အခန်း (၃၆၃)
Vol. 37 Ch. 363
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၆၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဟုန်ဟယ်အဖွဲ့ ခေါင်းဆောင် လီရူကျစ်က မေးလိုက်သည်။ “ဒါဆိုရင် အရှင်.. တာ့နင်အင်ပါယာက ပိုင်ဆယ်စီရင်စုမှာ ကျွန်မတို့ရဲ့ နယ်မြေတွေကို ဆက်ပြီး ကျူးကျော်နေတာကို ဒီအတိုင်း ကြည့်နေတော့မလို့လား။”
လီရူဟိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့.. မကြာခင် ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ကိစ္စကြီးတစ်ခု ဖြစ်လာတော့မှာပါ။ အဲ့ဒီအချိန်ကျရင် ပိုင်ဆယ်စီရင်စုမှာ တာ့နင်အင်ပါယာ ရရှိထားတဲ့ အားသာချက်တွေ အားလုံးက အဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်။”
ကပ်ဘေးတစ်ခုကဲ့သို့သော ဖြစ်ရပ်ကြီးလော။ မည်သို့သော ဖြစ်ရပ်မျိုးနည်း။
“မမေးနဲ့.. ငါ မင်းကို ပြောပြမှာ မဟုတ်ဘူး။ ဒီအတိုင်း စောင့်နေလိုက်။” လီရူဟိုင်က ပြောလိုက်သည်။
ထိုအချိန်မှာပင် ပထမအဆင့် သိုင်းပညာရှင်တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး ဒူးထောက်ကာ ပြောလိုက်သည်။ “သခင်ကြီး… ရှားလုံစော်ဘွား လေမင် အသတ်ခံလိုက်ရပါပြီ။ စော်ဘွားအများစုက လန့်ဖျပ်ပြီး ကြောက်လန့်တကြား ဖြစ်နေကြပါတယ်။ သူတို့အားလုံးက စော်ဘွားညီလာခံကို စောစီးစွာ အဆုံးသတ်ပြီး ပြန်ချင်နေကြပါတယ်။”
လီရူဟိုင် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားသည်။
သူ၏ လက်ဖဝါးဖြင့် မြေကြီးကို အားကုန် ရိုက်ချလိုက်သည်။
“ဘုန်းးးးး” ချက်ချင်းပင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ မာကျောသော မြေပြင်သည် မီတာဆယ်ချီအထိ ချက်ချင်း အက်ကွဲသွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းတစ်ခု ရုတ်တရက် တိုးထွက်သွားသည်။
“နင်ဇောင်ဝူ…” လီရူဟိုင်က အေးစက်စွာ ပြောလိုက်သည်။ “အမိန့်ပေးလိုက်.. နင်ဇောင်ဝူကို ဘယ်နည်းနဲ့မဆို လိုက်ဖမ်းပြီး သတ်ပစ်ကြ။ ပိုင်ဆန်းစီရင်စုကို သွားတဲ့လမ်းကို လုံးဝ ပိတ်ဆို့ထားလိုက်။ နင်ဇောင်ဝူကို တွေ့တာနဲ့ ချက်ချင်းသတ်။ လာပြီး သတင်းပို့နေစရာ မလိုဘူး။”
“အမိန့်တော်အတိုင်းပါ။”
“ရွှစ်.. ရွှစ်.. ရွှစ်…”
ခဏအကြာတွင် အမည်းရောင် ပုံရိပ်များသည် နင်ဇောင်ဝူ၏ နောက်သို့ အမဲလိုက်ခွေးများကဲ့သို့ တကောင်ပြီးတကောင် အနောက်ဘက်သို့ ဦးတည်ပြေးထွက်သွားကြသည်။
မီးနတ်ဘုရားဘာသာမှ မဟာဆရာသခင် အဆင့်ရှိသော ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်သည် ပထမအဆင့် သိုင်းပညာရှင် ရာပေါင်းများစွာကို ဦးဆောင်ပြီး မိုးကောင်းကင်ပေါ်မှ ကြီးမားသော လင်းတကြီးများကို အသုံးပြုကာ ထောင့်တိုင်း နေရာတိုင်းကို ရူးသွပ်စွာ ရှာဖွေလေတော့သည်။
**--**--**--**--**--**--**--**
ကျီချင်းကျူ၏ စစ်သား စုဆောင်းမှုသည် အလွန် ချောမွေ့အဆင်ပြေ၏။ သူကဲ့သို့ပင် ပိုင်ဆယ်စီရင်စု တစ်ခုလုံး၌ လီမိသားစုအပေါ် မကျေနပ်ချက် ရှိနေသူများစွာ ရှိကြပေသည်။ သို့သော် ဦးဆောင်မည့်သူ မရှိသဖြင့် မည်သူမျှ ထုတ်ဖော်မပြောရဲကြဘဲ လီမိသားစု၏ အရိပ်အောက်၌သာ နေထိုင်ခဲ့ကြရခြင်း ဖြစ်၏။
ကျီချင်းကျူသည် အနောက်တောင်ပိုင်း သိုင်းလောကအဖွဲ့ချုပ်၏ ခေါင်းဆောင် ဖြစ်ပြီး အပြာရောင်နဂါးဂိုဏ်းသည်လည်း သက်တံရောင်စဉ်ကဲ့သို့ တောက်ပနေသည့်အချိန် ဖြစ်လေ၏။
ထို့ကြောင့် ကျီချင်းကျူ စစ်သား စုဆောင်းသောအခါ လူအများအပြား လာရောက်ကြသဖြင့် အကောင်းဆုံးများကို ဂရုတစိုက် ရွေးချယ်ရသည်အထိ ဖြစ်ခဲ့သည်။ ကျီချင်းကျူ၏ စစ်သား စုဆောင်းမှုသာမက တုပိုင်၏ စစ်သား စုဆောင်းမှုသည်လည်း အဆင်ပြေချောမွေ့ခဲ့သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးတွင် လူသစ် စုဆောင်းခြင်းက ပို၍ပင် အဆင်ပြေလာလေ၏။
အဘယ်ကြောင့်ဆိုသော် ကျီချင်းကျူက စာတစ်စောင် ရေးသားပြီး အပြာရောင်နဂါးဂိုဏ်းမှ သိုင်းပညာရှင် ၁,၃၀၀ ၏ ဝတ်စုံကို အရှေ့ဘက်ကွပ်ကဲရေးရုံး သိုင်းပညာရှင် ဝတ်စုံအဖြစ် ပြောင်းဝတ်ခိုင်းလိုက်သောကြောင့် ဖြစ်သည်။
ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး သိုင်းပညာရှင် အများစုမှာ ဒေသခံ သိုင်းသင်တန်းကျောင်းများမှ လာကြခြင်း ဖြစ်သည်။ ကျောင်းက သူတို့ကို အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းမျိုး ဖြစ်၏။ အရှေ့ဘက်ကွပ်ကဲရေးရုံးသည် ဒေသခံ သိုင်းအင်အားစုများကို စီမံခန့်ခွဲရန် တာဝန်ယူထားရသဖြင့် သူတို့သည် စစ်တပ်၏ အစိတ်အပိုင်း မဟုတ်ကြပေ။
လီဝမ်ဟွေ့ တစ်ယောက်သာလျှင် စစ်သားများကို အစကနေ ပြန်လည်လေ့ကျင့်ပေးရန် နှစ်သက်ပြီး ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးမှ သိုင်းပညာရှင် ထောင်ပေါင်းများစွာကို သူကိုယ်တိုင် တာဝန်ယူ လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲများ ဖြစ်လာသောအခါ ထိုသိုင်းပညာရှင်များ အားလုံးက သူ့အတွက် အသက်ပေးရန် ဝန်မလေးကြချေ။
တုပိုင်၌မူ အချိန်မရှိသောကြောင့် ကျီချင်းကျူ ပေးအပ်သည့် သိုင်းပညာရှင် တစ်ထောင်ကျော်ကို လက်ခံရန် ရွေးချယ်လိုက်သည်။ သူ့အတွက် အချိန်သည် အလွန် ကျပ်တည်းနေလေ၏။
ကျီချင်းကျူ ဤသို့လုပ်ပေးရသည့် အကြောင်းရင်း နှစ်ခုရှိသည်ကို သူသိရှိသည်။ ပထမအချက်မှာ ယခု သူတို့သည် မိသားစု ဖြစ်သွားပြီဖြစ်၍ အပြန်အလှန် ကူညီပံ့ပိုးရန် မျှော်လင့်ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာမူ ရွှေတုံး ငါးသောင်းအတွက် တုပိုင်ကို ကျေးဇူးပြန်ဆပ်လိုခြင်း ဖြစ်သည်။
ထို့ကြောင့် တုပိုင်၏ အင်အားသည် ရုတ်တရက် ပိုမိုတောင့်တင်းလာပြီး ပိုင်ဆယ်မြို့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးတွင် လူအင်အား အပြည့် ဖြစ်သွားခဲ့သည်။
ထို့အပြင် တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို ပြန်လည်တည်ဆောက်ပြီး တိုးချဲ့ရန် အမိန့်ပေးလိုက်သည်။.တပ်ရင်းမှူးရုံးကို မူလအရွယ်အစားထက် နှစ်ဆ တိုးချဲ့ခဲ့ပြီး အထူးသဖြင့် တံတိုင်းများကို စစ်ဘက်ဆိုင်ရာ ခံတပ်တစ်ခုကဲ့သို့ ခိုင်ခံ့အောင် ဆက်တိုက် မွမ်းမံတည်ဆောက်ခဲ့သည်။ အပြာရောင်နဂါးဂိုဏ်းနှင့်လည်း မဟာဗျူဟာမြောက် မဟာမိတ် ဖွဲ့စည်းခဲ့သည်။
ကွမ်ရှီးပြည်နယ်မှ တုပိုင် ခေါ်ဆောင်လာခဲ့သော လင်းချီနျန် ၊ ချန်ဖိန် နှင့် ကျန်းယွီလွန်း တို့သည်လည်း နောက်ဆုံးတွင် သူတို့၏ တန်ဖိုးကို သက်သေပြခွင့် ရရှိသွားကြပြီ ဖြစ်လေ၏။ သူတို့သည် သူတို့၏ အရည်အချင်းများကို ထုတ်ဖော်ခွင့် ရရုံသာမက အလွန်အမင်း အလုပ်ရှုပ်နေကြပြီး ထမင်းစားချိန် ၊ ရေ သောက်ချိန်ပင် မရှိလောက်အောင် ဖြစ်နေကြသည်။ သို့သော် ယောက်ျားကောင်းတစ်ယောက်အတွက် အာဏာမရှိဘဲ တစ်ရက်မျှ မနေနိုင်သဖြင့် ဤအချိန်များသည် သူတို့အတွက် အပျော်ရွှင်ဆုံး အခိုက်အတန့်များ ဖြစ်နေပေသည်။
**--**--**--**--**--**--**--**
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ သစ္စာဖောက် တပ်မှူးကျန်းရှောင်နှင့် မြို့စောင့်တပ်မှူး ယန်ရှောင်တို့ကို တုပိုင်က ဆက်တိုက် အနိုင်ယူလိုက်ပြီးနောက် အခြေအနေသည် အလွန် ကောင်းမွန်လာပြီး တစ်နေ့ထက်တစ်နေ့ ပိုမို တိုးတက်လာခဲ့၏။ တာ့နင်အင်ပါယာ၏ အာဏာစက်သည်လည်း နေ့စဉ်နှင့်အမျှ ကြီးထွားလာသည်။
ထို့အပြင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အပြင်ဘက်တွင် တောင်းရမ်းစားသောက်နေခဲ့ရသော တပ်စုမှူးထူနှင့် အခြားသူများသည်လည်း ပြန်လည်ပေါ်ထွက်လာကြသည်။ ယခုတစ်ကြိမ်တွင် သူတောင်းစား အဝတ်အစားများ မဟုတ်တော့ဘဲ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တရားဝင် ဝတ်စုံများဖြင့် ဖြစ်၏။ သောက်ကျိုးနည်းလှ၏။
တပ်စုမှူးထူသည် တုပိုင်ကို လေးစားမှုနှင့် ရှက်ရွံ့မှု ရောထွေးနေသော မျက်နှာထားဖြင့် ကြည့်ကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ “တပ်မှူးငယ်တု.. ကျွန်တော်တို့ကို. အဖွဲ့ထဲ ပြန်ဝင်ဖို့ ခွင့်တောင်းပါတယ်။”
တုပိုင်သည် အခြေအနေဆိုးများနှင့် ရင်ဆိုင်ရပြီး အစာတောင်းစားရသည့် အခြေအနေ ရောက်ခဲ့သော်လည်း တာ့နင်အင်ပါယာကို မည်သည့်အခါမျှ သစ္စာမဖောက်ခဲ့သော သစ္စာရှိသူ တပ်စုမှူးထူကို ကြည့်လိုက်သည်။ သို့သော် သူသည် သတ္တိရှိသူ တစ်ယောက်တော့ မဟုတ်ပေ။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောသည်။ “အဖွဲ့ထဲကို ပြန်ရောက်လာတာ ကြိုဆိုပါတယ်။”
ထိုနေ့တွင် ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသို့ အထူးဧည့်သည်တော်တစ်ဦး ရောက်ရှိလာသည်။ ထိုသူကား ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး လီယွီထန် ဖြစ်သည်။
“တုပိုင်ကို ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ယာယီတပ်မှူးချုပ်အဖြစ် ခန့်အပ်လိုက်သည်။”
တုပိုင် ရာထူး ထပ်တိုးပြန်လေသည်။ လအနည်းငယ်အတွင်း သူသည် ရာထူး ၃ ဆင့်နီးပါး တိုးမြှင့်ခံခဲ့ရသည်။
လီယွီထန်သည် တုပိုင်ကို စိုက်ကြည့်ရင်း မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်နေသည်။ “မင်းက ဘာလို့ ငါ့သား မဖြစ်လာရတာလဲကွာ။ ဘာလို့ ဒီလောက်တောင် ထူးချွန်နေရတာလဲ။ ဒီနေရာက ပိုင်ဆယ်စီရင်စုလေ.. အရင်တုန်းက တပ်မှူး သုံးယောက်စလုံး ရာချီတဲ့ စစ်သည်တွေနဲ့ ဒီကို ရောက်လာခဲ့ကြတာ။ နှစ်ယောက်က သေသွားပြီး တစ်ယောက်က သစ္စာဖောက်သွားတယ်။ ဒီနေရာက တကယ့် နဂါးသိုက် ကျားသိုက်ကွ။”
“မင်းက ဒီကိစ္စကို တစ်ယောက်တည်းနီးပါး လုပ်ခဲ့တာ။ နှစ်လမပြည့်ခင်မှာတင် ဒီလို အခြေအနေမျိုး ဖန်တီးနိုင်ခဲ့တယ်။”
“သစ္စာဖောက် ကျန်းရှောင်ကို ရှင်းလင်းနိုင်ခဲ့ရုံတင် မကဘူး ၊ သစ္စာဖောက် မြို့စောင့်တပ်မှူး ယန်ရှောင်ကိုပါ အပြတ်ရှင်းပစ်နိုင်ခဲ့တယ်။ ဒါက ပိုင်ဆယ်စီရင်စုမှာ အရှေ့ဘက်ကွပ်ကဲရေးရုံး အပြည့်အဝ အခြေချနိုင်ပြီ ဆိုတာကို ပြသလိုက်ရုံတင် မကဘူး ၊ မဟာဆရာသခင်ကြီး ကျီချင်းကျူကိုလည်း အင်ပါယာဆီ သစ္စာခံအောင် လုပ်နိုင်ခဲ့တယ်။ ပိုင်ဆယ်စီရင်စုမှာ အင်ပါယာရဲ့ မဏ္ဍိုင်တစ်ခု ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။”
“ဒါက တာ့နင်အင်ပါယာနဲ့ ပိုင်ဆယ်စီရင်စုမှာ ရှိခဲ့ဖူးသမျှ အကောင်းဆုံး အခြေအနေပဲ။ ဒီအောင်မြင်မှုတွေ အားလုံးက မင်းကြောင့် ရတာ။ မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့က မင်းကို ပိုင်ဆယ်စီရင်စုမှာ အခြေချနိုင်ရုံလောက်ပဲ မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ မင်းက ဒီလို အခြေအနေကောင်းကြီး ဖန်တီးပေးနိုင်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ တကယ်ကို အံ့သြစရာ ကောင်းလွန်းပါတယ်။”
“စိတ်မပူပါနဲ့.. မင်းရဲ့ ယာယီ တပ်ရင်းမှူး ရာထူးက အလွန်ဆုံး နှစ်လပဲ ကြာမှာပါ။ အဲ့ဒီအချိန်ကျရင် မင်းက တရားဝင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ဖြစ်လာလိမ့်မယ်။ ၁၉ နှစ်အရွယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး တစ်ယောက်ပေါ့။”
တုပိုင် ရှေ့တိုးပြီး ဦးညွှတ်လိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ် ၊ ဦးလေးလီယွီထန်။”
ငြိမ်းချမ်းရေးမင်းကြီး လီယွီထန်သည် တုပိုင်၏ ပခုံးကို အားပါပါ ပုတ်လိုက်ပြီး ပြောသည်။ “မင်းအဖေက ကွမ်ရှီးပြည်နယ်မှာ မရှိပေမဲ့ ငါက သူ့အစား မင်းကို ကူညီထောက်ပံ့ပေးပါ့မယ်။ ရှေ့ကိုသာ ဆက်တိုး။”
**--**--**--**--**--**--**--**
ပေကျင်းမြို့တော်၌ ကောင်းကင်ကြီးသည် ပြာလဲ့ကြည်လင်နေသော်လည်း လူများကို မိုးတိမ်မည်းကြီးများ ဖုံးလွှမ်းနေသကဲ့သို့ ကြောက်မက်ဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။
အထူးသဖြင့် နန်းတော်အတွင်း၌ အပ်တစ်ချောင်း ပြုတ်ကျသံ ကြားလျှင်ပင် နှလုံးခုန် ရပ်သွားမတတ် ဖြစ်နေသည်။ ထိပ်တန်းအရာရှိကြီး အများအပြားသည် စိုးရိမ်ထိတ်လန့်နေကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဧကရာဇ်မင်းမြတ်သည် ရုတ်တရက် အစားအသောက် ပျက်ပြီး သေလုမျောပါး ဖြစ်နေသည်ကို လူအနည်းငယ်သာ သိရှိထားကြသည်။
လူနာကို စစ်ဆေးပြီးနောက် လီလျန်တင်းက အဆိပ်မိခြင်း မဟုတ်ဘဲ ရောဂါတစ်ခု ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော် နန်းတွင်း သမားတော်များ အားလုံး ၊ အဂ္ဂိရတ် ပညာရှင်များ အားလုံး စစ်ဆေးကြည့်သော်လည်း မည်သည့်ရောဂါဖြစ်ကြောင်း လုံးဝ ရှာမတွေ့ခဲ့ကြပေ။
လက်ရှိ အင်ပါယာ၏အခြေအနေသည် အလွန်အမင်း အန္တရာယ်ကြီးမားနေပြီ ဖြစ်သည်။
အပိုင်း ၃၆၃ ပြီး။