← Chapters

စွန့်စားရကျိုးနပ်သားပဲ

Vol. 11 Ch. 123

စွန့်စားရကျိုးနပ်သားပဲ

Vol. 11 Ch. 123

စုန့်ဝမ်သည် လီကျန့်ကူ၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်လိုက်သည်။ တခဏအတွင်းမှာပင် စုန့်ဝမ်မှာ ရုတ်တရက် ယိုင်နဲ့သွားပြီး မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်သွားသည်။ ဝိညာဉ်ရှာဖွေမှု ကျရှုံးသွားခြင်း ဖြစ်သည်။ လီကျန့်ကူမှာ အခြေတည် အလယ်အလတ်အဆင့် ကျင့်ကြံသူဖြစ်ပြီး စုန့်ဝမ်၏ ဝိညာဉ်အာရုံမှာ အခြေတည် နှောင်းပိုင်းအဆင့်နှင့် ရင်ဘောင်တန်းနိုင်သည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ လီကျန့်ကူထက် များစွာ သာလွန်သဖြင့် အောင်မြင်ရန် ရာခိုင်နှုန်း များသော်လည်း ကံဆိုးစွာဖြင့် ကျရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

ဝိညာဉ်ရှာဖွေ၍ မရတော့သဖြင့် စုန့်ဝမ်သည် လီကျန့်ကူ၏ ဝိညာဉ်နှင့် သွေးအဆီအနှစ်ကိုသာ ဝါးမြိုလိုက်သည်။ သို့သော် အားနည်းနေသော လီကျန့်ကူထံမှ သွေးအဆီအနှစ်မှာ အနည်းငယ်သာ ရရှိခဲ့သည်။ လီကျန့်ကူ၏ လက်များ ပျက်စီးနေသလို သူ၏ ခန္ဓာကိုယ်မှာလည်း တစ္ဆေချီများကြောင့် ဆွေးမြည့်နေသဖြင့် အလောင်းရုပ်သေးအဖြစ် သန့်စင်ရန်ပင် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် စုန့်ဝမ်သည် မီးတောက်အဆောင်ဖြင့် လီကျန့်ကူ၏ အလောင်းကို မီးသင်္ဂြိုဟ်လိုက်ရသည်။

လီကျန့်ကူ၏ သိုလှောင်လက်စွပ်ကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ယင်းသစ်သားဖြင့် ပြုလုပ်ထားသော သေတ္တာတစ်လုံးကို တွေ့ရှိသွားသည်။ ထိုသေတ္တာထဲတွင် ရွှမ်းယင်ကျောက် နှစ်တုံး ရှိနေလေသည်။

ရွှမ်ယင်းကျောက်များကို ရရှိသွားသဖြင့် စုန့်ဝမ်၏ စိတ်အခြေအနေ ကောင်းမွန်သွားပြီး သိုလှောင်လက်စွပ်ကို အိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါးပင် ထည့်လိုက်သည်။ ထို့နောက် အတွေးတစ်ချက်နှင့်အတူ အနက်ရောင် ခေါင်းတလားတစ်ခု မြေပြင်ပေါ်တွင် ပေါ်လာသည်။

“ဂရား ..”

ချက်ချင်းဆိုသလို ခေါင်းတလားအတွင်းမှ ဒုတိယဆင့် အလောင်းရုပ်သေးတစ်ကောင်မှာ ခုန်ထွက်လာပြီး ဂူအဝင်ဝသို့ ပြေးသွားကာ ကျောက်ရုပ်တစ်ရုပ်အလား ငြိမ်သက်စွာ ကင်းစောင့်နေတော့သည်။ ထို့အပြင် မဟူရာသံချပ်ကာကူ ၇ ကောင်မှာလည်း အခြားသူများ အနားမကပ်နိုင်စေရန် ဂူအပြင်ဘက် ပတ်ပတ်လည်သို့ ကင်းစောင့်ရန် ပျံထွက်သွားကြသည်။

ပြင်ဆင်ပြီးသည်နှင့် စုန့်ဝမ်သည် သွေးကန်ထဲသို့ ခုန်ဆင်းပြီး သွေးအဆီအနှစ်များကို စတင် ဝါးမြိုတော့သည်။ ကန်ထဲတွင် သွေးမှာ အများအပြား မရှိဘဲ ခြေကျင်းဝတ်ခန့်ထိသာ နစ်မြုပ်သည်။ မြောက်မြားလှစွာသော သွေးအဆီအနှစ်များ စုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီးသည်။ ထိုသွေးများမှာ များသောအားဖြင့် သေမျိုးများထံမှ ဖြစ်သဖြင့် အရည်အသွေးမှာ သိပ်မမြင့်လှပေ။ အရေအတွက်ကမူ များပြားသည်။

စုန့်ဝမ်အတွက် ဤမျှ များပြားသော သွေးပမာဏကို တစ်ကြိမ်တည်းနှင့် ဝါးမြိုရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ပိုလျှံနေသော သွေးအဆီအနှစ်များကြောင့် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်မည့်အလား ခံစားလိုက်ရသည်။ သို့သော် အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ပိုမိုသန်မာလာသဖြင့် ကန်ထဲရှိ သွေးအားလုံးကို ဝါးမြိုနိုင်ခဲ့သည်။

နောက်ဆုံးတွင် သွေးကန်ထဲ၌ နီဖျော့ဖျော့ သွေးရည်အနည်းငယ်သာ ကျန်တော့သည်။ စုန့်ဝမ်သည် ကန်ထဲမှ ခုန်ထွက်လိုက်ရာ ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ အပြင်ဘက်တွင်မူ တိုက်ပွဲသံများမှာ ဆူညံနေဆဲဖြစ်ပြီး မည်သူမျှ ဤဘက်သို့ ရောက်မလာကြသေးပေ။ စုန့်ဝမ်သည် သူ၏ အာရုံကို ဝိညာဥ်အလံ ရှစ်ခုဆီသို့ ပြန်လည် လှည့်လိုက်တော့သည်။

ဝိညာဥ်အလံ ၈ ခုကို မြင်လိုက်ရသောအခါ စုန့်ဝမ်သည် လျှို့ဝှက်နယ်မြေတွင် ရှိစဥ်က ဝိညာဥ်ကင်းလှည့်သူထံမှ ရရှိခဲ့သည့် ဝိညာဉ်အလံပြုလုပ်နည်းကို သတိရသွားသည်။ ဝိညာဉ်အလံသည် တိုက်ခိုက်ရေး၊ ခုခံရေးနှင့် ရှောင်တိမ်းရေးတို့ ပေါင်းစပ်ထားသော ဘက်စုံသုံး ဝိညာဥ်လက်နက်တစ်ခု ဖြစ်သည်။ ၎င်းကို ပိုမိုအစွမ်းထက်လာစေရန် တစ္ဆေစွမ်းအင်များ၊ ဝိညာဉ်ပစ္စည်းများဖြင့် အစဉ်မပြတ် အဆင့်မြှင့်တင်နိုင်သည်။

သူ့ရှေ့ရှိ ဝိညာဥ်အလံ ၈ ခုမှာ ယင်ဝိညာဉ်များစွာ ကိန်းအောင်းနေပြီး တစ္ဆေစွမ်းအင်များဖြင့် ကာလကြာရှည်စွာ ပေါင်းစပ်ထားပြီး ဖြစ်သဖြင့် ဝိညာဉ်အလံ ပြုလုပ်ရန်အတွက် အလွန်ကောင်းမွန်သော ကုန်ကြမ်းများ ဖြစ်နေသည်။

စုန့်ဝမ်သည် ဝိညာဉ်သန့်စင်အစီအရင်အတွင်း၌ ယင်ဝိညာဉ်များကို ဝါးမြိုနေဆဲဖြစ်သော တစ္ဆေစစ်သူကြီး နှစ်ဦးကို ကြည့်ရင်း အခက်တွေ့နေ၏။ သူသည် တစ္ဆေကျင့်စဉ်များကို တစ်ခါမျှ မကျင့်ဖူးသလို တစ္ဆေများကို ထိန်းချုပ်ရာတွင်လည်း ကျွမ်းကျင်မှုမရှိသဖြင့် ထိုအလံများနှင့် တစ္ဆေစစ်သူကြီးများကို မည်သို့သိမ်းဆည်းရမည်ကို မသိဖြစ်နေသည်။

အစောပိုင်းက လီကျန့်ကူကို ဝိညာဉ်ရှာဖွေမှု ပြုလုပ်ခဲ့ခြင်းမှာလည်း ဤအလံများနှင့် တစ္ဆေများအား ထိန်းချုပ်နည်းစနစ်ကို သိရှိရန်ဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။ ကြံရာမရသည့်အဆုံး လီကျန့်ကူ၏ သိုလှောင်လက်စွပ်ကို ထုတ်ယူကာ ဝိညာဉ်အာရုံဖြင့် အမြန်ရှာဖွေလိုက်သည်။ ခဏအကြာတွင် သူ၏လက်ထဲ၌ အစီအရင်ထိန်းချုပ်ကျောက်ပြားတစ်ခုနှင့် မှတ်တမ်းကျောက်စိမ်းပြားတစ်ခု ရောက်ရှိလာ၏။ မှတ်တမ်းကျောက်စိမ်းပြားထဲတွင် အစီအရင်ကို အသုံးပြုပုံများအား မှတ်တမ်းတင်ထားသည်။

ကျောက်စိမ်းပြားကို နဖူးတွင်ကပ်ပြီး အမြန်ဖတ်ရှုလိုက်ရာ အစီအရင် ပြန်လည်သိမ်းဆည်းနည်းကို ရှာတွေ့သွားသည်။ ခဏအကြာတွင် ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်သည်။ အချိန်က အလွန်အရေးကြီးနေသဖြင့် နည်းစနစ်ကို အပြည့်အဝ လေ့လာရန် အချိန်မရှိပေ။ ထို့ကြောင့် အစီအရင်ကို သိမ်းဆည်းနိုင်ရုံမျှသာ လေ့လာခဲ့သည်။

ထို့နောက် ဝိညာဉ်စွမ်းအားကို အစီအရင်ထိန်းချုပ်တံဆိပ်ပေါ် ထည့်သွင်းလိုက်သည်။ လီကျန့်ကူ သေဆုံးသွားပြီဖြစ်၍ အစီအရင်ထိန်းချုပ်တံဆိပ်နှင့် တစ္ဆေစစ်သူကြီး နှစ်ဦးအပေါ် ထားရှိခဲ့သော သူ့ဝိညာဉ်အမှတ်အသားများမှာလည်း အလိုအလျောက် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အစီအရင်ထိန်းချုပ်တံဆိပ်မှာ ပိုင်ရှင်မဲ့ပစ္စည်း ဖြစ်နေ၏။ စုန့်ဝမ်၏ ဝိညာဉ်စွမ်းအင်သည် အလွယ်တကူ ကျူးကျော်ဝင်ရောက်သွားနိုင်သည်။

မကြာမီမှာပင် အစီအရင်ထိန်းချုပ်တံဆိပ်ထံမှ အေးစက်သော အစိမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ဝိညာဉ်သန့်စင်အစီအရင်မှာ ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်လာပြီး လွင့်မျောနေသော ယင်ဝိညာဉ်များမှာ တစ္ဆေအလံများအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

ယခုအခါ အစီအရင်အတွင်း၌ ဟိန်းဟောက်နေသော တစ္ဆေစစ်သူကြီး နှစ်ဦးသာ ကျန်ရှိတော့၏။ သူတို့သည် နှစ်ပေါင်းများစွာ ကျွန်ပြုခံခဲ့ရသူများဖြစ်သဖြင့် လီကျန့်ကူ သေဆုံးသွားသောအခါ နောက်တစ်ကြိမ် အချုပ်အနှောင် ခံရမည်ကို မလိုလားကြပေ။ ထို့ကြောင့် ဝင်္ကပါအတွင်းမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားနေကြသည်။

စုန့်ဝမ်ကမူ သူတို့ကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။ ထိန်းချုပ်နည်းစနစ်များကို ဆက်တိုက်အသုံးပြုလိုက်ရာ အစိမ်းရောင်အလင်းများ ပိုမိုတောက်ပလာပြီး အစီအရင်၏ စွမ်းအားမှာလည်း ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးတွင် အားအင်ကုန်ခမ်းနေသော တစ္ဆေစစ်သူကြီး နှစ်ဦးမှာ အစီအရင်၏ ဖိအားကို မတွန်းလှန်နိုင်တော့ဘဲ တစ္ဆေအလံများအတွင်းသို့ အဓမ္မ ထည့်သွင်းသိမ်းဆည်းခြင်း ခံလိုက်ရတော့သည်။

အစီအရင်နှင့် တစ္ဆေစစ်သူကြီးများကို အောင်မြင်စွာ ထိန်းချုပ်လိုက်နိုင်သဖြင့် စုန့်ဝမ် ဝမ်းသာသွားသည်။ ထို့နောက် အပေါ်သို့ ပျံတက်ကာ ဝိညာဥ်အလံ ၈ ခုကို သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းလိုက်ပြီး အလောင်းရုပ်သေးကို ခေါ်ကာ ဂူအပြင်ဘက်သို့ အမြန်ပြေးထွက်ခဲ့သည်။

ဂူအပြင်ဘက်တွင် တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဝမ်ယိနှင့် အခြားသူများသည် လက်စားချေရန် နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့သူများဖြစ်သဖြင့် လီမိသားစုဝင် အများအပြားကို သတ်ဖြတ်နိုင်ခဲ့ကြသည်။ လီမိသားစုတွင် အခြေတည် အစောပိုင်းအဆင့်ရှိသူ နှစ်ဦးနှင့် ချီစုစည်းခြင်းခြင်း အဆင့်ရှိသူ ၁၀ ဦးခန့်သာ ကျန်တော့ပြီး အနိုင်နိုင် ခုခံနေကြရသည်။ သူတို့သည် လီကျန့်ကူက တစ္ဆေစစ်သူကြီးများကို အားပြန်ဖြည့်ပြီး လာကယ်လိမ့်မည်ဟု မျှော်လင့်ချက် ထားနေဆဲ ဖြစ်သည်။

ဝမ်ယိတို့အဖွဲ့မှာလည်း တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ ဝမ်ယိနှင့် နူးချန်မှလွဲ၍ ကျန်အဖွဲ့ဝင်များမှာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

စုန့်ဝမ်အနေဖြင့် သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်၍ ဤတိုက်ပွဲတွင် ပါဝင်ပတ်သက်ရန် အစီအစဉ်မရှိသောကြောင့် တောင်ကုန်းနောက်ဘက်မှနေ၍ တိတ်တဆိတ် ဆုတ်ခွာရန် ပြင်လိုက်သည်။

ထိုစဥ် တိုက်ပွဲနှင့် မလှမ်းမကမ်းတွင် လီမိသားစုမှ အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦး၏ အလောင်းကို မြင်လိုက်ရသည်။ သူတို့ သေဆုံးသည်မှာ မကြာသေးသဖြင့် ဝိညာဉ်များမှာ လွင့်ပြယ်မသွားသေးပေ။ စုန့်ဝမ်လည်း ချက်ချင်း စိတ်ပြောင်းသွားပြီး ထိုအလောင်းများဆီသို့ ပျံသန်းသွားသည်။

အလောင်းနတ်ဆိုးဂိုဏ်းမှ ထွက်ပြေးလာစဉ် ဝူယင်နှင့် ယန်ယုရှန်တို့ကြောင့် ရုပ်သေးအစားထိုးနည်းစနစ်အတွက် ပြင်ဆင်ထားသည့် အလောင်းရုပ်သေး ၄ ခု ဆုံးရှုံးခဲ့ရသည့်အပြင် ဝါးမြိုရန် ကျင့်ကြံသူ ဝိညာဉ်များလည်း လိုအပ်နေသောကြောင့် ဤအခွင့်အရေးကို လက်မလွှတ်နိုင်ပေ။ စုန့်ဝမ်သည် လျင်မြန်စွာ ချဥ်းကပ်သွားပြီး အလောင်းနှစ်လောင်းကို ဖမ်းဆုပ်လိုက်သည်။ ထိုသူနှစ်ဦး၏ ဝိညာဉ်များကို ဝါးမြိုပြီးနောက် အလောင်းများကိုပါ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။

ရုတ်တရက် သူထွက်ပေါ်လာမှုမှာ တိုက်ခိုက်နေသူများ၏ အာရုံကို ဆွဲဆောင်သွားသည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသော တစ္ဆေအငွေ့အသက်များအရ သူသည် လမ်းမှန်ကျင့်ကြံသူ မဟုတ်ကြောင်း သိသာလှသည်။

နူးချန်သည် လီမိသားစုဝင်များကို ဆက်လက်တိုက်ခိုက်ရင်း “မင်းဘယ်သူလဲ” ဟု အော်မေးလိုက်သည်။

ဝမ်ယိသည်လည်း စုန့်ဝမ်ကို သတိပြုမိသွားသည်။ ဝတ်ရုံနက်ကြီး ခြုံထားသော ထိုသူကို မြင်လိုက်ရသောအခါ လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ဆိုင်တွင် ရွှမ်းယင်ကျောက်တုံးအကြောင်း လာမေးခဲ့သည့် လျှို့ဝှက်ကျင့်ကြံသူ ဖြစ်ကြောင်း မှတ်မိသွား၏။ သူက နူးချန်ကို “ဒီလူကို ရန်မစနဲ့၊ သူက ငါတို့ရန်သူ မဟုတ်ဘူး” ဟု အမြန်ပြောလိုက်သည်။

လီမိသားစု ကျင့်ကြံသူများမှာမူ ပိုမိုထိတ်လန့်သွားကြသည်။ ထိုသူသည် လီကျန့်ကူ ဝင်ရောက်သွားသည့် ဂူရှိရာဘက်မှ ထွက်လာသည်ကို သူတို့ အထင်အရှား မြင်လိုက်ရသောကြောင့် ဖြစ်သည်။ လီကျန့်ကူမှာ ဤသူ့လက်ချက်ဖြင့် သေဆုံးသွားပြီလားဟု သူတို့ တွေးမိသွားကြသည်။

မည်သူကမျှ သူ့ကို လာမတိုက်ခိုက်သည်ကို မြင်သောအခါ စုန့်ဝမ်သည် ဝိညာဉ်မပြယ်သေးသော အခြားအလောင်းအချို့ကိုပါ ထပ်မံသိမ်းဆည်းလိုက်သည်။ ထို့နောက် ထျန်းဟယ်မြစ်ဆီသို့ ဦးတည်ပြီး ထွက်ခွာသွားတော့သည်။ ဤနေရာမှာ မလုံခြုံတော့ပေ။ တိုက်ပွဲမှာ နာရီဝက်နီးပါး ကြာမြင့်နေပြီဖြစ်ရာ ဝိညာဉ်စွမ်းအား တုန်ခါမှုများနှင့် ဆူညံသံများကြောင့် အခြားကျင့်ကြံသူများ ရောက်လာနိုင်သဖြင့် အမြန်ဆုံး ထွက်ခွာခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

“ဗွမ်း”

စုန့်ဝမ်သည် ထျန်းဟယ်မြစ်ထဲသို့ ခုန်ချလိုက်ပြီး သူ့အော်ရာကို ဖျောက်ကာ မြစ်ရေစီးကြောင်းအတိုင်း လိုက်ပါသွားတော့သည်။ နှစ်နာရီခန့် ကြာပြီးနောက် မြစ်အတွင်းမှ ပြန်တက်လာကာ လှေပျံကို ထုတ်ယူပြီး ပျံသန်းသွားခဲ့သည်။

နောက်ထပ် နာရီဝက်ခန့် ကြာသောအခါ စုန့်ဝမ်သည် တိုက်ပွဲဖြစ်ရာမှ မိုင်သုံးထောင်ကျော် အကွာအဝေးသို့ ရောက်ရှိလာပြီး တောင်ကုန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် ဝိညာဉ်စွမ်းအား မရှိသလောက် နည်းပါးသဖြင့် ကျင့်ကြံသူများ လာလေ့မရှိပေ။ သူသည် ထိုနေရာ၌ ဝူယင်၏ အလောင်းကို အလောင်းရုပ်သေးအဖြစ် ပြုလုပ်ရန် စီစဉ်လိုက်သည်။

ဝိညာဥ်ဖုံးကွယ်အစီအရင်မှာ အိမ်တွင် ကျန်ခဲ့သဖြင့် လီကျန့်ကူ၏ သိုလှောင်လက်စွပ်ကို မွှေနှောက်ရှာဖွေရာ ကိုးနန်းဆောင်ယင်အစီအရင်ဆိုသော ဖုံးကွယ်ခြင်းအစီအရင် တစ်ခုကို ရှာတွေ့ခဲ့သည်။ ၎င်းမှာ တတိယအဆင့် အစီအရင်ဖြစ်ပြီး အစွမ်းမြင့်မားသည်။ လီမိသားစုသည်လည်း သူတို့၏ လူသတ်မှုများနှင့် ဝိညာဉ်လက်နက်သန့်စင်မှုများကို အပြင်လူမသိစေရန် ဤဝင်္ကပါကိုပင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

လီကျန့်ကူ၏ သိုလှောင်လက်စွပ်ထဲရှိ လီမိသားစုလက်စွဲစာအုပ်အရ စုန့်ဝမ်သည် ထိုသူ၏ နောက်ကြောင်းကို အကြမ်းဖျင်း သိလိုက်ရသည်။ လီမိသားစုမှာ မူလက ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများသာ ရှိသော အားနည်းသည့် ကျင့်ကြံရေးမိသားစုလေး ဖြစ်သည်။ လီကျန့်ကူမှာမူ ပါရမီထူးချွန်ပြီး မိသားစု၏ ပံ့ပိုးမှုဖြင့် အခြေတည်အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ထိုအဆင့်ရောက်ပြီးနောက် မိသားစုထံမှ ရရှိသော အရင်းအမြစ်များမှာ အကန့်အသတ်ရှိသဖြင့် တိုးတက်မှုနှုန်း အလွန်နှေးကွေးသွားခဲ့သည်။

ထိုအခြေအနေကို မကျေနပ်သော လီကျန့်ကူသည် နတ်ဆိုးလမ်းစဉ်သို့ ကူးပြောင်းခဲ့သည်။ အင်အားရှိမှသာ ကျင့်ကြံမှုအရင်းအမြစ်များကို ရယူနိုင်မည် မဟုတ်ပါလား။ သို့သော် လမ်းမှန်ဂိုဏ်းများ ကြီးစိုးရာ နယ်မြေတွင် ပြည့်စုံသော နတ်ဆိုးကျင့်စဉ်များကို ရရှိရန် မလွယ်ကူပေ။

လီကျန့်ကူသည် တစ္ဆေကျင့်စဉ်နှင့် သွေးကျင့်စဉ် အစရှိသည့် နတ်ဆိုးနည်းလမ်းမျိုးစုံကို စုဆောင်းခဲ့သည်။ ထိုနည်းလမ်းများအတွက် လိုအပ်သော ကုန်ကြမ်းများမှာ သွေးနှင့် ဝိညာဉ်များ ဖြစ်သည်။ ထို့ကြောင့် လူသူမနီးသော နေရာများကို စီးနင်းတိုက်ခိုက်ခြင်း၊ သာမန်လူများကို သတ်ဖြတ်ခြင်းနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများကို ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ အစွမ်းထက်သော တစ္ဆေစစ်သူကြီးများကို ဖန်တီးပြီးနောက် သူ၏မိသားစုဝင်များအတွက်လည်း အငြိုးကြီးတစ္ဆေများ ပြုလုပ်ပေးကာ လီမိသားစု၏ အင်အားကို မြှင့်တင်ပေးခဲ့သည်။

နှစ်ပေါင်း ၃၀ နီးပါး စုဆောင်းခဲ့ပြီးနောက် လီမိသားစု၏ အင်အားမှာ သိသိသာသာ တိုးတက်လာပြီး လုယူနိုင်သော အရင်းအမြစ်များလည်း များပြားလာသဖြင့် အခြေတည်အဆင့်သို့ ရောက်ရှိလာသော မိသားစုဝင်များလည်း ပိုမိုများပြားလာခဲ့သည်။

လီကျန့်ကူ အသုံးပြုသော တစ္ဆေကျင့်စဉ်မှာ ချို့ယွင်းချက်ရှိသလား သို့မဟုတ် မပြည့်စုံသလားတော့ မသိရပေ၊ ကြာရှည်စွာ ကျင့်ကြံခဲ့သဖြင့် သူ၏ ကိုယ်တွင်းသို့ တစ္ဆေအငွေ့အသက်များစွာ စီးဝင်ကာ အသားအရေများမှာ ခြောက်ကပ်ပြီး ပုပ်သိုးနေသော အလောင်းကြီးကဲ့သို့ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အခြားသူများ၏ သွေးကို ဝါးမြိုကာ ပျောက်ဆုံးသွားသော ဇီဝစွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်အတွက် အလောင်းချီ စုစည်းနိုင်သည့်ကျင့်စဉ်များကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ဂူအတွင်းရှိ အလောင်းခွဲစိတ်သည့်စင်နှင့် သွေးကန်မှာ သူ၏သွေးလိုအပ်ချက်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။

…………..

All Chapters