အခန်း (၃၆၉)
Vol. 37 Ch. 369
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၆၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဧကရာဇ်မင်းမြတ် နိုးလာသည်ကို မြင်သောအခါ ဧကရီ ၊ မင်းသမီးနင်းရွှဲ့နှင့် လီလျန်တင်းတို့သည် အလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်သွားကြပြီး တုပိုင်ကို လှမ်းကြည့်လိုက်ကြသည်။
တုပိုင်.. ဤကလေးသည် အမှန်တကယ်ပင် အံ့မခန်းဖြစ်၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဧကရီသည် ဧကရာဇ်၏ ကုတင်ဘေးသို့ ပြေးသွားပြီး ဝမ်းသာမျက်ရည်များဖြင့် ငိုကြွေးကာ ပြောလိုက်သည်။ “အရှင်မင်းကြီး.. နောက်ဆုံးတော့ နိုးလာခဲ့ပြီ.. နောက်ဆုံးတော့ နိုးလာခဲ့ပြီ။ ကျွန်မ အရှင်မင်းကြီးနောက် လိုက်သွားရတော့မယ်တောင် ထင်နေခဲ့တာ။”
ဘေးတွင် ဒူးထောက်နေသော နန်းတွင်း သမားတော် နှစ်ယောက်သည် လုံးဝ ကြောင်အသွားကြသည်။ သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။ ယခု ဖြစ်ပျက်သွားသော အရာအားလုံးကို သူတို့ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
နန်းတွင်း သမားတော် အားလုံးနှင့် အဂ္ဂိရတ်ပညာရှင် အားလုံးသည် ရောဂါအကြောင်းရင်းကိုပင် ရှာမတွေ့နိုင်ခဲ့ကြပေ။ အားလုံးက ဧကရာဇ်မင်းမြတ် သေဆုံးတော့မည်ဟု သုံးသပ်ခဲ့ကြသည်။ ဧကရာဇ်မင်းမြတ် နတ်ရွာစံရန် အချိန်ပိုင်းသာ လိုတော့သည်ဟု တွေးထင်ခဲ့ကြသည်။
တုပိုင်ဆိုသည့် နှုတ်ခမ်းမွှေးပင် မပေါက်သေးသည့် ကလေးက ဧကရာဇ်မင်းမြတ်၏ ဦးနှောက်ထဲတွင် သန်ကောင် ရှိသည်ဟု ပြောဆိုခဲ့သည်။ အမှန်တကယ်လည်း ရှိနေခဲ့သည်။ မကြုံစဖူး နည်းလမ်းဖြင့် ထိုကောင်ကို ဖယ်ရှားပြီးနောက် ဧကရာဇ်မင်းမြတ် တကယ် ပြန်လည်သက်သာလာ၏။ သောက်ကျိုးနည်း။
ယုံနိုင်စရာပင် မရှိလောက်အောင် အံ့သြဖွယ် ကောင်းလွန်းလှပေသည်။ လီလျန်တင်းသည် စိတ်ထဲတွင် အတိုင်းအဆမဲ့ ပျော်ရွှင်နေသော်လည်း လက်ကမူ ဧကရာဇ်မင်းမြတ်၏ ဒဏ်ရာကို ချုပ်ပေးခြင်း ၊ ပတ်တီးစည်းပေးခြင်းများကို ဆက်လက် လုပ်ဆောင်ပေးနေသည်။
ဧကရာဇ်မင်းမြတ်သည် ပါးစပ်ဖွင့်ပြီး စကားပြောချင်သော်လည်း နှုတ်ခမ်းနှင့် လျှာကို ထိန်းချုပ်၍ မရသေးသည်ကို တွေ့လိုက်ရသည်။ သူ တုန်ယင်စွာ ပြောလိုက်သည်။ “ငါ.. ငါ ဘာလုပ်ရမှန်း မသိတော့ဘူး…”
“အရှင်မင်းကြီး.. ဒီတစ်ခါတော့ တုပိုင်ဆိုတဲ့ ကလေးကို ကျေးဇူးတင်ရမှာပါ။ တုပိုင်ကို ကျေးဇူးတင်ရမှာပါ။ သူက ဂရုစိုက်တတ်ပြီး ကြင်နာတတ်တဲ့သူပါ…” ဧကရီသည် ရင်တုန်ပန်းတုန် ဖြစ်နေပြီး ထပ်မံ ငိုကြွေးကာ ပြောလိုက်သည်။ “ကဲ.. အရှင်မင်းကြီး အခုမှ နိုးလာတာဆိုတော့ စကားမပြောပါနဲ့ဦး။ ကျွန်မ ဂျင်ဆင်းဆန်ပြုတ် တစ်ပန်းကန် သွားယူလာပြီး တိုက်ပါ့မယ်။”
ဤအချိန်တွင် နန်းတွင်း သမားတော် နှစ်ယောက်သည် နောက်ဆုံးတွင် အော်ဟစ်လိုက်ကြသည်။ “ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ.. ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ…”
သူတို့နှစ်ယောက် တုပိုင်ကို ကြည့်လိုက်သော မျက်လုံးများတွင် အံ့သြမှုနှင့် မယုံကြည်နိုင်မှုများအပြင် အကန့်အသတ်မဲ့ မနာလိုဝန်တိုမှုများလည်း ပါဝင်နေသည်။ တုပိုင်က ဧကရာဇ်မင်းမြတ်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ မည်မျှကြီးမားသော ဆုလာဘ်ကြီး ရရှိလိုက်မည်နည်း။ မည်သို့သော ဆုလာဘ်မျိုး သူရရှိမည်နည်း။
အပြင်ဘက်တွင် ရောက်နေသော အဂ္ဂိရတ်ပညာရှင်များသည် အတွင်းမှ နန်းတွင်းသမားတော်များ၏ အသံကို ကြားလိုက်ရသောအခါ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။
ဧကရာဇ်မင်းမြတ် ကယ်တင်ခံလိုက်ရပြီလော။ မည်သို့ ဖြစ်နိုင်မည်နည်း။ အဂ္ဂိရတ်ပညာရှင် အားလုံးနှင့် နန်းတွင်း သမားတော် အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ဧကရာဇ်မင်းမြတ်၏ ရောဂါအကြောင်းရင်းကို ရှာမတွေ့ပေမဲ့ ဧကရာဇ်မင်းမြတ်၏ အချိန်က ကုန်ဆုံးသွားပြီ။ ဤရက်ပိုင်းအတွင်း သေချာပေါက် နတ်ရွာစံတော့မည်ဟု ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
မည်သို့ ကုသလိုက်သနည်း။ ထို့အပြင် ဝင်သွားသည်မှာ ဆယ်ကျော်သက် မိန်းမစိုးလေး တစ်ဦးတည်းသာ ဖြစ်သည်။ သူက ကယ်တင်လိုက်ခြင်းလော။ မည်သို့ ဖြစ်နိုင်မည်နည်း။
ရုတ်တရက် အပြင်ဘက်ရှိ ဝန်ကြီးများနှင့် စစ်ဗိုလ်ချုပ်များသည် ရှုပ်ထွေးသော ခံစားချက်များဖြင့် ဒူးထောက်လိုက်ပြီး အော်ဟစ်လိုက်ကြသည်။ “ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ.. ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
**--**--**--**--**--**--**--**
ဧကရာဇ်မင်းမြတ် နိုးလာသည်ကို မြင်လိုက်ရပြီး မျက်လုံးဖွင့်ကာ ပါးစပ်ဟပြီး စကားပြောနိုင်သည်ကို တွေ့လိုက်ရသောအခါ တုပိုင် သက်ပြင်းချလိုက်နိုင်သည်။ သူ့ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
ကွမ်ရှီးပြည်နယ် ၊ ပိုင်ဆယ်စီရင်စုမှ မြို့တော်သို့ ခုနစ်ရက်နှင့် ရှစ်ညကြာ ခရီးနှင်ခဲ့ရသည်။
အချိန်မီ မရောက်မည် စိုးသဖြင့် ၊ နောက်ကျသွားမည် စိုးသဖြင့် ၊ အနည်းငယ် နောက်ကျသွားရုံဖြင့် ဧကရာဇ်မင်းမြတ် အသက်မမီတော့မည် စိုးသဖြင့် တစ်ခဏမျှပင် အနားမယူရဲခဲ့ပေ။ ထိုအချိန်ရောက်လျှင် ကောင်းကင်နှင့် မြေကြီး ပြိုကွဲသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။
ယခု နောက်ဆုံးတွင် ရောက်ရှိလာပြီး ဧကရာဇ်မင်းမြတ်၏ အသက်ကို အောင်မြင်စွာ ကယ်တင်နိုင်လိုက်ပြီ ဖြစ်၍ တုပိုင် စိတ်သက်သာရာ ရသွားပြီး မူးမေ့လဲကျလုနီးပါး ဖြစ်သွားလေသည်။
မင်းသမီးနင်းရွှဲ့ မျက်စိလျင်စွာဖြင့် တုပိုင်ကို လက်တစ်ဖက်ဖြင့် လှမ်းထိန်းပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် မင်းသမီးလေး။” တုပိုင်က ပြောလိုက်သည်။
ဧကရီသည် တုပိုင်၏ အခြေအနေကို သတိထားမိပြီး ပြောလိုက်သည်။ “နင်းရွှဲ့.. မြန်မြန်လုပ်.. တုပိုင် ကောင်းကောင်း အနားယူလို့ရအောင် အနီးဆုံး အခန်းတစ်ခန်း ရှာပေးလိုက်။ ဒီကလေး မိုင်တစ်သောင်းလောက် ခရီးနှင်လာတာ အိပ်ရေးဝမှာ မဟုတ်ဘူး။ မြန်မြန်.. ပြီးရင် ဂျင်ဆင်းဆန်ပြုတ် တစ်အိုး ပြင်ဆင်ထားပြီး သူနိုးလာရင် တိုက်လိုက်။”
“ဟုတ်ကဲ့ပါ။” နင်းရွှဲ့သည် တုပိုင်ကို တွဲကူပြီး ဘေးဘက် တံခါးပေါက်ငယ်လေးဆီသို့ ထွက်ခွာသွားကာ မနီးမဝေးရှိ အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် မိန်းမစိုးတစ်ယောက် ဖြစ်သဖြင့် နန်းတော်ထဲတွင် နေထိုင်လျှင်လည်း ကိစ္စမရှိပေ။
တုပိုင်က ပြောလိုက်သည်။ “မင်းသမီးလေး.. ကျွန်တော် ကိုယ့်ဘာသာ လျှောက်နိုင်ပါတယ်။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “နင်နဲ့ ငါက မောင်နှမတွေလိုပါပဲ.. ဒီလောက်ကြီး အားနာနေစရာ မလိုပါဘူး။”
မည်သူ၏အခန်းဖြစ်သည်ကို ဂရုမစိုက်တော့ဘဲ တုပိုင်သည် ကုတင်ပေါ် ရောက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။
“ဒါနဲ့.. အစ်မကျီပြောင်ပြောင်ရော။” တုပိုင် မအိပ်ခင် မေးလိုက်သည်။
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “စိတ်မပူပါနဲ့.. သူနဲ့ ငါ စီစဉ်ထားပြီးသားပါ။”
**--**--**--**--**--**--**--**
ဤအိပ်စက်ခြင်းတွင် တုပိုင် အချိန်မည်မျှ ကြာအောင် အိပ်ပျော်သွားသည်ကို မသိပေ။ တစ်ရက်နှင့် နှစ်ည ၊ ၃၆ နာရီတိတိ ကြာမြင့်ခဲ့သည်။
တုပိုင် မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ လီလျန်တင်းသည် ဂျင်ဆင်းဆန်ပြုတ် ပန်းကန်လုံးကို ဇွန်းဖြင့် မွှေကာ ဖွဖွလေး မှုတ်ပေးနေသည်ကို တွေ့လိုက်ရသည်။
“မျောက်ကလေး.. မင်း နိုးပြီလား။” လီလျန်တင်းက ချစ်ခင်စွာ ပြုံးရင်း မေးလိုက်သည်။
တုပိုင်က မေးလိုက်သည်။ “ဧကရာဇ်မင်းမြတ် ဘယ်လိုနေလဲ။”
လီလျန်တင်းက ပြောလိုက်သည်။ “ထထိုင်နိုင်ပြီ။ စကားပြောတာ နည်းနည်း ထစ်ငေါ့နေပေမဲ့ သူပြောချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်တယ်။”
တုပိုင် သက်ပြင်းချလိုက်ပြီး ပြောသည်။ “ကံကောင်းတာပဲ။”
“ဟုတ်တယ်.. ကံကောင်းလို့” လီလျန်တင်းက ပြောလိုက်သည်။ “မင်းက တကယ်ပဲ ငါ့တာ့နင်အင်ပါယာကို ကယ်တင်ဖို့ ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ ကလေးပဲ။” ထို့နောက် ဘိုးဘေးကြီးသည် ဆန်ပြုတ်ကို တုပိုင်အား ကမ်းပေးလိုက်သည်။
တုပိုင် ထထိုင်လိုက်ပြီး သုံးလုပ်လောက် သောက်လိုက်ရုံဖြင့် ပြောင်စင်သွားသည်။
လီလျန်တင်းက ပြောလိုက်သည်။ “ထပြီးရင် ရေကောင်းကောင်းချိုးလိုက်ဦး။ မင်းကိုယ်က ဘယ်လောက် နံနေလဲ မင်းသိလား။ ပြီးတော့ မင်းက မင်းသမီးလေးရဲ့ မွှေးပျံ့နေတဲ့ အိပ်ခန်းဆောင်ထဲမှာ သတိလက်လွတ် အိပ်ပျော်သွားတာလေ။ အခန်းတစ်ခုလုံး မင်းအနံ့တွေ နံစော်နေပြီ။”
“ဟာ…” တုပိုင် ကုတင်ပေါ်မှ ချက်ချင်း ခုန်ဆင်းချင်သွားသည်။
သူသည် ရက်ပေါင်းများစွာ ညပေါင်းများစွာ ခရီးနှင်လာခဲ့ရခြင်း ဖြစ်သည်။ ကျီပြောင်ပြောင်က ရေကန်တစ်ခု တွေ့လျှင် တုပိုင်ကို အစောင့်ခိုင်းပြီး သူက ရေဆင်းချိုးလေ့ရှိသည်။ တုပိုင် ရေချိုးရသည့် အကြိမ်အရေအတွက်ကမူ လက်ချိုးရေ၍ ရနိုင်သည်။ အစပိုင်းတွင်မူ အစ်မပြောင်ပြောင်က သူနှင့် ချစ်ရည်လူးရန် ဆန္ဒရှိသော်လည်း နောက်ပိုင်းတွင် အနားမကပ်တော့ပေ။
သို့သော် မနေ့ညက မင်းသမီးလေး၏ အိပ်ခန်းဆောင်ထဲတွင် အိပ်မိခြင်းက အပြစ်ကြီးတစ်ခုပင် ဖြစ်သည်။
ဆန်ပြုတ်သောက်ပြီးနောက် တုပိုင်သည် နန်းတွင်းအပျိုတော်လေး အချို့၏ ပြုစုမှုဖြင့် ရေချိုးပြီး အဝတ်အစား လဲလှယ်လိုက်သည်။ ထိုအပျိုတော်လေးများထဲတွင် တုပိုင် မြင်ဖူးသော ၊ မဟာဆရာသခင်ကြီး နင်ဇောင်ဝူနှင့် အတူရှိခဲ့ဖူးသော ဖက်တီးအပျိုတော်လေးလည်း ပါဝင်သည်။
တုပိုင်ကို ရေချိုးပေးရင်း သူမ ညည်းညူနေသည်။ “အရမ်း ညစ်ပတ်တာပဲ.. အရမ်း ညစ်ပတ်တာပဲ…”
“ဟေး.. တုပိုင်.. နင် ငါ့အတွက် လက်ဆောင် ဘာပါလာလဲ။” ကလေးမလေးသည် ကောင်းကင် မည်မျှမြင့်သည် ၊ မြေကြီး မည်မျှထူသည် ဆိုသည်ကို မသိရှာပေ။ တုပိုင် ရောဂါကုရန် လာသည်ကို သိရက်နှင့် လက်ဆောင် မေးနေသေးသည်။ သို့သော် တုပိုင်နှင့် သူ မည်မျှ ရင်းနှီးသည် ဆိုသည်ကို အခြားလူများသိစေရန် တမင် ပြောနေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သန့်ရှင်းစင်ကြယ်သွားပြီး အသစ်စက်စက် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။
တုပိုင်သည် ဧကရာဇ်မင်းမြတ်ကို တရားဝင် သွားရောက် တွေ့ဆုံလေတော့သည်။
**--**--**--**--**--**--**--**
တုပိုင် ဧကရာဇ်မင်းမြတ်ကို မြင်လိုက်ရသောအခါ သူသည် နဂါးဝတ်ရုံတော်ကို ဝတ်ဆင်ထားပြီး ဖြစ်သည်။ ခေါင်းတွင် ပတ်တီးစည်းထားပြီး အပေါ်မှ သရဖူဆောင်းထားသဖြင့် ပတ်တီးကို လုံးဝ မမြင်ရတော့ပေ။ သူသည် နဂါးပလ္လင်ကြီးပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး ဧကရီက ဘေးမှနေ၍ ဆေးဆန်ပြုတ် ခွံ့ကျွေးနေသည်။
“ငါ့အသက်သခင် ကျေးဇူးရှင် ရောက်လာပြီ…” ဧကရာဇ်မင်းမြတ်သည် တုပိုင်ကို မြင်လိုက်သည်နှင့် ချစ်ခင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် အိမ်ရှေ့စံမင်းသား ထရပ်လိုက်ပြီး တုပိုင်ထံ လျှောက်လာကာ ဦးညွှတ်ပြီး ပြောလိုက်သည်။ “နင်ကျုံးကျင်းပါ ၊ ခမည်းတော်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
အိမ်ရှေ့စံမင်းသားသည် သူ့ကိုယ်သူ အလွန် နှိမ့်ချလိုက်ပြီး ကျွန်ုပ်ဟု မသုံးနှုန်းဘဲ နာမည်တပ်၍ ပြောဆိုလိုက်သည်။ တုပိုင်ကို ညီငယ်တစ်ယောက်ကဲ့သို့ပင် ဆက်ဆံလိုက်သည်။
တုပိုင် အလျင်အမြန် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “ဒါက ဧကရာဇ်မင်းမြတ်ရဲ့ ဘုန်းကံကြောင့်ပါ။ ကျွန်တော်မျိုးက ကောင်းကင်ဘုံရဲ့ ကုသိုလ်ကို မမျှော်ကိုးရဲပါဘူး။”
ထို့နောက် တုပိုင်သည် အိမ်ရှေ့စံမင်းသားကို ထပ်မံ ဂါရဝပြုလိုက်သည်။ “အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ.. သက်တော်ရာကျော် ရှည်ပါစေ.. သက်တော်ရာကျော် ရှည်ပါစေ။”
ဤအချိန်တွင် တုပိုင် အိမ်ရှေ့စံမင်းသား၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ သူသည် ဧကရာဇ်ထျန်ယွင်ထက်ပင် ဧကရာဇ်တစ်ပါးနှင့် ပိုတူသည်။ အရပ်ရှည်ပြီး ချောမောခန့်ညားသည်။ တည်ငြိမ်သော အသွင်အပြင် ရှိသော်လည်း မာနလည်း မလျော့နည်းပေ။ သူသည် သူ၏ခံစားချက်များကို ဖုံးကွယ်ရာတွင် ကျွမ်းကျင်သူ ဖြစ်သည်။ ဧကရာဇ်ထျန်ယွင်ကဲ့သို့ ပျော်ရွှင်မှု ၊ ဒေါသ ၊ ဝမ်းနည်းမှု ၊ ကြည်နူးမှုများကို မျက်နှာပေါ်တွင် ချက်ချင်း ထုတ်ပြတတ်သူ မဟုတ်ပေ။
ဤအချိန်တွင် တုပိုင်သည် ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်တွင် အခြားလူတစ်ဦးကို တွေ့လိုက်ရသည်။ သူကား မဟာဆရာသခင်ကြီး နင်ဇောင်ဝူပင်။
သူတို့နှစ်ဦး မတွေ့ရသည်မှာ ကြာပြီ ဖြစ်သော်လည်း မဟာဆရာသခင်ကြီး ဤအထိ ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“ဆရာကြီးနင်.. ခင်ဗျား သင်ပေးလိုက်တဲ့ တပည့်ကောင်းတစ်ယောက်ပါပဲ။” ဧကရာဇ်မင်းမြတ်က ပြုံးပြီး ပြောလိုက်သည်။ “နန်းတွင်း သမားတော်တွေ အကုန်လုံး ၊ အဂ္ဂိရတ်ပညာရှင်တွေ အကုန်လုံး ငါဘာရောဂါ ဖြစ်နေလဲဆိုတာ မသိကြဘူး။ ခင်ဗျားရဲ့ တပည့် ၊ လီဝမ်ဟွေ့ရဲ့ သားကမှ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ်။ ငါ့ဦးနှောက်ထဲမှာ သန်ကောင်ရှိနေပြီး ဦးနှောက်ကို ဖိထားတယ်တဲ့။”
“တကယ်တော့ ဧကရာဇ်မင်းမြတ်ရဲ့ ရောဂါကို ကျွန်တော်မျိုးတောင် မမြင်နိုင်ပါဘူး။ ဒါပေမဲ့ တုပိုင်က မြင်နိုင်ပြီး ဧကရာဇ်မင်းမြတ်ကို ကုသပေးနိုင်ခဲ့တယ်။” နင်ဇောင်ဝူ ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုး ကြွားဝါနေတာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးရဲ့ ဒီတပည့်က တကယ်ကို ဉာဏ်ကြီးရှင်ပါပဲ။ လီဝမ်ဟွေ့တင် ရှက်ရတာ မဟုတ်ဘူး ၊ ကျွန်တော်မျိုးလည်း ရှက်မိပါတယ်။ သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးမျိုး ကျွန်တော်မျိုး တစ်ခါမှ မမြင်ဖူး ၊ မကြားဖူးပါဘူး။”
“အို.. တကယ်လား…” ဧကရာဇ်မင်းမြတ် ဝမ်းသာအားရ ပြောလိုက်သည်။
နင်ဇောင်ဝူက ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ် ပိုင်ဆယ်စီရင်စုကို သိပါသေးတယ်နော်။”
အပိုင်း ၃၆၉ ပြီး။