← Chapters

အခန်း (၃၆၇)

Vol. 37 Ch. 367

အခန်း (၃၆၇)

Vol. 37 Ch. 367

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၆၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင်သည် သူနှင့်မဆိုင်သော နေရာများသို့ မည်သည့်အခါမျှ အတင်းအကျပ် ဝင်ရောက်လေ့ရှိသူ မဟုတ်ပေ။

သို့သော် ဤအခြေအနေသည်တော့ မတူညီပေ။ အဂ္ဂိရတ်ပညာရှင် အများအပြားနှင့် သမားတော်ကြီး အများအပြားသည် ဧကရာဇ်မင်းမြတ်၏ ရောဂါ အကြောင်းရင်းကို ရှာမတွေ့နိုင်ခဲ့ပေ။ ဤသည် သာမန်ရောဂါ မဟုတ်ကြောင်း သေချာ၏။ လွန်ခဲ့သော ဆယ်ရက်က ဧကရာဇ်နှင့် ဧကရီသည် ရယ်မောပြောဆိုနေခဲ့ကြသည်။

သို့သော် ရုတ်တရက်ကြီး ဧကရာဇ် မူးမေ့လဲကျသွားသည်။ ထို့နောက် ဧကရာဇ်သည် ဆယ်ရက်ကျော်ကြာအောင် ထမင်းတလုပ် ၊ ရေတစ်မှုတ်မျှ မဝင်ခဲ့ပေ။ သတိလစ်နေပြီး မျက်လုံးများ ပိတ်ထားကာ ခန္ဓာကိုယ်သည်လည်း လုံးဝ မလှုပ်ရှားတော့ပေ။ အလွန်အားနည်းသော နှလုံးခုန်သံနှင့် အသက်ရှူသံတို့သာ မရှိပါက ဧကရာဇ်မင်းမြတ် နတ်ရွာစံပြီဟု လူတိုင်း ထင်မှတ်ကြပေလိမ့်မည်။

နန်းတွင်း သမားတော်များ အားလုံးက ဒါဟာ လေဖြတ်ခြင်း သို့မဟုတ် အဆိပ်မိခြင်း မဟုတ်ကြောင်း ၊ ရောဂါအမည်ကို လုံးဝ မသိရှိရကြောင်း သုံးသပ်ခဲ့ကြသည်။

တုပိုင်က သမားတော်တစ်ယောက် မဟုတ်ပေ။ အလွန်ဆုံး ပြောရလျှင် မဟာဆရာသခင်ကြီး နင်ဇောင်ဝူထံမှ အဂ္ဂိရတ်သီအိုရီ တချို့ကို သင်ယူခဲ့ဖူးရုံမျှသာ ရှိသည်။

ထို့ကြောင့် မည်သူမျှ တုပိုင်အပေါ် မျှော်လင့်ချက် မထားရဲကြပေ။ မင်းသမီးနင်းရွှဲ့ ၊ လီလျန်တင်းနှင့် တုပိုင်ကို အတင်းအကျပ် စမ်းသပ်ခိုင်းသည့် ဧကရီပင်လျှင် သိပ်ပြီး မျှော်လင့်ချက် မရှိကြချေ။

ဧကရီက တုပိုင်ကို စမ်းသပ်ခွင့် ပေးလိုက်ခြင်းမှာ တုပိုင်က သူမတို့ဘက်မှ လူ ဖြစ်နေသောကြောင့်ပင်။ ဖြစ်နိုင်ခြေ သန်းတစ်ထောင်ပုံ တစ်ပုံ ရှိလျှင်ပင် စမ်းကြည့်ချင်သည့် သဘောဖြစ်သည်။

သို့သော် တုပိုင် စတင် ကုသပေးချိန်တွင် ဧကရီသည် ထိုမျှော်လင့်ချက်လေးပင် ပျောက်ကွယ်သွားပြီဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်က လူနာကို ကြည့်ရှုခြင်း ၊ နားထောင်ခြင်း ၊ မေးမြန်းခြင်း မည်သည့်အရာမျှ မပြုလုပ်ဘဲ ဤအတိုင်း ရပ်ကြည့်နေသောကြောင့်ပင် ဖြစ်သည်။

လီလျန်တင်း ရှေ့တိုးလာပြီး တိုးတိုးလေး ပြောလိုက်သည်။ “ငါ့သား.. မင်း တကယ်ပဲ လျှောက်လုပ်နေတာလား။ တစ်ခုခု လွဲချော်သွားရင် ငါမင်းအဖေကို ဘယ်လို ရှင်းပြရမလဲ။”

တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ အခု ဧကရာဇ်မင်းမြတ် အန္တရာယ်ဖြစ်လို့ မရဘူးလေ။ တစ်ခုခု ဖြစ်သွားရင် အင်ပါယာ တစ်ခုလုံး ပြိုကွဲသွားလိမ့်မယ်။ ပိုင်ဆယ်စီရင်စုမှာ ကျွန်တော် ရထားတဲ့ အားသာချက်တွေလည်း တစ်ခဏချင်း ပျက်စီးသွားမှာပေါ့။ ကျွန်တော် ဘယ်လိုလုပ် အသေခံနိုင်မှာလဲ။”

လီလျန်တင်းက ပြောလိုက်သည်။ “ဒါပေမဲ့ မင်း ဒီအထိ လာတာ အလကားပဲ။ တကယ်ပါ.. လူတိုင်း ကြည့်ပြီးပြီ။ ဘယ် မဟာဆရာသခင်ကြီးပဲ ဖြစ်ဖြစ် ၊ ဘယ် အဂ္ဂိရတ်ပညာရှင်ပဲ ဖြစ်ဖြစ် ၊ နန်းတွင်း သမားတော်တွေ အကုန်လုံး ကြည့်ပြီးပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး။”

မင်းသမီးနင်းရွှဲ့နှင့် ဧကရီတို့သည် ဧကရာဇ်မင်းမြတ်ကို ဝမ်းနည်းပူဆွေးစွာ ကြည့်နေကြပြီး တုပိုင်ကို လှည့်ပင် မကြည့်နိုင်ကြတော့ပေ။ အသက် ၁၈ နှစ်အရွယ် မိန်းမစိုးလေး တစ်ယောက်အပေါ် မျှော်လင့်ချက် ထားဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းလှပေသည်။

တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများကို မှိတ်ကာ စိတ်စွမ်းအင် အားလုံးကို ထင်းရှူးသီးပုံဂလင်းပေါ်တွင် စုစည်းလိုက်သည်။ စနစ်၏ ထူးဆန်းသော အနီရောင် အလင်းရောင်နှင့် အရိပ်သည် ရုတ်တရက် လင်းလက်လာသည်။

ရုတ်တရက် တုပိုင်၏ စနစ်မျက်လုံး ပွင့်လာသည်။

ဤသည်ကား ခေတ်သစ်ကမ္ဘာမြေပေါ်က အကောင်းဆုံး ဓာတ်မှန်စက်ထက်ပင် ပိုကောင်းမွန်ပေသေးသည်။ ဧကရာဇ်ထျန်ယွင်၏ ခန္ဓာကိုယ် သွေးကြောများ ၊ အတွင်းကလီစာများ အတွင်းမှ အသက်ရှူလမ်းကြောင်း စီးဆင်းမှုများကို တုပိုင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် တုပိုင်အတွက် လုံးဝ ဖောက်ထွင်းမြင်နေရသကဲ့သို့ ဖြစ်နေသည်။

အမှန်စင်စစ် တုပိုင်က ဤအတွင်းပိုင်း ရောဂါများကို နားမလည်ပေ။ သို့သော် ဧကရာဇ်မင်းမြတ်၏ ခန္ဓာကိုယ် အခြေအနေ တော်တော်ဆိုးနေပြီ ဆိုသည်ကို သူ မြင်တွေ့နေရသည်။ ဆီကုန်တော့မည့် မီးခွက်ကဲ့သို့ မဟုတ်သေးသော်လည်း သိပ်ပြိး မလိုတော့ပေ။

အတွင်းကလီစာများ ၊ အထူးသဖြင့် အဆုတ်များသည် ဆိုးဆိုးရွားရွား ပျက်စီးနေသည်။ ထို့အပြင် သူ့သွေးကြောများသည် သာမန်လူများထက် ပိုပါးပြီး ပိုကျိုးပဲ့လွယ်သည်။ သူ့အရိုးများပင် ပုံမှန်လူများထက် ပိုအားနည်းနေသည်။

တုပိုင်၏ မျက်လုံးများ အနည်းငယ် စပ်ဖျင်းဖျင်း ဖြစ်လာသည်။ တချို့လူများသည် ဧကရာဇ်ဖြစ်ရတာကို နှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အာဏာကို အပြည့်အဝ ခံစားနိုင်သောကြောင့် ဖြစ်သည်။ သေသွားလျှင်ပင် ကိစ္စမရှိဟု ဆိုကာ နေ့တိုင်း ကာမဂုဏ် ခံစားပြီး ပျော်ပါးနေကြခြင်း ဖြစ်သည်။

တချို့ကျတော့ ဧကရာဇ်ဖြစ်ရတာ ငရဲကျနေသကဲ့သို့ပင်။ ပျော်ရွှင်စရာ နေ့ရက်ဆိုတာ မရှိသလောက် ရှားပါးသည်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘေးများ၏ တာဝန်ကို အမြဲ ထမ်းရွက်နေရသောကြောင့် ဖြစ်သည်။

သို့သော် ဧကရာဇ်ထျန်ယွင်၏ ပျက်စီးနေသော ကြွက်သားများနှင့် အတွင်းကလီစာများသည် ယခု ဖြစ်ပွားနေသော သေလုမျောပါး ရောဂါ၏ အကြောင်းရင်း မဟုတ်ပေ။

ဤအချက်များကို နန်းတွင်း သမားတော်များက အကြိမ်ပေါင်း ရာချီ ပြောပြီးပြီ။ အကြိမ်ပေါင်းများစွာလည်း စစ်ဆေးပြီး၏။ တုပိုင် တကယ် ရှာဖွေချင်တာက ဧကရာဇ်မင်းမြတ် ရုတ်တရက် ရောဂါဖောက်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အကြောင်းရင်း အစစ်အမှန်ကို ဖြစ်သည်။

ဤသည် အမှန်တကယ်ပင် ခက်ခဲလှပေသည်။ နန်းတွင်း သမားတော်များနှင့် အဂ္ဂိရတ်ပညာရှင်များက ဧကရာဇ်၏ ခန္ဓာကိုယ်ကို အကြိမ်တစ်ရာကျော် စစ်ဆေးခဲ့သော်လည်း သေစေနိုင်သည့် အကြောင်းရင်းကို ရှာမတွေ့ခဲ့ကြပေ။ ကုသရန်မူ ဝေးလာဝေးပင်။

တုပိုင်က ဧကရာဇ်မင်းမြတ်၏ ခန္ဓာကိုယ် တစ်လက်မချင်းစီကို ဂရုတစိုက် ကြည့်ရှုနေသည်ကို မြင်သောအခါ လီလျန်တင်း၏ စိတ်ထဲတွင် ပိုပြီး စိုးရိမ်လာ၏။ မင်းသမီးနင်းရွှဲ့နှင့် ဧကရီတို့၏ မျှော်လင့်ချက်များသည်လည်း တဖြည်းဖြည်းဖြင့် မှေးမှိန်လာကြ၏။

တုပိုင် စိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေသည်။ “မင်း ငါ့ကို ရှာတွေ့အောင် လုပ်ပေးရမယ်.. မင်း ငါ့ကို ရှာတွေ့အောင် လုပ်ပေးရမယ်။ စနစ်ရေ.. မင်း ငါ့ကို လိမ်လို့ မရဘူးနော်။ ငါသာ ဧကရာဇ်မင်းမြတ်ရဲ့ သေစေနိုင်တဲ့ အကြောင်းရင်းကို ရှာမတွေ့ရင် ဒုက္ခရောက်ပြီ။ အရေးကြီးတာက ဧကရာဇ်မင်းမြတ်ကို မကယ်တင်နိုင်ရင် ကောင်းကင်ကြီး ပြိုကျသလို ဖြစ်သွားပြီး ငါ့မစ်ရှင်လည်း ပြီးဆုံးသွားမှာ။”

“မင်း ရှာတွေ့ရမယ်.. မင်း ရှာတွေ့ရမယ်။”

“စနစ်ရေ.. မင်း ငါ့ကို မလိမ်ရဘူးနော်.. လုံးဝ မလိမ်ရဘူး။”

ရုတ်တရက် တုပိုင် ရှာတွေ့သွားလေ၏။ နန်းတွင်း သမားတော်များနှင့် အဂ္ဂိရတ်ပညာရှင်များ အားလုံး ရောဂါအကြောင်းရင်းကို ရှာမတွေ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ခုနကသာ မလှုပ်ရှားလိုက်လျှင် တုပိုင်လည်း ရှာတွေ့နိုင်မည် မဟုတ်ပေ။

အမှန်တကယ်ပင် ခက်ခဲလွန်းလှပေသည်။ ဧကရာဇ်မင်းမြတ်၏ ဦးနှောက်ထဲတွင် သန်ကောင်တစ်ကောင် ရှိနေခြင်း ဖြစ်သည်။ ၁၀ စင်တီမီတာကျော် ရှည်သည့် ကပ်ပါးကောင်ကြီး တစ်ကောင် ဖြစ်သည်။ ယခုအချိန်တွင် ထိုကောင်က ဧကရာဇ်မင်းမြတ်၏ အရေးကြီးဆုံး ဦးနှောက်အစိတ်အပိုင်းကို ဖိထားသောကြောင့် သူ လုံးဝ မလှုပ်ရှားနိုင် ၊ စကားမပြောနိုင် ၊ အစာမစားနိုင် ဖြစ်သွားရခြင်း ဖြစ်သည်။ အသက်ဆက်ရန်အတွက် ဂျင်ဆင်းဟင်းရည်ကိုသာ မှီခိုနေရခြင်း ဖြစ်သည်။

ဤသည် မည်သို့သော သန်ကောင်မျိုးနည်း။ သန်လုံးကောင် ရောဂါ ဖြစ်နိုင်သကဲ့သို့ ဝက်သန်ကောင် လည်း ဖြစ်နိုင်သည်။

ဖြစ်နိုင်သည်မှာ ဧကရာဇ်မင်းမြတ် ငယ်စဉ်က မြွေသားစိမ်း သို့မဟုတ် ဝက်သားစိမ်း စားမိပြီး ကပ်ပါးကောင်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခြင်း ဖြစ်မည်။ ဧကရာဇ်မင်းမြတ်၏ ခန္ဓာကိုယ်ထဲတွင် ထိုကောင်က ဆက်လက် စားသောက်ပြီး ကြီးထွားလာခြင်း ဖြစ်သည်။ နောက်ဆုံး၌ ဦးနှောက်ထဲ ရောက်သွားခြင်း ဖြစ်သည်။ ထိုနေ့က သန်ကောင်က ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်သောအခါ ဦးနှောက်၏ အဓိက အစိတ်အပိုင်းများကို ဖိမိသွားပြီး ချက်ချင်း ရောဂါဖောက်လာခြင်း ဖြစ်သည်။ ဖိမိသည့် ဦးနှောက်အစိတ်အပိုင်းက အလွန် အရေးကြီးသဖြင့် ဧကရာဇ်မင်းမြတ် စကားမပြောနိုင် ၊ မလှုပ်ရှားနိုင် ဖြစ်သွားရခြင်း ဖြစ်သည်။

တုပိုင်သည် စနစ်၏ မျက်လုံးမှတဆင့် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ကပ်ပါးကောင်သည် အနည်းဆုံး ၃၀ စင်တီမီတာ (တစ်ပေ) ခန့် ရှည်လျားပြီး လုံးဝ ခွေလျက်သား ဦးနှောက်ကို ဖိကပ်ထားသည်။

ဤသည် ခေတ်သစ်ကမ္ဘာမြေတွင်ပင် ကုသရန် ခက်ခဲသော ရောဂါမျိုး ဖြစ်သည်။ တာ့နင်အင်ပါယာတွင်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။ အဂ္ဂိရတ်ပညာရှင်များ ၊ သမားတော်ကြီးများ မည်မျှတော်တော် ဧကရာဇ်မင်းမြတ်၏ ဦးနှောက်ထဲတွင် သန်ကောင်ရှိနေသည် ဆိုသည်ကို သိရှိရန် မဖြစ်နိုင်ပေ။

တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ လီလျန်တင်း စိုးရိမ်နေသော စိတ်မှာ ချက်ချင်း သက်သာသွားသည်။ ကံကောင်းထောက်မစွာဖြင့် ဤလုပ်ငန်းစဉ်အတွင်း ဧကရာဇ်မင်းမြတ် ဘာမှမဖြစ်ခဲ့သကဲ့သို့ တုပိုင်ဘက်ကလည်း လွန်ကဲသော လုပ်ရပ်မျိုး မလုပ်ခဲ့ပေ။

နွမ်းနွယ်နေသည့် ဧကရီက နူးညံ့စွာ ပြောလိုက်သည်။ “သား.. မင်း ရောဂါကို မတွေ့ရင်လည်း ဦးချကန်တော့ပြီး ပြန်ထွက်သွားလိုက်ပါ။ မင်း ဒီအထိ လာပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။”

တုပိုင် ဦးညွှတ်လိုက်ပြီး ပြောသည်။ “ဧကရီဘုရား ၊ မင်းသမီးလေး ၊ အဘိုး.. ကျွန်တော် ရောဂါကို တွေ့ပါပြီ။”

ထိုစကားကို ကြားလိုက်သည်နှင့် ရှိနေသူအားလုံး အံ့သြသွားကြသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ မည်သူမျှ ရှာမတွေ့သည့် ရောဂါကို ၁၈ နှစ်အရွယ် ကလေးတစ်ယောက်က တွေ့သည်ဟု ဆိုနေခြင်းလော။

တုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်ရဲ့ ဦးနှောက်ထဲမှာ သန်ကောင်တစ်ကောင် ရှိနေပါတယ်။ အဲ့ဒီကောင်က ဧကရာဇ်မင်းမြတ်ရဲ့ အရေးကြီးဆုံး ဦးနှောက်အစိတ်အပိုင်းကို ဖိထားတာကြောင့် အရှင် စကားမပြောနိုင် ၊ မလှုပ်ရှားနိုင် ဖြစ်နေရတာပါ။”

ထိုစကားကို ကြားလိုက်သည်နှင့် သူတို့လေးယောက်စလုံး ပို၍ပင် မယုံနိုင် ဖြစ်သွားကြသည်။ ကောင်းကင်ပုံပြင် တစ်ပုဒ်ကို နားထောင်နေရသကဲ့သို့ပင်။

ဤအချိန်တွင် ဝန်ကြီးများ ၊ စစ်ဗိုလ်ချုပ်များ ၊ အဂ္ဂိရတ်ပညာရှင်များနှင့် အခြားသူများ အားလုံး အပြင်ဘက်တွင် ရှိနေကြသည်။

ကုသဆောင်ထဲတွင် ဧကရီ ၊ လီလျန်တင်း ၊ မင်းသမီးနင်းရွှဲ့ နှင့် နန်းတွင်း သမားတော် နှစ်ယောက်သာ ရှိသည်။

တုပိုင်၏ စကားကို ကြားပြီးနောက် နန်းတွင်း သမားတော် နှစ်ယောက် မျက်လုံးပြူးသွားကြသည်။ “မဖြစ်နိုင်တာ.. လုံးဝ မဖြစ်နိုင်တာ.. အရမ်း ရယ်စရာကောင်းတယ်။ သန်ကောင်က ဘယ်လောက်ကြီးလဲလို့ မင်းပြောလိုက်တာလဲ။”

တုပိုင်က ပြောလိုက်သည်။ “တစ်ပေကျော် ရှည်ပါတယ်။”

နန်းတွင်း သမားတော်က ပြောလိုက်သည်။ “တစ်ပေကျော် ရှည်တဲ့ သန်ကောင်တစ်ကောင်က ဘယ်သူမှ မသိဘဲ ဧကရာဇ်မင်းမြတ်ရဲ့ ဦးနှောက်ထဲ ဘယ်လိုလုပ် ဝင်သွားနိုင်မှာလဲ။”

တုပိုင်က ပြောလိုက်သည်။ “အကြောင်းရင်းက ရိုးရှင်းပါတယ်။ ဧကရာဇ်မင်းမြတ် ငယ်ငယ်တုန်းက ဝက်သားစိမ်း ဒါမှမဟုတ် မြွေသားစိမ်း စားခဲ့ဖူးပုံ ရပါတယ်။ အလွန်သေးငယ်တဲ့ သန်ကောင်လေးတွေက ဧကရာဇ်မင်းမြတ်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားတာပါ။ ဆယ်စုနှစ်ချီ ကြီးထွားလာပြီးနောက် တစ်ပေကျော်အထိ ရှည်လာတာပေါ့။ အခုမှ ဧကရာဇ်မင်းမြတ်ရဲ့ ဦးနှောက်ထဲ ဝင်သွားပြီး ရောဂါဖြစ်စေတာပါ။”

“ပိုပြီး ရယ်စရာ ကောင်းလာပြီ.. ယုတ္တိမရှိတာတွေ ပြောမနေနဲ့။” နန်းတွင်း သမားတော်က ပြောလိုက်သည်။

ရုတ်တရက် မင်းသမီးနင်းရွှဲ့က မေးလိုက်သည်။ “ကုလို့ ရမလား။”

တုပိုင်က ပြောလိုက်သည်။ “ကုလို့ ရပါတယ်။”

ထိုစကားကို ပြောလိုက်သောအခါ တုပိုင်၏ ဦးရေပြား ကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မင်းသမီးနင်းရွှဲ့နှင့် ဧကရီတို့၏ မျက်လုံးများ တောက်ပလာသည်။

ကုသနိုင်သရွေ့ သူတို့ မည်မျှပင် ပေးဆပ်ရပါစေ ပေးဆပ်ရန် ဝန်မလေးကြပေ။ တာ့နင်အင်ပါယာအတွက် ဧကရာဇ်ထျန်ယွင်က မရှိမဖြစ် လိုအပ်သကဲ့သို့ ၊ ဧကရီအတွက်လည်း အကောင်းဆုံး ခင်ပွန်း ၊ မင်းသမီးနင်းရွှဲ့အတွက်လည်း အကောင်းဆုံး ဖခင်ပင် ဖြစ်သည်။

“ဘယ်လို ကုမလဲ။” မင်းသမီးနင်းရွှဲ့ တုန်ယင်စွာ မေးလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “ပထမဆုံး ဧကရာဇ်မင်းမြတ်ရဲ့ ခေါင်းနောက်ပိုင်းက ဆံပင်တွေကို တစ်လက်မလောက် ရိတ်ပစ်ရပါမယ်။”

ထိုစကားကို ကြားလိုက်သည်နှင့် နန်းတွင်း သမားတော် နှစ်ယောက် ဒူးထောက်ချလိုက်ပြီး ယုတ္တိမရှိကြောင်း အော်ဟစ်ကာ အသေအလဲ တားဆီးကြတော့သည်။

ဧကရီ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ပါးစပ်ပိတ်ထားကြ။ နောက်ထပ် စကားတစ်ခွန်း ပြောတာနဲ့ ငါ မင်းတို့ကို သတ်ပစ်မယ်.. သတ်ပစ်မယ်…”

ဤလူများ၏ ဘိုးဘေးများက ရှေးထုံးတမ်းစဉ်လာများကိုသာ နေ့တိုင်း ရွတ်ဖတ်နေကြခြင်း ဖြစ်သည်။ သူတို့အတွက်က ဧကရာဇ်မင်းမြတ် ဆံပင်ရိတ်ခြင်းသည် သေဆုံးခြင်းထက် ပိုဆိုးသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ ဧကရာဇ်မင်းမြတ်ကို ထုံးတမ်းစဉ်လာ လိုက်နာရန်သာ တောင်းဆိုကြပြီး ဧကရာဇ်၏ အသက်အန္တရာယ်ကို ဂရုမစိုက်ကြပေ။ ဧကရာဇ်မင်းမြတ် သေဆုံးသွားမည်ကို စောင့်နေကြသကဲ့သို့ပင်။

အပိုင်း ၃၆၇ ပြီး။

All Chapters