← Chapters

ရန်ငြိုးများ ပြေပျောက်ခြင်း

Vol. 5 Ch. 42

ရန်ငြိုးများ ပြေပျောက်ခြင်း

Vol. 5 Ch. 42

လွီရန်သည် ဤတိုက်ပွဲကို ဆက်၍ အချိန်ဆွဲ၍ မရမှန်း သိလိုက်သည်။

ထိုကောင်လေးမှာ မောပန်းခြင်းမရှိသော မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။ သူ၏ ဝိညာဉ်စွမ်းအားများမှာ အကန့်အသတ်မရှိသည့်အလား မိုးကြိုးလှံများကို တစ်စင်ပြီးတစ်စင် လွှင့်ပစ်နေသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သူသည် ရှေးဟောင်းအကြည့်မြို့တော်၌ အမှန်တကယ် ကျဆုံးသွားရပြီး တစ်လောကလုံး၏ လှောင်ပြောင်စရာ ဖြစ်လာမည်ကို သူ စိုးရိမ်လာသည်။

“မင်း ငါ့ကို အတင်းအကျပ် လုပ်တာပဲ ဒီနေ့ ငါ့ရဲ့ ကျင့်စဉ်အခြေခံပျက်စီးသွားရင်တောင် မင်းကို အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် ငါ လုပ်ပြမယ်”

လွီရန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ယခင်ကထက် သာလွန်သော ပြင်းထန်သည့် ဖိအားများ ပေါက်ကွဲထွက်လာသည်။

သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရာမှ ပုံမှန်မဟုတ်သော နီမြန်းမှုဖြင့် အစားထိုးလာသည်။ သူ၏ ပါးစပ်ထောင့်မှ သွေးအမည်းရောင်များ စိမ့်ထွက်လာပြီး သူ၏ သွေးရောင်လွှမ်းသော မျက်လုံးများထဲတွင် နက်ရှိုင်းသော နာကျည်းမှုများ တောက်လောင်နေသည်။ သူ၏ အရှိန်အဝါမှာ တရိပ်ရိပ် မြင့်တက်လာပြီး ရွှေအမြုတေအဆင့်ဦး၏ အကန့်အသတ်ကို ကျော်ဖြတ်ကာ ရွှေအမြုတေအလည်အဆင့်သို့ ရောက်ရှိသွားတော့သည်။

“သူက သူ့ရဲ့ အသက်သွေးကို လောင်မြိုက်လိုက်ပြီ”

အဝေးမှ ကြည့်နေသော လီမိသားစုခေါင်းဆောင်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“သူ ရူးသွားပြီ... တကယ် ရူးသွားတာပဲ”

အသက်သွေးကို လောင်ကျွမ်းခြင်းမှာ ကျင့်ကြံသူတစ်ဦး၏ နောက်ဆုံး မျှော်လင့်ချက်မဲ့ လုပ်ရပ်ဖြစ်သည်။ ၎င်းကို စတင်လိုက်သည်နှင့် နောက်ပြန်လှည့်၍ မရတော့ပေ။ လွီရန်သည် သူ၏ ကျင့်စဉ်လမ်းကြောင်း ပျောက်ကွယ်သွားရမည်ကိုပင် ဂရုမစိုက်ဘဲ စစ်ချန်ကို သူနှင့်အတူ သေဖော်ညှိရန် ဆုံးဖြတ်လိုက်မှန်း လူတိုင်း မြင်နိုင်သည်။

စစ်ချန်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူ့ရှေ့မှ လူမှာ တစ်ဖန် အန္တရာယ်ရှိလာပြန်ပြီ ဖြစ်သည်။ သူသည် တုန့်ဆိုင်းခြင်းမရှိဘဲ လက်ထဲတွင် အသင့်ရှိနေသော မိုးကြိုးလှံကို ထပ်မံ လွှင့်ပစ်လိုက်ပြန်သည်။

သို့သော် ယခုအကြိမ်တွင် လွီရန်၏ အမြန်နှုန်းမှာ ယခင်နှင့် လုံးဝ မတူတော့ပေ! သူ၏ ခန္ဓာကိုယ်မှာ လျှပ်ခနဲ လှုပ်ရှားသွားကာ သေစေနိုင်သော လျှပ်စစ်တန်းကို သီသီလေး ရှောင်တိမ်းလိုက်ပြီး စစ်ချန်၏ ရှေ့မှောက်သို့ ချက်ချင်း ပေါ်လာတော့သည်။

“သေစမ်း”

သွေးရောင်လွှမ်းသော ဝိဉာဉ်စွမ်းအားများ ပါဝင်နေသည့် ဓားအလင်းတန်းသည် စစ်ချန်၏ ဦးခေါင်းတည့်တည့်သို့ ကျဆင်းလာသည်။ စစ်ချန်မှ လက်မောင်းများကို ရှေ့တွင် ကြက်ခြေခတ်ကာ ခုခံလိုက်ရာ လျှပ်စီးစွမ်းအားနှင့် သစ်သားအသက်စွမ်းအားများက ချက်ချင်း ဖုံးလွှမ်းသွားသည်။

ဘုန်း

အသံကျယ်ကြီးနှင့်အတူ စစ်ချန်သည် ထိုတန်ပြန်အားကို အသုံးချကာ နောက်သို့ ဆုတ်လိုက်သည်။ သို့သော် လွီရန်က သူ့ကို အသက်ရှူချိန်ပင် မပေးပေ။ လွီရန်၏ ဓားကွက်များမှာ ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး စစ်ချန်မှာမူ လျှပ်စီးများ ပတ်ခြုံထားသော လက်ခြေများကို သုံး၍ ခုခံကာ ပြန်လည် တိုက်ခိုက်နေရသည်။

ဘုန်း

စစ်ချန်၏ လက်သီးက လွီရန်ကို ထိမှန်သွားပြီး လျှပ်စီးများ ပေါက်ကွဲထွက်သွားသည်။ လွီရန်၏ ပါးစပ်မှ သွေးများ ထွက်လာသော်လည်း သူသည် အသက်သွေးကို လောင်မြိုက်ထားပြီး ဖြစ်သဖြင့် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ ပုံရိပ်နှစ်ခုမှာ ဝေဝါးနေအောင် တိုက်ခိုက်နေကြပြီး ထိတွေ့မိတိုင်း အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်နေသည်။

လွီရန်သည် သူ၏ ဝေဒနာကို သူကိုယ်တိုင် သိသည်။ ဤကဲ့သို့ အတင်းအကျပ် မြှင့်တင်ထားသော အစွမ်းမှာ အမြစ်မရှိသော အပင်ကဲ့သို့ပင်၊ သူ၏ ကျန်ရှိနေသော သက်တမ်းနှင့် အခြေခံများကို ရူးသွပ်စွာ လောင်ကျွမ်းစေခြင်း ဖြစ်သည်။ ၎င်းမှာ ကြာရှည် ခံမည်မဟုတ်ပေ။ ထို့ကြောင့် ဤအစွမ်းများ မကုန်ဆုံးမီ တိုက်ပွဲကို အပြတ်ဖြတ်ရန် သူ ကြိုးစားရမည်။

“မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့”

လွီရန်၏ ဓားချက်များမှာ ပိုမို ရက်စက်လာပြီး ဒဏ်ရာရခြင်းကို ဂရုမစိုက်ဘဲ အသက်နှင့်လဲ၍ တိုက်ခိုက်သည့် ပုံစံမျိုး ဖြစ်လာသည်။ စစ်ချန်သည် အရှိန်ကို အသုံးချကာ နောက်သို့ ဆုတ်လိုက်ပြီး ပျက်စီးနေသော နံရံတစ်ခုကို ကန်၍ လွီရန်နှင့် အကွာအဝေး တစ်ခု ထားလိုက်သည်။

သူသည် ရူးသွပ်နေသော မိစ္ဆာကဲ့သို့ ဖြစ်နေသော်လည်း ပြင်းထန်သော အရှိန်အဝါရှိနေဆဲ လွီရန်ကို ကြည့်လိုက်သည်။

မိုးကြိုးလှံ တစ်စင်တည်းနဲ့ မလုံလောက်ရင်... ပိုပြီးတော့သုံးမှာပေါ့

သူ လက်ကို ထပ်မံ မြှောက်လိုက်ရာ မျက်စိကျိန်းစေသော လျှပ်စစ်ဓာတ်များက သူ့လက်ဖဝါးတွင် စုစည်းလာပြန်သည်။ သို့သော် ယခုအကြိမ်တွင် သူက လက်နှစ်ဖက်စလုံးကို အသုံးပြုလိုက်ရာ မိုးကြိုးလှံ နှစ်စင်မှာ တစ်ပြိုင်နက်တည်း ပေါ်လာတော့သည်။

ရှူး ရှူး

မိုးကြိုးလှံ နှစ်စင်မှာ လေကိုခွဲ၍ ထွက်ပေါ်သွားသည်။ လွီရန်မှ ရူးသွပ်စွာ ရယ်မောလိုက်ရင်း ထိုလှံနှစ်စင်ကြားမှ အတင်း တိုးထွက်လာကာ သူ၏ ဓားကို ထပ်မံ လွှဲခုတ်လိုက်ပြန်သည်။

“သေခါနီး ရုန်းကန်နေတာပဲ”

စစ်ချန်သည် ထိပ်တိုက် မရင်ဆိုင်တော့ပေ။ သူသည် လျှပ်စီးလက်ခြင်း လျှပ်တစ်ပြက်ကိုယ်ဖော့သိုင်းကို အသုံးပြုကာ ကိုက်ပေါင်းများစွာ အကွာအဝေးသို့ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည်။ သူ ခြေလှမ်းပင် မတည်ငြိမ်သေးခင်မှာပင် လက်များကို လေထဲတွင် ပြန်လည် ဆုပ်ကိုင်လိုက်ရာ မိုးကြိုးလှံ အသစ်များ စတင် ဖြစ်ပေါ်လာပြန်သည်။

တစ်စင်၊ နှစ်စင်၊ သုံးစင်... လွီရန်၏ ရူးသွပ်သော လိုက်လံတိုက်ခိုက်မှုများကို အရှိန်အဟုန်ဖြင့် ရှောင်တိမ်းနေရင်း သူသည် လှံများကို မရပ်မနား စုစည်းကာ လွှင့်ပစ်နေသည်။ လှံတစ်စင် သူ့လက်မှ လွတ်သွားသည်နှင့် နောက်ထပ် လျှပ်စီးများက သူ့လက်ထဲတွင် ပြန်လည် တောက်ပလာသည်။

ကြည့်နေသူများအတွက်မူ သူသည် သူ၏ ဝိညာဉ်စွမ်းအားများကို အဓိပ္ပာယ်မဲ့စွာ ဖြုန်းတီးနေသကဲ့သို့ပင်။

“ဟားဟားဟား! မင်းမှာ နည်းလမ်းတွေ ကုန်သွားပြီမလားကွ”

လွီရန်သည် စနစ်တကျ မရှိပုံရသော မိုးကြိုးလှံများကို ရှောင်တိမ်းရင်း သူ့ကို လှောင်ပြောင်လိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက်မှာ ဝိညာဉ်စွမ်းအား ဘယ်လောက် ရှိမှာမို့လို့လဲ

ဤကဲ့သို့ ဖြုန်းတီးနေခြင်းက သူ့ကို ပို၍ မြန်မြန် သေစေရုံသာ ရှိလိမ့်မည်။ လွီရန်သည် စစ်ချန် အားကုန်၍ လဲကျသွားကာ သူ့စိတ်ကြိုက် နှိပ်စက်ရမည့် မြင်ကွင်းကို မြင်ယောင်နေမိသည်။

စစ်ချန်မှာမူ ထိုစကားများကို နားမထောင်ဘဲ ဝိညာဉ်စွမ်းအားများကို ဆက်လက် အသုံးပြု၍ လှံများကို စုစည်းလွှင့်ပစ်နေမြဲပင်။ လွီရန်သည်လည်း တစ်ခုခု မှားနေပြီဟု ခံစားလာရသည်... တစ်စင်း၊ ဆယ်စင်း၊ ဆယ့်ငါးစင်း၊ ... ဒီကောင်လေးမှာ ဝိညာဉ်စွမ်းအားတွေ ဘယ်လောက်တောင် များနေတာလဲ

နောက်ဆုံးလှံကို ရှောင်လိုက်ပြီးနောက် လွီရန်သည် အချိန်ထပ်ဆွဲ၍ မရမှန်း သိလိုက်သည်။ သူ၏ မျက်လုံးထဲမှ သတ်ဖြတ်လိုသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ ပြင်ဆင်ထားသော သတ်ကွက်ကို ထုတ်ဖော်လိုက်သည်။

“ငါ့အတွက် သေစမ်း”

စုစည်းထားသော ဓားချီသည် စစ်ချန်၏ ရင်ဘတ်ဆီသို့ ချက်ချင်း ဖြတ်သန်းသွားသည်။ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ စစ်ချန်သည် ထိုဓားအလင်းတန်းကြောင့် လွင့်စဉ်သွားကာ ပျက်စီးနေသော နံရံများကြားသို့ ဖုန်မှုန့်များနှင့်အတူ ကျရောက်သွားတော့သည်။

“အခုတော့ မင်း သေလောက်ပြီ” လွီရန်သည် အသက်ကို ပြင်းပြင်းရှူကာ ဖုန်မှုန့်များကို စိုက်ကြည့်နေသည်။ အဝေးမှ ကြည့်နေသူများလည်း အသက်ရှူ ရပ်မတတ် ဖြစ်သွားကြပြီး "ပြီးသွားပြီ" ဟုသာ တွေးနေကြသည်။ လွီရန်၏ မျက်နှာပေါ်တွင်လည်း ကလဲ့စားချေနိုင်ပြီဟူသော ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

သို့သော် သူ အားရကျေနပ်မှု မဆုံးသေးခင်မှာပင် စစ်ချန်သည် ဖုန်မှုန့်များကြားမှ လျှောက်ထွက်လာသည်။

သူ့ရင်ဘတ်ပေါ်က အစိမ်းရောင်ဝတ်ရုံမှာ စုတ်ပြတ်နေပြီး သွေးစအချို့ ရှိနေသော်လည်း အတွင်းဘက်မှ အရေပြားမှာမူ လုံးဝ အကောင်းအတိုင်း ရှိနေသည်။ အနီရောင် အမှတ်အသားလေး တစ်ခုသာ ရှိပြီး ၎င်းမှာလည်း မျက်စိရှေ့တင် ပျောက်ကွယ်သွားသည်။

“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ၊ အဓိပ္ပာယ်မရှိတာ” လွီရန်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ ပထမဆုံးအကြိမ်အဖြစ် သူ၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့သည့် အမူအရာ ပေါ်လာသည်။ သူ၏ အစွမ်းထက်ဆုံး သတ်ကွက်က ထိုကောင်လေးရဲ့ ကာကွယ်မှုကိုတောင် မဖောက်နိုင်တာလား

စစ်ချန်မှ ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး ကြောက်ရွံ့နေသော လွီရန်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူ၏ သွေးစွန်းနေသော လက်ညှိုးလေးကို မြှောက်လိုက်ပြီး လေထဲရှိ လွီရန်ဆီသို့ ညွှန်လိုက်သည်။

“သွားတော့”

ရိုးရှင်းသော စကားတစ်ခွန်းသာ သူ့ပါးစပ်မှ ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

စောစောက အလွယ်တကူ ရှောင်တိမ်းခံခဲ့ရသော သို့မဟုတ် မြေကြီးထဲတွင် စိုက်ဝင်နေသော မိုးကြိုးလှံများ အားလုံးသည် တစ်ပြိုင်နက်တည်း တုန်ခါလာကြသည်!

ဝီ…

၎င်းတို့မှာ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ စစ်ချန်က မမြင်နိုင်သော လျှပ်စစ်မျှင်တန်းလေးများဖြင့် ၎င်းတို့ကို ထိန်းသိမ်းထားပြီး တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို တိတ်တဆိတ် ဖြည့်ဆည်းထားခြင်း ဖြစ်သည်။

မိုးကြိုးလှံ အစင် ၂၀ လုံးသည် သူတို့ရှိနေသည့် နေရာများမှ ရုန်းထွက်လာကြသည်။ အရှေ့၊ အနောက်၊ ဘယ်၊ ညာ၊ အထက်၊ အောက် အရပ်မျက်နှာ အစုံအလင်မှနေ၍ လှံဦးများကို လွီရန်ဆီသို့ တစ်ပြိုင်နက်တည်း လှည့်လိုက်ကြတော့သည်။

စစ်ချန်၏ စနစ်တကျ မဟုတ်ဘဲ ဖြုန်းတီးနေပုံရသော လှံလွှင့်မှုများမှာ တိုက်ရိုက်ထိမှန်ရန် မဟုတ်ဘဲ ပိုက်ကွန်တစ်ခုကို ဖြန့်ကျက်နေခြင်းသာ ဖြစ်သည်။ သူသည် ဤအပျက်အစီးများပေါ်တွင် တိတ်တဆိတ်ဖြင့် အဆုံးသတ်သတ်ဖြတ်ရေးပိုက်ကွန်တစ်ခုကို ရက်လုပ်ထားခဲ့ခြင်းပင်။

လွီရန်၏ နှလုံးသားထဲသို့ အေးစက်သော ခံစားချက်များ စီးဝင်လာသည်။ သူ ရှောင်ချင်သော်လည်း၊ ခုခံချင်သော်လည်း နေရာတိုင်းမှာ ဖြူဖွေးသော လျှပ်စီးများဖြင့် ပိတ်ဆို့ခံထားရပြီ ဖြစ်သည်။ လှံတွေက အရမ်းများသလို အရမ်းလည်း မြန်လွန်းသည်။ ထွက်ပြေးစရာ လမ်းမရှိတော့ပေ!

“မဖြစ်ရဘူးးးးးး”

သူသည် မျှော်လင့်ချက်မဲ့သော ဟိန်းဟောက်သံကိုသာ အော်ဟစ်နိုင်တော့သည်။

ဘုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မိုးကြိုးလှံများ အားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကာ လွီရန်၏ ပုံရိပ်ကို လုံးဝ ဝါးမြိုသွားတော့သည်။ ထိုအလင်းရောင်ကြောင့် ရှေးဟောင်းအကြည့်မြို့တော် တစ်ခုလုံးသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားကာ မြေကြီးမှာလည်း တုန်ခါသွားသည်။

ဖုန်မှုန့်များနှင့် အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ မြေပြင်ပေါ်တွင် ကျွမ်းလောင်နေသော တွင်းနက်ကြီးတစ်ခုနှင့် မီးခိုးအပြာရောင်များသာ ကျန်ရစ်သည်။

လွီရန်သည် တစ်ကိုယ်လုံး ကျွမ်းလောင်နေပြီး မိုးကြိုးလှံ ခြောက်စင်းဖြင့် မြေပြင်ပေါ်တွင် ရိုက်နှက်ခံထားရသည်။ ပခုံးတွင် တစ်စင်း၊ ပေါင်နှစ်ဖက်တွင် နှစ်စင်း၊ ဝမ်းဗိုက်တွင် တစ်စင်းနှင့် ရင်ဘတ်တွင် သေစေနိုင်သော နှစ်စင်း။ အံ့ဩစရာ ကောင်းသည်မှာ သူသည် အသက်ရှူနေဆဲ ဖြစ်သည်။

သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း လျှောက်လာသော စစ်ချန်ကို နာကျည်းမှု၊ မယုံနိုင်မှုများဖြင့် စိုက်ကြည့်နေသည်။ သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ဂျူနီယာတစ်ယောက်ကို အမှန်တကယ် ရှုံးနိမ့်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

လွီရန်၏ လည်ချောင်းထဲမှ အသံများ ထွက်ပေါ်လာပြီး နောက်ဆုံးခွန်အားကို သုံး၍ ကျိန်ဆဲလိုက်သည်။

“...စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းက... မင်းကို... လွှတ်မှာ မဟုတ်ဘူး... မင်း... ဆိုးဆိုးရွားရွား သေရလိမ့်မယ်... သေသွားတဲ့ တပည့်တွေနဲ့.. ငါ့ဝိဉာဉ်က.. မင်းတဘဝလုံး ခြောက်…လှန့်…နေ…မှာ… မင်း သေမှ ငါ…တို့..အနားယူ……မ.မ…မယ..”

စစ်ချန်သည် သူ့ကို ဒုက္ခအတော်ပေးခဲ့သော ထိုအဖိုးကြီးကို ငုံ့ကြည့်လိုက်သည်။ သေခါနီး ကျိန်ဆဲခြင်းများမှာ မည်သည့် ရလဒ်ကိုမျှ မပြောင်းလဲနိုင်မှန်း သူ သိသည်။ သူသည် ငုံ့လိုက်ပြီး လွီရန်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

လွီရန်၏ မျက်လုံးများ ပြူးကျယ်သွားကာ နာကျည်းမှုများမှာ နောက်ဆုံးတွင် ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။ စစ်ချန်မှာမူ တုန့်ဆိုင်းခြင်း မရှိဘဲ လက်ချောင်းများကို ဖြည်းဖြည်းချင်း ညှစ်ချလိုက်သည်။

ဂျောက်

တိုးညင်းသော အသံလေးနှင့်အတူ လွီရန်၏ ခေါင်းမှာ ဘေးသို့ စောင်းကျသွားကာ မျက်လုံးထဲမှ အလင်းရောင်များ လုံးဝ ကွယ်ပျောက်သွားတော့သည်။

ကျိန်ဆဲသံများနှင့် နာကျည်းမှုအားလုံးသည် ထိုအသံလေးနှင့်အတူ ပျောက်ကွယ်သွားသည်။ လေညင်းက ကျွမ်းလောင်နေသော အနံ့များကို သယ်ဆောင်သွားသလို စစ်ချန်၏ သွေးစွန်းနေသော ဝတ်ရုံစလေးမှာလည်း လေထဲတွင် လွင့်နေသည်။

“ရန်ငြိုးတွေ ပြေပျောက်သွားပြီ”

သူ တိုးတိုးလေး ပြောလိုက်သည်။

All Chapters