အခန်း (၃၉)
Vol. 4 Ch. 39
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း ၃၉
" တံခါးပွင့်သွားတာနဲ့ မင်းက မင်ရဲ့ စစ်သားတွေကို ဦးဆောင်ပြီး တန်းဝင်သွားတာပဲ။ မင်းရဲ့ တပ်ဖွဲ့က ဟန်စစ်သည်အားလုံးကို သတ်ပစ်တယ်လို့တောင် ပြောလို့ရတယ်။ "
" တပ်မှူးလျိုက ကျုပ်ကို မြှောက်ပင့်လွန်းနေပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ကျုပ်ရဲ့ စစ်သည်တွေက နောက်တန်းမှာ ပိတ်မိနေတာ ကြာပြီဆိုတော့ ရူးသွပ်ချင်နေကြပြီ။ အခုမှ သူတို့က တိုက်ပွဲဝင်ကြတာဆိုတော့ ရန်သူကို အစွမ်းကုန်တိုက်ခိုက်ကြတာ မဆန်းပါဘူး။ "
" ကောင်းပြီ။ " ချန်တောက်က ပြောလိုက်သည်။ " မြေပုံအရ ဒီမြို့က ဟန်မြို့တော်နဲ့ သိပ်မဝေးတော့ဘူး။ ငါတို့ စစ်သူကြီးလီနဲ့ ပူးပေါင်းနိုင်ဖို့ အရှိန်မြှင့်ရမယ်။ ဒါပေမယ့် ထောက်ပို့တပ်ဖွဲ့ ရောက်လာတဲ့အထိ ဒီမြို့မှာ တပ်စွဲစောင့်ပေးဖို့ လိုတယ်။ "
သူက ကျောက်ဖုန်းနှင့် တပ်မှူးလျိုကို ကြည့်ပြီး မေးလိုက်သည်။ " မြို့ကို ရှင်းလင်းရေးလုပ်ဖို့ ဘယ်သူနေခဲ့ချင်လဲ။ "
" ကျွန်တော် တပ်ဖွဲ့ကို ဦးဆောင်ပြီး မြို့ကို ရှင်းလင်းရေးလုပ်ရင်း ထောက်ပို့တပ်ဖွဲ့ကို စောင့်နေပါမယ်။ " ကျောက်ဖုန်းက ချက်ချင်းပြန်ပြောလိုက်သည်။
" ဟာသပဲ။ မြို့ထဲမှာ ဟန်စစ်သားအလောင်းတွေ ထောင်ချီနေတာ အဲ့ဒါက စွမ်းရည်အမှတ်တွေ ရမယ့် အခွင့်အရေးပဲ။ အဲ့ဒါမှ ငါ့ရဲ့ စွမ်းရည်တွေအားလုံး ခုနှစ်ရာကျော်သွားမှာ။ "
" ကောင်းတယ်။ " ချန်တောက်က ကျေနပ်စွာ ပြောလိုက်သည်။
" တပ်မှူးလျိုက တပ်ဖွဲ့ကို ဦးဆောင်ပြီး ငါနဲ့အတူလိုက်ခဲ့။ တပ်မှူးကျောက် မင်းကတော့ ဒီနေရာကို ခဏထိန်းထားပေးဦး။ ထောက်ပို့တပ်ဖွဲ့ရောက်တာနဲ့ ချက်ချင်း ချီတက်ခဲ့တော့။ "
" နားလည်ပါပြီ။ " ကျောက်ဖုန်းနှင့် တပ်မှူးလျိုတို့က ပြန်ပြောလိုက်သည်။
မကြာမီ ဝမ်ကျန့်၏ တပ်ဖွဲများက ကွဲသွားကြပြီး ချန်တောက်နှင့် အခြားတပ်မှူးများက မြို့ကိုဖြတ်ကျော်ပြီး ဆက်လက်ချီတက်သွားကြသည်။ သူတို့ထွက်သွားသည်နှင့် ကျောက်ဖုန်းက သူ၏ တပ်ရင်းမှူး ငါးယောက်ကို ခေါ်လိုက်သည်။
" အမိန့်ပေးပါ တပ်မမှူး " တပ်ရင်းမှူးငါးယောက်က ကျောက်ဖုန်းကို ဦးညွှတ်ပြီး မေးလိုက်သည်။
" မြို့ကိုတော့ ထိန်းချုပ်နိုင်ပြီ။ ဒါပေမယ့် ထောက်ပို့တပ်ဖွဲ့ ရောက်လာတဲ့အထိ ငါတို့ စောင့်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျန်းဟန် မင်းက မင်းရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး စစ်မြေပြင်ကို ရှင်းလင်းပါ။ ဒဏ်ရာရာစစ်သည်တွေကို ကုသရေးစခန်းဆီ ပို့လိုက်ပါ။ ပြီးတော့ ဟန်စစ်သည်တွေကို သေချာစစ်ဆေးပါ။ သူတို့ သေချင်ယောင်ဆောင်ပြီး ငါတို့ကို ထိခိုက်အောင် လုပ်ခွင့်မပြုနိုင်ဘူး။ "
" ဟုတ်ကဲ့။ " ကျန်းဟန်က အမိန့်ကို လက်ခံလိုက်သည်။
" လီတောက် မင်းက မင်းရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး မြို့ပြင်မှာ အလောင်းမြှုပ်မယ့် ကျင်းတွေ တူးလိုက်။ "
" ဝေချွမ်က စစ်သည်တွေကို ဦးဆောင်ပြီး ဟန်စစ်သားအလောင်းတွေကို မြို့ပြင်ကို သယ်ပြီး မြှုပ်လိုက်ပါ။ " ကျောက်ဖုန်းက တာဝန်များ ခွဲပေးလိုက်သည်။
ထိုကဲ့သို့ လူအများကို ဦးဆောင်ရခြင်းက ပထမဆုံးဖြစ်သော်လည်း ကျောက်ဖုန်းက တုန်လှုပ်ခြင်းမရှဘဲ ကိစ္စရပ်များကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။
" အမ် တပ်မမှူး " ဝေချွမ်က နားမလည်နိုင်ဖြစ်သွားသည်။ " အလောင်းတွေ မြှုပ်နှံတာက ထောက်ပို့တပ်ရဲ့ တာဝန်မဟုတ်ဘူးလား။ "
" ဟုတ်တယ်လေ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။ " ဒါပေမယ့် ရန်သူတွေက သေချင်ယောင်ပြီး ထောက်ပို့တပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်နေတာက ခဏခဏ ဖြစ်နေတယ်။ တခြားတပ်ဖွဲ့တွေတော့မသိဘူး။ ဒါပေမယ့် ငါ့လက်အာက်မှာတော့ အဲ့လိုမျိုး အဖြစ်မခံနိုင်ဘူး။ "
" ဒီနေ့ကစပြီး ငါတို့တပ်ဖွဲ့ သိမ်းပိုက်လိုက်တဲ့ နေရာက ရန်သူအလောင်းတွေကို မြှုပ်နှံပြီးမှ ဆက်ချီတက်မယ်။ "
" နားလည်ပါပြီ။ " ဝေချွမ်က ချက်ချင်းနားလည်သွားသည်။ ပေါင်ချိုးသေချင်ယောင်ဆောင်တုန်းက သူကိုယ်တိုင်ပင် သေမလိုဖြစ်ခဲ့ရသည်။
၎င်းက ထောက်ပို့တပ်သားများ မကြာခဏ ကြုံတွေ့နေရသော ပြဿနာဖြစ်သည်။ ထောက်ပို့တပ်သားများက တိုက်ခိုက်ရေးစစ်သည်များကဲ့သို့ အမြဲတမ်း သတိမရှိကြသောကြောင့် အလစ်ငိုက်တိုက်ခိုက်ရန် ပိုမိုလွယ်ကူသည်။
သို့သော် ကျောက်ဖုန်း၏ အဓိကရည်ရွယ်ချက်က အရာရှိကံကြမ္မာတံဆိပ်နှင့် စွမ်းရည်များကို စုဆောင်းရန်ဖြစ်သည်။ တပ်ရင်းမှူးငါးယောက်က လူစုခွဲသွားပြီး မြို့ထဲမှ အလောင်းများကို စနစ်တကျ ရှင်းလင်းကြတော့သည်။
ထိုမြို့ငယ်လေးထဲတွင် ဟန်စစ်သား သုံးထောင်ကျော်သာရှိပြီး တစ်ဝက်ကျော်က အစေခံများဖြစ်သောကြောင့် ရှင်းလင်းရေးက မြန်ဆန်လေသည်။
" စွမ်းရည်တွေရဲ့ ဆယ်ရာခိုင်နှုန်း... ဒီတစ်ခါ ငါ့ရဲ့ စွမ်းရည်တွေ ခုနှစ်ရာကျော်သွားဖို့ မျှော်လင့်ရမှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။
ညနေစောင်းချိန်တွင် ကျန်းဟန်က လာရောက်အစီရင်ခံသည်။ " တပ်မမှူး မြို့ထဲက အလောင်းတွေအားလုံးကို မြှုပ်နှံပြီးပါပြီ။ "
ကျန်းဟန်၏ စကားအဆုံးတွင် စနစ်မှ အသိပေးချက်များ ထွက်ပေါ်လာသည်။
" တပ်ဖွဲ့မှ စုဆောင်းရရှိသော စွမ်းရည်အမှတ်များကို တွက်ချက်နေပါတယ်။ "
" ခွန်အား ၅၇မှတ် ရရှိပါတယ်။ "
" အမြန်နှုန်း ၄၈မှတ် ရရှိပါတယ်။ "
" ရုပ်ခန္ဓာ ၅၃မှတ် ရရှိပါတယ်။ "
" စိတ်ဝိညာဉ် ၅၉မှတ် ရရှိပါတယ်။ "
" သက်တမ်း ၆၀ မှတ် ရရှိပါတယ်။ "
" စွမ်းရည်အားလုံး ၇၀၀ ကျော်သွားပါပြီ။ အဆင့်တစ်ရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်။ "
ထိုခဏတွင် ကျောက်ဖုန်းက သူ၏ ခွန်အားများ နောက်တစ်ကြိမ် တိုးမြင့်လာသည်ကို ခံစားလိုက်ရသည်။
နာမည် - ကျောက်ဖုန်း
အသက် - ၁၆နှစ်
ခွန်အား - ၁၀၅၆
အမြန်နှုန်း - ၇၁၂
ရုပ်ခန္ဓာ - ၇၁၆
စိတ်ဝိညာဉ် - ၇၀၂
သက်တမ်း - ၈၆နှစ် ၃၆၀ ရက်
သိုလှောင်နေရာ - ၇ကုဗမီတာ
ကျင့်စဉ် - နဂါးဆင်ကျမ်း
သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး။
" စွမ်းရည်အားလုံး ၇၀၀ ကျော်သွားပြီ။ စွမ်းရည်တစ်ခုတည်းကို မြှင့်တင်တာက ဒီလောက် အကျိုးသက်ရောက်မှုမရှိပေမယ့် အားလုံးကို တစ်ပြိုင်နက် မြှင့်တင်လိုက်တာက အဆင့်တစ်ခု တက်သွားသလို ခံစားရတယ်။ ဒီလိုစွမ်းအားမျိုးနဲ့ ကောင်းကင်အောက်မှာ ဘယ်သူက ငါ့ကို ယှဉ်နိုင်မှာလဲ။ "
" ရှန်းယုရေ မင်းမွေးပြီလား။ မင်းက ကြေးအိုးကြီးတွေ မနိုင်တဲ့ မင်းရဲ့ ခွန်အယးကြောင့် နာမည်ကြီးပေမယ့် မင်းမွေးပြီး အရွယ်ရောက်တဲ့အချိန်မှာ ငါက စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေလောက်ပြီ။ " ကျောက်ဖုန်းက သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ကြောက်စရာကောင်းသ့် စွမ်းအားများကို ခံစားကြည့်ရင်း ယုံကြည်မှုများ ပြည့်နှက်လာသည်။
" ထောက်ပို့တပ်ဖွဲ့ ရောက်ပြီလား။ " ကျောက်ဖုန်းက အသိဝင်လာပြီး မေးလိုက်သည်။
" ရောက်ပါပြီ။ " ကျန်းဟန်က ခေါင်းညိမ့်လိုက်သည်။
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ထောက်ပို့တပ်ဖွဲ့ကို စားစရာတွေ ပြင်ခိုင်းထားလိုက်။ ငါတို့တပ်ဖွဲ့ ဒီညအနားယူပြီး မနက်ဖြန် ချီတက်ကြမယ်။ "
ကျန်းဟန်ထွက်သွားပြီးနောက် ကျောက်ဖုန်းက အဆင့်တစ်ရတနာသေတ္တာကို ဖွင့်လိုက်သည်။
" ရွှေစငါးရာကို ရရှိပါတယ်။ "
" ငါ့ရဲ့ သိုလှောင်နေရာထဲမှာ အခုဆို ရွှေစငါးထောင်ရှိသွားပြီ။ ဒါပေမယ့် စစ်မြေပြင်မှာတော့ သုံးစရာမရှိဘူး။ " ကျောက်ဖုန်းက ရွှေစများရသော်လည်း အထူးတလည် ဝမ်းသာခြင်းမရှိပေ။
သူက သူ၏ အမေဆီသို့ ပေးပို့ချင်လျှင်တောင် ပို့၍မရပေ။ ဤခေတ်တွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ မရှိသေးပေ။ စစ်ဖြစ်နေသော အချိန်တွင် စစ်သားများက အိမ်ကို စာတစ်စောင် ရောက်ရန်ပင် ခက်ခဲလှသည်။
" ငါ့အပေါ် သစ္စာရှိမယ့် နောက်လိုက်တွေ စုစည်းဖို့ ဒီရွှေတွေကို သုံးနိုင်တယ်။ ဒါဆိုရင် ငါ့အမေနဲ့ အခြားသူတွေကို ကာကွယ်နိုင်မယ့်အပြင် အနာဂတ်အတွက် အခြေခံအုတ်မြစ်ကိုလည်း တည်ဆောက်နိုင်လိမ့်မယ်။ "
ကျောက်ဖုန်းက သမိုင်းကြောင်းကို စဉ်းစားရင်း စိတ်ထဲမှတွေးလိုက်သည်။
" သာမန်ရက်ကွက်လူကြီးအဆင့်လောက်ရှိတဲ့ လျိုပန်းတောင် ဧကရာဇ်တစ်ပါးဖြစ်လာနိုင်သေးတာပဲ။ ငါ့ရဲ့ အစက သူ့ထက် အဆအများကြီး သာလွန်တယ်။ ငါ့ရဲ့ စွမ်းအားနဲ့ဆို စစ်တပ်စွမ်းဆောင်မှုတွေ စုဆောင်းပြီး ရာထူးတက်ဖို့ ယုံကြည်မှုရှိတယ်။ "
" ချင်နိုင်ငံက တစ်လောက်လုံးကို စုစည်းတဲ့အချိန်မှာ ငါ့ရဲ့ ရာထူးက ဘယ်လောက်တောင် မြင့်မားသွားမလဲဆိုတာ စိတ်ကူးကြည့်လိုတောင်မရဘူး။ အခုချိန်မှာ ငါ့လူတွေကို စုဆောင်းထားပြီး အခြေခံကျင့်စဉ်တွေ သင်ပေးထားရင် တစ်ပြည်လုံးကို သိမ်းပိုက်ဖို့ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်တော့ဘူး။ ကံကြမ္မာဆိုတာ ရှိနေရင်တောင် ငါ့ရဲ့စွမ်းရည်တွေနဲ့ ကိုယ်ပိုင်နယ်မြေတစ်ခု ထူထောင်ဖို့ လုံလောက်တယ်။ "
" အရင်က ငါမှားခဲ့တယ်။ ဒီကမ္ဘာကို ရောက်လာပြီး ပြန်လို့မရတော့ဘူးဆိုမှတော့ ဒီခေတ်မှာပဲ အသားကျအောင် လုပ်ရမယ်။ တကယ်လို့ မငြိမ်မသက်မှုတွေ ဖြစ်လာရင် စွမ်းအားနဲ့ အာဏာမရှိဘဲ ငါ့အမေနဲ့ ညီမကို ဘယ်လိုကာကွယ်မှာလဲ။ ဝမ်ယန်ကိုရော ဘာ်လိုလက်ထပ်မှာလဲ။ "
" ချင်နိုင်ငံက တစ်လောကလုံးကို စုစည်းလိုက်တာနဲ့ နောက်ပိုင်း ဖြသ်လာမယ့် မငြိမ်မသက်မှုတွေကို ရှောင်လွှဲလို့မရဘူး။ ဒါကြောင့် ငါ့ရဲ့ အနာဂတ်အတွက် စစ်မှန်တဲ့ အာဏာကို ရရှိဖို့ ငါ တိုက်ပွဲဝင်ရမယ်။ "
ထိုခဏတွင် ကျောက်ဖုန်း၏ စိတ်နေစိတ်ထားက လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က အိမ်ပြန်ချင်ခဲ့ပြီး အနာဂတ် ရုန်းရင်းဆန်ခတ်မှုများမှ ပုန်းရှောင်လိုသည့် သူ၏ ဆန္ဒကိုပြန်တွေးကြည့်မိရာ သူ့ကိုသူ ရယ်စရာကောင်းသည်ဟု ထင်မိသွားသည်။