အခန်း (၃၆)
Vol. 4 Ch. 36
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း ၃၆
" တကယ်လို့သာ ဖြစ်နိုင်ခဲ့ရင် ငါနင့်ကို တကယ်လက်ထပ်ချင်တယ်။ "
ကျောက်ဖုန်းက သူ၏ ရှေ့မှ မိန်းကလေးကို စိုက်ကြည့်ရင်း မှင်သက်နေသည်။ ထိုခဏတွင် သူ၏ ရင်ထဲမှ လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုအချိန်တွင် ဝမ်ယန်က ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ကျောက်ဖုန်းထံသို့ လျှောက်လာသည်။
" ငါ့ရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးဆိုရင် ငါ့ကို ပြောင်းလဲပစ်မယ်။ ကျောက်ဖုန်း ငါနင့်ကို လိုချင်တယ်။ "
အချိန်ကလည်း ကိုက်ညီနေပြီး အချစ်စိတ်များ ပြင်းပြနေခဲ့သည်။ အခန်းထဲမှ ဖယောင်းတိုင်များက ငြိမ်းသွားခဲ့ပြီး နောက်ထပ်အဖြစ်အပျက်များကိုတော့ စကားလုံးများဖြင့် ဖော်ပြရန် မလိုတော့ပေ။
နောက်တစ်နေ့တွင် ကောင်းကင်ကြီးက လင်းထိန်လာပြီး ကျောက်ဖုန်းက ခေါင်းများကိုက်ခဲနေပြီး မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ အတွေးများ ကြည်လင်သွားချိန်တွင် ဘေးသို့လှည့်ကြည့်လိုက်သော်လည်း သူ၏ ဘေးတွင် ဘယ်သူမှမရှိတော့ပေ။
အိပ်ယာခင်းပေါ်မှ အနီရောင်အစွန်းအထင်းတစ်ခုက ရှိနေပြီး ၎င်း၏ အဓိပ္ပါယ်မှာ ထင်ရှားလှသည်။ ကျောက်ဖုန်းက ရုတ်တရက် ထထိုင်လိုက်ပြီး သူ၏ မျက်နှာတွင် လွမ်းဆွတ်မှုများ ပေါ်လာသည်။
" သူမ တကယ်ပဲ ထွက်သွားပြီလား။ "
ယမန်နေ့ညက ဝမ်ယန်က သူမတွင် ရှိသမျှအရာအားလုံးကို သူ့အား ပေးခဲ့သည်။ သူစိတ်မလှုပ်ရှားခဲ့ဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
ကျောက်ဖုန်းက အခန်းအတွင်း လှည့်ပတ်ကြည့်လိုက်ပြီး စားပွဲပေါ်တွင် ပိုးချည်စဖြင့် ရေးသားထားသော စာတစ်စောင်ကို တွေ့လိုက်ရသည်။ သူက ချက်ချင်း ထသွားပြီး ၎င်းကို ကောက်ယူလိုက်သည်။
" မနေ့ညက အဖြစ်အပျက်ကို အိပ်မက်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ ချင်နိုင်ငံရဲ့ မှူးမတ်မိသားစုမှာ မွေးလာခဲ့တဲ့ ငါ့ရဲ့ ကံကြမ္မာက ငါကိုယ်တိုင် ထိန်းချုပ်ခွင့်မရှိဘူး။ ငါနင့်ကို တကယ်ချစ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ငါနင့်ကို လက်ထပ်ချင်တယ်။ "
" ဒါပေမယ့် ကံကြမ္မာကိုတော့ ပြောင်းလဲလို့မရဘူး။ မနေ့ညက အဖြစ်အပျက်က ကံကြမ္မာကို ဆန့်ကျင်ဖို့ ငါ့ရဲ့ အလကားကြိုးစားမှုတစ်ခုလို့ပဲ ထားလိုက်ပါတော့။ နင် အမြန်ဆုံး အိမ်ပြန်ပြီး နင့်အမေကို ပြုစုနိုင်ဖို့ မျှော်လင့်ပါတယ်။ "
" ငါက နင့်ဘဝထဲက ဖြတ်သွားတဲ့ လူတစ်ယောက်ပါပဲ။ ငါနင့်နဲ့ တစ်နေ့မှာ ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။ "
ပိုးစပေါ်မှ စကားများက သူမ၏ သတ်မှတ်ထားသော ကံကြမ္မာကို လက်မခံလိုသည့်ဆန္ဒနှင့် မနေ့ညက အဖြစ်အပျက်ပြီးနောက် ကံကြမ္မာကို အရှုံးပေးလိုက်သည့် အခြေအနေကို ဖော်ပြထားသည်။
ကျောက်ဖုန်းက ပိုးစကို သိမ်းဆည်းလိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာ ပေါ်လာသည်။ ထို့နောက် သူက အခန်းထဲမှ ပြေးထွက်သွားပြီး စစ်စခန်းထဲသို့ ပြေးဝင်သွားသည်။
လေ့ကျင့်ခန်းလုပ်နေသည့် ကျန်းဟန်ကို မြင်သောအခါ သူက အလောတကြီး မေးလိုက်သည်။ " စစ်သူကြီးဝမ် ဘယ်မှာလဲ။ "
ကျောက်ဖုန်း၏ အမူအရာကို မြင်သောအခါ ကျန်းဟန်က အံ့ဩသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။
" စစ်သူကြီးဝမ်ကို ကျုပ်မတွေ့မိဘူး။ ဒါပေမယ့် အစောက ဘေးတံခါးမှာ ပင်မတပ်ဖွဲ့က ကိုယ်ရံတော်တွေ စုဝေးနေတာ တွေ့လိုက်တယ်။ သူ စစ်ရေးကိစ္စတွေ ဆွေးနွေးနေတာလားဆိုတာလားတော့မသိဘူး။ "
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ချက်ချင်း သာမန်လူထက် သာလွန်သော အရှိန်ဖြင့် စခန်း၏ ဘေးတံခါးသို့ ပြေးသွားသည်။
" ဘာတွေဖြစ်နေတာလဲ။ " ကျန်းဟန်က လုံးဝ နားမလည်နိုင်ဘဲ တွေးလိုက်သည်။
စစ်စခန်း၏ ဘေးတံခါးတွင် မြင်းရထားတစ်စင်းက အဆင်သင့်ပြင်ထားသည်။ ဝမ်ယန်က အတွင်းတွင် ထိုင်နေပြီး စစ်စခန်းကို လွမ်းဆွတ်သော မျက်လုံးများဖြင့် ငေးကြည့်နေသည်။
" သခင်မလေး " ကိုယ်ရံတော်တပ်မှူးက မြင်းရထားဘေးသို့ ရောက်လာပြီး ရိုသေစွာ ပြောလိုက်သည်။ " ထွက်ခွာဖို့ အချိန်ကျပါပြီ။ "
ဝမ်ယန်က ခေါင်းညိမ့်လိုက်ပြီး လိုက်ကာကို ချလိုက်သည်။ သူမက မထွက်သွားချင်သော်လည်း အရာအားလုံး ပြီးဆုံးသွားပြီကို သိလိုက်သည်။
" ထွက်မယ်။ " တပ်မှူးက အမိန့်ပေးလိုက်သည်။
ကိုယ်ရံတော်ငါးရာက မြင်းပေါ်သို့ ချက်ချင်း တက်လိုက်ကြပြီး မြင်းရထားကို မြို့ပြင်သို့ လိုက်ပါပို့ဆောင်ကြသည်။
ကျောက်ဖုန်းက ဘေးတံခါးသို့ ရောက်လာချိန်တွင် ဝမ်ယန်နှင့် ကိုယ်ရံတော်တပ်ဖွဲ့က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
" သူမ... တကယ် ထွက်သွားပြီပေါ့။ " ကျောက်ဖုန်းက ရေရွတ်လိုက်သည်။ " သူမက အရှုံးပေးပြီး နိုင်ငံရေးအရ လက်ထပ်ပွဲကို လက်ခံလိုက်ပြီပေါ့။ "
သူ၏ မျက်လုံးများထဲတွင် နောက်တအရိပ်အယောင်များပေါ်လာသည်။ ခဏကြာသောအခါ လူသူကင်းမဲ့နေသော လမ်းမကို ငေ့ကြည့်ပြီး သူ၏ ရင်ထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။
" မနေ့ညက မင်းသာ ငါ့ဆီမလာခဲ့ရင် အဲ့ဒီလက်ထက်မှုက ငါနဲ့ဘာမှမဆိုင်ဘူး။ ငါ့မှာ ဝင်စွက်ဖက်စရာ အကြောင်းပြချက်လည်း မရှိဘူး။ ဒါပေမယ့် အခုတော့ အားလုံး ပြောင်းလဲသွားပြီ။ "
" မင်းက ငါပိုင်တဲ့သူပဲ။ ဘယ်သူမှ မင်းကို ခေါ်သွားခွင့်မပေးနိုင်ဘူး။ အိမ်ရှေ့စံမင်းသား ဖြစ်နေရင်တောင်မှပေါ့။ အာဏာ...ငါ့ကို အချိန် အလုံအလောက်သာ ပေးပါ။ ငါ တော်ဝင်အာဏာကိုတောင် မကြောက်ရအောင် လုပ်ပြမယ်။ "
" ဝမ်ယန် စောင့်နေပါ။ မင်းကို ကျောက်မိသားစုရဲ့ တရားဝင်ဇနီးဖြစ်အောင် ငါ လုပ်မယ်။ "
စစ်စခန်း၏ ခန်းမတစ်ခုထဲတွင်...
" စစ်သူကြီးလီထန်ကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက ခန်းမထဲသို့ ဝင်လာပြီး လီထန်ကို ဦးညွှတ်လိုက်သည်။
" မင်းက အစောကြီး ရောက်လာတာပဲ။ " လီထန်က ကျောက်ဖုန်းကို အံ့ဩစွာ ကြည့်လိုက်သည်။
" ဒီနေ့က ကျွန်တော် တာဝန်စယူရမယ့်နေ့ဆိုနော့ မပေါ့လျော့ရဲပါဘူး။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
လီထန်က ကျောက်ဖုန်းကို အကဲခတ်ကြည့်လိုက်ပြီး သူ၏ အံ့ဏမှုက ပိုတိုးလာသည်။ " တစ်ညတည်းပဲရှိသေးတယ်။ မင်းက အရင်နဲ့မတူဘဲ ဘာလို့ဒီလောက် ပြောင်းလဲသွားတာလဲ။ "
" ကျွန်တော်လည်း သေချာမသိပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အရင်ကတော့ မင်းက ပင်မတပ်ဖွဲ့မှာ တာဝန်ယူဖို့ ငြင်းဆန်ခဲ့ပေမယ့် အခုတော့ တော်တော်လေးကို တက်ကြွနေတဲ့ပုံပဲ။ " လီထန်က ပြုံး၍ ပြောလိုက်သည်။
" အခုကျွန်တော် ပင်မတပ်ဖွဲ့ထဲရောက်လာပြီဆိုမှတော့ အကောင်းဆုံး ကြိုးစားမှာပါ။ နိုင်ငံအတွက် တာဝန်ထမ်းဆောင်မယ်။ စစ်တပ်စွမ်းဆောင်မှုတွေ ယူမယ်။ ပြီးတော့ လက်အောက်ခံတစ်ယောက် အမြင့်ဆုံး ရောက်နိုင်တဲ့ ရာထူးအထိ ကြိုးစားသွားပါမယ်။ "
၎င်းကို ကြားသောအခါ လီထန်က ပြုံးလိုက်သည်။ " ကောင်းတယ်။ သိပ်ကောင်းတယ်။ "
" နိုင်ငံတော်အပေါ် သစ္စာရှိပြီး ကိုယ်အတွက် ဂုဏ်သိက္ခာကို ရှာဖွေတာက ချင်စစ်တပ်ရဲ့ စစ်သည်တွေမှာ ရှိသင့်တဲ့ စိတ်ဓာတ်ပဲ။ မင်းရဲ့ အရည်အချင်းနဲ့ဆို ချင်နိုင်ငံရဲ့ အတော်ဆုံး စစ်သူကြီးတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ "
" စစ်သူကြီးကို မေးပါရစေ။ ကျွန်တော် ဘယ်တပ်ဖွဲ့ကို ဦးဆောင်ရမှာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
ဝမ်ယန်က ထွက်ခွာသွားပြီဖြစ်သောကြောင့် သူမ ယခင်ဦးဆောင်ခဲ့သော တပ်ကို သူ့အား တာဝန်ပေးမည်ဖြစ်ကြောင်း ကျောက်ဖုန်းက သိနေသည်။
" တပ်မှူးဝမ်က အခြားတာဝန်တစ်ခုရှိနေလို့ ထွက်သွားပြီ။ " လီထန်၏ အမူအရာက လေးနက်သွားသည်။ " ဒါကြောင့် မင်းက တပ်မှူးဝမ် အရင်က ဦးဆောင်ခဲ့တဲ့ တပ်ဖွဲ့ကို လွှဲပြောင်းယူရမယ်။ "
" ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။ " ဒါပေမယ့် ကျွန်တော် တစ်ခုတောင်းဆိုချင်ပါတယ်။ "
" ပြောပါ။ " လီထန်က ခေါင်းညိမ့်လိုက်သည်။
" ကျွန်တော် ယန်မြို့မှာ တပ်စွဲမနေချင်ဘူး။ တပ်ဖွဲ့ကို ဦးဆောင်ပြီး ရှေးတန်းကို သွားချင်တယ်။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
သူက ဤလမ်းကို ရွေးချယ်ခဲ့ပြီး လူမသိအောင် နေ၍ မရတော့သဖြင့် ကျောက်ဖုန်းက သူ့ကိုသူအတွက် ဝမ်ယန်၊ သူ၏ မိခင်နှင့် ညီမအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
" ဟားဟားဟား..." သူ၏ စကားကြောင့် လီထန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " မင်းလိုသူရဲကောင်းတစ်ယောက်ကို ငါက ဒီမှာ ဘေးဖယ်ထားပါ့မလား။ မင်းရဲ့ တပ်ဖွဲ့ကို တာဝန်ယူပြီးရင် မင်းလုပ်ရမယ့် တာဝန်တွေ ရှိလာမှာပါ။ "
" ကျွန်တော် အမိန့်ကို နာခံပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း ဦးညွှတ်လိုက်သည်။
" ချန်တောက် " လီထန်က ခေါ်လိုက်သည်။
ထိုခဏတွင် တပ်မှူးတစ်ယောက်က ခန်းမထဲသို့ လျင်မြန်စွာ ဝင်လာသည်။
" စစ်သူကြီး အမိန့်ပေးပါ။ " တပ်မှူးချန်တောက်က လီထန်ကို အရိုအသေပေးလိုက်သည်။
" ကျောက်ဖုန်း " လီထန်က ထိုသူကို ညွှန်ပြပြီး ပြောလိုက်သည်။ " ဒါက မင်းရဲ့ အထက်လူကြီး တပ်မှူးချန်တောက်ပဲ။ "
" ချန်တောက် ဒါက ပေါင်ယွမ်ကို သတ်ပြီး ငါတို့တပ်ဖွဲ့ကို ဘေးအန္တရာယ်ကနေ ကယ်တင်ပေးခဲ့တဲ့ တပ်မမှူးကျောက်ဖုန်းပဲ။ "
" တွေ့ရတာ ဝမ်းသာပါတယ် တပ်မှူးချန်းး " ကျောက်ဖုန်းက လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။
" ကောင်းပြီ။ " လီထန်က ပြောလိုက်သည်။ " နောက်ကိစ္စတွေတော့ ငါမဝင်မပါတော့ဘူး။ တပ်မှူးကျောက်ကို တပ်စခန်းကို ခေါ်သွားပြီး တာဝန်လွှဲပေးလိုက်။ သူတာဝန်ယူပြီးတာနဲ့ ဟန်နိုင်ငံရဲ့ မြို့တော်ကို ချီတက်ကြမယ်။ အသေးစိတ်အစီအစဉ်ကိုတော့ မင်းတို့ဘာသာ စီစဉ်လိုက်ကြ။ "
" ဟုတ်ကဲ့။ " ကျောက်ဖုန်းနှင့် ချန်တောက်က ပြန်ဖြေပြီး ဦးညွှတ်လိုက်ကြသည်။
စစ်လေ့ကျင့်ရေးကွင်းတွင် တိုက်ခိုက်ရေးစစ်သည်ငါးထောင်ကို စုရုံးထားပြီး လူတစ်ထောင်စီ စီတန်းထားကြသည်။ တပ်ရင်းမှူးငါးယောက်က သူတို့၏ စစ်ကြောင်းများရှေ့တွင် ရပ်နေကြသည်။
" တပ်မှူးချန် ရောက်လာပါပြီ။ " ကျယ်လောင်သော အသံနှင့်အတူ ချန်တောက်နှင့် ကျောက်ဖုန်းတို့က ဖြည်းညင်းစွာ လျှောက်လာကြသည်။