← Chapters

တစ်ဦးတည်းသောမိတ်ဆွေဆိုတော့လည်း

Vol. 11 Ch. 115

တစ်ဦးတည်းသောမိတ်ဆွေဆိုတော့လည်း

Vol. 11 Ch. 115

စုန့်ဝမ်သည် အိမ်ထဲသို့ ပြန်ရောက်သည်နှင့် ဆေးဖော်စပ်ရန် ထပ်မံကြိုးစားပြန်သည်။ နာရီပေါင်းများစွာ ကြာပြီးနောက် ဆေးဖော်ရာတွင် ကျရှုံးပြီး ကျန်ရှိနေသော ဆေးဖက်ဝင်ပစ္စည်း ကိုးစုံလုံး အလဟဿ ဖြစ်သွားသဖြင့် အလွန်ပင် စိတ်ဓာတ်ကျသွားတော့သည်။ သက်ပြင်းချရင်း မီးခိုးမှိုင်းများ ပြည့်နေသော အခန်းကို ရှင်းလင်းပြီး ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။

သက်ရှည်ကျင့်စဉ်မှာ တိုးတက်မှု နှေးကွေးလှသည့်အပြင် သွေးချီဆေးလုံးများကိုလည်း မဖော်စပ်နိုင်သေးရာ၊ ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တိုးတက်ပြီး စွမ်းအားများ အဆက်မပြတ် မြင့်မားနေခဲ့သော အလောင်းနတ်ဆိုးဂိုဏ်းရှိ နေ့ရက်များကိုပင် ပြန်လည်လွမ်းဆွတ်မိလာသည်။

နေ့စဉ်လိုလို ကျင့်ကြံခြင်း၏ အထီးကျန်မှုနှင့် တိုးတက်မှု နှေးကွေးခြင်းကို မခံစားနိုင်သော လမ်းမှန်ကျင့်ကြံသူများ နတ်ဆိုးလမ်းစဉ်သို့ ကူးပြောင်းသွားကြသည်မှာ အံ့သြစရာ မရှိတော့ပေ။

ထိုစဉ် ဘေးကပ်ရပ်တွင် ရှိသော စွန်းတာရှုံ၏အိမ်မှ ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ညသန်းခေါင်၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ လျှပ်စီးများ ရစ်ပတ်နေသော ငွေရောင်အလင်းတန်းတစ်ခုသည် စွန်းတာ့ရှုံ၏ ခြံဝင်းထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်ကာ ပျောက်ကွယ်သွားသည်။

စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းမှာ မိုးကြိုးစွမ်းအင်ပင် မဟုတ်ပါလား။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ စွန်းရူသည် မိုးကြိုးလက်ဝါးမန္တန်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအခိုက်အတန့်တွင် စွန်းရူသည် ခြံဝင်းထဲ၌ ကလေးတစ်ဦးကဲ့သို့ ဝမ်းသာအားရ ခုန်ပေါက်ပြီး အောင်ပွဲခံနေသော်လည်း အိမ်နီးနားချင်းများကို မနှောင့်ယှက်မိစေရန် အသံကျယ်ကျယ် မအော်ဝံ့ရှာပေ။

စုန့်ဝမ် သူ၏ ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ့တွင် အိမ်နီးနားချင်းများကို ချောင်းကြည့်တတ်သော အကျင့်မရှိပေ။ ထို့နောက် အခန်းထဲသို့ ပြန်ဝင်ကာ ဆက်လက် ကျင့်ကြံနေတော့သည်။ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးပင် ဤမျှ ကြိုးစားနေလျှင် သူက ဘာကြောင့် အပျင်းထူနေရမည်နည်း။ တိုးတက်မှု နှေးကွေးနေလျှင်ပင် အချိန်ရသခိုက် ကျင့်ကြံမှုကို အားစိုက်ရမည် မဟုတ်ပါလား။

နောက်တစ်နေ့ ကျင့်ကြံနေစဉ်မှာပင် အိုက်ခွင်း၏ တံခါးခေါက်သံကြောင့် စုန့်ဝမ် အနှောင့်အယှက် ဖြစ်ပြီး ရပ်လိုက်ရပြန်သည်။ ခြံတံခါးကို ဖွင့်ပေးရင်း စုန့်ဝမ်က စိတ်တိုတိုနှင့် ပြောလိုက်သည် ။

"စီနီယာအိုက် ... ခင်ဗျား အိမ်မှာနေပြီး အဆောင်တွေကို သေသေချာချာ မရေးဘူးလား။ သားရဲသခင်ဂိုဏ်းက ဆယ်ရက်ကို အစောင် ၁၀၀ အပ်ခိုင်းထားတာနော်"

အိုက်ခွင်း ချက်ချင်း ခွန်းတုံ့မပြန်ဘဲ ခြံဝင်းထဲ ဝင်လာပြီး ကုလားထိုင်ပေါ်တွင် ထိုင်ပြီးမှ စကားစလာသည်။

"ငါ မင်းဆီ အကူအညီ လာတောင်းတာပါ။ တစ်နေ့ကို အဆောင် ဆယ်ခု ရေးပေးရမယ်၊ အဲဒါတွေက အလယ်အလတ်အဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်ရမယ်တဲ့။ ငါ့လို လူအိုကြီးက ဘယ်လိုလုပ်နိုင်မှာလဲ"

စုန့်ဝမ်က ပခုံးတွန့်ပြပြီး ပြန်ဖြေသည်။

"ကျနော် မကူညီနိုင်ဘူး။ ကျနော်က အလယ်အလတ်အဆင့် အဆောင်ဆိုလို့ မိုးကြိုးအဆောင် တစ်မျိုးတည်း ရေးတတ်တာ ခင်ဗျား သိသားပဲ။ ဒါတောင် အောင်မြင်နှုန်းက ငါးဆယ်ရာခိုင်နှုန်းပဲ ရှိတာ။ ကျနော့် ချီစုစည်းခြင်း စတုတ္ထအဆင့် ဝိညာဉ်စွမ်းအားအရဆို တစ်နေ့ကို လေးစောင် ရေးနိုင်ရင်တောင် တော်တော်ဟုတ်နေပြီ။ နောက်ပြီး စားဝတ်နေရေးအတွက်လည်း ဝိညာဉ်ကျောက်တုံး ရှာရဦးမယ်လေ"

"တစ်နေ့ကို နောက်ထပ် တစ်နာရီလောက် ပိုကြိုးစားပြီး ရေးပေးရုံပါပဲ။ ငါ့ကို မိုးကြိုးအဆောင် နှစ်စောင်လောက် ကူရေးပေးစမ်းပါ။ ဒီအဘိုးကြီးကို သနားသောအားဖြင့်ပေါ့"

"မဖြစ်နိုင်တာ၊ အဲဒါက ကျနော့်ရဲ့ ကျင့်ကြံချိန်ကို ထိခိုက်စေလိမ့်မယ်။ နောက်ပြီး ခင်ဗျားက သိပ်ပြီး အိုမင်းတာလည်း မဟုတ်ဘူး။ ပြည့်တန်ဆာအိမ် သွားတဲ့အချိန်ဆို လူငယ်တွေထက်တောင် ပိုပြီး အားပြည့်နေတာပဲ မဟုတ်လား"

သူတို့နှစ်ဦး ခြံဝင်းထဲတွင် စျေးဆစ် ငြင်းခုံနေကြစဉ်၊ မုဆိုးမကျူးမေအိမ်ဘက်မှ တံခါးခေါက်သံနှင့်အတူ ကျောက်တာဖန်း၏ အော်ဟစ်သံကို ကြားလိုက်ရပြန်သည်။

"ကျူးမေ ... နင် အိမ်လခ ပေးမှာလား၊ မပေးဘူးလား။ မပေးဘူးဆိုရင်လည်း အခုချက်ချင်း ထွက်သွားတော့။ အိမ်ထဲမှာ ပုန်းနေရုံနဲ့ ငါ့ကို တားနိုင်မယ် မထင်နဲ့"

ကျောက်တာဖန်းက ကျူးမေတို့ သားအမိကို နှင်ထုတ်ရန် ရောက်လာပြန်သည်။ သူ့နောက်တွင် ခပ်တုံးတုံးပုံစံနှင့် လူတစ်ဦး ပါလာသည်။ ထိုသူမှာ ကြောက်ရွံ့နေဟန်ရှိပြီး ကျောက်တာဖန်း၏ နောက်ကွယ်တွင် ပုန်းအောင်းရင်း ခြံဝင်းထဲသို့ ချောင်းကြည့်နေသည်။

ထိုသူမှာ ကျောက်တာဖန်း၏ညီ ဖြစ်သည်။ မနေ့ညက ကျောက်တာဖန်းသည် သူ့ညီကို ယနေ့တွင် သူအတွက် မိန်းမတစ်ယောက် ရှာပေးမည်ဟု ကတိပေးထားခဲ့သည်။ ထိုမိန်းမသည် အသက်အနည်းငယ် ကြီးသော်လည်း ရုပ်ရည်မဆိုးဘဲ ခြံဝင်းတစ်ခုပင် ပိုင်ဆိုင်ကြောင်း ပြောခဲ့သည်။ ၎င်းမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိမည့် အစီအစဉ်တစ်ခုပင်။

ချက်ချင်းပင် ခြံတံခါး ပွင့်လာပြီး ကျူးမေ ထွက်လာသည်။ ကျောက်တာဖန်းတို့ကို တွေ့သည်နှင့် မျက်နှာတင်းမာသွားပြီး စူးစိုက်ကြည့်နေသည်။ ကျူးမေပုံစံမှာ မနေ့က ငိုယိုတောင်းပန်နေသော အားကိုးရာမဲ့ အမျိုးသမီးပုံစံနှင့် လုံးဝကို ကွဲပြားခြားနားနေတော့သည်။ တစ်ညတည်းနှင့် မည်ကဲ့သို့သော ပြောင်းလဲမှုများကို ဖြတ်ကျော်ခဲ့ရသည်မသိ၊ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသူကဲ့သို့ပင်။

ကျူးမေ ထွက်လာသည်ကို မြင်သောအခါ ကျောက်တာဖန်း၏ မျက်နှာ တင်းမာခက်ထန်ဟလာသည်။

"ကျူးမေ ... နင် သေသေချာချာ စဉ်းစားပြီးပြီလား။ အိမ်လခ ပေးမလား၊ ဒါမှမဟုတ် ထွက်သွားမလား။ တကယ်လို့ နင် အိမ်လခ မပေးနိုင်သလို၊ အိမ်ပေါ်ကလည်း မဆင်းချင်ဘူးဆိုရင် နောက်ထပ် ရွေးချယ်စရာ တစ်ခု ရှိသေးတယ်။ ငါ့ညီနဲ့ လက်ထပ်လိုက်။ ဒါဆိုရင် ငါတို့က မိသားစုဝင်တွေ ဖြစ်သွားပြီ၊ ငါ အသက်ရှိသရွေ့ နင် အိမ်လခ ပေးစရာ မလိုတော့ဘူး"

ထိုသို့ ပြောရင်း ကျောက်တာဖန်းသည် သူ့နောက်တွင် ခိုးကြောင်ခိုးဝှက် ပုန်းနေသော ညီဖြစ်သူကို အရှေ့သို့ ဆွဲထုတ်ကာ ကျူးမေဆီ တွန်းပို့လိုက်သည်။ ဤသည်မှာ သူ၏ တကယ့် ရည်ရွယ်ချက် အစစ်အမှန်ပင် ဖြစ်သည်။

သူတို့ ညီအစ်ကိုနှစ်ဦးမှာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး အချင်းချင်း အားကိုးကာ အသက်ရှင်ခဲ့ကြသူများ ဖြစ်သည်။ နောက်ပိုင်းတွင် နှစ်ဦးလုံး ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ ရောက်ရှိခဲ့ပြီး အချင်းချင်း ဖေးမကူညီခဲ့ကြသည်။ သို့သော် လွန်ခဲ့သော နှစ်နှစ်က တိုက်ပွဲတစ်ခုတွင် သူ၏ညီမှာ သူ့ကို ကာကွယ်ရင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် ဆုံးရှုံးရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ ချို့ယွင်းသွားခဲ့သည်။ ကျောက်တာဖန်းသည် အပြစ်မကင်းသကဲ့သို့ ခံစားရသဖြင့် သူ့ညီကို နောက်ဆုံးထွက်သက်အထိ စောင့်ရှောက်ရန် ဆုံးဖြတ်ခဲ့သည်။

သူ့ညီမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားသော်လည်း ယောက်ျားတစ်ယောက်၏ သဘာဝဆန္ဒများ ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားပြီးနောက် သူ့ဆန္ဒများကို မထိန်းချုပ်နိုင်တော့ပေ။ ရံဖန်ရံခါ လမ်းပေါ်တွင် လှပသော အမျိုးသမီးကျင့်ကြံသူများကို မြင်လျှင် ထိပါး နှောင့်ယှက်တတ်သဖြင့် အကြိမ်ပေါင်းများစွာ သေလုမျောပါး အရိုက်ခံခဲ့ရဖူးသည်။

ကျူးမေမှာ အားကိုးရာမဲ့နေသော မုဆိုးမတစ်ဦးဖြစ်ကြောင်း သိသောအခါ ကျောက်တာဖန်း စိတ်ကူးတစ်ခု ရသွားသည်။ သူ၏ညီအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အမျိုးသမီးတစ်ဦး ရှာပေးချင်သဖြင့် ကျူးမေကို အိမ်လခဖြင့် ဖိအားပေး နှင်ထုတ်မည့် အစီအစဉ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကျောက်တာဖန်း သိထားသည်မှာ ဆယ်နှစ်အရွယ် ကလေးတစ်ဦးရှိသော ကျူးမေသည် ဤစျေးမြို့မှ ထွက်သွားနိုင်မည် မဟုတ်ပေ။ မြို့ပြင်ရှိ ဘေးအန္တရာယ်များလှသော တောင်တန်းများနှင့် တောအုပ်များ၊ လမ်းတွင် အချိန်မရွေး ပေါ်လာနိုင်သော သားရဲတိရစ္ဆာန်များနှင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော ရက်စက်သည့် ဓားပြများ … ဤအန္တရာယ်အားလုံးသည် မုဆိုးမနှင့် သူမ၏ သားငယ်ကို ဤမြို့ထဲတွင် ပိတ်မိနေစေသည်။ သေမျိုးလောကသို့ သွားရောက်၍ နေထိုင်နိုင်ရန် ကြိုးစားခြင်းမှာပင် သူတို့အတွက် အလှမ်းဝေးလှသော အိမ်မက်တစ်ခု ဖြစ်နေတော့သည်။

ကျောက်တာဖန်း၏ညီကို ကြည့်ရင်း ကျူးမေ၏ အေးစက်သောမျက်နှာထက်တွင် မထီမဲ့မြင်ဟန် ပေါ်လာသည်။ သူမက ခက်ထန်စွာပင် တုံ့ပြန်လိုက်သည်။

"ကျောက်တာဖန်း .. နင်က ဂိုဏ်းစည်းမျဉ်းတွေကိုတောင် ဂရုမစိုက်ဘဲ အကွက်တွေ အထပ်ထပ်ဆင်ပြီး ဒီငတုံးနဲ့ ငါ့ကို အတင်းလက်ထပ်ခိုင်းဖို့ ကြံနေတာပေါ့။ အဲဒီအကြံကို လက်လျှော့လိုက်စမ်းပါ။ အဲဒီလို သိမ်ဖျင်းတဲ့အတွေးမျိုး ငါ့အပေါ် လာမတွေးနဲ့။ ငါ့သားက အားနည်းနေဦးတော့၊ နင့်ညီအရူးနဲ့ အတူနေမဲ့အစား ငတ်သေရတာကမှ ပိုမြတ်ဦးမယ်"

ကျူးမေသည် အံအားသင့်ပြီး ငေးကြောင်ကြည့်နေသော ကျောက်တာဖန်းဆီ အဝတ်အိတ်တစ်အိတ်ကို ပစ်ပေးလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဒီမှာ ဝိညာဉ်ကျောက်တုံး ဆယ်တုံး။ ငါကို လာမနှောင့်ယှက်နဲ့တော့"

ထိုသို့ ပြောပြီးနောက် ကျူးမေသည် ခြံတံခါးကို ပိတ်ပစ်ပြီး အိမ်ထဲ ပြန်ဝင်သွားပါတော့သည်။

ကျူးမေ၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ကျောက်တာဖန်းမှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်ပြီး ကြောင်ကြည့်နေမိသည်။

သူ့ညီမှာလည်း ကြောင်အသွားသည်။ ၎င်းမှာ မနေ့ညက သူတို့ဆွေးနွေးခဲ့သည်နှင့် လုံးဝကွဲပြားနေသည်။

“အကိုကြီး... ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော့်ကို မိန်းမရှာပေးမယ်ဆို”

ကျောက်တာဖန်းလည်း မျက်နှာပျက်နေသည်။

"ပြန်မယ်။ သူယောက်ျားက အပြင်မှာ သေသွားတာ၊ ပိုင်ဆိုင်သမျှလည်း အကုန်ဆုံးရှုံးခဲ့ပြီးပြီ။ လျော်ကြေးရတဲ့ ဝိညာဉ်ကျောက်တုံး ဆယ်တုံးတည်းနဲ့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"ဒါပေမဲ့ ကျနော့်ကို မိန်းမ ..."

"တော်တော့။ မင်းအတွက် သာမန်သေမျိုး မိန်းမတစ်ယောက် ရှာပေးမယ်"

......

ကျောက်တာဖန်းတို့ ပြန်ထွက်သွားမှ အိုက်ခွင်းသည် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

"ကျူးမေရဲ့ ခင်ပွန်းနာမည်က လူဟုန်တဲ့။ သူက ရည်မှန်းချက်ကြီးတဲ့သူပါ။ သူအသက်ရှင်စဉ်က ငါနဲ့ အတော်လေး ခင်မင်ခဲ့ကြတယ်၊ ဒီလို လှည့်စားမှုတွေများတဲ့ ကျင့်ကြံခြင်းလောကမှာ စစ်မှန်တဲ့ မိတ်ဆွေလို့တောင် ခေါ်လို့ရပါတယ်။ အေးအေးဆေးဆေး နေတတ်တဲ့ ဒီအဘိုးကြီးက ခုထိ အသက်ရှင်နေပြီး၊ အခြေတည်အဆင့် ရောက်ရှိဖို့ ရည်မှန်းချက်ကြီးတဲ့ လူငယ်လေးက ဘာလို့ ဒီလောက် စောစောစီးစီး ကြွေလွင့်သွားရတာလဲ"

"ဒီမှာ လာပြီး ငြီးတွားမနေပါနဲ့ဦး။ ခင်ဗျားတောင် အဲဒီမုဆိုးမနဲ့ မိဘမဲ့ကလေးကို သွားမကူညီနိုင်ဘူး မဟုတ်လား" ဟု စုန့်ဝမ်က စိတ်မရှည်စွာ ပြောချလိုက်သည်။

"ငါက ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင် စောင့်ရှောက်နေရတဲ့ အဘိုးကြီးတစ်ယောက်ပါ။ သူတို့ကို ငါ ဘယ်လို ကူညီနိုင်မှာလဲ..."

ခေတ္တမျှ စကားစမြည်ပြောပြီးနောက် အကြောင်းအရာမှာ အဆောင်ရေးဆွဲရေးဆီသို့ ပြန်ရောက်သွားသည်။ အဆုံးတွင် တစ်ဦးတည်းသော မိတ်ဆွေဖြစ်သည့် အိုက်ခွင်း၏ အသနားခံမှုကို မငြင်းဆန်နိုင်သဖြင့် တစ်နေ့လျှင် မိုးကြိုးအဆောင် နှစ်စောင်စီ ရေးပေးရန် စုန့်ဝမ် သဘောတူလိုက်သည်။

စုန့်ဝမ်က သူသည် တစ်နေ့လျှင် မိုးကြိုးအဆောင်များစွာ မရေးဆွဲနိုင်ဟု ဆိုသော်လည်း ၎င်းမှာ မမှန်ပေ။ သူ၏ ဝိညာဉ်အာရုံမှာ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ပင် အားကောင်းလှသည်။ သက်ရှည်ကျင့်စဉ်မှ ရရှိသော စင်ကြယ်သည့် ဝိညာဉ်စွမ်းအားကို အသုံးပြုလျှင်ပင် မိုးကြိုးအဆောင် ဆယ်စောင်ကို တဆက်တည်းရေးရန်မှာ စုန့်ဝမ်အတွက် မခက်ခဲပေ။

......

All Chapters