← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း ၄၇

သူတို့သည် တစ်ဖက်လူကို သေစေနိုင်မည့် နောက်ဆုံးတစ်ချက်ကို ပေးရန် အားကုန်သုံး၍ ကြိုးစားနေကြသည်။

ဝက်ဝံမိစ္ဆာက သူ၏ လက်ဝါးကြီးကို မြှောက်ကာ ကျားကြီးဆီသို့ နောက်ဆုံးအားဖြင့် ရိုက်ချလိုက်သည်။ သို့သော် ခွန်အားကုန်နေသဖြင့် လမ်းကြောင်းလွဲသွားကာ လက်ဝါးချက်က ကွင်းပြင်အစပ်ရှိ နေရာတစ်ခုကို သွားမှန်တော့သည်။

ဘုန်း

လေလှိုင်းများ ရိုက်ခတ်သွားရာမှ မြေပြင်ပေါ်တွင် လိမ့်နေသော မီးတောက်ရောင် ဥကြီးမှာ လေထဲသို့ လွင့်တက်သွားသည်။ ထိုဥကြီးမှာ လေထဲတွင် အကွေးလိုက် ပျံသန်းသွားပြီးနောက် ဘုတ် ဆိုသည့် အသံနှင့်အတူ စူးစမ်းစွာ ကြည့်နေသည့် စစ်ချန်၏ ရင်ခွင်ထဲသို့ အမှတ်မထင် တည့်တည့်မတ်မတ် ကျလာတော့သည်။

စစ်ချန်မှာ အံ့ဩသွားပြီး သူ့ဆီ အလိုလို ရောက်လာသော ဥကြီးကို ဗီဇအရ ဖမ်းကိုင်လိုက်မိသည်။

ဥကြီးက ကိုင်လိုက်လျှင် နွေးနေသည်။ ၎င်း၏ အတွင်းဘက်တွင်ရှိသော သက်စွမ်းအားမှာ အလွန် စင်ကြယ်ပြီး အားကောင်းလှသဖြင့် ကိုင်ထားရသည်မှာ သူ့အတွက် အလွန် သက်သောင့်သက်သာ ရှိလှသည်။

သူ ဥကို မြဲမြဲကိုင်လိုက်ချိန်တွင် ဟိုဘက်မှ မိစ္ဆာကြီးနှစ်ကောင်မှာ မှင်တက်သွားကြသည်။ သူတို့ အသေအလဲ တိုက်ခိုက်နေကြသဖြင့် ဘေးတွင် လူသားတစ်ယောက် ရောက်နေသည်ကို လုံးဝ သတိမထားမိခဲ့ကြပေ။

သူတို့ အသက်စွန့် တိုက်ခိုက်ခဲ့ရသည့် ဥကို စစ်ချန်က ကိုင်ထားသည်ကို မြင်သောအခါ သားရဲကြီးနှစ်ကောင်မှာ ဒေါသထွက်လွန်းသဖြင့် မေ့လဲလုမတတ် ဖြစ်သွားသည်။ သူတို့ အတင်း ထရန် ကြိုးစားသော်လည်း အားမရှိသဖြင့် ပြန်လဲကျသွားကာ အဆုတ်ကွဲမတတ်သာ အော်ဟစ်နိုင်တော့သည်။

“လူသား ငါ့ဥကို ပြန်ချထားစမ်း”

“ကောင်လေး မင်းက အခွင့်ကောင်းယူချင်တာလား? သေချင်နေတာပဲ”

စစ်ချန်သည် လက်ထဲမှ ဥကို တစ်ချက် ချိန်ဆကြည့်လိုက်သည်။ ဤအရာမှာ ကောင်းမှန်း သူသိသော်လည်း အလကားတော့ မယူချင်ပေ။ ၎င်းက သူ့ဆီ အလိုလို ရောက်လာသည် ဆိုသော်ငြားလည်းပေါ့။

ထို့ကြောင့် သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှအိမ်သုံးဆေးနှစ်ပုလင်းကို ထုတ်ယူကာ မိစ္ဆာကြီး နှစ်ကောင်ဆီသို့ တစ်ပုလင်းစီ လွှင့်ပစ်ပေးလိုက်သည်။

“ကျွန်တော် အလကား ယူတာ မဟုတ်ပါဘူး။ ဒါက ခင်ဗျားတို့နဲ့ လဲလှယ်တာပါ”

သားရဲကြီး နှစ်ကောင်စလုံးသည် ပျံလာသော ကျောက်စိမ်းပုလင်းများကို ဖမ်းကိုင်လိုက်ကြသည်။ အရှိန်ကြောင့် ပုလင်းအဖုံးများ အနည်းငယ် ဟသွားရာမှ ပြောမပြတတ်အောင် မွှေးပျံ့လှသော ဆေးရနံ့များ ထွက်ပေါ်လာသည်။ ထိုရနံ့က သူတို့၏ မိစ္ဆာစွမ်းအားများကိုပင် ခုန်ပေါက် ဝမ်းသာသွားစေသည်။

တစ်ချက် ရှူလိုက်ရုံဖြင့် ခန္ဓာကိုယ်ပေါ်မှ ပူလောင်လှသော နာကျင်မှုများမှာ သိသိသာသာ လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

မိစ္ဆာကြီး နှစ်ကောင်စလုံး တစ်ပြိုင်နက်တည်း မှင်တက်သွားကြပြန်သည်။

ဒီလူသားက... ဘယ်လို လူစားမျိုးလဲ

ဒီဆေးလုံး ရနံ့က... ငါတို့ အသက်နှစ်ချောင်း ပေါင်းတာထက်တောင် ပိုတန်ဖိုးရှိနေသလိုပဲလား

တောင်လှုပ်ဝက်ဝံကြီးက သူ၏ နှာခေါင်းကြီးကို ပုလင်းဝနားသို့ ကပ်ကာ အားပါးတရ ရှူလိုက်သည်။ သူ၏ ဒဏ်ရာများမှ သွေးထွက်နေမှုများမှာ မျက်စိရှေ့တင် ရပ်တန့်သွားတော့သည်။ သူသည် ဝက်ဝံမျက်လုံးကြီးများကို ပြူးကာ အနီရောင်မျက်လုံး ကျားကြီးကို လှမ်းကြည့်လိုက်သည်။

ကျားကြီးကလည်း အလားတူ လုပ်ဆောင်လိုက်ပြီးနောက် သူ၏ မျက်လုံးများထဲတွင်လည်း ထိတ်လန့်မှုနှင့် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်သွားသည်။

ဒီငတုံးက ဘယ်က ရောက်လာတာလဲ မဟုတ်ဘူး... ဒါက ငတုံး မဟုတ်ဘူး၊ ဒါက လာဘ်ကောင်လေးပဲ

သူတို့ ဆေးပုလင်းများကို လက်ခံလိုက်သည်ကို မြင်သောအခါ စစ်ချန်သည် အရောင်းအဝယ် ပြီးမြောက်ပြီဟု ယူဆလိုက်သည်။ သူသည် ဥကြီးကို ပိုက်ကာ ဘေးမှ သန့်ရှင်းသော ကျောက်တုံးတစ်တုံးပေါ်တွင် အေးအေးဆေးဆေး ထိုင်လိုက်သည်။

သူ လမ်းမေးဖို့ ကျန်သေးသည်လေ။

မိစ္ဆာကြီး နှစ်ကောင်မှာလည်း တစ်ဦးကိုတစ်ဦး ဆဲဆိုဖို့ စိတ်မပါတော့ပေ။ သူတို့၏ အမြင်တွင် ဤဆေးပုလင်း၏ တန်ဖိုးမှာ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ထိုဥကြီးထက် များစွာ သာလွန်နေသည်။

သူတို့နှစ်ကောင်စလုံး ဆေးများကို မျိုချလိုက်ကြသည်။ နာရီဝက်ပင် မပြည့်ခင်မှာပင် သေလုမျောပါး ဖြစ်နေသော ဒဏ်ရာများမှာ ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် ပြန်လည် ကောင်းမွန်လာတော့သည်။

သူတို့မှာ မိစ္ဆာမျိုးနွယ်များ ဖြစ်ကြသဖြင့် ခန္ဓာကိုယ်မှာ အလွန် ခိုင်မာလှရာ ပြန်လည် ကျန်းမာလာစေရန် ကြီးမားသော စွမ်းအင်များ လိုအပ်သည်။ သာမန် ဆေးလုံးများမှာ သူတို့အတွက် အာနိသင် မရှိသလောက်ပင်။ ယခု ဖြစ်ရပ်မှာ မယုံနိုင်စရာပင်

ယခုအခါ စစ်ချန်ကို သူတို့ ကြည့်သည့် အမြင်မှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့သည် လူသားများကို ပုံမှန်အားဖြင့် မနှစ်သက်ကြသော်လည်း ယခုအခါတွင်မူ ဤလူငယ်လေးမှာ အလွန် ချောမောပြီး ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်လှသည်ဟု ခံစားနေကြရသည်။

“အဟမ်း... အဲဒါ၊ ညီလေး” တောင်လှုပ်ဝက်ဝံကြီးက သူ၏ ဧရာမ လက်ဝါးကြီးများကို ပွတ်သပ်ရင်း သူ၏ လာဘ်ကောင်လေးကို လန့်သွားမည် စိုးသဖြင့် အသံကို တိုးတိုးလေး လုပ်၍ ပြောလိုက်သည်။

“စောစောက... စောစောက ကိုကြီးဝံကအသံ နည်းနည်း ကျယ်သွားတယ်၊ စိတ်ထဲ မထားနဲ့နော်”

အနီရောင်မျက်လုံး ကျားကြီးကလည်း အနားသို့ ကပ်လာကာ အမြီးကို နိမ့်ကာ ရမ်းပြရင်း တတ်နိုင်သမျှ ဖော်ရွေသည့် ပုံစံဖမ်းကာ ပြောသည်

“မှန်တယ်၊ မှန်တယ် ညီလေးက ကြည့်ရတာ လူရိုးလေးပဲ.. ဒီဥက... ဒီဥက မင်းနဲ့ ရေစက်ရှိလို့ မင်းဆီ ရောက်လာတာ၊ မင်းပိုင်တာပဲ ဖြစ်သင့်တယ်”

မိစ္ဆာမျိုးနွယ်များနှင့် ဆက်ဆံရသည်မှာ လူသားမျိုးနွယ်များနှင့် ဆက်ဆံရသည်ထက် များစွာ ပိုမို လွယ်ကူကြောင်း စစ်ချန် သိလိုက်ရသည်။ သူတို့၏ အတွေးများမှာ တိုက်ရိုက်ကျသည်၊ သူတို့ ဘာလိုချင်သည်၊ ဘာကို ကျေနပ်သည် ဆိုသည်မှာ မျက်နှာပေါ်တွင် အထင်သား ပေါ်နေသည်။ ထို့ပြင် သူ့ကို သတ်ပြီး ပစ္စည်းလုမည့် အကြံမျိုးလည်း သူတို့တွင် မရှိပုံရပေ။

ဒါက မိစ္ဆာမျိုးနွယ်များအပေါ် သူ့ကို အထင်ကြီးသွားစေသည်။

သူသည် ခေါင်းမော့ကာ နှစ်နှစ်တိုင်တိုင် သူ့ကို ဒုက္ခပေးနေသည့် မေးခွန်းကို မေးလိုက်သည် “ခင်ဗျားတို့ ဝမ်ဂျီတောင်တန်းကနေ ဘယ်လို ထွက်ရမလဲ သိလား”

ဤစကားကို ကြားသောအခါ မိစ္ဆာနှစ်ကောင်စလုံး မှင်တက်သွားကြပြန်သည်။

ဝက်ဝံကြီးက မယုံကြည်နိုင်ဟန်ဖြင့် အကဲခတ်ကာ မေးသည်

“ညီလေး... မင်း ဒီတောင်တန်းထဲမှာ လမ်းပျောက်နေတာတော့ မဟုတ်ပါဘူးနော်”

စစ်ချန်က ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်ပြသည်

“ဟုတ်တယ်၊ ကျွန်တော် လျှောက်နေတာ နှစ်နှစ်ရှိပြီ၊ ထွက်ပေါက် ရှာမတွေ့ဘူး ဖြစ်နေတာ”

ဝက်ဝံမိစ္ဆာ - “...”

ကျားမိစ္ဆာ - “...”

ဝမ်ဂျီတောင်တန်းရဲ့ အစွန်အဖျားမှာ နှစ်နှစ်တိုင်တိုင် လမ်းပျောက်နေတယ်

သားရဲကြီး နှစ်ကောင်မှာ တစ်ကောင်ကိုတစ်ောင် ကြည့်ရင်း ပြောစရာ စကားပင် မရှိတော့ပေ။ ဝမ်ဂျီတောင်တန်းတွင် လမ်းပျောက်ရန် လွယ်ကူသည် ဆိုသော်ငြားလည်း ပျံသန်းနိုင်သော ကျင့်ကြံသူတစ်ဦးအတွက် နှစ်နှစ်တိုင်တိုင် ပိတ်မိနေသည် ဆိုသည်မှာ... ဤကလေးသည် လမ်းကြောင်း ခွဲခြားနိုင်စွမ်း မည်မျှအထိ ဆိုးရွားနေသနည်း

“ဒါမျိုးက ကိစ္စသေးလေးပါ၊ ငါ့ကိုသာ အပ်ထားလိုက်” တောင်လှုပ်ဝက်ဝံကြီးက သူ၏ ရင်ဘတ်ကို တဒုန်းဒုန်း ထုလိုက်သည် “ငါတို့ ဒဏ်ရာတွေ လုံးဝ ပျောက်သွားတာနဲ့ မင်းကို အပြင်အထိ လိုက်ပို့ပေးမယ်!”

ကျားကြီးကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ် ထောက်ခံသည်။ စစ်ချန်မှာ စိတ်သက်သာရာ ရသွားပြီး သူ၏ ရင်ခွင်ထဲရှိ မီးတောက်ရောင် ဥကြီးကို ညွှန်ပြကာ မေးလိုက်သည် “ဒါကရော ဘယ်က ရောက်လာတာလဲ”

ဝက်ဝံကြီးက ခေါင်းကုတ်လိုက်သည်

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောင်းကင်ပေါ်က ပြုတ်ကျလာတာ။ ဒီ ကြောင်အိုကြီးရော ငါရောက ဒါဟာ ပစ္စည်းကောင်းမှန်း သိလို့၊ ဒါကို စားရင် ကျင့်ကြံမှု တိုးမယ် ထင်ပြီး သတ်ကြတာပေါ့”

သူက ရိုးရိုးသားသားပင် ပြောပြသည်။ မိစ္ဆာလောက၏ ရှင်သန်မှု ဥပဒေသမှာ ဤအတိုင်းပင်

ရတနာပစ္စည်းများသည် သန်မာသူနှင့်သာ ထိုက်တန်သည်။ ပြိုင်ဆိုင်မှုများမှာ လူ့လောကထက် ပိုမို ပွင့်လင်းပြီး တိုက်ရိုက်ကျလှသည်။

စစ်ချန်သည် နွေးထွေးသော ဥခွံကို ထိလိုက်သည်။ အကယ်၍ မိစ္ဆာကြီး နှစ်ကောင်ကို အသေအလဲ တိုက်ခိုက်စေနိုင်လောက်သည့် အရာဆိုလျှင် ဤအရာမှာ သာမန်တော့ မဟုတ်နိုင်ပေ။

စောစောကမှ တစ်ဦးကိုတစ်ဦး သတ်ရန် ကြိုးစားနေကြပြီး ယခုအခါ ပခုံးချင်းယှဉ်ကာ ခဏနေလျှင် ဘာစားကြမလဲဟု တိုင်ပင်နေကြသော မိစ္ဆာကြီး နှစ်ကောင်ကို ကြည့်ရင်း ဝမ်ဂျီတောင်တန်းကြီးမှာ ယခင်ကလောက် စိတ်ပျက်စရာ မကောင်းတော့ဘူးဟု စစ်ချန် ခံစားလိုက်ရတော့သည်။

All Chapters