← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း ၄၀

အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားခဲ့သည်။

ဟန်နိုင်ငံ ရှင်းကျန်းမြို့တော်၏ အပြင်ဘက် ငါးမိုင်အကွာတွင် ချင်စစ်သည်ကိုးသောင်းကျော်က တပ်စွဲကာ အင်အားစုစည်းထားကြသည်။ တပ်ဖွဲ့များ အားလုံးစုစည်းသွားခြင်းမှာ ရှင်းကျန်းမြို့ မရောက်မီ မြို့အားလုံးကို ချင်နိုင်ငံက သိမ်းပိုက်ပြီးဖြစ်ကြောင်း သက်သေပြနေသည်။ ယခုအချိန်တွင် စစ်တပ်ကြီးက မြို့ရိုးအနီးသို့ ရောက်နေပြီဖြစ်သည်။

လီထန်က ထိပ်ဆုံးတွင် ထိုင်နေပြီး ဘေးနှစ်ဖက်တွင် တပ်မှူးဆယ်ယောက်ကျော် ရှိနေသည်။

" ဟန်မြို့က ငါတို့ရှေ့တည့်တည့်မှာ ရှိနေပြီ။ ဘာပြောစရာရှိလဲ။ " လီထန်က သူတို့ကို ဝေ့ကြည့်ပြီး လေးနက်စွာ မေးလိုက်သည်။

" ဒီငယ်သားက ရှေ့တန်းက ဦးဆောင်ပြီး ဟန်မြို့တော်ကို သိမ်းပိုက်ချင်ပါတယ်။ "

ပင်မတပ်ဖွဲ့မှ တပ်မှူးဆယ်ယောက်လုံးက မတ်တပ်ရပ်ပြီး ပြောလိုက်ကြသည်။ ၎င်းကို မြင်သောအခါ လီထန်က ပြုံးလိုက်သည်။ သူက စားပွဲပေါ်မှ ဝါးစာချပ်ကို ကောက်ယူပြီး အထက်သို့ မြှောက်ကာ ပြောလိုက်သည်။

" ယန်မြို့မှာတုန်းက စစ်သေနာပတိချုပ်က ငါတို့ကို နှစ်လအတွင်း မြို့တော်ကို သိမ်းပိုက်ပြီး ဟန်ဘုရင်ကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တယ်။ အခု လဝက်အတွင်းမှာ မင်းတို့က ပတ်ဝန်းကျင်က မြို့တွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီ။ "

" ဒါက မင်းတို့ရဲ့ မြင့်မားတဲ့ စိတ်ဓာတ်နဲ့ ငါတို့ချင်စစ်သားတွေရဲ့ ရဲစွမ်းသတ္တိကို ပြနေတာပဲ။ စစ်သေနာပတိချုပ် သတ်မှတ်ထားတဲ့ အချိန်ထိ တစ်လခွဲလောက် လိုသေးတယ်။ ဒါပေမယ့် စစ်သေနာပတိချုပ် သတ်မှတ်ထားတဲ့ အချိန်က ငါတို့ စစ်တပ် သတ်မှတ်ထားတဲ့ အချိန်မဟုတ်ဘူး။ "

" လဝက် " လီထန်က ခေါင်းမော့ပြီး တပ်မှူးများကို ကြည့်လိုက်သည်။ " လဝက်အတွင်း ဟန်မြို့တော်ကို သိမ်းပိုက်နိုင်ရမယ်။ မင်းတို့ လုပ်နိုင်ကြလား။ "

" ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါမယ်။ " တပ်မှူးများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း သူတို့အားလုံးက ကြောက်ရွံ့ခြင်းမရှိပေ။

လီထန်က ခေါင်းညိမ့်ပြီး ထောက်ပို့တပ်မှူးများကို ကြည့်လိုက်သည်။ " တပ်မှူးစုန် ရိက္ခာပစ္စည်းတွေ လုံလောက်ရဲ့လား။ "

" စိတ်ချပါ စစ်သူကြီး။ ရိက္ခာပစ္စည်းတွေကို အဆက်မပြတ် သယ်ယူပို့ဆောင်နေပါတယ်။ ထောက်ပို့လမ်းကြောင်းတွေက စိတ်ချရပြီး စစ်တပ်ရဲ့ လိုအပ်ချက်ကို အနှောက်အယှက် ဖြစ်စေမှာမဟုတ်ပါဘူး။ " တပ်မှူးစုန်က ပြန်ဖြေလိုက်သည်။

" လက်နက်ကိရိယာတွေ ပျက်စီးတာမရှိဘူးမလား။ " လီထန်က ထပ်မေးလိုက်သည်။

" စစ်သူကြီး လက်နက်ကိရိယာတွေလည်း ထိခိုက်မှုမရှိပါဘူး။ " အခြားတပ်မှူးတစ်ယောက်က ပြန်ဖြေလိုက်သည်။ " မြားတွေလည်း အလုံအလောက်ရှိသလို စက်ယန္တရားတွေ အားလုံးလည်း ရှေ့တန်းကို ရောက်နေပါပြီ။ "

" ကောင်းပြီ။ မနက်ဖြန် မြားပေါင်း သုံးသိန်းနဲ့ မီးကျည်ပေါင်းငါးထောင်ကို သုံးပြီး ဟန်စစ်တပ်ရဲ့ စိတ်ဓာတ်ကို အရင်ဖြိုခွင်းမယ်။ အဲ့ဒီနောက်မှာ ခြေလျင်တပ်တွေ တိုက်ခိုက်လိမ့်မယ်။ "

" မြို့ကို စီးနင်းမယ့် ရှေ့တန်းတပ်ဖွဲ့အနေနဲ့ တပ်မှူးဝူဟွာ ဦးဆောင်ရမယ်။ " လီထန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

သူ၏ နာမည်ကို ခေါ်လိုက်သည်နှင့် တပ်မှူးတစ်ယောက်က ချက်ချင်း မတ်တပ်ရပ်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ဒီငယ်သားက ဟန်မြို့တော်ကို သေချာပေါက် သိမ်းပိုက်ပြပါမယ်။ "

" ကောင်းပြီ။ မင်းတို့ စီစဉ်စရာရှိတာတွေ စီစဉ်ကြတော့။ မနက်ဖြန် အဓိကနေ့ပဲ။ " လီထန်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ စစ်သူကြီး။ " တပ်မှူးများအားလုံးက မတ်တပ်ရပ်ကာ ဦးညွှတ်ပြီး ထွက်သွားကြသည်။

တပ်မှူးများထွက်သွားသောအခါ လီထန်က မတ်တပ်ရပ်လိုက်ပြီး သူ၏ ရှေ့မှ ဟန်မြို့တော်၏ မြေပုံကို ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။

" ငါယန်မြို့မှာတုန်းက ကြီးမားတဲ့ အမှားတစ်ခု လုပ်ခဲ့မိလို့ အဲ့ဒီအတွက် အစားပြန်ပေးရမယ်။ ဟန်မြို့တော်ကို သိမ်းပိုက်နိုင်မှ ငါ့ရဲ့ အမှားကို ပြန်ပေးဆပ်နိုင်မှာ။ ဒါက ငါ့အတွက် စွမ်းဆောင်မှုယူဖို့နဲ့ ရာထူးတက်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ "

" တကယ်လို့ ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရရင် ငါ စစ်တပ်ကို ဦးဆောင်ပြီး နာမည်ကျော်ဖို့ နောက်တစ်ကြိမ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။ "

ရင်ကျန့် အာဏာရလာပြီးနောက် အရည်အချင်းရှိသော အရာရှိများနှင့် ရဲစွမ်းသတ္တိရှိသော စစ်သူကြီးများစွာကို ခန့်အပ်ခဲ့သည်။ ဝမ်မိသားစုနှင့် မုန့်မိသားစုက ချင်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ထိပ်တန်းမိသားစုများ ဖြစ်လာခဲ့သည်။

ဟန်နိုင်ငံကို ဖျက်ဆီးမည့် အခွင့်အရေးရအောင် လီထန်အတွက် ဝမ်ကျန့်က ကြိုးစားပေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ သာသာ ရာထူးမှ ဖယ်ရှားခံရလျှင် လီထန်သာမက ဝမ်ကျန့်ကလည်း အပြစ်ပေးခံရမည်ဖြစ်သည်။

ကျောက်ဖုန်းဦးဆောင်သော တပ်စခန်းထဲတွင် သူနှင့် တပ်ရင်းမှူးများက မီးပုံဘေးတွင် ထိုင်နေကြသည်။

" အခုမှ ဆောင်းဦးပဲရှိသေးတယ်။ ညဘက်တွေဆို တကယ်အေးလာပြီ။ နောက်ထပ် လအနည်းငယ်ကြာလို့ ဆောင်းတွင်းရောက်လာရင် လူတစ်ယောက်တောင် အေးခဲပြီး သေသွားမလားမသိဘူး။ " ကျန်းဟန်က မီးပုံဘေးတွင် လက်ကို ကပ်ရင်း ပြောလိုက်သည်။

" ဒီခေတ်မှာ ကမ္ဘာကြီးက ပူးနွေးလာသေးတာမဟုတ်တော့ တကယ်ကို အေးတာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" တပ်မမှူး ကျွန်တော်တို့ ဟန်မြို့တော်နဲ့ သိပ်မဝေးတော့ဘူး။ အထက်က ဘာအမိန့်တွေ ကျလာပြီလဲ။ " ကျန်းဟန်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" မင်းက ရှေ့ပြေးတပ်ဖွဲ့ လုပ်ချင်နေတာလား။ " ကျောက်ဖုန်းက ကျန်းဟန်၏ အတွေးကို ရိပ်မိလိုက်သည်။

" ဟီးဟီး..." ကျန်းဟန်က ရယ်ပြီး ပြန်ဖြေလိုက်သည်။ " ဒါက စွမ်းဆောင်မှုတွေ စုဆောင်းဖို့ အခွင့်အရေးကောင်းပဲလေ။ "

" မြို့ကို အရင်ဆုံး ထိုးဖောက်တဲ့သူက အကြီးမားဆုံး စစ်တပ်စွမ်းဆောင်မှုကို ရမှာပဲ။ ကျွန်တော်ဘယ်လိုလုပ်မလိုချင်ပဲနေမလဲ။ "

" မြို့ကို အရင်ဆုံး ထိုးဖောက်ဖို့ဆိုတာ ရန်သူရဲ့ အပြင်းထန်ဆုံး ခုခံမှုကို ရင်ဆိုင်ရမှာပဲ။ အသက်နဲ့ရင်းရမှာကို မင်းမကြောက်ဘူးလား။ " ကျောက်ဖုန်းက သိချင်စိတ်နှင့် မေးလိုက်သည်။

" တပ်မမှူးက အခုမှ ပြောင်းလာတာဆိုတော့ ရှေ့ပြေးတပ်ဖွဲ့ရဲ့ အခြေအနေကို မသိသေးဘူးထင်တယ်။ " ကျန်းဟန်က ပြုံး၍ မေးလိုက်သည်။

" ဘာအခြေအနေလဲ။ " ကျောက်ဖုန်းက အမှန်တကယ်မသိဘဲ မေးလိုက်သည်။

" တကယ်လို့ ရှေ့ပြေးတပ်ဖွဲ့မှာ ပါဝင်ပြီး ကျဆုံးခဲ့ရင် နစ်နာကြေး နှစ်ဆရတယ်။ အသက်ရှင်ခဲ့ရင်လည်း ရန်သူကို သတ်လို့ရတဲ့ စွမ်းဆောင်မှုတွေက နှစ်ဆရတယ်။ " ကျန်းဟန်က လေးနက်စွာ ပြောလိုက်သည်။ " ဒါ့အပြင် သားသမီးတွေရှိနေရင်လည်း သူတို့ကို စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပေးတဲ့အပြင် နန်းတော်က အသက်၁၄နှစ်အထိ ထောက်ပံ့ပေးသွားလိမ့်မယ်။ "

ကျောက်ဖုန်းက အနည်းငယ် အံ့ဩသွားသော်လည်း ချက်ချင်း နားလည်သွားသည်။

" ပင်မတပ်ဖွဲ့က လူတိုင်းက ရှေ့ပြေးတပ်ဖွဲလုပ်ချင်နေကြတာ မထူးဆန်းပါဘူး။ စစ်တပ်စွမ်းဆောင်မှုက နှစ်ဆ ရတာကိုး။ "

" မှန်ပါတယ်။ " ကျန်းဟန်က ခေါင်းညိမ့်လိုက်သည်။ " ဒီစည်းမျဉ်းကို မင်းကြီးကိုယ်တိုင်သတ်မှတ်ပေးခဲ့တာပဲ။ မင်းကြီး ဒီစည်းမျဉ်းကို မသတ်မှတ်ခင် ရှေ့ပြေးတပ်ဖွဲ့ထဲကို ဝင်ရဲတဲ့သူ သိပ်မရှိခဲ့ဘူး။ "

" ဒါက ကြီးမားတဲ့ဆုလာဘ်နဲ့ ရဲစွမ်းသတ္တိရှိတဲ့သူတွေကို ထွက်ပေါ်လာစေတာပဲ။ ချင်ရှီဟွမ်က လူသဘာဝကို ထိုးဖောက်မြင်နိုင်တာပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

" ကျန်းဟန်ပြောတာ မှန်ရင်တော့ စစ်တပ်တစ်ခုလုံးက ဒီနေရာအတွက် လုနေကြမှာပဲ။ " ဝေချွမ်က ဘေးမှဝင်ပြောလိုက်သည်။ "ငါတို့ စခန်းကတော့ ဒီအခွင့်အရေးရဖို့ ခက်ခဲတယ်။ "

" ဟုတ်တယ်။ " ကျန်းဟန်က ခေါင်းညိမ့်ပြီး ထောက်ခံလိုက်သည်။

" အခုအဲ့ဒီကိစ္စကို ဆွေးနွေးနေလို့အပိုပဲ။ အားလုံးက အထက်က စီစဉ်မှုအပေါ်မှာပဲ မူတည်တယ်။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။

ရှေးပြေးတပ်ဖွဲ့ရရှိမည့် အကျိုးကျေးဇူးများကို သိရှိပြီးနောက် ကျောက်ဖုန်းက အမှန်ပင် စိတ်ဝင်စားသွားခဲ့သည်။ " တကယ်လို့ ငါတို့တပ်ဖွဲ့အလှည့်သာ ရောက်လာရင် ငါမင်းတို့အားလုံးကို ဦးဆောင်ပြီး စွမ်းဆောင်မှုတွေအားလုံးကို အရယူပြမယ်။ "

ထိုအချိန်တွင် ချန်တောက်တပ်ဖွဲ့မှ သတင်းပို့စစ်သည်တစ်ယောက်ရောက်လာသည်။

" တပ်မမှူးကျောက် ဒီမှာရှိလား။ " သတင်းပို့သူက အော်မေးလိုက်သည်။

" ရှိပါတယ်။ " ကျောက်ဖုန်းက မတ်တပ်ရပ်လိုက်သည်။

" တပ်မှူးချန်ရဲ့ အမိန့်အရ မနက်ဖြန် လေးသည်တော်တွေအားလုံးကို စုစည်းပြီး ဟန်မြို့တော်ကို ပစ်ခတ်ရပါမယ်။ တပ်မှူးချန်က တပ်မမှူးကျောက်ကို ပြင်ဆင်ထားဖို့ အမိန့်ပေးလိုက်ပါတယ်။ " သတင်းပို့သူက ပြောလိုက်သည်။

" ကောင်းပြီ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

သတင်းပို့သူက အရိုအသေပေးပြီး ပြန်လည်ထွက်ခွာသွားသည်။

" ငါတို့တပ်မှူးက ရှေ့ပြေးတပ်ဖြစ်ဖို့ အခွင့်အရေးမရခဲ့ဘူးထင်တယ်။ ဒါကြောင့် မင်းတို့အားလုံး အေးအေးဆေးဆေး နားလို့ရပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဘယ်တပ်ဖွဲ့က အခွင့်အရေးရသွားတာလဲ။ " ကျန်းဟန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

" ဘယ်တပ်ဖွဲ့အဖြစ်ဖြစ် ဘာအရေးကြီးလဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " မြို့ကိုထိုးဖောက်နိုင်တာနဲ့ ငါမင်းတို့ကို ဦးဆောင်ပြီး တန်းဝင်သွားမှာပဲ။ အဲ့အခါကျလည်း စွမ်းဆောင်မှုတွေ စုဆောင်းလို့ရတာပဲ။ မြို့ထဲမှာ ဟန်စစ်သည်အများကြီးရှိတယ်လို့ ငါကြားတယ်။ "

" ဒါလည်းဟုတ်တာပဲ။ " ကျန်းဟန်က ရယ်မောလိုက်သည်။

" ကောင်းပြီ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " မနက်ဖြန် တိုက်ပွဲကြီးရှိတယ်။ အားလုံး ကိုယ်နေရာကို ပြန်ပြီး နားကြတော့။ ငါလည်း ပြန်ပြီ။ "

ကျောက်ဖုန်းက သူ၏ အခန်းထဲသို့ ရောက်သောအခါ ကုတင်ပေါ်တက်ပြီး မျက်လုံးများမှိတ်လိုက်သည်။

" ငါ သဘာဝရဲ့ စိတ်ဝိညာဉ်စွမ်းအားကို မခံစားရသေးဘူး။ ဒီကမ္ဘာမှာ အဲ့ဒါက မရှိတာလား။ ဒါမှမဟုတ် ငါ့ရဲ့ စိတ်စွမ်းအားက အရမ်းအားနည်းနေတာလား။ "

" ကိစ္စမရှိဘူး။ ငါ နဂါးဆင်ကျမ်းကို ဆက်ကျင့်လို့ရတာပဲ။ စိတ်ဝိညာဉ်စွမ်းအားမပါဘဲ ငါ့ရဲ့ စွမ်းရည်တွေက နည်းနည်းချင်းတိုးလာနေတယ်။ " ကျောက်ဖုန်းက တွေးလိုက်ပြီး နဂါးဆင်ကျမ်းကို စတင်ကျင့်ကြံလိုက်သည်။

All Chapters