← Chapters

အမြတ်ထုတ်ရမှာပေါ့

Vol. 11 Ch. 122

အမြတ်ထုတ်ရမှာပေါ့

Vol. 11 Ch. 122

တိုက်ပွဲဧရိယာမှ နှစ်မိုင်ခန့် အကွာတွင် ရှိနေပြီး မဟူရာသံချပ်ကာကူ တွေ့ရှိခဲ့သော အလောင်းများကို ဝါးမြိုရန် အာရုံစိုက်နေသော စုန့်ဝမ်သည် အစီအရင်ကို တိုက်ခိုက်နေသော လီမိသားစု ကျင့်ကြံသူများကို သတိပြုမိသွားသည်။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွား၏။

“ငါ့အစီအစဉ်ကို ဖျက်ဆီးခွင့် မပေးနိုင်ဘူး။ လီကျန့်ကူကို ကိုင်တွယ်ဖို့ ဝမ်ယီတို့ အုပ်စုကို အားကိုးနေရတာ။ အဲဒီအချိန်ကျမှ ငါက ရွှမ်းယင်ကျောက်တုံးတွေကို အခွင့်ကောင်းယူပြီး ယူရမှာ”

နေရာအနှံ့သို့ ပျံ့နှံ့နေသော မဟူရာသံချပ်ကာကူ ၇ ကောင်မှာ လီမိသားစု ကျင့်ကြံသူများထံသို့ ရုတ်တရက် ပျံသန်းသွားကြသည်။

အစီအရင်ကို တိုက်ခိုက်နေသော အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူမှာ အဝေးမှ လီမိသားစုဝင်တချို့ ရုတ်တရက် လဲကျသွားသည်ကို သတိပြုမိသွားသည်။ သူတုံ့ပြန်မှု မလုပ်နိုင်မီ နောင်ထပ်လူအချို့ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားပြန်သည်။ သူမ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ဆန်စေ့ခန့်သာ ရှိသော သေးငယ်သည့် ကူပိုးကောင်လေးများကို ရှာဖွေတွေ့ရှိသွားသည်။

“အားလုံး သတိထားကြ၊ ရန်သူက သေးငယ်တဲ့ ကူပိုးကောင်တွေနဲ့ အလစ်ချောင်းပြီး တိုက်ခိုက်နေတယ်”

သတိပေးချက်ကို ကြားသည်နှင့် လီမိသားစု ကျင့်ကြံသူများမှာ ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားကြပြီး ကူပိုးကောင်များကို ကာကွယ်ရန် သူတို့၏ ဝိညာဉ်အာရုံများကို ဖြန့်ကြက်လိုက်ကြသည်။ သူတို့ အာရုံလွင့်သွားသဖြင့် မန္တန်ရွတ်ဆိုမှုများ နှေးကွေးသွားကာ တိုက်ခိုက်မှု အားနည်းသွားပြီး အစီအရင်ပေါ် ကျရောက်နေသော ဖိအားလည်း လျော့ကျသွားတော့သည်။

ရန်သူများ မရိပ်မိခင် လူအနည်းငယ်သာ သတ်ဖြတ်နိုင်ခဲ့သည်ကို သိလိုက်ရသဖြင့် စုန့်ဝမ် အနည်းငယ် စိတ်ပျက်သွားပြီး မဟူရာသံချပ်ကာကူများကို ပြန်ခေါ်လိုက်သည်။ မဟူရာသံချပ်ကာကူများမှာ ချီစုစည်းခြင်းအဆင့်သာ ရှိသေးသဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများအနားသို့ ချဉ်းကပ်ပါက အလွယ်တကူ အသတ်ခံရနိုင်ပေသည်။

အစီအရင်အတွင်းတွင် မီးနဂါးကြီးသည် တစ္ဆေစစ်သူကြီးနှစ်ဦးရှေ့သို့ ဆင်းသက်လာကာ ကြီးမားလှသော ပါးစပ်ကြီးဖြင့် မျက်နှာစိမ်းတစ္ဆေစစ်သူကြီးကို ကိုက်လိုက်ပြီး၊ မျက်နှာနီတစ္ဆေစစ်သူကြီးကို အမြီးဖြင့် ဖြတ်ရိုက်ချလိုက်သည်။

အခြေတည်အဆင့် နှောင်းပိုင်းကျင့်ကြံသူများနှင့် အဆင့်တူညီသော တစ္ဆေစစ်သူကြီး နှစ်ဦးမှာ ကြီးမားလှသော မီးနဂါးကြီးရှေ့တွင် အလွန် သေးငယ်သွားသော်လည်း ပြင်းထန်စွာ ပြန်လည် တိုက်ခိုက်နေကြသည်။ အခြေအနေမှာ အကြိတ်အနယ် ရှိသည်ဟု ထင်ရသော်လည်း မီးနဂါးမှ ထွက်ပေါ်လာသော ယန်မီးတောက်များက တစ္ဆေစွမ်းအင်ကို လျင်မြန်စွာ ကုန်ဆုံးစေနေ၏။

သို့သော် အသက်ရှူချိန် အကြိမ် ၃၀ ခန့် ကြာပြီးနောက် ယန်မီးတောက်များ ကုန်ဆုံးသွားပြီး မီးနဂါးကြီးမှာလည်း မီးပွားလေးများအဖြစ် ကြွေလွင့် မှေးမှိန်ကာ ပျောက်ကွယ်သွားတော့သည်။

မီးနဂါးကြီး ပျောက်ကွယ်သွားမှသာ လီကျန့်ကူမှာ သက်ပြင်းချနိုင်တော့သည်။ အကယ်၍ မီးနဂါးသာ နောက်ထပ် အသက် ၁၀ ကြိမ်ရှူစာခန့် ကြာရှည်နေပါက တစ္ဆေစစ်သူကြီးနှစ်ဦးမှာ တိုက်စားခံရပြီး ကွယ်ပျောက်ပေတော့မည်။ ယခုပင်လျှင် တစ္ဆေစစ်သူကြီး နှစ်ဦး၏ စွမ်းအင်မှာ သိသိသာသာ လျော့နည်းပြီး ချပ်ဝတ်တန်ဆာများမှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

လီကျန့်ကူ အနားမယူနိုင်မီမှာပင် နောက်ထပ် မီးနဂါးတစ်ကောင်မှာ ဖြည်းညှင်းစွာ ထပ်မံ ပေါ်လာပြန်သည်။ လီကျန့်ကူ ထိတ်လန့်သွားပြီး အစီအရင် အပြင်ဘက်သို့ အလောတကြီး အော်ပြောလိုက်သည်။

“အစီအရင်ကို အမြန် ဖြိုခွဲကြစမ်း၊ ငါ ကြာကြာ တောင့်မခံနိုင်တော့ဘူး။”

နဂါးဟိန်းသံမှာ မြေပြင်နှင့် ကောင်းကင်အကြား ပဲ့တင်ထပ်သွား၏။ မီးနဂါးကြီးက ထပ်မံ တိုက်ခိုက်လာပြန်သည်။ လီကျန့်ကူသည် သူ့ခန္ဓာကိုယ်ဖြင့် မီးနဂါးကို မခုခံနိုင်သဖြင့် တစ္ဆေစစ်သူကြီး နှစ်ဦးကိုသာ မီးနဂါးကို ထပ်မံ တားဆီးရန် အမိန့်ပေးနိုင်တော့သည်။ အလွန် အားနည်းနေသော တစ္ဆေစစ်သူကြီး နှစ်ဦးမှာ မီးနဂါး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြားတွင် ညပ်သွားပြီး ယန်မီးတောက်ဖြင့် အကင်ခံနေရပါတော့သည်။ သူတို့၏ တစ္ဆေစွမ်းအင်များ လျင်မြန်စွာ လျော့ပါးလာပြီး ခန္ဓာကိုယ်မှာလည်း ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်လာသည်။

ဤမြင်ကွင်းကြောင့် လီကျန့်ကူ ရူးသွပ်လုမတတ် ဖြစ်သွားသည်။ အကယ်၍ မီးနဂါးသာ ဆက်လက် တိုက်ခိုက်နေပါက တစ္ဆေစစ်သူကြီး နှစ်ဦးမှာ ပျောက်ကွယ်သွားပြီး ဝိညာဉ်များ လွင့်စင်သွားပေတော့မည်။ မတတ်သာသည့်အဆုံး လီကျန့်ကူလည်း လက်ကို ဝှေ့ယမ်းလိုက်ရာ တစ္ဆေစစ်သူကြီး နှစ်ဦးမှာ ယင်လေပွေနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခါးရှိ တစ္ဆေမွေးမြူရေးအိတ်ထဲ တိုးဝင်ပျောက်ကွယ်သွားကြသည်။

တားဆီးမည့် တစ္ဆေစစ်သူကြီးများ မရှိတော့သဖြင့် မီးနဂါးကြီးမှာ လီကျန့်ကူထံသို့ ဟိန်းဟောက်၍ ပြေးဝင်လာတော့သည်။

လီကျန့်ကူကလည်း လက်မနှေးချေ။ လက်သီးဆုပ်ခန့်ရှိသော ရေဘောလုံးတစ်ခု ထုတ်ယူကာကွယ်လိုက်သည်။ မရေမတွက်နိုင်သော မြစ်ချောင်းအင်းအိုင်များမှ စစ်ထုတ်ယူထားသော ဤရေဘောလုံးမှာ ခွိုင်ယင်ရေအမြုတေဟုခေါ်သော ရှားပါးသည့် ရေဓာတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်သည်။ ချက်ချင်းဆိုသလို ထိုရေဘောလုံးမှာ ပါးလွှာသော ရေဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီကျန့်ကူကို အကာအကွယ် ပေးလိုက်သည်။

“ဘုန်း”

မီးနဂါးကြီးသည် ရေဒိုင်းကာကို ပြင်းထန်စွာ တိုက်မိသွားပြီး ထိုးဖောက်နိုင်ခြင်း မရှိဘဲ၊ နောက်ပြန်ဆုတ်လိုက်ရသည်။ ထို့နောက် ပြင်းထန်သော ကောင်းကင်ယန်မီးတောက်များနှင့် မှုတ်ထုတ်ပြီး တိုက်ခိုက်လာပြန်သည်။

လီကျန့်ကူရှိရာ အစီအရင်ဧရိယာ၏ တစ်ခြမ်းမှာ မီးပင်လယ်ထဲတွင် နစ်မြုပ်သွားသကဲ့သို့ ထင်ရ၏။ သို့သော် ခွိုင်ယင်ရေအမြုတေဖြင့် ပြုလုပ်ထားသော ပါးလွှာသည့် ရေဒိုင်းကာမှာ ပြင်းထန်လှသော ယန်မီးတောက်များကို တားဆီးထားနိုင်ခဲ့သည်။

လီကျန့်ကူ ယန်မီးတောက်ရန်မှ ကင်းလွှတ်နေသော်လည်း အဆက်မပြတ် ရိုက်ခတ်နေသော ပေါက်ကွဲမှုအရှိန်ကြောင့် နောက်သို့ လွှင့်စင်သွားပြီး အစီအရင် အကာအရံအလွှာကို ဝင်တိုက်မိသွားသည်။

“ဝုန်း ...”

လီကျန့်ကူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

အစီအရင် အပြင်ဘက်တွင်မူ လီမိသားစု ကျင့်ကြံသူများသည် ပို၍ စိုးရိမ်လာကြပြီး အစီအရင်ကို ဖြိုခွဲရန် အစွမ်းကုန် တိုက်ခိုက်ကြတော့သည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင် အစီအရင် အကာအရံအလွှာမှ အပြာရောင် အလင်းတန်းများ ရုတ်တရက် မှေးမှိန်သွားသည်။ ထို့နောက် လင်းလက်တောက်ပနေသော အကာအရံစွမ်းအင်အလွှာမှာ အပ်နှင့် ထိုးမိသောပူဖောင်းသဖွယ် ရုတ်တရက် ပေါက်ကွဲပြီး ပျောက်ကွယ်သွားပါတော့သည်။

အစီအရင် ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် စီနီယာလီသည် အစီအရင်ပြားပေါ်သို့ သွေးတစ်လုပ် အန်ချလိုက်ရပြီး သူ့အော်ရာမှာလည်း လျင်မြန်စွာ မှိန်ဖျော့သွားတော့သည်။

“စီနီယာလီ” ဝမ်ယီက အလန့်တကြား အော်ဟစ်လိုက်ပြီး ကူညီရန် ရှေ့သို့ တိုးလာသည်။

စီနီယာလီက သူ့ကို အလျင်အမြန် တားလိုက်ပြီး “ငါ့ကို ဂရုမစိုက်နဲ့။ လီကျန့်ကူနောက်ကိုပဲ လိုက်တော့။ သူ့တစ္ဆေနှစ်ကောင်လည်း အားကုန်နေပြီ၊ သူကိုယ်တိုင်လည်း ဒဏ်ရာရထားတယ်။ ဒါ သူ့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲ။ ဒီအခွင့်အရေးသာ လွတ်သွားရင် နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”

ဝမ်ယီက ခေါင်းညိတ်ပြကာ လီကျန့်ကူနောက်သို့ လိုက်လံဖမ်းဆီးတော့သည်။ သို့သော် မျက်နှာတွင် ကြောက်မက်ဖွယ် အပြုံးကြီးဖြင့် နူချန်းမှာမူ အစီအရင် ပျက်သည်နှင့် တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေဘဲ လီကျန့်ကူနောက်သို့ ပြေးလိုက်သွားနှင့်ပြီ ဖြစ်သည်။

......

လီကျန့်ကူသည် အစီအရင်ထဲတွင် ပိတ်မိတော့မည်ဟု ထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲ အစီအရင် ပျက်စီးသွားခဲ့သဖြင့် အလွန်ဝမ်းသာသွားကာ လေထဲသို့ ပျံတက်ပြီး သူ၏ လီမျိုးနွယ်ထဲမှ အနီးဆုံးရှိသော အခြေတည်အဆင့် ကျင့်ကြံသူများထံ ဦးတည်လိုက်သည်။

“သူတို့ကို တားထားကြ”

လီကျန့်ကူက လီမိသားစု ကျင့်ကြံသူများကို အမိန့်ပေးလိုက်ပြီး၊ သူကိုယ်တိုင်မူ ပေသုံးထောင်ခန့် မြင့်သော တောင်ကြီးရှိရာ လီမိသားစု အခြေစိုက်စခန်း အတွင်းပိုင်းဆီသို့ ဆက်လက် ပျံသန်းသွားတော့သည်။

လီကျန့်ကူသည် အလွန်လျင်မြန်စွာ လှုပ်ရှားပြီး မျက်စိတစ်မှိတ်အတွင်း တောင်ခြေသို့ ရောက်ရှိသွားသည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ ရန်သူငါးဦးစလုံးမှာ လီမိသားစု ကျင့်ကြံသူများ၏ ကြားဖြတ်တားဆီးခြင်း ခံနေရသည်ကို တွေ့ရသည်။ ဒဏ်ရာအပြင်းအထန် ရထားသော စီနီယာလီနှင့် ဝမ်ယီအပါအဝင် အခြေတည်အဆင့် လေးဦးတို့မှာ လီမိသားစုမှ အခြေတည်အဆင့် အစောပိုင်း ငါးဦးနှင့် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ အများအပြားကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။

“ဒီကောင်တွေကြောင့် ငါ ဒဏ်ရာရထားသလို တစ္ဆေနှစ်ကောင်လည်း အားနည်းသွားပြီ။ တစ္ဆေတွေ ဝိညာဉ်စွမ်းအား၇ စုပ်ယူပြီး ပြန်ကောင်းလာမှ မင်းတို့ကို အပိုင်းပိုင်းဆွဲဖြတ်ပြီး ဝိညာဉ်တွေကို သန့်စင်ပစ်မယ်”

လီကျန့်ကူလည်း ဒေါသတကြီး ကြိမ်းမောင်းရင်း တောင်ခြေရှိ မှောင်မည်းနေသော ဂူတစ်ခုအတွင်းသို့ ပျံဝင်သွားသည်။ ပေငါးဆယ်ခန့် အထဲသို့ ဝင်ပြီးနောက် ကျယ်ပြောလှသော မြေအောက်ခန်းမကြီးတစ်ခု ပေါ်လာသည်။

ခန်းမ ဘယ်ဘက်ခြမ်းတွင် အလောင်းနတ်ဆိုးဂိုဏ်းတွင် စုန့်ဝမ် သုံးခဲ့သော အလောင်းခွဲစိတ်စင်ပုံစံ စင်တစ်ခု ရှိနေသည်။ ထိုအလောင်းခွဲစိတ်စင် ဘေးတွင် သွေးအနည်းငယ်သာ ကျန်တော့သည့် သွေးကန်တစ်ခု ရှိသည်။ ခွဲစိတ်ခုံ၏ ဘေးတွင် တောင်ငယ်လေးတစ်ခုအလား စုပုံနေသော လူ့အရိုးစု ထောင်ပေါင်းများစွာ ရှိနေလေသည်။

ခန်းမ၏ ညာဘက်ခြမ်းတွင်မူ ကြမ်းပြင်ပေါ်၌ ဝိညာဉ်သန့်စင်သည့် အစီအရင်တစ်ခုကို ထွင်းထုထားသည်။ ဆယ်ပေခန့် မြင့်သော ဝိညာဥ်အလံရှစ်ခုကို အစီအရင်၏ အချက်အခြာနေရာများတွင် စိုက်ထူထားသည်။ အစီအရင်အတွင်း၌ သရဲချီများ အလွန်တရာ ထူထပ်နေပြီး မြောက်မြားလှစွာသော ဝိညာဉ်များလည်း အဆက်မပြတ် ဝဲပျံနေကြသည်။ ၎င်းတို့သည် ရံဖန်ရံခါတွင် ဝိညာဥ်အလံများအတွင်း ဝင်ရောက် ပျောက်ကွယ်သွားလိုက်၊ ပြန်လည် ထွက်ပေါ်လာလိုက်ဖြင့် လှုပ်ရှားနေကြသည်။

ဤမြေအောက်ခန်းမမှာ အလောင်းကောင် သန့်စင်ခြင်း၊ သွေးသန့်စင်ခြင်းနှင့် ဝိညာဉ်သန့်စင်ခြင်း လုပ်ငန်းအားလုံးကို တစ်နေရာတည်းတွင် စုစည်းထားသည့် နေရာဖြစ်ကြောင်း ထင်ရှားလှသည်။

လီကျန့်ကူသည် ဝိညာဉ်သန့်စင်ခြင်း အစီအရင်အနားသို့ ချဉ်းကပ်ကာ တစ္ဆေစစ်သူကြီးနှစ်ကောင်ကို ဆင့်ခေါ်လိုက်ပြီး အစီအရင်ထိန်းချုပ်ပြားကို ထုတ်လိုက်သည်။ မန္တန်အချို့ကို ရွတ်ဆိုလိုက်သောအခါ အားနည်းနေသော တစ္ဆေစစ်သူကြီး နှစ်ကောင် ထွက်ပေါ်လာပြီး သိုးအုပ်ထဲသို့ ဝင်လာသည့် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေများအလား အစီအရင်အတွင်းရှိ ဝိညာဉ်များကို အငမ်းမရ ဝါးမြိုတော့သည်။

ဝိညာဉ်များသည် အသက်ရှင်ရန် အသည်းအသန် ထွက်ပြေးကြသော်လည်း အစီအရင်၏ ချုပ်နှောင်မှုမှ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။ သူတို့၏ စူးရှလှသော အော်ဟစ်သံများနှင့်အတူ တစ္ဆေစစ်သူကြီးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး စင်ကြယ်သော သရဲချီများကို ထောက်ပံ့ပေးလိုက်ရတော့သည်။

လီကျန့်ကူ အလုပ်ရှုပ်နေချိန် ရုတ်တရက် ဂူအဝင်ဝမှ အလင်းတန်းတစ်ခု ဝင်ရောက်လာပြီး လျင်မြန်စွာ တိုက်ခိုက်လာသည်။ ရုတ်တရက် ကျရောက်လာသော အန္တရာယ်ကြောင့် လီကျန့်ကူမှာ စဉ်းစားချိန် မရတော့ဘဲ ခွိုင်ယင်ရေအမြုတေကို ဆင့်ခေါ်ကာ ဒိုင်းတစ်ခုသဖွယ် ကာကွယ်လိုက်ရသည်။

“ဝုန်း ..”

အေးခဲလဓားသည် ခွိုင်ယင်ရေအမြုတေကို ထိမှန်သွားရာ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ဒိုင်းအကာပေါ်တွင် သိသာသော ချိုင့်ခွက်တစ်ခု ပေါ်လာသော်လည်း ပျက်ဆီးသွားခြင်း မရှိပေ။ အေးခဲလဓားမှာ ပြန်ဆုတ်မသွားဘဲ လေထဲတွင် ဝဲလှည့်ကာ လီကျန့်ကူ၏ ဦးခေါင်းကို အပေါ်မှ တိုက်ခိုက်လာပြန်သည်။ ခွိုင်ယင်ရေအမြုတေမှာ လျင်မြန်စွာပင် နေရာပြောင်းပြီး ကာကွယ်လိုက်သည်။

ခဏချင်းမှာပင် အပြန်အလှန် တိုက်ခိုက်မှု အကြိမ်ပေါင်း ဒါဇင်နှင့်ချီ ရှိသွားခဲ့သည်။ အေးခဲလဓားနှင့် ခွိုင်ယင်ရေအမြတေတို့ အားပြိုင်နေစဉ်မှာပင် လူတစ်ယောက် မြေအောက်ခန်းအတွင်းသို့ ပြေးဝင်လာသည်။ ၎င်းမှာ လီကျန့်ကူနောက်သို့ တိတ်တဆိတ် လိုက်လာသော စုန့်ဝမ်ပင် ဖြစ်သည်။

စုန့်ဝမ်သည် အညိုရောင် ကြေးခေါင်းလောင်း အကာအကွယ်ကို ဖွင့်ထားပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် လီကျန့်ကူအနားသို့ ချဉ်းကပ်လိုက်သည်။ ယခုအချိန်မှာ လီကျန့်ကူ အားအနည်းဆုံးအချိန် ဖြစ်သဖြင့် တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးပင်။

စုန့်ဝမ်လည်း အချိန်ဆွဲမနေတော့ဘဲ သူ၏လက်များကို လင်းယုန်လက်သည်းများအလား ပြုလုပ်ကာ လီကျန့်ကူကို ကုတ်ချလိုက်သည်။ လက်သည်းများမှ ထွက်ပေါ်လာသော အေးစက်သည့် အလင်းတန်းမှာ မိစ္ဆာဆန်သော အနက်ရောင်အငွေ့အသက်များနှင့် သတ္တုဓားသွားကဲ့သို့ မာကြောထက်ရှနေသည်။

“တစ္ဆေလက်သည်း”

လီကျန့်ကူ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်သွားသည်။ အေးခဲလဓားနှင့် စုန့်ဝမ်၏ နှစ်ဖက်ညှပ် တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ခွိုင်ယင်ရေအမြုတေမှာ တစ်ဖက်ကိုသာ ကာကွယ်နိုင်သည်။

သေရေးရှင်ရေး အခြေအနေတွင် လီကျန့်ကူသည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ ခွိုင်ယင်ရေအမြုတေကို သူ့နောက်ကျောဘက်သို့ ပို့လိုက်ပြီး လဆန်းဓားကို တားဆီးစေသည်။ သူ့လက်နှစ်ဖက်မှ မြောက်မြားလှသော တစ္ဆေချီများကို ထုတ်လွှတ်လိုက်ရာ အနက်ရောင် လက်အိတ်ကြီးများအလား ပေါ်လာပြီး စုန့်ဝမ်၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

“ဘုန်း …”

အလျင်စလို ပြင်ဆင်လိုက်ရသဖြင့် လီကျန့်ကူ၏ တစ္ဆေချီလက်အိတ်များသည် စုန့်ဝမ်၏ မြောက်မြားစွာသော ဝိညာဉ်ပစ္စည်းများဖြင့် သန့်စင်ထားသည့် တစ္ဆေလက်သည်းကို မခုခံနိုင်ခဲ့ပေ။ သူ၏ လက်နှစ်ဖက်မှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်မှာလည်း နောက်သို့ လွင့်စင်ထွက်သွားသည်။

မြေပြင်ပေါ် မကျခင်မှာပင် အေးခဲလဓားက အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး လီကျန့်ကူ၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။ လီကျန့်ကူ၏ အသက်မဲ့သော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ကျလာပြီး ငြိမ်သက်သွားပါတော့သည်။

………

All Chapters