ပဲနီလေး
Vol. 5 Ch. 48
တစ်ချိန်က ဟိန်းဟောက်သံများနှင့် သတ်ဖြတ်ခြင်းများသာ ပြည့်နှက်နေခဲ့သော ဝမ်ဂျီတောင်တန်းသည် မကြာသေးမီကစ၍ အနည်းငယ်... ထူးဆန်းသော အငွေ့အသက်များ လွှမ်းမိုးလာခဲ့သည်။
တောင်လှုပ်ဝက်ဝံကြီး၏ အမည်မှာ ဟေးစန်း (Blackmountain) ဖြစ်သည်။
အနီရောင်မျက်လုံး ကျားကြီး၏ အမည်မှာမူ ဟုန်ဖုန်း (Red Wind) ဖြစ်သည်။
(တရုတ်အသံထွက်အတိုင်းပဲ နာမည်ပေးလိုက်တယ်နော်၊ ကျောက်မဲတောင်နဲ့ မုန်တိုင်းနီလို့ နာမည်ပေးရင်တမျိုးကြီးခံစားရလို့)
လွန်ခဲ့သော ရက်အနည်းငယ်ကမှ တစ်ဦးကိုတစ်ဦး ဦးနှောက်များ ထွက်လာသည်အထိ ရိုက်နှက်ခဲ့ကြသော ရန်သူဟောင်းကြီး နှစ်ဦးသည် ယခုအခါတွင်မူ အစိမ်းရောင်ဝတ်စုံနှင့် လူငယ်လေးကို ဝိုင်းရံထားကြသည်။ တစ်ကောင်က လက်ဝါးများကို ပွတ်သပ်နေပြီး အခြားတစ်ကောင်က အမြီးကို ရမ်းပြကာ နှစ်ကောင်စလုံးက ရှက်ကိုးရှက်ကန်းနှင့် အူကြောင်ကြောင် အပြုံးကြီးများ ပြုံးနေကြသည်။
၎င်းတို့မှာ ဉာဏ်နည်းလွန်း၍ မဟုတ်ပေ။ မိစ္ဆာသားရဲများ၏ ဗီဇမှာ လူသားများထက်ပင် ပို၍ ထက်မြက်လှသည်။ သူတို့သည် အခြားသက်ရှိများထံမှ စေတနာ သို့မဟုတ် ရန်လိုမှုကို ခပ်ပါးပါး အာရုံခံနိုင်သည်။
ဤလူငယ်လေး၏ စိတ်ထားမှာ တောင်ကျစမ်းရေကဲ့သို့ ကြည်လင်နေပြီး မည်သည့် အကွက်အဆင် သို့မဟုတ် ရန်လိုမှုမျှ မရှိဘဲ စက္ကူဖြူတစ်ချပ်ကဲ့သို့ စင်ကြယ်နေသည်။ သူတို့သည် ဤကဲ့သို့သော လူသားမျိုးကို တစ်ခါမှ မကြုံဖူးသလို၊ သူပေးသော ဆေးလုံးများမှာလည်း အဖိုးမဖြတ်နိုင်ပေ။ ထို့ကြောင့် စစ်ချန်ကို မြင်လေလေ သူတို့ ပို၍ သဘောကျလေလေ ဖြစ်နေတော့သည်။
“ဟဲဟဲ... ညီလေးစစ်ချန်၊ မင်းရဲ့ဆေးက တကယ်ကို အစွမ်းထက်တာပဲ...” ဟေးစန်း၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ပင် ဆူညံနေဆဲ ဖြစ်သော်လည်း ယခုအခါ ဖော်ရွေသော လေသံ ပေါက်နေသည်။ “အဲဒီဆေးလုံးက တကယ်ကို မိုက်တယ် ငါ့ရဲ့ ဒဏ်ရာဟောင်းတွေပါ လုံးဝ ပျောက်သွားပြီ”
သူ့ဘေးရှိ ဟုန်ဖုန်းကလည်း ခွေးတစ်ကောင်ကဲ့သို့ အမြီးကို ရမ်းရင်း “ဟုတ်တယ် ညီလေးစစ်ချန်၊ မင်းက အကောင်းဆုံးပဲ! အဲဒီဆေးက အံ့ဩစရာပဲ”
“အင်း... အိမ်က ပစ္စည်းတွေပါ။ အဆင်ပြေသွားလို့ ဝမ်းသာပါတယ်” စစ်ချန်က ခေါင်းညိတ်ကာ ဟုန်ဖုန်း၏ အမွေးပွပွ ခေါင်းကြီးကို ပွတ်ပေးလိုက်သည်။ အမွေးများမှာ ထင်ထားသည်ထက် ပို၍ ကိုင်လို့ကောင်းလှသည်။
“ညီလေး... မင်းရဲ့ မိသားစုက ဘာလုပ်တာလဲ ဘာလို့ ဒီလောက်တောင် ချမ်းသာနေတာလဲ” ဟေးစန်းက သူ၏ ဝက်ဝံမျက်လုံးကြီးများဖြင့် စူးစမ်းစွာ မေးလိုက်သည်။
စစ်ချန် ခဏစဉ်းစားလိုက်ပြီး
“သာမန်... မိသားစုတစ်ခုပါပဲ” ဟု ဖြေလိုက်သည်။
ဧရာမ မိစ္ဆာသားရဲကြီး နှစ်ကောင်မှာ သူတို့၏ ခေါင်းများကို ကုတ်လိုက်ကြသော်လည်း ထပ်မမေးတော့ပေ။ ဟေးစန်းနှင့် ဟုန်ဖုန်းတို့နှင့် စကားပြောရသည်မှာ စစ်ချန် အိမ်ကထွက်လာပြီးနောက်ပိုင်း အေးချမ်းရဆုံးသော အချိန်အနည်းငယ်ထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
ဟေးစန်းက ပွင့်လင်းလှသည်။ သူ၏ စကားများမှာ “ငါ သူ့ကို ရိုက်သတ်ပစ်မယ်” ဆိုသည် သို့မဟုတ် ထိုထက်ဆိုးသော စကားများသာ ပါသော်လည်း စိတ်ထားကတော့ ရိုးသားသည်။ ဟုန်ဖုန်းကမူ သိက္ခာကို အနည်းငယ် ဂရုစိုက်သော်လည်း ပျော်လာလျှင်မူ အမြီးရမ်းခြင်းကို မထိန်းနိုင်ပေ။
တိုက်ရိုက်စကားပြောခြင်း ဖြစ်သည့် ကြိုက်ရင် ကြိုက်တယ်၊ ကျေးဇူးတင်ရင် ကျေးဇူးတင်တယ်ဆိုသည့် အမူအရာက စစ်ချန်ကို စိတ်လက်ပေါ့ပါးစေသည်။ ဝှက်ဖုံးထားသော အဓိပ္ပာယ်များကို လိုက်ရှာနေစရာ မလိုသလို၊ သူတို့၏ အကြည့်ထဲတွင်လည်း ကြောက်ရွံ့မှု သို့မဟုတ် လှည့်ဖြားမှုများ မရှိပေ။
ဒါဟာ... သူငယ်ချင်းဆိုတာမျိုးလား.. အင်း၊ ဖြစ်နိုင်ပါတယ်။
ဟုန်ဖုန်းက အမြီးကို ရမ်းလိုက်ရင်း “ညီလေးစစ်ချန်၊ မင်း မလောဘူးဆိုရင် ဒီမှာ ရက်အနည်းငယ်လောက် နေပါဦး။ ငါတို့ ဝမ်ဂျီတောင်တန်း အကြောင်းကို ကောင်းကောင်းသိတယ်၊ မင်းအတွက် အရသာရှိတဲ့ တောအသီးတွေ ရှာပေးမယ်”
စစ်ချန် စဉ်းစားကြည့်သည်
ထွက်ပေါက်ကတော့ သေချာသွားပြီဖြစ်၍ မလောတော့ပေ၊ ပြီးတော့ ဤနေရာရှိ ကြွယ်ဝသော ဝိညာဉ်စွမ်းအားများက သူ၏ကျင့်စဉ်အတွက် အထောက်အကူဖြစ်စေသည်။ သူ ခေါင်းညိတ်လိုက်သည်
“ကောင်းပြီလေ”
ထို့ကြောင့် ဝမ်ဂျီတောင်တန်း၏ အတွင်းပိုင်းတွင် ထူးဆန်းသော အဖွဲ့တစ်ခု ပေါ်ပေါက်လာတော့သည် အစိမ်းရောင်ဝတ် လူငယ်လေးတစ်ဦး၏ နောက်တွင် တောင်တစ်လုံးခန့်ရှိသော ဝက်ဝံမည်းကြီးတစ်ကောင်နှင့် ခန့်ညားသော အနီရောင်မျက်လုံး ကျားကြီးတစ်ကောင်တို့ လိုက်ပါနေကြခြင်းပင်။
ဟေးစန်းသည် သူ တစ်ချိန်က မည်သည့် မိစ္ဆာသားရဲ၏ ဦးခေါင်းကို ရိုက်ခွဲခဲ့သည်ဟူသော အကြောင်းကို ဆဲဆိုရင်း ကြွားလုံးထုတ်ရသည်ကို နှစ်သက်လှသည်။ ၎င်းက စစ်ချန်ကို ပြုံးမိစေသည်။ ဟုန်ဖုန်းကမူ ဟေးစန်း၏ ကြွားလုံးများကို ဖျက်ဆီးရင်း အမြီးရမ်းကာ ဝိညာဉ်စွမ်းအား ကြွယ်ဝသော သစ်သီးများကို ခူး၍ စစ်ချန်၏ လက်ထဲသို့ ထည့်ပေးတတ်သည်။
လူတစ်ယောက်နှင့် သားရဲနှစ်ကောင်သည် မကြာမီမှာပင် အလွန်ရင်းနှီးသွားကြပြီး နေ့ရက်များမှာ ရိုးရှင်းကာ ပျော်စရာကောင်းလှသည်။ နေ့ဘက်တွင် သူတို့ လှည့်လည်သွားလာကြပြီး ညဘက်တွင် စစ်ချန်သည် ဂူတစ်ခုထဲ၌ဖြစ်စေ၊ ဟေးစန်း၏ နွေးထွေးသော အမွေးများပေါ်တွင် မှီ၍ဖြစ်စေ တရားမှတ်သည်။
သူသည် မီးတောက်ရောင် ဥကြီးကို သူ့ဘေးတွင် အမြဲ ထားရှိသည်။ ၎င်းက မီးဖိုလေးတစ်ခုကဲ့သို့ အမြဲ နွေးနေတတ်သည်။ သူ နွေဦးထာဝရသစ်သားကျင့်စဉ်ကို ကျင့်ကြံသည့်အခါ ဥကြီးက လွင့်ပျံ့နေသော အသက်စွမ်းအားများကို စုပ်ယူလေ့ရှိပြီး အတွင်းမှ အသက်ဓာတ်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို အားကောင်းလာခဲ့သည်။
တစ်လခန့် ကုန်လွန်သွားချိန်တွင် စစ်ချန်၏ ခေါင်းထဲ၌ ဟေးစန်း၏ ဆဲဆိုသံများသာ ပြည့်နှက်နေသဖြင့် သူကိုယ်တိုင်ပင် အကျင့်ပျက်သွားမည်ကို စိုးရိမ်လာမိသည်။ တစ်နေ့ နေဝင်ရိုးရီ အချိန်တွင် သူသည် ကျောက်ဆောင်တစ်ခုကို မှီလျက် ဟေးစန်း၏ ဝက်မိစ္ဆာကြီးကို အနိုင်ယူခဲ့ပုံ’တတိယအကြိမ်မြောက် ကြွားလုံးကို နားထောင်နေစဉ်
သူ့ဘေးရှိ ဥကြီးထံမှ သဲ့သဲ့မျှသော အက်ကွဲသံလေးတစ်ခု ထွက်ပေါ်လာသည်။
အသံက တိုးသော်လည်း ဤနေရာရှိ သက်ရှိများမှာ သာမန် သတ္တဝါများ မဟုတ်ကြပေ။ ဟေးစန်းက ချက်ချင်း ပါးစပ်ပိတ်သွားပြီး ဟုန်ဖုန်းကလည်း အမြီးရမ်းနေရင်း တောင့်ခဲသွားသည်။ သားရဲမျက်လုံး အကြီးကြီး နှစ်စုံနှင့် စစ်ချန်၏ အကြည့်မှာ ဥကြီးပေါ်သို့ ကျရောက်သွားတော့သည်။
ဥခွံပေါ်တွင် အက်ကြောင်း သေးသေးလေးတစ်ခု ပေါ်လာသည်။ ထို့နောက် စိုစွတ်ပြီး ပြောင်သလင်းခါနေသော ခေါင်းသေးသေးလေး တစ်ခု ထွက်လာသည်
အနီရောင် အမွှေးနုလေးများက ကျဲတောက်တောက် ပါရှိပြီး မျက်လုံးများမှာ မှေးစင်းလျက် အနည်းငယ် ရုပ်ဆိုးလှသည်။ ၎င်းက ခေါင်းကို ခါယမ်းကာ အလင်းရောင်နှင့် အသားကျအောင် လုပ်ပြီးနောက် ၎င်း၏ အဝါရောင် နှုတ်သီးလေးကို ဖွင့်ကာ အသံပြုလိုက်သည် “ကျိစ်”
၎င်းသည် အားယူ၍ ရုန်းထွက်ရင်း ဘေးပတ်လည်ရှိ ဥခွံများကို ကိုက်စားသည်။ မာကျောသော ဥခွံများမှာ မုန့်ကြွပ်များကဲ့သို့ပင် တကျွတ်ကျွတ်နှင့် ကုန်သွားတော့သည်။ အမွှေးလေးများ ပိုစိုပြည်လာပြီး မျက်လုံးများ ပွင့်လာသည့်အခါ နက်မှောင်သော မျက်လုံးလေးများက စစ်ချန်၏ အကြည့်နှင့် ဆုံသွားသည်။ ထို့နောက် ၎င်းသည် မခိုင်သေးသော ခြေထောက်လေးများဖြင့် ယိမ်းထိုးလျက် စစ်ချန်ထံသို့ လျှောက်လာကာ သူ၏ လက်ချောင်းလေးကို ခေါင်းဖြင့် တိုးဝှေ့နှုတ်ဆက်လိုက်တော့သည်။
စစ်ချန် တစ်ခါမှ မခံစားဖူးသော ခံစားချက်တစ်ခု သူ့ရင်ထဲတွင် ပွင့်လန်းသွားသည်။ သူသည် ကြယ်တာရာများ ပေါက်ဖွားလာပုံ၊ ယဉ်ကျေးမှုများ ပျက်စီးသွားပုံများကို မြင်တွေ့ခဲ့ဖူးသော်လည်း အသက်ဓာတ်တစ်ခု ဘာမှမရှိရာမှ ရုန်းထွက်လာပုံကိုမူ တစ်ခါမှ အနီးကပ် မမြင်ဖူးခဲ့ပေ။ ဤဘာမှမရှိရာမှ ပေါ်ထွက်လာခြင်းဟူသော လှိုင်းလုံးကလေးက မည်သည့် မှော်ဂါထာ သို့မဟုတ် တိုက်ပွဲနိုင်ခြင်းထက်မဆို သူ့ကို ပို၍ လှုပ်ခတ်သွားစေသည်။
“ဒါ... ဒါပဲလား” ဟေးစန်းက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်
“ငါက ရတနာတစ်ခုခု ဖြစ်မလားလို့၊ နောက်ဆုံးတော့ ရုပ်ဆိုးဆိုး ငှက်နီလေး တစ်ကောင်ပဲလား”
ဟုန်ဖုန်းကလည်း အနားသို့ တိုးကြည့်ကာ စိတ်ပျက်သွားပုံရသည်
“ကြည့်ရတာ သာမန်ပဲ၊ သွေးမျိုးဆက် အနံ့အသက်လည်း မရှိဘူး။ ဒါလေးအတွက်နဲ့ ငါတို့က သတ်ပုတ်ခဲ့ကြတာလား”
စစ်ချန်က သူတို့ကို လျစ်လျူရှုထားလိုက်သည်။ သူသည် ပေါက်စလေး၏ ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်ရာ ၎င်းက ကျေနပ်စွာ မျက်လုံးမှေးရင်း ထပ်မံ အော်မြည်ပြန်သည်။
နာမည်တစ်ခု ပေးရမည်။
အတွေးများစွာ ဝင်လာပြီးနောက်တွင် မိုးတိမ်ပန်းပွင့်မြို့တော်၌ သူ မြည်းစမ်းဖူးသော မုန့်တစ်ခုကို သတိရလိုက်သည်
ပဲနီလေးကိတ်မုန့်ဖြစ်သည်။ နူးညံ့သည်၊ ချိုမြိန်သည်၊ မွှေးပျံ့သည်
သူ အကြိုက်ဆုံး မုန့်လေးပင်။
“ဒီနေ့ကစပြီး မင်းနာမည်က ပဲနီလေးပဲ”
သူ့လက်ဖဝါးပေါ်က သတ္တဝါသေးသေးလေးကို သူ ပြောလိုက်သည်။ ပဲနီလေးက နားလည်ပုံရပြီး သူ၏လက်ချောင်းကို ပို၍ တိုးဝှေ့ကာ ပျော်ရွှင်စွာ မြည်တမ်းနေတော့သည်။
ထိုအခိုက်အတန့်တွင် စစ်ချန်သည် ပဲနီလေး၏ နွေးထွေးသော ခန္ဓာကိုယ်လေး အတွင်းပိုင်းမှ သေးငယ်သော်လည်း စင်ကြယ်သော စွမ်းအင်တစ်ခု တောက်ပသွားသည်ကို ခံစားလိုက်ရသည် အိပ်ပျော်နေသော မီးလျှံတစ်ခုက တစ်ချက် လင်းလက်သွားခြင်းပင်။ ဟေးစန်းနှင့် ဟုန်ဖုန်းတို့က ဘာမှမခံစားမိသော်လည်း သူကတော့ ဖမ်းဆုပ်မိလိုက်သည်
၎င်းမှာ မီးလျှံ၏ အသက်ရှူသံပင် ဖြစ်တော့သည်။