိုင်းတွေကို ကောင်းကောင်း ဖတ်ထားပြီးပြီလို့ ကိုယ့်ကိုယ်ကို အမြဲယုံကြည်နေခဲ့ပေမဲ့ အားလုံးကို နားလည်ထားတယ်လို့ ခံယူထားပေမဲ့ ဒီနယ်ပယ်မှာတော့ သခင်လေးနဲ့ မယှဉ်နိုင်ဘူးပဲ။ သာ့လွန်ရော့ကျန်းအနေနဲ့ သခင်လေးရဲ့ စစ်အနုပညာလို ပညာရပ်မျိုးကိုလည်း တစ်ကြိမ်ကမျှ မမြင်ခဲ့ဖူးဘူး။ ဒါကြောင့် နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲ မစတင်ခင် သခင်လေးအနေနဲ့ သခင်လေး ဘယ်နေရာကများ ဒီသိုင်းကို တက်မြောက်ခဲ့လဲဆိုတာကို ပြောပြနိုင်မလား”
သာ့လွန်ရော့ကျန်းက တောင်ပေါ်သို့ မော့ကြည့်သည်။ သူ၏အသံက ကောင်းကင်ကိုပင် ပဲ့တင်ထပ်သွားသည်။
ဝမ်ချောင်၏ ပေါ်ပေါက်လာသော ကိစ္စက ကောင်းကင်မှ ဥက္ကာခဲ ပြုတ်ကျလာသလိုဖြစ်ပြီး မည်သည့် နေရာကမှန်းမသိ ပေါ်ထွက်လာပြီး စစ်၏ အခြေအနေ တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်သည်။ သူက မာန်ရှဲ့ယွီစန်းစစ်တပ်ကို အနိုင်ရမည်မှာ သေချာနေသော အခြေအနေမျိုးမှ ယခုအချိန်ထိ ဆွဲထားနိုင်ခဲ့သည်။
စစ်အနုပညာကို ဖမ်းဆုပ်နိုင်သော သူ၏စွမ်းရည်က နားလည်ရ ခက်ခဲလွန်းနေခဲ့သည်။ မည်သူကမှ သူထုတ်ပြသော ဗျူဟာနှင့် မြင်နိုင်စွမ်းအားကို မယှဉ်နိုင်ကြချေ။ သူ၏ခန္ဓာကိုယ်က မြူထဲတွင် ရှိနေသလိုမျိုးပင် သူတို့က ခံစားနေကြရသည်။
ထိုကဲ့သို့သော လူမျိုးကို ပျိုးထောင်ပေးနိုင်သော ဆရာကို သူတို့က သိချင်လှသည်။ ထိုသို့သော နားလည်နိုင်စွမ်းအားများကို သူက မည်သည့်နေရာက တက်မြောက်ခဲ့ကြောင်း အားလုံးက သိချင်လိုလှသည်။
ထိုမေးခွန်များ အားလုံးက သာ့လွန်ရော့ကျန်း၏ နှလုံးသားထဲတွင် အစမှအဆုံးအထိ မြူထုများအလား ဖြစ်နေပြီး တဖြည်းဖြည်း သိပ်သည်းလာနေခဲ့သည်။
သာ့လွန်ရော့ကျန်းအနေဖြင့် အဖြေကို ကြားရန်လည်း မျှော်လင့်ချက်မရှိချေ။ သို့သော် သူက အံ့အားသင့်စရာ ကောင်းလောက်အောင် ကြားလိုက်ရသည်။
“ဒီမေးခွန်းကိုတော့ ခင်ဗျားအတွက် ကျွန်တော် ဖြေပေးပါရစေ”
ဝမ်ချောင်၏ဘေးမှ ကျယ်လောင်သော အသံက ထွက်လာသည်။ ရှန်ယွီကျုံ့ထုံးက ဝင်ပြောလိုက်ခြင်းဖြစ်သည်။
“သာ့လွန်ရော့ကျန်း ခင်ဗျားက ယွီစန်းရဲ့ ကျော်ကြားတဲ့ အမတ်တစ်ယောက်ဖြစ်သလို အနောက်တောင်ပိုင်းရဲ့ လူဟောင်းဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်တယ်။ ဒီတော့ ဒီနာမည်ကိုတော့ ကြားဖူးလောက်မှာပါ”
“ဘာနာမည်လဲ”
သာ့လွန်ရော့ကျန်းက မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာအကြား သူ၏နှလုံးသားက နှစ်မြုပ်သွားပြီဟု ခံစားလိုက်ရသည်။
“မဟာထန်ရဲ့ စုကျန်းချန်းပဲ။ ဒီလူက သခင်လေးဝမ်ရဲ့ ဆရာအစစ်ပေါ့”
ဘုန်း
ကျန်းချန်းဆိုသော စကားက လူတိုင်း၏ခေါင်းပေါ် မိုးကြိုးပစ်လိုက်သလို ဖြစ်သွားသည်။ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ခဲ့လော့ဖုန်းတို့ကဲ့သို့သော အနောက်တောင်ပိုင်းမှ ပုဂ္ဂိုလ်ကြီး သုံးယောက်လုံး၏ မျက်နှာက ဖြူဖျော့သွားသည်။ သွမ့်ခဲ့ချွမ်၏ မျက်နှာက ဖြူစုပ်သွားသည်အထိ ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ကပင် တုန်တုန်ယင်ယင် ဖြစ်လာသည်။
“မဖြစ်နိုင်ဘူး”
သာ့လွန်ရော့ကျန်း၏ မျက်လုံးက အပြူးသားဖြစ်သွားပြီး တောင်ထိပ်ပေါ်သို့ မော့ကြည့်သည်။ ထိုသတင်းက အနောက်တောင်ဘက်မှ စစ်ပွဲထက် သူ့ကိုပို၍ စိုးရိမ်စေသေးသည်။
စုကျန်းချန်းက တိဗက်တောင်ပေါ်ဒေသမှ လူတိုင်း၏ အိမ်မက်ဆိုးကြီးကဲ့သို့သော တည်ရှိမှုကြီးဖြစ်သည်။ သာ့လွန်ရော့ကျန်းက ကလေးဘဝ အရွယ်တွင်ပင် ထိုနာမည်ကို ကြားဖူးခဲ့သည်။
ဝမ်ကျုံးစစ်က မဟာထန်၏ စစ်နတ်ဘုရားဖြစ်ပြီး တိဗက်တောင်ပေါ်သားတိုင်း၏ နှလုံးသားများကို အကြောက်တရားများ ပြည့်နှက်စေလျှင် စံပေါ်ကို အငြိမ်မနေနိုင်အောင် မသက်မသာဖြစ်အောင် လုပ်နိုင်သော လူတစ်ယောက် ဖြစ်ခဲ့လျှင် စုကျန်းချန်းကမူ ပို၍ကြောက်စရာကောင်းသော တည်ရှိမှုကြီးဖြစ်ပြီး ဗဟိုပြင်ကျယ်၏ မိစာ္ဆဘုရင်ကြီးဖြစ်သည်။
စုကျန်းချန်းနှင့် ပတ်သတ်သော ကြောက်စရာကောင်းလွန်းသည့် ဒဏ္ဍာရီများက ယွီစန်း၏ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးနေခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍သာ ခြောက်ခြားဖွယ် ကောင်းလာခဲ့သည်။
ထိုကဲ့သို့သော လူမျိုးက တိဗက်တောင်ပေါ်သားတိုင်း၏ နှလုံးသားထဲမှာ အဆိုးရွားဆုံးသော အိမ်မက်ဆိုးကြီး ဖြစ်နေသည်။ ထိုလူနှင့် ပတ်သတ်သော ပုံပြင်များကို စံပေါ်ယခင်မျိုးဆက်များကပင် ပြန်လည် ပြောပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုလူ၏ တည်ရှိမှုကတင် လူတိုင်း၏မျက်နှာကို ဖြူဖျော့စေသည်။ သူ၏နာမည်ကို ထည့်ပြောရုံဖြင့်ပင် အားလုံးက ငြိမ်ငြိမ်မနေနိုင်ကြတော့ချေ။
“စုကျန်းချန်းက သေသွားတာ ဆယ်စုနှစ်ပေါင်း များစွာကြာပြီ။ သူ့မှာ ဘယ်တပည့် ရှိနိုင်မှာလဲ”
သာ့လွန်ရော့ကျန်း၏ မသိစိတ်က အလိုအလျောက်ပင် မယုံကြည်ခဲ့ပေ။ သူက ရှန်ယွီကျုံ့ထုံးက လိမ်နေသည်ဟု ထင်သည်။
“ဟုတ်တယ် ငါက တော်ဝင်မြို့တော်မှာ ဆယ်နှစ်နီးပါးတောင် နေခဲ့တာပဲ။ စုစံအိမ်တော်က မရှိတော့တာကြာပြီ”
ဘေးဘက်မှ အသံထွက်လာသည်။
“စုကျန်းချန်းမှာလည်း ဆက်ခံသူတွေ မရှိဘူး။ အဲ့ဒီဂိတ်က မပွင့်တာ နှစ်တွေဘယ်လောက်တောင် ကြာပြီလဲ။ ခုံရုံးက အမတ်တွေတောင်မှ စုကျန်းချန်းက သေပြီလို့ ပြောနေကြတာ။ ဒီတော့ ဘယ်ကစုကျန်းချန်းက ထပ်ပေါ်လာတာလဲ”
ထိုသတင်းကို မယုံကြည်နိုင်ဆုံးသောလူက ဖုန်းကျားရီဖြစ်သည်။ကဘေးဘဝကတည်းက သူက မြို့တော်တွင် ဓားစာခံဖြစ်ခဲ့ရသည်။ ထို့ကြောင့် ထိုနေရာမှ လျို့ဝှက်ချက်တိုင်းနီးပါးကို သိသည်။
ဖုန်းကျားရီကလည်း ဝမ်ချောင်က စစ်နတ်ဘုရား စုကျန်းချန်း၏ တပည့်ဖြစ်ကြောင်း လိမ်နေသည်ဟုသာထင်သည်။
“သာ့လွန်ရော့ကျန်း ခင်ဗျားလိုချင်တဲ့အဖြေကို ကျွန်တော် ပေးရလိမ့်မယ်။ ခင်ဗျားယုံတာမယုံတာကတော့ ခင်ဗျားရဲ့သမိုင်း ဖြစ်သွားပြီ။ ဒါပေမဲ့ ခင်ဗျားကို ပြောနိုင်တဲ့ ကိစ္စတစ်ခုကတော့ အကြီးအကဲစုက အသက်ရှင်နေသေးတယ်။ မြို့တော်က သံသယဝင်စရာမလိုဘဲ ဒီအချက်ကို အတည်ပြုပေးနိုင်တယ်”
ရှန်ယွီကျုံ့ထုံးက သဘောတကျရယ်သည်။
သူက အနောက်တောင်ပိုင်းတွင် ရှိနေသည့်အတွက် ယွီစန်းများက စုကျန်းချန်းကို မည်မျှကြောက်ကြောင်း သိထားသည်။ ထို့ကြောင့် တိဗက်များ၏ တိုက်ခိုက်လိုစိတ်ကို လျော့ကျအောင် အခွင့်အရေး ရနေချိန်တွင် မဖမ်းဆုပ်ဘဲမနေချေ။ ဒါ့အပြင် သာ့လွန်ရော့ကျန်း အကြီးအကဲ စုကျန်းချန်းအပြင် ဘယ်သူကများ သခင်လေးဝမ်လို တပည့်မျိုးကို ပျိုးထောင်ပေးနိုင်မှာလဲ။
တောင်အောက်က ခြောက်ချားဖွယ် တိတ်ဆိတ်သွားသည်။ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့ အားလုံးက တိတ်ဆိတ်သွားသည်။
သူပြောတာမှန်တယ်။
ဝမ်ချောင်က (၁၇)နှစ်ပဲ ရှိသေးတာ။ ဒါပေမဲ့ သူဖမ်းဆုပ်ထားနိုင်တဲ့ စစ်အနုပညာကတင် သူ့ကို သာ့လွန်ရော့ကျန်းရဲ့ အထက်မှာ ရပ်တည်နေနိုင်ဖို့ လုံလောက်နေပြီ။ မဟုတ်ဘူး သူ့ထက်တောင် ကျော်နေလောက်ပြီ။ ဒီလူရဲ့ဆရာက သေချာပေါက် သာမာန်လူ မဖြစ်နိုင်တော့ဘူးပဲ။
စုကျန်းချန်းက ဝမ်ချောင်၏ဆရာ ဖြစ်သွားသည်နှင့် ကိစ္စပေါင်းများစွာကို ဖြေရှင်းလိုက်နိုင်လေပြီ။
“သခင်လေးဝမ်က ဒီလောက်ကျော်ကြားတဲ့ ဆရာတစ်ယောက် ရှိထားတာ။ သာ့လွန်ရော့ကျန်းက လေးစားတာနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ သခင်လေး စကားစုတစ်ခုကို ကြားချင်ရဲ့လားလို့ မေးပါရစေ”
သာ့လွန်ရော့ကျန်းက ခြေနှစ်လှမ်း ရှေ့တိုးလာသည်။
“မဟာအမတ်က ပြောချင်တာကို ပြောနိုင်ပါတယ်”
ဝမ်ချောင်က ဖျော့တော့စွာသာပြုံးသည်။
နှစ်ဖက်လုံးက ဝှက်ဖဲတောင် ထုတ်သုံးပြီးလေပြီ။ သာ့လွန်ရော့ကျန်းတွင် မည်သို့သော အကြံအစည်များ ရှိနေစေကာမူ အသုံးမဝင်တော့ချေ။
“သခင်လေးက တကယ်ကို ပါရမီကြီးတဲ့လူပါ။ ဒီသာ့လွန်ရော့ကျန်းတောင်မှ သခင်လေးရဲ့ စစ်အနုပညာကို ဖမ်းဆုပ်ထားနိုင်တဲ့အပိုင်းမှာ မယှဉ်နိုင်ပါဘူး။ ဒီလောက်ငယ်ရွယ်တဲ့ သခင်လေးက အဲ့ဒီလောက်ထိ လုပ်နိုင်တယ်။ သခင်လေးရဲ့ နှလုံးသားက တကယ်ကို ကြောက်စရာကောင်းလွန်းနေပါပြီ။ ကျွန်တော် ကြားဖူးတာက မဟာထန်တွေက သဘောထားကြီးမြတ်တယ်။ သိတတ်တယ်။ ကွန်ဖြူးရှပ် စာပေတွေက အခမ်းအနားပွဲတွေနဲ့အညီ အုပ်ချုပ်စေဖို့ ရည်ရွယ်ထားတာပဲ။ ဒါပေမဲ့ ဒီလိုအရာမျိုးတွေလုပ်ပြီး သခင်လေး ဒဏ်ခတ်ခံရမှာကို မကြောက်ဖူးလား”
ထိုစကားများနှင့်အတူ သာ့လွန်ရော့ကျန်း၏ မျက်ဝန်းများက လျှပ်စီးများ ထုတ်လွှတ်တော့မလို တောက်ပလာနေသည်။ စစ်ပွဲတွင် ဝမ်ချောင်က စစ်သည်တော်တစ်အုပ်ကို တောင်ပေါ်သို့ ကပ်ဘေးစေလွှတ်ရန် လွှတ်ခဲ့သည်။
နာ့ယိတော်ဝင်တပ်ရင်းက သက်ရှိငရဲနယ်မြေ ဖြစ်သွားလေပြီး အလောင်းများ ပုံနေသည်။ အဖွဲ့များက ပျက်စီးကုန်သည်။ မမျှော်လင့်ထားဘဲ ရောက်လာသော ထိုကပ်ဘေးက တောင်ပေါ်ဒေသ တစ်ခုလုံးကို ကျောချမ်းဖွယ် တိတ်ဆိတ်နေရာယူထားသည်။
ထိုကပ်ဘေးက ဆက်လက်နေသေးသည်။ မည်သူကမှ မည်သည့်အချိန်မှ ဆုံးမည်ဖြစ်ကြောင်းကို မသိနိုင်ချေ။
သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်က ပြခဲ့သည့် အကြင်နာမဲ့မှု၊ ခေါင်းမာမှုနဲ့ ဖြေရှင်းနိုင်စွမ်းအားတို့ကို မှင်သက်အံ့သြရသည်။ ပြင်းထန်များပြားသည့် ဆုံးရှုံးမှုက သာ့လွန်ရော့ကျန်းကို မုန်းတီးကာ အံ့ကြိတ်မိစေသည်အထိ ဖြစ်သည်။ ထို့ကြောင့် ထိုသို့ ထုတ်မေးလိုက်ခြင်းဖြစ်သည်။
သူအံ့သြသွားရသည်မှာ ဝမ်ချောင်က ပြုံးပြခြင်းဖြစ်သည်။
“ဖြောင့်မတ်မှန်ကန်သူက မချမ်းသာနိုင်သလို ကြင်နာတဲ့လူက စစ်သားတွေကို အမိန့်ပေးလို့မရဘူး”
ဝမ်ချောင်က ကျုံးဝါးလိုက်သည်။
“ကျွန်တော်က ဒီစစ်ကို နိုင်နိုင်သမျှ မဟာမတ်ပြောတဲ့ ဒဏ်ခတ်ခံရမယ်ဆိုရင်တောင်မှ ဘာကရုစိုက်စရာ ရှိမှာလဲ”
အမတ်များက ကြွယ်ဝမှုကို မရှာသလို ဗိုလ်ချုပ်များကလည်း သေဆုံးမှုကို စိတ်ထဲမထားပေ။ သာ့လွန်ရော့ကျန်းက သူ့ကို အထင်သေးနေသေးသည်။ သူကသူ၏ လုံခြုံမှု၊ ဂုဏ်သိက္ခာတို့ကိုသာ ကရုစိုက်နေအုံးမည်ဆိုလျှင် သူ၏ကံကြမ္မာကို ဒီထက်ကျယ်ပြန့်အောင် မလုပ်နိုင်လောက်တော့ချေ။ လီတစ်ထောင်ကျော်ကို ဖြတ်သန်းလာခဲ့ပြီး သူ့ကိုယ်သူ ဒီစစ်ပွဲထဲသို့ ပုံအပ်ကတည်းက မျှော်လင့်ချက်အားလုံးကို သူကဒီနေရာတွင် စုပုံထားပြီးသားဖြစ်သည်။
သူက မြို့တော်က ထွက်လာစဉ်က အသက်ရှင်လျှက်ပြန်ရန် မျှော်လင့်ချက်ပင် မရှိခဲ့ပေ။ သာ့လွန်ရော့ကျန်းက သူ့ကို သဘောထားကြီးမှု၊ ကွန်ဖြူးရှပ်စာပေတွေနှင့် ဒဏ်ခတ်ခံရသော ကိစ္စများကိုပင် လာပြောရဲသေးသည်။ သို့သော် ထိုအရာများက ဝမ်ချောင်အတွက် အဓိပ္ပာယ်မရှိချေ။
အုပ်ချုပ်သူကို ထောက်ပံ့ပေးနေသော ဗိုလ်ချုပ်တစ်ယောက်က ပြည်သူများ၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်ဖြစ်သည်။ ဒဏ်ခတ်ခံရသော ကိစ္စကိုသာ ကရုစိုက်နေလျှင် သို့မဟုတ် ဂုဏ်သိက္ခာကိုသာ အလေးထားနေလျှင် ဗိုလ်ချုပ်တစ်ယောက်ပင် မဖြစ်နိုင်တော့ချေ။
တိုက်ခတ်လာသော လေက အလံကို ပို၍လွင့်စေသည်။ ဝမ်ချောင်က အလံအောက်တွင် ရပ်လျှက် ကြည်လင်ပြတ်သားကာ ကြောက်လန့်နေသော မျက်နှာထားမျိုးနှင့် ရှိနေသည်။ ထိုအချိန်တွင် သာ့လွန်ရော့ကျန်းကပင် ထိုအမူအရာကြောင့် မိန်းမောတွေဝေသွားရသည်။
သူက အမျိုးမျိုးသော ဖြစ်နိုင်ချေရှိသော အမူအရာများကို ခန့်မှန်းခဲ့သည်။ စိတ်ကူးယဉ်ခဲ့သည်။ သို့သော် ဝမ်ချောင်က ထိုမျှအထိ ခပ်အေးအေးဖြစ်နေမည်ဟု မမျှော်လင့်ထားမိချေ။