← Chapters

အခန်း (၃၆၈)

Vol. 37 Ch. 368

အခန်း (၃၆၈)

Vol. 37 Ch. 368

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၆၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

သူတို့သည် ဧကရာဇ်မင်းမြတ် ယခုချက်ချင်း နတ်ရွာစံကာ အိမ်ရှေ့စံမင်းသား နန်းတက်လာမည်ကိုသာ မျှော်လင့်နေကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့က ဘိုးဘွားပိုင် ထုံးတမ်းစဉ်လာတွေကို လိုက်နာတယ် ဆိုလျှင် ဧကရာဇ်မင်းမြတ်ကို ဤအခြေအနေထိ ရောက်အောင် အဘယ်ကြောင့် အနိုင်ကျင့်နေကြမည်နည်း။

ဧကရာဇ်မင်းမြတ်ကို နှလုံးသားထဲကနေ ချစ်ခင်ကာ ရင်ထဲကနေ ကယ်တင်ချင်တဲ့သူဆိုလို့ လူနည်းစုမျှသာ ရှိပေသည်။

“သား.. ဆက်ပြောပါ။” ဧကရီက နူးညံ့စွာ ပြောလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “အဘိုးက သိုင်းပညာ အရာမှာ ထိပ်တန်းအဆင့် ရောက်နေတော့ ဧကရာဇ်မင်းမြတ်ရဲ့ ဦးခေါင်းနောက်ပိုင်းမှာ လက်မဝက်လောက်ရှိတဲ့ အပေါက်တစ်ပေါက် ဖြစ်အောင် အမြန်ဆုံးနည်းလမ်းနဲ့ ဖွင့်ပေးနိုင်ပါတယ်။ မာကျောတဲ့ ဦးခွံက အဘိုးအတွက် ဘာမှ မဟုတ်ပါဘူး။”

“ပြဿနာ မရှိဘူး။” ဘိုးဘေး လီလျန်တင်းက ပြောလိုက်သည်။ “အဲ့ဒါကို အဘိုး လွယ်လွယ်လေး လုပ်ပေးနိုင်တယ်။”

“ဦးခွံရဲ့ အောက်မှာ ဦးနှောက်အမြှေးပါး ရှိပါတယ်။ အမြှေးပါးရဲ့ အောက်မှာတော့ ဦးနှောက် ရှိပါတယ်။ ကျွန်တော်က ညှပ်တစ်ခုကို အသုံးပြုပြီး ဧကရာဇ်မင်းမြတ်ရဲ့ ဦးနှောက်ထဲက သန်ကောင်ကို အမြန်ဆုံး အချိန်အတွင်း ၊ အတိကျဆုံး ဆွဲထုတ်ပါမယ်။” တုပိုင်က ဆက်ပြောသည်။ “လုပ်ငန်းစဉ် တစ်ခုလုံးက လက်ဖက်ရည်တစ်အိုးတည်ချိန် (၁၅ မိနစ်) ထက် ပိုမကြာပါဘူး။ သန်ကောင်ကို ထုတ်ပြီးတာနဲ့ ဧကရာဇ်မင်းမြတ်က ချက်ချင်း စကားပြောနိုင် ၊ အစာစားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဦးနှောက်က ဆယ်ရက်လောက်ကြာအောင် ဖိနှိပ်ခံထားရတဲ့အတွက် စကားပြောရာမှာ မပီသတာမျိုး ၊ ချက်ချင်း မထနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုလောက် အနားယူပြီးရင် ပြန်လည် ထူထောင်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

တုပိုင် ပြောပြသော မြင်ကွင်းသည် အလွန် ဆန်းကျယ်နေသဖြင့် ဧကရီနှင့် မင်းသမီးနင်းရွှဲ့တို့သည် မယုံနိုင်လောက်အောင် ဖြစ်နေသော်လည်း ယုံကြည်ချင်စိတ် ပြင်းပြနေကြသည်။

တုပိုင်က ဆက်ပြောသည်။ “ဓားတွေ ၊ ညှပ်တွေ အားလုံးကို အပူချိန်မြင့်မြင့်နဲ့ ပိုးသတ်ထားဖို့ လိုပါတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ ဒဏ်ရာကို အရက်ပြင်းနဲ့ အချိန်တိုင်း ဆေးကြောပေးရပါမယ်။ ပြီးရင် ဧကရာဇ်မင်းမြတ်ရဲ့ ဦးခေါင်းအပါအဝင် ရေနွေးပြုတ်ထားတဲ့ ပိတ်စကို အသုံးပြုရပါမယ်။ ရောင်ရမ်းတာ သက်သာစေဖို့ ဒန္ဒာလီ ကို နေ့တိုင်း သောက်သုံးရပါမယ်။”

မှန်ပါသည်။ တုပိုင်သည် ဦးနှောက်ခွဲစိတ်မှု အသေးစားတစ်ခုကို အဆိုပြုနေခြင်း ဖြစ်သည်။

ထိပ်တန်း သိုင်းပညာရှင်ကြီး တစ်ယောက် ရှိနေခြင်း ၊ ခေတ်သစ်ကမ္ဘာက ဓာတ်မှန်စက်ထက် ပိုမိုစွမ်းဆောင်နိုင်သော စနစ်၏ မျက်လုံး ရှိနေခြင်း နှင့် သဘာဝ ပိုးသတ်ဆေး ဒန္ဒာလီတို့ ရှိနေခြင်းကြောင့် ဤဦးနှောက်ခွဲစိတ်မှုကို လုပ်ဆောင်နိုင်ပြီး အောင်မြင်နိုင်ခြေ ရှိသည်။

လီလျန်တင်းသည် တုပိုင်ကို အချိန်အတော်ကြာ ကြည့်ပြီး မေးလိုက်သည်။ “ငါ့သား.. မင်း သေချာရဲ့လား။”

ဤကဲ့သို့သောကိစ္စမျိုးကို သေချာတယ်လို့ ပြောဆိုရန် ခက်ခဲသော်လည်း တုပိုင် အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။ “ဟုတ်ကဲ့.. ကျွန်တော် သေချာပါတယ်။” လီလျန်တင်းသည် ဧကရီနှင့် မင်းသမီးနင်းရွှဲ့ကို ကြည့်လိုက်သည်။

မူလက ဆုံးဖြတ်ချက်ချပိုင်ခွင့် အရှိဆုံး နောက်တစ်ယောက် ရှိသေးသည်။ သူကား အိမ်ရှေ့စံမင်းသားပင်။ သို့သော် ဧကရာဇ်မင်းမြတ် ရောဂါသည်းနေချိန်တွင် အိမ်ရှေ့စံမင်းသားသည် တိုင်းပြည်ကို တာဝန်ယူ အုပ်ချုပ်နေရသဖြင့် ဤနေရာတွင် အချိန်တစ်ဝက် ၊ တိုင်းရေးပြည်ရာ ကိစ္စများအတွက် အချိန်တစ်ဝက် ပေးနေရသည်။

ထို့ကြောင့် ဤခွဲစိတ်မှုကို လုပ်သင့် မလုပ်သင့် ဆုံးဖြတ်နိုင်သူများမှာ ဧကရီနှင့် မင်းသမီးနင်းရွှဲ့တို့သာ ကျန်ရှိတော့သည်။

ဤသည်မှာ ဧကရီအတွက်လည်း အလွန် ခက်ခဲသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။

ဤသည်ကား ဧကရာဇ်မင်းမြတ်၏ ဦးခေါင်းကို အပေါက်ဖောက်ရမည့် ကိစ္စပင်ဖြစ်၏။ ဧကရာဇ်မင်းမြတ်သာ ပြန်ကောင်းလာလျှင်မူ အရာအားလုံး အဆင်ပြေသွားမည် ဖြစ်သည်။

အကယ်၍ ခွဲစိတ်နေစဉ်အတွင်း တစ်ခုခု မှားယွင်းသွားပါက ဧကရာဇ်မင်းမြတ် ချက်ချင်း နတ်ရွာစံသွားနိုင်သည်။

ထိုအခါ တုပိုင်သည် ဓားပေါင်းထောင်ချီဖြင့် မွှန်းပြီး အသတ်ခံရမည်မှာ သေချာသလို လီလျန်တင်းလည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။ သူမ ဧကရီကိုယ်တိုင်ပင်လျှင် သေဒဏ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဧကရာဇ်၏ အသက်ကိုကယ်တင်နေခြင်းဖြစ်သော်လည်း သေသွားပါက အမှုပတ်ပေလိမ့်မည်။ ဧကရာဇ်ကို လုပ်ကြံမှု စွဲချက်က ဧကရီပင် ခံနိုင်ရည်ရှိသည့် ပြစ်မှုမျိုး မဟုတ်ပေ။

စနစ်ကသာ ဧကရာဇ်ကို ကယ်တင်ရန် မစ်ရှင် တိုက်ရိုက် မပေးခဲ့ပါက တုပိုင်လည်း ဤမျှ စွန့်စားရဲမည် မဟုတ်ပေ။

ဧကရီသည် တုပိုင်ပြောသော စကားများ မှန်ကန်ပါစေဟု ဆုတောင်းနေသော်လည်း သူမ၏ ရင်ထဲတွင်မူ သူပြောဆိုသည်များကို အမှန်တကယ် မယုံကြည်နိုင် ဖြစ်နေသည်။

ဧကရီသည် ရှေ့သို့ တိုးလာပြီး ကျားမ မခွဲခြားဘဲ တုပိုင်၏ လက်များကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “သား.. တကယ်လို့ မအောင်မြင်ခဲ့ရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်နော်။ မင်း အသက်ရှင်မှာ မဟုတ်သလို မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ နဲ့ မင်းအဘိုး လီလျန်တင်းတို့ရော.. အားလုံး.. အားလုံး အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဒီဧကရီရဲ့ ဘဝလည်း ပြီးဆုံးသွားလိမ့်မယ်။”

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခု ဒီလောကကြီးက ဧကရာဇ်မင်းမြတ် မရှိရင် မဖြစ်တော့ဘူးလေ။”

ဧကရီသည် တုပိုင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။ “ကောင်းပြီ.. ၁ ရာခိုင်နှုန်း မျှော်လင့်ချက် ရှိရင်တောင်မှ ငါ စွန့်စားမယ်။ မင်းနဲ့ ငါ.. ဧကရာဇ်မင်းမြတ်အတွက် ၊ တာ့နင်အင်ပါယာအတွက် အသက်နဲ့ သေခြင်းကို ဘေးဖယ်ထားလိုက်ကြစို့။”

“ကျွန်မလည်း ပါမယ်။” မင်းသမီးနင်းရွှဲ့ ရှေ့သို့ တိုးလာပြီး လက်တစ်ဖက်က တုပိုင်ကို ကိုင်ကာ ၊ အခြားလက်တစ်ဖက်က ဧကရီကို ကိုင်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ “ခမည်းတော်အတွက် ၊ တာ့နင်အင်ပါယာအတွက် ၊ အသက်နဲ့ သေခြင်းကို ဘေးဖယ်ထားမယ်။”

ဧကရီနှင့် မင်းသမီးနင်းရွှဲ့တို့အတွက် ၁ ရာခိုင်နှုန်း မျှော်လင့်ချက် ရှိလျှင်ပင် လောင်းကြေးထပ်ပြီး သူတို့၏ အသက်များဖြင့် ရင်းနှီးရန် ဝန်မလေးကြပေ။

သို့သော် တုပိုင်အတွက်မူ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ သေချာမှု ရှိနေသည်။

“စဖို့ ပြင်ဆင်လိုက်တော့။” ဧကရီက ပြောလိုက်သည်။

ထို့နောက် မည်သည့်စကားမျှ မပြောတော့ဘဲ ဝန်ကြီးများနှင့် အဂ္ဂိရတ်ပညာရှင်များ၏ အံ့အားသင့်နေမှုကို လုံးဝ လျစ်လျူရှုကာ နန်းတော်တံခါးကို တိုက်ရိုက် ပိတ်လိုက်ပြီး ခွဲစိတ်မှုကို စတင်တော့သည်။

ရုတ်တရက် ဝန်ကြီးချုပ် ဒါဇင်ကျော် ၊ စစ်ဗိုလ်ချုပ် ဒါဇင်ကျော်နှင့် မိန်းမစိုးချုပ်ကြီး ဒါဇင်ကျော်တို့သည် တားဆီးရန် ရှေ့သို့ တိုးလာကြသည်။

ထိုဝန်ကြီးချုပ်များနှင့် စစ်ဗိုလ်ချုပ်များသည် ဧကရီ၏ ပူးပေါင်းကြံစည်မှုကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။ သူတို့က ဧကရာဇ် နတ်ရွာစံပြီး အိမ်ရှေ့စံ နန်းတက်လာမည့် အချိန်ကိုသာ စောင့်နေကြခြင်း ဖြစ်သည်။ ဤအရှိန်အဟုန်ကို ဖျက်ဆီးချင်လျှင်ပင် မရနိုင်ပေ။ မည်သူက တစ်ခုခု လုပ်ရဲမည်နည်း။ လုံးဝ အလုပ်မဖြစ်ပေ။

ဧကရီက အေးစက်စွာ ပြောလိုက်သည်။ “ငါတို့က ဧကရာဇ်မင်းမြတ်ကို ကုသပေးမလို့.. စိတ်မပူကြနဲ့.. တကယ်လို့ မအောင်မြင်ရင် ငါရော ၊ လီလျန်တင်းရော ၊ တုပိုင်ရော ၊ နင်းရွှဲ့ရော အားလုံး ဧကရာဇ်မင်းမြတ်နဲ့အတူ မြေချခံရမှာပါ။ အခု မင်းတို့ အကုန်လုံး ဒီမှာ ငြိမ်ငြိမ်လေး ဒူးထောက်နေကြ။ ဘာမှ မပြောနဲ့။ သစ္စာရှိတဲ့ ဝန်ကြီးတွေလို ဟန်ဆောင်ပြီး အတင်း ဝင်မလာကြနဲ့။ ငါ အခု ပြောထားမယ်.. ဘယ်သူမဆို ငါ့ကို တားရဲရင် လီလျန်တင်းကို သတ်ခိုင်းလိုက်မယ်။”

ခဏချင်းမှာပင် မဟာဆရာသခင်ကြီး လီလျန်တင်း၏ ခန္ဓာကိုယ်မှ အလွန်အမင်း အစွမ်းထက်သော စွမ်းအင်အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ဤအချိန်တွင် ရှေ့ထွက်ပြီး တားရဲသောသူ မည်သူမဆို သေဆုံးရလိမ့်မည်။

ဝန်ကြီးတစ်ဦးက ပြောလိုက်သည်။ “ကုသမှု မအောင်မြင်ရင် လူဘယ်နှစ်ယောက် အတူတူ မြေချခံရမှာလဲ။”

ဧကရီက တစ်လုံးချင်း ပြောလိုက်သည်။ “အားလုံး အတူတူပဲ။”

“ဒါဆိုရင် ဝန်ကြီးများက အမိန့်တော်ကို နာခံပါ့မယ်။” ဝန်ကြီးများက ပြောလိုက်ကြပြီး အပြင်ဘက်တွင် မလှုပ်မယှက် ဆက်လက် ဒူးထောက်နေကြသည်။

--------------

တံခါး ပိတ်သွားလေ၏။ တုပိုင် ၊ လီလျန်တင်း ၊ မင်းသမီးနင်းရွှဲ့ နှင့် ဧကရီတို့သည် အရာအားလုံးကို စနစ်တကျ ပြင်ဆင်ကြတော့သည်။

“ဒီနေရာကို ဆံပင် ရိတ်ရမှာလား။” ဧကရီက မေးလိုက်သည်။

တုပိုင် ခေါင်းညိတ်လိုက်သည်။ ဧကရီသည် ဓားကို မဆိုင်းမတွ ကိုင်လိုက်ပြီး ဧကရာဇ်၏ ဦးခေါင်းမှ ဆံပင်များကို ရိတ်ပစ်လိုက်သည်။

မင်းသမီးနင်းရွှဲ့သည် ရေကို ဆူပွက်အောင် တည်လိုက်ပြီး ပိတ်စအထပ်လိုက်ကို ရေနွေးထဲ ထည့်ကာ ပြုတ်လိုက်သည်။ အရက်ပြင်း အများအပြားကို ပြင်ဆင်ထားပြီး ပေါင်းခံထားလိုက်သည်။

လီလျန်တင်းသည် အလွန်ထက်မြက်သော သတ္တုစပ် ဓားမြှောင်တစ်ချောင်းကို အရက်ပြင်းဖြင့် အကြိမ်ကြိမ် ဆေးကြောသန့်စင်လိုက်သည်။ တုပိုင်သည်လည် လက်ထဲမှ လျှို့ဝှက်ရွှေညှပ် အကြိမ်ကြိမ် ပိုးသတ်ထားပြီး ဖြစ်သည်။

“အဘိုး.. စမယ်။”

တုပိုင်က အမိန့်ပေးသည့် လေသံဖြင့်ပြောလိုက်၏။ ဘိုးဘေး လီလျန်တင်းသည် ဦးစွာ ဧကရာဇ်၏ ဦးရေပြားကို ခွဲလိုက်သည်။ ထို့နောက် ဧကရာဇ်၏ ဦးခွံပေါ်တွင် လျှို့ဝှက်ရွှေဓားမြှောင်ကို ညင်သာစွာ လှည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဧကရာဇ်၏ ဦးခေါင်းနောက်ဘက်တွင် အပေါက်တစ်ပေါက် ဖြစ်သွားသည်။ လက်မဝက် အချင်းရှိသော အပေါက်သည် ခေတ်သစ် ဆေးရုံများရှိ လွန်တူးစက်များထက် ပိုမြန်ဆန်စွာ ပွင့်သွားသည်။

လုပ်ငန်းစဉ် တစ်ခုလုံးတွင် လီလျန်တင်းသည် အသက်ကို လုံးဝ အောင့်ထားခဲ့သည်။ ထို့နောက် ချက်ချင်းပင် လီလျန်တင်းသည် ဦးနှောက်အမြှေးပါး ကို အနည်းငယ် ခွဲစိတ်လိုက်သည်။ လီလျန်တင်း စကား ပြောစရာ မလိုတော့ပေ။

တုပိုင်သည် စနစ်၏ မျက်လုံးကို အပြည့်အဝ ဖွင့်ထားပြီး သန်ကောင် မည်သည့်နေရာတွင် ရှိသည်ကို အတိအကျ သိနေသည်။ သူ့လက်ထဲမှ လျှို့ဝှက်ရွှေညှပ်သည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားသွားသည်။

“ရွှစ်...” တစ်စက္ကန့်၏ သုံးပုံတစ်ပုံအောက် လျော့နည်းသော အချိန်အတွင်း သန်ကောင်ကို တိုက်ရိုက် ညှပ်မိပြီး အမြန် ဆွဲထုတ်လိုက်သည်။

'ရပြီ။'

ဤသည်ကား ၃၉ စင်တီမီတာ (၁၅ လက်မကျော်) ရှည်လျားသော သန်ကောင်တစ်ကောင် ဖြစ်သည်။ ယင်းသည် မြွေများတွင် ကြီးထွားပြီး ကပ်ပါးတွယ်နေထိုင်လေ့ရှိသော သန်လုံးကောင် အမျိုးအစား ဖြစ်သည်။

သန်ကောင် ရှိနေသည်ကို မြင်လိုက်ရသောအခါ ဧကရီသည် မနေနိုင်ဘဲ အာမေဋိတ်သံ တိုးတိုးလေး ထွက်သွားသည်။ အမှန်တကယ်ပင် သန်ကောင် ရှိနေ၏။ လူတိုင်း သူ့အပေါ် ယုံကြည်မှု ပိုရှိလာကြသည်။ အားလုံးက ဧကရာဇ်မင်းမြတ်ကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။

အချိန်အတော်ကြာပြီးနောက် မျက်ခွံများက ပိဿာတစ်ထောင် လေးလံနေသကဲ့သို့ ဧကရာဇ်ထျန်ယွင်၏ မျက်လုံးများ ခေတ္တမျှ တုန်ခါသွားပြီးနောက် မှေးမှိန်နေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ “ငါ... ငါ ဘာဖြစ်သွားတာလဲ။”

ဧကရာဇ်မင်းမြတ် နိုးလာ၏။။ တုပိုင် အောင်မြင်သွားပြီဖြစ်၏။

အပိုင်း ၃၆၈ ပြီး။

All Chapters