← Chapters

အခန်း (၃၆၂)

Vol. 37 Ch. 362

အခန်း (၃၆၂)

Vol. 37 Ch. 362

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၆၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“ကျုံးယန်ဓား”

“တိုက်ယန်ဓား”

“တိုက်ရွှီဓား”

“တိုက်ချုံးဓား”

“တိုက်အာဓား”

တုပိုင်သည် ရပ်တန့်ခြင်းမရှိဘဲ ခန္ဓာကိုယ်အနေအထားကို အဆက်မပြတ် ပြောင်းလဲကာ ဓားကွက် ခြောက်ကွက်ကို လျင်မြန်စွာ ဆက်တိုက် ထုတ်ဖော်လိုက်သည်။

“ရွှစ်.. ရွှစ်.. ရွှစ်…”

ဓားချီ ခြောက်ခု တိုးထွက်သွားသည်။

ခဏချင်းမှာပင် မီတာများစွာ အကွာရှိ သစ်ကိုင်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဤအထွတ်အထိပ် ဓားသိုင်း၏ အမည်နာမသည် ကမ္ဘာမြေပေါ်ရှိ နာမည်ကျော် သိုင်းဝတ္ထုထဲမှ အမည်နှင့် တူညီနေသော်လည်း ဓားကွက် တစ်ခုချင်းစီမှာမူ ကွဲပြားခြားနားလှသည်။

ထို့အပြင် တုပိုင်၏ “သွေးကြောခြောက်သွယ် နတ်ဓားသိုင်း” တွင် ပါဝင်သော ဓားကွက် တစ်ကွက်ချင်းစီ၏ စွမ်းအားနှင့် တိုက်ခိုက်ပုံ နည်းလမ်းများသည်လည်း အတော်ပင် ကွာခြားလေသည်။

တချို့သော တိုက်ခိုက်မှုများသည် တည့်မတ်ပြီး ပြတ်သားသည်။ တချို့မှာ တိတ်ဆိတ်ပြီး ယဉ်ကျေးသိမ်မွေ့သည်။ တချို့မှာ အုပ်စုလိုက် တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ ဓားချီများသည် ယပ်တောင်တစ်ခုသဖွယ် ဖြန့်ကျက်ပြီး တိုက်ခိုက်သွားခြင်း ဖြစ်သည်။

အတိုချုပ် ပြောရလျှင် သရုပ်ပြသမှု ပြီးဆုံးသွားသောအခါ တုပိုင်ကိုယ်တိုင်လည်း လုံးဝ ကြောင်အသွားလေသည်။ ဤသွေးကြောခြောက်သွယ် နတ်ဓားသိုင်းသည် အမှန်တကယ်ပင် အံ့မခန်းပင်ဖြစ်လေ၏။

ဤကျင့်စဉ်သည် အစွမ်းထက်သည်ဆိုသည်ကို သိရှိသော်လည်း ဤမျှလောက် အစွမ်းထက်မည်ဟုကား စိတ်ကူးမယဉ်မိခဲ့ပေ။ အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤလောကတွင် တစ်ခုတည်းသော ခရီးဝေးစွမ်းအင်တိုက်ခိုက်မှု ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ ထို့အပြင် အခြားကမ္ဘာမှ ရောက်ရှိလာသော သိုင်းပညာရပ် ဟူသော ဂုဏ်ပုဒ်နှင့်လည်း လိုက်ဖက်ညီလှသည်။

သူ့ဘေးတွင် ရပ်နေသော ကျီချင်းကျူမှာမူ လုံးဝ.. လုံးဝကို ကြောင်အသွားသည်။ သူသည် အလွန်အမင်း တုန်လှုပ်သွားသဖြင့် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ သူ၏ ဝိညာဉ်တစ်ခုလုံး တုန်ယင်နေလေသည်။

မဟာဆရာသခင်ကြီး နင်ဇောင်ဝူကဲ့သို့ ဉာဏ်ကြီးရှင်များကမူ လုပ်လိုရာ လုပ်နိုင်သည်ဟူ၍ အံ့သြချီးကျူးခြင်းမျိုး သူ မပြုလုပ်ခဲ့ပေ။

သူသည် အခြားနည်းလမ်းတစ်ခုဖြင့် ရေရွတ်လိုက်သည်။ “ငါ ဒီ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း ကျမ်းစာအုပ်ကို သိမ်းထားရသည့် အကြောင်းရင်းက ဒါကြောင့်ကိုး…”

ဤလောကကြီး၏ အမှန်တရားသည် ရက်စက်လွန်းလှပေသည်။ ပထမ၌ သင့်ကို အထွတ်အထိပ် လျှို့ဝှက်ကျမ်းစာအုပ် ပေးသည်။ ပြီးနောက် သင့်အား သင်ယူခွင့် မပေးပေ။ ဆယ်စုနှစ်များစွာ မက်မောနေအောင် ပြုလုပ်သည် ၊ ဆယ်စုနှစ်များစွာ ခံစားရအောင် ပြုလုပ်သည်။ နောက်ဆုံးကျမှ သင်သည် ထိန်းသိမ်းစောင့်ရှောက်သူသက်သက်သာ ဖြစ်သည်ဆိုသည်ကို သိရှိစေသည်။

သင်သည် ဆယ်စုနှစ်များစွာ ကြိုးစားသည့်တိုင် မသင်ယူနိုင်ပေ၊ သို့သော် အခြားသူကမူ နှစ်နာရီအတွင်း သင်ယူသွားနိုင်ခဲ့သည်။ အဘယ်စကား ပြောစရာ ရှိတော့မည်နည်း။

အချိန်အတော်ကြာပြီးနောက် ကျီချင်းကျူ သက်ပြင်းချလိုက်ပြီး ပြောသည်။ “တစ်ခါတလေကျရင် ဒီလောကကြီးမှာ ရှင်သန်ရတာ ငရဲခန်းတစ်ခုလိုပဲလို့ ငါခံစားရတယ်။ ဉာဏ်ကြီးရှင် ၊ ဉာဏ်ကြီးရှင်… ရိုးရိုး ဉာဏ်ကြီးရှင် မဟုတ်ဘူး ၊ ကံတရားက ရွေးချယ်ထားတဲ့သူပဲ။”

တုပိုင် အနည်းငယ် ရှက်ရွံ့သွားသည်။

ကျီချင်းကျူသည် တုပိုင်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ “မင်းက ကုန်းကုန်းတစ်ယောက် ဖြစ်နေတာ သေချာလား။ ပြီးတော့ ထာဝရ ကုန်းကုန်း ဖြစ်နေမှာလား။ ကလေးရော ရနိုင်ပါ့မလား။”

တုပိုင်က ပြောလိုက်သည်။ “ဒါက မွေးရာပါ ဝှေးစေ့ဝှက်ရောဂါ တစ်မျိုးပါ။ ကျင့်ကြံခြင်းအဆင့် တစ်ခုကို ရောက်ပြီး ယန်ချီတန်ဖိုး ၁၀၀ ပြည့်သွားရင် သာမန်ယောက်ျားတစ်ယောက် ဖြစ်လာပြီး ကလေးရနိုင်ပါတယ်။”

“တကယ်လား။” သူ မေးလိုက်သည်။

“တကယ်ပါ။” တုပိုင်က ဖြေလိုက်သည်။

ကျီချင်းကျူက ပြောလိုက်သည်။ “ဒါဆိုရင် ဒီည မင်းနဲ့ ပြောင်ပြောင် မင်္ဂလာဆောင်ရမယ်။ မင်း ငါ့ကို ဦးချကန်တော့ရမယ်။ ဘယ်သူ့ကိုမှ အသိပေးစရာ မလိုဘူး။ နောင်တစ်ချိန် မင်းတို့နှစ်ယောက်က ရလာတဲ့ ကလေးတွေက ကျီမျိုးရိုး ခံယူရမယ်။”

တုပိုင် ဦးညွှတ်လိုက်ပြီး ပြောသည်။ “ဟုတ်ကဲ့ပါ။”

ကျီချင်းကျူက တုပိုင်နှင့် ကျီပြောင်ပြောင်ကို အတင်းအကျပ် လက်ထပ်ပေးရန် ဤမျှ စိတ်အားထက်သန်နေရခြင်းမှာ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကြောင့် ဖြစ်သည်။ မူလက သူသည် တုပိုင်ကို တစ်ခုခု ပြသရန်သာ ရည်ရွယ်ခဲ့သော်လည်း တုပိုင်က အားလုံးကို ရယူသွားပြီး အပြည့်အစုံ သင်ယူသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤအချက်ကို ကျီချင်းကျူ လက်ခံရန် ခက်ခဲနေသဖြင့် တုပိုင်ကို သားမက်တော်လိုက်ခြင်းက သူ့ကို စိတ်သက်သာရာ ရစေသည်။ အနည်းဆုံးတော့ ကောင်းကျိုးချမ်းသာသည် သူစိမ်းလက်ထဲ ရောက်မသွားပေ။

တုပိုင်တွင် ငြင်းဆန်ရန် အကြောင်းပြချက် မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျီချင်းကျူ၏ နှလုံးသားထဲမှ အရေးအကြီးဆုံးအရာကို ယူဆောင်သွားခဲ့ပြီးပြီ ဖြစ်၍ ကျီချင်းကျူ၏ စိတ်ဝိညာဉ်ကို ပြန်လည်ကုစားပေးရန် လိုအပ်ပေသည်။

**--**--**--**--**--**--**--**

မကြာမီအချိန်တွင် တုပိုင်နှင့် ကျီပြောင်ပြောင်တို့သည် ကျီချင်းကျူ၏ ရှေ့မှောက်တွင် ဒူးထောက်ကာ ကောင်းကင်နှင့် မြေကြီးကို ဦးချကန်တော့လိုက်ကြသည်။

ဤသည်မှာ သူ လမင်းကို ဒုတိယအကြိမ် ရှိခိုးခြင်း ဖြစ်သည်။ ထိုနေ့က အပြာရောင်နဂါးဂိုဏ်းမှ ထွက်ခွာလာပြီးနောက် သူ ၊ ကျီပြောင်ပြောင်နှင့် သွေးကွမ်ရင်တို့သည် ကောင်းကင်ပေါ်မှ လခြမ်းကွေးကို တစ်ကြိမ် ရှိခိုးခဲ့ဖူးသည်။

သို့သော် ထိုအချိန်က လင်မယားနှစ်ယောက် ကောင်းကင်နှင့် မြေကြီးကို ဦးချကန်တော့သည်နှင့် မတူဘဲ မက်မွန်ခြံထဲမှ ကျမ်းသစ္စာကျိန်ဆိုသော ညီအစ်ကိုသုံးယောက်က ဘေးချင်းယှဉ် တိုက်ပွဲဝင်ရန် ၊ အသက်နှင့်သေခြင်းကို အတူမျှဝေရန် ကတိပြုသည်နှင့် ပိုတူညီခဲ့သည်။ ယင်းသည် ကျားမသံယောဇဉ်ထက် ကျော်လွန်သော ခံစားချက်မျိုး ဖြစ်သည်။

“ဒီည မင်း ပြောင်ပြောင်ရဲ့ အခန်းမှာ အနားယူမှာလား။ မနက်ဖြန်မှ မင်းရဲ့ တပ်ရင်းမှူးရုံးကို ပြန်လို့ရတာပဲ” ကျီချင်းကျူက ပြောလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

သူ ထောင့်တစ်နေရာတွင် ပုန်းအောင်းပြီး သူ့ဒဏ်ရာသူ ပြန်ကုစားရန် လိုအပ်နေသည်။ တုပိုင်က သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားခြင်းသည် ကျီချင်းကျူ၏ မျှော်လင့်ချက် အားလုံးကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်စေပြီး သူသည် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းနှင့် ထာဝရ ဝေးကွာသွားပြီ ဆိုသည်ကို ပြသနေသည်။

ကျီပြောင်ပြောင်၏ အခန်းထဲတွင် သူမသည် ရေချိုးနေပြီး တုပိုင်က အပြင်ဘက်တွင် ရေချိုးနေသည်။

“ကွမ်ရင် ပြောပြတာတော့ မင်းသမီးယွီကျိန်းရဲ့ ကိုယ်လုံးက အရမ်းလှတယ်ဆို” အစ်မကျီပြောင်ပြောင်က တုပိုင်၏ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးရင်း ပြောလိုက်သည်။

တုပိုင်က ဝတ်ရန် အဝတ်အစားများကို ကောက်ယူလိုက်သည်။

“မဝတ်နဲ့တော့.. တော်ကြာ ပြန်ချွတ်နေရရင် အလုပ်ရှုပ်တယ်” အစ်မကျီပြောင်ပြောင်က ပြောလိုက်သည်။

တုပိုင် ကြောင်အသွားသည်။ “အစ်မပြောင်ပြောင်ရယ်.. ဒီလောက်ကြီး ပွင့်လင်းမနေပါနဲ့လားဗျာ။” (အဟေးဟေးဟေးဟေး 😈)

**--**--**--**--**--**--**--**

နောက်တစ်နေ့တွင် တုပိုင်သည် ကျီပြောင်ပြောင်၏ အကာအကွယ်ဖြင့် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသို့ ပြန်လာခဲ့သည်။

ကျီပြောင်ပြောင်သည် အားအင်များ ပြည့်ဝနေပြီး မျက်လုံးများမှာ ပေါက်ကွဲထွက်မတတ် တောက်ပနေသည်။ တုပိုင်မှာမူ နွမ်းနယ်နေပုံရပြီး တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေသည်။

တပ်ရင်းမှူးရုံး၏ ဝင်ပေါက်သို့ ပြန်ရောက်သောအခါ ကျီပြောင်ပြောင် ရုတ်တရက် မျက်နှာရဲသွားပြီး ပြောလိုက်သည်။ “မောင့်ဘာသာ ဝင်သွားလိုက်တော့.. မက… မ အဖေ့ဆီ အရင်သွားလိုက်ဦးမယ်။”

သူမသည် သွေးကွမ်ရင်ကို ရင်ဆိုင်ရမည်ကို အနည်းငယ် ရှက်ရွံ့နေပုံရသည်။ တုပိုင် အခန်းထဲသို့ ပြန်ရောက်သောအခါ အခန်းတစ်ခုလုံးကို အသစ်ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ကုတင်အသစ် ၊ ပရိဘောဂအသစ် ၊ အိပ်ရာခင်းအသစ် ၊ စောင်အသစ်။ ဤအခန်းသည် အိမ်တစ်လုံးကဲ့သို့ ခံစားရပြီး အလွန်ပင် နွေးထွေးနေသည်။

ဤသည် သေချာပေါက် သွေးကွမ်ရင်၏ လက်ရာပင် ဖြစ်ချေသည်။ တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သည် ခေါင်းဖြတ်ခြင်း ၊ တွင်းကြီးများ တူးခြင်း ၊ အလောင်းများ မြှုပ်နှံခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။

သွေးကွမ်ရင်ကမူ သူမ၏ အိမ်သစ်ကို ပြင်ဆင်ရန် ပရိဘောဂအသစ်များ ၊ စောင်အသစ်များနှင့် အခြားပစ္စည်းများကို ရှာဖွေဝယ်ယူနေခဲ့သည်။ သူမသည် နွေးထွေးပျော်ရွှင်သော နေ့စဉ်ဘဝလေးကို အမြဲတမ်း တောင့်တခဲ့ကြောင်း ထင်ရှားနေသည်။ ငယ်စဉ်က သူမသည် အိမ်ဆောက်တမ်း ကစားရတာ နှစ်သက်သော မိန်းကလေးမျိုး ဖြစ်ခဲ့သော်လည်း လက်တွေ့ဘဝက သူမကို အမျိုးသမီး ပင်လယ်ဓားပြတစ်ဦး ဖြစ်လာစေရန် တွန်းပို့ခဲ့သည်။

သူမသည် တုပိုင်၏ အိမ်ကို တစ်ရက်ခွဲကြာအောင် ရှင်းလင်းပြင်ဆင်ပေးခဲ့ပြီး နောက်ဆုံးတွင် မတောင့်ခံနိုင်တော့ဘဲ တုပိုင်၏ ကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

**--**--**--**--**--**--**--**

ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင်၏ တပ်ဖွဲ့တစ်ခုလုံး အသုတ်သင်ခံလိုက်ရသည့် သတင်းသည် နောက်ဆုံးတွင် ဝမ်ရှန်းမြို့သို့ ရောက်ရှိသွားသည်။ လီရူဟိုင်သည် လက်ထဲတွင် တောင်ဝှေးကို ကိုင်လျက် နဂါးကြီးတစ်ကောင်အလား ခန်းမဆောင်ထဲတွင် ထိုင်နေသည်။

ဟုန်ဟယ်အဖွဲ့ ခေါင်းဆောင် လီရူကျစ် ကိုယ်တိုင် လီရူဟိုင်အား လာရောက် သတင်းပို့သည်။ တောင်ဝှေးကို ကိုင်ထားရင်း လီရူဟိုင်သည် လေမင်၏ စစ်တပ်တစ်ခုလုံးကို တုပိုင်၏ လူ ခြောက်ရာခန့်က အပြတ်ရှင်းလိုက်သည်ဟူသော လီရူကျစ်၏ သတင်းပို့ချက်ကို ကြားလိုက်ရသည့်အခါ မျက်နှာကြွက်သားများ အကြမ်းပတမ်း တုန်ယင်သွားသည်။

“ဒါတင်မကသေးဘူး.. ကျီချင်းကျူကလည်း နန်းတွင်းကို လုံးဝ ခိုလှုံသွားပြီ” လီရူကျစ်က ထပ်လောင်း ပြောကြားလိုက်သည်။

လီရူဟိုင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ “ကျီချင်းကျူ.. ဒီ အမြော်အမြင်မရှိတဲ့လူက နောက်ဆုံးတော့ ဘက် ရွေးချယ်လိုက်ပြီပေါ့လေ။”

ဟုန်ဟယ်အဖွဲ့ခေါင်းဆောင် လီရူကျစ်က ပြောလိုက်သည်။ “အခု ကျွန်မတို့ ဘာလုပ်ကြမလဲ။ ပိုင်ဆယ်စီရင်စုမှာ တုပိုင်ဆိုတဲ့ ဟိုကုန်းကုန်းစုတ်လေးကြောင့် ကျွန်မတို့ လီမိသားစုရဲ့ အသာစီးရနေတဲ့ အခြေအနေကနေ ပြိုင်ဘက်အဆင့်ကို ရောက်သွားခဲ့ရပြီ။ ပြီးတော့ ဖန်းအုပ်စု…၊ အရပ်ဘက်အရာရှိအုပ်စုကလည်း တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်လာနေပြီ။ ထျန်တောက်အဖွဲ့ အနေနဲ့ အပြာရောင်နဂါးဂိုဏ်းကို ချက်ချင်း စစ်ကြေညာပြီး အပြာရောင်နဂါးဂိုဏ်းရော ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကိုပါ တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်သင့်လား။”

လီရူဟိုင်က ပြောလိုက်သည်။ “ထျန်တောက်အဖွဲ့က အပြာရောင်နဂါးဂိုဏ်းနဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး ပူးပေါင်းထားတာကို နိုင်ပါ့မလား။ ဒါ့အပြင် တုပိုင်ရဲ့ လက်ထဲမှာ မိုမိသားစု တော်ဝင်ရတနာသိုက်က ရထားတဲ့ လျှို့ဝှက်လက်နက်တွေ ရှိနေသေးတယ် မဟုတ်လား။”

လီရူကျစ် ခေါင်းခါလိုက်ပြီးနောက် စမ်းသပ်သည့်အနေဖြင့် အကြံပြုလိုက်သည်။ “သူ့ကို လာဘ်ထိုးဖို့ ကြိုးစားကြည့်ရင်ရော ဘယ်လိုလဲ။ ကျွန်မသမီး လီလင်းယွီကို သူ့ဆီ လက်ထပ်ပေးလိုက်ရမလား။”

လီရူဟိုင်က ပြောလိုက်သည်။ “သူက ကုန်းကုန်းတစ်ယောက်လေ။”

လီရူကျစ်က ပြောလိုက်သည်။ “မိန်းမစိုးချုပ်ကြီးတွေမှာတောင် ဇနီးမယား အများကြီး ရှိကြတာပဲ။ ပြီးတော့ မီးနတ်ဘုရားဘာသာမှာ မိစ္ဆာအတတ်တွေ အများကြီး ရှိတယ်လေ.. ကုန်းကုန်းတစ်ယောက်ကိုတောင်…”

လီရူဟိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “သူက မင်းရဲ့သမီးကို အထင်ကြီးမှာ မဟုတ်ဘူး။”

အပိုင်း ၃၆၂ ပြီး။

All Chapters