အကြံအစည်ရှိသတဲ့လား
Vol. 11 Ch. 120
စုန့်ဝမ် စိတ်ဝင်စားသွားသည်။
“အဲဒီသတင်းကို ရောင်းမလို့လား”
ဆိုင်ရှင်က ခေါင်းခါသည်။
“ဘယ်မှာရှိလဲဆိုတာ သိပေမဲ့ သတင်းရောင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး”
စုန့်ဝမ်၏ အမူအရာမှာ ရုတ်တရက် အေးစက်သွားပြီး လူသတ်ငွေ့အချို့ ထွက်ပေါ်လာသည်။ သူသည် တစ္ဆေစျေးထဲ မဝင်မီကတည်းက သူ့ကိုယ်သူ အဆင့်မြင့် ကျင့်ကြံသူအဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် အော်ရာကို ဖုံးကွယ်ထားခဲ့သည်။ သူက ဆရာကြီးတစ်ယောက်အဖြစ် ဟန်ဆောင်နေသဖြင့် ယခုလိုအချိန်တွင် ဆရာကြီးတစ်ယောက်၏ အရှိန်အဝါမျိုး ပေးရမည် မဟုတ်ပါလား။
“မိတ်ဆွေ... မင်း ငါ့ကို ကစားနေတာလား”
အထင်လွဲသွားသည်ကို မြင်သောအခါ ဆိုင်ရှင်က အလျင်အမြန် ရှင်းပြသည်။
“မလောပါနဲ့ဦး။ ငါ ရှင်းပြပါရစေ။ ငါပြောတဲ့ ရွှမ်းယင်ကျောက်တွေက အခြေတည်အဆင့် ကျင့်ကြံသူ မိသားစုတစ်ခုဆီမှာ ရှိတာပါ။ ငါက အဲဒီမိသားစုနဲ့ ရန်ငြိုးကြီး ရှိတယ်။ အဲဒီမိသားစုက ကျင့်ကြံသူတွေနဲ့ သာမန်လူတွေကို သတ်ဖြတ်တယ်၊ ပြီးရင် ဝိညာဉ်တွေကို ဆွဲထုတ်သိမ်းယူပြီး ယုတ်မာတဲ့ နတ်ဆိုးကျင့်စဉ်တွေကို ကျင့်ကြံကြတာ။ ငါ့ဇာတိမြေကိုလည်း အဲဒီမိသားစုကပဲ သတ်ဖြတ် ဖျက်ဆီးခဲ့တာ”
စုန့်ဝမ်က စကားမထောက်ဘဲ အသာငြိမ်ပြီး နားထောင်နေလိုက်သည်။
ဆိုင်ရှင်က ဆက်ပြောလာသည်။
“ငါ့မိသားစုဝင်အားလုံး ရက်ရက်စက်စက် အသတ်ခံရပြီး ဝိညာဉ်တွေပါ ခန္ဓာကိုယ်ထဲက ဆွဲထုတ်ခံခဲ့ရတယ်။ သူတို့ရဲ့ ဝိညာဉ်တွေက နတ်ဆိုးဝိညာဥ်လက်နက်တွေထဲမှာ ပိတ်မိနေပြီး သိစိတ်မရှိတဲ့ ဝိညာဉ်ဆိုးတွေအဖြစ် အဆုံးမဲ့ ဝေဒနာ ခံစားနေရတာပါ”
ဆိုင်ရှင်၏ အသံမှာ နာကျည်းမှုကြောင့် တုန်ယင်နေသည်။ သူက ဆက်ပြောသည် …
“ငါ နေ့တိုင်း ကျင့်ကြံနေတာ ကလဲ့စားချေဖို့ တစ်ခုတည်းအတွက်ပဲ။ ဒီမိသားစုရဲ့ ယုတ်မာမှုတွေက ရေတွက်လို့တောင် မရနိုင်ဘူး။ ငါ အခု အဲဒီမိသားစုပေါ် သွေးကြွေးရှိတဲ့ ကျင့်ကြံသူ ၁၃ ယောက်နဲ့ ဆက်သွယ်ထားပြီးပြီ။ မကြာခင် ငါတို့ တိုက်ခိုက်တော့မယ်။ မင်းကို ဒါတွေ ပြောပြနေတာ မင်းဆီက အကူအညီကို လိုချင်လို့ပါ။ အဲဒီ လူယုတ်မာတွေကို ရှင်းနိုင်ရင် လောကလည်း အေးချမ်းမယ်၊ မင်းလည်း ရွှမ်းယင်ကျောက်တွေကို ရနိုင်မယ်။ ဘယ်လိုလဲ”
စုန့်ဝမ်သည် တိတ်ဆိတ်စွာ နားထောင်နေပြီး မျက်နှာတွင် မည်သည့်အရိပ်အယောင်မျှ မပြပေ။ ခဏမျှ စဉ်းစားပြီးနောက်မှ သူ ပြန်ပြောလိုက်သည်။
“မင်းဇာတ်လမ်းကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ။ ဒါပေမဲ့ မင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ အခြေတည်အဆင့် မိသားစုတစ်ခုကို ငါ့အသက်နဲ့ရင်းပြီး တိုက်ခိုက်မယ် ထင်တာက နည်းနည်း စိတ်ကူးယဉ်ဆန်ရာ မကျဘူးလား။ မင်းပြောတာ မှန်တယ်ဆိုရင်တောင်၊ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ ကျင့်ကြံသူမိသားစုတစ်ခုကို ရင်ဆိုင်ဖို့ ငါ့မှာ သတ္တိမရှိဘူး”
စုန့်ဝမ်စကားက ငြင်းဆိုနေပုံရသော်လည်း အမှန်တကယ်မှာ စမ်းသပ်နေခြင်း ဖြစ်သည်။ ထိုကျင့်ကြံသူမိသားစုအကြောင်း အသေးစိတ် အချက်အလက်များကို ပိုမိုရရှိရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
………..
စုန့်ဝမ်၏ တုံ့ပြန်မှုကို ကြားသောအခါ ဆိုင်ရှင်က အနည်းငယ် ပြုံးလိုက်သည်။
“မိတ်ဆွေ ... ငါ့ကို စကားနာထိုးနေဖို့ မလိုပါဘူး။ အဲဒီ အခြေတည်အဆင့် မိသားစုနာမည်ကိုတော့ ငါ အလွယ်တကူ ထုတ်ပြောမှာ မဟုတ်ဘူး။ တကယ်လို့ မင်းစိတ်ဝင်စားတယ်ဆိုရင် မနက်ဖြန် ညနေ ၅ နာရီ ကျော်တာနဲ့ တစ္ဆေစျေးရဲ့ အရှေ့ဘက်အစွန်၊ မြစ်သုံးသွယ်ဆုံရာကနေ အရှေ့ဘက် ဆယ်မိုင်အကွာနေရာကို လာခဲ့ပါ။ ငါတို့အဖွဲ့ အဲဒီမှာ စုပြီး တိုက်ခိုက်ဖို့ ဆွေးနွေးကြမှာ။ အဲဒီအချိန်ကျရင်တော့ မင်းသိချင်တဲ့ အချက်အလက်အားလုံး ဝေမျှပေးမယ်”
စုန့်ဝမ်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“အဲဒီ ကျင့်ကြံသူ ၁၃ ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ပြောပြနိုင်မလား”
“ဒါကိုတော့ ငါ ပြောပြနိုင်ပါတယ်။ ငါတို့ ၁၃ ယောက်ထဲမှာ အခြေတည် အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ယောက်၊ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက် ပါတယ်။ ကျန်တဲ့ ရှစ်ယောက်ကတော့ ချီစုစည်းခြင်း နဝမအဆင့် ကျင့်ကြံသူတွေပါ။ ငါတို့ တိုက်ခိုက်မယ့် မိသားစုမှာ အခြေတည်အဆင့် ကျင့်ကြံသူ ခြောက်ယောက်နဲ့ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ရာနီးပါး ရှိတယ်”
စုန့်ဝမ်က ခေါင်းညိတ်လိုက်ပြီး “သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါစဉ်းစားကြည့်မယ်။ ခွင့်ပြုပါဦး” ဟု ဆိုကာ ထွက်ခွာလာခဲ့သည်။
ထွက်လာပြီးသည်နှင့် တစ္ဆေစျေးတစ်ခုလုံးကို အေးအေးဆေးဆေး လှည့်ပတ်ကြည့်ခဲ့သည်။ တစ္ဆေစျေးမှာ သိပ်မကြီးမားဘဲ တောင်ကြားတစ်လျှောက် မိုင်ဝက်ခန့်သာ ရှိသည်။ ရှေ့ပိုင်းတွင် ဆိုင်ခန်းများဖြင့် ပြည့်နှက်နေပြီး နောက်ဘက်တွင် လမ်းဘေးစျေးဆိုင်များ ရှိသည်။ ဤနေရာတွင် ရောင်းချနေသော ပစ္စည်းအများစုမှာ အရှေ့ဟွာဖန်းစျေးတွင် တားမြစ်ပစ္စည်းအဖြစ် သတ်မှတ်ခံထားရသော အရာများ ဖြစ်သည်။
လူသားသွေးအဆီအနှစ်များ၊ ကျင့်ကြံသူတို့၏ ဝိညာဉ်များ၊ သရဲနှင့် မိစ္ဆာချီများ၊ အလောင်းကောင်ချီများ၊ နတ်ဆိုးကျင့်စဉ်များ၊ အလောင်းရုပ်သေးနည်းစနစ်များနှင့် သွေးမှော်အတတ်များ ... စသဖြင့် တားမြစ်ပစ္စည်းအားလုံးကို တွေ့ရှိနိုင်သည်။
အရှေ့ဟွာဖန်းစျေးတွင် လအနည်းငယ် နေထိုင်ပြီးနောက် စုန့်ဝမ်သည် လမ်းမှန်ဂိုဏ်းများ၏ အခြေအနေကို တဖြည်းဖြည်း နားညည်လာခဲ့သည်။ လမ်းမှန်ဂိုဏ်းများ၏ နယ်မြေအတွင်းရှိ ကျင့်ကြံသူများသည် နတ်ဆိုးကျင့်စဉ် ကျင့်ကြံခြင်းမှာ ရှားပါးလှသည်။ အကြောင်းမှာ ၎င်းတို့၏ ခန္ဓာကိုယ်တွင် နတ်ဆိုးအငွေ့အသတ် စွဲကပ်သွားလျှင် သိသာထင်ရှားသွားသောကြောင့် ဖြစ်သည်။
သို့သော်လည်း ကျင့်ကြံသူ အတော်များများမှာ သူတို့အော်ရာတွင် နတ်ဆိုးအငွေ့အသက် မစွဲငြိစေနိုင်သော နတ်ဆိုးကျင့်စဉ်ကို တိတ်တဆိတ် လေ့ကျင့်တတ်ကြသည်။ တစ္ဆေစျေးမှ ဆိုင်ရှင်ပြောပြသည့် အခြေတည်အဆင့် မိသားစုသည် သရဲမှော်လက်နက်များကို တိတ်တဆိတ် သန့်စင်ခြင်းမျိုး ဖြစ်သည်။ ထိုလက်နက်များကို လူပုံအလယ်တွင် ထုတ်မသုံးသရွေ့ နတ်ဆိုးကျင့်စဉ် ကျင့်ကြံနေသည်ကို တခြားသူများ အလွယ်တကူ သိနိုင်မည် မဟုတ်ပေ။
လမ်းမှန်ဂိုဏ်းများကလည်း ထိုသို့ လျှို့ဝှက်ကျင့်ကြံမှုများကို ကောင်းကင်နှင့် လူသားတို့အား အကြီးအကျယ် ဒေါသထွက်စေမည့် ရက်စက်ယုတ်မာမှုမျိုး မလုပ်သရွေ့ မျက်ကွယ်ပြုထားလေ့ ရှိကြသည်။ ယေဘုယျအားဖြင့် လမ်းမှန်ဂိုဏ်းများသည် ၎င်းတို့ကို တကူးတက လိုက်လံနှိမ်နင်းခြင်း မရှိပေ။
ဤနေရာတွင် တစ္ဆေစျေးတစ်ခု တည်ရှိနေခြင်းမှာလည်း သားရဲသခင်ဂိုဏ်းနှင့် လေ့မိသားစုတို့၏ အသံတိတ် သဘောတူညီမှုကြောင့်ဖြစ်စေ၊ ထိုအင်အားကြီးနှစ်ခု၏ အကျိုးစီးပွားနှင့် ပတ်သက်၍ဖြစ်စေ မျက်စိမှိတ်ပေးထားသဖြင့်သာ တည်ရှိနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤတစ္ဆေစျေးမှာ သားရဲသခင်ဂိုဏ်းနှင့် လေ့မိသားစုတို့၏ ချေမှုန်းခြင်းကို ခံလိုက်ရမည် ဖြစ်သည်။
တစ်ပတ်ပတ်ကြည့်သော်လည်း စုန့်ဝမ် လိုချင်နေသော တတိယဆင့် ဝိညာဉ်သားရဲဆေးလုံးကို ရှာမတွေ့ခဲ့ပေ။ သားရဲသခင်ဂိုဏ်းသည် ထိုဆေးလုံးများကို တင်းကြပ်စွာ ထိန်းချုပ်ထားပုံရသည်။
………
နောက်တစ်နေ့ ညနေတွင် မြစ်သုံးသွယ်ဆုံရာနေရာ အနီး၌ ကျင့်ကြံသူ ၁၃ ယောက် စုဝေးနေကြပြီး ၎င်းတို့အထဲတွင် စုန့်ဝမ်နှင့် စကားပြောခဲ့သော ဆိုင်ရှင်ဖြစ်သူ ဝမ်ယီလည်း ပါဝင်သည်။ လူစာရင်းနှင့် ကျင့်ကြံမှုအဆင့်များမှာ ဝမ်ယီ ပြောပြသည့်အတိုင်းပင် ဖြစ်သည်။ ထိုကျင့်ကြံသူ ၁၃ ယောက်စလုံးမှာ သူတို့၏ အော်ရာနှင့် ရုပ်ရည်ကို ဖုံးကွယ်ထားခြင်း မရှိဘဲ စစ်မှန်သော ရုပ်သွင်ဖြင့်သာ တွေ့ဆုံနေကြခြင်းဖြစ်ရာ တစ်ဦးနှင့်တစ်ဦး လုံးဝ ယုံကြည်မှု ရှိကြောင်း ပေါ်လွင်နေသည်။
“မိတ်ဆွေတို့ ... ငါတို့အားလုံးဟာ လီမိသားစုနဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးတွေ ရှိကြသူတွေပါ။ ကလဲ့စားချေဖို့အတွက် အသက်ကို ရင်းဖို့ အဆင်သင့်ဖြစ်နေကြပြီ။ ငါတို့ နှစ်ပေါင်းများစွာ အပင်ပန်းခံ ကြံစည်ခဲ့လို့ အခု အသင့်ဖြစ်နေပါပြီ။ ဒီနေ့ည သန်းခေါင်ချိန်မှာ ငါတို့ရဲ့ အငြိုးအတေးတွေကို အကျေအလည် ဖြေရှင်းရမယ့် အချိန်ရောက်ပြီ”
ခပ်ဝဝ အခြေတည် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးက စကားစပြောလိုက်သည်။
ထိုစဉ် အခြေတည် အစောပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှေ့သို့ လှမ်းထွက်လာသည်။ သူမ၏မျက်နှာတွင် ဘယ်ဘက်နဖူးမှ ညာဘက်မေးစေ့အထိ ရှည်လျားသော အမာရွတ်ကြီးတစ်ခု ရှိနေသည်။ ထိုအမာရွတ်ကြောင့် သူမ၏ ဘယ်ဘက်မျက်လုံးမှာလည်း ပျက်စီးကာ အတွင်းသို့ ချိုင့်ဝင်နေသဖြင့် ပုံပန်းသဏ္ဌာန်မှာ ထိတ်လန့်စရာ ကောင်းလှသည်။ ထိုအမျိုးသမီး၏ မျက်နှာတွင် ဒေါသမီးလျှံများ၊ နာကျည်းမှုများဖြင့် ပြည့်နှက်နေသည်။
“နောက်ဆုံးတော့ ဒီနေ့ ရောက်လာပြီပဲ။ ငါ နူချန်းနဲ့ ထျန်းဟယ်လီမိသားစုကြားမှာ တစ်ဖက်ဖက် မပျက်စီးမချင်း အနားယူမှာ မဟုတ်ဘူး။ ငါ့မိသားစုဝင် ၃၂ ယောက်လုံး သတ်ဖြတ်ခံရတာနဲ့၊ ငါ့မျက်နှာပေါ်က ဒီအမာရွတ်ရော လီမိသားစုရဲ့ လက်ချက်တွေချည်းပဲ။ လီမိသားစုအပေါ်ရှိတဲ့ အမုန်းတရားကို အမြဲတမ်း သတိရနေစေဖို့ ဒီအမာရွတ်ကို လုံးဝ မကုဘဲ ထားခဲ့တာ”
သူမ စကားပြောနေစဉ် မျက်နှာပေါ်က အမာရွတ်ကြီးမှာ အသက်ဝင်နေသည့်အလား၊ ပိုးကောင်ကြီးတစ်ကောင် တွားသွားနေသကဲ့သို့ လှုပ်ရှားနေလေသည်။
နူချန်း၏ စကားကြောင့် ကျန်ရှိသော ကျင့်ကြံသူများ၏ မျက်ဝန်းများတွင်လည်း ခါးသီးသော နာကျည်းမှုများ ပေါ်လာကြပြီး စိတ်ဓာတ်တက်ကြွလာကြသည်။ ဝမ်ယီ တစ်ဦးတည်းသာလျှင် တစ်စုံတစ်ဦးကို ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသည်။
“ဝမ်ယီ ... ဘာဖြစ်လို့လဲ”
အခြေတည် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးက ဝမ်ယီ၏ အပြုအမူကို သတိထားမိပြီး မေးလိုက်သည်။
ဝမ်ယီက သူစောင့်မျှော်နေသူကို မတွေ့သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။
“စီနီယာလီ ... မနေ့က ငါ့ဆိုင်ကို ကျင့်ကြံခြင်းအဆင့် အာရုံခံလို့မရတဲ့ ကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့တယ်။ သူက ရွှမ်းယင်ကျောက်တွေကို ရှာနေတာ။ အဲဒါကြောင့် သူ့ကို လီမိသားစုကို တိုက်ခိုက်မယ့်နေရာမှာ ပါဝင်ဖို့ စည်းရုံးခဲ့တယ်။ ဒီနေ့ ဒီနေရာကို လာဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ပေါ်မလာသေးဘူး။ သူက အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ တကယ်လို့ သူသာ လာခဲ့ရင် အဲဒီ လီကျန့်ကူဆိုတဲ့ အဖိုးကြီးကို ရင်ဆိုင်ဖို့ ပိုစိတ်ချရမှာ”
စီနီယာလီ၏ ထိတ်လန့်သွားသည်။
“ဝမ်ယီ ... မင်း အဲဒီကျင့်ကြံသူကို ငါတို့ လီမိသားစုကို တိုက်မယ့်အစီအစဉ်အကြောင်း ပြောလိုက်တာတော့ မဟုတ်ပါဘူးနော်။ တကယ်လို့ သူက လီမိသားစုနဲ့ တစ်ဖက်တည်းဖြစ်နေလို့ ငါတို့အစီအစဉ်ကို သွားပြောပြလိုက်ရင် ကြံစည်ခဲ့သမျှ အလဟဿ ဖြစ်သွားလိမ့်မယ်”
ဝမ်ယီက ခေါင်းခါပြရင်း ပြန်ဖြေသည်။
“စီနီယာလီ... စိတ်ချပါ။ ငါ အဲဒီလောက်အထိ မအပါဘူး။ လီမိသားစုနာမည်နဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို မပြောခဲ့ဘူး။ သူ ဘာမှ မသိပါဘူး”
စီနီယာလီလည်း ယခုမှ သက်ပြင်းချနိုင်တော့သည်။
“ဒါဆိုရင် တော်သေးတာပေါ့။ မင်းပြောသလို အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ငါတို့နဲ့ ပူးပေါင်းခဲ့ရင် အောင်မြင်ဖို့ အခွင့်အလမ်း ပိုများမှာတော့ အမှန်ပဲ။ ဒါက ငါ့အပြစ်ပါပဲ။ ငါက အခြေတည် အလယ်အလတ်အဆင့်မှာပဲ ဆယ်စုနှစ်နဲ့ချီပြီး ပိတ်မိနေတာ။ သက်တမ်းကလည်း တိုလာပြီ၊ အဆင့်ကလည်း တိုးမလာဘူး။ မဟုတ်ရင်တော့ နောက်ထပ် နှစ်နည်းနည်းလောက် စောင့်ပြီး အင်အားတွေကို ပိုစုစည်းနိုင်ဦးမှာ”
ဝမ်ယီက “စီနီယာလီ ... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ စီနီယာကသာ ငါတို့ကို မစုစည်းပေးခဲ့ရင် ငါတို့ ကလဲ့စားချေဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ပါဘူး”ဟု ဆိုကာ ဆက်မေးလိုက်သည်။ “စီနီယာလီ... စီနီယာ သိသလောက်ဆိုရင် လီကျန့်ကူဆိုတဲ့ အဖိုးကြီးဆီမှာ ရွှမ်းယင်ကျောက်တွေ တကယ်ရှိနေတာလား”
စီနီယာလီက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
“ဒါကတော့ မှန်ဖို့ များပါတယ်။ လီကျန့်ကူဟာ အခြေတည် အလယ်အလတ်အဆင့်ပဲ ရှိပေမဲ့ သူ့မှာ အခြေတည် နှောင်းပိုင်းအဆင့်နဲ့ တန်းတူယှဥ်နိုင်တဲ့ တစ္ဆေစစ်သူကြီး နှစ်ကောင် ရှိနေတယ်။ ရွှမ်းယင်ကျောက်တွေသာ မရှိရင် အဲဒီသတ္တဝါတွေကို သန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဆယ်မိုင်ခန့်အကွာရှိ ဂူငယ်လေးတစ်ခုအတွင်း ခိုအောင်းပြီး မဟူရာသံချပ်ကာကူမှတဆင့် စောင့်ကြည့်နေသော စုန့်ဝမ် အနည်းငယ် အံ့သြသွားမိသည်။
ဆိုင်ရှင်ဝမ်ယီ ပြောခဲ့သမျှမှာ အမှန်တရားများ ဖြစ်ပုံရသည်။ ထျန်းဟယ်လီမိသားစုမှာ ဤနေရာမှ မိုင်ပေါင်း သုံးထောင်ခန့် ကွာဝေးသော ထျန်းယွမ်တိုက်ကြီးပေါ်ရှိ နာမည်ကျော် ထျန်းဟယ်မြစ်ကမ်းဘေးတွင် တည်ရှိသည်။ ၎င်းတို့သည် ချင်းကျာဝိညာဉ်ငါးများကို မွေးမြူခြင်းဖြင့် ချမ်းသာကြွယ်ဝလာသည့် မိသားစု ဖြစ်သည်။ ထို့ပြင် ထျန်းဟယ်လီမိသားစုသည် တစ္ဆေမှော်လက်နက်များကို တိတ်တဆိတ် သန့်စင်နေသည်ဟူသော ကောလာဟလများကို စုန့်ဝမ် ကြားဖူးသည်။
................