ဝိညာဥ်အလံနှင့် အလောင်းရုပ်သေး သန့်စင်ခြင်း၊
Vol. 11 Ch. 124
စုန့်ဝမ်သည် နေရာကောင်းတစ်ခု လှည့်ပတ်ရှာရင်း တောင်ခြေရှိ တောအုပ်တစ်ခုအတွင်း၌ နွယ်ပင်ထူထပ်စွာ ဖုံးလွှမ်းနေသော ပေသုံးဆယ်ခန့်မြင့်သည့် ချောက်ကမ်းပါးတစ်ခုကို ရှာတွေ့ခဲ့သည်။ သူသည် နွယ်ပင်များကို ဖယ်ရှားကာ ကမ်းပါးနံရံတွင် မီတာအနည်းငယ်ကျယ်သော ဂူငယ်တစ်ခုကို တူးလိုက်သည်။
ကူပိုးကောင်အားလုံးကို ကင်းစောင့်ရန် လွှတ်လိုက်ပြီးနောက် စုန့်ဝမ်သည် ကိုးနန်းဆောင်ယင်အစီအရင်ကို ထုတ်ကာ သန့်စင်ရန် ပြင်ဆင်တော့သည်။ ထိုအစီအရင်တွင် အလံကိုးခုနှင့် အစီအရင်ပြားတစ်ခု ပါဝင်ပြီး ၎င်းတို့ကို သန့်စင်ရန် နှစ်ရက်ခန့် အချိန်ယူခဲ့ရသည်။
ကိုးနန်းဆောင်ယင်အစီအရင်ကို ခင်းကျင်းပြီးနောက် စုန့်ဝမ်သည် အလောင်းရုပ်သေးများကို ထုတ်လိုက်သည်။ ၎င်းတို့ထံမှ ထွက်ပေါ်လာသော မိစ္ဆာအငွေ့အသက်များက မကြာမီမှာပင် ဂူတစ်ခုလုံး ပြည့်နှက်သွားတော့သည်။
အလောင်းရုပ်သေးများကို အစီအရင်အတွင်း ထားခဲ့ပြီးနောက် စုန့်ဝမ်သည် အပြင်ဘက်သို့ ထွက်ခဲ့လိုက်သည်။ ထို့နောက် အစီအရင်နှင့် ပေ ၅၀ ခန့်အကွာတွင် နာရီဝက်ခန့် ရပ်စောင့်ကြည့်ရာ မည်သည့်အငွေ့အသက်မျှ အပြင်သို့ ယိုစိမ့်ထွက်လာခြင်း မရှိသည်ကို အတည်ပြုနိုင်မှ စိတ်အေးသွားတော့သည်။ ထို့နောက် ဂူအဝင်ဝကို နွယ်ပင်များဖြင့် ဖုံးအုပ်ပုံဖျက်လိုက်သည်။
ပြီးမှ အထဲပြန်ဝင်လာပြီး အလောင်းရုပ်သေးများကို ခေါင်းတလားအတွင်း ထည့်ကာ သိုလှောင်လက်စွပ်ထဲ ပြန်သိမ်းလိုက်သည်။ ထို့နောက် ဝူယင်ထံမှ ရရှိခဲ့သော အနီရောင်ခေါင်းတလားကို ထုတ်ယူလိုက်သည်။ ဤခေါင်းတလားမှာ ဝူယင်က ငွေရောင်အလောင်းကောင်များ သန့်စင်ရန် အသုံးပြုသည့် အဆင့်မြင့်ဝိညာဉ်ကိရိယာ ဖြစ်သည်။ ၎င်းသည် တတိယအဆင့်တစ်ပိုင်း ငွေရောင်အလောင်းရုပ်သေးကို သန့်စင်ရန် အလွန်ပင် သင့်တော်လှသည်။
စုန့်ဝမ်သည် ဝူယင်၏ အလောင်းကို ထိုခေါင်းတလားအတွင်း ထည့်လိုက်သည်။ ထို့နောက် သရဲချီ လေးပုလင်း၊ သွေးအဆီအနှစ် ရှစ်ပုလင်း၊ ဝိညာဉ်ကျောက်တုံး ငါးထောင်၊ အဝါရောင်ယင်မြေ၊ ယင်မင်မြက်နှင့် အခြားယင်းဓာတ်ပါသည့် ဝိညာဥ်ပစ္စည်းများအပြင် အရေးကြီးဆုံးဖြစ်သော ရွှမ်းယင်ကျောက်ကိုပါ ခေါင်းတလားတွင်း ထည့်လိုက်သည်။
ထို့နောက် စုန့်ဝမ်သည် ခေါင်းတလားဆီသို့ ဦးတည်ကာ မန္တန်ပေါင်းများစွာကို ရွတ်ဆိုပြီး စတင်သန့်စင်တော့သည်။ ခေါင်းတလားအတွင်းမှ အနက်ရောင် တစ္ဆေအငွေ့အသက်များ တဖြည်းဖြည်း ထွက်ပေါ်လာပြီး ခဏချင်းမှာပင် ခေါင်းတလားလုံး ပြည့်သွားကာ ဝူရန်၏ အလောင်းကို ဖုံးအုပ်သွားတော့သည်။
သန့်စင်မှုလုပ်ငန်းစဉ် အရှိန်ရလာသည်နှင့်အမျှ ဝူယင်၏ အလောင်းမှာ အလောင်းကောင်အသွင်ပြောင်းလဲခြင်း စတင်လာသည်။ ပါးစပ်မှ အစွယ်များ ထွက်လာပြီး လက်သည်းများမှာ မည်းနက်၍ ထက်မြက်လာသည်။ အမျိုးမျိုးသော ဝိညာဉ်ပစ္စည်းများကြောင့် သူ၏ အရေပြားနှင့် အသားများ ပိုမိုမာကျောလာပြီး ရင်ဘတ်မှ အပေါက်ကြီးမှာလည်း တဖြည်းဖြည်း ပြန်ပြည့်လာသည်။
ဤအလောင်းကောင်သန့်စင်ခြင်း လုပ်ငန်းစဉ်မှာ ၁၇ ရက်တိတိ ကြာမြင့်ခဲ့ပြီး စုန့်ဝမ် ခန့်မှန်းထားသည်ထက် အနည်းငယ် ပိုကြာခဲ့သည်။ ယခုအခါ ဝူယင်၏ အရိုးများပေါ်တွင် ငွေဖြူရောင်အလင်းတန်းဖျော့ဖျော့ ပေါ်နေပြီဖြစ်သည်။ တတိယအဆင့်တစ်ပိုင်း အလောင်းရုပ်သေးကို ကနဦး သန့်စင်ခြင်း အောင်မြင်ပြီဖြစ်ရာ နောက်တစ်ဆင့်အနေဖြင့် ခေါင်းတလားအတွင်း၌ ထားရှိကာ ဆက်လက်မွေးမြူရန်သာ လိုတော့သည်။ စုန့်ဝမ်သည် အနီရောင်ခေါင်းတလားကို ပိတ်ကာ ဘေးဖယ်ထားလိုက်သည်။
ထို့နောက် ဝိညာဉ်အလံသန့်စင်နည်း အသေးစိတ်ပါဝင်သော ကျောက်စိမ်းပြားကို ထုတ်ကာ သူ၏ နဖူးပေါ်တွင် တင်၍ ဂရုတစိုက် လေ့လာတော့သည်။ဟဝိညာဉ်အလံကို သန့်စင်ရန် အရေးကြီးဆုံး ပစ္စည်းများမှာ လုံလောက်သော အငြိုးကြီးဝိညာဥ်များနှင့် တစ္ဆေသရဲစွမ်းအင်များအပြင် ၎င်းတို့ကို လက်ခံထိန်းသိမ်းနိုင်မည့် အလံတစ်ခုပင် ဖြစ်သည်။ စုန့်ဝမ်၏ လက်ဝယ်ရှိ ဝိညာဥ်အလံမှာ ထိုလိုအပ်ချက်များနှင့် ကိုက်ညီနေသည်။
တစ်နည်းအားဖြင့် စုန့်ဝမ်သာ အလိုရှိပါက ဝိညာဉ်အလံ ရှစ်ခုကို သန့်စင်နိုင်သည်။ သို့သော် အလံရှစ်ခုလုံး သန့်စင်ပါက အရည်အသွေးနိမ့်ကာ အဆင့်မြင့်မှော်လက်နက်အဆင့်သာ ရရှိမည်ဖြစ်သည်။ စုန့်ဝမ်၏ လက်ရှိကျင့်ကြံခြင်းအဆင့်အရ အဆင့်မြင့်မှော်လက်နက်မှာ မလုံလောက်တော့ပေ။
ဂရုတစိုက် စဉ်းစားပြီးနောက် ရဲရင့်သော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ဤဝိညာဥ်အလံ ရှစ်ခုကို ပေါင်းစပ်ကာ ဝိညာဉ်အလံ တစ်ခုတည်းအဖြစ် သန့်စင်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် စိတ်ဝိညာဉ်ရတနာအဆင့်ရှိသော ဝိညာဉ်အလံကို ရရှိနိုင်မည်ဖြစ်သည်။
စုန့်ဝမ်လည်း အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် စတင်စမ်းသပ်သည်။ ကနဦးအဆင့်အဖြစ် ကျောက်စိမ်းပြားပါ နည်းလမ်းအတိုင်း ဝိညာဥ်အလံ ရှစ်ခုကို သုံးရက်တိုင်တိုင် အသေးစိတ် သန့်စင်ခဲ့သည်။ သန့်စင်ပြီးနောက်တွင် ထိုအလံများသည် စုန့်ဝမ်၏ ကိုယ်လက်အင်္ဂါများကဲ့သို့ပင် စိတ်အလိုရှိသည့်အတိုင်း ဖြစ်လာပြီး အပြည့်အဝ ထိန်းချုပ်နိုင်လာသည်။ အသင့်ဖြစ်သည်နှင့် ဝိညာဥ်အလံ ၈ ခုလုံးကို လေထဲသို့ လွှတ်တင်လိုက်သည်။ ထို့နောက် စုန့်ဝမ်၏ စိတ်ကူးနှင့်အတူ ထိုအလံရှစ်ခုမှာ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ထိတွေပေါင်းစည်းမှု စတင်လာတော့သည်။
စုန့်ဝမ်သည် များပြားသော ဝိညာဉ်စွမ်းအားများကို အလံရှစ်ခုအတွင်းသို့ လောင်းထည့်လိုက်သည်။ ချက်ချင်းပင် အလံတိုင်များမှာ ပြင်းထန်သော အပူရှိန်ကြောင့် အညိုရောင်မှ အနီရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ အလံအတွင်းရှိ ဝိညာဉ်ဆိုးများမှာလည်း ပြင်းထန်သော နှိပ်စက်မှုကို ခံရသကဲ့သို့ အလံအပြင်သို့ အသည်းအသန် ထွက်ပြေးရန် ကြိုးစားကြသော်လည်း အလံ၏ ချုပ်နှောင်မှုကြောင့် မလွတ်မြောက်နိုင်ဘဲ အော်ဟစ်နေသည့် မျက်နှာများအဖြစ်သာ ပေါ်ထွက်နေကြတော့သည်။
တစ္ဆေစစ်သူကြီး နှစ်ကောင်မှာမူ သိသိသာသာ သန်မာလှသဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ အလံအပြင်သို့ ရောက်ရှိနေပြီး ဒေါသတကြီး ဟိန်းဟောက်နေကြသည်။ ကျန်တစ်ဝက်မှာမူ အလံအတွင်း၌ ပိတ်မိနေဆဲ ဖြစ်သည်။ စုန့်ဝမ်သည် ၎င်းတို့ကို ဂရုမစိုက်ဘဲ ဝိညာဉ်အလံ သန့်စင်ခြင်းအပေါ်၌သာ အာရုံစိုက်ထားသည်။
ပထမဆုံးအကြိမ် သန့်စင်ခြင်းဖြစ်သဖြင့် စုန့်ဝမ်အနေဖြင့် ကျွမ်းကျင်မှုမရှိဘဲ လုပ်ငန်းစဉ်ပြီးဆုံးရန် တစ်လနီးပါး အချိန်ယူလိုက်ရသည်။ နောက်ဆုံးတွင် အလံရှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အဆင့်နိမ့် စိတ်ဝိညာဉ်ရတနာအဆင့်ရှိ ဝိညာဥ်အလံတစ်ခု ဖြစ်လာတော့သည်။ ဤအလံမှာ အနည်းငယ် ထူးခြားသည်၊ အကြောင်းမှာ အလံတိုင်တစ်ခုတည်းတွင် အလံစ ရှစ်ခု ပါရှိနေသောကြောင့် ဖြစ်သည်။
၎င်းမှာ စုန့်ဝမ်၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။ သရဲဝိညာဉ်အလံ သန့်စင်နည်းအရ အလံစတစ်ခုစီတွင် အစွမ်းထက်သော ခွန်အားကြီးတစ္ဆေတစ်ကောင်ကို ထားရှိနိုင်ပြီး မြောက်မြားလှစွာသော အငြိုးကြီးဝိညာဉ်များကို အမိန့်ပေးစေခိုင်းနိုင်သည်။ အလံစ ရှစ်ခု ပါဝင်သဖြင့် ဤအလံမှာ သရဲချီ ရှစ်ဆ ပိုမိုသိုလှောင်နိုင်ပြီး အစွမ်းထက်သော တစ္ဆေကြီး ရှစ်ကောင်ကို သန့်စင် ထားရှိနိုင်မည်ဖြစ်သည်။ ယခုအခါ တစ္ဆေစစ်သူကြီး နှစ်ကောင်မှာ လုံးဝ နာခံသွားကြပြီဖြစ်ကာ အလံစ တစ်ခုစီတွင် အသီးသီး ခိုအောင်းနေကြသည်။
ဝိညာဥ်အလံကိစ္စ လက်စသတ်ပြီးသည်နှင့် စုန့်ဝမ်သည် သူယူဆောင်လာခဲ့သော လီမိသားစု ကျင့်ကြံသူများ၏ အလောင်းများကို ထုတ်လိုက်သည်။ ဤခရီးစဉ်တွင် ဝိညာဉ်များစွာကို ဝါးမြိုခဲ့သလို လက်ဝယ်တွင်လည်း သင့်တော်သော အလောင်းများ ရှိနေသဖြင့် အလောင်းရုပ်သေးများ သန့်စင်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ အလောင်းရုပ်သေးများအတွက် လိုအပ်ချက်မှာ မမြင့်မားလှပေ၊ ချီစုစည်းခြင်း အလယ်အလတ်အဆင့် အလောင်းရုပ်သေးဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
နောက်ထပ် လဝက်ခန့် ကြာပြီးနောက် စုန့်ဝမ်သည် အလောင်းရုပ်သေး ၃ ခုကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ ယခုဆိုလျှင် သူ ဤဂူအတွင်း၌ နေထိုင်ခဲ့သည်မှာ နှစ်လတိုင်ခဲ့ပြီ ဖြစ်သည်။ ဂူနံရံများမှာလည်း သရဲတစ္ဆေချီ၊ အလောင်းကောင်ချီ၊ ယင်ဓာတ်များနှင့် အချိန်ကြာမြင့်စွာ ထိတွေ့နေခဲ့သဖြင့် မိစ္ဆာအငွေ့အသက် အနည်းငယ် ထွက်ပေါ်နေသည်။
စုန့်ဝမ်သည် ဂူအတွင်းရှိ ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက် ဂူကိုပါ ဖြိုချဖျက်ဆီးပြီး လုံးဝအစဖျောက်လိုက်သည်။ ကူပိုးကောင်များကို ပြန်လည်သိမ်းဆည်းပြီးနောက် စုန့်ဝမ်သည် နေအိမ်ရှိရာ အရှေ့ဟွာဖန်းစျေးသို့ ပြန်လည်ထွက်ခွာလာခဲ့တော့သည်။
……………..
“မင်း ပျောက်သွားတာ နှစ်လကျော်ပြီ။ ဘေးအိမ်က စွန်းရူလိုပဲ အစအန ဖျောက်သွားပြီလို့ ငါ ထင်နေတာ”
စုန့်ဝမ် ခြံဝင်းထဲ ဝင်ပြီး အထုပ်အပိုးပင် မချရသေးမီ အိုက်ခွင်းတစ်ယောက် အော်ဟစ်နှုတ်ဆက်ရင်း ခြံဝင်းအတွင်းသို့ အပြေးအလွှား ရောက်ရှိလာတော့သည်။
စုန့်ဝမ်သည် စိုးရိမ်တကြီးနှင့် အပြစ်တင်စကားဆိုနေသော အိုက်ခွင်းကို ကြည့်ကာ ဇတ်လမ်းတစ်ပုဒ်ကို အပီအပြင် လိမ်လည်ပြောဆိုလိုက်သည်။
“ခင်ဗျားက ပြောရော့မယ်။ သေမျိုးလောက ဇာတိမြို့ကို ခဏပြန်သွားတာပါဗျ”
“ဒါဆိုလည်း အနည်းဆုံးတော့ ငါ့ကို အသိပေးခဲ့သင့်တာပေါ့! ငါသာ သတိမထားမိရင် ကျောက်တာဖန်းက ဒီခြံဝင်းကို သိမ်းသွားလောက်ပြီ”
စုန့်ဝမ်က အံ့သြဟန်ဆောင်ကာ “ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါ မသွားခင်က အိမ်လခကို ခြောက်လစာ ကြိုပေးထားတာလေ။ အခုထိလည်း သက်တမ်းမှ မကုန်သေးတာကို။ သူက ဘယ်လိုလုပ်ပြီး ခြံဝင်းကို သိမ်းရဲမှာလဲ”
အိုက်ခွန်းက နှာခေါင်းရှုံ့လျက် “ဟွန်း .. ကျောက်တာဖန်းဆိုတဲ့ကောင်က ဝိညာဉ်ကျောက်တုံး ရမယ်ဆိုရင် ဘာမဆို လုပ်မယ့်ကောင်ကွ”
စုန့်ဝမ်က ဆက်မပြောတော့ဘဲ အခြားမေးခွန်းတစ်ခုကိုသာ မေးလိုက်သည်။
“ကျုပ် ပြန်လာတာကို ခင်ဗျား ဘယ်လိုသိတာလဲ”
စုန့်ဝမ် သံသယဖြစ်သည်မှာလည်း မဆန်းပေ။ သူ အိမ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် အိုက်ခွင်း ချက်ချင်း ရောက်လာခြင်းမှာ တစ်စုံတစ်ဦးက သူ့ကို စောင့်ကြည့်နေ၍သာ ဖြစ်မည်။ လွန်ခဲ့သော လအနည်းငယ်က အိုက်ခွင်းအပေါ် ကောင်းမွန်သော အမြင်ရှိခဲ့သော်လည်း ကျင့်ကြံခြင်းလောကတွင် မည်သည့်အခါမျှ သတိမလွတ်သင့်ဘဲ အမြဲတမ်း သတိကြီးစွာ ထားရမည်ဖြစ်သည်။
“ရှောင်လုဇီ ပြောပြလို့ သိတာပါ။ မင်းပြန်လာတာနဲ့ ငါ့ကို အသိပေးဖို့ သူ့ကို ငါ မှာထားတာ”
“ရှောင်လုဇိ ..” စုန့်ဝမ် ဇဝေဇဝါ ဖြစ်သွားသည်။ ထိုနာမည်ကို သူ တစ်ခါမျှ မကြားဖူးချေ။
“ကျူးမေရဲ့ သားလေ။ သူ့အဖေမျိုးရိုးက လုဆိုတော့ သူ့ကို ရှောင်လုဇီလို့ အမည်ပြောင် ခေါ်ကြတာ”
ထိုအခါမှ စုန့်ဝမ်၏ သံသယများမှာ ချက်ချင်း လွင့်စင်သွားတော့သည်။ အိမ်ကို ပြန်ရောက်လာစဉ်က အိမ်နီးချင်း ကျူးမေ၏သားကို တကယ်ပင် တွေ့ခဲ့မိသည် မဟုတ်ပါလား။
စုန့်ဝမ်သည် အိုက်ခွန်းကို သေချာစိုက်ကြည့်ကာ စနောက်လိုက်သည်။
“ကြည့်ရတာ ဒီလပိုင်းအတွင်း ခင်ဗျားက ကျူးမေနဲ့ တော်တော်လေး ရင်းနှီးသွားပုံပဲ”
အိုက်ခွင်း၏ မျက်နှာမှာ နီမြန်းသွားပြီး အလျင်အမြန်ပင် ရှင်းပြတော့သည်။
“အဲလို မဟုတ်ပါဘူး။ ငါက ကျူးမေ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာကို တွေ့လို့၊ ပြီးတော့ ရှောင်လုဇီလေးကလည်း အိမ်မှာ တစ်ယောက်တည်း အမြဲ ရှိနေတတ်တာဆိုတော့ သနားလို့ အကူအညီ နည်းနည်းပါးပါး ပေးမိတာပါ”
ပြောနေရင်းနဲ့ အိုက်ခွင်းက တစ်ခုခုကို သတိရဟန်နဲ့ မေးလာတယ်။
“ဒါနဲ့ ... နောက်လမှာ လစဉ်ကျင်းပနေကျ လေလံပွဲရှိတယ်။ မင်း လိုက်ချင်လား”
စုန့်ဝမ်က အိုက်ခွန်းကို မယုံသင်္ကာမျက်လုံးများဖြင့် စိုက်ကြည့်ကာ “ခင်ဗျား လေလံပွဲတက်ဖို့ ဖိတ်စာ ရနိုင်လို့လား” ဟု မေးလိုက်သည်။
အိုက်ခွန်း ပြောနေသည့် လေလံပွဲမှာ သားရဲသခင်ဂိုဏ်းက လေ့မိသားစုနှင့် အနီးနားရှိ ရွှေအမြုတေအဆင့် မိသားစုများစွာနှင့် အတူပူးပေါင်း၍ လစဉ်ကျင်းပသော အကြီးစားပွဲတစ်ခု ဖြစ်သည်။ ၎င်းမှာ အရှေ့ဟွားဖန်းစျေး၏ အထင်ကရပွဲများထဲမှ တစ်ခုလည်း ဖြစ်သည်။ ထိုကဲ့သို့သော ခမ်းနားထည်ဝါသည့် လေလံပွဲမျိုးမှာ မည်သူမဆို တက်ရောက်နိုင်သည်မဟုတ်ပေ။ တက်ရောက်သူများသည် အစွမ်းထက်သူဖြစ်စေ၊ အဆက်အသွယ်ကောင်းသူဖြစ်စေ၊ သို့မဟုတ် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ပိုင်ဆိုင်ထားသူများဖြစ်စေ .. တစ်ခုခုတော့ ဖြစ်ရပေမည်။
လမ်းမှန်ဂိုဏ်းများ၏ စေတနာကို ပြသသည့်အနေဖြင့် လေလံပွဲဖိတ်စာအချို့ကို တစ်ကိုယ်တော်ကျင့်ကြံသူများထံ ပေးပို့လေ့ရှိသည်။ သို့သော်လည်း ထိုဖိတ်စာများကို ဂိုဏ်းတပည့်များနှင့် မိသားစုကြီးများ၏ တပည့်များက ကြိုတင်လက်ဦးမှုယူ သိမ်းပိုက်ထားလေ့ရှိသဖြင့် သာမန်လေလွင့်ကျင့်ကြံသူများအတွက် အခွင့်အရေးမှာ အလွန်နည်းပါးလှသည်။
အတိုချုပ်ပြောရလျှင် ချီစုစည်းခြင်းအဆင့်သာရှိသော အိုက်ခွင်းကဲ့သို့ လေလွင့်ကျင့်ကြံသူတစ်ဦးမှာ ပုံမှန်အားဖြင့် ထိုပွဲကို တက်ရောက်နိုင်ရန် မဖြစ်နိုင်ပေ။
အိုက်ခွန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး “ငါက ဒီမှာ ဆယ်စုနှစ်နဲ့ချီပြီး ကျင်လည်လာတာလေ။ နာမည်လေး တစ်လုံးတော့ ရှိပါတယ်။ လေလံပွဲအတွက် နေရာနှစ်နေရာ ရအောင် လုပ်ပေးနိုင်ပါတယ်။ မင်း လိုက်မှာလား၊ မလိုက်ဘူးလား”
စုန့်ဝမ်က ခေါင်းညိတ်လိုက်ပြီး “ကျေးဇူးတင်ပါတယ် စီနီယာအိုက်။ ငါ့အတွက် တစ်နေရာ လုပ်ပေးပါဦး”
အမှန်စင်စစ် စုန့်ဝမ်သည် လေလံပွဲကို အထူးတလည် စိတ်ဝင်စားခြင်း မရှိပေ။ ချီစုစည်းခြင်း စတုတ္ထအဆင့်ရှိ ကျင့်ကြံသူအဖြစ် ဟန်ဆောင်ထားသဖြင့် စိတ်ဝင်စားစရာ ပစ္စည်းများကို လေလံဆွဲနိုင်မည် မဟုတ်သလို၊ ဖြစ်လာမည့်အန္တရာယ်ကိုလည်း မလိုလားပေ။ သို့သော်လည်း အိုက်ခွင်းက စေတနာဖြင့် ကမ်းလှမ်းလာသည်ကို ငြင်းပယ်လိုက်ပါက ဟန်ဆောင်ထားသော ကျင့်ကြံသူပုံစံနှင့် မကိုက်ညီသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် နေ့စဉ် ကျင့်ကြံနေရသည်မှာ ငြီးငွေ့စရာကောင်းသဖြင့် ထူးခြားသော အတွေ့အကြုံသစ်တစ်ခု ရယူခြင်းမှာလည်း မဆိုးလှဟု တွေးလိုက်မိသည်။
…………