← Chapters

အခန်း (၃၇၀)

Vol. 37 Ch. 370

အခန်း (၃၇၀)

Vol. 37 Ch. 370

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၇၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ဧကရာဇ်မင်းမြတ်က ပြောလိုက်သည်။ “ငါ မှတ်မိတာပေါ့။ ဒါက ငါ့ရဲ့ အရှက်ရစရာ ဖြစ်ရပ်တစ်ခုပဲ။ သစ္စာဖောက် ယန်ရှောင်က ငါ့ကို စိတ်ပျက်အောင် လုပ်ခဲ့သလို ပိုင်ဆယ်စီရင်စုက အင်ပါယာရဲ့ အုပ်ချုပ်ရေးယန္တရားကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။”

နင်ဇောင်ဝူက ပြောလိုက်သည်။ “လီလျန်တင်းက တုပိုင်ကို ပိုင်ဆယ်စီရင်စုက နဂါးသိုက် ကျားသိုက်ထဲကို လူ ခုနစ်ယောက်တည်းနဲ့ စေလွှတ်ခဲ့တာပါ။”

ဧကရာဇ်မင်းမြတ်က ပြောလိုက်သည်။ “အဲ့ဒီကိစ္စကို ငါသိပါတယ်။ လီလျန်တင်းက ငါ့ဆီကနေ အမိန့်တော် သုံးစောင် တောင်းခဲ့သေးတယ်လေ။ တုပိုင်က အခု ပိုင်ဆယ်စီရင်စုမှာ ခြေကုပ်ရနေပြီလား။ စိတ်မပူပါနဲ့.. ဒီနေရာက လီမိသားစုရဲ့ နဂါးသိုက် ကျားသိုက် ဖြစ်နေတာ။ အရမ်း စိတ်မလောပါနဲ့.. ကိုယ့်အသက်အန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးပါ။”

တုပိုင် ဦးညွှတ်လိုက်ပြီး ပြောသည်။ “စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

နင်ဇောင်ဝူ ပြုံးလိုက်ပြီး ပြောသည်။ “ခြေကုပ်ရတာထက် ပိုပါသေးတယ်။ တုပိုင်က ပထမဆုံး အရှေ့ဘက်ကွပ်ကဲရေးရုံး သစ္စာဖောက် တပ်ရင်းမှူး ကျန်းရှောင်ကို ရှင်းလင်းခဲ့တယ်။ ပြီးတော့ သစ္စာဖောက် ယန်ရှောင်ရဲ့ ထောင်ချီတဲ့ စစ်တပ်ကို အပြတ်ရှင်းပစ်ခဲ့တယ်။ အခု အပြာရောင်နဂါးဂိုဏ်း ခေါင်းဆောင် ကျီချင်းကျူက ဧကရာဇ်မင်းမြတ်အပေါ် လုံးဝ သစ္စာခံသွားပါပြီ။ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို လက်ခံရယူပြီး တာ့နင်အင်ပါယာရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပါပြီ။ သူက စစ်သားနဲ့ မြင်းတွေ စုဆောင်းနေပြီး အရှိန်အဟုန် ကောင်းနေပါတယ်။ အခုဆိုရင် ပိုင်ဆယ်စီရင်စုမှာ တာ့နင်အင်ပါယာရဲ့ စစ်သည်အင်အား တစ်သောင်း ၊ သိုင်းပညာရှင် အင်အား ထောင်ချီ နဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် နှစ်ထောင် ရှိနေပါပြီ။ လီမိသားစုနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အနေအထား ရောက်နေပါပြီ။”

ဤသတင်းသည် လွန်ခဲ့သော ဆယ်ရက်ခန့်ကတည်းက ရောက်ရှိနေခြင်း ဖြစ်သော်လည်း ဧကရာဇ်မင်းမြတ် ရောဂါသည်းနေသဖြင့် မသိရှိခဲ့ရခြင်း ဖြစ်သည်။

ထိုစကားကို ကြားလိုက်သည်နှင့် ဧကရာဇ်မင်းမြတ်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာ၏။ “ကောင်းတယ်.. ကောင်းတယ်.. တကယ် ကောင်းတယ်။”

“အင်ပါယာရဲ့ မဏ္ဍိုင်ဖြစ်လာမယ့်သူ.. တိုင်းပြည်ရဲ့ အားကိုးရာ ရတနာပဲ…”

“တကယ်ကို မကြားဖူး မမြင်ဖူးလောက်အောင် ထူးချွန်တာပဲ…”

ထို့နောက် ဘေးနားရှိ ဧကရီက ပြောလိုက်သည်။ “အရှင်မင်းကြီး.. အရှင်မင်းကြီး မသိသေးတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်။ တုပိုင်က အသက်နဲ့ရင်းပြီး မိုမိသားစုရဲ့ ရတနာသိုက်ထဲက ရွှေတုံး ၅၉,၀၀၀ ကို ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီထဲက ရွှေတုံး တစ်သောင်းကို လီဝမ်ဟွေ့လက်ထဲ အပ်နှံပြီး ကျန်းနန်နယ်စားမင်းရဲ့ စစ်စရိတ်အဖြစ် လွှဲပြောင်းပေးခဲ့ပါတယ်။ ရွှေတုံး လေးသောင်းကိုတော့ တောင်ပိုင်းမြို့နယ်စား အိမ်တော်မှာ သိမ်းဆည်းထားပြီး အရှင်မင်းကြီးရဲ့ လက်ခံမှုကို စောင့်မျှော်နေပါတယ်။”

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်မျိုးက ရွှေတုံး ငါးထောင်ကိုတော့ ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရဲ့ သားသမီးတွေအတွက် သိမ်းထားလိုက်ပါတယ်။” (ငွေတုံးငါးသောင်း = ရွှေတုံးငါးထောင်)

ထိုစကားကို ကြားလိုက်သောအခါ ဧကရာဇ်မင်းမြတ်၏ မျက်လုံးများ ရုတ်တရက် နီရဲလာပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ “တချို့လူတွေကလေ.. ငါ နယ်စပ်စစ်တပ်အတွက် ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ရည်ရွယ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေထားတဲ့ ငွေတွေကို ခိုးယူဖို့ ကြိုးစားကြတယ်။ အရင်တုန်းက ငါ သူတို့အတွက် တစ်နှစ်ပတ်လုံး ငွေတုံး ၁၅ သန်း ရအောင် ကြိုးစားရှာဖွေပေးခဲ့တာတောင် မလောက်ဘူးတဲ့။ နောက်ပိုင်းမှာ ငါ မျက်နှာအောင့်ခံပြီး အခွန်ဌာန ၊ ဆားသယ်ယူပို့ဆောင်ရေးဌာန ၊ ကုန်ထုတ်လုပ်ရေးဗျူရို နဲ့ သတ္တုတွင်းဌာနတွေကို ဖွင့်ပေးခဲ့ပြီး တစ်နှစ်အတွင်း ၂၆ သန်းအထိ ရှာပေးခဲ့တယ်။ အဲ့ဒီတုန်းက ငါ့စိတ်ထဲမှာ ဒါဆိုရင်တော့ လုံလောက်လောက်ပြီ.. နှစ်တစ်နှစ်ကို ဖြတ်သန်းဖို့ အဆင်ပြေလောက်ပြီလို့ တွေးခဲ့တာ။ ဒါပေမဲ့ ငွေတွေက မလောက်ပြန်ဘူး။ ရလဒ်အနေနဲ့ ဒုက္ခသည်တချို့ အစာငတ်သေကုန်ကြတယ် ၊ စစ်သားတချို့ ထမင်းမဝကြဘူး ၊ ဆောင်းတွင်းမှာ အဝတ်ပါးပါးလေးနဲ့ နေကြရတယ်။ အဲ့ဒီတုန်းက ငါ တကယ် စဉ်းစားမိတယ်။ ငွေတွေ ဘယ်ရောက်ကုန်တာလဲ။ ငွေတွေ အကုန်လုံး ဘယ်ရောက်သွားတာလဲ။”

“တချို့လူတွေက ငါ့ဆီကနေ ငွေရဖို့အတွက် အရာအားလုံး လုပ်ကြတယ်။ ရူးသွပ်မတတ်ပဲ။ သေသွားတဲ့သူဆီကနေတောင် ငွေရှာရဲကြတယ်။” ဧကရာဇ်မင်းမြတ် သက်ပြင်းချလိုက်သည်။

“ပြီးတော့ တချို့လူတွေကျတော့ အင်ပါယာရဲ့ ကောင်းကျိုးအတွက် သူတို့ပိုင်ဆိုင်သမျှ ပေးဆပ်ကြတယ်။ အရင်တုန်းက လီဝမ်ဟွေ့ ဆိုရင် လီမိသားစုဆီကနေ ငွေတုံး သုံးလေးသန်းလောက် ရခဲ့တာ အကုန်လုံး ပြန်အပ်ခဲ့တယ်။ သူ့မှာ ဘာမှ မကျန်ခဲ့ဘူး။ အခု မင်းကလည်း ရွှေတုံးခြောက်သောင်းလောက် ရခဲ့တာတောင် အကုန်လုံး ပြန်အပ်ပြန်ပြီ။ မင်းမှာလည်း ဘာမှ မကျန်ပြန်ဘူး။”

ဧကရာဇ်မင်းမြတ် ခေါင်းငုံ့လိုက်ပြီး အသံတုန်တုန်ဖြင့် ပြောသည်။ “မင်းတို့သားအဖသာ မရှိရင် အင်ပါယာက ပျက်စီးနေလောက်ပြီ။”

ထို့နောက် ဧကရာဇ်မင်းမြတ် ရုတ်တရက် ခေါင်းမော့လိုက်ပြီး အိမ်ရှေ့စံမင်းသားကို ခေါ်လိုက်သည်။ “အိမ်ရှေ့စံ။” အိမ်ရှေ့စံမင်းသား ချက်ချင်း ရှေ့တိုးလာပြီး ဒူးထောက်လိုက်သည်။

ဧကရာဇ်မင်းမြတ်က မေးလိုက်သည်။ “မင်းဘေးက တုပိုင်ကို မြင်လား။”

အိမ်ရှေ့စံက ဖြေသည်။ “မြင်ပါတယ် ခမည်းတော်။”

ဧကရာဇ်မင်းမြတ်က ပြောလိုက်သည်။ “ဒီနေ့ကစပြီး တုပိုင်က မင်းရဲ့ အဖော်မွန် ဖြစ်သွားပြီ။ လီဝမ်ဟွေ့နဲ့ ငါလို.. လီလျန်တင်းနဲ့ မင်းအဘိုးလိုပေါ့။” (အဖော်မွန် ဆိုသည်မှာ ဧကရာဇ်နှင့် မိန်းမစိုးကြား အရင်းနှီးဆုံး ဆက်ဆံရေး ဖြစ်ပြီး မိသားစုဝင်တစ်ပိုင်းကဲ့သို့ ဖြစ်သည်။ ဧကရာဇ်ဝမ်လီ ၏ အဖော်မွန်မှာ ဖုန်းပေါင် ဖြစ်သည်။ ဝမ်လီ ငယ်ရွယ်စဉ်က ဖုန်းပေါင်သည် အဖော်မွန်ရော ဆရာပါ ဖြစ်ခဲ့သည်။ မည်သည့် အဖော်မွန်မဆို ဧကရာဇ်၏ ပထမဆုံး ယုံကြည်ရသော မိန်းမစိုး ဖြစ်သည်။)

တုပိုင် ချက်ချင်း အိမ်ရှေ့စံမင်းသားကို ဂါရဝပြုလိုက်ပြီး ပြောသည်။ “သခင်လေးကို ဂါရဝပြုပါတယ်။”

အိမ်ရှေ့စံမင်းသားသည် တုပိုင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။ “တုပိုင်.. ငါတို့က နောင်တစ်ချိန် မိသားစု ဖြစ်လာကြတော့မှာပါ။”

ဧကရာဇ်မင်းမြတ်က ပြောလိုက်သည်။ “အိမ်ရှေ့စံက တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာဆိုတော့ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိဦးမယ်။ သွားလိုက်ပါဦး။”

“အမိန့်တော်အတိုင်းပါ။” အိမ်ရှေ့စံက ပြောလိုက်သည်။ “ခမည်းတော်.. တုပိုင်က သားရဲ့ အဖော်မွန် ဖြစ်လာမှတော့ မြို့တော်မှာ သားနဲ့အတူ နေပြီး စာအတူလေ့လာ ၊ သိုင်းအတူလေ့လာရင် မကောင်းဘူးလား။”

ဧကရာဇ်မင်းမြတ် ရယ်မောလိုက်ပြီး ပြောသည်။ “အဲ့ဒါတော့ မဖြစ်ဘူး။ သူက ဓားတစ်ချောင်းလေ.. နန်းတော်ထဲမှာ ဝှက်ထားလိုက်ရင် နှမြောစရာ ကောင်းသွားမှာပေါ့။ သွားပါတော့။”

အိမ်ရှေ့စံ ထွက်ခွာသွားပြီးနောက် ဧကရာဇ်မင်းမြတ်သည် တုပိုင်ကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်သည်။ “သား.. မင်း လှူဒါန်းလိုက်တဲ့ ရွှေတုံး လေးသောင်းက အခု ကျန်းနန်နယ်စား အိမ်တော်မှာ ရှိနေတယ်။ ငါ လက်ခံဖို့ စောင့်နေတာ။ အဲ့ဒီငွေတွေကို ဘယ်လို သုံးသင့်လဲဆိုတာ မင်း ပြောပြပါဦး။” တုပိုင် အနည်းငယ် တုံ့ဆိုင်းသွားသည်။

“မင်းအဖေနဲ့ ငါက ညီအစ်ကိုတွေလိုပါပဲ.. ကိစ္စမရှိပါဘူး။ ပြောချင်တာရှိရင် ရဲရဲသာ ပြောပါ။” ဧကရာဇ်မင်းမြတ်က ပြောလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “လီမိသားစုရဲ့ ပုန်ကန်မှုက နီးကပ်နေပါပြီ။ အဲ့ဒီအချိန်ကျရင် ကျန်းနန်နယ်စားမင်းရဲ့ စစ်သည် သိန်းချီက အန်နမ်နိုင်ငံထဲ ရောက်နေမှာပါ။ အင်ပါယာရဲ့ အနောက်တောင်ပိုင်းမှာ စစ်သည်အင်အား မရှိသလောက် ဖြစ်သွားပါလိမ့်မယ်။ လီမိသားစုက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို စုစည်းပြီးသွားရင် စစ်သည်အင်အား သုံးသိန်းလောက် ရှိလာမှာပါ။ အဲ့ဒီအချိန်ကျရင် အနောက်တောင်ပိုင်း တစ်ခုလုံးကို တမုဟုတ်ချင်း သိမ်းပိုက်သွားနိုင်သလို အန်နမ်ဘုရင် ငုယင် နဲ့ ပူးပေါင်းပြီး ကျန်းနန်နယ်စားမင်းနဲ့ အန်နမ်ဘုရင် လီချန် တို့ကို တိုက်ခိုက်လာနိုင်ပါတယ်။ အဲ့ဒါဆိုရင် ကပ်ဘေးကြီး ဖြစ်လာမှာပါ။”

ဧကရာဇ်မင်းမြတ် ခေါင်းညိတ်လိုက်သည်။ ထို့အပြင် တာ့နင်အင်ပါယာ၏ စစ်သည်များသည် နေရာအသီးသီးတွင် တာဝန်ကျနေပြီးသား ဖြစ်၍ နေရာရွှေ့ပြောင်းရန် မဖြစ်နိုင်ပေ။

ရှန်းရှီး ၊ မွန်ဂိုလီးယား ၊ လျောင်တုန်း ဒေသများရှိ အခြေအနေများသည်လည်း အနောက်တောင်ပိုင်းထက် မလျော့နည်းလှပေ။

တုပိုင်က ဆက်ပြောသည်။ “လွန်ခဲ့တဲ့ တစ်ခေါက်က ကျွန်တော့် မွေးစားအဖေ လီဝမ်ဟွေ့ ကွမ်ရှီးပြည်နယ်မှာ လီမိသားစုရဲ့ အင်အားစုတွေကို ဝိုင်းရံချေမှုန်းတုန်းက ရိက္ခာနဲ့ သံထည်ပစ္စည်းတွေ အများကြီး သိမ်းဆည်းရမိခဲ့ပါတယ်။ ဧကရာဇ်မင်းမြတ် အနေနဲ့ ကွမ်ရှီးပြည်နယ်မှာ လက်နက်ထုတ်လုပ်ရေး ဗျူရိုကို ပြန်ဖွင့်ပြီး လက်နက်တွေ ပြန်လည် ထုတ်လုပ်ဖို့ အမိန့်ပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကွေ့မင်းသားနဲ့ ကွမ်ရှီး ဘုရင်ခံ ကျန်းရန်မင်ကို စစ်သည် လေ့ကျင့်ခွင့် အမိန့် ပေးလိုက်ပါ။ ငွေတုံး သန်းချီ ၊ သံထည်ပစ္စည်းတွေ ၊ ရိက္ခာတွေနဲ့ ကွမ်ရှီးဒေသခံတွေရဲ့ သိုင်းပညာ ထူးချွန်မှုတွေ ရှိနေတာကြောင့် တစ်နှစ် ၊ နှစ်နှစ်အတွင်း စစ်သည်အင်အား တစ်သိန်းခွဲလောက် စုစည်းဖို့ မခက်ခဲပါဘူး။”

ထို့နောက် တုပိုင် ထပ်မံ ဦးညွှတ်လိုက်ပြီး ပြောသည်။ “ဒါကတော့ ကျွန်တော် စာရွက်ပေါ်မှာ တွက်ချက်ကြည့်တာပါပဲ။”

ဧကရာဇ်မင်းမြတ် ရယ်မောလိုက်ပြီး အစီရင်ခံစာ နှစ်စောင်ကို ထုတ်ယူကာ ပြောလိုက်သည်။ “ကွေ့မင်းသားနဲ့ ကျန်းရန်မင်ရဲ့ စာတွေ ရောက်နှင့်နေပါပြီ။ ကွေ့မင်းသားက မင်း အောင်မြင်လာတဲ့အခါ သူ့ရဲ့ နယ်စားပယ်ရာကို ဖျက်သိမ်းပေးဖို့တောင် တောင်းဆိုထားသေးတယ်…”

ထို့နောက် ဧကရာဇ်မင်းမြတ်သည် စားပွဲကို ရိုက်ချလိုက်ပြီး ပြောလိုက်သည်။ “ဟို ဝန်ကြီးတွေ ၊ စစ်ဗိုလ်ချုပ်တွေက ဘိုးဘွားပိုင် ထုံးတမ်းစဉ်လာ ၊ ဘိုးဘွားပိုင် ထုံးတမ်းစဉ်လာနဲ့ ပြောနေကြတာ။ ဒီလူတွေက သူတို့အတွက် အကျိုးရှိရင် ထုံးတမ်းစဉ်လာကို ကိုင်စွဲကြတယ်။ သူတို့အတွက် အကျိုးမရှိရင် ထုံးတမ်းစဉ်လာကို လွှတ်ချထားခဲ့ကြတာ။ သူတို့ကို ဂရုစိုက်မနေနဲ့။ ကွေ့မင်းသားနဲ့ ဘုရင်ခံ ကျန်းရန်မင်ကို ဒေသခံ စစ်တပ် ဖွဲ့စည်းခွင့် ပြုလိုက်ပြီ။ စစ်သည် တစ်သိန်းခွဲ ရအောင် လုပ်ခိုင်းထားတယ်။ ငါ အခု ဘယ်သူ့ကိုမှ မယုံဘူး။ ကွေ့မင်းသားနဲ့ ဆရာကျန်းကိုပဲ ယုံတယ်။ သူတို့နှစ်ယောက်ပဲ မင်းလှူဒါန်းထားတဲ့ ရွှေတွေကို လာဘ်မစားဘဲ သုံးမှာ။”

နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ်သည် တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ “သား.. မင်း လုပ်ခဲ့တာတွေ အကုန်လုံးက ဆုလာဘ်နဲ့ ထိုက်တန်ပါတယ်။ မင်းကို ငါ ဘယ်လို ဆုချရမလဲ။”

တုပိုင် အလျင်အမြန် ဂါရဝပြုလိုက်ပြီး ပြောသည်။ “ကျွန်တော်မျိုး ဆုလာဘ် မမျှော်ကိုးရဲပါဘူး။ ဧကရာဇ်မင်းမြတ်ကို ကယ်တင်တာက သားတစ်ယောက်က အဖေတစ်ယောက်ကို ကယ်တင်တာနဲ့ အတူတူပါပဲ။ ဘာကုသိုလ်မှ မရှိပါဘူး။ ရွှေငွေတွေ ဆက်သတာကလည်း မိဘကို လုပ်ကျွေးတာနဲ့ အတူတူပါပဲ။ ဘာကုသိုလ်မှ မရှိပါဘူး။”

ဧကရာဇ်မင်းမြတ်သည် တုပိုင်ကို တစ်လှည့် ၊ မင်းသမီးနင်းရွှဲ့ကို တစ်လှည့် ကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ “အို.. နှမြောစရာ ကောင်းလိုက်တာ။”

ဤသည် ဧကရာဇ်နှင့် ဧကရီ သက်ပြင်းချခြင်း ပထမဆုံးအကြိမ် မဟုတ်ပေ။ တုပိုင် မိန်းမစိုး ဖြစ်နေသည်မှာ အမှန်တကယ်ပင် နှမြောစရာ ကောင်းလှပေသည်။ မဟုတ်လျှင် မင်းသမီးနင်းရွှဲ့နှင့် တကယ် လိုက်ဖက်ညီမည်။

ထို့အပြင် တုပိုင်၏ သစ္စာရှိမှု ၊ အရည်အချင်း ၊ အကျင့်စာရိတ္တ ၊ ကဗျာ ၊ ဂီတ ၊ စစ်တုရင် ၊ စာရေးအလှ နှင့် ပန်းချီ အားလုံးက ထူးချွန်ထက်မြက်ပေသည်။

မင်းသမီးနင်းရွှဲ့သည်လည်း ဧကရီ၏ ညည်းညူသံများကို သီးသန့် ကြားသိခဲ့ဖူးပုံရသည်။ ယခုအချိန်တွင် သူမ၏ ပါးပြင်များ နီရဲလာပြီး ပို၍ လှပကျက်သရေရှိလာသည်။

ဧကရာဇ်မင်းမြတ်က ပြောလိုက်သည်။ “မင်းက ကလေးပဲ ရှိသေးတော့ ရာထူးတိုးပေးဖို့ မဖြစ်နိုင်သေးဘူး။ မင်းရဲ့ ကုသိုလ်အတွက် မင်းအဖေကို ဘယ်လို ဆုချပေးရမလဲ။”

ထိုစကားကို ကြားလိုက်သောအခါ တုပိုင် ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။”

ဧကရာဇ်မင်းမြတ် ရယ်မောလိုက်ပြီး ပြောသည်။ “တကယ်ပဲ သားအဖတွေ ဆက်နွှယ်နေကြတာကိုး။ သူ့ကို ဆုချမယ်ဆိုတုန်းက ဘာမှ မတုံ့ပြန်ဘဲ သူ့မွေးစားအဖေကို ဆုချမယ်ဆိုတော့မှ ဝမ်းသာအားရ ဖြစ်နေတယ်။”

ဧကရာဇ်မင်းမြတ်က လီလျန်တင်းကို အချက်ပြလိုက်သည်။

လီလျန်တင်းသည် အမိန့်တော်လွှာ တစ်စောင်ကို ကောက်ယူလိုက်ပြီး ဖတ်ကြားလိုက်သည်။ “ကောင်းကင်ဘုံ အမိန့်အရ ဧကရာဇ်မင်းမြတ်က လီဝမ်ဟွေ့ ကို ကွမ်ရှီးပြည်နယ် စောင့်ရှောက်ရေး မိန်းမစိုး ၊ ကွမ်ရှီး တပ်မတော်သစ်၏ စစ်သေနာပတိချုပ် အဖြစ် ခန့်အပ်လိုက်ပြီး အန်နမ်နိုင်ငံ မြို့တော် ရွှေ့ပြောင်းရေး ကိစ္စကိုပါ ဆက်လက် တာဝန်ယူစေသည်။”

ဤသည် အပေါ်ယံကြည့်လျှင် ဘာမှ မဟုတ်သော်လည်း လက်တွေ့တွင်မူ အလွန်.. အလွန်ပင် လေးလံသော ဆုလာဘ်ကြီး ဖြစ်သည်။

လီဝမ်ဟွေ့သည် ရာထူးဖြုတ်ချခံထားရသူ ဖြစ်သည်။ ယခု ပြန်လည် ခန့်အပ်ရုံသာမက ရာထူး နှစ်ဆင့် ဆက်တိုက် တိုးပေးလိုက်ခြင်း ဖြစ်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး (စတုတ္ထအဆင့်) မှ ကွမ်ရှီး စောင့်ရှောက်ရေး မိန်းမစိုး (ဒုတိယအဆင့်) အထိ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။

ကွမ်ရှီးပြည်နယ်တွင် စောင့်ရှောက်ရေး မိန်းမစိုး မရှိခဲ့ဖူးသော်လည်း ယခု စစ်ပွဲ နီးကပ်လာပြီဖြစ်၍ ခန့်အပ်လိုက်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

ကွေ့မင်းသားနှင့် ဘုရင်ခံကျန်းရန်မင်ကို ကွမ်ရှီး တပ်မတော်သစ် စုဆောင်းခိုင်းထားသည်။ ဤတပ်မတော်တွင် စုစုပေါင်း စစ်သည် ၁၅၀,၀၀၀ ရှိပြီး လီဝမ်ဟွေ့က ဤတပ်မတော်၏ ကြီးကြပ်ရေးမှူး ဖြစ်လာမည်ဖြစ်ရာ သေချာပေါက် အာဏာကြီးမားပေမည်။

ဆိုလိုသည်မှာ ဤသည် ဧကရာဇ်မင်းမြတ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိသော တပ်မတော် ဖြစ်ပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်၍ မရနိုင်ပ။ ကွမ်ရှီး ဘုရင်ခံ တုကျန်းပင်လျှင် အမည်ခံမျှသာ ရှိတော့မည်။

တပ်မတော် ဖွဲ့စည်းပြီးသည်နှင့် ပိုင်ဆယ်စီရင်စုမှ စစ်သည် တစ်သောင်းကျော် ၊ အန်လုံစော်ဘွားအိမ်တော်မှ စစ်သည် ထောင်ချီနှင့် ပေါင်းလိုက်လျှင် အင်ပါယာအနေဖြင့် အနောက်တောင်ပိုင်းတွင် တိုက်ရိုက် အသုံးပြုနိုင်သော စစ်သည်အင်အား ၁၈၀,၀၀၀ ရှိလာမည် ဖြစ်သည်။ လီမိသားစု၏ စစ်သည် သုံးသိန်းနှင့် ယှဉ်လျှင် မလုံလောက်သေးသော်လည်း အနည်းဆုံးတော့ ခုခံနိုင်စွမ်း မရှိခြင်းမျိုး မဟုတ်တော့ပေ။

ထို့နောက် ဧကရာဇ်မင်းမြတ်သည် တုပိုင်ကို ကြည့်ပြီး နှုတ်မိန့် တစ်ခု ပေးလိုက်သည်။ “တုပိုင်ကို အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနရဲ့ တောင်ဘက်စာကြည့်ဆောင် စာရေး အဖြစ် ခန့်အပ်လိုက်တယ်။ အချိန်ပြည့် တာဝန်ထမ်းဆောင်စရာ မလိုပါဘူး။”

ဤရာထူးသည် ဂုဏ်ရှိပြီး တုပိုင်အနေဖြင့် အရှေ့ဘက်ကွပ်ကဲရေးရုံးအပြင် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနတွင်ပါ ရာထူးရရှိသွားသကဲ့သို့ ဖြစ်နေသည်။ ဤဆုလာဘ်သည် လူတိုင်းအတွက် အံ့သြစရာ မဟုတ်ပေ။

သာမန်အားဖြင့် ဤမျှဆိုလျှင် တုပိုင်အတွက် ဆုလာဘ်မှာ လုံလောက်နေပြီ ဖြစ်သည်။ သို့သော် ဧကရာဇ်မင်းမြတ်က မလုံလောက်သေးပေဟု ခံစားနေရသည်။

“သား.. မင်းက ပေကျင်း တုမိသားစုဝင် ဖြစ်ခဲ့ဖူးပြီး သူတို့ရဲ့ စွန့်ပစ်တာ ခံခဲ့ရတယ် မဟုတ်လား။” ဧကရာဇ်မင်းမြတ် ရုတ်တရက် မေးလိုက်သည်။

တုပိုင် ဦးညွှတ်လိုက်ပြီး ဖြေသည်။ “ဟုတ်ပါတယ် ခင်ဗျာ။”

ထို့နောက် ဧကရာဇ်မင်းမြတ် အံကြိတ်လိုက်ပြီး ပြောလိုက်သည်။ “ဒါဆိုရင် ငါ မင်းအတွက် စိတ်ထွက်ပေါက် ပေးမယ်။ တုဟွေး နဲ့ တုကျန်း တို့ သူတို့ရာထူးသက်တမ်း တစ်လျှောက်လုံး မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကို မင်းကို ငါပေးမယ်။ မင်းကို သူကောင်းပြု ပေးမယ်။”

ထိုစကားကို ကြားလိုက်သည်နှင့် ရှိနေသူအားလုံး မျက်နှာပျက်သွားကြသည်။ တာ့နင်အင်ပါယာတွင် အရပ်ဘက် အရာရှိများကိုပင် သူကောင်းပြုရန် ခဲယဉ်းပေသည်။ သို့သော် မိန်းမစိုးတစ်ယောက်ကို သူကောင်းပြုမည် ဆိုသည်လော။

ယခု ဧကရာဇ်မင်းမြတ်က တုပိုင်ကို သူကောင်းပြုတော့မည်ဟု ဆိုသည်။ ဤသည်ကား ရိုးရှင်းစွာ ပြောရလျှင် ထိတ်လန့်ဖွယ် ကောင်းလွန်းလှပေသည်။

အပိုင်း ၃၇၀ ပြီး။

All Chapters