← Chapters

နဂါးပျံကျရာမြေ

Vol. 5 Ch. 49

နဂါးပျံကျရာမြေ

Vol. 5 Ch. 49

ရက်များကုန်လွန်လာသည်နှင့်အမျှ ဝမ်ဂျီတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာရှိ လူတစ်ယောက်နှင့် မိစ္ဆာနှစ်ကောင်တို့၏ ဆက်ဆံရေးမှာ ပိုမိုရင်းနှီးပွင့်လင်းလာခဲ့သည်။

အစပိုင်းတွင် ဟေးစန်းနှင့် ဟုန်ဖုန်းတို့သည် ဆေးလုံးများကြောင့် ကျေးဇူးတင်ခြင်း၊ အားနာခြင်းတို့ဖြင့် စကားကို လေသံတိုးတိုးဖြင့် ပြောဆိုခဲ့ကြသော်လည်း သူတို့သည် သဘာဝအတိုင်း ပွင့်လင်းရိုးသားသော မိစ္ဆာသားရဲများဖြစ်ကြသဖြင့် ရက်အနည်းငယ်အကြာတွင် ထိုအားနာမှုများကို ဘေးဖယ်ထားလိုက်ကြတော့သည်။

(ယောင်းအို့ကွေ - စွန်းဝူခုန်းတို့လိုမျိုးသားရဲကိုခေါ်တာ၊ မိစ္ဆာသားရဲလို့ပဲရေးလိုက်တယ်)

ယုံကြည်မှုဆိုသည်မှာ ထိုကဲ့သို့သော သာမန်အချိန်လေးများမှတစ်ဆင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စစ်ချန် တရားမှတ်နေသည့်အချိန်တွင် ဟေးစန်းက တောင်ကုန်းငယ်လေးတစ်ခုကဲ့သို့ သူ့နောက်တွင် လဲလျောင်းပေးကာ အေးစက်သော တောင်ပေါ်လေများရန်မှ ကာကွယ်ပေးတတ်သည်။ ဟုန်ဖုန်းကလည်း စစ်ချန် လမ်းလျှောက်နေသည့်အခါ သူ၏ ခန့်ညားသော ခန္ဓာကိုယ်ကို နှိမ့်ပေးကာ ကျောပေါ်တက်ရန် အချက်ပြတတ်သည်။

စစ်ချန်ကလည်း ငြင်းဆန်ခြင်းမရှိပေ။ ဟေးစန်း၏ ထူထဲနူးညံ့သော အမွှေးများပေါ်မှီရခြင်း သို့မဟုတ် မြူခိုးဝေနေသော တောင်တောကြီးအတွင်း ဟုန်ဖုန်း၏ တည်ငြိမ်ကျယ်ပြန့်သော ကျောပေါ်တွင် ထိုင်ရခြင်းတို့သည် အိမ်ကထွက်လာပြီးနောက်ပိုင်း သူရရှိခဲ့သော ရှားပါးသည့် အေးချမ်းမှုလေးများပင် ဖြစ်သည်။

ပေါက်ဖွားလာသည်မှာ တစ်လကျော်ရုံသာရှိသေးသည့် ပဲနီလေးမှာလည်း အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲလာခဲ့သည်။ မွေးစက ရုပ်ဆိုးဆိုး၊ အမွှေးမရှိ၊ စိုစွတ်နေသည့် ပုံစံမှာ လုံးဝပျောက်ကွယ်သွားပြီး ယခုအခါ ထူထဲနူးညံ့သော အနီရောင်အမွှေးနုလေးများဖြင့် ဖုံးလွှမ်းနေကာ ခန္ဓာကိုယ်မှာလည်း အဆပေါင်းများစွာ ကြီးထွားလာခဲ့သည်။

၎င်း၏ တောင်ပံများမှာ သန်မာလာပြီး အကွာအဝေးတိုတိုကို ပျံသန်းနိုင်နေပြီဖြစ်သည်။ ပဲနီလေးသည် စစ်ချန်အပေါ် အလွန်တွယ်တာပြီး ခွဲမရအောင် ရှိနေတတ်ကာ စစ်ချန်၏ ပခုံးပေါ်တွင် နားနေရင်း သူ၏ အမွှေးပွပွ ခေါင်းလေးဖြင့် စစ်ချန်၏ ပါးကို ပွတ်သပ်ရသည်ကို အကြိုက်ဆုံးဖြစ်သည်။

၎င်းပြသသော ဉာဏ်ရည်မှာ ဟေးစန်းနှင့် ဟုန်ဖုန်းတို့ကိုပင် အံ့အားသင့်စေသည်။

“အဲဒီအသီး သွားယူပေးဦး” စစ်ချန်က တစ်ခါတစ်ရံတွင် အနီးနားရှိ ချုံပုတ်ပေါ်မှ တောသီးကို ညွှန်ပြကာ စမ်းသပ်တတ်သည်။

ပဲနီလေးသည် သူ၏ နက်မှောင်သော မျက်လုံးလေးများဖြင့် စစ်ချန်ကို တစ်ချက်ကြည့်ပြီးနောက် တောင်ပံခတ်ပျံသွားကာ အသီးကို ခြေသည်းများဖြင့် သေချာဖမ်းယူ၍ စစ်ချန်၏ လက်ဖဝါးပေါ်သို့ လာချပေးတတ်သည်။ ထို့နောက် ခေါင်းလေးကို စောင်းကာ “ကျိစ်” ဟု အော်မြည်တတ်ပြီး ချီးကျူးခံရရန် စောင့်ဆိုင်းနေတတ်သည်။

“ဟဲ ဒါက တကယ်ကို ထူးဆန်းတာပဲ” ဟေးစန်းက သူ၏ဝက်ဝံလက်ဝါးဖြင့် ဗိုက်ကိုကုတ်ရင်း ဇဝေဇဝါဖြစ်နေသည်

“သာမန်မိစ္ဆာသားရဲတွေက တတိယအဆင့်ရောက်မှသာ အသိဉာဏ်ပွင့်ကြတာ။ အဲဒီမတိုင်ခင်အထိ သူတို့ဦးနှောက်က ဝေဝါးနေပြီး စားဖို့နဲ့ တိုက်ဖို့ပဲ သိကြတာ။ ဒါလေး ပေါက်လာတာ ဘယ်နှစ်ရက်ပဲ ရှိသေးလို့လဲ”

ဟုန်ဖုန်းကလည်း သူ၏အနီရောင် မျက်လုံးများဖြင့် စူးစမ်းစွာကြည့်ရင်း “တကယ်ကို ထူးဆန်းတယ်။ ဒါမှမဟုတ်... မျိုးရိုးလိုက်မှတ်ဉာဏ်နဲ့ မွေးလာတာလား

ဒါပေမဲ့ ဘယ်လိုကြည့်ကြည့် သာမန်ပဲ၊ အစွမ်းထက်တဲ့ သွေးမျိုးဆက်နဲ့လည်း မတူဘူးရော်...”

ပဲနီလေးသည် သူတို့က သူ့အကြောင်း ပြောနေသည်ကို သိပုံရပြီး ခေါင်းလေးကို မော့ကာ စစ်ချန်၏ ပခုံးပေါ်တွင် ဟန်ပါပါ လမ်းလျှောက်ပြနေသဖြင့် စစ်ချန်မှာ မနေနိုင်ဘဲ လက်ချောင်းလေးဖြင့် သူ့ကို အသာအယာ တို့ထိလိုက်မိသည်။

ထိုကဲ့သို့ စိတ်လက်ပေါ့ပါးနေသည့် အချိန်တွင်

ဝုန်း

စစ်ချန်၏ သိုလှောင်လက်စွပ်ထဲတွင် နှစ်နှစ်တိုင်တိုင် ငြိမ်သက်နေခဲ့သော အရောင်မွဲနေသည့် အကြေးခွံသည် ရုတ်တရက် မည်သည့်သတိပေးချက်မျှမရှိဘဲ ပြင်းထန်သော တုန်ခါမှုတစ်ခုကို ထုတ်လွှတ်လိုက်သည်!

၎င်းသည် ယခင်က ခံစားခဲ့ရသော ခပ်ပါးပါး အာရုံခံစားမှုထက် အဆပေါင်း ရာကျော် ပိုမိုပြတ်သားနေပြီး တစ်စုံတစ်ခုက သူ့ကို လှမ်းခေါ်နေသကဲ့သို့ပင်

စစ်ချန် ချက်ချင်းပင် အကြေးခွံကို ထုတ်ယူလိုက်သည်။ မူလက အရောင်မွဲနေသော အကြေးခွံ၏ မျက်နှာပြင်ပေါ်တွင် ယခုအခါ မှိန်ဖျော့သော အနက်ရောင်အလင်းတန်းတစ်ခု တောက်ပနေပြီး ကိုင်လိုက်လျှင်လည်း မအေးတော့ဘဲ နွေးထွေးမှုကို ခံစားရသည်။

“ဒါက...” သူ သေချာ အာရုံခံကြည့်ရန် ပြင်လိုက်စဉ်မှာပင် ဘေးမှ အသက်ရှူသံ အပြင်းအထန် နှစ်ခု ထွက်ပေါ်လာသည်။

“မြေနဂါးအကြေးခွံပဲ” ဟေးစန်းနှင့် ဟုန်ဖုန်းတို့က တစ်ပြိုင်နက်တည်း ဟစ်အော်လိုက်ကြပြီး စစ်ချန်၏ လက်ထဲမှ အကြေးခွံကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။

“မြေနဂါး အကြေးခွံ” စစ်ချန်က သူတို့ကို ကြည့်ကာ

“ခင်ဗျားတို့ ဒါကို သိသလား”

“သိတာမှ အကုန်သိတာပေါ့” ဟေးစန်း၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် ကျယ်လောင်လာသည်

“ဒါက ရတနာပဲ၊ ဒါပေမဲ့ သေမင်းတမန် ပစ္စည်းလည်း ဖြစ်နိုင်တယ!”

ဟုန်ဖုန်း၏ အသံတွင်လည်း စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်

“ညီလေးစစ်ချန်၊ မင်း ဒါကို ဘယ်က ရတာလဲ”

“ကောက်ရတာပါ” စစ်ချန်က အမှန်အတိုင်း ဖြေလိုက်သည်။ ၎င်းကို လွီရန်၏ ဆင်းရဲလှသော သိုလှောင်လက်စွပ်ထဲမှ တွေ့ခဲ့ခြင်း ဖြစ်သည်။

ဟေးစန်းက အနားသို့ တိုးကပ်လာပြီး သူ၏ နှာခေါင်းကြီးဖြင့် အကြေးခွံပေါ်က အငွေ့အသက်ကို နမ်းကြည့်ကာ

“ဟုတ်တယ်၊ ဒါ မြေနဂါးရဲ့ ရနံ့ပဲ အားနည်းနေပေမဲ့ ဒီဖိအားကတော့ မှားစရာမရှိဘူး!”

စစ်ချန် ပို၍ သိချင်စိတ် ဖြစ်လာသည်

“မြေနဂါးက... အဲလောက်တောင် အစွမ်းထက်သလား ပြီးတော့ ဒါက ရတနာဆိုရင် ဘာလို့ သေမင်းတမန် ဖြစ်ရတာလ”

ဟုန်ဖုန်းက အမြီးကို ရမ်းလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ရှင်းပြသည် “မြေနဂါးတွေက မိစ္ဆာမျိုးနွယ်တွေထဲမှာ ထူးခြားတဲ့သူတွေပဲ။ သူတို့မှာ နဂါးသွေး ပါဝင်ပြီး အလွန်အစွမ်းထက်သလို တွေ့ရလည်း ခဲယဉ်းတယ်။”

“သူတို့ရဲ့ သက်တမ်းကုန်တော့မယ် ဒါမှမဟုတ် ကုလို့မရတဲ့ ဒဏ်ရာတွေ ရလာပြီဆိုရင် သူတို့ခန္ဓာကိုယ်ပေါ်က အကြေးခွံတွေကို အတင်းခွာထုတ်ပြီး အရပ်မျက်နှာအနှံ့ကို ပစ်လွှတ်တတ်ကြတယ်။ ဒါက... ငါးစာချသလိုပဲ...”

စစ်ချန် ပို၍ ဇဝေဇဝါဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်

“ငါးစာဟုတ်လား”

“အစွမ်းထက်တဲ့ သက်ရှိတွေကို သူတို့ သေဆုံးမယ့်နေရာဆီ ဆွဲဆောင်ဖို့လေ” ဟေးစန်းက စိတ်လှုပ်ရှားစွာဖြင့် ကြားဖြတ်ပြောသည် “နဂါးမျိုးနွယ်တွေက ရတနာစုဆောင်းရတာကို မွေးကတည်းက ဝါသနာပါကြတာ၊ မြေနဂါးတွေလည်း အတူတူပဲ! သူ သေဆုံးကျဆုံးတဲ့နေရာမှာ သူ့တစ်သက်လုံး ရှာဖွေစုဆောင်းထားသမျှ ပစ္စည်းကောင်းတွေ အပုံလိုက် ရှိနေမှာ အသေအချာပဲ”

စစ်ချန်က လက်ထဲမှ အကြေးခွံကို ကြည့်ကာ

“သူ သေသွားပြီဆိုရင် ဘာလို့ တခြားသူတွေကို သူ သေတဲ့နေရာကို လမ်းညွှန်ချင်ရတာလဲ”

ဟုန်ဖုန်း၏ အမြီးရမ်းနေမှု ရပ်တန့်သွားပြီး လေသံမှာလည်း လေးနက်သွားသည်

“အဲဒါက မြေနဂါးတစ်ကောင်ရဲ့ အကြောက်စရာအကောင်းဆုံးနဲ့ အကောက်ကျစ်ဆုံး အပိုင်းပဲ။ သူက အနားယူဖို့ နေရာရှာနေတာ မဟုတ်ဘူး၊ ရှင်သန်နိုင်မယ့် အခွင့်အရေးလေးတစ်ခုကို ရှာနေတာ။”

“ဒဏ္ဍာရီတွေအရ သူ ကျဆုံးတဲ့နေရာမှာ အစွမ်းထက်တဲ့ သက်ရှိတွေ အလုံအလောက် သေဆုံးသွားခဲ့ရင်၊ သူတို့ရဲ့ အသက်သွေးနဲ့ ဝိညာဉ်တွေကို ယဇ်ပူဇော်မှုအဖြစ် သုံးပြီး... သေသင့်နေပြီဖြစ်တဲ့ ဒီမြေနဂါးက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ပြန်လည်မွေးဖွားလာနိုင်မယ့် အခွင့်အရေး ရနိုင်တယ်”

ဟေးစန်းက ခေါင်းညိတ်သည်

“မှန်တယ်၊ အဲဒီနေရာက ရတနာသိုက်ဖြစ်သလို သတ်ကွင်းလည်း ဖြစ်တယ်။ ဒါပေမဲ့ မြေနဂါးအကြေးခွံ တစ်ခု ပေါ်လာတိုင်း လူသားတွေနဲ့ မိစ္ဆာတွေက အုန်းအုန်းကျွက်ကျွက် သွားကြတာပဲ။ ဘာပဲဖြစ်ဖြစ်... ဒါက မြေနဂါးတစ်ကောင်ရဲ့ စုဆောင်းမှုပဲလေ”

စစ်ချန် တိတ်ဆိတ်စွာ နားထောင်ရင်း နားလည်သွားသည်။ ဒါက နှစ်ဖက်စလုံးက သိသိကြီးနှင့် ဝင်ကြသည့် လောင်းကစားတစ်ခုပင်။ တစ်ဖက်က တစ်သက်လုံး စုဆောင်းထားသည့် ရတနာများကို အလောင်းအစားပြုပြီး အခြားတစ်ဖက်က သူတို့၏ အသက်ကို အလောင်းအစားပြုကြခြင်း ဖြစ်သည်။

ဒါဆိုလျှင် သူ ရှာနေသည့် ယန်မိုးကြိုးက ဤနဂါးကျဆုံးရာနေရာတွင် ရှိနေနိုင်သလား

သူ၏ အတွေးကို တုံ့ပြန်သည့်အလား

ဝုန်း!!!

ဝမ်ဂျီတောင်တန်း တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်! ကာလကြာရှည် အိပ်ပျော်နေသည့် ဧရာမ သတ္တဝါကြီးတစ်ကောင် သူတို့ခြေဖဝါးအောက်တွင် ကိုယ်ကို တစ်ဖက်လှည့်လိုက်သကဲ့သို့ပင်။

ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်လာပြီး တောအုပ်၏ လက်မနေရာတိုင်းသို့ ချက်ချင်းပင် ရိုက်ခတ်သွားသည်။

ကောင်းကင်ယံတွင် တိမ်တိုက်များ အလုအယက် စုစည်းလာကြပြီး မိုးကုပ်စက်ဝိုင်း၏ တစ်ဝက်နီးပါးကို ဖုံးလွှမ်းသွားသည့် ဧရာမ ဝဲကယားကြီးတစ်ခု အသွင်ဆောင်လာသည်။ လောကကြီးအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း ဆူပွက်လာတော့သည်။

ဤလှိုင်းလုံးကြီးသည် မုန်တိုင်းတစ်ခုကဲ့သို့ပင် ဝမ်ဂျီတောင်တန်းကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာများရှိ ကျင့်ကြံနေကြသော သို့မဟုတ် အလုပ်ရှုပ်နေကြသော ကျင့်ကြံသူ အမြောက်အမြားသည် သူတို့၏ ကျင့်ကြံမှုအဆင့် မည်သို့ပင်ရှိစေကာမူ ဤအခိုက်အတန့်တွင် တစ်စုံတစ်ခုကို ခံစားလိုက်ရကြသည်။ သူတို့သည် ထိတ်လန့်တကြားဖြင့် ဝမ်ဂျီတောင်တန်း ရှိရာအရပ်သို့ လှမ်းကြည့်လိုက်ကြသည်။

“ရှားပါးရတနာတစ်ခု ပေါ်လာတာလား”

“မဟုတ်ဘူး! ဒီအရှိန်အဝါက... နဂါးရဲ့အာဏာစက်ပဲ နဂါးမျိုးနွယ်ရဲ့ အမွေအနှစ်တစ်ခု ပေါ်လာပြီ!”

“ဝမ်ဂျီတောင်တန်းထဲမှာပဲ!”

ဝမ်ဂျီတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာရှိ ပိုမိုအစွမ်းထက်သော ဒေသခံ မိစ္ဆာသားရဲများမှာလည်း လုံးဝ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ သူတို့သည် မြေနဂါး၏ အငွေ့အသက်ကို ပို၍ အာရုံခံနိုင်ကြပြီး နဂါးပျံကျရာမြေ၏ သူတို့ သွေးမျိုးဆက်အပေါ် ဆွဲဆောင်မှုမှာ ပို၍ပင် ကြီးမားလှသည်။ တောင်တန်းကြီးအတွင်း သားရဲဟိန်းဟောက်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

“လာပြီ နဂါးပျံကျရာမြေ တကယ်ပဲ ပေါ်လာပြီ” ဟေးစန်းမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်ကာ ဝက်ဝံလက်ဝါးများကို ဝှေ့ယမ်းနေသည်။

ဟုန်ဖုန်းကလည်း သူ၏ခန္ဓာကိုယ်ကို တောင့်တင်းထားပြီး ကျားမျက်လုံးများမှာ တောက်ပြောင်နေသည်

“ညီလေးစစ်ချန်၊ မင်း ဘယ်လိုတွေးလဲ ဒီပွဲကို ငါတို့ ဝင်ကြမလား၊ မပါဘူးလား”

သူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် တင်းမာမှုများကို မြင်နေရသည်။ အခွင့်အရေးက သူတို့ရှေ့တွင် ရှိနေသော်လည်း အန္တရာယ်မှာလည်း ထင်ရှားလှသည်။

စစ်ချန်သည် အနည်းငယ် တုန်ခါနေသော လက်ထဲမှ မြေနဂါးအကြေးခွံကို ကြည့်လိုက်ပြီးနောက် သူ၏ပခုံးပေါ်တွင် စူးစမ်းစွာ ကြည့်နေသည့် ပဲနီလေးကို ကြည့်လိုက်သည်။ ထို့နောက်တွင်မူ ဆူညံသော်လည်း ရိုးသားကြသည့် ဤမိစ္ဆာမျိုးနွယ် သူငယ်ချင်းနှစ်ယောက်ကို ကြည့်လိုက်သည်။

ထိုနေရာတွင် သူ လိုအပ်သည့်အရာ ရှိနေနိုင်သလို အားလုံးအတွက် အကျိုးရှိမည့် အခွင့်အရေးများလည်း ရှိနေနိုင်သည်။ အန္တရာယ်နှင့် ပတ်သက်၍မူ... သူ တိုက်ခိုက်ကျော်ဖြတ်ရုံသာ ရှိတော့သည်။

“ကောင်းပြီ” စစ်ချန် ခေါင်းညိတ်လိုက်သည် “ဒါဆို အတူတူ သွားကြည့်ကြတာပေါ့”

ဤစကားကို ကြားသောအခါ ဟေးစန်း၏ ရင်ဘတ်ထဲတွင် သူရဲကောင်းဆန်သော ဂုဏ်ယူမှုတစ်ခု တိုးဝင်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည် “ညီအစ်ကိုကောင်းပဲ၊ မင်းမှာ သတ္တိရှိတယ်!”

“သွားကြစို့! အဲဒီ နဂါးအိုကြီးနဲ့ သွားတွေ့ကြတာပေါ့!” ဟုန်ဖုန်းကလည်း စိတ်လှုပ်ရှားစွာဖြင့် အသံနိမ့်နိမ့် ဟိန်းလိုက်သည်။

ထို့ကြောင့်

လူတစ်ယောက်၊ ငှက်တစ်ကောင်၊ ဝက်ဝံတစ်ကောင်နှင့် ကျားတစ်ကောင်

ဤထူးဆန်းသော အဖွဲ့အစည်းသည် အကြေးခွံ၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါကာ ဝမ်ဂျီတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာရှိ နဂါးအာဏာစက် ထွက်ပေါ်ရာဆီသို့ ဦးတည်သွားကြပါတော့သည်။

All Chapters