အခန်း (၃၆၅)
Vol. 37 Ch. 365
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၆၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ပထမမိုင် နှစ်ထောင်ခန့်အထိ တုပိုင်နှင့် ကျီပြောင်ပြောင်သည် သူတို့၏ ကိုယ်ပိုင် မြင်းများဖြင့်သာ ခရီးနှင်ခဲ့ကြသည်။ သို့သော် နောက်ပိုင်း မိုင်ထောင်ချီ ခရီးလမ်းတွင်မူ မိုင် ၁၀၀ တိုင်း မြင်းတစ်ကောင်စီ လဲလှယ်စီးနင်းခဲ့ကြသည်။
ကံကောင်းစွာဖြင့် တုပိုင်သည် ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တံဆိပ်တုံးကြီးကို အသုံးပြုနိုင်ခဲ့သောကြောင့်သာ အဆင်ပြေခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက မိုင် ၁၀၀ တိုင်း မြင်းလဲလှယ်စီးနင်းခွင့် ရရှိမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် တုပိုင်ကဲ့သို့ ပေကျင်းမြို့တော်သို့ ဦးတည်သွားနေသော လူအများအပြား ရှိနေပြီး အများစုမှာ မိန်းမစိုးဂိုဏ်းဝင်များ ဖြစ်နေကြသောကြောင့် ဖြစ်သည်။ ဧကရာဇ်မင်းမြတ်၏ အသက်အန္တရာယ်ကို အစိုးရိမ်ဆုံး လူများမှာ မိန်းမစိုးဂိုဏ်းဝင်များ ဖြစ်ကြောင်း ထင်ရှားနေသည်။
ထိုနေ့တွင် ရှန်တုန်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။ တည်းခိုခန်းတစ်ခုတွင် တုပိုင်သည် လက်များ တုန်ယင်စွာဖြင့် လက်ဖက်ရည်သောက်နေစဉ် ရင်းနှီးသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
“ညီလေးတုပိုင်…”
တုပိုင် လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “ထန်ယန်ပါလား။”
အမှန်တကယ်ပင် ထန်ယန် ဖြစ်နေသည်။ လအနည်းငယ်အတွင်း သူ၏ မျက်နှာမှာ ပိုမို ညိုမည်းလာပြီး အသားအရေများ ကြမ်းတမ်းလာသည်။
လအနည်းငယ်သာ ရှိသေးသော်လည်း အချိန်အတော်ကြာ ပြီးဆုံးသွားသကဲ့သို့ ခံစားရသည်။
“အစ်ကိုထန်က ရေကြောင်းကုန်သွယ်ရေးဗျူရို မှာ ရောက်နေတာလား။” တုပိုင်က မေးလိုက်သည်။
ထန်ယန်က ပြောလိုက်သည်။ “ကွမ်တုံပြည်နယ်မှာ အရေးအကြီးဆုံးက ပင်လယ်ရေကြောင်း ကုန်သွယ်ရေးပဲလေ။ ဒါကြောင့် ကျွန်တော် ရေကြောင်းကုန်သွယ်ရေးဗျူရိုထဲ ဝင်ခဲ့တာပါ။ ပိုင်ဆယ်စီရင်စုမှာ ညီလေးတုပိုင် လုပ်ခဲ့တဲ့ ကိစ္စတွေကို ကြားပြီးပါပြီ။ ကျွန်တော် တကယ် အံ့သြပြီး လေးစားမိပါတယ်။”
တုပိုင် လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး မေးလိုက်သည်။ “အစ်ကိုထန်က ဒီတစ်ခေါက် ပေကျင်းကို လာတာက…”
ထန်ယန်က ပြောလိုက်သည်။ “ဒီကိစ္စကို သေချာအောင်လို့ အင်ပါယာ တစ်ခုလုံးက မိန်းမစိုးတွေ အကုန်လုံး ရောက်လာကြတာလေ။ ထူးဆန်းတဲ့ ဆေးဝါးတွေ ပိုင်ဆိုင်ထားသူတွေက ဆေးဝါးတွေ ဆက်သကြတယ်။ ထူးဆန်းတဲ့ လူစွမ်းကောင်းစစ်သည်တွေ ရှိသူတွေက လူစွမ်းကောင်းစစ်သည်တွေ ဆက်သကြတယ်။ ဘာမှမရှိတဲ့သူတွေက မင်္ဂလာရှိတဲ့ အရာတွေ ၊ မင်္ဂလာရှိတဲ့ သားရဲကောင်တွေကို ဆက်သကြတယ်။ အဲ့ဒါတွေလည်း မရှိဘူးဆိုရင်တော့ ကိုယ်ပိုင်ရတနာတွေကို လှူဒါန်းကြရတာပေါ့။”
တုပိုင် ကြောင်အသွားသည်။
ထန်ယန်က မေးလိုက်သည်။ “ညီလေး.. မင်းရော အဆင်သင့် ဖြစ်ပြီလား။”
တုပိုင်က မေးလိုက်သည်။ “ဘာကို ပြင်ဆင်ရမှာလဲ။”
ထန်ယန်က ပြောလိုက်သည်။ “အခု မင်းရဲ့ မွေးစားအဖေ လီလျန်တင်းက လုံးဝ အနားယူသွားပြီ။ အခု အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ အကြီးအကဲ ညွှန်ကြားရေးမှူးက ဖုန်းပေါင်ပေါင် ဖြစ်သွားပြီ။ သူ့အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားရမယ်။ နောက်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး ရေတပ်ဗိုလ်ချုပ်နဲ့ တပ်မှူးလေးယောက် ရှိသေးတယ်။ သူတို့အားလုံးရဲ့ ရာထူးက မင်းမွေးစားအဖေထက် ပိုမြင့်ကြတယ်။ အနည်းဆုံးတော့ လက်ဆောင်ကောင်းကောင်း ပြင်ဆင်ထားရမယ်။ ပြီးတော့ အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနက အကြီးအကဲတချို့လည်း ရှိသေးတယ်။ ဒါက အတည်ပြောနေတာနော်.. တကယ့်ကို လေးလေးနက်နက် ပြောနေတာ။ ပေကျင်း အရှေ့ဘက်ကွပ်ကဲရေးရုံးက တပ်မှူးတွေတောင် လွတ်မှာ မဟုတ်ဘူး။ ကြီးကြပ်ရေးမှူးတိုင်းကို ဂရုစိုက်ရမယ်ဆိုတော့ အနည်းဆုံး လက်ဆောင် ရာချီ လိုအပ်လိမ့်မယ်။”
ရုတ်တရက် တုပိုင် ကြောင်အသွားပြီး မေးလိုက်သည်။ “ငွေတုံး ဘယ်လောက်လောက် ပြင်ဆင်ထားဖို့ လိုမလဲ။”
“မင်းက ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး လီယွီထန်ရဲ့ ကိုယ်စားလှယ်ဆိုတော့ ငွေတုံး တစ်သိန်းကျော်လောက် လိုမယ်” ထန်ယန်က ပြောလိုက်သည်။ “ဒါကြောင့်လည်း မိန်းမစိုးတိုင်း ဒီနေရာကို ရောက်နေကြတာပေါ့။ ဘာလို့ သူတို့တွေ ပိုက်ဆံ ရူးရူးမူးမူး ရှာနေကြတယ် ထင်လဲ။”
တုပိုင်က ပြောလိုက်သည်။ “အစ်ကိုထန်.. ခင်ဗျားရော အဆင်သင့် ဖြစ်ပြီလား။”
ထန်ယန်က ပြောလိုက်သည်။ “ကျွန်တော်က ကွမ်တုံ ရေကြောင်းကုန်သွယ်ရေး အတွင်းဝန်နဲ့ အတူလာတာလေ။ သီးသန့် ပြင်ဆင်စရာ မလိုတော့ဘူးပေါ့။ မင်းကတော့ တစ်ယောက်တည်း လာတာဆိုတော့ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး လီယွီထန် ကိုယ်စား ပြင်ဆင်ရမှာပဲ။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော့်ဆီမှာ ငွေကြေးတချို့ ရှိပေမဲ့ ဒီလို အဆုံးမရှိတဲ့ တွင်းနက်ကြီးထဲကိုတော့ လုံးဝ ပစ်ထည့်မှာ မဟုတ်ဘူး။ ကျွန်တော့် ငွေတွေကို တခြားနေရာမှာ အများကြီး သုံးစရာ ရှိတယ်။”
ထိုစကားကို ကြားလိုက်သောအခါ ထန်ယန် အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “ညီလေးတု.. ငါတို့နှစ်ယောက် နေရာချင်း လဲလိုက်တာ လအနည်းငယ်ပဲ ရှိသေးတယ်။ မင်းက ဖြောင့်မတ်တည်ကြည်သူ ဖြစ်နေပြီ။ ငါကတော့ လေထဲမှာ ဝဲနေတုန်းပါလား။”
တုပိုင် ကြောင်အသွားသည်။
ထန်ယန်က ဆက်ပြောသည်။ “တခြားလူတွေကို မင်း လျစ်လျူရှုထားလို့ ရပေမဲ့ လူနှစ်ယောက်ကိုတော့ မင်း သေချာပေါက် လက်ဆောင်ပေးရမယ်။ ပြီးတော့ သူတို့ဆီ အရောက်ပို့ရမယ်။ ပထမတစ်ယောက်က အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲ ညွှန်ကြားရေးမှူး ဖုန်းပေါင်ပေါင်ပဲ။ လီလျန်တင်း အကြီးအကဲ ဖြစ်တုန်းကတောင် သူ့ရာထူးက လီလျန်တင်းရဲ့ အထက်မှာ ရှိခဲ့တာ။ သူ့ရာထူးကို မိန်းမစိုးဂိုဏ်းက အကာအကွယ် ပေးထားတယ်။ အတိုချုပ်ပြောရရင် မိန်းမစိုးဂိုဏ်းရဲ့ ဘဏ္ဍာငွေ အတော်များများကို သူကိုင်ထားတယ်။ အခုဆိုရင် အာဏာပါ ကိုင်ထားပြီ။ ဒါကြောင့် ဒီလူအတွက် လက်ဆောင်ကို မင်း သေချာပေါက် ပေးပို့ရမယ်။”
ထို့နောက် ထန်ယန်က ဆက်ပြောသည်။ “နောက်တစ်ယောက်ကတော့ အိမ်ရှေ့စံမင်းသားပဲ။ ငါ သိပ်ရှင်းရှင်းလင်းလင်း ပြောလို့တော့ မရဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် မိန်းမစိုးတွေ အကုန်လုံး လှုပ်ရှားနေကြတာက တစ်ချက်က ဧကရာဇ်မင်းမြတ် အတွက်ဆိုရင် ၊ နောက်တစ်ချက်က အိမ်ရှေ့စံမင်းသား အတွက်ပဲ။”
ရုတ်တရက် တုပိုင်၏ မျက်နှာ ပျက်သွားသည်။
ဧကရာဇ်မင်းမြတ် နတ်ရွာစံခြင်း မရှိသေးခင်မှာတင် ဤမိန်းမစိုးများက သခင်သစ်၏ မျက်နှာလိုမျက်နှာရ ပြုလုပ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
ဟုတ်ပေသည်။ အလားအလာရှိသောသူကို မျက်နှာလိုမျက်နှာရ ပြုလုပ်ကြမည် ၊ အာဏာလက်မဲ့ဖြစ်နေသူကို လျစ်လျူရှုကြမည်။
ပေကျင်းကို ရောက်လာသောသူများထဲတွင် မိန်းမစိုးများသာမက အခြားသော အဓိက မိသားစုကြီးများ ၊ အစိုးရ အရာရှိများ ၊ မြင့်မြတ်သော မျိုးနွယ်စုဝင်များနှင့် စစ်ဗိုလ်ချုပ် မိသားစုဝင်များလည်း ပါဝင်နေမည်မှာ သေချာသည်။ ဤလူများ အားလုံးသည် ရွှေများ ငွေများဖြင့် ပေကျင်းကို ရောက်လာကြမည်သာ ဖြစ်သည်။
ဧကရာဇ်မင်းမြတ် မသေဆုံးသေးသော်လည်း ဧကရာဇ်အသစ် နန်းတက်မည့် အချိန်ကို စောင့်မျှော်နေသော မျက်လုံးပေါင်းများစွာ ရှိနေပြီး အပြောင်းအလဲကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုထန်။ ကျွန်တော် ခွင့်ပြုပါဦး။” တုပိုင်က ပြောလိုက်သည်။
တုပိုင် ထွက်ခွာသွားပြီးနောက် တတိယအဆင့် မိန်းမစိုးတစ်ဦး ရောက်လာပြီး မေးလိုက်သည်။ “ထန်ယန်.. အဲ့ဒါ တုပိုင်လား။”
ထန်ယန် ဦးညွှတ်လိုက်ပြီး ဖြေသည်။ “ဟုတ်ပါတယ်။”
ထိုမိန်းမစိုးကြီးက ပြောလိုက်သည်။ “လီဝမ်ဟွေ့ နဲ့ တစ်ပုံစံတည်းပဲ။ လီဝမ်ဟွေ့ထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်။ ဒီလိုလူမျိုးကို သွားမထိပါနဲ့။ ဒါပေမဲ့ သိပ်ပြီးလည်း ရင်းရင်းနှီးနှီး မနေနဲ့။ မဟုတ်ရင် မြှုပ်စရာမြေ မရှိဘဲ သေရလိမ့်မယ်။”
ထန်ယန် ဦးညွှတ်လိုက်ပြီး ပြောသည်။ “ဟုတ်ကဲ့ပါ။”
**--**--**--**--**--**--**--**
မြင်းပေါ်တွင် ဒုန်းစိုင်းစီးရင်း ကျီပြောင်ပြောင် ရုတ်တရက် ပြောလိုက်သည်။ “အစ်ကိုတုပိုင်.. ဒီလမ်းခရီးတစ်လျှောက် ပေကျင်းကို လာတဲ့သူတွေထဲမှာ ဧကရာဇ်မင်းမြတ်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူတဲ့သူဆိုလို့ ရှင်တစ်ယောက်တည်း ရှိတယ်လို့ ကျွန်မ ထင်တယ်။ ဧကရာဇ်မင်းမြတ်ကို ကယ်တင်ဖို့ ပေကျင်းကို လာတာလည်း ရှင်တစ်ယောက်တည်းပဲ ရှိမယ်။ တခြားသူတွေက ဟန်ပြသက်သက် လုပ်တာမျိုး ၊ ဒါမှမဟုတ် အိမ်ရှေ့စံမင်းသားကို လက်ဆောင်ပေးဖို့ ၊ ဒါမှမဟုတ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လာကြတာ။ ဧကရာဇ်မင်းမြတ်အတွက် ကျွန်မ တကယ် စိတ်မကောင်းဘူး။ ရှင့်လို မိန်းမစိုးတွေတောင် ဒီလို စိတ်ဓာတ်မျိုး ရှိနေမှတော့ တခြားလူတွေဆို ပြောမနေနဲ့တော့။”
နှစ်ရက်နှင့် သုံးည အကြာတွင် တုပိုင်သည် ကမ္ဘာမြေပေါ်ရှိ ပေကျင်းမြို့နှင့် ဆင်တူသော တာ့နင်အင်ပါယာ၏ မြို့တော် ပေကျင်းသို့ ဝင်ရောက်လာခဲ့သည်။
တာ့နင်အင်ပါယာ၏မြို့တော်သည် လူဦးရေ နှစ်သန်းကျော်ရှိသော ဧရာမမြို့ကြီး ဖြစ်ပြီး အလွန် ကြီးကျယ်ခမ်းနားသော်လည်း တုပိုင် ခံစားကြည့်ရှုရန် အချိန်မရှိပေ။
မြို့ပြင်ရှိ အရပ်သားများသည် မျက်နှာများ ညှိုးငယ်နေကြသည်။ မြို့တော်ရှိ ပြည်သူများ၏ ဘဝသည်လည်း အဆင်မပြေကြောင်း ထင်ရှားနေသည်။
မြို့တွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အရာအားလုံး ပြောင်းလဲသွားသည်။
မကြုံစဖူး ခမ်းနားထည်ဝါမှု ၊ မကြုံစဖူး ကြွယ်ဝချမ်းသာမှုများကို တွေ့ရသည်။ ဤနေရာတွင် ရှိသမျှ အရာအားလုံးသည် ပိုးထည် ၊ ရွှေ နှင့် ကျောက်စိမ်းများသာ ဖြစ်သည်။
ဖုန်ူမှုန့်များ ပေကျံနေသော တုပိုင်နှင့် ကျီပြောင်ပြောင် မြင်းစီးလာသည်ကို မြင်သောအခါ လမ်းသွားလမ်းလာများ အားလုံး နှာခေါင်းကို အုပ်ထားကြသည်။ အရှေ့ဘက်ကွပ်ကဲရေးရုံးသည် အခြားနေရာများတွင် အရှိန်အဝါ ကြီးမားနိုင်သော်လည်း မြို့တွင်း၌မူ မည်သည့်အရာမှ မဟုတ်ပေ။
“ရှေ့က စစ်သည်နှစ်ယောက်.. မြင်းပေါ်က ဆင်းပြီး ဘေးဖယ်နေစမ်း။” ရုတ်တရက် ရှေ့မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ကြီးမားသော ယာဉ်တန်းကြီးတစ်ခု မောင်းနှင်လာပြီး လမ်းမ၏ ထက်ဝက်ခန့်ကို တိုက်ရိုက် နေရာယူလိုက်သည်။ လေးမီတာကျယ်သော မြင်းရထား ၊ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည် ရာပေါင်းများစွာ နှင့် ရှေ့နောက် ဝန်းရံထားသော အပျိုတော် ဒါဇင်ပေါင်းများစွာ ပါဝင်ပြီး ပန်းစည်းကြီးတစ်ခုသဖွယ် ဖြစ်နေသည်။
တုပိုင် မြင်းပေါ်မှ ဆင်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်သည်။
လူအုပ်ကြီးသည် သူ့ရှေ့မှ မော်ကြွားစွာ ဖြတ်သန်းသွားကြသည်။ ဘေးမှ စောင့်ဆိုင်းနေသော အပျိုတော်များသည် တုပိုင်ကို ဖြတ်သန်းသွားချိန်တွင် နှာခေါင်းများကို အသီးသီး အုပ်ထားကြသည်။
“ရိုင်းလိုက်တဲ့ အပျိုတော်။” ကျီပြောင်ပြောင်သည် ဤအပြုအမူကို သည်းမခံနိုင်ဘဲ တိုက်ရိုက် လှမ်းဆဲလိုက်သည်။
အဆဲခံလိုက်ရသော အထက်တန်းလွှာ အပျိုတော်သည် ရုတ်တရက် ဒေါသထွက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “သခင်မကြီး.. သူတို့က ကျွန်မတို့ကို လှမ်းဆဲနေပါတယ်။”
မြင်းရထားတံခါး ပွင့်သွားပြီး ပြည့်ဖြိုးကာ လှပသော အမျိုးသမီးတစ်ဦး မျက်နှာထွက်ပြလာသည်။ သူမ၏ အကြည့်သည် ကျီပြောင်ပြောင်ဘက်သို့ လှည့်သွားပြီး ပြောလိုက်သည်။ “တပ်မတော်ငါးရပ် ဘုရင်ခံရုံး ကို သွားတိုင်လိုက်.. သူတို့ကို ဖမ်းခိုင်းလိုက်။”
ထိုမျက်နှာကို မြင်လိုက်ရသောအခါ တုပိုင် ရုတ်တရက် တုန်လှုပ်သွားသည်။
ကမ္ဘာကြီးသည် ဤမျှလောက် ကျဉ်းမြောင်းမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ့ရှေ့မှ ပြည့်ဖြိုးပြီး လှပသော အမျိုးသမီးမှာ တုဟွေး ၏ ဇနီးသည် ဖြစ်ပြီး တုပိုင်ကို စွန့်ပစ်ခဲ့သော သူ၏ မိခင်အရင်းလည်း ဖြစ်သည်။
တုပိုင်ကို မြင်လိုက်ရသောအခါ သခင်မကြီးတု၏ မျက်နှာမှ သွေးများ လျှပ်စီးအဟုန်ဖြင့် စီးဆင်းသွားသကဲ့သို့ ဖြူဖျော့သွားသည်။
“တုအိမ်တော်က တော်တော် ခမ်းနားပါလား။” တုပိုင် အေးစက်စွာ ပြောလိုက်ပြီး ထွက်ခွာသွားသည်။
အပိုင်း ၃၆၅ ပြီး။