← Chapters

လေ့လာစစ်ဆေးမယ်

Vol. 11 Ch. 118

လေ့လာစစ်ဆေးမယ်

Vol. 11 Ch. 118

ရေကန်ပေါ် ပြန်အရောက် ဟိုဟိုဒီဒီ ကြည့်ရင်း လူသူကင်းရှင်းကြောင်း သေချာသည်နှင့် လေ့ထျန်းယုသည် ဓားကို စီးနင်းကာ ပျံသန်းထွက်ခွာသွားသည်။

လေ့ထျန်းယု ထွက်သွားပြီး အတန်ကြာမှ စုန့်ဝမ် ပုန်းခိုရာက ထွက်လာခဲ့သည်။ အနီးဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် ကန်ထဲသို့ ငုပ်လျှိုးဝင်လိုက်သည်။

လေ့ထျန်းယု ရေအောက်ဂူအတွင်းမှ ထွက်သွားခဲ့သော်လည်း သူ့နောက်သို့ လိုက်ပါသွားသော မဟူရာသံချပ်ကာကူမှာ ဂူထဲ၌ ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုကူပိုးကောင်နှင့် ဆက်သွယ်မှုကို အသုံးပြု၍ စုန့်ဝမ်သည် ဂူအတွင်းသို့ ဝင်နိုင်မည့် ကျောက်နံရံနေရာကို အလွယ်တကူ ရှာတွေ့ခဲ့သည်။

နေ့ခင်းဘက် ဖြစ်သော်လည်း ရေအောက်ဂူတွင်တော့ ပိန်းပိတ်အောင် မှောင်နေသည်။ ဝိညာဉ်အာရုံဖြင့် ခဏတာ စစ်ဆေးကြည့်ပြီးနောက် အလင်းပေးကျောက်တုံးတစ်တုံးကို ထုတ်၍ ကျောက်နံရံကို အလင်းပြကြည့်သော်လည်း ထိုကျောက်နံရံမှာ သာမန် ရေအောက်ကျောက်နံရံများနှင့် မည်သို့မျှ မထူးခြားသည်ကို တွေ့ရသည်။

မျက်စိဖြင့် ကြည့်သည်ဖြစ်စေ၊ ဝိညာဉ်အာရုံဖြင့် စစ်ဆေးသည်ဖြစ်စေ၊ ကိုင်တွယ်ထိတွေ့ကြည့်သည်ဖြစ်စေ ထိုကျောက်နံရံမှာ သာမန် ကျောက်နံရံတစ်ခုကဲ့သို့ပင် ခံစားရသည်။ ပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် လေ့ထျန်းယုဆီတွင် ရှိသော အနက်ရောင်အဝိုင်းပြား မရှိဘဲနှင့် ဤကျောက်နံရံကို ဖွင့်၍ ဂူထဲသို့ ဝင်ရန် မဖြစ်နိုင်ကြောင်း စုန့်ဝမ် ကောက်ချက်ချလိုက်သည်။

အတွင်းသို့ ဝင်ရန် လမ်းစ ရှာမတွေ့သဖြင့် ဂူအတွင်း၌ ရှိနေဆဲဖြစ်သော ကူပိုးကောင်ပေါ်သာ မျှော်လင့်ချက်ထားပြီး အတွင်းဘက်မှနေ၍ ထွက်ပေါက်တစ်ခု ရှာခိုင်းလိုက်သည်။ ဤရေအောက်ဂူမှာ လူလုပ်ဂူမဟုတ်ဘဲ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဂူဖြစ်သဖြင့် အခြားသော လမ်းကြောင်းများ ရှိနိုင်သည်။

စုန့်ဝမ်၏ လမ်းညွှန်မှုဖြင့် ကူပိုးကောင်သည် ဂူတစ်ခုလုံး ပိုက်စိပ်တိုက် ရှာဖွေတော့သည်။ ဂူပတ်ပတ်လည်ရှိ ကျောက်နံရံများကို စူးစမ်းကြည့်သော်လည်း ထွက်ပေါက် မတွေ့ရပေ။ သို့သော် ဤဂူကြီးမှာ အလွန်ကျယ်ပြောလှပြီး အရှည်မှာ သုံးမိုင်ထက်မကကြောင်း သိလိုက်ရသည်။

ဂူ၏ ပုံသဏ္ဌာန်မှာ အလွန်ပင် မညီမညာ ဖြစ်နေပြီး ဘူးသီးခြောက်ပုံစံနှင့် တူနေသည်။ မညီမညာသော စက်ဝိုင်းပုံသဏ္ဌာန် ဂူခန်းမကြီး နှစ်ခုရှိပြီး ၎င်းတို့ကြားတွင် ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုဖြင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။ ယဇ်ပလ္လင်မှာ ထိုဂူခန်းမကြီး နှစ်ခုအနက် ပိုမိုကြီးမားသော အခန်းထဲတွင် တည်ရှိလေသည်။

ပတ်ပတ်လည်ရှိ ကျောက်နံရံများတွင် ထွက်ပေါက် ရှာမတွေ့သဖြင့် ကူပိုးကောင်သည် ဂူ၏အပေါ်ဘက် မျက်နှာကြက်ဆီသို့ တက်၍ ရှာဖွေပြန်သည်။

တစ်နာရီနီးပါး ကြာပြီးနောက်တွင် ဘူးသီးခြောက်ပုံသဏ္ဌာန် ဂူခန်းမ၏ အခန်းငယ်ဘက်ခြမ်း မျက်နှာကြက်ရှိ ချိုင့်ဝင်နေသော နေရာတစ်ခုတွင် အပေါက်ငယ်တစ်ခုကို ရှာတွေ့သွားတော့သည်။ ကူပိုးကောင်သည် ထိုအပေါက်ထဲသို့ ဆယ်မီတာကျော်ခန့် တွားဝင်သွားရာ အပေါက်မှာ တဖြည်းဖြည်း ကျယ်လာသည်။ နောက်ထပ် မီတာအနည်းငယ် တက်ပြီးနောက်တွင်မူ လူတစ်ဦး ဝင်သာရုံမျှရှိသော ဒေါင်လိုက်လမ်းကြောင်းတစ်ခု ဖြစ်သွားလေသည်။ ထိုလမ်းကြောင်းမှာ အပေါ်သို့ ကွေ့ကောက်တက်သွားခြင်း ဖြစ်သည်။

မီတာတစ်ရာခန့် ပျံတက်ပြီးနောက်တွင် ကူပိုးကောင်သည် အခြားဂူတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ ထိုဂူထဲတွင် ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များဖြင့် ပြည့်နှက်နေပြီး နေရာအနှံ့တွင် အက်ကြောင်းများ ရှိနေကာ မျက်နှာကြက်မှ ရေစက်များ တဖျောက်ဖျောက် ကျနေလေသည်။

စုန့်ဝမ်လည်း ရေကန်အောက်ခြေမှ ပြန်တက်လာပြီး ကူပိုးကောင်နှင့် ချိတ်ဆက်ပြီး ထိုဂူတည်ရှိရာဆီသို့ ဦးတည်လိုက်သည်။ ဤဂူမှာ တောင်ငယ်တစ်ခု၏ အတွင်းဘက်၌ တည်ရှိခြင်း ဖြစ်သည်။ စုန့်ဝမ်လည်း ကူပိုးကောင်၏ လမ်းပြမှုဖြင့် ဒေါင်လိုက်လမ်းကြောင်းရှိရာသို့ ရောက်လာပြီး အောက်သို့ ခုန်ဆင်းလိုက်သည်။ မီတာတစ်ရာခန့် ဆင်းပြီးနောက် လမ်းကြောင်းမှာ လူတစ်ကိုယ်စာ မဝင်နိုင်လောက်အောင် ကျဉ်းမြောင်းသွားသည်။

စုန့်ဝမ်သည် အရှေ့ဟွားဖန်းစျေးမှ ဝယ်ယူလာသော အလယ်အလတ်အဆင့် ဝိညာဥ်ဓားကို ထုတ်လိုက်သည်။ ထို့နောက် ကျောက်တုံးများကို စတင်ဖြတ်တောက်ပြီး ဖြတ်ထားသော အပိုင်းအစများကို အပိုပါလာသော သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ဤလက်စွပ်မှာ ဝူယင် ပိုင်ဆိုင်ခဲ့သည့် လက်စွပ်ဖြစ်ပြီး ကုဗပေခြောက်ရာခန့် ကျယ်သည်။ မီတာနှစ်ဆယ်ခန့်ရှိသော လမ်းကြောင်းမှ တူးဖော်ရရှိသော ကျောက်ခဲအားလုံးကို ထည့်ရန် လုံလောက်သည်။

နာရီဝက်ကျော်ကြာ အားထုတ်ပြီးနောက် လမ်းကြောင်းကို ရှင်းလင်းနိုင်ခဲ့ပြီး ဂူအတွင်း ဝင်ရောက်နိုင်ခဲ့သည်။ ဂူအတွင်း အတန်ကြာ လျှောက်သွားပြီးနောက် ထူးဆန်းလှသည့် ယဇ်ပလ္လင်ကို တွေ့လိုက်ရတော့သည်။

စုန့်ဝမ် သေချာစစ်ကြည့်ရင်း အစီအရင်ပုံစံနှင့် ထိုယဇ်ပလ္လင်ကြီးမှာ လက်ရှိ ကျင့်ကြံခြင်းလောက၏ပုံစံနှင့် မတူဘဲ ရှေးကျသည့် ပုံစံရှိပြီး နက်နဲဆန်းကြယ်သော အော်ရာများ ထုတ်လွှတ်နေသည်ကို သတိပြုမိလိုက်သည်။ လေ့ထျန်းယုသည် ဤအစီအရင်ကို အသုံးပြု၍ စွန်းရူ၏ မိုးကြိုးကျင့်စဉ်ပါရမီကို ဝါးမြိုခဲ့ခြင်း ဖြစ်နိုင်သည်။ သူတပါး၏ ပါရမီကို ဝါးမြိုနိုင်သော အစီအရင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ စုန့်ဝမ်မှာ အံ့သြမိသလို ထိတ်လန့်မိသည်။

“ပါရမီကိုတောင် လုယူနိုင်တယ်ဆိုရင်တော့ ဒီအစီအရင်နဲ့ ယဇ်ပလ္လင်က လောကကြီးကို တုန်လှုပ်စေနိုင်တာပဲ။ မိုးကြိုးကျင့်စဉ်ပါရမီကို ဝါးမြိုနိုင်တယ်ဆိုရင်၊ ဝိညာဉ်အမြစ်ကိုရော ဝါးမြိုလို့ ရနိုင်မလား"

အကယ်၍ ဝိညာဉ်အမြစ်ကိုပါ ဝါးမြိုနိုင်မည်ဆိုလျှင် ဒဏ္ဍာရီလာ အဆင့်ကိုးဝိညာဉ်အမြစ်ကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် ဤယဇ်ပလ္လင်သည် ဝိညာဉ်အမြစ်ကို လုယူနိုင်လိမ့်မည်မဟုတ်ဟု စုန့်ဝမ် ခပ်ဝါးဝါး တွေးဆမိသည်။ သို့မဟုတ်ပါက လေ့ထျန်းယုသည် မိုးကြိုးကျင့်စဉ်စွမ်းအားကို မြှင့်တင်ရန် ပါရမီကို လုယူမည့်အစား သူ့ဝိညာဥ်အမြစ်ကို အဆင့်ကိုး ဝိညာဉ်အမြစ်အဖြစ် တိုက်ရိုက်ပြောင်းလဲကာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်လိုက်မည် ဖြစ်သည်။

"ဒါပေမဲ့ အဖိုးကြီးအိုက်ခွင်း ပြောတဲ့အတိုင်းဆိုရင် မိုးကြိုးကျင့်စဉ် ကျင့်ကြံနိုင်ဖို့ မီးဓာတ်ဝိညာဉ်အမြစ်က ဗီဇပြောင်းလဲပြီး မိုးကြိုးဓာတ်ဝိညာဉ်အမြစ် ဖြစ်သွားရတာပဲ။ အဲဒီတော့ ဒီအစီအရင်က လူတစ်ယောက်ရဲ့ မိုးကြိုးဝိညာဉ်အမြစ်ကို ဘယ်လိုများ ဝါးမြိုနိုင်တာလဲ။ ကျင့်ကြံခြင်းလောကရဲ့ မိုးကြိုးဝိညာဉ်အမြစ်ပေါ် ယူဆချက်တွေကပဲ မှားနေလို့လား”

ခေါင်းပူအောင် စဉ်းစားသော်လည်း ရှင်းလင်းသော အဖြေမရသဖြင့် စုန့်ဝမ် ထပ်မစဉ်းစားတော့ပေ။ သူ့အကြည့်က ကျောက်ခဲများ ပြည့်နေသော တွင်းကြီးဘက်သို့ ရောက်သွားသည်။ စွန်းရူ၏အလောင်းမှာ ရှိနေဆဲပင်၊ သေခါနီးတွင် ခံစားခဲ့ရသော ဝေဒနာများကြောင့် သူမ၏ မျက်လုံးများမှာ ပြူးထွက်နေသည်။ ဘေးဘက်တွင် ခွာလေးဖက်ပါသော အမည်မသိ သားရဲတစ်ကောင်၏ အရိုးစု ရှိပြီး ဆွေးမြည့်နေပြီ ဖြစ်သည်။ ထိုသားရဲ၏ အကြွင်းအကျန်ကို မြင်သောအခါ နွားလားတစ်ကောင်ကို စီးနင်း၍ ပျံသန်းလာသော ခို့ချန်၏ ပုံရိပ် စုန့်ဝမ်စိတ်ထဲ ဖျပ်ခနဲ ပေါ်လာသည်။

စုန့်ဝမ်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"စိတ်ဝင်စားစရာပဲ"

သေချာအောင် ဂူအတွင်းကို နောက်ထပ်တစ်ခေါက် လှည့်ပတ်ကြည့်သော်လည်း ယဇ်ပလ္လင်နှင့် အစီအရင်မှလွဲ၍ အခြား မည်သည့်အရာမျှ မရှိတော့ပေ။ ထို့ကြောင့် ဒေါင်လိုက်လမ်းကြောင်း၏ အောက်ခြေသို့ ဆင်းကာ အပေါ်ဂူဘက်သို့ ပြန်ထွက်လာခဲ့သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ကျောက်တုံးကြီးများကို ထုတ်၍ လမ်းကြောင်းကို ပိတ်လိုက်သည်။ မီတာဆယ်မီတာခန့် ပိတ်ပြီးနောက် ကျောက်တုံးကြီးများ ကုန်သွားသဖြင့် အပေါ်ဂူထဲရှိ ကျောက်တုံးကြီးတစ်တုံးကို သယ်ဆောင်လာပြီး လမ်းကြောင်း၏ အဝင်ဝကို လုံအောင် ပိတ်လိုက်တော့သည်။ လမ်းကြောင်းကို ပိတ်ပြီးနောက် ဂူထဲမှ ထွက်ခွာကာ အရှေ့ဟွားဖန်းစျေးသို့ ပြန်လာခဲ့သည်။ လမ်းတွင် သိုလှောင်လက်စွပ်ထဲမှ ကျောက်ခဲများကို စွန့်ပစ်ခဲ့သည်။

စျေးသို့ ပြန်ရောက်သောအခါ ညနေစောင်းနေပြီ ဖြစ်သည်။ ခြံဝင်းတံခါးဝသို့ ရောက်သောအခါ စွန်းတာ့ရှုံ၏အိမ်ကို လှမ်းကြည့်လိုက်သည်။ တံခါးက ပိတ်ထားဆဲဖြစ်ပြီး ခြံဝင်းမှာ တိတ်ဆိတ်နေသည်။ စွန်းတာရှုံတစ်ယောက် မိစ္ဆာသားရဲ အမဲလိုက်ရာမှ ပြန်မရောက်သေးပေ။ စွန်းရူ သေဆုံးသွားခြင်းကိုလည်း မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်။ စုန့်ဝမ်လည်း ခြံတံခါးကို တွန်းဖွင့်ကာ အိမ်အတွင်းသို့ ဝင်ခဲ့လိုက်သည်။

……

နောက်နှစ်ရက်အကြာ၊ နံနက်ခင်းတွင်မှ စွန်းတာရှုံ အိမ်ပြန်ရောက်လာသည်။ ဒဏ်ရာအချို့ ရထားသော်လည်း အမဲလိုက်မှု အောင်မြင်ခဲ့သဖြင့် အလွန်ကျေနပ်နေပုံရသည်။ အိမ်ရောက်သည်နှင့် ခြံတံခါးကို တွန်းဖွင့်လိုက်ပြီး သမီးဖြစ်သူကို အသံကုန်ဟစ်ကာ အော်ခေါ်လိုက်သည်။

"ရှောင်ရူ ... အဖေ ပြန်လာပြီဟေ့။ ထွက်လာဦး .. ဒီတစ်ခါ အဖေ အစိမ်းရောင်ဝံပုလွေတစ်ကောင် ရခဲ့တယ်ကွ။ သမီး လိုချင်နေတဲ့ အလယ်အလတ်အဆင့် ဓားပျံကိုလည်း ဝယ်လာခဲ့တယ်"

ခြံဝတွင် ခဏစောင့်ကြည့်သော်လည်း ပုံမှန်ဆိုလျှင် ဝမ်းသာအားရ ခုန်ပေါက်ထွက်လာတတ်သော သမီးဖြစ်သူမှာ ပေါ်မလာပေ။ စွန်းတာရှုံ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး ဇဝေဇဝါနှင့် ရေရွတ်လိုက်သည်။

"ဒီကလေးမ ဘယ်သွားနေတာလဲ၊ စျေးထဲ သွားတာလား"

တီးတိုးပြောဆိုရင်း အိမ်ထဲသို့ ဝင်လာခဲ့ပြီး စွန်းရူ၏ အခန်းတံခါးဝရှေ့ အရောက် စွန်းတာရှုံ ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။ အခန်းတံခါးမှာ ပွင့်နေပြီး အခန်းထဲတွင် မည်သူမျှ မရှိပေ။ သမီးဖြစ်သူကို ကာကွယ်ရန် တပ်ဆင်ပေးထားသော အစီအရင် ဖျက်ဆီးခံထားရသည်ကို မြင်လိုက်ချိန်တွင် စွန်းတာရှုံ ထိတ်လန့်သွားပါတော့သည်။ အစီအရင်ပြားမှာ ကုတင်ပေါ်တွင် ရှိနေပြီး၊ အစီအရင်အလံများနှင့် ဝိညာဉ်ကျောက်တုံးများ ရှိနေဆဲ ဖြစ်သော်လည်း အစီအရင်မှာ အလုပ်မလုပ်တော့ပေ။

အခြေအနေကို ရိပ်စားမိသွားသော စွန်းတာရှုံလည်း ခြံထဲ အပြေးအလွှား ထွက်လာရင်း အော်ဟစ်ရှာဖွေပါတော့သည်။

“ရှောင်ရူ .. ရှောင်ရူ .. သမီး ဘယ်မှာလဲ”

မည်သည့်တုံ့ပြန်မှုမျှ မရရှိသည့်အဆုံး စွန်းတာရှုံသည် သားရဲသခင်ဂိုဏ်း၏ စျေးမြို့လုံခြုံရေးအဖွဲ့ရုံးသို့ အရူးတစ်ယောက်ပမာ ပြေးသွားတော့သည်။ နာရီဝက်ခန့် ကြာပြီးနောက် သားရဲသခင်ဂိုဏ်းမှ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ၇ ဦးပါသော အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်။

အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးပြီး အိမ်နီးနားချင်းများကို မေးမြန်းသော်လည်း မည်သည့်သဲလွန်စမျှ မရရှိပေ။ စွန်းရူသည် သူမ၏ သဘောဆန္ဒအရ ထွက်သွားခြင်းမျိုး မဟုတ်သလို၊ ကျူးကျော်ဝင်ရောက်သူ၏ သဲလွန်စလည်း မတွေ့ရချေ။ အိမ်နီးနားချင်းများအားလုံးက လွန်ခဲ့သော နှစ်ရက်အတွင်း စွန်းရူကို မမြင်ခဲ့ရသလို ထူးခြားသော လှုပ်ရှားမှုများကိုလည်း သတိမထားမိခဲ့ကြောင်း ထွက်ဆိုကြသည်။

စုန့်ဝမ်လည်း အများနည်းတူ ဖြေကြားခဲ့သည်။ သေဆုံးပြီးသူအတွက် စွန့်စားလိုစိတ် မရှိသလို၊ မိမိကိုယ်တိုင် ဘဝမှန်ကို ဖုံးကွယ်နေထိုင်ရသူ ဖြစ်သဖြင့် အရှုပ်အထွေးနှင့် ကင်းနိုင်သမျှ ကင်းအောင် နေထိုင်ရန် ဆုံးဖြတ်ထားသည်။

နောက်ဆုံးတွင် မည်သည့် သတင်းအချက်အလက်မျှ မရရှိသဖြင့် စစ်ဆေးရေးအဖွဲ့က စွန်းရူကို လူပျောက်စာရင်းတွင် ထည့်သွင်းမည် ဖြစ်ကြောင်း ပြောဆိုကာ ထွက်ခွာသွားကြသည်။ ဤဟွားဖန်းစျေးတွင် လေလွင့်ကျင့်ကြံသူပေါင်းများစွာ ဝင်ထွက်သွားလာနေကြရာ လူတစ်ယောက် ပျောက်ဆုံးသွားခြင်းမှာ သိသာထင်ရှားသော ဂယက်ထမှုမျိုး မဖြစ်စေခဲ့ပေ။ နောက်ခံမရှိသော အဆင့်နိမ့် လေလွင့်ကျင့်ကြံသူတစ်ယောက် ပျောက်ဆုံးမှုအတွက် ဂိုဏ်းဘက်က အရေးတယူလုပ် စုံစမ်းပေးမည် မဟုတ်ပေ။

စွန်းတာရှုံ တစ်ဦးတည်းသာလျှင် မျှော်လင့်ချက်မဲ့စွာဖြင့် ခြံရှေ့တွင် ဒူးထောက်ကျန်ရစ်ခဲ့သည်။ သူသည် ခြံဝင်းနှင့် အိမ်ကြီးကို ကြည့်ကာ ကိုယ့်ပါးကို အကြိမ်ကြိမ် ပြန်ရိုက်နေမိသည်။ ပါးများမှာ ရောင်ကိုင်းလာပြီး ပါးစပ်မှ သွေးများ ထွက်လာသော်လည်း သူသည် ထိုနာကျင်မှုကို သတိမမူမိတော့ပေ။ သမီးဖြစ်သူကို သေသေချာချာ မစောင့်ရှောက်နိုင်ခဲ့ခြင်းအတွက် မိမိကိုယ်ကိုယ် အပြစ်တင်နေသလို၊ ကွယ်လွန်သူ ဇနီးသည်အပေါ်တွင်လည်း အပြစ်မကင်းသကဲ့သို့ ခံစားနေရခြင်း ဖြစ်နိုင်သည်။ ထို့အပြင် စောစောစီးစီး ပြန်မလာနိုင်ခဲ့ခြင်းအတွက်လည်း ဖြစ်နိုင်ပေသည်။ ဤဒေသတွင် လွန်ခဲ့သော လပိုင်းအတွင်း လေလွင့်ကျင့်ကြံသူ နှစ်ဆယ်ကျော်ခန့် ထူးဆန်းစွာ ပျောက်ဆုံးနေသည်ကို သိလျက်နှင့် မိစ္ဆာသားရဲ အမဲလိုက်ရန် အပြင်သို့ ထွက်သွားခဲ့မိသည့် သူ့ဆုံးဖြတ်ချက်ကြောင့် သမီးဖြစ်သူ ပျောက်ဆုံးခဲ့ရသည် မဟုတ်ပါလား။

… ……

စုန့်ဝမ်သည် အပြင်သွားရန် ခြံဝင်းငယ်လေးမှ ထွက်ကာ တံခါးပိတ်ရင်း အိမ်တံခါးဝတွင် ဒူးထောက်နေဆဲဖြစ်သော စွန်းတာရှုံကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သမီးဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားမှုမှာ အမြဲတမ်း တက်ကြွလန်းဆန်းနေတတ်သော ဤသူကို အကြီးအကျယ် ဝမ်းနည်းသွားစေပုံရသည်။

စုန့်ဝမ်လည်း စွန်းတာရှုံကို လျစ်လျူရှုပြီး စျေးသို့ ထွက်လာခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ရုပ်ဖျက်ထားသော စုန့်ဝမ်သည် စျေးအတွင်း ရောက်ရှိလာပြီး ဝိညာဉ်သားရဲ အရောင်းဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်လာခဲ့သည်။ ထိုဆိုင်တွင် ဝိညာဉ်သားရဲများနှင့် ဝိညာဉ်ပိုးကောင်များကို ရောင်းချရုံတင်မကဘဲ ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန် လိုအပ်သော ဆေးလုံးများနှင့် ဆေးဖက်ဝင်အပင်များကိုပါ ရောင်းချသည်။

အရှေ့ဟွားဖန်းစျေးသို့ ရောက်တည်းက ဝိညာဉ်သားရဲဆိုင် အတော်များများသို့ သွားရောက်ခဲ့ပြီး ဝိညာဉ်ပိုးကောင် မွေးမြူနည်း အခြေခံစာအုပ်များကို ဝယ်ယူခဲ့သော်လည်း သူ၏ ကူပိုးကောင်များကို ပျိုးထောင်ရာတွင် များစွာ အထောက်အကူ မဖြစ်ခဲ့ပေ။

ဝိညာဉ်ပိုးကောင်နှင့် ကူပိုးကောင်တို့မှာ အမည်အားဖြင့် တစ်လုံးသာ ကွာခြားသော်လည်း မွေးမြူရသည့်ပုံစံမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းလှသည်။ ဝိညာဉ်ပိုးကောင် မွေးမြူခြင်းမှာ ဝိညာဉ်သားရဲ မွေးမြူခြင်းနှင့် ဆင်တူပြီး ကျင့်ကြံသူနှင့် သတ္တဝါကြားတွင် ဝိညာဉ်ရေးရာ ဆက်နွယ်မှုရှိစေရန် ဝိညာဉ်ပဋိညာဉ် ချုပ်ဆိုရသည်။ ၎င်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေသော တန်းတူညီမျှရှိသည့် ဆက်ဆံရေးမျိုး ဖြစ်သည်။ ကျင့်ကြံသူများသည် များသောအားဖြင့် သူတို့၏ ဝိညာဉ်သားရဲ၊ ပိုးကောင်များနှင့် သံယောဇဉ် တည်ဆောက်ကာ တိုက်ပွဲဝင်ရာတွင် အပေးအယူမျှရန် ကြိုးစားကြသည်။

သို့သော် ကူပိုးကောင်များမှာမူ ထိုသို့မဟုတ်ပေ။ ၎င်းတို့ကို ကျင့်ကြံသူက အတင်းအဓမ္မ သန့်စင်ဖော်စပ်ထားခြင်းဖြစ်ပြီး ဝိညာဉ်ရေးရာအရ ကျွန်ပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ကူပိုးကောင်များသည် ရံဖန်ရံခါတွင် သခင်ဖြစ်သူကို ပြန်လည် တိုက်ခိုက်တတ်ကြခြင်း ဖြစ်သည်။ ကူပိုးကောင် မွေးမြူပုံမှာလည်း ပိုမို ရက်စက်လှသည်။ ကူသခင်များသည် ပိုမိုသန်မာသော ပိုးကောင်များ ရရှိစေရန် ကူပိုးကောင်အချင်းချင်း ဝါးမြိုခိုင်းလေ့ ရှိကြသည်။

စုန့်ဝမ်သည် ဝိညာဉ်သားရဲဆေးလုံးများ ဝယ်ယူရန် လာခဲ့ခြင်း ဖြစ်သည်။ ထိုဆေးလုံးများသည် ဝိညာဉ်သားရဲများ၏ သွေးမျိုးဆက်ကို မြှင့်တင်ပေးပြီး စွမ်းအားကို တိုးတက်စေနိုင်သည်။ ဤဆေးလုံးများကို အသုံးပြု၍ မဟူရာသံချပ်ကာကူများ၏ သွေးမျိုးဆက်ကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ယခင်က ပထမဆင့် အဆင့်မြင့် ဝိညာဉ်သားရဲဆေးလုံး နှစ်ပုလင်းကို ဝယ်ယူခဲ့ဖူးသည်။ ၎င်းကို အသန်မာဆုံး မဟူရာသံချပ်ကာကူကို တိုက်ကျွေးခဲ့ရာ ပိုးကောင်၏ အရှိန်အဝါမှာ အနည်းငယ် ပိုမိုအားကောင်းလာသော်လည်း အဆင့်တက်မည့် အရိပ်အယောင်တော့ မတွေ့ရသေးပေ။ ယခင်ဆေးများ ကုန်သွားပြီဖြစ်၍ နောက်ထပ် နှစ်ပုလင်း ထပ်ဝယ်ရန် ရည်ရွယ်ထားသည်။

"ဒုတိယဆင့် ဝိညာဉ်သားရဲဆေးလုံးတွေ ရောင်းဖို့ ရှိလား"

စုန့်ဝမ်က ဆိုင်ဝန်ထမ်းကို မေးလိုက်သည်။

ပထမဆင့် အဆင့်မြင့်ဆေးလုံးများ၏ အာနိသင်မှာ နည်းပါးလှသဖြင့် ပိုမိုအစွမ်းထက်သော ဆေးကို လိုချင်နေခြင်း ဖြစ်သည်။

…………

All Chapters