← Chapters

ထျန်းဟယ်လီမိသားစုကို တိုက်ခိုက်ခြင်း

Vol. 11 Ch. 121

ထျန်းဟယ်လီမိသားစုကို တိုက်ခိုက်ခြင်း

Vol. 11 Ch. 121

ညသန်းခေါင်ယံအချိန်

ထျန်းဟယ်မြစ်ရေသည် လှိုင်းတံပိုးတို့ ထကြွကာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် စီးဆင်းနေသည်။ ရေစီးသံမှာ မိုးခြိမ်းသံအလားပင်။

ထျန်းဟယ်မြစ်ကွေ့ တစ်နေရာတွင် မြစ်နှင့် တောင်တန်းကြား မြေပြန့်လွင်ပြင်တွင် တည်ဆောက်ထားသော ခမ်းနားထည်ဝါသည့် ခြံဝင်းကြီးတစ်ခု ရှိလေသည်။ ခြံဝင်းကျယ်ကြီးအတွင်း များပြားလှသော ငါးမွေးကန်ကြီးများသည် သီးသန့်ခြံဝင်းငယ်များဖြင့် စနစ်တကျ တည်ရှိနေကြ၏။ ထိုငါးမွေးကန်များထဲတွင် သံချပ်ကာကဲ့သို့ အကြေးခွံများရှိသည့် ကြီးမားသော ချင်းကျာဝိညာဉ်ငါးကြီးများ ဟိုဟိုဒီဒီ ကူးခတ်နေကြသည်ကို ရေးရေးမျှ တွေ့မြင်နိုင်ပေသည်။

ဤနေရာကား ထျန်းဟယ်လီမိသားစု၏ နေအိမ်ဖြစ်၏။ ချင်းကျာဝိညာဉ်ငါးတို့မှာ စားသုံးသူ၏ ကျင့်ကြံမှုကို တိုးတက်စေရုံမက ခန္ဓာကိုယ်ကိုပါ သန်မာစေသဖြင့် ကျင့်ကြံခြင်းလောကတွင် နာမည်ကျော်ကြားလှသည်။

အပြင်ဘက်ဆုံးရှိ လူလုပ်ကန်အနားတွင် မီးအိမ်မှိန်မှိန်လေးနှင့် သစ်သားပုံးကြီးများကိုယ်စီ ထမ်းပိုးထားသော သေမျိုးအစေခံနှစ်ဦးမှာ ကန်ပေါင်သို့ အနိုင်နိုင် လျှောက်လာကြသည်။ ထိုပုံးများထဲတွင် လတ်ဆတ်သော အသားတုံးကြီးများနှင့် သွေးများ ပြည့်လျှံနေ၏။ ကန်ဘောင်ပေါ် ရောက်သည်နှင့် ပုံးထဲရှိ အသားတုံးကြီးများအား တစ်ခုချင်း ကန်ထဲသို့ ပစ်ထည့်လိုက်ကြသည်။

အသားတုံးကြီး ရေထဲမကျမီ နှစ်မီတာကျော် ရှည်လျားသော အစိမ်းရောင်ငါးကြီးတစ်ကောင်သည် ရေအောက်မှ ရုတ်တရက် ခုန်တက်လာကာ အသားတုံးကို ဖမ်းယူကာ ၎င်း၏ လွှသွားကဲ့သို့ ထက်မြသောသွားများဖြင့် အသားကို ကိုက်ဖြတ်နေတော့သည်။ အသားတုံးများ ပိုမိုပစ်ထည့်လိုက်သည်နှင့်အမျှ ချင်းကျာဝိညာဉ်ငါးတို့မှာ ရေအောက်မှ အဆက်မပြတ် ခုန်တက်လာကာ အသားတုံးများကို လုယက် စားသောက်နေကြသည်။

ထိုအခိုက် အစေခံတစ်ဦး၏ ဦးခေါင်းမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး သူ့ခန္ဓာကိုယ်မှာ ကန်ရေပြင်ထဲသို့ လဲပြိုကျသွားသည်။ ကျန်ရှိနေသော အစေခံမှာ တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲသွားပြီး ရန်သူ တိုက်ခိုက်ပြီဟု ရုတ်တရက် တွေးလိုက်မိသည်။ သို့သော် အကူအညီတောင်းရန် မအော်နိုင်မီမှာပင် ရင်ဘတ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ ပန်းကန်လုံးခန့်ရှိသော သွေးများ ပန်းထွက်နေသည့် အပေါက်ကြီးကို မြင်လိုက်ရ၏။ သူသည်လည်း ငါးမွေးကန်ထဲသို့ လဲကျသွားတော့သည်။

လတ်ဆတ်သော လူသားအလောင်းနှစ်လောင်း ကန်ထဲသို့ ကျသွားသည်နှင့် ချင်းကျာဝိညာဉ်ငါးတို့မှာ ရူးသွပ်သွားကြသည်။ ငါးအုပ်ကြီးမှာ အလောင်းများကို ဝိုင်းအုံကာ ကိုက်ဖြတ်စားသောက်ကြသဖြင့် လှိုင်းတံပိုးတို့ တဝုန်းဝုန်း ထကြွလာတော့သည်။

ထိုအချိန်တွင် လူရိပ်တစ်ဒါဇင်ကျော်မှာ ကန်ပေါင်ဘေးမှ လျှပ်တပြက် ဖြတ်သန်းပြီး လီမိသားစုအိမ်တော်သို့ ဦးတည်သွားကြသည်။ ကလဲ့စားချေရန် လာကြသော ထိုကျင့်ကြံသူ ၁၃ ဦးတို့သည် အလွန်ရက်စက်ကြ၏။ သူတို့ ရောက်လေရာတွင် သာမန်သေမျိုးဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ၊ လီမိသားစုဝင် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တစ်ဦးတစ်ယောက်မှ အသက်ရှင် မကျန်စေဘဲ သတ်ဖြတ်ခဲ့ကြသည်။ သူတို့သည် လီမိသားစု၏ အဓိကဗဟိုချက်ဆီသို့ ဦးတည်ရွေ့လျားသွားပြီး လမ်းတလျှောက် လျင်မြန်စွာ စီးနင်းကာ လူတစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ကြသည်။

နောက်ဆုံးတွင်မှ သေအံ့ဆဲဆဲ လီမိသားစု ကျင့်ကြံသူတစ်ဦးက သတိပေးချက်တစ်ခုကို ပေးပို့နိုင်ခဲ့လေသည်။ မီးလုံးတစ်လုံးသည် အဆောက်အအုံကို ထိမှန်ကာ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်စေခဲ့သည်။ ထိုအသံများက မှောင်မိုက်တိတ်ဆိတ်သော ညဉ့်အမှောင်ထုကို ဖောက်ထွင်းပြီး လီမိသားစုဝင်တို့၏ အာရုံကို ဆွဲဆောင်လိုက်တော့သည်။

လီမိသားစုမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားသည်။ ထွက်ပြေးနေသော အစေခံများ၊ ထိတ်လန့်တုန်လှုပ်နေသော သေမျိုးမိသားစုဝင်များနှင့် အဆင့်နိမ့် ကျင့်ကြံသူများမှာ နေရာအနှံ့ ပျာယာခတ် ပြေးလွှားနေကြ၏။

“ရန်သူ တိုက်ခိုက်နေပြီ .. ရန်သူ .. ရန်သူ”

ထိတ်လန့်တကြား အော်ဟစ်သံများနှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူအုပ်ကြီးကို ကြည့်ကာ စီနီယာလီနှင့် အခြားသူများမှာ ကလဲ့စားချေရသည့် ကျေနပ်မှုကို ခံစားလိုက်ရသည်။ လွန်ခဲ့သော အတိတ်က သူတို့၏ မိသားစုနှင့် ရွာသူရွာသားများ ထျန်းဟယ်လီမိသားစု၏ သတ်ဖြတ်ခြင်းကို ခံရစဉ်က သူတို့သည်လည်း ဤကဲ့သို့ပင် ထိတ်လန့်တုန်လှုပ်ပြီး အသက်လု ထွက်ပြေးခဲ့ရသည် မဟုတ်ပါလား။

သူတို့သည် လက်စားချေရန် ရောက်လာသူများပီပီ အညှာတာ မရှိ၊ ဂရုဏာ မရှိ တွေ့သမျှလူတိုင်းအား သတ်ဖြတ်ကြတော့သည်။ သူတို့ ရောက်လေရာ နေရာတိုင်း စစ်မြေပြင် ဖြစ်သွားပြီး မြင်သမျှ လူတိုင်းမှာ ရန်သူသာ ဖြစ်သည်။ ယနေ့တွင် သူတို့ရင်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော နာကျည်းမှုကို အဆုံးသတ်ရန် လီမိသားစုကို အမြစ်ပြတ် သုတ်သင်ပေတော့မည်။

ရုတ်တရက် ခံ့ညားတည်ကြည်သော အသံတစ်ခု အဝေးမှ ထွက်ပေါ်လာသည်။

“ငါ့လီမိသားစုကို ဘယ်သူကများ ဒီလောက်ရဲရဲတင်းတင်း ထိပါးရဲတာလဲ”

လူရိပ်တစ်ခုသည် အဝေးမှ ဓားကိုစီး၍ ပျံသန်းလာ၏။ လီမိသားစု၏ အခြေတည် နှောင်းပိုင်းအဆင့် ပညာရှင်တစ်ဦး ပေါ်လာသည်နှင့် လီမိသားစု ကျင့်ကြံသူများမှာ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာပြီး ရန်သူကို ရင်ဆိုင်ရန် အဓိကအိမ်တော်ဆီ စုရုံးရောက်ရှိလာကြသည်။

ယခုအခါ တိုက်ပွဲကြီး ဖြစ်ပွားတော့မည့် အခြေအနေသို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။

ကလဲ့စားချေသူ ၁၃ ဦးထဲတွင် အခြေတည်အဆင့် ကျင့်ကြံသူ ၅ ယောက်က အဓိက အင်အားစုဖြစ်ပြီး၊ ဝိညာဉ်လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

ချီစုစည်းခြင်းအဆင့် နဝမအဆင့်ရှိ ကျင့်ကြံသူ ၈ ဦးက တိုက်ပွဲ၏ အစွန်အဖျားတွင် လှည့်ပတ်နေကြပြီး အခြေတည်ကျင့်ကြံသူများအပေါ် လီမိသားစုက လူအားဖြင့် ဖိနှိပ်ထိန်းချုပ်မရစေရန် ဖိအားလျှော့ချပေးနေကြ၏။ သို့သော် လီမိသားစုဘက်က ကျင့်ကြံသူ အရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ တိုက်ပွဲမှာ အကြိတ်အနယ် ဖြစ်လာတော့သည်။

တိုက်ပွဲအရှိန်မြင့်နေစဥ် သရဲတစ္ဆေ အငွေ့အသက်များ လွှမ်းခြုံထားသော ပိန်လှီလှီ အဖိုးကြီးတစ်ဦး ရုတ်တရက် ပေါ်လာသည်။ ထိုအဖိုးကြီးမှာ အရိုးပေါ် အရေတင်နေသကဲ့သို့ ရှိပြီး အသက်ရှင်နေသူထက် ခြောက်ကပ်နေသော အလောင်းကောင်နှင့်ပင် ပိုတူနေသည်။

ဝါရင့်ကျင့်ကြံသူအတွက် ထိုအဖိုးကြီးမှာ တစ္ဆေစွမ်းအင်များ လွန်ကဲစွာ စုစည်းမိနေကြောင်း၊ ထိုစွမ်းအင်များကို ကောင်းစွာ မသန့်စင်နိုင်သဖြင့် တစ္ဆေစွမ်းအင်များက သူ့အသွေးအသားများကို တိုက်စားကာ ပုပ်ပွနေသော အသားများကဲ့သို့ ဖြစ်နေကြောင်း ချက်ချင်း သိနိုင်ပေသည်။ အကယ်၍ အဖြေတစ်ခုကို အမြန်မရှာနိုင်ပါက ထိုအဖိုးကြီးမှာ အသက်ရှင်ရန် အချိန် သိပ်မကျန်တော့ပေ။

ဤအဖိုးကြီးကား အခြားသူမဟုတ်၊ စီနီယာလီနှင့် အခြားသူများ၏ အကြီးမားဆုံးသောရန်သူ လီကျန့်ကူပင် ဖြစ်လေသည်။

လီကျန့်ကူက ချိုင့်ဝင်နေသော မျက်လုံးများဖြင့် ကျူးကျော်လာသူများကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။

“အသက်ရှင်ဖို့ ကြိုးစားနေရတဲ့ အမှိုက်တွေ အင်အားချင်း ပေါင်းရုံနဲ့ လီမိသားစုကို လှုပ်ခါနိုင်မယ် ထင်နေတာလား”

ပြောပြီးနောက် လီကျန့်ကူသည် သူ၏ ဘေးနားရှိ လီမိသားစုဝင်များကို အမိန့်ပေးလိုက်သည်။

“ဖယ်စမ်း၊ ဟို ချီစုစည်းခြင်းအဆင့် ပိုးမွှားတွေကို ရှင်းလိုက်။ ဒီ ၅ ယောက်ကို ဝိုင်းထားပြီး မလွတ်အောင် ထိန်းထား။ ဒီပိုးမွှားတွေကို ငါကိုယ်တိုင် အမြစ်ဖြတ်ပစ်မယ်”

“ဟုတ်ကဲ့၊ ဘိုးဘေးကြီး”

လီမိသားစုမှ အခြေတည်အဆင့်ရှိသူ ၅ ဦးသည် တိုက်ပွဲမှ ဖယ်ခွာသွားပြီး စစ်မြေပြင်ကို လီကျန့်ကူထံ လွှဲပြောင်းပေးကာ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများကို သွားရောက် ကိုင်တွယ်ကြသည်။

ဤအချိန်တွင် ကလဲ့စားချေရန်လာသော ချီစုစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူမှာ ၇ ဦးသာ ကျန်ရှိတော့ပြီး ဒဏ်ရာများလည်း ရနေကြသည်။ သူတို့သည် လီမိသားစုမှ အခြေတည်အဆင့်ရှိသူ ၅ ဦးကို မယှဉ်နိုင်ဘဲ ခဏအတွင်းမှာပင် အားလုံး အသတ်ခံလိုက်ရလေသည်။

ထိုအချိန်တွင် လီကျန့်ကူနှင့် ဝမ်ယီတို့ အုပ်စု စတင် ရင်ဆိုင်နေကြပြီ ဖြစ်သည်။ လီကျန့်ကူက သူ့ခါးရှိ တစ္ဆေမွေးမြူရေးအိတ်နှစ်လုံးကို ပုတ်လိုက်ရာ တစ္ဆေနှစ်ကောင် လေထဲတွင် ပေါ်လာသည်။ တစ်ကောင်မှာ မျက်နှာစိမ်းနှင့် အစွယ်ငေါငေါ၊ နောက်တစ်ကောင်မှာ မျက်နှာနီနှင့် ဖရိုဖရဲ ဆံပင်များ ရှိသည်။ ဤတစ္ဆေနှစ်ကောင်မှာ အဆင့်မြင့် တစ္ဆေစစ်သူကြီးများ ဖြစ်ကြပြီး အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့် အင်အားချင်း တူညီကြသည်။ ထိုသရဲစစ်သူကြီး နှစ်ဦး ပေါ်လာသည်နှင့် လီမိသားစု အိမ်တော်တစ်ခုလုံးတွင် အေးစိမ့်သော လေပြင်းများ တိုက်ခတ်သွားတော့သည်။

အကြီးအကဲလီနှင့် သူ့အပေါင်းအဖော်များမှာ အံ့အားသင့်ခြင်း မရှိဘဲ ကျေနပ်သွားကြ၏။ အကြီးအကဲလီက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“အားလုံးပဲ၊ ငါတို့တွေ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့တာ ဒီအချိန်အတွက်ပဲ။ အဲဒီ လူယုတ်မာ လီကျန့်ကူကို မသတ်နိုင်ရင် ငါတို့ အသက်ရှင်စရာ အကြောင်းမရှိဘူး”

“အစီအရင် … စတင်မယ်"

အခြားသော ကျင့်ကြံသူ ၄ ဦးမှာ ချက်ချင်းပင် အကြီးအကဲလီကို အလယ်တွင် ထားကာ တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ သူတို့၏ လက်များထဲမှ အစိမ်းရောင်အလင်းဖြင့် တောက်ပနေသည့် အစီအရင်ချပ်များကို ကိုင်ထားကြသည်။

ရုတ်တရက် ကျယ်ဝန်းသော မြေကွက်လပ်အတွင်း အစီအရင်အလံ ၉ ခုမှာ စိမ်းဖန့်ဖန့် အလင်းရောင်များနှင့်အတူ ထွက်ပေါ်လာသည်။ ထိုအစီအရင်အလံ ၉ ခုမှာ အစွန်အဖျားတွင် လှည့်ပတ်တိုက်ခိုက်နေသော ချီစုစည်ခြင်းအဆင့် ကျင့်ကြံသူများမှ တိတ်တဆိတ် ချထားခဲ့ခြင်း ဖြစ်သည်။ ထိုသူများက အသေခံပြီး ထောင်ချောက်ဆင်သွားခြင်းဖြစ်ကြောင်း အချိန်နှောင်းမှ လီကျန့်ကူ သိလိုက်ရသည်။

ထိုအချိန်တွင် လီကျန့်ကူသည် ဝမ်ယီတို့အဖွဲ့ စနစ်တကျ ပြင်ဆင်ထားသော ထောင်ချောက်ထဲသို့ ကျရောက်သွားပြီး အစီအရင်ထဲတွင် တစ်ယောက်တည်း ပိတ်မိသွားတော့သည်။

အကြီးအကဲလီ ကိုင်ထားသော အစီအရင်ထိန်းချုပ်ချပ်သည် အခြားသူများ၏ အစီအရင်ချပ်များထက် အနည်းငယ် ပိုကြီးသည်။

“ဓာတ်ကြီးငါးပါးလည်ပတ်ခြင်းအစီအရင် … စတင်စေ”

အရောင်ငါးမျိုး တောက်ပနေသော စွမ်းအင်အလွှာတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး ကျယ်ဝန်းသောဧရိယာကို လွှမ်းခြုံကာ လီကျန့်ကူနှင့် တစ္ဆေစစ်သူကြီး နှစ်ဦးကို ပိတ်လှောင်လိုက်တော့သည်။

အစီအရင်ထိန်းချုပ်ကျောက်ပြားကို ကိုင်ထားရင်း အကြီးအကဲလီက အော်လိုက်သည်။

“ကမ်းသတ္တုဓာတ်”

ကျင့်ကြံသူ ၅ ဦးမှာ သူတို့၏ ကိုယ်ပိုင် အစီအရင်ချပ်များပေါ်သို့ မန္တန်များကို ရွတ်ဖတ်လိုက်ကြသည်။ ချက်ချင်းပင် ပြင်းထန်လှသော သတ္တု စွမ်းအင်များ အစီအရင်ထဲတွင် လှိုင်းထလာသည်။ ထိုစွမ်းအင်များသည် ထက်မြက်ပြီး ဖောက်ထွင်းမြင်ရသည့် ဓားသွားများအဖြစ် လျင်မြန်စွာ ပုံဖော်သွားကြ၏။ ထိုဓားများသည် ဓားသွားစက်ဝန်းကဲ့သို့ အရှိန်အဟုန်ဖြင့် လည်ပတ်ရင်း အဆင့်မြင့် တစ္ဆေစစ်သူကြီး နှစ်ဦးထံသို့ ပြေးဝင်သွားသည်။

လီကျန့်ကူသည် ဓာတ်ကြီးငါးပါး လည်ပတ်ခြင်း ဝင်္ကပါထဲတွင် ရုတ်တရက် ပိတ်မိသွားသဖြင့် မျက်နှာပျက်သွားသည်။ ထိုအမှာ သူ မမျှော်လင့်ထားသောကိစ္စပင် ဖြစ်သည်။ သို့သော် သူ၏ တစ္ဆေစစ်သူကြီးများကိုလည်း လျှော့တွက်၍ မရပေ။ တစ္ဆေစစ်သူကြီး နှစ်ဦးသည် များပြားလှသော တစ္ဆေစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့သည် ခိုင်မာသော အနက်ရောင် ချပ်ဝတ်တန်ဆာများ ဖြစ်သွားပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

ထိုအချိန်တွင် သတ္တုဓားသွားများက စတင် တိုက်ခိုက်တော့သည်။ ဓားသွားများသည် မြစ်ရေစီးသကဲ့သို့ ပြေးဝင်လာပြီး တစ္ဆေစစစ်သူကြီး နှစ်ဦးကို အဆက်မပြတ် တိုက်ခိုက်နေသည်။

သေးငယ်သော ဓားသွားများစွာက အနက်ရောင်ချပ်ဝတ်ကို အဆက်မပြတ် ထိမှန်နေသဖြင့် တစ္ဆေနှနှစ်ကောင်မှာ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရပြီး အကြီးအကဲလီတို့ အုပ်စုထံ မချဉ်းကပ်နိုင်ဘဲ ဖြစ်နေသည်။ တစ္ဆေစွမ်းအင်ဖြင့် ပြုလုပ်ထားသော အနက်ရောင်ချပ်ဝတ်မှာ ထိုဓားသွားများ၏ တိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း ပြိုကွဲလာတော့သည်။

တိုက်ခိုက်မှု အကျိုးသက်ရောက်သည်ကို မြင်လိုက်ရသဖြင့် အကြီးအကဲလီ၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားပြီး အော်လိုက်သည်။

“ထင့်မီးဓာတ်”

သတ္တုဓားသွားများ လုံးဝ မပျောက်ကွယ်မီမှာပင် ပေတစ်ရာခန့် ရှည်လျားသော မီးနဂါးကြီးတစ်ကောင် ဖြည်းညင်းစွာ ပုံပေါ်လာသည်။ မီးနဂါးကြီးက ပုံပေါ်လာသည်နှင့် ဟိန်းဟောက်၍ မီးများကို မှုတ်ထုတ်လိုက်ပုံက အလွန်ပင် ခံ့ညားလှပေသည်။

လီကျန့်ကူ၏ မျက်လုံးများမှာ ထိတ်လန့်မှုတို့ဖြင့် လှုပ်ခတ်သွား၏။

ထင့်မီးဓာတ်ဆိုသည်မှာ ယန်မီးတောက်တစ်မျိုး ဖြစ်သည်။ ဤကဲ့သို့သော သန့်စင်သည့် ယန်စွမ်းအင်သည် မိုးကြိုးလျှပ်စီးဓာတ်ပြီးလျှင် တစ္ဆေများကို အန္တရာယ် ပေးနိုင်စွမ်း အမြင့်ဆုံးစွမ်းအင် ဖြစ်သည်။

လီကျန့်ကူ ထိတ်လန့်နေသကဲ့သို့ အစီအရင်အပြင်ဘက်ရှိ လီမိသားစု ကျင့်ကြံသူများလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ အစီအရင် အကာအရံအလွှာ ပေါ်လာသည်နှင့် လီမိသားစုဝင် ကျင့်ကြံသူများက ထိုအကာအရံအလွှာ ပြိုပျက်သွားစေရန်နှင့် သူတို့၏ ဘိုးဘေးကို ကယ်တင်ရန် အစွမ်းကုန် တိုက်ခိုက်ကြသည်။

သို့သော် အခြေတည်အဆင့်ရှိသူ ၅ ဦးနှင့် ချီစုစည်းခြင်းအဆင့်ရှိသူ တစ်ရာကျော် ရှိနေသော်လည်း ထိုအစီအရင်ကို အင်အားသုံး၍ မချိုးဖျက်နိုင်ဘဲ ဖြစ်နေသည်။

“မတိုက်ခိုက်ကြနဲ့တော့”

လီမိသားစုမှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။

“ဒီအစီအရင်က ဓာတ်ကြီးငါးပါးလည်ပတ်ခြင်းအစီအရင်ပဲ။ ဓာတ်ကြီးငါးပါးစွမ်းအင်တွေကို ပြောင်းလဲနိုင်တဲ့အစွမ်း ရှိတယ်။ တကယ်လို့ အရောအနှော ဓာတ်စွမ်းအင်တွေနဲ့ တိုက်ခိုက်မယ်ဆိုရင် အစီအရင်ကက အဲဒါတွေကို စုပ်ယူပြီး ပြန်လည် တိုက်ခိုက်လိမ့်မယ်”

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

“အစီအရင်ကို ဖြိုဖျက်ချင်ရင် ဓာတ်တစ်မျိုးတည်းပါတဲ့ တိုက်ခိုက်မှုမျိုးကို သုံးရမယ်။ အစီအရင်က ဓာတ်တစ်မျိုးတည်းရဲ့ စွမ်းအင်ကို အလွန်အကျွံ စုပ်ယူမိသွားရင် ဓာတ်ကြီးငါးပါးရဲ့ မျှခြေ ပျက်စီးပြီး အစီအရင် ပြိုပျက်သွားလိမ့်မယ်”

ဤစကားကို ကြားသောအခါ လီမိသားစု ကျင့်ကြံသူများမှာ တိုက်ခိုက်မှုကို ရပ်လိုက်ကြပြီး မည်သည့် ဓာတ်စွမ်းအင်ကို သုံးရမည်ဆိုသည့် ထိုအမျိုးသမီး၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြသည်။

ထိုအမျိုးသမီးကျင့်ကြံသူက ခဏတာ စဥ်းစားပြီး အော်ပြောလိုက်သည်။

“ငါတို့ လီမိသားစုက ရေဓာတ် အခြေခံနည်းစနစ်တွေကို အခြေခံထားတာ။ ငါတို့ အားသာချက်ဖြစ်တဲ့ ရေဓာတ်မန္တန်တွေနဲ့ တိုက်ခိုက်ကြ”

လီမိသားစုကျင့်ကြံသူများသည် ချက်ချင်းပင် ရေဓာတ်မန္တန်များနှင့် ရေဓာတ် နည်းစနစ်များကို စတင် အသုံးပြုကြတော့သည်။

ကောင်းကင်မှ ရေတိုင်ကြီးများ ကျဆင်းလာခြင်း၊ ဟိန်းဟောက်နေသော ရေနဂါးများ၊ ရေခဲကျောက်ဆောင် မြားများ၊ အေးစိမ့်သောလေပြင်းများ … စသဖြင့် အမျိုးမျိုးသော ရေဓာတ်နည်းစနစ်များ တဖြည်းဖြည်း ပုံပေါ်လာပြီး ဝင်္ကပါ အကာအကွယ်ဆီသို့ တရှိန်ထိုး ပြေးဝင်သွားသည်။

မရေမတွက်နိုင်သော တိုက်ခိုက်မှုများမှာ အစီအရင် အကာအရံတံတိုင်းကို ထိမှန်နေပြီး နားကွဲလုမတတ် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။

အစီအရင် အကာအရံအလွှာမှာ ပြင်းထန်စွာ တုန်ခါနေပြီး ပြိုကွဲလုမတတ် ဖြစ်လာသည်။

မီးနဂါးကို ထိန်းချုပ်နေသော အကြီးအကဲလီမှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ ရုတ်တရက် ယိုင်နဲ့သွားသည်။ သူ၏ ရင်ဘတ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သွေးများ အန်ထုတ်လိုက်ရာ သူ၏ အင်္ကျီရှေ့ပိုင်းမှာ သွေးနီရောင်များဖြင့် စိုရွှဲသွားတော့သည်။

“အကြီးအကဲလီ”

ဝမ်ယီက စိုးရိမ်တကြီး အော်လိုက်မိသည်။

အကြီးအကဲလီ၏ အကြည့်မှာမူ ထက်မြက်မြဲ ရှိနေပြီး၊ မီးနဂါးကို ထိန်းချုပ်ကာ တစ္ဆေစစ်သူကြီး နှစ်ဦးထံသို့ ပြေးဝင်စေရင်း အာရုံစိုက် တိုက်ခိုက်နေသည်။

“ငါ ဘာမှမဖြစ်ဘူး။ အစီအရင်ကို မြဲအောင် ထိန်းထားစမ်း”

…………..

All Chapters