← Chapters

အခန်း (၆၂၁-၆၂၅)

Vol. 31 Ch. 621-625

အခန်း (၆၂၁-၆၂၅)

Vol. 31 Ch. 621-625

အခန်း(၆၂၁)

“အချို့အကြောင်းပြချက်တွေကြောင့် မင်းမှန်တယ်လို့ ငါရုတ်တရက် ခံစားမိသွားတယ်”

ဟော်ရှု့ဟွေ့ခမ်းက မျက်ခုံးပင့်လျှက် တောင်ထိပ်သို့ ကြည့်လိုက်သည်။

“ငါတို့သာ ဒီတိုက်ပွဲမှာ သူ့ကိုမသတ်နိုင်ရင် တကယ်အကြီးအကျယ် ဒုက္ခရောက်မှာက ငါတို့ပဲ”

သာ့လွန်ရော့ကျန်းက သူတို့အနေနှင့် အန်းနန်အစိုးရ စစ်တပ်တစ်ခုလုံးကို ထွက်သွားခွင့်ပြုရမည်ဆိုလျှင်ပင် ဝမ်ချောင်ကို သတ်ရန်လိုအပ်ကြောင်း ပြောခဲ့ဖူးသည်။ အစပိုင်းတွင် ဟော်ရှု့ဟွေ့ခမ်းက တစ်ဖက်သူကို အလေးအနက် မထားခဲ့ပေ။ သို့သော် ယခုတွင်မူ ဝမ်ချောင်အပေါ် အမြင်က ပြောင်းပြန်လှန်သွားသည်။

တစ်ဖက်သူက ယခုပြလိုက်သော ရက်စက်မှုနှင့် လုပ်ကိုင်ရဲသော အခြေအနေက ပထမဖြစ်ပြီး သူ၏ စစ်အနုပညာအပေါ် ကျွမ်းကျင်မှုနှင့် ဉာဏ်ပညာက ဒုတိယမြောက်ဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းကပင် ယခုဖော်ပြသော အမူအရာ၏ ပြင်းထန်သည့် သက်ရောက်မှုခံရသည်။

ထိုလူကိုသာ အရွယ်ရောက်ခွင့် ပြုလိုက်ပြီး တရားဝင် အင်အားတစ်ခု ရရှိစေလိုက်လျှင် ယွီစန်းအင်ပါယာအတွက် သက်ရှိခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်လေသည်။ တစ်ဖက်သူက ဝမ်ကျုံးစစ်နှင့် စုကျန်းချန်းတို့က ပေးနိုင်သော ခြိမ်းခြောက်မှုမျိုးကိုပင် ယှဉ်နိုင်လောက်သည်။

“ကြည့်ရတာ ဒီအခြေအနေအရ သူ့ကို အသက်ရှင်ခွင့် ပေးထားလို့ မရတော့ဘူး”

သာ့လွန်ရော့ကျန်းက ပြောသည်။ သူ၏မျက်ဝန်းအတွင်း အေးစက်သော အလင်းက လက်လာသည်။

“သခင်လေးဝမ် ဒီတိုင်းစကားဆက်ပြောနေလို့လည်း ဘာအကျိုးမှ မထူးတော့ဘူး။ ကျွန်တော်တို့ တိုက်ပွဲနယ်မြေမှာပဲ တွေ့ကြတာပေါ့”

နောက်ဆုံးစကားကို ပြောပြီးသည်နှင့် သာ့လွန်ရော့ကျန်းက သားမွှေးယပ်တောင်ကို ယမ်းလိုက်သည်။ ရထားလုံးက လျှင်မြန်စွာနှင့် နောက်သို့ပြန်လှည့်သွားပြီး သိပ်သည်းသော စစ်တပ်ထဲတွင် ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့က အတူတကွ ရပ်နေကြသည်။ နှစ်ယောက်လုံးက တောင်ထိပ်သို့ တစ်ချက်ကြည့်ပြီးမှသာ နောက်သို့ ပြန်လှည့်လိုက်ကြကာ သာ့လွန်ရော့ကျန်း၏ နောက်သို့လိုက်သည်။

“တိုက်ပွဲအတွက်ပြင်ဆင်ကြ”

တောင်ထိပ်ပေါ်တွင်ရှိသော ဝမ်ချောင်က သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းတို့ ပျောက်ကွယ်သွားခြင်းကို အေးစက်စွာ ကြည့်နေကြပြီး အင်္ကျီလက်ကို တစ်ချက်ယမ်းပြီးနောက် သူကလည်း နောက်ပြန်လှည့်သည်။

ဘုန်း ဘုန်း

ဗုံများက မိုးခြိမ်းသံအလား တီးခတ်ပြန်သည်။ လေထုကလည်း ချက်ချင်းလိုလို တင်းကြပ်သွားသည်။ မဟာထန် တိဗက်များနှင့် မာန်ရှဲ့ကျောင်းတို့က ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်ကြသည်။

ထိုတိုက်ပွဲက အလွန်အမင်း ရက်စက်ပြီး လူပေါင်းများစွာ၏ အသက်နှင့် ဆက်နွယ်နေသည်။ ဒါက ရှင်သန်ရန် ကြိုးစားရမည့် တိုက်ပွဲဖြစ်သည်။ မည်သူကမှ နောက်ဆုတ်၍မရချေ။ လူတိုင်းက ကိုယ်ကိုယ်တိုင်အတွက် တိုက်ခိုက်ရမည်ဖြစ်သည်။

“နောက်ဆုံးတိုက်ပွဲ စတင်ပြီ”

မာန်ရှဲ့ကျောင်း စစ်တပ်၏ အလယ်နေရာတွင် အရိပ်များအတွင်း ပုန်းကွယ်နေသော မျက်ဝန်းတစ်စုံက တောင်ထိပ်သို့ ကြည့်လိုက်သည်။

“ခဲ့ချွမ် ဒါကမင်းအပေါ် မူတည်တယ်”

ခဲ့လော့ဖုန်းက ဘေးနားမှ ထောင်ထောင်မောင်းမောင်းနှင့် ပုံရိပ်တစ်ခုကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် မျှော်လင့်စောင့်စားမှု အပြည့်ကို ပုံအပ်ထားသည်။

“အခြားသူတွေက ရှုံးကောင်းရှုံးလိမ့်မယ်။ ဒါပေမဲ့ ငါတို့ရဲ့ မာန်ရှဲ့ကျောင်းက ရှုံးလို့မရနိုင်ဘူး။ တိဗက်တွေက ရှုံးသွားကြပြီ။ ဒီတော့ ငါတို့ ကိုယ့်ကိုယ်ကိုပဲ မှီခိုရတော့မယ်”

ကပ်ဘေးက သာ့လွန်ရော့ကျန်း၏စိတ်ကို ကစဉ့်ကလျား ဖြစ်ခဲ့ပြီးလေပြီ။ ခဲ့လော့ဖုန်းကမူ ထိုစကားကို သာ့လွန်ရော့ကျန်း၏ရှေ့တွင် မပြောခဲ့သေးချေ။ မာန်ရှဲ့ကျောင်းက ယခုသွားစရာ နေရာမရှိတော့သလို စစ်သည်ပေါင်းများစွာဖြင့်လည်း တန်ကြေးကြီးကြီး ပေးဆပ်ထားပြီးလေပြီ။ သူတို့က အရှုံးနှင့် နောက်ဆုတ်လိုက်လျှင် မာန်ရှဲ့ကျောင်းအနေဖြင့် ပြန်လည်ဦးမော်နိုင်တော့မည် မဟုတ်ချေ။ ဒါက သူတို့ လက်သင့်မခံနိုင်သော တန်ကြေးလည်းဖြစ်သည်။ ခဲ့လော့ဖုန်းပင်ဖြစ်စေ၊ သွမ့်ခဲ့ချွမ်ပင်ဖြစ်စေ ဒီတိုက်ပွဲက နောက်ဆုတ်၍မရချေ။

“ဒီတိုက်ပွဲက ကျွန်တော်ရဲ့ အမှားပဲ။ ဝမ်ကလန်က အဲ့ဒီကလေးက ဒီလောက်ထိ လုပ်နိုင်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ စိတ်အေးအေးထားပါ။ အရှင်မင်းကြီး ကျွန်တော်က ဒီကလေးရဲ့ အားနည်းချက်ကို ဖမ်းဆုပ်နိုင်ပြီးပါပြီ။ အရာအားလုံးကို စီစဉ်ထားပြီးသား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးက အသက်ရှင်လျှက် မထွက်နိုင်စေရဘူး။ အန်းနန်အစိုးရ စစ်တပ်ရဲ့ သမိုင်းက ဒီနေ့အဆုံးသတ်လိမ့်မယ်”

သွမ့်ခဲ့ချွမ်၏ အသံက ဖျော့တော့လွန်းသဖြင့် အနည်းငယ်လှမ်းသော လူများကပင် မကြားရလောက်ချေ။

“သွမ့်ခဲ့ချွမ် ငါမာန်ရှဲ့ကျောင်းရဲ့ ကံကြမ္မာကို မင်းရဲ့လက်ထဲကို ပုံအပ်လိုက်မယ်။ ငါတို့မင်းကိုယုံတယ်”

ခဲ့လော့ဖုန်းက သွမ့်ခဲ့ချွမ်၏ ပုခုံးကိုပုတ်ပြီး ထွက်သွားသည်။

ဘုန်း

ကျယ်လောင်သော ခရာမှုတ်သံ အတန်းလိုက် စတင်ထွက်ပေါ်လာသည်။ မြေကမာ္ဘက တုန်ဟီးလာသည်။ ဒါက တိုက်ခိုက်ရန် အချက်ပြခြင်းဖြစ်သည်။ ထိုသို့ဖြင့် သောင်းပေါင်းများစွာသော မာန်ရှဲ့ကျောင်း စစ်သားများနှင့် တိဗက်မြင်းတပ်များက ကြီးမားသော အားလှိုင်းကြီးများ လိမ့်တက်လာသလို တစ်သုတ်ပြီးတစ်သုတ် တောင်ပေါ်သို့ တက်သည်။

ပထမတစ်ခေါက်နှင့် မတူသည်မှာ လူတိုင်းက သူတို့ရင်ဆိုင်နေကြသော အရာကို သိနေကြသလို ဘာက စောင့်ကြိုနေမည်ဖြစ်မှန်း သိနေကြသည်။ သူတို့တွင် သွားစရာနေရာလည်း မရှိတော့ချေ။ ထို့ကြောင့် လူတိုင်းက အရာအားလုံးကိုသာ ပုံအပ်ထားရတော့သည်။

“သတ်”

မည်သူက စအော်လိုက်သည်မှန်း မသိသော်လည်း ထောင်ပေါင်းများစွာသော အော်သံများက ကပ်ပါလာသည်။ မာန်ရှဲ့ယွီစန်း စစ်တပ်က ပြင်းထန်သော အရှိန်နှုန်းဖြင့် တောင်တစ်ခုလုံးကို ဖြိုခွဲဲတော့မလိုမျိုး မြေကမာ္ဘကို ကျွံ့ကျအောင် ဆောင့်နင်းတော့မလို အားမာန်အပြည့်ဖြင့် ချီတတ်သည်။

“အသင့်ပြင်”

ထန်များ၏ အပြင်ဘက်ဆုံးသော ခုခံရေးအားလှိုင်းတွင်ရှိသော သူများက သူတို့၏ ကြီးမားသော ဒိုင်းကြီးများကို မြောက်လိုက်ကြသည်။ ထိုအခါ အေးစက်သော နေအလင်းရောင်က ထိုဒိုင်းပေါ် ဖြာကျလာသည်။ ခြောက်သောင်းကျော်သော စစ်သည်တော်များက အစီအစဉ်တကျ အချို့ကို လှုပ်ရှားစေပြီဖြစ်ပြီး သူတို့၏ သုန်မှုန်နေသော စွမ်းအင်များကို တဖန်မြင့်တက်လိုက်စေပြန်သည်။

မာန်ရှဲ့ယွီစန်းစစ်တပ်က အရေအတွက်အားဖြင့် သုံးသိန်းနီးပါးရှိပြီး ခြောက်သောင်းသာ ရှိတော့သော ထန်စစ်သည်တော်များထက် အပြတ်အသပ် သာနေသေးသော်လည်း အန်းနန်အစိုးရ စစ်တပ်ကမူ အေးစက်ကာ ကြောက်စရာကောင်းလွန်းသော စက်များအလား ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ထိုစက်က စစ်သည်နှစ်သိန်းကို ကြိတ်သတ်ပြီးလေပြီ။ ထိုထက်သတ်ရန်သာ ရှိတော့သည်။ ဒါက ဝမ်ချောင်၏ အန်တိမ ကြယ်စင်ဝင်္ကပါဖြစ်သည်။

ဘုန်း

မရေမတွက်နိုင်အောင် များပြားသော မာန်ရှဲ့ကျောင်းနှင့် တိဗက်စစ်သည်တော်များက ဘက်ထောင့်တိုင်းမှ ချီတက်နေကြသည်။ ဒါက ခုခံရေးအားလှိုင်းကို စမ်းသပ်ရန်လည်း မဟုတ်သလို သတိအနေအထားဖြင့် နေရန်လည်း မဟုတ်ချေ။ မာန်ရှဲ့ယွီစန်း စစ်တပ်က အစပိုင်းကလည်းက အင်အားစု တစ်စုလုံးကို ထုတ်သုံးထားသည်။

“သတ် ငါတို့သူတို့ရဲ့ မြို့ရိုးတစ်ဝက်လောက်ကို ဆွဲဖြဲချပြီးပြီ။ ငါတို့တောင်ပေါ်ကို ရောက်ရင် သူတို့ကလည်း ဆုံးရှုံးမှု ကြီးမားသွားလိမ့်မယ်”

“မကြောက်ကြနဲ့ ငါတို့က သူတို့ထက် အရေအတွက် အပြတ်အသပ်သာတယ်။ သူတို့က သူတို့ရဲ့ ဒူးလေးကြီးတွေနဲ့ မြှားတွေကို သုံးလို့ကုန်နေလောက်ပြီ”

“ဆင်ဖြူတော်တပ်ရင်း ရှေ့တက်ကြ။ သူတို့ရဲ့ ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ပြီး ငါတို့အနိုင်ယူကြမယ်”

“မြန်မြန် ဆက်တိုက် အလုံးအရင်းနဲ့ သတ်ဖြတ်ပြီး သူတို့ရဲ့ မာကြောလွန်းတဲ့ အဲ့ဒီမြို့ရိုးတွေကို ဆွဲဖြဲကြရအောင်။ တိဗက်မြင်းတပ်အတွက် လမ်းကြောင်းဖောက်ကြမယ်”

“အရှင်မင်းကြီးက နောက်ဆုတ်တဲ့ကောင်တိုင်း အသတ်ခံရပြီး ကလန်တစ်ခုလုံး ကွပ်မျက်ခံရမယ်လို့ အမိန့်ထုတ်ထားတယ်”

မာန်ရှဲ့ယွီစန်း စစ်သားများက နီရဲသော မျက်လုံးများဖြင့် သွေးကြောထောင်တက်နေသော မျက်နှာကြီးများနှင့်အတူ တောင်ပေါ်သို့ တက်နေကြသည်။ ထို့အပြင် ဓားများ၊ လှံများ၊ ဆေဘာများ၊ ခက်ရင်းခွများကိုလည်း ထုတ်သုံးထားကြသေးသည်။

ဘုန်း

ဝမ်ချောင်က ရှေ့သို့တစ်လှမ်း တိုးလိုက်သောအခါ သူ၏ခြေထောက်အောက်မှ စတင်ကာ မမြင်ရသော အားလှိုင်းတစ်ခုက တောင်ထိပ်မှ စတင်ကာ ပျံ့နှံ့သွားသည်။ အဆင့်သုံး အဆိပ်ချီစက်ကွင်းက မာန်ရှဲ့ယွီစန်း စစ်သည်တော်များကို မရေမတွက်နိုင်သော ချိန်းကြိုးများကဲ့သို့ တုတ်နှောင်ပြန်သည်။

ထိုသို့ဖြင့် ချက်ချင်းလိုလို မာန်ရှဲ့ယွီစန်း စစ်သည်တော်များ၏ အင်အားအဆင့်များက သုံးဆင့်တိုင်တိုင် ကျသွားကြသည်။ ဝမ်ချောင်၏ အဆိပ်ချီစက်ကွင်းက တိုက်ပွဲကို ကိုင်တွယ်ရန် လုံလောက်နေပြီဖြစ်သည်။

ဘန်း

ညာခြေထောက် တစ်ဖက်က မြေပြင်ကို ဝုန်းကနဲ ဆောင့်နင်းလိုက်သောအခါ ထွက်လာသော သက်ရောက်မှုက မြေပြင်ကို တုန်ယင်သွားစေခဲ့သည်။

ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ချီစက်ကွင်းကို ရင်ဆိုင်ရန် ဟော်ရှု့ဟွေ့ခမ်းက နောက်ဆုံးတွင် သူ၏ သူတော်စင်သိုင်းနယ်မြေ ချီစက်ကွင်းကို ထုတ်လွှတ်လိုက်ရသည်။ မျက်စိကြိမ်းမတက် တောက်ပသော ရွှေရောင်အလင်းတန်းများက ဟာရီကိန်းမုန်တိုင်း တိုက်ခတ်သလို အပြေးနှင်လာသော စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အပေါ်မှသာ မိုးကြည့်မည်ဆိုလျှင် မာန်ရှဲ့ယွီစန်း စစ်တပ်တစ်ခုလုံးကို သံမဏိလို ချီစက်ကွင်းတစ်ခုက လွှမ်းခြုံထားကြောင်း မြင်ရမည်ဖြစ်သည်။ ထိုချီစက်ကွင်းက ဖျော့တော့ကာ အရိပ်များ ရှိနေနိုင်သော်လည်း ယခင်က အားနည်းသောကြောင့်လည်း လူတိုင်း၏ အခြေအနေကို ပြန်လည်သက်သာအောင် လုပ်နိုင်သည်။ သို့သော် သူတို့၏ မူလအဆင့်ကိုမူ မရောက်စေနိုင်ချေ။

သူတော်စင် သိုင်းနယ်မြေ၏ စွမ်းအားက ကြောက်စရာကောင်းသည့်အပြင် သိုင်းစွမ်းရည်ပေါ်လည်း မူတည်သေးသည်။ သို့ရာတွင် အလွယ်တကူ ကြည့်ရုံဖြင့်ပင် အဆိပ်ချီစက်ကွင်း၏ ခြိမ်းခြောက်မှုကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ ယွီစန်း၏ မဟာဗိုလ်ချုပ်ကပင် သူ၏စွမ်းရည်ကို အားနည်းအောင် လုပ်ရသည်။

“ပစ်”

စစ်တပ်နှင့် အလွန်အမင်း ဝေးကွာသည့် အနောက်တန်းတွင် သတင်းပို့တစ်ယောက်က အလံကို အောက်သို့ ချလိုက်သည်။ ထိုအခါ လူထွားကြီးများ ပါဝင်သော စစ်တပ်က ကျောက်တုံးကြီးများကို မြှောက်ပြီးနောက် ကြီးမားသော လက်နက်ကြီးများပေါ် တပ်ဆင်ကြသည်။

ဘန်း ဘန်း ဘန်း

စက်ကြီးများကို လွှတ်လိုက်သည်နှင့် ကျောက်တုံးများက တောင်ကိုပစ်ဝင်ဆောင့်သော အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျောက်တုံးအများစုက လက်နက်ကြီးများဘေးတွင် အပုံလိုက် ရှိနေလေသည်။

တိုက်ပွဲမတိုက်ခိုက်ဘဲ ရက်ပေါင်းများစွာ ကြာအောင် ငြိမ်သက်နေခဲ့ရသည့် ထိုအတောအတွင်းတွင် စန်းဟူမှ လူထွားကြီးများက မာန်ရှဲ့ကျောင်း၏ ကြီးကြပ်ပေးမှုအောက်တွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာလေပြီ။

သူတို့၏ ပြင်းထန်သည့် ခွန်အားက ကျောက်တုံးကြီးများကို လှီးဖြတ်ရာတွင် အတော်ဆုံးဖြစ်သည်။ ထို့ကြောင့် ယခင်ရက်များအတွင်း ထိုလူထွားကြီးများက လက်နက်ကြီးများအတွက် ကျောက်တုံးများကို ပြင်ဆင်ပေးခဲ့သည်။

ဘုန်း

ကျောက်တုံးကြီးတစ်တုံးက မြို့ရိုးနံရံပေါ် ထိမှန်သွားသည်။ မြင်းများကဟီပြီး လူများကလည်း မော့ကြည့်လိုက်ကြသည်။ တစ် နှစ် သုံး... ကြီးမားသော ကျောက်တုံးကြီးပေါင်း များစွာက မရပ်တန့်နိုင်သော မိုးများ ရွာသွန်းသလိုမျိုး ဆက်တိုက် ကျဆင်းလာသည်။

“သတိထား”

တောင်တန်းတောက်လျှောက် အော်ဟစ်သံများက ထွက်ပေါ်နေပြီး စစ်သားများက ရှောင်ရှားရန် ကြိုးစားကြသည်။ သို့ရာတွင် အကြိမ်အနည်းငယ်ထဲနှင့်တင် ပုံရိပ်အချို့က လေထဲသို့ ခုန်တက်လိုက်ပြီး ကျောက်တုံးများကို ဖုန်ဖြစ်သွားစေခဲ့သည်။

“သိန်းငှက်အိုကြီး ဗိုလ်ချုပ်စွန်းလျိုယွဲ့၊ လော့ကျီးနဲ့ လင်းဝူရှို့တို့ကို ရင်ဆိုင်ခိုင်းလိုက်ပါ။ သူတို့ကိုပဲ ဒီလူထွားတွေရဲ့ ကျောက်တုံးမိုးကို ရင်ဆိုင်ခိုင်းလိုက်ပါ”

ထိုသို့ပြောပြီးနောက် ဝမ်ချောင်က ဝု့စ်သံမဏိဓား သုံးလက်ကို ကမ်းပေးသည်။

ထိုကျောက်တုံးများက ကောင်းကင်မှတဆင့် ပြင်းထန်သည့် အင်အားများဖြင့် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ လူကသာ ခွန်အားသပ်သပ်ကို မှီခိုပြီး ထိုအရာများကို ဖျက်ဆီးမည်ဆိုလျှင် အင်အားအလွန် ကုန်ဆုံးပေလိမ့်မည်။ သို့သော် ဝု့စ်သံမဏိဓားများကမူ ကွာခြားသည်။ ထိုလက်နက်များက ကျောက်တုံးကို အလွယ်တကူ လှီးဖြတ်နိုင်သည်။ ထိုခြိမ်းခြောက်မှုကို ကိုင်တွယ်ရာတွင် စွမ်းအင်ကုန်ဆုံးမှု နည်းပါးစေသည်။

“ဒူးလေးတပ် စစ်သည်တော်တွေကို ပြန်တိုက်ခိုက်ဖို့ အသင့်ပြင်ခိုင်းလိုက်ပါ”

ဝမ်ချောင်၏ လေသံက အေးစက်လျှက် အမိန့်ဆက်ထုတ်သည်။

“ဟုတ်ကဲ့”

သတင်းပို့က ခပ်မြန်မြန် ထွက်သွားသည်။

ဒါက နောက်ဆုံးတိုက်ပွဲ ဖြစ်လေရာ အန်းနန်အစိုးရစစ်တပ်က စစ်သည်တော် နှစ်သောင်း၏ တန်ကြေးကိုပေးပြီး ရေအရင်းအမြစ်ကို ဖျက်ဆီးခိုင်းခဲ့သည်။ မာန်ရှဲ့ယွီစန်း စစ်တပ်ကမူ တောင်ပေါ်မှ ရေအရင်းအမြစ်ကို ဖျက်ဆီးရန် ကြိုးစားခဲ့ပြီး တောင်ပေါ်သို့ရောက်အောင် တက်ရမည့်လမ်းမှ မြို့ရိုးနံရံများ၏ တစ်ဝက်ကိုလည်း ဖျက်ဆီးခဲ့သေးသည်။

ထိုမျှများပြားသော ဟင်းလင်းပြင် နေရာများမှတဆင့် ဒူးလေးကြီးများကို သုံးရန်လွယ်ကူလေသည်။

“လေးသည်တော်တွေ အသင့်ပြင်ကြ”

ဝမ်ချောင်၏ မျက်ဝန်းက အေးစက်သော အလင်းများ ထွက်နေသည်။ သူက တောင်အောက်သို့ ငုံ့ကြည့်သည်။ ကျောက်တုံးများက မိုးများလို ရွာသွန်းနေသေးသည်။ သို့သော် ဝမ်ချောင်ကမူ တည်ငြိမ်နေသည်။ ပြောရလျှင် ထိုစစ်ပွဲက သူနှင့်မပတ်သတ်သလို တည်ငြိမ်နေခြင်းဖြစ်သည်။ တစ်ရာ ငါးဆယ် သုံးဆယ် တစ်ဆယ်...

တောင်ခြေတွင် မာန်ရှဲ့ယွီစန်း စစ်တပ်မှ အနက်ရောင် သံမဏိတုံးများက တဖြည်းဖြည်း မြန်ဆန်စွာ ကုန်ဆုံးသထက် ကုန်ဆုံးနေပြီး နောက်ဆုံးတွင်

ဘုန်း

မာန်ရှဲ့ယွီစန်းစစ်တပ်မှ စစ်သည်တော်များက အန်းနန်အစိုးရစစ်တပ်၏ နောက်ဆုံး ခုခံရေးအားလှိုင်းကို ကိုင်တွယ်လိုက်နိုင်သည်။ ထိုသို့ဖြင့် တစ်တောင်လုံးက တုန်ခါသွားသည်။

“လေးသည်တော်တို့ ပထမတစ်သုတ် ဘယ်ဘက်ခြမ်းရဲ့ ၂၅၀အကွာ”

“ဒုတိယအသုတ်က လေးသည်တော်တို့ ညာဘက်ခြမ်းရဲ့ ခြေလှမ်း၅၆၀အကွာ”

“တတိယအဖွဲ့က လေးသည်တော်တို့ ရှေ့တည့်တည့်ကိုပစ်”

ဝမ်ချောင်က အမိန့်များကို ဆက်တိုက်ထုတ်နေသည်။ လေးသည်တော် အဖွဲ့ကလည်း သူတို့၏ မြှားတစ်ဝက်ကျော်ခန့် အသုံးပြုခဲ့ပြီးလေပြီ။

ဝမ်ချောင်က အမိန့်တိုင်းကို ကရုစိုက်ပေးပြီး နေရာတစ်ခုချင်းစီတိုင်းတွင်လည်း ကြီးမားသည့် သက်ရောက်မှုကိုရအောင် လုပ်ပေးနိုင်သည်။

“ဦးလေးချန်း ရွှီရှစ်ပင်း အရှေ့တောင်ပိုင်းကိုသွားပြီး ကူပေးလိုက်ပါ။ အရှေ့ပိုင်းကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင် တားရမယ်”

“ကျန်းလုံ၊ ကျောင်းဟူ၊ အကြီးအကဲ ကျန်းရှို့ကျစ်တို့ကို ခင်ဗျားတို့နဲ့ ထားခဲ့လိုက်မယ်။ သူ့ကိုဘာမှ ဖြစ်ခွင့်ပြုလို့မရဘူး”

“သတင်းပို့ ဗိုလ်ချုပ်ရန်ကို တောင်ပေါ်မှာ ဘာစစ်သားမှ မရှိဘူးလို့ သတင်းပို့လိုက်ပါ။ ကျွန်တော်တို့မှာ ကာကွယ်ပေးထားမဲ့ စစ်သည်တော်တွေ လုံလောက်အောင်မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရအောင် ထိန်းထားနိုင်ဖို့ လိုအပ်တယ်။ သူဘာတန်းကြေးကိုပဲ ပေးရပေးရ ကျွန်တော် ကရုမစိုက်ဘူး။ ဒါပေမဲ့သူက မာန်ရှဲ့ယွီစန်း စစ်တပ်ကို ဒီနေရာကို ဖောက်ဝင်လာခွင့် ပြုလို့မရဘူး”

“ဗိုလ်ချုပ်ကျန်းနဲ့ အမတ်သွမ့်ကို သူတို့ရဲ့ အင်အားစုကို ပေါင်းစည်းဖို့ အမိန့်ထုတ်လိုက်ပါ။ ဆေဘာနဲ့ ပုဆိန်စစ်သည်တော် ငါ့ရဲ့အမိန့်ကို နာခံဖို့ ပြင်ဆင်ကြ”

“အန်တိမကြယ်စင်ဝင်္ကပါ လှုပ်ရှားဖို့ အသင့်ပြင်တော့”

နောက်ဆုံးသော အမိန့်နှင့်အတူ အန်းနန်အစိုးရစစ်တပ်၏ စစ်သည်တော် ခြောက်သောင်းလုံးက အစီအစဉ်တကျ လုပ်ဆောင်တော့သည်။

အခန်း(၆၂၂)

အန်တိမကြယ်စင်ဝင်္ကပါက ကြီးထွားသထက် ကြီးထွားလာလေပြီး ကြောက်မက်ဖွယ် ကောင်းသထက် ကြောက်မက်ဖွယ် ကောင်းလာသည်မှာ ထိတ်လန့်စက်စုပ်ဖွယ် ကောင်းလွန်းသော တိုက်ပွဲကြီးတစ်ခုကို ကျော်ဖြတ်၍ သန့်စင်ထားသလို ဖြစ်လာသည်။ စစ်သည်တော်များက ဝင်္ကပါနှင့်ပတ်သတ်၍ လုပ်ဆောင်ရမည့် လမ်းစဉ်များကို ရင်းနှီးကျွမ်းဝင်နေကြပြီး ဖြစ်လေရာ ဝင်္ကပါက အင်အားပိုတိုးလာတော့သည်။

စစ်သည်တော် ခြောက်သောင်းမှ စည်းလုံးညီညွှတ်နေသော ခွန်အားက ကြောက်စရာအကောင်းဆုံး ခွန်အားကို ထုတ်ပေးနိုင်သည်။ အချိန်တိုင်းလိုလို မာန်ရှဲ့ယွီစန်း စစ်သည်တော်များက မှင်သက်ဖွယ်ကောင်းလွန်းသည့် အရေအတွက်က ဆက်တိုက် သေဆုံးနေရသည်။

“သတ်”

တိုက်ပွဲ၏ အစပိုင်းကတည်းက ပြင်းထန်သည့် တိုက်ခိုက်သံများက ထွက်ပေါ်လာသည်။ စစ်အော်ဟစ်ကျုံးဝါးသံများက လေထဲတွင် ပြည့်နှက်နေလေပြီး တိဗက်၊ မာန်ရှဲ့ကျောင်းနှင့် မဟာထန် စစ်သည်အလောင်းများက ပုံလာသည်။ ထို့အပြင် စစ်မြင်းများကလည်း တောင်ခြေတွင် တောက်လျှောက် ပုံလာသည်။

သွေးများက တောင်ပေါ်မှ ရေတံခွန်လို တောက်လျှောက်စီးကျနေပြီး အမွှေးထောင်တက်စေလောက်သော မြင်ကွင်းမျိုးကိုပေးသည်။ ဒါက စိတ်ဓာတ်ချင်း ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

တောင်အခြေစိုက်စခန်း စစ်တပ်၏ အနောက်ဘက်ပိုင်းတွင် ဆေဘာများကို တောက်ပလင်းလက်စွာဖြင့် စီထားပြီး ကောင်းကင်သို့ အသွားထိပ်ကိုမူလျှက် စိုက်ထားသည်။ ထိုအရာများက အချိန်မရွေး ခုတ်ချနိုင်ရန် အသင့်ပြင်ထားခြင်းလည်းဖြစ်သည်။ ထိုမာန်ရှဲ့ယွီစန်းတို့ ပူးပေါင်းပြီးနောက် စတင်တိုက်ခိုက်ပြီးကတည်းက ထိုလုပ်ကြံသတ်ဖြတ်ရေး တပ်ဖွဲ့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်လာခဲ့သူများ၊ ငကြောက်များ ရှိလျှင် ထိုအဖွဲ့များက တိုက်ရိုက် သတ်ဖြတ်ပေလိမ့်မည်။

ရိုးရှင်းကာ အံ့အားသင့်ဖွယ်ကောင်းသော တိုက်ခိုက်မှုက အနောက်တောင်ပိုင်းမှ စစ်ပွဲစတင်ကတည်းက တည်ရှိခဲ့သည်။ ဒီတစ်ကြိမ်တွင် နှစ်ဖက်လုံးက ခြေကုန်လက်ပန်းကျနေကြပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရဲရင့်တက်ကြွသည့် တိုက်ခိုက်လိုစိတ် ပြင်းထန်သော စစ်သည်တော်များ တိဗက်များကပင် ရိက္ခာ၏ပြတ်လပ်မှုနှင့် မာန်ရှဲ့ကျောင်း၏ ရိက္ခာများကို စားသောက်ရမည်။ ဖြစ်လာသော အခြေအနေများကြောင့် ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်ကြသည်။ သူတို့က တိဗက်တောင်ပေါ်ဒေသသို့ ပြန်ချင်နေကြလေပြီ။

မာန်ရှဲ့ကျောင်းမှ လူများကဆိုလျှင် မဟာထန်နှင့် အဆက်အသွယ်ကို ပို၍ပင် ဖြတ်ချင်နေကြသည်။ သို့သော် သူတို့တွင် ပြန်လမ်းမရှိတော့ချေ။ သူတို့က ဒီတိုက်ပွဲကိုသာ မနိုင်လျှင် မဟာထန်မှ အပြစ်ကိုသာ စောင့်နေရုံရှိတော့သည်။ အ့ဟိုင်တစ်ခုလုံးက သူတို့၏ အပူမီးတောက် နယ်မြေအဖြစ် ပြောင်းသွားရပေလိမ့်မည်။

သူတို့၏မိဘများ၊ သူတို့၏ဇနီးများ၊ သူတို့၏ကလေးများ အားလုံးက သံမဏိမြင်းခွာအောက် စတေးခံရတော့ပေမည်။

အနိုင်ရမှသာ ညှိနှိုင်းခွင့်ကို ရရှိလာမည်ဖြစ်သည်။ ပို၍ဆိုးသည်မှာ မာန်ရှဲ့ကျောင်း ယွီစန်းနှင့် မဟာထန်က သေဖော်သေဖက် ရန်သူများ ဖြစ်နှင့်နေလေပြီ။ ထို့ကြောင့် နှစ်ဖက်လုံးမှ လူပေါင်းများစွာ သေကြပြီးလေရာ စိုးရိမ်စရာအကောင်းဆုံး တိုက်ပွဲဖြစ်ပေါ်လာစေခဲ့သည်။

ချွင် ချွင် ချွင်

အနက်ရောင် တိမ်စိုင်များ၏အောက်တွင် ဆေဘာချင်း၊ ဓားချင်း၊ ဒိုင်းချင်း၊ ဓားမောက်ရှည်ချင်း၊ မြှားချင်း ရောပွန်းပြီး ကျယ်လောင်သော အသံကို ထုတ်လွှတ်နေသည်။ တောင်တန်းတစ်ခုလုံးက အေးစက်သော အလင်းများဖြင့် လက်နေသည်။ အချိန်တိုင်းလိုလို လူပေါင်းများစွာ သေနေကြသည်။ စစ်မြင်းများက လဲပြိုလျှက် ဟီသံများကို ထုတ်လွှတ်နေသည်။

ပြင်းထန်သည့် တိုက်ပွဲတွင် အ့ဟိုင်ဆင်များ၏ ကိုယ်ပေါ်မှ ထူထည်းသော သံချပ်ကာများကပင် ထပ်ခါတလဲလဲ ကြုံဆုံနေရသည့် သတ်ဖြတ်မှုများ၏အောက်တွင် အောက်သို့ပြုတ်ကျနေလေရာ လူများဆိုလျှင် ပို၍ဆိုးသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းစစ်သည် ၆၇၈၀ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပါပြီ”

“သတိပေးချက် မဟာထန်က စစ်သည်တော် ၁၃၂၇ယောက် ဆုံးရှုံးလိုက်ရပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းစစ်သည် ၁၂၄၀၀ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပါပြီ”

“သတိပေးချက် မဟာထန်က စစ်သည်တော်တွေ ဆုံးရှုံးနေပါပြီ။ မင်းရဲ့အင်အားစုတွေက လျှင်မြန်စွာဖြင့် ကျရှုံးနေပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းစစ်သည် ၂၅၆၀၀ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပါပြီ”

“သတိပေးချက် မဟာထန်ကစစ်သည် အယောက်၃၅၀၀ကို ဆုံးရှုံးသွားပြီ။ မင်းရဲ့ အရေအတွက်က ဆက်တိုက် ကျဆင်းနေပြီ”

တောင်ထိပ်တွင် လေပြင်းများက တိုက်ခတ်နေသလို အလံကလည်း ဆက်တိုက် လွင့်နေစေသည်။ ဝမ်ချောင်၏ စိတ်ထဲတွင်မူ ကံကြမ္မာကျောက်တုံး၏ ချီးကျူးသံ သတိပေးသံများက ဆက်တိုက် ထွက်ပေါ်နေသည်။ ထိုအသံများက ရေတံခွန်စီးသံကဲ့သို့ပင် ဆက်တိုက် ထွက်ပေါ်နေခြင်းဖြစ်သည်။ သို့ရာတွင် ဝမ်ချောင်ကမူ ထိုအသံကို အာရုံစိုက်ခြင်းမရှိပေ။

တိုက်ပွဲက အလွန်ပြင်းထန်ကာ ကြောက်စရာကောင်းလွန်းသည့် အဆင့်ထိ ရောက်ရှိနေနှင့်လေပြီ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း အဆုံးတွင် ရပ်နေရခြင်းဖြစ်သည်။ သူ၏နှုတ်ခမ်းမှလည်း အမိန့်ကို ဆက်တိုက် ထုတ်ပေးနေရသည်။ သံတမန်များကလည်း တစ်ယောက်ပြီးတစ်ယောက် အောက်သို့အပြေးဆင်းကာ သတင်းများ ပို့နေရသည်။

“ဗိုလ်ချုပ်လီနံရံနဲ့ ဗိုလ်ချုပ်ကျန်းချောင်က ရှေ့တန်းကို တပ်ကူအနေနဲ့သွားပါ။ အသံလှိုင်း တိုက်ကွက်တွေသုံးပြီး အ့ဟိုင်ဆင်တွေကို တားဆီးဖို့ ကြိုးစားရမယ်။ သူတို့က တောင်ထိပ်ကို တက်လာခွင့်မရှိဘူး”

“ချန်းပေါ်နဲ့သူ့ရဲ့ ဆေဘာပုဆိန် စစ်သည်တော်တွေကို တိဗက်တွေကို ကိုင်တွယ်ဖို့ လွှတ်လိုက်ပါ။ သူ့ကိုပြောလိုက် အရင်ဆုံး မြင်းတွေရဲ့ခြေထောက်ကို ခုတ်ဖြတ်ရမယ်။ နောက်မှမြင်းကိုသတ်”

“မြင်းတပ် ထွက်ခွာဖို့ အဆင်သင့်ပြင်ထား”

“ငါ့ရဲ့အမိန့်ကိုထုတ် နောက်ဆုတ်တဲ့ကောင်တိုင်းကို ကွပ်မျက်လိုက်”

သူက နောက်ဆုံးအမိန့်ကို ပေးပြီးနောက် ဝမ်ချောင်၏မျက်လုံးက နီရဲသွားသည်။ သူက စစ်သည်တော်များကို ပေါင်းပင်လို သဘောထားသော ရက်စက်ကြမ်းတမ်းလွန်းသော ဗိုလ်ချုပ်တစ်ယောက် မဟုတ်ပေ။ သို့သော် ဗဟိုပြင်ကျယ်မှ သန်းနှင့်ချီသော ပြည်သူများ၏အသက်၊ မဟာထန်၏ နောက်ရာစုနှစ် တစ်ခုလုံးအတွက် ကံကြမ္မာ၊ အနောက်တောင်ပိုင်းမှ လူတိုင်း၏ ကံကြမ္မာအားလုံးက ဒီတိုက်ပွဲနှင့် ပတ်သတ်နေသည်။ ဝမ်ချောင်တွင် ရွေးချယ်စရာ မရှိတော့ချေ။ လူတစ်ယောက်က ရွေးချယ်စရာများအကြောင်း သင်ယူရချိန်တွင် အချိန်က လိုအပ်သည်။

“တောင့်ထားကြ”

မဟာထန်၏ ဗိုလ်ချုပ်ကြီးတိုင်းက သူတို့၏အားအင်နှင့်အတူ အမိန့်ကို လက်ခံဆောင်ရွက်သည်။ သူတို့၏ မျက်လုံးများက နီရဲနေကြသည်။ ဒါပေမဲ့ နောက်ဆုံးသော တိုက်ပွဲဖြစ်သည်။ လူတိုင်း၏အသက်က ဒီတိုက်ပွဲပေါ် မူတည်နေသည်။ လူတိုင်းကလည်း တိုက်ပွဲမှ သေဆုံးခြင်း၏ အင်အားပြင်းထန်မှုကို ခံစားမိကြသည်။ ထိုအင်အားပြင်းထန်သည့် ရနံ့က သိပ်သည်းလွန်းသဖြင့် သူတို့၏သွေးများက အေးခဲပြီး တစ်ကိုယ်လုံးကပင် တုန်ယင်တော့မည်ဟု ခံစားရသည်။

သို့သော် သူတို့က မည်မျှတိုက်ခိုက်နေစေကာမူ၊ မည်မျှသတ်နေစေကာမူ မာန်ရှဲ့ယွီစန်း စစ်သားများက မဆုံးနိုင်သော ဒီရေများကဲ့သို့ ဆက်တိုက် စီးဝင်လာနေသေးသည်။ သူတို့က ဘယ်သောအခါမှ အဆုံးမသတ်တော့ဟုပင် ထင်ရသည်။

“ချီတက်ကြ”

“ထန်တွေက လမ်းဆုံးရောက်နေပြီ။ တောင်ထိပ်ကိုတက်ပြီး သူတို့ကိုအဆုံးသတ်လိုက်”

“အရှင်မင်းကြီးက ပထမဦးဆုံး တောင်ထိပ်ကိုရောက်မဲ့လူက အိမ်ထောင်စုတစ်သောင်းရဲ့ အမတ်ဖြစ်ခွင့်ရမယ်လို့ အမိန့်ထုတ်ထားတယ်”

“မဟာအမတ်ကလည်း ထန်တွေရဲ့ ခုခံအားလှိုင်းကို ကျော်ဖြတ်ပြီး တောင်ထိပ်ကို ပထမဦးဆုံးရောက်တဲ့သူက စံပေါ်ကိုယ်တိုင်က ချီးမြင့်တဲ့ စာသူလုမဟာစစ်သည်တော်ဘွဲ့ ရမယ်လို့ အမိန့်ထုတ်ထားတယ်”

မာန်ရှဲ့ကျောင်းနှင့် တိဗက်ဗိုလ်ချုပ်များက အနက်ရောင်သံမဏိ ဒီရေကဲ့သို့သော လူအုပ်၏နောက်တွင် အော်ဟစ်ကာ အမိန့်ထုတ်နေကြသည်။ ဒီနည်းအားဖြင့် သူတို့က အနီးကပ် လိုက်စောင့်ကြည့်နေကြသည်။ တိဗက်မြင်းတပ်သမားတစ်ယောက်က ကျောက်တုံးပေါ် မြင်းကိုတက်နင်းမိစေပြီး ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်ရလေရာ ချက်ချင်းလိုလို ကွပ်မျက်ခံရလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုမျှအထိ တောင်ထိပ်၏ လေထုက တင်းကြပ်နေခဲ့သည်။

လူတိုင်းကလည်း ကျောပေါ်ဓားများ၊ ဆေဘာများတင်ထားသလို ခံစားနေရပြီး ရူးသွပ်စွာဖြင့် တောင်ပေါ်သို့သာ ချီတက်နေကြရသည်။

ဘုန်း

ခရာသံက ထွက်ပေါ်လာသည်။ ခရာမှအသံကို သတ္ထုချင်းထိခတ်သံများက အဖော်ပြုလာသည်။ ဒါက ယခင်နဲ့မတူသော အချက်ပြမှုဖြစ်သည်။

ဘုန်း

မြေပြင်က ကျွံကျသွားသလိုမျိုး စွမ်းအင်မုန်တိုင်းက ချက်ချင်းစီးတက်လာသည်။

တောင်ခြေမှ လူတစ်ယောက်ထက် ပို၍မြင့်သော တောင်ပေါ်မြင်းတစ်ကောင်က ကျောပေါ်တွင် လှံတစ်လက်ကဲ့သို့ ဖြောင့်မတ်သော သန်မာတောင့်တင်းသည့် ပုံရိပ်တစ်ခုကို သယ်ဆောင်လာသည်။ သူ၏ကျောပေါ်ရှိ ဝတ်ရုံက လေတွင်ပင်လွင့်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက မောက်မာထောင်လွှားမှုနှင့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်မှု အရှိန်အဝါတို့ကို ထုတ်လွှတ်ထားသည်။

သူကဘာမှမလုပ်ဘဲ ဒီတိုင်းရပ်နေသော်လည်း ထိုလူက နေမင်းကြီးကဲ့သို့ လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သည်။

“ဟော်ရှု့ဟွေ့ခမ်းက လှုပ်ရှားပြီ”

မည်သူကမှ မကြည့်နေသောနေရာ စစ်တပ်၏ အရိပ်နေရာတွင် ရပ်နေသော ပုံရိပ်နှစ်ခုရှိသည်။ သူတို့က ဟော်ရှု့ဟွေ့ခမ်းကိုသာ စိုက်ကြည့်နေကြသည်။

“အွန်း”

သွမ့်ခဲ့ချွမ်ကလည်း ခေါင်းညိမ့်သည်။

“ဒါက သာ့လွန်ရော့ကျန်းရဲ့ အကြံအစည် ဖြစ်လောက်တယ်။ သူ့ရဲ့ ဗျူဟာတစ်ခုလုံးက အဲ့ဒီကလေး ဖျက်ဆီးတာကို ခံလိုက်ရပြီ။ သူ့မှာရွေးချယ်စရာ မရှိတော့ဘူး”

“ခဲ့ချွမ် ဟော်ရှု့ဟွေ့ခမ်းက မာနကြီးပြီး ပြင်းထန်တယ်။ သူလှုပ်ရှားတာနဲ့ မဟာထန်က လူတွေအားလုံးက သူ့ကိုအာရုံစိုက်မှာပဲ။ ဒီတော့ ဒါကငါတို့ရဲ့ အကောင်းဆုံး အခွင့်အရေးလည်းဟုတ်တယ်”

အခြားတစ်ဖက်က စကားဆက်ပြောသည်။

“မဟုတ်ဘူး အချိန်မကျသေးဘူး”

သွမ့်ခဲ့ချွမ်က ခေါင်းကိုခါပြီးနောက် ချက်ချင်းလိုလိုငြင်းသည်။ သူ၏သုန်မှုန်သော အကြည့်က မည်းမှောင်သထက် မည်းမှောင်လာသည်။

“ထပ်စောင့်ရမယ် အကွက်အနည်းငယ်ထဲနဲ့ ငါတို့ကထန်ကို အပြည့်အဝ အဖြစ်ဖြတ်သုတ်သင်နိုင်ဖို့ လိုအပ်တယ်။ အရှင်မင်းကြီး စိတ်အေးအေးထားပါ။ အရှင့်ရဲ့ ကြီးကျယ်မြင့်မားတဲ့ ရည်မှန်းချက်တွေကို ရယူနိုင်မှာပါ။ ဒီငယ်သားက အင်အားအားလုံးကိုသုံးပြီး အရှင်မင်းကြီးကို အောင်မြင်အောင် ကူညီပေးမှာပါ”

သွမ့်ခဲ့ချွမ်၏ စကားထဲတွင် အင်အားအပြည့်ပါသည်။

အုပ်ချုပ်သူနှင့် လက်အောက်ခံက အချင်းချင်းသိကြသည်။ အုပ်ချုပ်သူနှင့် လက်အောက်ခံက အချင်းချင်း ကူညီဖေးမရင်း သေကြသည်။

မာန်ရှဲ့ကျောင်း၏ ဒီနှစ်အခြေအနေအခါ ဖြစ်လာအောင် ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်က အတူတကွ တဆင့်ချင်း တည်ဆောက်ထားခဲ့ရခြင်းဖြစ်သည်။ ဒါကို ခဲ့လော့ဖုန်း တစ်ယောက်ထဲ၏ အိမ်မက်ဟု ဆို၍မရချေ။ ဒါက သွမ့်ခဲ့ချွမ်၏ အိမ်မက်လည်းဟုတ်သည်။ သွမ့်ခဲ့ချွမ်က ခဲ့လော့ဖုန်းကို အ့ဟိုင်သေးငယ်သော တိုင်းပြည်မှ တောင်ပိုင်း ပိုင်နက်နယ်မြေကြီး တစ်ခုလုံးကို အုပ်စိုးနိုင်အောင် ကူညီပေးမည်ဟု ကတိပေးခဲ့သည်။ သူက အင်ပါယာကို ဒီနေရာတွင် ကျရှုံးခွင့်ပြု၍မရချေ။ ထိုသို့ဆိုလျှင် သူ၏အိမ်မက်က ကွဲကြေသွားပေလိမ့်မည်။

“၁၅မိနစ် အများဆုံး ၁၅မိနစ်ပဲ။ ၁၅မိနစ်ကြာတာနဲ့ အန်းနန်အစိုးရစစ်တပ်ရဲ့ အဆုံးသတ်ကို အရှင်မင်းကြီးကို မြင်တွေ့စေရပါမယ်”

သွမ့်ခဲ့ချွမ်က အဝေးသို့ကြည့်သည်။ သူ၏မျက်ဝန်းက တောက်ပနေသည်။ ဒါက မဟာဗိုလ်ချုပ်က သူ၏အရှင်သခင်ကိုပေးသော ကတိစကားဖြစ်သည်။ ထိုကတိစကားနှင့်အတူ အရာအားလုံးက တိတ်ဆိတ်သွားသည်။

မြေပြင်က တုန်ခါချိန်တွင် ဟော်ရှု့ဟွေ့ခမ်းက နောက်ဆုံးတွင် တောင်ထိပ်သို့ ဝင်ရောက်လေပြီ။

တောက်ပလွန်းသော နေမင်းကဲ့သို့ အလင်းတစ်ခုက တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကြီးမားသော Viarocanaဗုဒ္ဓကို ဆင့်ခေါ်လိုက်လေပြီ။ ခမ်းနားကာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ထိုဗုဒ္ဓပုံရိပ်ကြီးက တောင်တန်းတစ်ခုလုံးကို အုပ်မိုးလာသည်။ လေထုထဲတွင် ဗုဒ္ဓ၏ မာန်ထရာနှင့် ရစ်ဖွဲ့သံများက ပြည့်နှက်သွားသည်။

“ဥုံ မာ နီ ဖယ် မယ် ဟ”

အဆုံးအစမဲ့အောင် ကျယ်ပြောသော အလင်းက ဟော်ရှု့ဟွေ့ခမ်း၏ Viarocanaဗုဒ္ဓ ပုံရိပ်တော်ကြီးမှ ဖြာထွက်လာသည်။ သူ၏ရုပ်သွင်ကပင် မားမတ်ကာ ထောင်လွှားမှုအပြည့် ဖြစ်လာသည်။ အဝေးမှ ကြည့်ရုံဖြင့်ပင် မှင်သက်ကာ ရိုသေလေးစားချင်စိတ် ဖြစ်ပေါ်လာသည်။

ဝေါင်း

ဟော်ရှု့ဟွေ့ခမ်းက စတင်ကာ မတိုက်ခိုက်ခင် တစ်ဖက်မှလည်း ဟိန်းဟောက်သံ အပြည့်နှင့်အတူ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရသော ကြီးမားသည့် ရွှေသားသံချပ်ကာအပြည့် ဝတ်ဆင်ထားသော နတ်ဘုရားတစ်ပါးက ပေါ်ထွက်လာပြန်သည်။ ထို့နောက် လက်ဝါးတစ်ဖက်ကိုမြှောက်ကာ နိုးထလာသော ပုံသဏ္ဍန်အနေအထားမျိုးနှင့် တောင်တန်းထဲမှ ခုန်ထွက်ကာ မားမတ်စွာရပ်လာသည်။ ထိုသို့ဖြင့် ဟော်ရှု့ဟွေ့ခမ်းနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးက စတင်လေပြီ။

ဘုန်း ဘုန်း ဘုန်း

သူတို့၏တိုက်ပွဲက ပြင်းထန်သည့် လေပြင်းကို ထွက်ပေါ်လာစေကာ မရေမတွက်နိုင်သော ကျောက်တုံးပေါင်း များစွာကို ကောင်းကင်ထဲသို့ ပစ်ထုတ်သည်။ ထိုအဆင့်ထိ ရောက်နေပြီဖြစ်သော တိုက်ပွဲက သာမာန်လူများ မျှော်လင့်နိုင်သည့် အင်အားကို ကျော်လွန်နေပြီဖြစ်လေရာ ပတ်ဝန်းကျင်ရှိ စစ်သားများက နောက်ဆုတ်ကြရသည်။

“သွမ့်ခဲ့ချွမ်က မလှုပ်ရှားသေးဘူးလား”

ဝမ်ရန်က အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါကိုသုံးပြီး ဟော်ရှု့ဟွေ့ခမ်းနှင့် တိုက်ခိုက်နေပြီး ရှန်ယွီကျုံ့ထုံးကမူ အဆင့်သင့်ရပ်နေသည်။ သူက တောင်အောက်သို့ တိတ်တဆိတ်သာ ကြည့်နေသည်။

ဝမ်ရန်နှင့် ဟော်ရှု့ဟွေ့ခမ်းက သိပ်မဝေးသော နေရာတွင် တိုက်ခိုက်နေသော်လည်း ရှန်ယွီကျုံ့ထုံးကမူ ဝင်ရောက် မစွက်ဖက်သေးချေ။ ရှန်ယွီကျုံ့၏အမြင်တွင် သူ၏ဒီတိုက်ပွဲမှ အစစ်အမှန် တိုက်ပွဲက အ့ဟိုင်၏ မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်ဖြစ်သည်။

ရှန်ယွီကျုံ့ထုံးနှင့် အ့ဟိုင်မဟာဗိုလ်ချုပ်မှ ရန်ငြိုးက ဒီနေ့မှ စတင်ခြင်းမဟုတ်ချေ။ ကျန်းချုံကျန့်ချုံးက အနောက်တောင်ပိုင်းကို ကိုင်တွယ်နေချိန်က ရှန်ယွီကျုံ့ထုံးက ထိုဗိုလ်ချုပ်နှင့် ရန်ငြိုးရှိခဲ့လေပြီ။

ထိုရန်ငြိုးက တစ်ဖက်သူက အ့ဟိုင်ပြင်ကျယ်ကို ရှုံးနိမ့်အောင် နင်းချေခဲ့ချိန်က ရန်ငြိုးဆိုသည်ထက် ကျော်လွန်သွားသည်။ ရှန်ယွီကျုံ့ထုံးက ခံစားခဲ့ရသော နာကျင်မှုက ဘဝတစ်သက်စာဖြစ်သည်။

“ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်။ သူက မလှုပ်ရှားသေးပါဘူး။ အခုအချိန်ထိ ဟော်ရှု့ဟွေ့ခမ်းကပဲ လှုပ်ရှားသေးတာပါ”

ဘေးဘက်မှအသံ ထွက်လာသည်။ အရှင်ရှန်ယွီကျုံ့ထုံး၏ ဘေးနားမှ လူများက အန်းနန်အစိုးရစစ်တပ်မှ လက်ရွေးစင်များဖြစ်သည်။ သူတို့က သွမ့်ခဲ့ချွမ်က ရှန်ယွီကျုံ့ထုံးထက် မနိမ့်ကျမှန်း သိနေကြသည်။

“သွမ့်ခဲ့ချွမ်က ခဲ့လော့ဖုန်းရဲ့ အနောက်မှာ တစ်ချိန်လုံး ပုန်းနေတာ။ သူကတစ်ကြိမ်မှတောင် မလှုပ်ရှားရသေးဘူး”

ရှန်ယွီကျုံ့ထုံးကို အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်ကြီးများက ဝိုင်းထားသည်။ အားလုံးက အဆင်သင့် ရပ်နေကြသည်။ အနည်းငယ်သော လှုပ်ရှားမှုကတင် ဗာဂျရာနတ်ဘုရားဝင်္ကပါကို အသင့်ပြင်နိုင်လေသည်။ ဒီနည်းအားဖြင့် သူတို့၏ ပေါင်းစပ်စွမ်းအားဖြင့် သွမ့်ခဲ့ချွမ်ကို ပြင်းထန်သည့် တိုက်ကွက်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

သို့တိုင်အောင် ထိုတခဏတွင် မည်သူကမှ တိုက်ပွဲတွင် ဝင်မပါနိုင်ကြသေးချေ။

“ဒါကအကျိုးအကြောင်း မသင့်တော်ဘူး”

အန်းနန်အစိုးရစစ်တပ်၏ အလံနက်အောက်တွင် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားသော ရှန်ယွီကျုံ့ထုံးက အဝေးရှိ မျက်လုံးကို ကြည့်လိုက်သည်။ ခဲ့လော့ဖုန်း၏ အနောက်မှ အင်အားကြီးမားသော ထိုပုံရိပ်ကိုကြည့်ရင်း တဖြည်းဖြည်းချင်း သူ၏မျက်မှောင်က ပြေလာသည်။

“တကယ်ကို နောက်ဆုံးနဲ့ ကြမ်းတမ်းခက်ထန်တဲ့ တိုက်ပွဲပဲ။ တိုင်းပြည်သုံးခုရဲ့ ကံကြမ္မာကို ဒီတိုက်ပွဲက ဆုံးဖြတ်ပေးလိမ့်မယ်။ သွမ့်ခဲ့ချွမ်က ရက်ပေါင်းများစွာ ငြိမ်သက်နေပြီးပြီ။ သူနောက်ဆုံးအချိန်ထိ ငြိမ်သက်နေစရာ အကြောင်းမရှိဘူး”

မာန်ရှဲ့ယွီစန်း စစ်တပ်က မဟာဗိုလ်ချုပ်အဆင့်ဆို၍ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်၊ ဟော်ရှု့ဟွေ့ခမ်းတို့သာရှိသည်။ ခဲ့လော့ဖုန်းက မာန်ရှဲ့ကျောင်း၏ အရှင်သခင်ဖြစ်လေရာ ဒီလိုတိုက်ပွဲထဲတွင်ဝင်ရန် ကိုယ့်ကိုယ်ကိုရင်း၍ မသင့်ချေ။ အခြားနှစ်ယောက်အတွက်ကမူ ဟော်ရှု့ဟွေ့ခမ်းကသာ လှုပ်ရှားရသေးသည်။

သွမ့်ခဲ့ချွမ်က လိုက်ကာများ၏နောက်တွင် အမြဲတစေ ပုန်းနေခဲ့ပြီး ဘယ်သောအခါမှ မလှုပ်ရှားခဲ့သေးချေ။ ယခင်က မလှုပ်ရှားသေးသော အခြေအနေက လက်ခံနိင်ဖွယ်ရာရှိသော ယခုမူ မလှုပ်ရှားလျှင် သာမာန် မဟုတ်နိုင်တော့ချေ။

ရုတ်တရက် ရှန်ယွီကျုံ့ထုံးက ဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။

အခန်း(၆၂၃)

ရှန်ယွီကျုံ့ထုံး၏ မျက်ခုံးက ပင့်တက်သွားလျှက် သူကရုတ်တရက် အမိန့်ပေးလိုက်သည်။

“တစ်ယောက်ယောက် တချိန်လုံး သတိအပြည့်နဲ့နေဖို့ သခင်လေးကို သွားသတိပေးလိုက်ပါ”

“ဒါပေမဲ့...”

သတင်းပို့က တုန့်ဆိုင်းစွာဖြင့် တောင်ထိပ်သို့ကြည့်သည်။ လက်ရှိအချိန်တွင် ဝမ်ချောင်၏ အာရုံက အလွန်များနေပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို သူတစ်ယောက်တည်း လက်ဗလာဖြင့် ကိုင်ထားရသလိုမျိုး ပြင်းထန်သည့် ဖိအားအောက်တွင် ရောက်နေခြင်းဖြစ်သည်။

ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့်ပင် ဝမ်ချောင်၏ပုခုံးပေါ် ရောက်နေသော ဖိအားက မည်မျှပြင်းထန်ကြောင်း သိနိုင်နေလေသည်။ ထို့ပြင်သူက စစ်သည်ခြောက်သောင်းထဲကို အသုံးပြု၍ စစ်သည်သုံးသိန်းကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူ၏အာရုံတိုင်းနီးပါးက အမိန့်ပေးရာတွင် ရှိနေခဲ့သည်။ သူက အခြားအရာများပေါ် အာရုံစိုက်ခြင်းမရှိပေ။ ယခုလိုအခြေအနေမျိုးတွင် သူ့ကို အခြားကိစ္စများနှင့် ဒုက္ခမပေးသင့်ချေ။

“ဒီကိစ္စကို ငါတို့ဘာသာ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ရှေ့တန်းမှာ ပြဿနာတစ်ခုရှိရင် ငါတို့ကဒါကို ဖြေရှင်းလိုက်လို့ရပေမဲ့ သွမ့်ခဲ့ချွမ်ကသာ ဝင်ပါလာမယ်ဆိုရင် စစ်တပ်တစ်ခုလုံးက ရှင်းလင်းသုတ်သင်ခံရလိမ့်မယ်။ သွမ့်ခဲ့ချွမ် လှုပ်ရှားတော့မယ်လို့ ငါခံစားနေရတယ်။ ဒီအဆိပ်ပြင်းတဲ့ မြွေလိုကောင်က ကြာကြာမစောင့်နိုင်ဘူး”

ရှန်ယွီကျုံ့ထုံးကပြောသည်။

သူ၏သေဖော်သေဘက်ရန်သူဖြစ်သည့်အလျောက် ရှန်ယွီကျုံ့ထုံးကလည်း သွမ့်ခဲ့ချွမ်နှင့် ပတ်သတ်ပြီး ပြင်းထန်သည့် နားလည်နိုင်စွမ်းအား ရှိနေသည်။ သွမ့်ခဲ့ချွမ်က စိတ်ရှည်ပြနေသော အချိန်တွင် သူက ကြောက်လန့်သည်ဟု မဆိုလိုချေ။ အနှစ်ချုပ်ဆိုရသော် သူက ရုတ်တရက် ပေါက်ကွဲပြတော့မည့် အခြေအနေ ပြနေသောကြောင့်ဖြစ်သည်။

သတင်းပို့က ခေါင်းညိမ့်ပြီး ခပ်မြန်မြန် ထွက်ခွာသွားသည်။

ရှန်ယွီကျုံ့ထုံး၏ ပတ်ဝန်းကျင်က တဖန်တိတ်ဆိတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်မှ စစ်ပွဲက သူနှင့်မသက်ဆိုင်သလို ထင်ရသည်။

“သွမ့်ခဲ့ချွမ် သွမ့်ခဲ့ချွမ် မင်းကဘယ်လိုပဲကြံစည်ကြံစည် မင်းဘာပဲလုပ်လုပ် ငါကမင်းကို အချိန်မရွေး စောင့်ကြည့်နေမှာ။ မင်းအခွင့်အရေးတစ်ခုတောင် မရစေရဘူး”

ရှန်ယွီကျုံ့ထုံး၏ မျက်ဝန်းအတွင်း အတွေးတချို့ ဝင်လာပြီးနောက် သူကခပ်မြန်မြန် အသင့်အနေအထား နေလိုက်သည်။

ဒီတိုက်ပွဲတွင် သွမ့်ခဲ့ချွမ်ကို သူကသာ တားဆီးနိုင်ရပေမည်။

ထိုနေရာအတွက် အချိန်က သက်ရောက်မှုမရှိချေ။ ထို့ကြောင့် ပြင်းထန်သော တိုက်ပွဲက ပို၍ပြင်းထန်သထက်သာ ပြင်းထန်လာခဲ့သည်။ အချိန်တိုင်းလိုလို မာန်ရှဲ့ကျောင်း၊ တိဗက်နှင့် မဟာထန်မှ စစ်သည်တော်ပေါင်း များစွာသေဆုံးနေခဲ့သည်။

အလောင်းများက တောင်ပုံရာပုံ ဖြစ်လာခဲ့သည်။ အချို့ဆိုလျှင် ထက်လွန်းသဖြင့် အောက်သို့ပင် လိမ့်ကျသွားသည်။

တောင်ပေါ်မှ အညိုရောင် တောင်ကမ်းပါးက သွေးများဖြင့် နီရဲနေပြီဖြစ်ပြီး လေထဲတွင်လည်း သွေးညှီနံ့က ပြင်းထန်စွာဖြင့် ထွက်ပေါ်နေသည်။

“အချိန်ကျပြီ”

အလွန်ဝေးကွာသော တောင်ခြေတစ်နေရာတွင် မည်သူမျှ သတိမထားမိသော မျက်ဝန်းတစ်စုံက မျက်တောင်ပင် မခတ်ဘဲ အေးစက်စွာ စိုက်ကြည့်လိုက်လျှက် ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။

တောင်ထိပ်တောက်လျှောက် လက်နက်ခြင်း ထိခတ်သံများက ထွက်ပေါ်လာလေသည်။

တောင်ထိပ်နှင့် အလွန်နီးသော တစ်နေရာ အန်းနန်အစိုးရစစ်တပ်၏ အနက်ရောင်အလံ လွင့်ထူထားသော နေရာက အခြားသော နေရာများနှင့် မတူညီစွာပင် အလွန်တိတ်ဆိတ်ငြိမ်သက်လွန်းနေခဲ့သည်။

သို့သော် ထိုတိတ်ဆိတ်မှုထဲတွင် မသက်မသာဖြစ်စေသော စိုးရိမ်ပူပန်စေသည့် လေထုအခြေအနေက ရှိနေသေးသည်။

“ဘာလို့လဲ သွမ့်ခဲ့ချွမ်က ဘာကိုတွေးနေတာလဲ။ သူက လှုပ်ရှားဖို့ မစီစဉ်ထားဘူးလား”

တောင်ထိပ်ပေါ်တွင်ရှိနေသော ရှန်ယွီကျုံ့ထုံးနှင့် ပတ်ဝန်းကျင်မှ ဗိုလ်ချုပ်ကြီးတိုင်းက ရထားလုံးကိုသာ စိုက်ကြည့်နေသည်။ နှစ်ဖက်လုံးက အလွန်အမင်း ပြင်းထန်သည့် ဆုံးရှုံးမှုများကို ခံစားနေရရာတွင် သွမ့်ခဲ့ချွမ်က ဆက်လက်ဟန်ဆောင်ချင်စိတ် ရှိနေသေးသည်။

“မဖြစ်နိုင်ဘူး ခဲ့လော့ဖုန်းနဲ့ သွမ့်ခဲ့ချွမ်က ဒီတိုင်းလက်လျော့ဖို့ မစီစဉ်လောက်ဘူး”

ရှန်ယွီကျုံ့ထုံးက အံ့ကိုကြိတ်သည်။

သူကဒီတိုက်ပွဲ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်ခန့် တည်ငြိမ်အောင် နေခဲ့ရပြီးလေပြီ။ သို့သော် ဒီအချိန်တွင် ရှန်ယွီကျုံ့ထုံးအနေဖြင့် သူ၏စိတ်အခြေအနေကို ဟန်ချက်ညီအောင် မထိန်းနိုင်ကြောင်း ဝန်ခံရပေမည်။

သွမ့်ခဲ့ချွမ်က အတွေ့အကြုံမရှိ အားနည်းသော ငကြောက်တစ်ကောင်လည်း မဟုတ်ချေ။ အနှစ်ချုပ်ဆိုရသော သူက အခြားလူများထက် ထိန်းချုပ်နိုင်စွမ်းအား ရှိသောသူဖြစ်သည်။ ဒီတိုက်ပွဲမျိုးတွင် သူ့အတွက် မလှုပ်ရှားစရာ အကြောင်းမရှိချေ။

ရှန်ယွီကျုံ့ထုံးအနေဖြင့် တစ်စုံတစ်ရာကို သူလွတ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူကဘာကိုမျှ အာရုံမခံနိုင်ပေ။ သို့သော် လေထဲရှိ အန္တရာယ်က ပိုပြင်းထန်လာသည်။ အခြေအနေက ရှန်ယွီကျုံ့ထုံးကို ရူးသွပ်မတက် ဖြစ်လာစေသည်။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး သွမ့်ခဲ့ချွမ် မင်းကငြိမ်ငြိမ်ထိုင်နေမဲ့ကောင် မဟုတ်ဘူး”

ရှန်ယွီကျုံ့ထုံးက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ သူက အဝေးရှိ ပုံရိပ်ထံ ရောက်သွားသည်။ ထိုပုံရိပ်က ခဲ့လော့ဖုန်း၏အနောက်တွင် အမြဲတစေ ပုန်းအောင်းနေသော ပုံရိပ်ဖြစ်သည်။

အ့ဟိုင်တိုက်ပွဲမှ ပုံရိပ်များက သူ၏မျက်လုံးတွင် ပြန်လည်မြင်ယောင်လာသည်။ မျက်စိတစ်ဆုံး မြင်နိုင်သမျှက သွေးများနှင့် အလောင်းများဖြစ်ပြီး သူ၏စစ်သည်တော်များ၏ အလောင်းများက မြေပြင်တွင် ထပ်နေခဲ့ပြီး အ့ဟိုင်ပြင်ကျယ်က သွေးနယ်မြေဖြစ်ခဲ့ကာ နီရဲကုန်သည်။

သူက အ့ဟိုင်တိုက်ပွဲတွင် မာန်ရှဲ့ကျောင်း၏ အင်အားကြီးမားသော စစ်တပ်ကို ရှုံးခဲ့သည်ဆိုသည်ထက် အရိပ်ထဲတွင် ပုန်းအောင်နေသော ထိုလူကို ရှုံးခဲ့ခြင်းဟုဆိုရပေမည်။ ထိုလူက အရေးအကြီးဆုံး အချိန်တွင် တိုက်ခိုက်ပြီး ထန်၏ရှေ့တန်းကို တစ်ချက်တည်းဖြင့် ထိုးဖောက်သွားခဲ့ကာ စစ်သည်တော် တစ်သိန်းကျော်၏ အသက်ကို အဆုံးသတ်ပေးခဲ့ပြီး အ့ဟိုင်တွင် ဆွေးမြေ့သွားစေခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါဒီလိုမြင်ကွင်းမျိုး ထပ်ဖြစ်စေလို့မရဘူး”

ရှန်ယွီကျုံ့ထုံးက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ သူ၏မျက်ဝန်းက သွေးကဲ့သို့ နီရဲလာသည်။

“အား”

သူ၏ဘေးမှ အလန့်တကြား အော်ဟစ်သံ ဆက်တိုက်ထွက်ပေါ်လာသည်။ အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်မှူးကြီးတိုင်းက ရှန်ယွီကျုံ့ထုံးကို အထိတ်တလန့် ကြည့်ကြသည်။

“အရှင်သွေးတွေ”

သူ၏လက်တွင် သွေးအချို့က စိုရွှဲနေသည်။ ရှန်ယွီကျုံ့ထုံးကလည်း သူ့မျက်နှာကို စမ်းကြည့်ပြီးနောက် နှာခေါင်းမှ သွေးထွက်လာကြောင်း သိလိုက်ရသည်။

ငါစိတ်ကို အလုပ်ပေးလွန်းသွားလို့လား။

ရှန်ယွီကျုံ့ထုံးက မသက်မသာဖြစ်နေသော ပုံစံမျိုးဖြင့် သူ့လက်ထဲမှသွေးကို ပြန်ကြည့်လိုက်လေရာ သူ၏ ဖြူဖျော့သော မျက်နှာအမူအရာကိုပင် မြင်လိုက်ရသည်။ သို့သော်သူက ထိုပုံရိပ်ကို ကြည့်တော့မည့် အချိန်တွင် သူ၏ခေါင်းပေါ်မှ တစ်စုံတစ်ရာကို မြင်လိုက်ရသည်။

ရှန်ယွီကျုံ့ထုံးက ချက်ချင်းလိုလို မတ်တပ်ထရပ်လိုက်ပြီး မှင်သက်သွားသည်။ သူ၏မျက်စိရှေ့တွင် ဘာမှရှိမနေသော်လည်း ရှန်ယွီကျုံ့ထုံးကမူ သူ၏တစ်ကိုယ်လုံးက အေးစက်သွားသလို ခံစားလိုက်ရသည်။

“မကောင်းတော့ဘူး”

ထိုအချိန်တွင် ရှန်ယွီကျုံ့ထုံးက ရုတ်တရက်အော်သည်။ သူ၏မျက်နှာက အလွန်အမင်း ထိတ်လန့်သွားသည်။

“သခင်လေး သတိထားဦး”

ရှန်ယွီကျုံ့ထုံးက အော်ဟစ်လိုက်လျှက် ဝမ်ချောင်ရှိရာ လမ်းထပ်ပေါ်သို့ ခုန်တက်သွားသည်။ ရှန်ယွီကျုံ့ထုံး၏ တုန့်ပြန်မှုက နှေးကွေးသည်ဟု မဆိုနိုင်သော်လည်း သူကနောက်ကျလွန်းသွားသည်။

ဘုန်း

ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ တောင်ထိပ်ပေါ်တွင် ရှိနေသော ဝမ်ချောင်က ရှန်ယွီကျုံ့ထုံးကို အံ့အားတကြီး လှည့်ကြည့်လိုက်ချိန်တွင် ကျယ်လောင်သော ဘုန်းကနဲ ပေါက်ကွဲသံကြီးက တောင်တန်းတစ်ခုလုံး ပျံ့နှံ့လာသည်။ မရေမတွက်နိုင်သော အန်းနန်အစိုးရစစ်သားများက ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ကြောင့် လွင့်ထွက်ကုန်သည်။ လူအများစုက လေထဲတွင် လွင့်ထွက်ကုန်ပြီး သူတို့၏ ခြေလက်များကပင် ကောင်းကင်အနှံ့ လွင့်ထွက်ကုန်သည်။

ဝေါင်း

ကောင်းကင်ကို တုန်လှုပ်စေသော ဟိန်းသံကြီးနှင့်အတူ အနက်ရောင် မိစာ္ဆနတ်ဘုရားဖြစ်သည့် ခေါင်းနှစ်လုံး လက်လေးဘက်ပါသည့် ကြီးမားသော ဆေဘာများကို ကိုင်ဆောင်ထားသော ပုံရိပ်ကြီးတစ်ခုက အရှိန်အဟုန်မြင့် ကြယ်စင်ဝင်္ကပါ၏အစွန်း မြေပြင်တစ်နေရာမှ ရုတ်တရက် ထရပ်လာသည်။

ဘုန်း

ဆေဘာဓားက ချက်ချင်းလိုလို ဝမ်ချောင်က အားအင်အလွန်စိုက်ထုတ်ထားရသော ဝင်္ကပါကို ပျက်စီးသွားစေခဲ့သည်။ မရေမတွက်နိုင်သော ဒိုင်းကာစစ်သည်တော်များ၊ ပုဆိန်စစ်သားများ၊ လှံသမားများနှင့် ဒူးလေးကြီးများကို ကိုင်ဆွဲထားသော လူများကပင် ထိုရိုက်ချက်အောက်တွင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားရသည်။

တစ်ဆယ်ကျန်းကျော်မြင့်သော ဆေဘာစွမ်းအင်က မြေကမာ္ဘကို ဟက်တက်ကွဲသွားစေပြီး ခုတ်ရာကြီးကို ချန်ရစ်ခဲ့သည်။ ထိုခုတ်ရာမှတဆင့် မီးခိုးများက မြောက်တက်လာကာ ဆွေးမြေ့ယိုယွင်းသော မြေဆီလွှာများကို လွင့်စင်သွားစေခဲ့သည်။

“အား”

လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်သွားသည်။ အချိန်ကပင် အေးခဲသွားသည်ဟု ထင်ရသည်။

“သွမ့်ခဲ့ချွမ်”

ဝမ်ချောင်ကမူ သူ၏နှလုံးသားက ရပ်တန့်သွားပြီဟု ခံစားလိုက်ရသည်။ သူ၏မျက်နှာတွင်ပင် စိတ်ပျက်အားငယ်မှုက ပေါ်လာသည်။

“ဘယ်လိုလုပ်ပြီး သူဖြစ်ရတာလဲ”

မဟာထန်နှင့် မာန်ရှဲ့ယွီစန်း စစ်တပ်က အရေးကြီးသော အချိန်ကို ရောက်ရှိနှင့်ပြီးသားဖြစ်သည်။ ဝမ်ချောင်အနေဖြင့် သွမ့်ခဲ့ချွမ်က သတိပေးချက် အလျဉ်းမရှိဘဲ ဒီလိုအခြေအနေမျိုးတွင် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားမိချေ။ ပို၍ကြောက်စရာကောင်းသော အချက်က သွမ့်ခဲ့ချွမ်က ဝင်္ကပါ၏ အားအနည်းဆုံး နေရာကို ရွေးချယ်နိုင်ခဲ့သည်။

ဘုန်း

အရှိန်အဟုန်မြင့် ကြယ်စင်ဝင်္ကပါ၏ လည်ပတ်နေသော ကြီးမားသည့် စက်ကြီးက မာန်ရှဲ့ယွီစန်း စစ်သားများကို ဝါးမြိုနေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံရသလို ဖြစ်သွားသည်။

သွမ့်ခဲ့ချွမ်၏ တိုက်ကွက်က အန်းနန်အစိုးရစစ်တပ်၏ နှလုံးသားထဲကို ဓားမြှောင်ထိုးထည့်လိုက်သလို ဖြစ်သွားသည်။ ဝမ်ချောင်၏ အရှိန်အဟုန်ကို ဖျက်ဆီးပစ်လိုက်ပြီး ဝင်္ကပါ၏ လှုပ်ရှားမှုတိုင်းကို အက်ကွဲသွားစေခဲ့သည်။

“မာန်ရှဲ့ကျောင်းရဲ့ စစ်သားတွေ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ။ ဒီနေ့ အန်းနန်အစိုးရစစ်တပ်ကို မြုပ်နှံရမဲ့နေ့ပဲ”

သွမ့်ခဲ့ချွမ်၏ အသံက ခေါင်းနှစ်လုံး လက်လေးဘက် မိစာ္ဆနတ်ဘုရားမှ ထွက်လာပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ဟိန်းသွားစေသည်။

သူက ပထမဦးဆုံးအကြိမ် စစ်ပွဲသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး တချိန်ထဲနှင့်တင် စစ်ပွဲတစ်ခုလုံးကို ပြောင်းလဲအောင် လုပ်လိုက်နိုင်သည်။

ဝေါင်း

“ဗိုလ်ချုပ်နောက်ကိုလိုက်ကြ”

“တောင်ထိပ်ပေါ်ကိုချီတက် အန်းနန်အစိုးရစစ်တပ်ကို သုတ်သင်ရမယ်”

“အရှိန်အဟုန်မြင့် မဟာဗိုလ်ချုပ် ငါတို့ရဲ့ မာန်ရှဲ့ကျောင်းက သေချာပေါက် နိုင်လိမ့်မယ်”

စိတ်ဓာတ်ကျနေသော မာန်ရှဲ့ကျောင်းမှ စစ်သားများက ရုတ်တရက် သွမ့်ခဲ့ချွမ် ပေါ်လာသည်နှင့် အားအင်တက်ကြွသွားကြသည်။ သောင်းကျော်သော စစ်သည်တော်တိုင်းက သွမ့်ခဲ့ချွမ်၏ အနောက်မှ လိုက်ကြကာ လွတ်နေသော နေရာတိုင်းကို ဝင်ဖြည့်ကြသည်။

“သတ်”

မရေမတွက်နိုင်သော တိဗက်စစ်သည်တော်များက မာန်ရှဲ့ကျောင်း စစ်တပ်အနောက်မှ လိုက်ကြပြန်သည်။ ထိုသို့ဖြင့် သူတို့အားလုံးက တောင်ထိပ်သို့တက်သည်။ သွမ့်ခဲ့ချွမ်၏ အပြုအမူက ဖျက်ဆီးနိုင်သော သက်ရောက်မှု အပြည့်အဝရှိပြီး အန်းနန်အစိုးရစစ်တပ်က တစ်တောင်လုံးကို လွှမ်းခြုံထားသည့် ချိန်းကြိုးကို ဖျက်ဆီးလိုက်သည်။ ထို့ကြောင့် သွမ့်ခဲ့ချွမ်က ဖွင့်နိုင်သော ဟာကွက်က ပိုကျယ်လာသည်။

“သတ်”

လေထဲတွင် ဆက်တိုက်ကမ်းစပ်ကို တက်လာနေသော လှိုင်းလုံးကြီးများလို တိုက်ပွဲဆာလောင် ဟစ်ကြွေးသံက ပြည့်နှက်လာသည်။ မာန်ရှဲ့ယွီစန်းစစ်တပ်မှ မရေမတွက်နိုင်သော စစ်သည်တော်တိုင်းက မဆုံးနိုင်သော လှိုင်းလုံးများလို ရှေ့သို့တက်လာသည်။

“ဟား ဟား အံ့သြစရာပဲ။ မဟာဗိုလ်ချုပ်က အောင်မြင်သွားပြီ”

တောင်ခြေမှ ဖုန်းကျားရီက သဘောတကျရယ်သည်။ သူ၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့်ပင် နီလာသည်။

“သွမ့်ခဲ့ချွမ် မင်းကငါတို့ကို စိတ်မပျက်စေဘူးပဲ”

ခဲ့လော့ဖုန်း၏ မျက်နှာကလည်း တောက်ပနေသည်။ နောက်ဆုံးတွင် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းက အနိုင်ရမည့် လက္ခဏာ ပြလာသည်။

ခဲ့လော့ဖုန်း၏ ရှု့ထောင့်မှကြည့်လျှင် တောင်ပေါ်ရှိ အန်းနန်အစိုးရစစ်တပ်က လဲပြိုသောလက္ခဏာ ပြနေလေပြီး အချိန်နေရာ နည်းလမ်းများအတွက်ကမူ သွမ့်ခဲ့ချွမ်အနေဖြင့် သံသယဝင်ရန်မလိုလောက်အောင် ပြီးပြည့်စုံစွာ ကိုင်တွယ်နိုင်စွမ်းရှိနေသည်။ ထို့ကြောင့်ဒါက တစ်ဖက်သတ် သတ်ဖြတ်ခြင်းဟုပင် ဆိုရပေမည်။

“ရှန်ယွီကျုံ့ထုံး မင်းရှုံးပြီ”

ခဲ့လော့ဖုန်းက တောင်ထိပ်ပေါ်ရှိ အလံနက်ကို ကြည့်လိုက်ပြီးနောက် အပြုံးကိုပင် ဖုံးဖိရန် ခက်ခဲလာသည်။ အစမှအဆုံးထိ ရှန်ယွီကျုံ့ထုံးနှင့် သူ၏ဗိုလ်ချုပ်ကြီးတိုင်းက ဘယ်သောအခါမှ မလှုပ်ရှားခဲ့ချေ။ သူတို့၏ ရည်ရွယ်ချက်ကိုလည်း သွမ့်ခဲ့ချွမ်နှင့် ခဲ့လော့ဖုန်းက မသိစရာအကြောင်း မရှိချေ။ မိစာ္ဆတစ်ကောင်က ခြေတစ်ချောင်းစာ ပိုမြင့်ပိုကြီးထွားလာလေလေ ဖြောင့်မတ်မှန်ကန်မှုက တစ်ကျန်းခန့် ပိုမြင့်လာနိုင်လေလေဖြစ်သည်။ အဆုံးတွင် ရှန်ယွီကျုံ့ထုံးက သွမ့်ခဲ့ချွမ်ကို ရှုံးသွားရသေးသည်။

“မဖြစ်နိုင်ဘူး”

ထိုအချိန်တွင် ရှန်ယွီကျုံ့ထုံး၏ မျက်လုံးက ဒေါသတကြီး ဖြစ်နေပြီး သူ၏စိတ်ထဲတွင် မုန်တိုင်းထန်နေသည်။ သွမ့်ခဲ့ချွမ်ပေါ်လာသော ကိစ္စက သွမ့်ခဲ့ချွမ်က သူ၏ဗိုက်ထဲသို့ ဓားမြောင်ထိုးသွင်းလိုက်သလိုမျိုး သူ၏ တစ်ကိုယ်လုံးကို သွေးများစိုရွှဲသွားစေခဲ့သည်။

အခန်း(၆၂၄)

ရှန်ယွီကျုံ့ထုံးကဲ့သို့ သွမ့်ခဲ့ချွမ်ကို တချိန်လုံး စောင့်ကြည့်နေသူ တစ်ယောက်အနေဖြင့် ဒီအခြေအနေကို လက်ခံယုံကြည်ရန် ခက်ခဲလာသည်။ သွမ့်ခဲ့ချွမ်က အခြားတောင် တစ်နေရာမှ ပေါ်လာ၏။ သူက အရေးအကြီးဆုံး အချိန်ကို ရွေးချယ်ပြီး အန်တိမကြယ်စင်ဝင်္ကပါကို တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်နိုင်သည်။

ရှန်ယွီကျုံ့ထုံးအနေဖြင့် တစ်ချိန်လုံး သတိထားနေခဲ့သော အနေအထားမျိုးနှင့်တောင် ရှုံးသွားရသေးသည်။ အန်းနန်အစိုးရစစ်တပ်မှ ထွက်ပေါ်လာသော ငယ်သံပါအောင် အော်ဟစ်သံများ သူ၏နားထဲတွင် ဆိုးရွားလွန်းသော အသံဆိုးများအဖြစ် ပြောင်းလဲနေသည်။

“ငါအလှည့်စား ခံလိုက်ရတာပဲ”

ရှန်ယွီကျုံ့ထုံးက လက်သီးကိုခပ်တင်းတင်းဆုပ်သည်။ သူ၏တစ်ကိုယ်လုံးက အံ့သြလွန်းသဖြင့် လှုပ်ခါနေသည်။ နောက်ဆုံးတွင်သူက စတင်နားလည်သွားသည်။ သူက တစ်နေ့လုံးနီးပါး သွမ့်ခဲ့ချွမ်က ထားခဲ့သော အယောင်ဆောင်ကို ကြည့်နေမိခြင်းဖြစ်သည်။ ထိုလူက ရထားလုံးထဲတွင် အရိပ်သဖွယ် ပုန်းအောင်းနေသည်။ သို့သော် သွမ့်ခဲ့ချွမ် မဟုတ်နေခဲ့ချေ။

“ခဲ့လော့ဖုန်း”

အတွေးတစ်ခု ဝင်ရောက်လာသည်နှင့် ရှန်ယွီကျုံ့ထုံးက ချက်ချင်းနားလည်သွားသည်။

မာန်ရှဲ့ကျောင်းတိုင်းတွင် ခဲ့လော့ဖုန်းကသာ သွမ့်ခဲ့ချွမ်နှင့် အရှိန်အဝါခြင်းတူသည်။ ခဲ့လော့ဖုန်းကသာ သွမ့်ခဲ့ချွမ်၏ အယောင်ဆောင်မည်ဆိုလျှင် သံသယဝင်ရန် မလိုလောက်အောင် ရထားလုံးထဲမှ ထိုခဲ့လော့ဖုန်းကလည်း အတုဖြစ်နေလောက်သေးသည်။

ရှန်ယွီကျုံ့ထုံးအနေဖြင့် သူအမှားကြီးတစ်ခုကို ပြုလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။ သူ၏ တချိန်လုံး ထားခဲ့သော အာရုံက သွမ့်ခဲ့ချွမ် ဖြစ်နေခဲ့သည်။ သို့သော်သူက မာန်ရှဲ့ကျောင်း၏ဘုရင် ခဲ့လော့ဖုန်းကို မေ့သွားသည်။

လက်သင့်မခံနိုင်စရာပဲ။

ထိုအတွေးက သူ၏စိတ်ထဲတွင် ပေါ်လာသည်။ ထို့နောက် ပျောက်ကွယ်သွားသည်။ ချက်ချင်းလိုလို ရှန်ယွီကျုံ့ထုံးက အန်းနန်စစ်တပ်မှ အင်အားအကြီးဆုံး ဝင်္ကပါဖြစ်သော ဗာဂျရာဝင်္ကပါကို ထုတ်သုံးလိုက်သည်။

ဝေါင်း

ဒေါသတကြီး ဖြစ်နေသော အသံက ကောင်းကင်ကိုပင် လှုပ်ခါသွားစေပြီး အလွန်အမင်း ကြီးမားသော နတ်ဘုရားတစ်ပါးက အကန့်အသတ်မဲ့သည့် အရှိန်အဝါ ခွန်အားများကို ထုတ်သုံးလျှက် အတုအယောင် အလင်းများကို ခြံရံကာ တောင်ထိပ်ပေါ်တွင် မားမတ်စွာ ရပ်လျက်သား ပေါ်လာသည်။

“သွမ့်ခဲ့ချွမ် အရှက်မရှိတဲ့ခွေးသား ငါနဲ့သေတဲ့အထိ လာတိုက်ခိုက်စမ်းပါ”

ရှန်ယွီကျုံ့ထုံး၏ ဒေါသတကြီးသံက မိုးခြိမ်းသံထက်ပင် ကျယ်လောက်သေးပြီး တောင်တန်းတလျှောက် ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားသည်။ တောင်တန်းကပင် သူ၏အသံထဲမှ ဒေါသကြောင့် အလိုလို တုန်ခါသွားရသည်။

ဘုန်း

ဆယ်ကျန်းခန့်မြင့်သော ခြေထောက်ကြီးက ပြင်းထန်စွာ ရွေ့လျားပြီးနောက် လျှင်မြန်သော အရှိန်နှုန်းနှင့်အတူ သွမ့်ခဲ့ချွမ်ထံ ဦးတည်သည်။

သွမ့်ခဲ့ချွမ်က ချက်ချင်းလိုလို ရှန်ယွီကျုံ့ထုံး၏ အတားခံရသည်။ နတ်ဘုရားနှစ်ပါးလို ပုံရိပ်ကြီးနှစ်ခုက ချက်ချင်းလိုလို ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွဲပြန်သည်။ ဒါက တိုက်ပွဲစတင်ပြီးကတည်းက တိုက်ပွဲထဲသို့ ဝင်ရောက်ခဲ့သော ဝမ်ရန်နှင့် ဟော်ရှု့ဟွေ့ခမ်းကလွဲပြီး ရှန်ယွီကျုံ့ထုံးနှင့် သွမ့်ခဲ့ချွမ်တို့၏ ပထမဦးဆုံးတိုက်ပွဲ ဖြစ်နေသည်။

သို့သော် ဒီတိုက်ပွဲ၏ အခြေအနေကမူ ပြောင်းလဲ၍ မရတော့ချေ။ သွမ့်ခဲ့ချွမ် ပေါ်လာသာ ကိစ္စက အန်းနန်အစိုးရစစ်တပ် တစ်ခုလုံး၏ ဟန်ချက်ညီမှုကို ပျက်ပြားသွားစေခဲ့ပြီး သူတို့၏ ကံကြမ္မာက သေဆုံးခြင်းဖြစ်ကြောင်း သတ်မှတ်လိုက်လေပြီ။

“ဟား ဟား ခမည်းတော် သားတော်တို့နိုင်ပြီ”

ရထားလုံးပေါ်တွင် ရပ်နေသည့် ဖုန်းကျားရီက ကိုယ်ပေါ်မှ နဂါးဝတ်ရုံကို ဆွဲချွတ်လိုက်လျှက် အော်ရယ်သည်။ ပြီးပြည့်စုံသည့် အကြံအစည်နှင့်အတူ မာန်ရှဲ့ကျောင်း၏ အိမ်ရှေ့စံက ခမည်းတော်၏ ပုံစံ ဟန်ဆောင်နေစရာ အကြောင်းမရှိတော့ပေ။

“ကျားရီ ခမည်းတော်ကမင်းကို ဒုက္ခပေးရတော့မယ်။ အနာဂတ်မှာ အနောက်တောင်ပိုင်းက သားတော်နဲ့ ခမည်းတော်တို့ပိုင်တဲ့ လောကတစ်ခုပဲ။ အဖေတို့သားအဖနှစ်ယောက်ပဲ ပိုင်တယ်။ ဒီတိုက်ပွဲ ပြီးသွားတာနဲ့ အဖေတို့နှစ်ယောက်လုံးက အ့ဟိုင်ခြောက်ကြောင်ပြည်ထောင်ရဲ့ သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ခံရလိမ့်မယ်”

ခဲ့လော့ဖုန်းက သူ၏စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ ဒီတိုက်ပွဲကို သူစောင့်နေခဲ့သည်မှာ ကြာလှချေပြီ။ သူပေးဆပ်ထားသမျှအားလုံး အဆုံးသတ်သွားပြီးနောက် နောက်ဆုံးတွင် ထိုတခဏက ရောက်လာသည်။

မာန်ရှဲ့ကျောင်းက လောက၏ ထောင့်တစ်နေရာတွင် ကန့်သတ်ခံရတော့မည် မဟုတ်ချေ။ သူခဲ့လော့ဖုန်းက အ့ဟိုင်၏ သာမာန်ဘိုးဘေးတစ်ယောက် မဟုတ်တော့ချေ။ အနောက်တောင်ပိုင်းကို အုပ်ချုပ်နိုင်ပြီး တစ်လောကလုံးကို မင်းမူနိုင်ရန်ကိစ္စက သူ၏အကြီးမားဆုံး ပန်းတိုင်ဖြစ်သည်။ ဒီနေ့ နောက်ဆုံးတွင် ထိုအိမ်မက်က ပြီးမြောက်တော့ပေမည်။

“ခမည်းတော် အဖေ့ရဲ့သားတော်ကလည်း ဝင်ရောက်လိုက်ပါ့မယ်။ ဒီသားတော်ကလည်း မာန်ရှဲ့ကျောင်းရဲ့ ပထမဦးဆုံး အိမ်ရှေ့စံအဖြစ်နဲ့ တောင်ထိပ်ပေါ်မှ အလံလွင့်ထူချင်တယ်”

ဖုန်းကျားရီက စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာကပင် နီရဲလာသည်။ ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် သူက အ့ဟိုင်တောင်ကုန်းပေါ်သို့ ခုန်တက်ကာ ခပ်မြန်မြန် တောင်ထိပ်ပေါ်သို့ ချီတက်သည်။

“သခင်လေး အနောက်တောင်ပိုင်းက ကျရှုံးသွားပါပြီ”

“သခင်လေး အနောက်တောင်ပိုင်းက အရမ်းပြင်းထန်တဲ့ ဆုံးရှုံးမှုဒဏ်ကို ခံနေရပါပြီ”

“သခင်လေး သူတို့မှာ စစ်သည်တော်တွေ အရမ်းများလွန်းတယ်။ ကျွန်တော်တို့ ဘယ်နည်းနဲ့မှ မယှဉ်နိုင်ဘူး”

“သခင်လေး ကျွန်တော်တို့အခု ဘယ်လိုလုပ်ကြမလဲ”

“သခင်လေး သခင်လေး...”

ဝမ်ချောင်၏နားထဲသို့ စိုးရိမ်တကြီးဖြစ်နေသော အသံများက တစ်သံပြီးတစ်သံ ဝင်ရောက်လာနေခဲ့သည်။ အနောက်တောင်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် နေရာတိုင်းက လဲပြိုကျနေပြီဖြစ်ပြီး ခုခံနိုင်စွမ်း မရှိကြတော့ချေ။ ဝမ်ချောင်၏လက်ထဲတွင် ပျက်စီးနေသော ဖရိုဖရဲဖြစ်နေသည့် သတင်းအချက်အလက်များသာ ရောက်လာသည်။

မာန်ရှဲ့ယွီစန်း၏ စစ်သည်တော်များက လွတ်နေသော နေရာတိုင်းသို့ အပြည့်ဖြည့်နေသလိုမျိုး ဆက်တိုက် ရောက်ရှိလာနေပြီး ဟာကွက်ကို ကျယ်လာစေသည်။ အန်းနန်အစိုးရစစ်တပ်က ထိုသမုဒ္ဒရာလို များပြားလာသော စစ်သည်တော်များ၏အောက်တွင် ဆုံးရှုံးလု၊ ပြိုလဲလုနီးပါး ဖြစ်လာလေပြီ။

ထိုအချိန်တိုအတွင်း အန်းနန်အစိုးရစစ်တပ်က ကြီးမားသော ဆုံးရှုံးမှုဒဏ်ကို ခံစားလိုက်ရသည်။

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်က စစ်သည်တော် ၁၂၃၄၄ယောက် ကျရှုံးသွားပါပြီ”

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်က စစ်သည်တော် ၁၄၀၅၆ယောက် ကျရှုံးသွားပါပြီ”

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်က စစ်သည်တော် ၁၈၄၂၃ယောက် ကျရှုံးသွားပါပြီ”

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်က စစ်သည်တော် ၂၁၇၁၄ယောက် ကျရှုံးသွားပါပြီ”

ကံကြမ္မာကျောက်တုံးမှ သတိပေးသံက သူ၏နားထဲတွင် ဆက်တိုက် ထွက်ပေါ်လာနေသည်။ တချိန်ထဲလိုလို တောင်ဘေးတိုင်းမှ ထန်စစ်သည်တော်များ၏ အလောင်းများက ထပ်လာသည်။ ဒီနည်းအားဖြင့် ဆုံးရှုံးမှုက နောက်ဆုံးတစ်ခေါက် တိုက်ခိုက်ချိန်က အရေအတွက်ကို ကျော်လွန်သွားသည်။

ဝမ်ချောင်၏ရှေ့ရှိ အရာအားလုံးက နီရဲသောသွေးများဖြစ်သည်။ လေထုကပင် သွေးညှီနံ့ လှိုင်တက်နေသည်။ ထိုအချိန်တွင် မာန်ရှဲ့ယွီစန်းစစ်တပ်မှ ကျယ်လောင်လွန်းသော ရယ်သံကပင် လေထုထဲ ဟိန်းထွက်နေသည်။

ဝမ်ချောင်က မြင်နိုင်သမျှက သူနှင့်သိပ်မဝေးသော နေရာမှ စစ်သည်တော် တစ်ယောက်ဖြစ်သည်။

တောင်ထိပ်က ကျတော့မည်ဖြစ်သည်။ နေ့ပေါင်းများစွာ ညပေါင်းများစွာ ခုခံပြီးနောက် သူကအရှုံးကို လက်ခံလိုက်ရသည်။ ကြီးမားမာကြောလွန်းသော ကျောက်ဆောင်က လဲပြိုကျရန် တစ်စက္ကန့်သာ လိုအပ်ခဲ့သည်။

ထိုအချိန်တွင် ဝမ်ချောင်၏ တစ်ကိုယ်လုံးက အေးစက်သွားပြီး ရေခဲအိမ်အတွင်းသို့ ပစ်ထည့်ခံရသလိုမျိုး ခံစားလိုက်ရသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်က တုန့်ပြန်လိုက်သည်။

ခြိမ်း

လူတိုင်းက လှည့်ကြည့်လိုက်သောအခါ ဝမ်ချောင်က လက်နက်ကို ထုတ်လိုက်သည်။ ဝု့စ်သံမဏိဓားက အေးစက်သော အလင်းလက်လျှက် ကောင်းကင်ကိုချိန်ထားသည်။

“ဗိုလ်ချုပ်ကျန်း ဗိုလ်ချုပ်ရန် ဒိုင်းကာစစ်သည်တော်တွေနဲ့ ပုဆိန်စစ်သည်တော်တွေကို စုစည်းပြီး အနောက်တောင်ပိုင်းကို တပ်ကူအဖြစ်သွားပါ”

“လေးသည်တော်တို့ မင်းတို့ရဲ့ နောက်ဆုံးမြှားကို ခြေလှမ်းငါးဆယ်အကွာကို ပစ်လွှတ်လိုက်ပါ”

“အားလုံးပဲ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ”

“သတင်းပို့တို့ အခုချက်ချင်း ငါ့ရဲ့အမိန့်ကိုလွင့်ပြီး လူတိုင်းကို အမြန်ဆုံး ဝင်္ကပါအတိုင်း လှုပ်ရှားနိုင်ဖို့ ကြိုးစားပါ”

“သိန်းငှက်အိုကြီး ငါဒီနေရာကို ခင်ဗျားအတွက် ထားခဲ့လိုက်မယ်။ ကျန်တဲ့လူတွေအားလုံး ငါနဲ့လိုက်ခဲ့ကြ”

လေထဲတွင် ဝမ်ချောင်၏ အသံက ကျယ်လောင်သထက် ကျယ်လောင်လာသည်။ စစ်တပ်က လဲပြိုကျလုနီးပါး ဖြစ်နေလေပြီ။ သို့သော် ယခုအခါ ချက်ချင်းလိုလို သူ၏လေသံက ထွက်ပေါ်လာသည်နှင့် ပြန်လည်ခိုင်မာသွားတော့မယောင် ဖြစ်လာသည်။

လဲပြိုကျသွားသော အန်တိမ ကြယ်စင်ဝင်္ကပါက အသက်ဝင်လာမည့် လက္ခဏာ စပြလာသည်။ သို့သော် အဆုံးအစမဲ့အောင် များပြားလွန်းသော မာန်ရှဲ့ယွီစန်း စစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင် အန်တိမ ကြယ်စင်ဝင်္ကပါကပင် ကိုင်တွယ်ရန် ခက်ခဲနေသည်။

ဝမ်ချောင်က အချိန်အများကြီး မကျန်တော့ချေ။

“သခင်လေး အမိန့်သာပေးလိုက်ပါ”

တောင်ထိပ်တွင် လူအနည်းငယ် ရှိနေကြပြီး အားလုံးက ထိုတခဏတွင် ဝမ်ချောင်ကိုသာဝိုင်းကာ စောင့်နေကြသည်။

တိုက်ပွဲက ဒီအထိရောက်လာပြီးကတည်းက ဝမ်ချောင်အနေဖြင့် အမိန့်ပေးနိုင်ရန် လူများများစားစား မကျန်တော့ချေ။

ချွင်

ဓားကိုယမ်းလိုက်ပြီးနောက် ဝမ်ချောင်က ဆယ်ယောက်ကျော်သာရှိသော ထိုစစ်သည်တော်များကို ဦးဆောင်ကာ တစ်နေရာသို့သွားသည်။

တပ်ကူများက မများချေ။ ထိုလူများတွင် အင်အားကြီးမားသော ဗိုလ်ချုပ်များလည်း မပါချေ။ သို့သော် ဝမ်ချောင်က ခိုင်မြဲစွာ ရှေ့တက်ချီတက်နေခဲ့သည်။ မည်သည့်အခြေအနေများ ဖြစ်လာစေကာမူ သူက ဘယ်သောအခါမှ အရှုံးပေးလိမ့်မည်မဟုတ်ချေ။

ဝမ်ချောင်က ဝု့စ်သံမဏိဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ သူ၏စိတ်အတွင်း အတွေးတစ်ချက် ထွက်ပေါ်လာပြီးသည်နှင့် သူကကောင်းကင်သို့ ခုန်တက်လိုက်သည်။

“သီးခြားစွမ်းရည် ဆက်တိုက်ခုတ်ချက်”

လေထဲတွင် အေးစက်သောအလင်းက လက်သွားသည်။ ထို့နောက် တခဏတွင် ဝမ်ချောင်က ကောင်းကင်မှ အောက်သို့တဖန် ခုန်ဆင်းလာပြီဖြစ်ပြီး တစ်ချက်တည်းနှင့် တိဗက်မြင်းသမားကို ခုတ်ချလိုက်သည်။

ဇွက်

သွေးများက လေထဲသို့ ရေတံခွန်လို ပန်းထွက်သွားပြီး မြင်းသမား၏ကိုယ်က မြင်းပေါ် ထိုင်လျှက်သား ရှိနေသေးချိန်တွင် ခေါင်းကမူလေထဲ လွင့်ထွက်သွားပြီဖြစ်သည်။

ခြိမ်း

နောက်ထပ် ခုတ်ချက်တစ်ချက်နှင့်အတူ နောက်ထပ် မြင်သမားတစ်ယောက်ကို တိုက်ခိုက်လိုက်ပြန်သည်။ ထိုသို့ဖြင့် ထိုလူ၏ခေါင်းက လွင့်ထွက်သွားပြန်သည်။ ထိုသို့ဖြင့် တတိယ၊ စတုတ္ထ၊ ပဉ္စမ... ဝမ်ချောင်က မည်သည့်နေရာသို့ သွားစေကာမူ ခေါင်းများက လိမ့်သွားရသည်။

“သူ့ကိုသတ် သူကဝမ်ချောင်ပဲ”

မာန်ရှဲ့ကျောင်း စစ်သားတစ်ယောက်က ဝမ်ချောင်ကို လှမ်းမြင်လိုက်လေရာ သူ၏မျက်ဝန်းက တောက်ပသွားပြီး အော်ဟစ်လိုက်သည်။ ချက်ချင်းလိုလို မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက ထိုနေရာသို့ စတင်စုရုံးလာသည်။

မာန်ရှဲ့ယွီစန်းစစ်တပ်မှ လူတိုင်းနီးပါး အသတ်ချင်ဆုံး လူတစ်ယောက်ကို ပြောပါဆိုလျှင် ထိုလူက ဝမ်ချောင်သာဖြစ်ရပေမည်။

ထိုအချက်က ဗိုလ်ချုပ်များ၊ အရာရှိများကို ကန့်သတ်ထားခြင်းမရှိဘဲ အနိမ့်ဆုံး စစ်သည်တော်များကပင် အနောက်တောင်ပိုင်းစစ်ပွဲ ထိုမျှအထိ ကြာရှည်နေသောကိစ္စ သူတို့ရက်ပေါင်းများစွာ ဒုက္ခခံခဲ့ရသော ကိစ္စက ဝမ်ချောင်ကြောင့်ဖြစ်ကြောင်း သိနေကြသည်။

“တိုက်ခိုက်ကြ ဝမ်ချောင်ကိုသတ် ဝမ်ချောင်ကို သတ်နိုင်တဲ့ကောင်က အိမ်ထောင်စုတစ်သောင်းကျော်ကို အုပ်စိုးရတဲ့ အမတ်ဘွဲ့ရမယ်”

စစ်သည်တော်များက သူတို့၏ လက်နက်များကိုမြှောက်ကာ ဝမ်ချောင်ထံ တိုးဝင်သွားသည်။

“နဂါးလှံခုန်ပေါက်ခြင်း”

ခြိမ်း

ဝမ်ချောင်၏ကိုယ်က ကောင်းကင်သို့ တက်ရောက်တော့မလို ခုန်တက်လိုက်ချိန်တွင် လျှပ်စီးကဖြတ်ကနဲ လက်သွားသည်။ လူတိုင်းက ကြည့်လိုက်ကြချိန်တွင် ဟိန်းသံတစ်ချက်နှင့်အတူ ကောင်းကင်တွင် မိုးပြာရောင် ရေနဂါးကြီးတစ်ကောင် ပေါ်လာကြောင်း မြင်လိုက်ရသည်။ ထိုအကောင်ကြီးမှာ အလွန်အမင်း ခမ်းနားပြီး အရှိန်အဟုန်အပြည့် ပါဝင်နေသည်။ လူတိုင်းက မတုန့်ပြန်နိုင်ခင် နဂါးက ချက်ချင်းပျောက်သွားသည်။

ဘုန်း

ကောင်းကင်မှ ကျယ်လောင်သော စုတ်ဖြဲရာ အစင်းတစ်ကြောင်း ပေါ်လာသည်။ ထိုစွမ်းအားက ကြီးမားလွန်းလှလေရာ မည်သည့်နေရာကို ဖြတ်သွားစေကာမူ အပိုင်းအစများသာ ချန်ရစ်ခဲ့သည်။ ဝမ်ချောင်က ထွက်လာခဲ့သော နေရာတိုင်းတွင် ခေါင်းပြတ်အလောင်းများသာ ကျန်ရစ်ခဲ့သည်။ မြေပြင်တွင်လည်း ခေါင်းများကလည်း ပုံနေလေပြီ။

ဝမ်ချောင်၏ ဝု့စ်သံမဏိဓားက အပြည့်ရှိနေသော ရန်သူစစ်သည်တော်များကြားတွင် မရပ်တန့်တော့ချေ။

ဝမ်ချောင်၏ သတ်ဖြတ်မှုက မာန်ရှဲ့ယွီစန်းစစ်တပ်ကို နောက်မဆုတ်စေရုံသာ မကလေဘဲ ပို၍များပြားသော စစ်သည်တော်များက အဟကြားကို ဖြည့်လာကြသည်။

“ဝမ်ချောင်ကိုသတ် ဒါဆိုရင် ငါတို့နိုင်ပြီ”

“ငါ့တို့ရဲ့ညီအစ်ကိုတွေတက်”

“သူ့ကိုသတ် ငါတို့ကြောက်စရာမလိုဘူး”

ထိုအချိန်တွင် မာန်ရှဲ့ယွီစန်း စစ်သည်တော်တိုင်းက အလွန်အမင်း သတ္တိရှိလာကြပြီး သူတို့၏ နှလုံးသားထဲတွင် ပြင်းထန်သည့် ရက်စက်မှု သွေးဆာလောင်မှုများကသာ ထွက်ပေါ်လာတော့သည်။

သို့သော် ဝမ်ချောင်ကမူ ထိုအခြေအနေများကို မမြင်ချေ။ ထိုအချိန်တွင် ဝမ်ချောင်၏ နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်နေသည်။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာလျှင်ရှိသည်။

သတ် သတ် သတ်

သေ သေ

“အသက်သုံးဆယ်မှာ ငါ့ရဲ့အပြုအမူတွေက ဖုန်သာသာပဲ ဖြစ်ခဲ့တယ်။ ငါ့ရဲ့ခရီးလမ်းက လီရှစ်ထောင် ကျော်ချင်ကျော်လိမ့်မယ်။ တိမ်တွေနဲ့လတွေက ငါ့ရဲ့အပေါင်းအဖော်တွေ ဖြစ်ချင်ဖြစ်လိမ့်မယ်”

ဝမ်ချောင်က မြို့တော်မှ ထွက်လာပြီးကတည်းက မရေမတွက်နိုင်သော နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ၊ မရေမတွက်နိုင်သည့် ဗျူဟာပေါင်းများစွာ၊ မရေမတွက်နိုင်သည့် ကိစ္စပေါင်းများစွာကို ပြင်ဆင်ခဲ့ရသည်။ ယခုအားလုံးက ဖုန်ဖြစ်သွားရသည်။

သွမ့်ခဲ့ချွမ်၏ နောက်ဆုံးရိုက်ချက်က ဝမ်ချောင်ကို သေစေလောက်သည်။

ဝမ်ချောင်၏ အားထုတ်မှုတိုင်း၊ နာကျင်မှုတိုင်းက လေနှင့်အတူ လွင့်ထွက်သွားသော ဖုန်များ ဖြစ်ခဲ့ရသည်။

မည်သည့်အခြေအနေများ ဖြစ်လာစေကာမူ သူက ဘယ်သောအခါမှ အရှုံးပေးလိမ့်မည် မဟုတ်ချေ။

ဝမ်ချောင်၏ မျက်လုံးများက နီရဲနေလေပြီ။

ချွင်

ဝမ်ချောင်၏ခါး ဘယ်ဘက်ခြမ်းမှ သွေးအလင်းတန်း လင်းလက်လာသည်။ မာန်ရှဲ့ကျောင်း စစ်သည်တော် တစ်ယောက်ထံ ဓားကချက်ချင်း တိုးဝင်သွားသည်။ ထို့နောက် ဒုတိယ တတိယ စတုတ္ထ... ခမ်းနားသော သွေးအလင်းတန်းက ဝမ်ချောင်က လူတစ်ယောက်ကို သတ်ပြီးတိုင်း သူ၏ကိုယ်ထဲသို့ စီးဝင်နေခဲ့ကာ သူ့ကိုထပ်မံ နိုးဆွနေသလိုမျိုး သူ့ကိုတွန်းအား ပေးနေသလိုမျိုး သူ့ကိုပို၍ သန်မာလာစေကာ ပို၍လုပ်နိုင်စွမ်းအား မြင့်မားလာသည်။

တစ်ယောက် နှစ်ယောက် သုံးယောက် လေးယောက်...

မာန်ရှဲ့ယွီစန်း စစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်။ ဝမ်ချောင်ကမူ မောပန်းမှု၊ နွမ်းနယ်မှု ဘာကိုမှမသိသော တိုက်ခိုက်၇န်သာ နားလည်ထားသည့် စစ်စက်တစ်ခုလိုမျိုး ထင်ရသည်။

ဘုန်း

တိုက်ပွဲက အထွတ်အထိပ် အခြေအနေထိ ရောက်သောအခါ ကျယ်လောင်သော ပေါက်ကွဲသံကြီးက တောင်တစ်ခုလုံးကို တသိမ့်သိမ့် တုန်သွားစေပြန်သည်။

“အရှေ့ဘက် ခုခံရေးအားလှိုင်းက ပြိုကျသွားပြီ”

“အရှေ့ဘက် ခုခံရေးအားလှိုင်းက ပျက်စီးသွားပြီ”

မျက်တောင်တခတ် အချိန်အတွင်း ဝမ်ချောင်၏နောက်မှ အထိတ်တလန့် အော်သံများ ထွက်ပေါ်လာသည်။ သူ၏နှလုံးသားက အေးခဲသွားပြီး သူ၏ခေါင်းကို လှည့်ကြည့်လိုက်မိသည်။

ထိုအချိန်တွင် အချိန်ကပင် ရပ်တန့်သွားပြီဟု ခံစားလိုက်ရသည်။ မည်းမှောင်သော ကောင်းကင်အောက်တွင် သူမြင်နိုင်သမျှက အရှေ့တောင်ပိုင်းမှ ပြိုကျသွားသော ဝင်္ကပါဖြစ်ပြီး မြင်းများက ဟီနေသလို တိဗက်မြင်းတပ်များ၏ မျက်နှာတွင်လည်း ရွှံ့စရာကောင်းလွန်းသော အပြုံးများက ရှိနေလျှက် သူတို့၏ တောင်ပေါ်မြင်းကို အပြေးနှင်ကာ တောင်ပေါ်သို့ တက်နေသည်။

မရေမတွက်နိုင်သော ထန်များ၏ အလောင်းများကလည်း ပြန့်ကျဲလျှက် တည်ရှိနေပြီး တောင်ပုံရာပုံ ဖြစ်နေသည်။ သူတို့၏ကိုယ်မှသွေးက မြစ်ပင်ဖြစ်လောက်အောင် များပြားလွန်းနေခဲ့သည်။

အခန်း(၆၂၅)

ဝမ်ချောင်က သူ၏ခန္ဓာကိုယ်က အေးခဲသွားပြီဟု ခံစားလိုက်ရသည်။ သူ၏နှလုံးသားက ပြာဖြစ်သွားလေပြီ။

ဒုတိယမြောက် ဟာကွက်

သွမ့်ခဲ့ချွမ်က ဖွင့်လိုက်သော ဟာကွက်က အခုအချိန်အထိ ပြန်မပိတ်နိုင်သေးခင် နောက်ထပ် ဟာကွက်တစ်ခုက ထပ်ဖြစ်လာလေသည်။ ဝမ်ချောင်က လှည့်ကြည့်လိုက်သောအခါ ကျိုးပျက်လုနီးပါး ဖြစ်နေသော နေရာပေါင်းများစွာကို မြင်ရသည်။ အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်ပေါင်းများစွာ သေဆုံးချိန်တွင် အော်ဟစ်သံက တောင်တန်းအနှံ့ ပျံ့နှံ့နေသည်။

ကောင်းကင်က ငါ့ရဲ့မဟာထန်ကို သေစေချင်နေတာလား။

ဝမ်ချောင်၏ တစ်ကိုယ်လုံးက တုန်ယင်လာပြီး နှလုံးသားက မဆုံးနိုင်သော မချိတင်ကဲဝေဒနာကို ခံစားနေရသလိုမျိုး သွေးစိမ်းရှင်ရှင် ထွက်လာသည်။ နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သူက အသက်ရှုရန်ပင် ခက်ခဲလာရသည်။

ဘာလို့လဲ ဘာလို့ဒီလို ဖြစ်လာရသေးတာလဲ။

ကောင်းကင်က ငါ့ကိုပြန်လည် မွေးဖွားခိုင်းတာက ဒါတွေကိုထပ်ပြီး ခံစားစေချင်တာလား။

ငါ့ရဲ့အရင်ဘဝက မလုံလောက်လို့လား။ ငါက ဗဟိုပြင်ကျယ်နဲ့ မဟာထန်ကို တူညီတဲ့ကံကြမ္မာ ဆက်ပြီး နောက်ထပ်တစ်ကြိမ် ခံစားခိုင်းရဦးမှာလား။

ဝမ်ချောင်၏မျက်လုံးက နီရဲလာပြီး ဒေါသထွက်လွန်းသဖြင့် ဟိန်းဟောက်လုနီးပါး ဖြစ်လာသည်။ ထိုအချိန်တွင် သူ့ယခင်ဘဝမှ မြင်ကွင်းများက မျက်လုံးရှေ့တွင် ထင်ဟပ်လာသည်။ ဗဟိုပြင်ကျယ်တစ်ခုလုံးက မီးတောက်များ လောင်ကျွမ်းနေပြီး ကျိုးပဲ့သွားသော နဂါးအလံများကိုလည်း မြင်နေရသည်။ သတ်ဖြတ်ခံရသော မဟာထန်၊ ဖျက်ဆီးခံရသော မဟာထန်၊ မရေမတွက်နိုင်သော အလောင်းများ ပုံနေသော ကုန်းမြေ၊ အလွန်အမင်း ကြောက်လန့်နေကြသော မျက်နှာများ၊ အရိုးအဖြစ် ပြောင်းရသော ခန္ဓာကိုယ်များ အားလုံးက ပြန်ပေါ်လာသည်။ အေးစက်သော မြင်းတပ် မြစ်ပြင်တစ်ခု၏ တိုက်ခိုက်ခံရသလိုမျိုး ကျူးကျော်လာသော တိုင်းတစ်ပါးသားများက သူတို့ကို သေစေအောင် စိတ်ဓာတ်ကျအောင် စိတ်ပျက်အောင် ဆက်တိုက်လုပ်နိုင်နေခဲ့သည်။

အရာအားလုံးက အနောက်တောင်ပိုင်း၏ လဲပြိုမှုမှ စတင်သည်။ အနောက်တောင်ပိုင်း၏ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ကိုသာ မပြောင်းလဲနိုင်လျှင် မဟာထန်၏ ကံကြမ္မာကို သူကပြောင်းလဲနိုင်တော့မည် မဟုတ်ချေ။

ဝမ်ချောင်၏ နှလုံးသားက နာကျင်လွန်းသဖြင့် အသက်ရှုရန် ခက်ခဲလာသည်။

ထိုနာကျင်မှု၊ လက်သင့်မခံနိုင်မှု၊ ကူကယ်ရာမဲ့မှုနှင့် အမုန်းများက သူယခင်ဘဝက မသေခင် ခံစားခဲ့ရသော အချိန်ကထက်ပင် ပိုဆိုးသေးသည်။ ထိုခံစားချက်များအားလုံးက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

မဟုတ်ဘူး ငါထပ်သေရမယ်ဆိုရင်တောင်မှ ဒီမြင်ကွင်းကို ထပ်ဖြစ်ခွင့် မပြုနိုင်ဘူး။

ဝမ်ချောင်က ညာဘက်လက်ဖြင့် ဝု့စ်သံမဏိဓားကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ၏ဘယ်လက်ကမူ ရှောင်ယင်ယန်ဓားကို ကိုင်ထားသည်။ သူ၏လက်ခုံမှ သွေးကြောများကပင် ဖောင်းတက်လာသည်။ သူက ဒေါသထွက်လွန်းသဖြင့် ကောင်းကင်တစ်ခုလုံး ပြိုကျသွားအောင် ဟိန်းဟောက်လိုက်ချင်နေသည်။

ခလွပ်

ဝမ်ချောင်၏ ဒေါသကို တုန့်ပြန်သည့်အလား တောင်ထိပ်မှ လေပြင်းများက ပေါက်ကွဲသလို ဆက်တိုက် တိုက်ခတ်လာလေပြီး လျှပ်စီးများက လင်းလက်လာလေသည်။ ရုတ်တရက် မိုးခြိမ်းလာသောကြောင့် မြင်းများကပင် နောက်တွန့်သွားကြသလို မာန်ရှဲ့ယွီစန်း စစ်တပ်တစ်ခုလုံးက မှင်သက်သွားရသည်။

တောင်ခြေရှိ သာ့လွန်ရော့ကျန်းကလည်း အံ့သြသွားသည်။

ဘာတွေပဲဖြစ်လာဖြစ်လာ ငါဘယ်တော့မှ အရှုံးမပေးဘူး။

ဘာတွေပဲဖြစ်လာဖြစ်လာ ငါဘယ်တော့မှ အရှုံးမပေးဘူး။

ဘာတွေပဲဖြစ်လာဖြစ်လာ ငါဘယ်တော့မှ အရှုံးမပေးဘူး။

ဒီလောကမှာ ရှင်သန်ကျန်ရစ်သူမရှိရင် ဘာကံကြမ္မာမှ ရှိလာတော့မှာ မဟုတ်ဘူး။ ငါကငါ့ရဲ့ ကံကြမ္မာကို ဖန်တီးမဲ့ဆရာသခင်ပဲ။

ဝမ်ချောင်၏စိတ်ထဲမှ အသံက ကျယ်သထက် ကျယ်လာသည်။ ရုတ်တရက် ခန္ဓာကိုယ်အတွင်းမှ သူတစ်ကြိမ်သော်မျှ မခံစားခဲ့ဖူးသော အသံစွမ်းအင်တစ်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုအရာက မီးတောက်တစ်ခုလိုမျိုး တဖြည်းဖြည်း တောက်လောင်လာသည်မှာ ပြင်းထန်သထက် ပြင်းထန်လာသည်။ အဆုံးအစမဲ့လွန်းသော ဒေါသ၊ ရွံမုန်းတီးလွန်းသော စိတ်ဆန္ဒနှင့် ပြင်းထန်လွန်းသော ရွံရှာမုန်းတီးသည့်စိတ်က ထွက်ပေါ်လာသည်။

ချွင်

ဝမ်ချောင်က ဓားကိုတစ်ချက် ယမ်းလိုက်ပြီးနောက် ကောင်းကင်ကိုကြည့်ကာ ဟိန်းဟောက် ကျုံးဝါးလိုက်သည်။

“တိုက်ခိုက် တိုက်ခိုက် တိုက်ခိုက်”

“သတ် သတ် သတ်”

“သေ သေ သေ”

“တစ်လောကလုံးက နောက်ပြန်ဆုတ်သွားရင်တောင်မှ ငါဘယ်တော့မှ နောက်မဆုတ်ဘူး။ လူတိုင်း လက်လျော့သွားရင်တောင်မှ ငါဘယ်တော့မှ အညံ့မခံဘူး”

“အနောက်တောင်ပိုင်းကို ဘယ်တော့မှ မရှုံးစေရဘူး။ မဟာထန်က ရှုံးမှာမဟုတ်ဘူး။ ငါလည်းဘယ်တော့မှ မရှုံးနိုင်ဘူး”

ထိုစကားများက ကောင်းကင်ကိုပင် လှုပ်ခါသွားစေခဲ့သည်။

ဝှစ်

ဓားကလေကို ထိုးခွဲသွားပြီး မာန်ရှဲ့ယွီစန်း စစ်သားများ၏ ကျရှုံးမှုက များပြားလာသည်။ သူတု့ိ၏ကိုယ်မှ စီးသောသွေးက အောက်သို့တောက်လျှောက် စီးကျသွားသည်။ ထို့နောက် သွေးအလင်းများက ဝမ်ချောင်၏ကိုယ်ထံ ဝင်ရောက်ရှိလာသည်။

ထိုသွေးစွမ်းအင်များက ငါးစာလိုမျိုး ဝမ်ချောင်၏ကိုယ်ထဲရှိ နက်ရှိုင်းစွာ ပုန်းကွယ်နေတတ်သော တစ်စုံတစ်ရာကို လှုံ့ဆော်ပေးနေသည်။

ခလွပ်

ဝမ်ချောင်၏ ကိုယ်အတွင်းမှ အရိုးများကွဲသံလို သို့မဟုတ် ပဲစေ့အခွံ ကွဲထွက်သွားသလို အသံမျိုးက ထွက်လာသည်။ ဝမ်ချောင်၏ကိုယ်က စတင်ကာ ကြီးထွားလာသည်။ သူ၏ကိုယ်ထဲမှ ခမ်းနားကာ ဖုံးဖိရန် ခက်ခဲသည့် ပြင်းထန်သည့် စွမ်းအင်များက စတင်ကာ ပေါက်ထွက်လာသည်။

ခြိမ်း

သူ၏တန်ထန်းက လှုပ်ခါသွားလေပြီး အသက်ရှုရာ နေရာလွတ်တစ်ခုတွင် အဆိပ်ချီစက်ကွင်း အသစ်တစ်ခုက စတင်ထွက်ပေါ်လာကာ ဝမ်ချောင်၏ကိုယ်အောက်တွင် ပျံ့နှံ့လာသည်။ တချိန်ထဲလိုလို ဝမ်ချောင်က နောက်ဆုံးတွင် တစ်နေခဲ့သော ထိုအရန်အတားအဆီးကို ကျော်ဖြတ်လိုက်ပြီး အဆင့်မြင့် သိုင်းနယ်မြေသို့ အောင်မြင်စွာ တက်လိုက်နိုင်သည်။

ဝမ်ချောင်၏ကိုယ်ကို ဖြတ်သန်းစီးဆင်းလာသော သွေးစွမ်းအင်များကလည်း ဟိန်းသံလို လေထုကို ထုတ်လွှတ်သည်။ ဖြတ်ကနဲဆိုသလို ဝမ်ချောင်၏ အနက်ရောင်ဆံပင်က မိစ္ဆာဆန်သော သွေးနီရောင် ပြောင်းသွားသည်။

ဆံပင်တင်မဟုတ်ဘဲ ဝမ်ချောင်၏မျက်လုံးကပင် သွေးနီရောင်အတိ ပြောင်းသွားသည်။ သူ၏မျက်လုံးထက်တွင် သတ်ဖြတ်လိုစိတ် ရူးသွပ်မှုနှင့် ရုတ်ရင်းကြမ်းတမ်း ခက်ထန်မှုတို့ကသာ ပြင်းထန်လာသည်။

သို့သော် ဝမ်ချောင်ကမူ ထိုအရာများကို မမြင်နိုင်ချေ။ သူ၏မျက်စိရှေ့ရှိအရာက သွေးသာဖြစ်သည်။

“ဘာတွေပဲဖြစ်လာဖြစ်လာ ငါဘယ်တော့မှ အရှုံးမပေးဘူး”

ဝမ်ချောင်၏ စိတ်ထဲတွင် လက်သင့်မခံနိုင်မှုနှင့် ဒေါသများက ကြီးထွားသထက် ကြီးထွားလာပြီး ပြင်းထန်သထက် ပြင်းထန်လာကာ ဝမ်ချောင်ကို ဆက်လက်ပြီး အားဖြည့်ပေးနေခဲ့သည်။

ဝုန်း

ဝမ်ချောင်က ရုတ်တရက် အရှိန်နှုန်းက ပေါက်ကွဲသွားသလို မြန်ဆန်သွားလေပြီး လျှပ်စီးပစ်လိုက်သလိုမျိုး ရှေ့သို့ချက်ချင်း ရောက်သွားသည်။

ခလွပ်

လေထဲတွင် သွေးလွှမ်းသော အစွန်းနေရာတစ်ခု ဖြစ်ပေါ်လာလေပြီးနောက် တဖြည်းဖြည်းချင်း ပျံ့နှံ့သထက် ပျံ့နှံ့သွားကာ မာန်ရှဲ့ကျောင်းနှင့် ယွီစန်း စစ်သည်တော်များက သေဆုံးသထက် သေဆုံးလာသည်။

“ငါမရှုံးဘူး ငါမရှုံးဘူး ဘယ်တော့မှ မရှုံးဘူး”

ဝမ်ချောင်၏ကိုယ်က လေထဲသို့ ခုန်တက်သွားပြန်သည်။ နာကျင်လွန်းသော ပြင်းထန်သည့် အော်ဟစ်သံများနှင့်အတူ နောက်ထပ် မာန်ရှဲ့ယွီစန်း စစ်သည်တော်တစ်သုတ်က အသတ်ခံရပြန်သည်။ သွေးစွမ်းအင်များကလည်း ရူးသွပ်စွာဖြင့်ပင် ဝမ်ချောင်၏ကိုယ်ထဲသို့ စီးဝင်ရင်း မမြင်ရသော အားတစ်ခုကို လှုံ့ဆော်ပေးနေပြန်သည်။

ရှောင်ယင်ယန်သိုင်းက ဝမ်ချောင်၏ကိုယ်အတွင်း ဆက်တိုက် လှည့်ပတ်နေသည်။ သူက အဆင့်မြင့် သိုင်းနယ်မြေအဆင့်ကို ချိုးဖောက်ဝင်ရောက်ပြီးနောက်တွင် သူ့ကို ကာရန်ထားသမျှ၊ ထိန်းချုပ်ထားသမျှ အရာအားလုံးက လဲပြိုကျသွားသည်။ သွေးစွမ်းအင်များက ကိုယ်ထဲသို့ ဆက်တိုက် ဝင်ရောက်လာနေခြင်းအားဖြင့် ဝမ်ချောင်၏ အင်အားက မယုံနိုင်စရာ ကောင်းလောက်အောင် မြင့်မားလာသည်။

ဘုန်း

သူ၏တန်ထန်းက လှုပ်ခါသွားပြန်သည်။ ချက်ချင်းလိုလို ဝမ်ချောင်က အဆင့်မြင့်သိုင်းနယ်မြေ အဆင့်တစ်သို့ ရောက်ရှိသွားသည်။ သူ၏အနောက်တွင် မာန်ရှဲ့ယွီစန်းမှ မြင်းစစ်သည်တော် ဆယ်ယောက်ထက်မနည်း ဝမ်ချောင်ထံ ဦးတည်လာနေကြသည်။

“ဝမ်ချောင်ကိုဖမ်းပြီး အိမ်ထောင်စုတစ်သောင်း ပိုင်စိုးတဲ့ အမတ်ဘွဲ့ ခံယူကြရအောင်”

ပို၍များပြားသော မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည်တော်များက စိတ်လှုပ်ရှားစွာ ချီတက်လာနေကြသည်။ သူတို့၏ အရေအတွက်က အကန့်အသတ် မဲ့သည်ဟုပင် ထင်ရသည်။

စွစ်

အေးစက်သော အလင်းရောင် လက်ပြီးသည်နှင့် စူးရှသော အော်ဟစ်သံနှင့်အတူ ခေါင်းများက ဆက်တိုက် အောက်သို့ကျသွားပြန်သည်။

အဆင့်မြင့်သိုင်းနယ်မြေ အဆင့်နှစ်

ဝမ်ချောင်၏အင်အားက ဆက်တိုက် ရူးသွပ်စွာဖြင့် မြင့်တက်နေသေးသည်။

“သူ့ကိုသတ် သူကတစ်ယောက်ထဲ ကြောက်စရာမရှိဘူး”

တောင်ပေါ်သို့ ကြီးမားသော ပုံရိပ်ကြီးတစ်ခုက ချဉ်းကပ်လာသလို အရှိန်အဟုန် မြင့်မားလွန်းသော ကောင်းကင်လှုပ်ခါခြင်း လူထွားကြီးများက ရောက်ရှိလာလေပြီ။

ဝေါင်း

သို့သော် ထိုလူထွားကြီးများက အသေအချာ မရပ်နိုင်ခင် ဝမ်ချောင်ထံ ကြီးမားသော သစ်ပင် ပင်စည်ကြီးကို တုတ်တံလိုသုံးကာ ရိုက်ချလိုက်လေပြီ။

“သူကငါ့အပိုင်ပဲ”

ထိုလူထွားကြီးက ဟိန်းဟောက်လိုက်ပြီးနောက် သူသာလျှင် နားလည်နိုင်သော ဘာသာစကားဖြင့် ပြောသည်။

ချွင်

ကြီးမားသော သစ်ပင်ကြီးက ချက်ချင်း နှစ်ခြမ်းကွဲသွားသည်။ တိပလွန်းသဖြင့် မှန်ထက်ပင် ချောမွေ့နေလောက်သေးပြီး ထိုလူထွားကြီးက မှင်သက်စွာဖြင့် ရှိနေပြီး မတုန့်ပြန်နိုင်ခင် ဓားကနှလုံးထဲ ဖောက်ဝင်ကာ သေဆုံးသွားရသည်။

အဆင့်မြင့်သိုင်းနယ်မြေ အဆင့်သုံး

လူထွားကြီး၏ မျက်လုံးက အပြူးသားဖြင့် ဝမ်ချောင်ကို မယုံကြည်နိုင်သလို ကြည့်နေရင်းမှ လဲပြိုကျသွားသည်။ သူ၏ပြင်းထန်ကြမ်းတမ်း များပြားသော စွမ်းအင်များက ဝမ်ချောင်၏ကိုယ်ထဲသို့ စီးဝင်သည်။

“သတ် သတ် သတ် သတ် ငါ့ရှေ့ကလူတိုင်း သေကြစမ်း။ ငါလိုတာ စွမ်းအားပဲ။ အဆုံးအစမဲ့တဲ့ စွမ်းအားတွေကို ငါလိုတယ်”

ဝမ်ချောင်၏ မျက်လုံးထဲမှသွေးက ရဲသထက် ရဲလာသည်။

ဘုန်း

နဂါးလှံခုန်တက်ခြင်း

ဝမ်ချောင်က လေထဲသို့ ခုန်တက်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် ရေနဂါးက မိုးပြာရောင် မဟုတ်တော့ဘဲ သွေးနီရောင် ပြောင်းသွားသည်။

ဝမ်ချောင်က ကောင်းကင်မှ ပြန်ခုန်ဆင်းလာပြီးနောက် တောင်ထိပ်ထံ ခုန်ဝင်ပြန်သည်။

“အား”

ရာပေါင်းများစွာသော မာန်ရှဲ့ကျောင်းနှင့် ယွီစန်း စစ်သည်တော်များက အော်ဟစ်လျှက် လဲကျသွားကြသည်။ သူတို့၏ကိုယ်က ပေါက်ကွဲသွားပြီး သွေးစွမ်းအင်များက ဝမ်ချောင်၏ကိုယ်ထဲသို့ စီးဝင်သည်။ ဝမ်ချောင်က တဖန် အဆင့်တက်သွားပြန်သည်။

အဆင့်မြင့်သိုင်းနယ်မြေ အဆင့်လေး

“သေစမ်း ဒါကဘာလဲ”

ဝမ်ချောင်က ဆက်တိုက် ခုန်တက်ကာ တိုက်ခိုက်နေချိန်တွင် မာန်ရှဲ့ကျောင်းမှ အဆင့်မြင့်သိုင်းနယ်မြေ အဆင့်ရှိ အင်အားကြီးဗိုလ်ချုပ်တစ်ယောက်က သတိထားမိသွားသည်။

သူက သွေးအလင်းရောင် လက်နေသော ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း သံသယဝင်စရာပင် ရှိနေခဲ့သည်။

ချွင်

သူကဓားကို ဆွဲထုတ်လိုက်သည်။ မာန်ရှဲ့ကျောင်းမှ ထိုဗိုလ်ချုပ်ကြီးက အ့ဟိုင်တောင်ပေါ်မြင်းကို အပြေးနှင်ကာ မျက်ဝန်းထဲမှ အေးစက်သော အလင်းရောင်နှင့်အတူ ထိုနေရာသို့ ချဉ်းကပ်ဝင်ရောက်သွားသည်။

ကျန်းငါးဆယ်

ကျန်းသုံးဆယ်

ကျန်းနှစ်ဆယ်

သူက ဆယ်ကျန်းသာ ဝေးကွာတော့သော အချိန်တွင်

ဘုန်း

သူ၏လက်နက်က လင်းလက်တောက်ပလာသည်။ မာန်ရှဲ့ကျောင်း၏ ဗိုလ်ချုပ်ကြီးက မြင်းထံမှ ခုန်ထွက်လိုက်ကာ မရေမတွက်နိုင်သော စစ်သည်တော်များကို ကျော်ဖြတ်လိုက်ပြီး ဟာရီကိန်းမုန်တိုင်းလိုမျိုး ဝမ်ချောင်၏ရှေ့သို့ ရောက်သွားသည်။

ဘုန်း

မာန်ရှဲ့ကျောင်း၏ ဗိုလ်ချုပ်ကြီး၏ ဓားက ဝမ်ချောင်ကို ချိန်ရွယ်ကာ တိုက်ခိုက်လိုက်သည်။ ဝုန်းကနဲ မြည်သံနှင့်အတူ ဖုန်မှုန့်များက လေထဲသို့ မြောက်တက်သွားသလို ကြယ်တာရာစွမ်းအင်ပေါင်း များစွာက လွင့်စင်ကုန်သည်။ သူတို့နှစ်ယောက်က တိုက်ခိုက်နေချိန်တွင် အလယ်တွင် အနက်ရောင်နှင့် အနီရောင် စွမ်းအင်များကသာ ထွက်ပေါ်နေသည်။

ဝမ်ချောင်၏ ရူးသွပ်သည့် သတ်ဖြတ်မှုက နောက်ဆုံးတွင် ထိုဗိုလ်ချုပ်ကြောင့် ရပ်တန့်သွားရသည်။

“ဟမ့် ကောင်စုတ်လေး မင်းတော့သေပြီ”

မာန်ရှဲ့ကျောင်း၏ ဗိုလ်ချုပ်က အော်ဟစ်လိုက်ပြီးသည်နှင့် သွေးမျက်ဝန်းအတွင်း ကြောက်မက်ဖွယ် ကောင်းလွန်းသော အလင်းက လက်လာသည်။

ထို့နောက် ဓားတစ်လက်က သူ၏နှလုံးသားထဲ ဖောက်ဝင်သွားသည်။ သူ၏မျက်လုံးက အပြူးသားဖြင့် နှလုံးသားထဲသို့ ဖောက်ဝင်နေသော ဓားကိုကြည့်သည်။

ဘုန်း

ဝမ်ချောင်က ဓားကိုဆွဲထုတ်ကာ သူ့ကို ကန်ထုတ်လိုက်သည်။ ထိုသို့ဖြင့် သူကမြေပြင်တွင် လဲကျသွားပြီး မလှုပ်နိုင်တော့ချေ။

အဆင့်မြင့်သိုင်းနယ်မြေ အဆင့်ငါး

ဝမ်ချောင်၏ ခွန်အားက ဆက်တိုက် တိုးတက်လာနေသည်။ သူက မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို သတ်ဖြတ်လိုက်နိုင်သဖြင့် သူ၏စွမ်းအားက ပိုများလာသည်။

“သတ် သတ် သတ် စွမ်းအား ငါလိုတာ အဆုံးအစမဲ့တဲ့ စွမ်းအားတွေပဲ”

ဝမ်ချောင်၏ ခန္ဓာကိုယ်မှ အဆင့်မြင့် ကွဲအက်သံများ ထွက်ပေါ်လာပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က တဖန်ပြန်လည် ကြီးထွားကာ ကြီးမားသထက် ကြီးမားလာသည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း ထူထည်းသော မြူထုကြီးက ထွက်ပေါ်လာနေပြီဖြစ်သည်။

ရှောင်ယင်ယန်သိုင်းက ပြင်းထန်သည့် တိုက်ပွဲတွင် အလွန်ပြင်းထန်သည့် စွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိသည်။ ဝမ်ချောင်က သတ်လေလေ သူစုပ်ယူနိုင်သော စွမ်းအားက များလေလေဖြစ်ပြီး သူကပို၍ ကြောက်စရာကောင်းလေလေဖြစ်သည်။ သူ၏ခွန်အား အရှိန်နှုန်းနှင့် လုပ်နိုင်စွမ်းအားကလည်း ဆက်တိုက် မြင့်တက်လာပြီး သူ့ကို ပြောင်းလဲလာစေသည်။

ဒီလောကတွင် ရှောင်ယင်ယန်သိုင်းက ပထမဦးဆုံးအကြိမ် သင့်တော်သော တိုက်ပွဲတစ်ခုတွင် ကြောက်စရာကောင်းသော စွမ်းအင်ကို ထုတ်ပြဖူးခြင်းဖြစ်သည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူက မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်နိုင်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါကြောင့် ဗိုလ်ချုပ်များရဲ့ အဆိပ်ချီစက်ကွင်းကို အသုံးပြုဖို့ လိုအပ်တဲ့ ဒုတိယမြောက် အခြေအနေကို ပြည့်မှီသွားပါပြီ”

ဝမ်ချောင်၏ စိတ်ထဲတွင် အသံတစ်သံ ထွက်လာသည်။ သို့သော် ချက်ချင်းလိုလို မြင့်မားလှစွာသော ကံကြမ္မာကျောက်တုံး၏ သတိပေးချက်များက ဆက်တိုက် ထွက်ပေါ်လာပြန်သည်။ ဝမ်ချောင်က ထိုအရာများကိုပင် မကြားနိုင်တော့ချေ။

ဘုန်း

ဝမ်ချောင်က တဖန် မြေပြင်သို့ ခုန်ဆင်းလိုက်ပြီးနောက် တဖန် ခုန်တက်ပြန်သည်။

ပြင်းထန်သည့် စွမ်းအင်များက ပေါက်ကွဲသွားပြီးနောက်တွင် နောက်ထပ် ငယ်သံပါအောင် အော်ဟစ်သံများက ထွက်ပေါ်လာပြန်သည်။ မရေမတွက်နိုင်သော မာန်ရှဲ့ကျောင်းနှင့် ယွီစန်း၏ စစ်သည်တော်များက လေထဲသို့ လွင့်ထွက်ကုန်သည်။

“သူ့ကိုသတ်”

မာန်ရှဲ့ယွီစန်း ဗိုလ်ချုပ်နှစ်ယောက်က အတူပူးပေါင်းပြီး တိုက်ခိုက်လာသည်။

စွစ် စွစ် စွစ်

ထိုသို့ဖြင့် ခေါင်းနှစ်လုံးက လေထဲလွင့်သွားပြန်သည်။ ထိုနှစ်ယောက်လုံးက သူ၏အရှိန်နှုန်းကို အမှီမလိုက်နိုင်သလို သူက မည်သူဖြစ်ကြောင်းပင် မသိလောက်ကြသေးချေ။

အဆင့်မြင့်သိုင်းနယ်မြေ အဆင့်ခြောက်

ထိုဗိုလ်ချုပ်များထံမှ ရလာသော ချီစွမ်းအင်က ဝမ်ချောင်ကို နောက်ထပ်တစ်ဆင့်သို့ ထပ်မြင့်သွားစေခဲ့သည်။

သတ်ဖြတ်ခြင်းနှင့် သွေးဆာလောင်မှု အရာအားလုံးက ဝမ်ချောင်အတွက် အာဟာရများဖြစ်နေသည်။ သူက တစ်ယောက်ပြီးတစ်ယောက် ထပ်မံသတ်ဖြတ်လေလေ သူရရှိသော စွမ်းအားက များလေလေဖြစ်ပြီး သူ၏ခွန်အားက တိုးလေလေဖြစ်သည်။

“သတ် သတ် သတ် တိုက် တိုက် တိုက်”

ဝမ်ချောင်၏ စိတ်ထဲတွင် အင်အားကြီးမားလွန်းသော သတ်ဖြတ်လိုစိတ် ဆန္ဒကသာ လွှမ်းမိုးနေသည်။ ထိုသတ်ဖြတ်လိုစိတ်က သူ၏သွေးကြောများထံ ဝင်ရောက်နေလေပြီး ထိုသွေးကြောများကိုပင် ဖောင်းပွလာစေကာ အသားအရည်ကိုပင် တွန့်လာစေသည်။ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်က ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုပင် ပြောင်းလဲလုနီးပါး ဖြစ်လာသည်။ တဖြည်းဖြည်းချင်း အင်အားကြီးမားသထက် ကြီးမားလာပြီး သူ၏ရင်ဘက်ကိုပင် စုတ်ဖြဲတော့မလို ဖြစ်လာသည်။

ဝမ်ချောင်၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်သထက် ပြင်းထန်လာပြီး ခန္ဓာကိုယ်က နီရဲသထက် နီရဲလာသည်။ သူ၏ပတ်ပတ်လည်မှ သွေးနီရောင် မြူထုကလည်း ထူသထက် ထူလာသည်။ သူ၏အရှိန်အဝါက တိုက်ပွဲနယ်မြေကို လွှမ်းမိုးနိုင်စွမ်း ပို၍ပြင်းထန်သထက် ပြင်းထန်လာခဲ့သည်။

All Chapters