အခန်း (၃၆၆)
Vol. 37 Ch. 366
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၆၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
မူလက တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲ ညွှန်ကြားရေးမှူး ဖုန်းပေါင်ပေါင်ကို အရင် သွားရောက်တွေ့ဆုံသင့်သည်။ ပြီးမှသာ ဖုန်းပေါင်ပေါင်မှတဆင့် ဧကရာဇ်ကို တွေ့ဆုံရန် ကြိုးစားသင့်သည်။
ထို့အပြင် သူ၏ လက်ရှိ ရာထူးဖြင့် ဧကရာဇ်မင်းမြတ်ကို တိုက်ရိုက်တွေ့ဆုံရန်မှာ အလွန် ခက်ခဲလှသည်။
သို့သော် တုပိုင်သည် နန်းတွင်း အတွင်းပိုင်းသို့ တည့်မတ်စွာ ရောက်လာပြီး အတွင်းပိုင်းအစောင့်အား ပြောလိုက်သည်။ “ကွမ်ရှီးပြည်နယ် ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ လက်ထောက်တပ်မှူး ၊ ယာယီတပ်ရင်းမှူး တုပိုင်ပါ။ ဧကရာဇ်မင်းမြတ်ကို တွေ့ချင်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ အတွင်းပိုင်းအစောင့် ဒါဇင်ပေါင်းများစွာသည် သရဲတွေ့လိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် အထင်သေးမှုများ မရှိတော့ဘဲ တုပိုင်ကို အရူးတစ်ယောက်လို ကြည့်နေကြသည်။
အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးလော။ ယာယီတပ်ရင်းမှူးက ဧကရာဇ်မင်းမြတ်ကို တိုက်ရိုက်တွေ့လိုခြင်းလော။ ဤအကောင် ရူးနေသည်လော။
“နောက်ထပ် နှစ်အနည်းငယ်ကြာရင် မင်းက ဝမ်ဟုအဆင့် ၊ ငြိမ်းချမ်းရေးမင်းကြီး ၊ တပ်မှူး ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး ရေတပ်ဗိုလ်ချုပ် ရာထူးအထိ ရောက်သွားနိုင်တယ်။ အဲ့ဒီအဆင့်ရောက်မှ ဧကရာဇ်မင်းမြတ်ကို တွေ့ဖို့ ကြိုးစားကြည့်လိုက်။” အတွင်းပိုင်းအစောင့်က ပြောလိုက်သည်။ “အခု ပြန်သွားပြီး ရာထူးတိုးအောင် အရင်လုပ်လိုက်ဦး။ နောက် ၁၀ နှစ်ကြာမှ ပြန်လာခဲ့။”
ထိုအချိန်မှာပင် တောက်ပသော အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ဝန်ကြီးအချို့ကို လိုက်ပို့နေသည်ကို တွေ့လိုက်ရသည်။ သူသည် အိမ်ရှေ့စံမင်းသား ဖြစ်ဟန်တူပြီး အလွန် ယဉ်ကျေးသိမ်မွေ့ပုံရသည်။
တုပိုင် ထိုနေရာတွင် ရပ်နေသည်ကို မြင်သောအခါ အိမ်ရှေ့စံမင်းသားသည် သူ့ဘေးမှ လူတစ်ဦးကို စေလွှတ်ပြီး မေးမြန်းစေသည်။ “ဘာကိစ္စလဲ။”
အတွင်းပိုင်းအစောင့်က တုပိုင်သည် သူ့ရာထူးကို ပြောပြပြီး တွေ့ဆုံခွင့် တောင်းခံကြောင်း လျှောက်တင်လိုက်သည်။ တုပိုင်က ဘေးမှနေ၍ အမြန် ဖြည့်စွက်ပြောလိုက်သည်။ “ကျွန်တော် ဧကရာဇ်မင်းမြတ်ရဲ့ ရောဂါကို စမ်းသပ် ကုသကြည့်ချင်လို့ပါ။”
ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်း၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ မိန်းမစိုးတစ်ဦးသည် အိမ်ရှေ့စံမင်းသားထံသို့ ပြေးသွားပြီး တိုးတိုးလေး လျှောက်တင်လိုက်သည်။
တုပိုင်၏အမည်ကို ကြားလိုက်ရသော အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “သူ့ကို သွားပြောလိုက်.. အရှေ့ဘက်ကွပ်ကဲရေးရုံးက ဖုန်းပေါင်ပေါင်ကို သွားတွေ့တာက ပိုသင့်တော်မယ်လို့။ ပြီးရင် ဖုန်းပေါင်ပေါင်က သူ့ကို ခေါ်လာပေးလိမ့်မယ်။” ထို့နောက် အိမ်ရှေ့စံမင်းသားသည် တုပိုင်ဘက်သို့ ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။
အိမ်ရှေ့စံမင်းသားက လမ်းကြောင်းတစ်ခု ပေးခဲ့သော်လည်း တုပိုင်သည် ဝင်ခွင့်မရရှိခဲ့ပေ။ တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံးရှိ ဖုန်းပေါင်ပေါင်ကို သွားမတွေ့ဘဲ နန်းတော်တံခါးဝတွင် စောင့်ဆိုင်းနေလိုက်သည်။
ခဏအကြာတွင် ရင်းနှီးသော အသံတစ်သံ အမြန် ထွက်ပေါ်လာသည်။ သူမကား မင်းသမီးနင်းရွှဲ့ ဖြစ်သည်။
သူမ၏ မျက်လုံးများမှာ နီရဲနေပြီး တစ်ကိုယ်လုံး ပိန်သွားကာ အလွန် နွမ်းနယ်နေပုံရသည်။ သို့သော် သူမသည် ပို၍ပင် လှပပြီး ပြိုင်ဘက်ကင်းနေသဖြင့် သနားစဖွယ် ကောင်းနေသည်။
“တုပိုင်.. ဒါက ဘယ်သူလဲ။” မင်းသမီးနင်းရွှဲ့က မေးလိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “ကျီပြောင်ပြောင်ပါ။”
မင်းသမီးနင်းရွှဲ့၏ မျက်လုံးများ တောက်ပသွားပြီး ပြောသည်။ “အစ်မပြောင်ပြောင် ဖြစ်နေတာကိုး။”
မင်းသမီးနင်းရွှဲ့က မေးလိုက်သည်။ “တုပိုင်.. နင် မြို့တော်ကို ဘာလာလုပ်တာလဲ။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် ဧကရာဇ်မင်းမြတ်ကို ကုသပေးဖို့ ကြိုးစားကြည့်ချင်လို့ပါ။”
ထိုစကားကို ပြောလိုက်သည်နှင့် မင်းသမီးနင်းရွှဲ့၏ မျက်ရည်များ စီးကျလာပြီး ပြောသည်။ “တကယ် နောက်ကျသွားပြီ။ နန်းတွင်း သမားတော်တွေ အကုန်လုံးက ဒီရက်ပိုင်းအတွင်း ဖြစ်လာလိမ့်မယ်လို့ ပြောထားကြတယ်။ အဘိုးလီလျန်တင်းတောင်မှ ဧကရာဇ်မင်းမြတ်က ဒီရက်ပိုင်းကို ကျော်ဖြတ်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောတယ်။ အရာအားလုံးက အဆင်သင့် ဖြစ်နေပါပြီ။”
တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ။ ကျွန်တော့် မွေးစားအဖေ ကိုယ်စား ကြည့်ခွင့်ပေးပါ။”
မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်သည်။
**--**--**--**--**--**--**--**
ဧကရာဇ်မင်းမြတ်၏ ကုသဆောင်သည် တောင်ပေါ်ရှိ နန်းတော်တစ်ခုတွင် ရှိသည်။ အချိန်တိုင်းတွင် အရေးကြီးသော ဝန်ကြီး ဒါဇင်ကျော် ၊ စစ်ဗိုလ်ချုပ် ဒါဇင်ကျော် ၊ မိန်းမစိုးချုပ်ကြီး ဒါဇင်ကျော်နှင့် ထိပ်တန်း မြင့်မြတ်သော မျိုးနွယ်စုဝင် ဒါဇင်ကျော်တို့သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။
ဧကရာဇ်မင်းမြတ် နတ်ရွာစံသည်နှင့် တပြိုင်နက် ဤလူများသည် နိုင်ငံတော်ဈာပနကို ချက်ချင်း စီစဉ်ကြမည် ဖြစ်ပြီး အိမ်ရှေ့စံမင်းသား နန်းတက်ပွဲကို ကြေညာကြမည် ဖြစ်သည်။ တိုင်းပြည် မငြိမ်မသက် ဖြစ်မသွားစေရန် သူတို့ တားဆီးရမည်။
ဤနေရာတွင် မဟာဆရာသခင်ကြီး သုံးဦး အချိန်တိုင်း ရှိနေပြီး မဟာဆရာသခင်အဆင့်ရှိသော သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာသည် ထောင့်တိုင်းတွင် စောင့်ကြပ်နေကြသဖြင့် ယင်ကောင်တစ်ကောင်ပင် ပျံမဝင်နိုင်ပေ။
အဂ္ဂိရတ်ပညာရှင် ဒါဇင်ပေါင်းများစွာ ၊ ရှေးဟောင်းဆေးပညာရှင် ဒါဇင်ပေါင်းများစွာနှင့် နန်းတွင်း သမားတော် ဒါဇင်ပေါင်းများစွာသည်လည်း ဤနေရာတွင် အချိန်တိုင်း ရှိနေကြသည်။
သို့သော် သမားတော်ရာပေါင်းများစွာသည် လုံးဝ အစွမ်းအစမဲ့နေကြသည်။ ဆယ်ရက်နှင့် ဆယ်ညနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး နေ့စဉ် ဂျင်ဆင်းဟင်းရည်ဖြင့် အသက်ဆက်ထားကာ ဧကရာဇ်မင်းမြတ် နတ်ရွာစံမည့် အချိန်ကို စောင့်မျှော်နေကြရသည်။
အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အကြီးအကဲဟောင်း လီလျန်တင်းသည်လည်း တစ်ကိုယ်လုံး ပိန်ကျသွားပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းနေသည်။ ဘေးတွင် မျက်လုံးမှိတ်ကာ မှီနေသော ဧကရီသည် ပေါင် ၉၀ အောက်ပင် မပြည့်တော့ဘဲ သတိလစ်နေသလော ၊ နိုးနေသလော ဟူသည်ကို မသေချာပေ။
မင်းသမီးနင်းရွှဲ့က မိန်းမစိုးလေး တုပိုင်ကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
မင်းသမီးနင်းရွှဲ့သည် အဘိုးလီလျန်တင်းနှင့် ဧကရီထံသို့ သွားပြီး တိုးတိုးလေး ပြောလိုက်သည်။ “တုပိုင်က ခမည်းတော်ကို ကယ်တင်ဖို့ ကြိုးစားချင်တယ်လို့ ပြောနေပါတယ်။”
ထိုစကားကို ကြားလိုက်သည်နှင့် လီလျန်တင်း၏ မျက်နှာထား ပြောင်းလဲသွားပြီး ဧကရီလည်း ရုတ်တရက် နိုးလာသည်။
လီလျန်တင်းသည် တုပိုင်ကို ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ငါ့သား.. ဒါက အရမ်း.. အရမ်းကို လေးနက်တဲ့ ကိစ္စကြီးကွ။ မင်းကုသမှုအောက်မှာ ဧကရာဇ်မင်းမြတ် တစ်ခုခု ဖြစ်သွားရင် အကြောင်းရင်းက မင်းကြောင့် ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် ငါတောင်မင်းကို ကယ်တင်လို့ရမှာ မဟုတ်ဘူး။ မင်းသမီးလေးပါ ပါဝင်ပတ်သက်သွားလိမ့်မယ်။”
“ငါက မင်းဆရာ နင်ဇောင်ဝူကို ကမ္ဘာအနှံ့ လိုက်ရှာခိုင်းထားတာ။ သူ ရောက်လာမယ် ထင်ထားပေမဲ့ မင်း ရောက်လာတာကိုး။ မင်းဆရာ နင်ဇောင်ဝူတောင်မှ လက်ရှိအခြေအနေကို ကုသနိုင်ပါ့မလား မသိတာ။ မင်းကတော့ ပြောမနေနဲ့တော့။ မင်းက ကလေးပဲ ရှိသေးတာလေ။ မင်းနဲ့ မင်းဆရာက ဆေးပညာ လေ့လာခဲ့တာ ရက်ပိုင်းပဲ ရှိသေးတာ မဟုတ်လား။” လီလျန်တင်း တိုးတိုးလေး ပြောလိုက်သည်။
တုပိုင်သည် ဧကရီကို ကြည့်ပြီး ပြောလိုက်သည်။ “ဧကရီဘုရား.. ကျွန်တော်မျိုး စမ်းကြည့်ချင်ပါတယ်။”
တုပိုင်သည် စွန့်စားနေခြင်း မဟုတ်ပေ။ စနစ်၏ မျက်လုံးကြောင့် သူ့တွင် ၇၀ ရာခိုင်နှုန်း သေချာမှု ရှိပြီးသား ဖြစ်သည်။
ဤအချိန်တွင် နန်းတွင်း သမားတော်များ အားလုံး ၊ အဂ္ဂိရတ်ပညာရှင်များ အားလုံးနှင့် ဝန်ကြီးများ အားလုံး ဒူးထောက်လိုက်ပြီး ပြောလိုက်ကြသည်။ “ဧကရီဘုရား.. ဘယ်တော့မှ ခွင့်မပြုပါနဲ့။ နှုတ်ခမ်းမွှေးမပေါက်သေးတဲ့ ကလေးတစ်ယောက်ကို ဧကရာဇ်မင်းမြတ်ရဲ့ ရွှေကိုယ်တော်ကို ညစ်ညမ်းစေဖို့ ဘယ်တော့မှ ခွင့်မပြုပါနဲ့။ လုံးဝ မဖြစ်နိုင်ပါဘူး။”
“မှန်ပါတယ်.. ဒီကောင်စုတ်လေးက ဘာမှ နားမလည်ပါဘူး။ တကယ်လို့ ဧကရာဇ်မင်းမြတ် တစ်ခုခု ဖြစ်သွားရင် ချက်ချင်း ကမ္ဘာပျက်သလို ဖြစ်သွားမှာပါ။”
“အဲ့ဒီအချိန်ကျရင် ဒီမိန်းမစိုးလေးကို တစ်စစီ ခုတ်ထစ်လိုက်ရင်တောင်မှ အခြေအနေကို ပြန်ကယ်တင်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။”
“အဂ္ဂိရတ်ပညာရှင်တွေ အားလုံး ၊ သမားတော်ကြီးတွေ အားလုံးတောင် လက်မြှောက်ထားရတာ။ သူ့လို ဆယ်ကျော်သက် ကလေးလေးကို အားကိုးပြီး ဧကရာဇ်မင်းမြတ်ကို ကုသပေးမယ် ဟုတ်လား။ လုံးဝ ယုတ္တိမရှိဘူး.. ရယ်စရာ ကောင်းလိုက်တာ။”
“ပါးစပ်ပိတ်ထားကြ။” ဧကရီ ရုတ်တရက် အော်ဟစ်လိုက်သည်။ ထို့နောက် သူမသည် လှပသော မျက်လုံးများဖြင့် တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “သား.. မင်းက လီဝမ်ဟွေ့ ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးပဲ။ မင်း ပိုင်ဆယ်စီရင်စုမှာ အစပျိုးမှု ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ပြီးတော့ မင်းတစ်ယောက်တည်းက စစ်စရိတ်အတွက် ငွေတုံး သန်းချီ လှူဒါန်းခဲ့တာ။ ငါ မင်းကို ယုံတယ်။ မင်း စမ်းကြည့်လိုက်ပါ။”
ဘေးနားမှ လီလျန်တင်းက ပြောလိုက်သည်။ “ငါ့သား.. မင်း ရှင်းရှင်းလင်းလင်း သိထားရမယ်။ ဧကရာဇ်မင်းမြတ် တစ်ခုခု ဖြစ်သွားတာနဲ့ မင်းအမှား မဟုတ်ရင်တောင်မှ အဘိုး မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ မင်း သေချာပေါက် သေရလိမ့်မယ်။”
ဧကရာဇ်မင်းမြတ်၏ အသက်သည် ယခု စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး သမားတော် မည်မျှက ကုသ၍ မရမှန်း ၊ ရောဂါအကြောင်းရင်းကိုပင် ရှာမတွေ့သည်ကို သိရှိထားကြသည်။
တုပိုင် ဝင်ရောက်ကုသပြီး ဧကရာဇ်ကို မကယ်တင်နိုင်ဘဲ ထိုအချိန်တွင် သေဆုံးသွားပါက တုပိုင်သည် သေဒဏ်ကျခံရမည် ဖြစ်သည်။ သို့မဟုတ် တုပိုင်က ပိုမိုကောင်းမွန်သော ကုသမှု မပေးနိုင်ဘဲ ပိုဆိုးသွားစေလျှင်လည်း သေဒဏ်ကျခံရမည် ဖြစ်သည်။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောသည်။ “ကျွန်တော် နားလည်ပါတယ်။”
ထို့နောက် မိန်းမစိုးတစ်စုံက သူ့တစ်ကိုယ်လုံးကို စစ်ဆေးပြီး လက်နက်နှင့် အဆိပ်များ မပါရှိကြောင်း သေချာအောင် လုပ်ဆောင်လိုက်သည်။ အသက်ပြင်းပြင်း ရှူပြီးနောက် တုပိုင်သည် ကံကြမ္မာ မရေရာသော ဧကရာဇ်မင်းမြတ်ထံသို့ လျှောက်သွားလိုက်သည်။
သူ ဧကရာဇ်မင်းမြတ်ကို ကယ်တင်နိုင်မည်လော။ အင်ပါယာကြီး ပြိုကွဲပျက်စီးမသွားအောင် ကယ်တင်နိုင်မည်လော။ ယခုအချိန်တွင် အဖြေပေါ်တော့မည် ဖြစ်သည်။
အပိုင်း ၃၆၆ ပြီး။