← Chapters

မိုးနှင့်မြေ တစ်သားတည်း၏ ပထမအဆင့်

Vol. 43 Ch. 593

မိုးနှင့်မြေ တစ်သားတည်း၏ ပထမအဆင့်

Vol. 43 Ch. 593

“ငရဲအဆင့်လား ”

လင်းချီကျန့်က အသံတိုးတိုးဖြင့် ပြောလိုက်သော်ငြား သံမဏိချိန်းကြိုး တံတားနှစ်ခုက သုံးကီလိုမီတာသာ ဝေးကွာပြီး ကျန်းရီ၌ အလွန်ကောင်းမွန်သည့် အကြားအာရုံရှိရာ သူကြားတာ သဘာဝကျသည်။ သို့သော် ကျန်းရီက သူတို့ကိုမကြည့်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ခရီးဆက်တော့၏။

ဖုတ်

နောက်ထပ် အလှမ်းနှစ်ဆယ်လှမ်းပြီးနောက် ကျန်းရီသည် နောက်ဆုံး၌ ဖိအားကို တောင့်မခံနိုင်တော့ဘဲ ထပ်ပြုတ်ကျသွားသည်။ ယခုအခေါက်တွင် သူထပ်မရပ်နိုင်တော့ပေ။ သူကရပ်တန့်ပြီး မောဟိုက်နေလေ၏။ သူကထမရပ်နိုင်တော့သည့်တိုင် ခေါင်းကိုမော့ထားပြီး ခပ်ဝေးဝေးကို ကြည့်လိုက်လေ၏။ သူကအနိုင်မခံ အရှုံးမပေးပုံပေါ်၏။

မိနစ်ဝက်ခန့် အနားယူပြီး စတင်တွားသွားတော့သည်။ သံမဏိချိန်းကြိုး၏ တစ်ဖက်စွန်းသို့ ရောက်ဖို့က မဖြစ်နိုင်လုနီးပါးမှန်း သဘောပေါက်သွားလေ၏။ သူအလယ်သို့ သွားနိုင်သည်ကပင် အမေးထုတ်စရာ ဖြစ်နေသေး၏။

လင်းချီကျန့်ထံမှ အထင်သေးမှုနှင့် လင်းရှီယာ့ထံမှ ခြိမ်းခြောက်မှုတို့က သူ၏နားထဲ ပဲ့တင်သံ ထပ်နေဆဲဖြစ်သည်။

တစ်ခွန်းမှ ပြောရန်မလိုဘဲ သူကသွက်သွက်လေး တွားသွားလိုက်တော့၏။ သူသည် အစောတုန်းကထက် ပိုမြန်ဆန်လာသည်။ သို့သော် ငါးလှမ်းခန့် တွားသွားပြီးနောက် တိုးလာသော မြေဆွဲငင်အားကို ချိန်ညှိရန်အတွက် သူ၏ခန္ဓာကိုယ်ကို အရှိန်လျှော့လိုက်ရတော့သည်။

ခြေလက်လေးဘက်လုံး မြေပြင်ပေါ်ထောက်ထားရာ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားက လျော့ကျသွားတော့သည်။ သူကပိုမြန်မြန်ဆန်ဆန် သွားနိုင်၏။ ခြေလှမ်းရှစ်ရာ တစ်ထောင် ခြေလှမ်းထောင့်သုံးရာ။

ခရီးငါးပုံတစ်ပုံပြီးနောက် သူအရှိန်လျှော့လိုက်သည်။ သို့သော် အရှိန်လျှော့ချခဲ့သော်ငြား ယခုအချိန်တွင်မူ မရပ်တန့်ခဲ့ပေ။ တစ်လှမ်းချင်း ရှေ့ဆက်သွားနေ၏။ သူ၏ခြေထောက်နှင့် အနက်ရောင် ကျောက်ပြားများကြားရှိ ပွတ်တိုက်မှုကြောင့် ဘောင်းဘီများ စုတ်ပြဲကုန်သည်။ သူ၏ခြေထောက်က သွေးများထွက်လာ၏။ သို့သော်သူက ဘာမှမကြားသည့်သူသဖွယ် ပြုမူလျက် ရှေ့ဆက်သွားလေသည်။

“အရူးပဲ သူတွားသွားတာ ဒီလောက်မြန်နေတာ ခန္ဓာကိုယ်ကိုနားဖို့ သူခွန်အားကို ထိန်းရမယ်ဆိုတာ မသိဘူး သူကမျက်ကန်းလိုပဲ ရှေ့သွားဖို့ပဲသိတာ မကြာခင်မှာ သူသေမှာပဲ ”

“ဟား ဟား သူကတကယ် အရူးတစ်ယောက်ပဲ သူနောက်ထပ် အလွန်ဆုံးမှ အလှမ်းနှစ်ထောင်လောက်ပဲ လှမ်းနိုင်မယ်လို့ လောင်းရဲတယ် ”

“ခြေလှမ်းနှစ်ထောင်တဲ့လား မင်းသူ့ကို အထင်ကြီးလွန်းနေပြီ သူနောက်ထပ် ထောင့်ငါးရာလောက် သွားနိ်ုင်မယ်ဆိုရင် ငါကမစင်သုံးကီလိုလောက် စားပစ်မယ် ”

“ဟား ဟား လောင်းကြရင်ရော ဘယ်လိုလဲ သူကနောက်ထပ် ခြေလှမ်းနှစ်ထောင် လှမ်းနိုင်မယ်ဆိုရင် လောင်းကြေးက ငါးဆတစ်ဆ ထောင့်ရှစ်ရာဆိုရင် သုံးဆတစ်ဆ ခြေလှမ်းထောင့်ငါးရာဆိုရင် နှစ်ဆတစ်ဆပဲ ”

“ကောင်းပြီလေ ခြေလှမ်းထောင့်ငါးရာမှာ ကောင်းကင်ဘုံကျောက်တုံး ငါးဆယ်လောင်းမယ် ”

“... ”

ညာဘက်ခြမ်းရှိ သံမဏိချိန်းကြိုးပေါ်ရှိ လူများက လမ်းလျှောက်တာ အလွန်နှေးကွေးသော်ငြား သူတို့က ဖိအားအနည်းဆုံးဖြစ်သည်။ ထို့ကြောင့် လူအများစုက ရယ်မောပြီး စနောက်နိုင်စွမ်း ရှိသေးသည်။ လူအချို့က လောင်းကြေးထပ်နေကြပြီးဖြစ်သည်။ အများစုကသူ ခြေလှမ်းနှစ်ထောင်ထက် ပိုမသွားနိုင်ဟူ၍ လောင်းကြတာပဲဖြစ်သည်။

ထိုနေရာရှိ စည်ကားနေသော ပတ်ဝန်းကျင်က အလယ်ချိန်းကြိုးတံတားပေါ်ရှိ သခင်လေးများ သခင်မလေးများကို ဆွဲဆောင်လိုက်နိုင်သည်။ ယခင်က ကျန်းရီကို အာရုံမစိုက်ခဲ့သည့်သူများ ဝူနီ၊ ဓားဧကရာဇ်၏မြေး၊ ရှီဖေးနှင့် ကျန်သည့်သူများက သူမည်မျှ ထိန်းထားနိုင်မည်ဆိုတာကို မြင်ရန်အတွက် ကျန်းရီကို ရံဖန်ရံခါ လှည့်ကြည့်ကြတော့သည်။

ကျန်းရီက နားမကြားသူပမာ ပြုမူနေ၏။ သို့တည်းမဟုတ် သူကကျန်သည့်သူများကို အာရုံစိုက်ရန် အင်အားအပို မရှိတော့တာ ဖြစ်နိုင်သည်။

သူ၏ဒူးက တရွတ်တိုက် ဆွဲလုနီးပါး ဖြစ်နေသည်။ ကျောက်ပြားနက်များက သွေးများစွန်းထင်နေပြီး အနီရောင်အရာကြီး ကျန်ရစ်ခဲ့တော့သည်။ သူ၏လက်များကလည်း ကျောက်တံများနှင့် ပွတ်တိုက်မိပြီး ကျောကလည်း မြေပြင်ဆီ ဖိချေခံရလုနီးပါး ဖြစ်နေ၏။ သို့သော်သူက ခေါင်းကို မော့ထားသေးဆဲဖြစ်သည်။ သူ့ရှေ့ရှိလမ်းကြောင်းကို အေးတိအေးစက် ခေါင်းမာမာဖြင့် ကြည့်လျက် ဖြည်းဖြည်းချင်း ရှေ့ဆက်သွားတော့သည်။

ခြေလှမ်းထောင့်လေးရာ

သူက ခရုတစ်ကောင်ကဲ့သို့ နှေးကွေးလာပြီး လူတိုင်းထက် ပိုနှေးသော်ငြား ရှေ့ဆက်သွားနေသေးဆဲဖြစ်သည်။

ဘန်း

ခြေလှမ်းထောင့်လေးရာ့ငါးဆယ် လှမ်းပြီးနောက် ခြေလက်များ ပျော့ခွေလာတော့သည်။ သူကအနက်ရောင် ကျောက်စများပေါ် ပြင်းထန်စွာ ပြုတ်ကျသွား၏။ မျက်လုံးပိတ်လိုက်ပြီး သူက လေရှုသွင်းလိုက်တော့သည်။ လူတိုင်းက သူမလုပ်နိုင်တော့ဟု တွေးမိသည့်အချိန်၌ ငါးမိနစ်ခန့် အနားယူပြီးနောက် သူကထပ်မံ တွားသွားပြန်တော့၏။

ခြေလှမ်းထောင့်ငါးရာပြီးနောက် သူထပ်မလှုပ်ရှားနိုင်တော့ပေ။ ယခုအခေါက်တွင် ဆယ်မိနစ်အနားယူပြီး ဆက်တွားသွား၏။

ခြေလှမ်းထောင့်ငါးရာ့သုံးဆယ်ပြီးနောက် လုံးမဝမလှုပ်နိုင်တော့ဘဲ ဝက်သေပမာ မြေပြင်ပေါ် လဲနေလေ၏။ မျက်လုံးမှိတ်ထားလျက် အသက်ရှုနေသည် ဆိုရုံမျှသာ ရှိတော့သည်။ သူ၏အတွင်း အင်္ဂါများက မကြာမီ ပျက်စီးတော့မည့်ပမာ သူ၏စိတ်ဝိညာဉ်ကလည်း ကျိုးပဲ့တော့မည့်မယောင် သူဆုံးပါးတော့မည်ဟု ခံစားနေရပြီး ဤကဲ့သို့ များပြားသော ဖိအားကို မခံနိုင်တော့ပေ။

နှစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်။

ကျန်းရီက ငြိမ်နေသေးဆဲဖြစ်ပြီး ရှီဖေး၊ ဝူနီနှင့် ကျန်သည့်သူများက သူ့ကိုဂရုမစိုက်တော့ပေ။ ယဉ်ရို့ပင်းနှင့် လင်းရှီယာ့က အနည်းငယ် လှမ်းကြည့်လေ၏။ ပြီးနောက် ဆိုရလျှင် လူသေတစ်ဦးကို ကြည့်စရာ များများစားစားမရှိချေ။ ညာဘက်ခြမ်းရှိ သံမဏိချိန်းကြိုးပေါ်ရှိ လူများစွာကမူ အော်ဟစ်လျက် ငွေစလောင်းသည့် သခင်လေးဆီကို သွားပြောကြတော့သည်။

“အမ် ”

ဆယ်ငါးမိနစ်ခန့် ကြာပြီးနောက် ကျန်းရီကရုတ်တရက် ထထိုင်လိုက်သည်။ သို့သော်သူက ယခုအခေါက်တွင် ရှေ့ဆက်မသွားပေ။ ထိုအစား တင်ပြင်ခွေချိတ် ထိုင်လိုက်တော့၏။ သူက ကျင့်ကြံနေပြီး ပြန်လည်ကုသနေပုံရသည်။

သို့သော် မရေမတွက်နိုင်သည့် လူပေါင်းများစွာကို အံ့သြမှုကြောင့် မျက်လုံးပြုတ်ကျလုနီးပါး ဖြစ်သွားစေသည်က ငါးမိနစ်ခန့် ကြာညောင်းပြီးနောက် ကျန်းရီသည် မျက်လုံးပိတ်လျက်သားဖြင့် လျှောက်နေတာပဲဖြစ်သည်။

သူအမှန်တကယ် မတ်တပ်ထရပ်ခဲ့၏။ ထို့အပြင် သူကအနည်းငယ်မျှတောင် တုန်ယင်နေခြင်း မရှိပေ။ သူထူးဆန်းသော အခြေအနေထဲ ဝင်ရောက်သွားပုံပေါ်ပြီး ယင်းက လူတိုင်းအား တစ်ချက်ကြည့်ပြီးနောက် အကြည့်မလွှဲနိုင် ဖြစ်စေသည်။ ယခုအချိန်တွင် သူက မိုးနှင့်မြေထဲ ပေါင်းစည်းသွားပုံရသည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

လင်းရှီယာ့က ထုတ်ဖော်ပြောလိုက်တော့သည်။ ကျန်းရီသည် ယခင်ကအရှိန်ထက် ပိုမြန်သည့်အရှိန်ဖြင့် ရှေ့ဆက်သွားနေလေရာ လူများစွာက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ သို့သော် ငါးလှမ်းကြာပြီးနောက် သူကခဏရပ်တန့်ပြီး ရှေ့ဆက်သွားသည်။ မျက်တောင်ခတ်စ အနည်းငယ် ကြာရုံမျှဖြင့်သူက ခြေလှမ်းတစ်ရာ လှမ်းခဲ့ပြီးဖြစ်သည်။

“ပါရမီရှင်ပဲ သူကမိုးနှင့်မြေတစ်သားတည်း ပထမအဆင့်ကို တကယ်ဝင်ရောက်သွားတယ် ”

ယဉ်ရို့ပင်း၏ တောက်ပသော မျက်ဝန်းများက မှင်သက်မှု အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။ ကျန်းရီပေါ်၌ ဖြစ်ပျက်နေသည့် အရာကို ဝေဝါးဝါး သဘောပေါက်သည့်သူက သူမတစ်ဦးထဲဖြစ်သည်။ ကျန်းရီသည် မိုးနှင့်မြေ တစ်သားထဲ၏ ပထမအဆင့်သို့ ဝင်ရောက်ပြီး မိုးနှင့်မြေနှင့် ပေါင်းစည်းလိုက်သည့် အချိန်တွင်သာ သူ့ကိုယ်ပေါ်ရှိ ဝန်ထုတ်ဝန်ပိုးကို လျော့ချနိုင်ပြီး ထိုမျှမြန်ဆန်စွာ လျှောက်လှမ်းနိုင်တာပဲဖြစ်သည်။

“အား သူသာ သာမာန် ဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းတဲ့အဆင့်ကို ရွေးချယ်ခဲ့မယ်ဆိုရင် အသက်ရှင်ခွင့် ရှိရုံပဲ နှမြောစရာပဲ ”

မကြာမီ၌ ယဉ်ရို့ပင်း၏ တလက်လက် တောက်ပနေသော မျက်လုံးများက မှိန်ဖျော့သွားတော့သည်။ သူမအမြင်တွင် ကျန်းရီ၏ ရုပ်ခန္ဓာနှင့် ခွန်အားက အားနည်းလွန်း၏။ သူသည် ဖိအားလျော့နည်းစေသော မိုးနှင့်မြေ ပထမအဆင့်ကို ဝင်ရောက်သွားခဲ့လျှင်တောင် သံမဏိ ချိန်းကြိုးတံတားကို ကျော်ဖြတ်နိုင်ရန် နည်းလမ်းမရှိသေးပေ။

ခြေလှမ်းထောင့်ရှစ်ရာ ခြေလှမ်းနှစ်ထောင် ခြေလှမ်းသုံးထောင်။

ကျန်းရီက မျက်လုံးမှိတ်လျက်သားဖြင့် လျှောက်လှမ်းနေသည်။ သူ၏အရှိန်က လူအုပ်ကြီးအတွက် မစစ်မှန်ဟု ထင်မှတ်ရသည်။ နေ့ခင်းကြောင်တောင် သရဲမြင်နေရသည့်ပမာ ခံစားနေရတော့၏။ အချို့ဆိုလျှင် ထိုဘက်က ငရဲအဆင့်ဟုတ်ရဲ့လားဟု သံသယတောင် ဝင်နေကြသည်။

ကံကောင်းသည်မှာ ကျန်းရီသည် တံတား၏ သုံးပုံတစ်ပုံကို ဖြတ်ကျော်သည့်အချိန်၌ နောက်ဆုံးတွင် အရှိန်လျော့သွားတော့သည်။ ထိုသို့တိုင် သူ၏အရှိန်က ရှိနေသေး၏။ အားလုံးအဖို့ စိတ်သက်သာရာ ရသွားစေသည်က ကျန်းရီက ထပ်မံတုန်ယင်လာပြန်၏။ သူ၏အသက်ရှုနှုန်းက မြန်ဆန်လာတော့သည်။ သူ့အတွက် ဖိအားက များလွန်းတာ သိသာနေသည်။

သုံးထောင့်ငါးရာ လှမ်းပြီးနောက် ကျန်းရီက ကျန်သည့်သူများနှင့် တူညီသည့်အရှိန်တွင် ရှိသွားတော့၏။

ခြေလှမ်းလေးထောင် လှမ်းပြီးနောက် ကျန်းရီက ဒူးထောက်လျက် ဖြည်းဖြည်းချင်း တွားသွားပြန်တော့သည်။ သို့သော် မျက်လုံးက မှိတ်ထားလျက်ဖြစ်ကာ အမည်မသိ အရှိန်အဝါက ခန္ဓာကိုယ်တစ်ဝိုက်၌ ထွက်ပေါ်နေပြီး လူအများကို အကြည့်လွှဲရန် ခက်ခဲစေတော့သည်။

“သူက တစ်ခုခုပဲ သူအသက်ရှင်လျက် ထွက်လာနိုင်မယ်ဆိုရင် သူ့ကိုငါတို့ မျိုးနွယ်စုထဲ ခေါ်လို့ရတယ်”

လင်းချီကျန့်က သက်ပြင်းသဲ့သဲ့ ချလိုက်၏။ သို့သော် လင်းရှီယာ့က အတော်မူမမှန်ပုံရသည်။ သူမသည် အစောတုန်းက ကျန်းရီကို အသံကူးပြောင်းခဲ့တာဖြစ်သည်။ သူကတံတားတစ်ဝက်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် သူ့မျိုးရိုးနာမည်ကို သူမယူမည်ဟု ဆိုခဲ့သည်။ သို့သော်ကျန်းရီသည် အလယ်နှင့် ခြေလှမ်းတစ်ထောင်အောက်သာ ဝေးတော့သည်။

ဝူနီနှင့် သူ့အဖွဲ့ကလည်း လှမ်းကြည့်လိုက်၏။ ကျန်းရီက ရှေ့ဆက်သွားနေဆဲ ဖြစ်သော်ငြား သူတို့ကြည့်နေသည့်ပုံအရ ကျန်းရီသည် အားအင်ကုန်ခမ်းသွားပြီဖြစ်ကာ ကူကယ်ရာမဲ့တံတားကို ဘယ်တော့မှ ဖြတ်ကျော်နိုင်တော့မှာ မဟုတ်ပေ။

ခြေလှမ်းလေးထောင့်ငါးရာ လေးထောင့်ရှစ်ရာ။

ကျန်းရီသည် ခရုတစ်ကောင်ပမာ ထပ်မံနှေးကွေးသွားပြန်၏။ သူ၏တစ်ကိုယ်လုံးက ကြမ်းပြင်နှင့် ကပ်လုနီးပါး ဖြစ်နေသည်။ ကြောက်မက်ဖွယ် အကောင်းဆုံးက သူ၏ဒွာရခုနှစ်ပေါက်မှ သွေးများစတင် စီးကျလာတာပဲဖြစ်သည်။ သူကကြောက်မက်ဖွယ်ကောင်းပြီး မြင်မကောင်းဖြစ်နေကာ အချိန်မရွေး သေသွားတော့မည့်မယောင် ဖြစ်နေသည်။

ဟူး ဟူး

ထိုစဉ် ချောက်ကမ်းပါး၏တစ်ဖက်မှ လေသံပေါ်ထွက်လာ၏။ လူတိုင်းက ဖြူရော်သွားပြီး ချက်ချင်း ထိုင်ချလိုက်သည်။ သူတို့အားလုံး၏အကြည့်က ကျန်းရီဆီ ရောက်သွားတော့၏။

လူများစွာက ကျန်းရီသေခါနီးပြီဟု တွေးလိုက်တာပဲဖြစ်သည်။ လေပြင်းမုန်တိုင်းက ချဉ်းကပ်လာသော်ငြား သူကအမည်မသိ အခြေအနေထဲ ဝင်ရောက်နေသေးဆဲဖြစ်နေပြီး ရှေ့သို့ ဖြည်းဖြည်းချင်း တွားသွားနေသေးဆဲဖြစ်သည်။

ဟူး ဟူး

လေကပိုတောင် ကြမ်းလာပြီး သံမဏိချိန်းကြိုးတံတားကလည်း စတင်လှုပ်ခါလာတော့သည်။ လင်းရှီယာ့က ရုတ်တရက် ထအော်လိုက်လေရာ လူများစွာ၏ မျက်လုံးထဲတွင် အထင်သေးမှုများ ပေါ်လာလေ၏။ ကျန်းရီက သံမဏိချိန်းကြိုးတံတားပေါ်မှ ပြုတ်ကျပြီး တလက်လက် တောက်ပနေသော ချော်ရည်နှင့် တိုက်မိသွား၏။

“အား ဘုရားရေ ဘာမြင်လိုက်တာပါလိမ့် ”

လင်းရှီယာ့နှင့် ယဉ်ရို့ပင်းတို့က မျက်လုံးမှိတ်လိုက်မိသည်။ သို့သော် အကြောက်တရားတို့က ထင်းကနဲပေါ်ထွက်လာလျက် နှစ်ယောက်သားက အလိုလို တုန်ယင်သွားကြသည်။ လူများစွာက သူတို့တစ်ဘဝတာ မှတ်မိနေနိုင်မည့် ပုံရိပ်တစ်ခုကို ကြည့်ရန်အတွက် ချော်ရည်ထဲ ငုံ့ကြည့်လိုက်ကြသည်။

***

All Chapters