← Chapters

ဒီမှာလည်း တစ္ဆေစျေး ရှိတာလား

Vol. 11 Ch. 119

ဒီမှာလည်း တစ္ဆေစျေး ရှိတာလား

Vol. 11 Ch. 119

ဆိုင်ဝန်ထမ်းက ပြုံးလျက် ပြန်ဖြေသည်။

"တောင်းပန်ပါတယ် စီနီယာ၊ ဒုတိယဆင့်နဲ့ အဲဒီထက် မြင့်တဲ့ ဆေးလုံးတွေကိုတော့ သားရဲသခင်ဂိုဏ်းကပဲ တိုက်ရိုက် ရောင်းတာပါ။ စျေးထဲက ဘယ်ဆိုင်မှာမှ မရှိပါဘူး"

စုန့်ဝမ်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ဂိုဏ်းကြီးများက လေလွင့်ကျင့်ကြံသူများကို နှိပ်ကွပ်ထားသည့် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

"ဒါဆိုရင် ပထမဆင့် အဆင့်မြင့် ဝိညာဉ်သားရဲဆေးလုံးပဲ နှစ်ပုလင်း ပေးပါ"

ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးချေပြီးနောက် စုံ့ဝမ်သည် ဆေးလုံး ၁၀ လုံးစီ ပါဝင်သော ဆေးပုလင်း နှစ်ပုလင်းကို ရရှိခဲ့သည်။ ဆိုင်ထဲမှ ထွက်လာပြီးနောက် သွေးချီဆေးလုံး ဖော်စပ်ရာတွင် လိုအပ်သော ဝိညာဥ်ဆေးပင်များ ဝယ်ယူရန် ဝိညာဥ်ဆေးဆိုင်များဘက် ထွက်လာခဲ့သည်။

ဆိုင်များတွင် ဝင်ထွက်ရင်း လိုအပ်သော အပင်များကို ရှာဖွေနေစဉ် မြင်ကွင်းတစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။ အရပ်ပုပု စျေးသည်တစ်ဦးက အစီအရင်အမှတ်အသားများ ပါရှိသော ကျောက်စိမ်းပုလင်း သုံးလုံးကို စာပေသမားပုံစံရှိသော လေလွင့်ကျင့်ကြံသူတစ်ဦးထံ တိတ်တဆိတ် ကမ်းပေးနေသည်။ ထို့နောက် စျေးသည်သည် ထိုကျင့်ကြံသူထံမှ ဝိညာဉ်ကျောက်တုံးအိတ်ကို ယူကာ သိုလှောင်အိတ်ထဲသို့ အမြန်ထည့်လိုက်သည်။

ထိုအလဲအလှယ်မှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားသော်လည်း စုန့်ဝမ်ကတော့ သတိပြုမိလိုက်သည်။ ထိုကျောက်စိမ်းပုလင်းပေါ်မှ အစီအရင်များသည် သွေးအဆီအနှစ်ကို သိုလှောင်ရန်အတွက် ဖြစ်ကြောင်း စုံ့ဝမ် ချက်ချင်း သိလိုက်သည်။

ထိုလူနှစ်ဦးသည် သွေးအဆီအနှစ်ကို ရောင်းဝယ်ခြင်း ဖြစ်သော်လည်း သားရဲသွေးအဆီအနှစ် မဟုတ်နိုင်။ လူသားသွေးအဆီအနှစ်ကို အလဲအလှယ် လုပ်ခဲ့ခြင်း ဖြစ်မည်။ အကယ်၍ သားရဲသွေးဆိုပါက ဤမျှအထိ လျှို့ဝှက်နေရန် မလိုပေ။ သို့သော် ထိုလူနှစ်ဦးစလုံးထံမှ နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူ၏ အငွေ့အသက်မျိုး မရရှိခဲ့ပေ။ ဆိုလိုသည်မှာ ထိုသွေးအဆီအနှစ်များသည် စျေးသည်ကိုယ်တိုင် သန့်စင်ထားခြင်း မဟုတ်သလို၊ ဝယ်ယူသူသည်လည်း ကိုယ်တိုင်သုံးစွဲရန် မဟုတ်ဘဲ တစ်စုံတစ်ဦးအတွက် ကြားခံဆောင်ရွက်ပေးနေခြင်းသာ ဖြစ်နိုင်သည်။

သွေးအဆီအနှစ်ကို ရရှိပြီးနောက် စာပေသမားဟန်ရှိ ကျင့်ကြံသူသည် စုန့်ဝမ်ဘေးမှ ဖြတ်ကာ လမ်းထောင့်တစ်ခုသို့ ကွေ့ဝင် ပျောက်ကွယ်သွားတော့သည်။ စျေးသည်ကတော့ ထိုကျင့်ကြံသူ ထွက်ခွာသွားသည်ကို လောဘစိတ်များ ပြည့်နေသော အကြည့်ဖြင့် ကြည့်ရင်း ကျန်ရစ်ခဲ့သည်။

ထိုကျင့်ကြံသူသည် သူ့ထံမှ လူသားသွေးအဆီအနှစ် ဝယ်ယူနေကျ ဖြစ်သော်လည်း တစ်ကြိမ်တည်းနှင့် ပုလင်းသုံးလုံးစာ ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော်ဖိုး ဝယ်ယူခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုသူမှာ မျက်တောင်တစ်ချက် မခတ်ဘဲ ငွေပေးချေသွားသဖြင့် အတော်လေး ချမ်းသာပုံရသည်။ စျေးသည်သည် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ကာ သတင်းတစ်ခု ပေးပို့လိုက်လေသည်။

ဝေးကွာလှသော ကောင်းကင်ယံမှ မှောင်မည်းသော တိမ်တိုက်များသည် နောက်ဆုံးလက်ကျန် နေဝင်ဆည်းဆာ အလင်းတန်းများကို ဝါးမြိုလိုက်ကြသည်။ မိုးချုပ်လာသည်နှင့် အရပ်ပုပုစျေးသည်သည် သူ့စျေးဆိုင်ကို ပိတ်တော့သည်။ ညဘက်တွင် စျေးအတွင်း၌ သိပ်မလုံခြုံသဖြင့် စောစောပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် သူနှင့် ချိတ်ဆက်ထားသော လေလွင့်ကျင့်ကြံသူများထံ သတင်းများ ပေးပို့လေ့ရှိရာ၊ ယခုအချိန်တွင် သူတို့၏ လုပ်ငန်းမှာ အောင်မြင်လောက်ပြီ ဖြစ်သည်။ ယခုအခါ သူ့ဝေစုကို သွားရောက် ထုတ်ယူရန် အချိန်ရောက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဆိုင်ကို အမြန်သိမ်းကာ စျေးထဲမှ သုတ်ခြေတင် ထွက်လာခဲ့သည်။

စျေးပြင်ပသို့ ရောက်ပြီးနောက် တောလမ်းအတိုင်း မိုင်အနည်းငယ် သွားကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ နောက်ယောင်ခံလိုက်လာသူ မရှိကြောင်း အတည်ပြုပြီးနောက် ပျံသန်းခြင်းအဆောင်ကို အသုံးပြု၍ ကောင်းကင်သို့ ပျံတက်ကာ အဝေးသို့ ထွက်ခွာသွားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ပျံသန်းခြင်းအဆောင် အရှိန်ကုန်သွားချိန်တွင် သူသည် မိုင် ၃၀ ကျော်ခန့် ရောက်ရှိနေပြီ ဖြစ်သည်။ စျေးသည်သည် ဆက်မပျံတော့ဘဲ အောက်သို့ ဆင်းသက်ကာ ပိုမိုမှောင်မည်းလာသော တောအုပ်အတွင်းမှ လမ်းလျှောက် ဖြတ်သန်းသွားသည်။

ခရီးဆက်၍ ခြေလှမ်းတစ်ရာပင် မပြည့်မီ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ယောက် သူ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။ စျေးသည်မှာ ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။ ဤမျှ သတိထားခဲ့သည့်ကြားမှ နောက်ယောင်ခံ လိုက်ခြင်း ခံလိုက်ရသည် မဟုတ်ပါလား။ သူသည် ရှေ့မှ အနက်ရောင်ပုံရိပ်ကို စိုက်ကြည့်ရင်း ထိတ်လန့်မှုကို ထိန်းကာ လေသံမာမာဖြင့် ပြောလိုက်သည်။

“တာအိုရောင်းရင်း ... ငါ့လမ်းကို ပိတ်လိုက်တယ်ဆိုတော့ ဘာလိုအပ်လို့လဲ”

ဝတ်စုံနက်က ကြမ်းတမ်းပြီး အက်ကွဲနေသော အသံဖြင့် ပြောလာသည်။

“မင်းလက်ကို ငြိမ်ငြိမ်ထား၊ ခါးကအိတ်နား ရွေ့ဖို့ ကြိုးစားရင် ဖြတ်ပစ်မယ်”

သူ၏ သေးငယ်သော လှုပ်ရှားမှုကိုပင် ရိပ်မိသွားသည်ကို သိလိုက်သောအခါ စျေးသည် မလှုပ်ရဲတော့။ လက်ကို ချက်ချင်း ရုပ်လိုက်ပြီး လက်နှစ်ဖက်လုံးကို ဖြည်းညှင်းစွာ မြှောက်ပြလိုက်သည်။

“မိတ်ဆွေ ... စိတ်လျှော့ပါ။ မင်း ဘာလိုအပ်သလဲ ပြောရုံပဲ၊ ငါ အကုန် လိုက်လျောပါ့မယ်”

ရုပ်ဖျက်ထားသော စုန့်ဝမ်က လိုရင်းကို မေးလိုက်သည်။

“မင်းဆီမှာ ရှိနေတဲ့ လူသားသွေးအဆီအနှစ်တွေကို ဘယ်က ရတာလဲ”

စျေးသည်က ချက်ချင်း ပြန်ဖြေသည်။

“တစ္ဆေစျေးမှာ ဝယ်ခဲ့တာပါ”

“တစ္ဆေစျေး” စုန့်ဝမ် တီးတိုး ရေရွတ်လိုက်သည်။ တစ္ဆေစျေးဆိုသည်မှာ မှောင်ခိုစျေးကို ဆိုလိုခြင်း ဖြစ်ကြောင်း သူနားလည်သည်။ အလောင်းနတ်ဆိုးဂိုဏ်းကဲ့သို့ နတ်ဆိုးဂိုဏ်းနယ်မြေသာမက လမ်းမှန်ဂိုဏ်းနယ်မြေလည်း မှောင်ခိုစျေး ရှိသည်မှာ သဘာဝကျသည်။ ဟွားဖန်းအရှေ့ပိုင်းစျေးကွက်၏ မြေအောက် မှောင်ခိုစျေးကွက်အကြောင်း သိလို၍ နောက်ယောင်ခံ လိုက်လာခဲ့ခြင်း ဖြစ်သည်။ အလောင်းကောင်မိစ္ဆာဂိုဏ်းရှိ စျေးကွက်တွင် ကြုံတွေ့ခဲ့ဖူးသော အတွေ့အကြုံများအရ သာမန်စျေးတွင် ရောင်းဝယ်၍မရသော ပစ္စည်းများစွာကို မှောင်ခိုစျေးကွက်တွင် ရနိုင်သည် မဟုတ်ပါလား။

“တစ္ဆေစျေးက ဘယ်မှာလဲ”

စုန့်ဝမ်က အေးစက်စွာ မေးလိုက်သည်။

“အရှေ့ဟွာဖန်းစျေး အရှေ့ဘက် မိုင် ၄၀၀ အကွာမှာ ရှိတဲ့ မြူနှင်းတွေ ဖုံးနေတဲ့ လျှိုမြောင်ထဲမှာပါ”

“အဲဒီ တစ္ဆေစျေးကို ဝင်ဖို့ ဘာတွေ လိုအပ်လဲ”

“ထူးထူးခြားခြား မလိုပါဘူး။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်တုံးပေးရင် ဝင်လို့ရပါတယ်”

စုန့်ဝမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အမှောင်ထဲသို့ တဖြည်းဖြည်း နောက်ဆုတ်ကာ ပျောက်ကွယ်သွားသည်။

ဝတ်စုံနက်နှင့်လူ ပျောက်ကွယ်သွားသည်ကို မြင်မှ စျေးသည်မှာ သက်ပြင်းချနိုင်တော့သည်။ ထိုသူထံမှ မည်သည့် စွမ်းအားလှုပ်ခတ်မှုကိုမျှ မခံစားရသဖြင့် သူနှင့် အဆင့်အတန်း အလွန်ကွာခြားကြောင်း သူသိသည်။

စျေးသည်လည်း အမြန်ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူ့ဦးခေါင်းနောက်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ခုက သူ့ဦးခေါင်းခွံကို ချေမွကာ ဦးနှောက်ကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ပင်။ သူ၏ သတိများ ဝေဝါးလာပြီး ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားတော့သည်။

စုန့်ဝမ်က အမှောင်ထဲမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး စျေးသည်၏ ပျက်စီးသွားသော ဦးခေါင်းကို လှမ်းကိုင်လိုက်သည်။ ထို့နောက် ဝိညာဉ်ရှာဖွေခြင်းနည်းစနစ် အသုံးပြုပြီး အချက်အလက် ရှာဖွေလိုက်သည်။ မပြည့်စုံသော မှတ်ဉာဏ်အပိုင်းအစများထဲတွင် တစ္ဆေစျေးအကြောင်း သတင်းအချက်အလက်အချို့ ပါဝင်နေသည်။ စျေးသည်မှာ တည်နေရာနှင့် ဝင်ကြေးအကြောင်းကို လိမ်မပြောခဲ့ပေ။ သူထိန်ချန်ထားခဲ့သည့်အချက်မှာ တစ္ဆေစျေးသည် ညဘက်တွင်သာ ဖွင့်ခြင်း ဖြစ်သည်။ ထို့အပြင် တစ္ဆေစျေးကို ဖုံးလွှမ်းထားသော မြူနှင်းများသည် ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံကို နှောင့်ယှက်တတ်သဖြင့် လမ်းမကျွမ်းသူများမှာ မြူထဲတွင် လမ်းပျောက်တတ်သည်။

စျေးသည်၏ မှတ်ဉာဏ်ထဲတွင် လေလွင့်ကျင့်ကြံသူများနှင့် ပူးပေါင်းကာ ဖောက်သည်များကို လမ်းခုလတ်မှ ဓားပြတိုက်သည့် အချက်အလက်များလည်း ပါဝင်နေသည်။ ၎င်းတို့မှာ အရေးမကြီးသဖြင့် သေချာမကြည့်တော့ပေ။

စျေးသည်၏ ဝိညာဉ်နှင့် သွေးများကို ဝါးမြိုပြီးနောက် အလောင်းကို ဖျောက်ဖျက်လိုက်သည်။ ရှင်းလင်းပြီးသည်နှင့် အရှိန်မြှင့်အဆောင်တစ်ခု အသုံးပြု၍ တစ္ဆေစျေးရှိရာဆီသို့ ဦးတည်ထွက်ခွာသွားတော့သည်။

.........

နာရီဝက်ခန့်အကြာတွင် စုန့်ဝမ်သည် မြူများ ဖုံးလွှမ်းနေသော တစ္ဆေစျေး၏ အနီးဝန်းကျင်သို့ ရောက်ရှိလာသည်။ ထိုနေရာသည် ထူထပ်သော မြူများ လုံးဝဖုံးလွှမ်းနေသည့် လျှို့မြောင်တစ်ခု၏ အဝင်ဝ ဖြစ်သည်။ လျှို့မြောင်အတွင်းတွင် မြူများမှာ ပိုမိုထူထပ်နေရာ အတွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

စျေးသည်၏ မှတ်ဉာဏ်အရဆိုလျှင် ဤလျှိုမြောင်အတွင်းရှိ လမ်းငယ်လေးအတိုင်း ဆယ်မိုင်ကျော်ခန့် ဝင်သွားပါက တောင်ကြီးနှစ်လုံးကြားတွင် တည်ရှိသော တစ္ဆေစျေး၏ အဝင်ဝသို့ ရောက်ရှိမည် ဖြစ်သည်။ စုန့်ဝမ်လည်း ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်ရာ တစ်မိုင်ခန့်အထိသာ စစ်ဆေးနိုင်သည်ကို တွေ့ရသည်။ မြူများမှာ ဝိညာဉ်အာရုံကို အမှန်တကယ်ပင် နှောင့်ယှက်နေခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့် စုန့်ဝမ်သည် ချက်ချင်းမဝင်သေးဘဲ မဟူရာသံချပ်ကာကူများ စေလွှတ်ကင်းထောက်စေခဲ့သည်။ ကံကောင်းထောက်မစွာပင် မြူများမှာ ကူပိုးကောင်များအပေါ်၌ များစွာ သက်ရောက်မှု မရှိပေ။ ၎င်းတို့၏ အကူအညီဖြင့် မိုင်အနည်းငယ်အတွင်းရှိ အရာအားလုံးကို အာရုံခံနိုင်သဖြင့် စိတ်အေးသွားရသည်။ ထို့နောက် လျှိုမြောင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

လမ်းမှာ ကွေ့ကောက်၍ ကျဥ်းမြောင်းသည်။ အတွင်းပိုင်း ရောက်လာလေ မြူက ပိုထူလေဖြစ်ရာ ယခုအခါ မြင်နိုင်စွမ်းမှာ ၁၀ ပေခန့်သာ ရှိတော့သည်။ ဝိညာဉ်အာရုံမှာလည်း ဆက်လက် ကျုံ့ဝင်လာရာ ပေ ၅၀ ဝန်းကျင်ထိသာ အာရုံခံနိုင်ပြီး ကူပိုးကောင်များ၏ အကူအညီဖြင့်ပင် တစ်မိုင်ခန့်အထိသာ အာရုံခံနိုင်တော့သည်။

ကံကောင်းသည်မှာ လမ်းတစ်လျှောက်တွင် ထူးခြားမှု မရှိခဲ့ပေ။ ထူးဆန်းသောဝတ်စုံများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူများနှင့် ဆုံသည့်တိုင်အောင် တစ်ဦးနှင့်တစ်ဦး ရှောင်ကွင်းသွားကြသည်။ နာရီဝက်ခန့် ကြာပြီးနောက် ပေနှစ်ရာခန့် ကျယ်ဝန်းသော တောင်ကြားတစ်ခု အာရုံထဲတွင် ပေါ်လာသည်။ ချောက်နံရံများမှာ အလွန်မြင့်မားလှရာ အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေသဖြင့် အမြင့်ကို မသိနိုင်ပေ။

တောင်ကြားအဝင်ဝတွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး သရဲမျက်နှာဖုံးများ တပ်ထားသော ကျင့်ကြံသူ နှစ်ဦး ကင်းစောင့်နေသည်။ စျေးသည်၏ မှတ်ဉာဏ်အရ ဤနှစ်ဦးမှာ တစ္ဆေစျေး၏ လုံခြုံရေးအစောင့်များ ဖြစ်သည်။ စုန့်ဝမ်က အထွေအထူး ပြောမနေဘဲ ဝိညာဉ်ကျောက်တုံး နှစ်တုံး ပေးလိုက်သည်။ ကင်းစောင့်တစ်ဦးက ကျောက်တုံးများကို ယူကာ ကြမ်းတမ်းသော အသံဖြင့် ပြောလိုက်သည်။

“တစ္ဆေစျေးက အရုဏ်မတက်ခင် ပိတ်မယ်။ မပိတ်ခင် ပြန်ထွက်ရမယ်”

စုန့်ဝမ်က ခေါင်းညိတ်ပြပြီး တောင်ကြားအတွင်းသို့ လှမ်းဝင်လိုက်သည်။ အထဲသို့ ပေ ၅၀ခန့် ထပ်မံလျှောက်ပြီးနောက် မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြန့်သွားသည်။ တောင်ကြား၏ ဘေးတစ်ဖက်တစ်ချက်တွင် ပေ ၃၀ စီခြားပြီး အနီရောင်ရင့်ရင့် မီးအိမ်များကို ချိတ်ဆွဲထားသည်။ ထိုမီးအိမ်များမှ ထွက်ပေါ်လာသော နီရဲသည့် အလင်းတန်းများက ထူထပ်သော မြူနှင်းများကို ဖယ်ခွာပေးထားသည်။

လမ်းဘေးတဖက်တချက်တွင် ရှေးဟောင်းဟန် အဆောက်အအုံများ အတန်းလိုက် ရှိနေသည်။ လမ်းမတွင် ကျင့်ကြံသူများဖြင့် စည်ကားနေသည်။ နီရဲသော အလင်းတန်းများအောက်တွင် ပါးလွှာသော မြူစများ လွင့်ပျံ့နေပြီး၊ ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ် မျက်နှာဖုံးစုံနှင့် ပေါင်းစပ်လိုက်သောအခါ တစ္ဆေစျေးမှာ ငရဲပြည်မှ နေရာတစ်ခုနှင့်ပင် တူနေတော့သည်။

စျေးထဲရောက်သည်နှင့် သူသုတ်သင်ခဲ့သော စျေးသည် လူသားသွေးအဆီအနှစ် ဝယ်ယူခဲ့သောဆိုင်ဆီ သွားခဲ့သည်။ ဆိုင်က မထင်မရှား ဆိုင်ငယ်လေးသာဖြစ်ပြီး ဆိုင်းဘုတ်ပင် မရှိချေ။ မည်သည့် ကုန်ပစ္စည်းကိုမျှလည်း ပြသထားခြင်း မရှိ။ ပိန်ပိန်ပါးပါး ကျင့်ကြံသူတစ်ဦးသာ စားပွဲတစ်ခုတွင် ထိုင်ရင်း အနက်ရောင် ကျောက်လုံးလေးတစ်လုံးကို ကစားနေသည်။

ဆိုင်ထဲဝင်ဝင်ချင်းမှာပင် ဝိညာဉ်အာရုံဖြင့် စစ်ဆေးခြင်း ခံလိုက်ရသည်။ ထိုပိန်လှီလှသော ကျင့်ကြံသူမှာ အခြေတည် အလယ်အလတ်ဆင့် ရှိနေသဖြင့် စုန့်ဝမ် အံအားသင့်သွားသည်။ ထိုသူကလည်း စစ်ဆေးမှုမှာ ချက်ချင်း လက်စသတ်ပြီး ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။

စုန့်ဝမ်က ထိုသူကို သတိထားနေသလို၊ ထိုကျင့်ကြံသူကလည်း သူ့အပေါ် သံသယရှိနေသည်။ အကြောင်းမှာ သူ၏ ဝိညာဉ်အာရုံက ဝင်လာသူထံမှ မည်သည့် စွမ်းအားလှုပ်ခတ်မှုကိုမျှ မတွေ့ရသောကြောင့် ဖြစ်သည်။ ဤအခြေအနေမှာ ဖြစ်နိုင်ခြေ သုံးမျိုး ရှိသည်။ တစ်ခုမှာ ကျင့်ကြံခြင်းအဆင့် သူ့ထက် အဆမတန် မြင့်နေခြင်း၊ သို့မဟုတ် လျှို့ဝှက်နည်းစနစ်၊ ရတနာတစ်ခုခုကို အသုံးပြု၍ အော်ရာကို လုံးဝ ဖုံးကွယ်ထားခြင်း၊ သို့မဟုတ်လျှင် ကျင့်ကြံခြင်းမရှိသော သာမန်လူ ဖြစ်နေခြင်းပင်။

မြူနှင်းများ ဖုံးလွှမ်းနေသော ဤဝိညာဉ်စျေးကွက်သို့ ရောက်လာနိုင်သူမှာ သာမန်လူ ဖြစ်စရာ အကြောင်းမရှိ။ ထိုကျင့်ကြံသူက စုန့်ဝမ်မှာ လျှို့ဝှက်နည်းစနစ်ကို သုံးထားသည်ဟု ယူဆလိုက်သည်။ အော်ရာကို လုံးဝ ဖုံးကွယ်နိုင်ရန်မှာ အနည်းဆုံး ရွှေအမြုတေအဆင့် ရှိရမည် ဖြစ်သည်။ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် အော်ရာ အနည်းငယ် ကျန်နေတတ်သည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူဆိုလျှင် ဤမျှအထိ ခိုးကြောင်ခိုးဝှက် ဖုံးကွယ်နေစရာ မလိုပေ။

ဆိုင်ရှင်ကျင့်ကြံသူက ထရပ်ပြီး စုန့်ဝမ်ကို မေးလိုက်သည်။

“မိတ်ဆွေ ... ငါ့ရဲ့ ဆိုင်ငယ်လေးက ကြိုဆိုပါတယ်။ ဘာကူညီပေးရမလဲ”

“မင်းဆီမှာ ရွှမ်းယင်ကျောက် ရှိလား”

စုန့်ဝမ်က နွားခေါင်းမျက်နှာဖုံး မချွတ်ဘဲ အသံဖျက်ပြီး မေးလိုက်သည်။

“ရွှမ်းယင်ကျောက် ဟုတ်လား”

ဆိုင်ရှင်၏ အသံမှာ အံ့သြသွားပုံရသည်။

၎င်းမှာ တတိယဆင့် ဝိညာဉ်ပစ္စည်း ဖြစ်သည့်အပြင် ယင်ဓာတ်ပါသော ပစ္စည်းလည်း ဖြစ်သည်။ ဤလူသည် တကယ်ပင် ရွှေအမြုတေအဆင့် ကျင့်ကြံသူလား၊ အကယ်၍ ထိုအဆင့်မဟုတ်လျှင် အနည်းဆုံး အခြေတည်အဆင့် နှောင်းပိုင်းကျင့်ကြံသူ ဖြစ်ရမည်။ မဟုတ်ပါက တတိယဆင့် ဝိညာဥ်ပစ္စည်းဖြစ်သော ရွှမ်းယင်ကျောက်အကြောင်း မေးမြန်းလိမ့်မည် မဟုတ်ပေ။ အံ့သြသွားသော်လည်း တည်တည်ငြိမ်ငြိမ်ပင် ခေါင်းခါပြလိုက်သည်။

“စိတ်မကောင်းပါဘူး။ ငါ့ဆိုင်မှာတော့ အဲဒီကျောက်တွေ မရှိဘူး”

“နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ”

လိုချင်တာ မရှိသဖြင့် စုန့်ဝမ်သည် ချက်ချင်းပင် လှည့်ထွက်ရန် ပြင်လိုက်သည်။

စုန့်ဝမ် တံခါးဝသို့ ရောက်ခါနီးမှာပင် ဆိုင်ရှင်က လှမ်းပြောလာသည်။

“မိတ်ဆွေ ... ခဏလောက် စောင့်ပါဦး”

စုန့်ဝမ် ရပ်လိုက်ပြီး သံသယနှင့် လှည့်မေးလိုက်သည်။ “ဘာကိစ္စ ရှိလို့လဲ”

“ရွှမ်းယင်ကျောက်တွေကို ဘယ်မှာ ရှာလို့ရမလဲဆိုတာ ငါသိတယ်”

………………

All Chapters