သွေးချီဆေးလုံး
Vol. 11 Ch. 116
ကျင့်ကြံခြင်း၊ အဆောင်ရေးဆွဲခြင်းနှင့် ဆေးဖော်ခြင်းတို့ကို လေ့ကျင့်ရင်း ဆယ်ရက်တာအချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားသည်။ ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ အကြိမ်ကြိမ် ကြိုးစားပြီးနောက်တွင် စုန့်ဝမ်သည် နောက်ဆုံး၌ ဆေးဖော်စပ်နည်းအချို့ကို သဘောပေါက်လာခဲ့သည်။ သူ၏ ကြိုးပမ်းမှုတွင် အောင်မြင်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။ ယခုထိ ကျရှုံးနေသော်လည်း နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် သွေးချီဆေးလုံးကို အောင်မြင်စွာ ထုတ်လုပ်နိုင်တော့မည်ဟု ယုံကြည်နေသည်။
ဆယ်ရက်မြောက်နေ့ အပြင်ထွက်ရန် ပြင်နေစဉ်မှာပင် အိုက်ခွင်း ရောက်လာသည်။
“ကျန်းချန် ... ငါ့ကို ကတိပေးထားတဲ့ မိုးကြိုးအဆောင်တွေ ပြီးပြီလား”
“အသင့်ပါပဲ”
စုန့်ဝမ်က ပြောရင်း သူ၏ ခါးရှိ သိုလှောင်အိတ်ကို ကိုင်ကာ မိုးကြိုးအဆောင်နှစ်ဆယ်ကို အိုက်ခွင်းထံ ပေးလိုက်သည်။ အဆောင်များ ကောင်းမွန်မှန်ကန်ကြောင်း စစ်ဆေးပြီးနောက် အိုက်ခွင်း ဝမ်းသာပျော်ရွှင် သွားသည်။
“ကျေးဇူးတင်ပါတယ်ကွာ”
အိုက်ခွင်းသည် စုန့်ဝမ်ထံသို့ သိုလှောင်အိတ်တစ်အိတ် ကမ်းပေးလိုက်သည်။ စုန့်ဝမ်သည် အိတ်ကိုယူကာ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အတွင်း၌ ဝိညာဉ်ကျောက်တုံး ၈၀ ရှိနေသည်ကို တွေ့ရသည်။
ဆိုင်များ၌ ရောင်းချပါက ဝိညာဉ်ကျောက်တုံး ၁၀၀ ရရှိမည်ဖြစ်သည်။ ဖန်းနင်၏ ခုနစ်ဆယ်ရာခိုင်နှုန်း ဝယ်ယူသည့်စျေးနှုန်းအရဆိုလျှင် ဝိညာဉ်ကျောက်တုံး ၇၀ သာ ဖြစ်သင့်သည်။
“ဘာလို့ ဆယ်တုံး ပိုနေတာလဲ”ဟု စုန့်ဝမ် မေးလိုက်မိသည်။
အိုက်ခွင်းက ရယ်မောလိုက်သည်။
“မင်းက မန္တန်ရေးတဲ့နေရာမှာ အောင်မြင်နှုန်းနည်းပြီး အဲဒါကိုပဲ အားကိုးနေရတာ ငါသိပါတယ်။ ငါက မင်းဆီ အကူအညီတောင်းတာဆိုတော့ မင်းကို အရှုံးမခံခိုင်းနိုင်ပါဘူး။ အဲဒီ ဝိညာဉ်ကျောက်တုံး ဆယ်တုံးက မင်းကို ပေးတဲ့ နစ်နာကြေးပါပဲ"
"ဒါဆို ခင်ဗျားဘက်က ဝိညာဉ်ကျောက်တုံး ဆယ်တုံး ရှုံးသွားမှာ မဟုတ်လား" ဟု စုန့်ဝမ်က မေးသည်။
အိုက်ခွင်းက ခါးသီးသော အပြုံးဖြင့် ပြန်ဖြေသည် - "တခြားနည်းလမ်းမှ မရှိတာ။ ငါတို့က သားရဲသခင်ဂိုဏ်းရဲ့ လက်အောက်မှာ ပိတ်မိနေတာဆိုတော့ ဒီလို အမြတ်ထုတ်ခံရတာကို လက်ခံရုံပဲပေါ့"
အိုက်ခွင်း ထုတ်မပြောခဲ့သည့် အချက်မှာ စုန့်ဝမ်ကို အဆောင်နှစ်ဆယ် ရေးခိုင်းခြင်းက သူ့အတွက် အချိန်နှင့် ဝိညာဥ်စွမ်းအင်များစွာ သက်သာစေပြီး၊ စျေးကွက်ထဲတွင် အမြတ်များများရနိုင်သော ရှားပါးအဆောင်များကို ရေးဆွဲနိုင်ရန် အချိန်ပိုထွက်လာခြင်း ဖြစ်သည်။ စုန့်ဝမ် ရေးဆွဲပေးသော အဆောင်များကိုမူ သားရဲသခင်ဂိုဏ်းသို့ အပ်နှံလိုက်ရုံပင်။
စုန့်ဝမ်လည်း ထပ်မမေးတော့ဘဲ ဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်သည်။ အိုက်ခွင်းသည် စကားပြောနေချိန်တွင်ပင် မုဆိုးမကျူးမေ၏ ခြံဝင်းဘက်သို့ ခဏခဏ လှမ်းကြည့်နေပြီး နှာဘူးကျနေသည်ကို စုန့်ဝမ် သတိထားမိသည်။
“ခင်ဗျား မုဆိုးမကျူးကို တစ်ခုခု ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်” စုန့်ဝမ်က အိုက်ခွင်းကို မထီမဲ့မြင်ကြည့်ရင်း မေးလိုက်သည်။
အိုက်ခွင်း မျက်လုံးပြူးသွားသည်။
“ဘာတွေ လာပြောနေတာလဲ”
ထို့နောက် သူက အသံကိုနှိမ့်ကာ တိုးတိုးလေး ပြောသည်။
“ကျူးမေက ဘာလို့ အိမ်လခကို အဲဒီလောက် အလွယ်တကူ ပေးနိုင်တာလဲ မင်းသိလား”
စုန့်ဝမ်က ခေါင်းခါပြသည်။
“ဘယ်လိုလုပ် သိမှာလဲ”
အိုက်ခွင်းက အနားတိုးကပ်ပြီး တိုးတိုးလေး ပြောပြသည်။
“သူက ပြည့်တန်ဆာအိမ်မှာ သွားပြီး အလုပ်လုပ်နေတာ”
"ပြည့်တန်ဆာအိမ်လား"
စုန့်ဝမ် မယုံနိုင်အောင် ဖြစ်သွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် ကျူးမေသည် ကျောက်တာဖန်းကို ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။ စုန့်ဝမ်ပင် သူမ၏ စိတ်ဓာတ်ခိုင်မာမှုကို ချီးကျူးခဲ့သေးသည်။ ယခုတော့ ပြည့်တန်ဆာအိမ်သို့ ရောက်သွားသည်ကို သိလိုက်ရ၍ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
အိုက်ခွင်းက သက်ပြင်းချသည်။
“သူ့ဘဝက ခက်ခဲပါတယ်။ သူ့သားလေး ဒုက္ခမရောက်စေဖို့ ကျောက်တာဖန်းရဲ့ ညီကို ငြင်းခဲ့တာ ဖြစ်မှာပေါ့။ အဲဒီအရူးက ကြင်နာတတ်တဲ့သူမှ မဟုတ်တာ"
ကျူးမေ၏ မျက်လုံးထောင့်မှ အရေးအကြောင်းများနှင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို တွေးမိရင်း စုန့်ဝမ်က မေးလိုက်သည်။
"သူက ပြည့်တန်ဆာအိမ်မှာ ဧည့်သည်တွေကို ဆွဲဆောင်နိုင်ပါ့မလား"
ကျူးမေ၏ ရုပ်ရည်နှင့်ဆိုလျှင် အိမ်လခပေးရန်ပင် လုံလောက်အောင် ရှာနိုင်ပါ့မလားဟု စုန့်ဝမ်က စိုးရိမ်မိသည်။
ယခင်က မှိုင်တွေနေသော အိုက်ခွင်းသည် ဤအကြောင်းအရာ ပြောသောအခါ ရုတ်တရက် တက်ကြွလာသည်။
“မင်း နားမလည်ပါဘူး။ အတွေ့အကြုံ အမျိုးသမီး၊ မုဆိုးမ၊ ရင့်ကျက်တဲ့ အမျိုးသမီး ... ဒီလို ပုံစံတွေထဲက တစ်ခုခုကတင် ဧည့်သည်အများကြီးကို ဆွဲဆောင်နိုင်တယ်။ အဲဒါတွေ အားလုံးနဲ့ ပြည့်စုံနေတဲ့သူဆိုရင် ပြောမနေနဲ့တော့"
အိုက်ခွင်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သဖြင့် စုန့်ဝမ်က နောက်ပြောင်လိုက်သည်။
"ခင်ဗျား အဲဒီကို ရောက်ဖူးတယ်ထင်တယ်"
အိုက်ခွင်းမျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားသည်
“လုံးဝမဟုတ်ပါဘူး။ ငါ အရင်က ပြောခဲ့သလိုပဲ သူ့ခင်ပွန်းနဲ့ ငါက သူငယ်ချင်းတွေပါ။ သူငယ်ချင်းရဲ့ ဇနီးဆိုတာ ငါတို့အတွက်တော့ တားမြစ်ထားတဲ့ နယ်မြေပဲ။ သူ အခု ဒုက္ခရောက်နေချိန် အများကြီး မကူညီနိုင်ပေမဲ့၊ အမြတ်တော့ လုံးဝမထုတ်ပါဘူး"
"ဒါက အမြတ်ထုတ်တာမှ မဟုတ်တာ၊ ရက်ရောတဲ့ အကူအညီလို့ ခေါ်တာပေါ့”
စုန့်ဝမ်က တမင်မြှောက်ပေးလိုက်သည်။
အိုက်ခွင်း အလေးအနက် စဉ်းစားသွားသည်။
“မင်းပြောတာလည်း ဟုတ်တယ်။ ငါ အဲဒါကို စဉ်းစားကြည့်ဦးမယ်"
အိုက်ခွင်းသည် ပြန်ထွက်သွားရင်း တံခါးဝ ရောက်ခါနီးတွင်မှ သူက နောက်လှည့်ကြည့်ကာ သတိပေးစကား ဆိုလာသည်။
“ဒါနဲ့ ငါ မေ့တော့မလို့၊ ဒီရက်ပိုင်း အပြင်ကို သိပ်မသွားနဲ့ဦး၊ အထူးသဖြင့် ညဘက်တွေမှာပေါ့”
"ဘာလို့လဲ … စျေးမြို့က မလုံခြုံတော့လို့လား” ဟု စုန့်ဝမ်က ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။
အိုက်ခွင်းက ခေါင်းညိတ်ပြသည်။
"မကြာသေးခင်က လေလွင့်ကျင့်ကြံသူတွေ ဆက်တိုက် ပျောက်ဆုံးနေတာတွေ ရှိတယ်။ အချို့က တောထဲမှာ ပျောက်သွားတာ၊ အချို့က မြို့ထဲမှာပဲ ပျောက်သွားတာ။ ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ"
ပြောပြီးနောက် အိုက်ခွင်းသည် လမ်းထောင့်သို့ ကွေ့ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
...
ရက်အနည်းငယ် ကြာပြီးနောက် …..
စုန့်ဝမ်သည် နောက်ဆုံး၌ သူ၏ ပထမဆုံးသော သွေးချီဆေးလုံးအသုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ သွေးချီဆေးလုံးများကို အချိန်အတော်ကြာ စိုက်ကြည့်ရင်း အဆင်ပြေကြောင်း အတည်ပြုပြီးနောက် စုန့်ဝမ်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ဆေးလုံးတစ်လုံးကို မျိုချလိုက်သည်။ ရင်းနှီးနေသော သွေးများ၏ လှုပ်ခတ်မှုနှင့် ဝိညာဉ်စွမ်းအားများ တိုးဝင်လာမှုကို ထပ်မံခံစားရပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် သွေးအဆီအနှစ် ကုန်ခမ်းသည့် ပမာဏမှ သူ့အပေါ် လုံးဝ မသက်ရောက်ပေ။
စုန့်ဝမ်သည် သက်ရှည်ကျင့်စဥ်ကို ချက်ချင်း အသက်သွင်းကာ ဆေးလုံး၏ ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်သည်။ နာရီဝက်အကြာတွင် သူသည် သွေးချီဆေးလုံးမှ ဝိညာဉ်စွမ်းအားအားလုံးကို စုပ်ယူပြီးသွားခဲ့သည်။ ထို့နောက် ဒုတိယမြောက် ဆေးလုံးကို ထပ်မံ မျိုချလိုက်လေသည်။
သွေးချီဆေးလုံး နှစ်လုံးကို စုပ်ယူပြီးနောက် သက်ရှည်ကျင့်စဥ် သိသိသာသာ တိုးတက်လာသည်ကို စုန့်ဝမ် အာရုံခံမိလိုက်သည်။ ယခုဆိုလျှင် သူသည် ချီစုစည်းခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိရန် အလွန်ပင် နီးကပ်နေပြီ ဖြစ်သည်။ စုန့်ဝမ်သည် ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်မည့် နည်းလမ်းကောင်းတစ်ခု ရှာဖွေတွေ့ရှိသွားသဖြင့် ဝမ်းသာပီတိ ဖြစ်နေမိသည်။
သို့သော်လည်း ဆေးလုံး၏ အာနိသင်မှာ လိုအပ်ချက် ရှိနေသေးသည့်အပြင် တစ်ခါဖော်စပ်လျှင် ဆေးလုံးနှစ်လုံးသာ ရရှိပြီး၊ သုံးရက်ခန့် အချိန်ပေးရသဖြင့် အကျိုးအမြတ် သိပ်မရှိလှပေ။ ကျိယင်းထံမှ ပထမဆုံးအကြိမ် ရရှိခဲ့သော သွေးချီဆေးလုံးများကို ပြန်လည်အမှတ်ရမိသည်။ ထိုစဉ်က ဆေးဖက်ဝင်အပင် အမယ်များကို တိုးမြှင့်အသုံးပြုခဲ့သဖြင့် တစ်ခါဖော်လျှင် ဆေးလုံးလေးလုံး ရရှိသည့်အပြင် အာနိသင်မှာလည်း နှစ်ဆမက ပြင်းထန်ခဲ့သည်။
“မထူးပါဘူး၊ ဆေးအမယ်တွေ ပိုထည့်ပြီး စမ်းကြည့်မယ်”
ဆုံးဖြတ်ပြီးသည်နှင့် ဝိညာဉ်ဆေးပင်များ ဝယ်ယူရန် ချက်ချင်း ထွက်လာခဲ့သည်။
….
တစ်လခွဲခန့် ကြာပြီးနောက် အဆင့်မြှင့်တင်ထားသော သွေးချီဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ ဆေးတစ်လုံးကို မျိုချလိုက်ရုံဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အရှိန်အဟုန်နှင့် တိုးတက်လာတော့သည်။ ကျိယင် တလွဲလုပ်ခဲ့သည့် ဆေးနည်းက ထင်မှတ်မထားဘဲ အကျိုးရှိလာခဲ့သည်။
ထိုညတွင် သွေးချီဆေးလုံး၏ ဆေးအာနိသင်ကို ချေဖျက် စုပ်ယူနေစဉ် သူ၏ ခြံဝင်းငယ်လေးဆီသို့ လူတစ်ဦး ချဉ်းကပ်လာသည်ကို စုန့်ဝမ် သတိပြုမိလိုက်သည်။ သို့သော် ထိုသူက စုန့်ဝမ်၏ ခြံထဲသို့ မဝင်ဘဲ ဘေးအိမ်ဖြစ်သော စွန်းတာရှုံ၏အိမ်သို့ ဦးတည်သွားလေသည်။
ထိုသူမှာ စုန့်ဝမ် ယခင်က မြင်ဖူးထားသည့် လေ့မိသားစုမှ ပါရမီရှင်လေ့ထျန်းယုပင် ဖြစ်သည်။ လေ့ထျန်းယုက သူ၏ အော်ရာကို ကောင်းစွာ ဖုံးကွယ်ထားသည်။ အကယ်၍ အပြင်ဘက်တွင် ကင်းစောင့်နေသော မဟူရာသံချပ်ကာကူ၏ မြင်ကွင်းထဲ မဝင်ခဲ့လျှင်၊ အခြေတည်အဆင့် နှောင်းပိုင်းကျင့်ကြံသူတစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သော ဝိညာဉ်အာရုံရှိသည့် စုန့်ဝမ်ပင်လျှင် သူ့ကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
“လေ့မိသားစုရဲ့ ဂုဏ်သရေရှိ အမွေဆက်ခံသူက ဘာလို့ ညသန်းခေါင်မှာ စွန်းအိမ်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်နေတာလဲ။ စွန်းတာရှုံဆီမှာ လေ့ထျန်းယု မက်မောလောက်စရာ တန်ဖိုးရှိတဲ့အရာတစ်ခုခု ရှိနေလို့လား”
စုန့်ဝမ်သည် စူးစမ်းလိုစိတ်ဖြင့် ဝိညာဉ်အာရုံကို ဂရုတစိုက် ဖြန့်ကျက်ကာ လေ့ထျန်းယု၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
လေ့ထျန်းယုသည် စွန်းတာရှုံ၏ ခြံဝင်းထဲသို့ အသံတိတ် ဆင်းသက်လိုက်သည်။ ဘယ်ဘက်အစွန်ဆုံး အခန်းတွင်သာ လူရှိကြောင်း အတည်ပြုပြီးနောက် သူ့မျက်နှာတွင် ဝမ်းသာသည့် အမူအရာ ပေါ်လာသည်။
စွန်းတာရှုံသည် မနေ့ကတည်းက မိစ္ဆာသားရဲများကို အမဲလိုက်ရန် အပြင်သို့ ထွက်သွားခဲ့ရာ ယခုတိုင် ပြန်မလာသေးပေ။ အိမ်တွင် စွန်းရူ တစ်ဦးတည်းသာ ရှိသည်။
လေ့ထျန်းယုက ဧည့်ခန်းတံခါးရှေ့သို့ ချဉ်းကပ်သွားသည်။ ထို့နောက် တံခါးကြားမှတစ်ဆင့် ဝိညာဉ်စွမ်းအား အမျှင်တန်းတစ်ခုကို ထည့်သွင်းကာ အသံတိတ် ဖွင့်လိုက်သည်။ ဧည့်ခန်းထဲသို့ ဝင်ပြီးနောက် ဘယ်ဘက်အခန်းဆီသို့ ဦးတည်လိုက်သည်။
အခန်းတံခါးကို ဖွင့်မည် အလုပ်တွင် အခန်းတစ်ခုလုံးကို မမြင်နိုင်သော စွမ်းအားတစ်ခုက လွှမ်းခြုံထားသည်ကို သတိပြုမိလိုက်သည်။
ကာကွယ်ရေး အစီအရင်တစ်ခု …. မျှော်လင့်မထားသော အခြေအနေနှင့် ကြုံတွေ့ရသော်လည်း လေ့ထျန်းယုသည် တည်ငြိမ်နေဆဲပင်။ ၎င်းမှာ ကာကွယ်ရေးနှင့် သတိပေးစနစ် နှစ်မျိုးလုံးပါဝင်သော သံချပ်ကာအစောင့်အစီအရင်ဟု ခေါ်သည့် အခြေခံအစီအရင်မျှသာ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးက အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးစားပါက အတားအဆီးမှာ အနီရောင်အလင်းတန်းများ လင်းလက်လာပြီး စူးရှသောအသံများ ထုတ်လွှတ်ကာ အနီးနားရှိ လူများကို သတိပေးပေလိမ့်မည်။ သားရဲသခင်ဂိုဏ်းသည် အိမ်လခ ကောက်ခံထားသူများ ဖြစ်သဖြင့် လေလွင့်ကျင့်ကြံသူများ၏ ဘေးကင်းရေးကို တာဝန်ယူရသည်။ သတိပေးအစီအရင် အသက်ဝင်သည်ကို မြင်သည်နှင့် ကင်းလှည့်အဖွဲ့ ချက်ချင်း ရောက်ရှိလာမည် ဖြစ်သလို၊ အိမ်နီးနားချင်းများကလည်း ကူညီရန် ရောက်လာနိုင်ပေသည်။ စွန်းတာ့ရှုံသည် သူ အပြင်သွားနေစဉ် သမီးဖြစ်သူကို ကာကွယ်ရန် ဤအစီအရင်ကို ငွေအမြောက်အမြား အကုန်အကျခံကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
လေ့ထျန်းယုသည် အနက်ရောင် သံပြားတစ်ခုကို ထုတ်ယူကာ ဝိညာဉ်စွမ်းအားများ ထည့်သွင်းပြီး အစီအရင် အတားအဆီးပေါ်သို့ ဂရုတစိုက် ကပ်လိုက်သည်။ ထိတွေ့လိုက်သည်နှင့် အစီအရင်ထိန်းချုပ်ကျောက်ပြားမှာ နှင်းခဲပေါ်သို့ မီးကျသကဲ့သို့ စတင် အရည်ပျော်လာတော့သည်။
“ဖောက်”
တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ အစီအရင်ထိန်းချုပ်ကျောက်ပြား အရည်ပျော်သွားပြီးနောက် အစီအရင်လည်း ပျက်စီးသွားတော့သည်။ အစီအရင် ပျက်စီးသွားသဖြင့် အတွင်း၌ ကျင့်ကြံနေသော စွန်းရူ ချက်ချင်း ထလိုက်သည်။
“ဘယ်သူ ...”
စွန်းရူ စကားပင် မဆုံးသေးမီ အနက်ရောင်လူရိပ်တစ်ခုက သူမဆီသို့ ခုန်အုပ်လိုက်သည်။ ထို့နောက် ဦးခေါင်းတွင် ပြင်းထန်သော နာကျင်မှု ခံစားလိုက်ရပြီး သတိလစ်ကာ လဲကျသွားတော့သည်။
လေ့ထျန်းယုသည် အနက်ရောင် အဝတ်အိတ်တစ်ခုကို ထုတ်ကာ စွန်းရုကို အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပခုံးပေါ် ထမ်းတင်ကာ ခြံဝင်းအတွင်းမှ ပြန်ထွက်ခွာ သွားသည်။
ဤမြင်ကွင်း မြင်လိုက်ရသောအခါ စုန့်ဝမ်၏ လေ့မိသားစုနှင့် ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာ ဆက်စပ်ကြည့်လိုက်သည်။
လေ့မိသားစု၏ အဆောင်နှင့် မန္တန်အရောင်းဆိုင်၊ စျေးနှုန်းချိုသာသော မိုးကြိုးလက်ဝါးမန္တန်၊ ကျောက်စိမ်းပြားပေါ်မှ ဝိညာဉ်အမှတ်အသားနှင့် လေ့ထျန်းယု၏ ကိုယ်ပေါ်မှ သွေးစွမ်းအင်များ ... စသဖြင့် တစ်ခုပြီး တစ်ခု ပေါ်လာသည်။ ထို့အပြင် မကြာသေးခင်ကမှ စွန်းရူသည် မိုးကြိုးလက်ဝါးမန္တန်ကို အောင်မြင်ထားခဲ့သည်။
ဤအချက်အလက်အားလုံးကို ဆက်စပ်ကြည့်ပြီးနောက် စုန့်ဝမ်၏ စိတ်ထဲတွင် ယူဆချက်တစ်ခု ပေါ်လာသည်။ ထို့ကြောင့် လေ့ထျန်းယု ခြံထဲမှ ထွက်သည်နှင့် စွန်းရူ၏ ကိုယ်ပေါ်သို့ ဝိညာဉ်အမှတ်အသားတစ်ခုကို တိတ်တဆိတ် ထားရှိလိုက်သည်။ လေ့ထျန်းယုက ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် သူ့အပေါ်တွင်မူ အမှတ်အသား မလုပ်ခဲ့ပေ။
ထို့နောက် သူသည် မဟူရာသံချပ်ကာကူ တစ်ကောင်ကို လေ့ထျန်းယုနောက်သို့ ခြေရာခံ လိုက်ခိုင်းလိုက်သည်။ လေ့ထျန်းယုသည် စျေးမြို့အတွင်း လှည့်ပတ်သွားလာပြီးမှ မြို့ပြင်သို့ ထွက်ခွာသွားခဲ့သည်။ မြို့ပြင်ရောက်သော် လေ့ထျန်းယုသည် မည်သူမျှ သတိမထားမိစေရန် ပျံသန်းခြင်း မပြုဘဲ တောအုပ်အတွင်းမှ ပြေးလွှားသွားခဲ့သည်။
……..