အခန်း (၁၂၂၉-၁၂၃၁)
Vol. 84 Ch. 1229-1231
အခန်း (၁၂၂၉) ဟန်ချက်ထိန်းယာဉ်
သူတို့နှစ်ဦး အတန်ကြာအောင် ဆက်လက်စကားပြောဖြစ်ကြသည်။ လီတာဖူ ပြန်ခါနီးတွင် ဖုန်းယွီသည် အခြားသော ထုတ်ကုန်တစ်ခုကို ရုတ်တရက် သတိရသွားပြန်သည်။ ထိုပစ္စည်းသည် အရင်ဘဝက အလွန်ရေပန်းစားခဲ့သော်လည်း ဈေးကွက်အများစုကို ပြည်ပသွင်းကုန်များကသာ ကြီးစိုးထားခဲ့ခြင်း ဖြစ်သည်။
အရေးကြီးသည်မှာ ဤထုတ်ကုန်သည် အသုံးချနိုင်စွမ်း အလွန်ကျယ်ပြန့်လှသည်။ အရပ်ဘက်သုံးတင်မကဘဲ စစ်ဘက်၊ ရဲဘက် စသည်တို့တွင်လည်း အသုံးပြုနိုင်သည့် "လျှပ်စစ်ဟန်ချက်ထိန်းယာဉ်"ပင် ဖြစ်သည်။
လျှပ်စစ်ဟန်ချက်ထိန်းယာဉ်ကို ယေဘုယျအားဖြင့် ဘီးတစ်ဘီးတပ်နှင့် ဘီးနှစ်ဘီးတပ်ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ဤယာဉ်ကို "ခန္ဓာကိုယ်အာရုံခံယာဉ်"ဟုလည်း ခေါ်ကြသည်။ ၎င်း၏ အဓိကနိယာမမှာ "ရွေ့လျားဟန်ချက်ညီမှု"ဖြစ်ပြီး ဂျင်၏ လည်ပတ်ပုံမှ စိတ်ကူးရခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အမြင်အားဖြင့် တည်ငြိမ်သော ထောက်တိုင်မပါသော်လည်း လဲကျမသွားပေ။
ဤဟန်ချက်ထိန်းယာဉ်ထဲတွင် ဂျိုင်ရိုစကုပ်နှင့် အရှိန်နှုန်းအာရုံခံကိရိယာတို့ကို အသုံးပြုရသည်။ ယာဉ်၏ ကိုယ်ဟန်အနေအထား ပြောင်းလဲမှုအပေါ် မူတည်၍ ဆာဗိုထိန်းချုပ်မှုစနစ်ကို အသုံးပြုကာ မော်တာကို ချိန်ညှိမောင်းနှင်ပြီး ဟန်ချက်ထိန်းခြင်းနှင့် ရှေ့သို့သွားခြင်းတို့ကို လုပ်ဆောင်ခြင်း ဖြစ်သည်။
မူလက အပန်းဖြေကစားစရာ ထုတ်ကုန်အဖြစ် သုတေသနပြုခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးယာဉ် အမျိုးအစားသစ်တစ်ခု ဖြစ်လာခဲ့ပြီး နည်းပညာဆန်းသစ်မှု အပြည့်ရှိနေသည်။ လူ၏ ခန္ဓာကိုယ်အလေးသာမှုကို ပြောင်းလဲပေးရုံဖြင့် အရှိန်မြှင့်ခြင်း၊ အရှိန်လျှော့ခြင်း၊ စတင်ခြင်းနှင့် ရပ်တန့်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
ဤစိတ်ကူးကို စတင်တင်ပြစဉ်က "အဆင့်မြင့်နည်းပညာဆန်း" တစ်ခုအဖြစ်ပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ဤနှစ်များအတွင်း နိုင်ငံအသီးသီးသည် ဘီးနှစ်ဘီးတပ် လျှပ်စစ်ဟန်ချက်ထိန်းယာဉ်ငယ်များကို ဆက်တိုက် သုတေသနပြုနေကြရာ ဤစီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ရိုဘော့နည်းပညာ သုတေသန၏ အဓိကအချက်အချာတစ်ခု ဖြစ်လာခဲ့သည်။ အမေရိကန်၊ ဂျပန်၊ ပြင်သစ်နှင့် ဆွစ်ဇာလန်တို့က ဦးဆောင်နေပြီး ရုရှားနှင့် ဂျာမနီတို့ပင် နောက်ကျကျန်နေသည့် အနေအထားဖြစ်သည်။
လွန်ခဲ့သည့်နှစ်တွင် "ဆက်ဂဝေး"(ဘီးနှစ်လုံးတပ်ထားပြီး ဘက်ထရီဖြင့် မောင်းနှင်သော လူတစ်ယောက်စီး လျှပ်စစ်ယာဉ်)တစ်မျိုး ဖြစ်သည်။ ထွက်ပေါ်လာခဲ့ပြီးနောက် လျင်မြန်စွာ လူကြိုက်များလာခဲ့ကာ အရပ်ဘက်သုံးမှ စစ်ဘက်သုံးအထိ ကူးပြောင်းသွားခဲ့သည်။ ဤယာဉ်သည် ကွေ့ပတ်ရန် နေရာလွတ် လုံးဝမလိုသလောက်ဖြစ်သဖြင့် ကျဉ်းမြောင်းသော နေရာများတွင် အသုံးပြုရန် အလွန်သင့်တော်သည်။ အရေးကြီးဆုံးမှာ ၎င်းကို လမ်းကြောင်းရှာဖွေသည့် အဝေးထိန်းရိုဘော့အဖြစ်လည်းကောင်း၊ ကင်မရာများနှင့် ပေါင်းစပ်လိုက်လျှင် အလွန်ကောင်းမွန်သော ကင်းထောက်စစ်သည်အဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။
နောင်တွင် ဗုံးရှင်းလင်းရေးရိုဘော့များစွာသည်လည်း ဤနည်းပညာကို အသုံးပြုခဲ့ကြသည်။ နေရာဒေသနှင့် မြေမျက်နှာသွင်ပြင်အလိုက် အသုံးပြုနိုင်သော သံမဏိကြိုးပတ်ရိုဘော့ စသည်တို့လည်း ရှိကြသေးသည်။
သိပ္ပံပညာရှင်များကပင် ဤနည်းပညာကို အာကာသစူးစမ်းလေ့လာရေးတွင် အသုံးပြုနိုင်ပြီး သံမဏိကြိုးပတ်ရိုဘော့များထက် ပို၍အားသာချက်ရှိကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ ဦးတည်ချက်တစ်ခုဖြစ်ကြောင်း ယူဆခဲ့ကြသည်။
တရုတ်နိုင်ငံသည်လည်း ဤနည်းပညာကို သဘာဝကျကျ သုတေသနပြုနေပြီ ဖြစ်သည်။ ၎င်းတို့အထဲတွင် ဟွာချင်းတက္ကသိုလ်က ရှေ့ဆောင်နေပြီး အခြားတက္ကသိုလ်အချို့လည်း ပါဝင်သည်။
အမှန်စင်စစ် တရုတ်ပညာရှင်များ၏ အဆင့်အတန်းမှာ အလွန်အမင်း နောက်ကျကျန်နေခြင်းမျိုး မဟုတ်သော်လည်း တစ်ဦးနှင့်တစ်ဦး သီးခြားစီ လုပ်ဆောင်နေကြပြီး မိမိတို့ဘာသာ ဦးစွာအောင်မြင်အောင် လုပ်ဆောင်ကာ နာမည်နှင့် အကျိုးအမြတ် ရရှိလိုကြခြင်း ဖြစ်သည်။
အကယ်၍ ဤပညာရှင်များ ပေါင်းစည်းလိုက်မည်ဆိုပါက သုတေသနအရှိန်မှာ သေချာပေါက် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ သုတေသနရန်ပုံငွေ လုံလောက်ရန်လည်း လိုအပ်သည်။
ကမ္ဘာ့အဆင့်မြင့် နည်းပညာဖြစ်လေလေ၊ လိုအပ်သည့် သုတေသနရန်ပုံငွေမှာ မြင့်မားလေလေ ဖြစ်သည်။ တရုတ်နိုင်ငံသည် တိကျစက်ကိရိယာပိုင်းတွင် ဒုတိယတန်းစားအဆင့်မှာသာ ရှိသေးသဖြင့် ဂျိုင်ရိုစကုပ် နည်းပညာမှာပင် လိုအပ်ချက်ကို မမီသေးပေ။
နောင်တွင် ပေါ်ထွက်လာမည့် ပြည်တွင်းဖြစ်ဟု ဆိုကြသော လျှပ်စစ်ဟန်ချက်ထိန်းယာဉ် အများစုမှာ အဓိကအစိတ်အပိုင်းများကို ဂျပန် သို့မဟုတ် အမေရိကန်မှ တင်သွင်းရခြင်းဖြစ်ပြီး ၎င်းတို့မှာ တပ်ဆင်ခြင်းနှင့် တံဆိပ်ကပ်ခြင်းတို့ကိုသာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။
ရှေးယခင်ကတည်းက အဓိကနည်းပညာကို လက်ဝယ်ရှိထားသူသည်သာ ဦးဆောင်မှု၊ ပြောဆိုခွင့်နှင့် အမြတ်ခွဲဝေခွင့်တို့ကို ရရှိတတ်စမြဲ ဖြစ်သည်။ ဆိုလိုသည်မှာ သင်က မည်မျှပင် များများရောင်းရပါစေ အမြတ်အများစုမှာ သူတစ်ပါးထံသို့ ရောက်သွားပြီး သင်ကမူ စွန့်စားရမှုများကိုသာ ပို၍တာဝန်ယူရမည် ဖြစ်သည်။
ဖုန်းယွီ့အတွက် အမှတ်ရစရာ အကောင်းဆုံးမှာ အမေရိကန်၏ဆက်ဂဝေး ဟန်ချက်ထိန်းယာဉ်ပင် ဖြစ်သည်။ ပေကျင်းအိုလံပစ်ကာလအတွင်း ရုပ်သံများတွင် အမြောက်အမြား တွေ့မြင်ခဲ့ရပြီးနောက် လုံခြုံရေးဌာနအသီးသီးက အကြီးအကျယ် ဝယ်ယူခဲ့ကြရာ အမေရိကန်များ အမြတ်အစွန်းကြီးစွာ ရရှိသွားခဲ့ကြသည်။
ဤနည်းပညာကို ဖုန်းယွီကိုယ်တိုင် စမ်းသပ်ကြည့်လိုသည်။ ပင်းချန် စက်မှုကုန်ထုတ်လုပ်ငန်းစု၏ စွမ်းဆောင်ရည်အရ လောလောဆယ်တွင် မမီသေးပေ၊ အကြောင်းမှာ ဤနယ်ပယ်မှ ပညာရှင်များ မရှိသေးခြင်းကြောင့် ဖြစ်သည်။
သို့သော် တက္ကသိုလ်များနှင့် ပူးပေါင်း၍ ရသည်မဟုတ်ပါလား။ တက္ကသိုလ်ပါမောက္ခများနှင့် ဓာတ်ခွဲခန်းများကို ထောက်ပံ့ရန်ပုံငွေ ပေးအပ်ပြီး သုတေသနရလဒ်ကို တက္ကသိုလ်နှင့်အတူ မျှဝေခံစားလျှင် ရပေသည်။
ဘာပဲဖြစ်ဖြစ် ဖုန်းယွီက ဤနည်းပညာကို ထုတ်ကုန်အဖြစ် အသုံးချပြီး အမြတ်အစွန်း ရယူလိုခြင်းဖြစ်ပြီး၊ ထိုတက္ကသိုလ်များကမူ ငွေကြေးအပြင် နာမည်ဂုဏ်သတင်းနှင့် တာဝန်ကျေပွန်မှုအတွက် လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ၎င်းတို့အနက် အချို့မှာ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေကြခြင်းလည်း ဖြစ်သည်။
နိုင်ငံတော်က ၎င်းတို့ကို တာဝန်ပေးသော်လည်း ငွေကြေးအလုံအလောက် မပေးနိုင်ပေ။ ဆိုလိုသည်မှာ မြင်းကို အပြေးမြန်စေချင်သော်လည်း မြက်ကိုတော့ ဝအောင်မကျွေးနိုင်ခြင်းပင်။ ဤသည်မှာ တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေ မြင့်မားခြင်းမရှိသေးခြင်းနှင့်လည်း သက်ဆိုင်နေသည်။
နောက်ထပ် ဆယ်နှစ်၊ ရှစ်နှစ်ခန့် ကြာလျှင်မူ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုမှာ ပိုမိုများပြားလာလိမ့်မည်။ အထက်လူကြီးများက ဤအချက်ကို မမြင်ခြင်းမဟုတ်ဘဲ အသုံးပြုရမည့် နေရာများလွန်းသဖြင့် ဦးစားပေးအလိုက် လုပ်ဆောင်နေရခြင်းသာ ဖြစ်သည်။
"မန်နေဂျာလီ... ပြည်တွင်းမှာ ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်ပညာရှင်တွေက ဒီဟန်ချက်ထိန်းယာဉ်ကို သုတေသနလုပ်နေလဲဆိုတာ သွားစုံစမ်းကြည့်လိုက်ပါ။ ပြီးရင် သူတို့ကို ထောက်ပံ့ကြေးပေးပြီး ဒီနည်းပညာ အသုံးပြုခွင့်ကို ငါတို့ ဝယ်ယူရမယ်"
"ဟန်ချက်ထိန်းယာဉ်လား။ မန်နေဂျာဖုန်း... အဲဒါက သိပ်ပြီး အသုံးမဝင်သလိုပဲနော်။ စကူတာနဲ့လည်း သိပ်မထူးခြားဘဲ စျေးကလည်း ပိုကြီးဦးမယ်။ ပြီးတော့ ပိုပြီးတော့လည်း လေးလံတာမို့ အသုံးချတဲ့နေရာမှာ ကျဉ်းကျဉ်းလေးပဲ ဖြစ်မှာပါ"
"အသုံးချတဲ့နေရာ ကျဉ်းတယ်ဆိုတာက အသုံးချရမယ့် နေရာကို မရှာတတ်သေးလို့ပါ။ စဉ်းစားကြည့်ပါဦး... ရဲတွေ ကင်းလှည့်တဲ့အခါ၊ အထူးသဖြင့် လူစည်ကားတဲ့ နေရာတွေမှာ လုံခြုံရေးယူတဲ့အခါ သူတို့က မြင့်မြင့်မတ်မတ် ရပ်နေနိုင်မှ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်ရမှာ မဟုတ်လား။ နောက်ပြီး စက်ရုံတွေ၊ စူပါမားကတ်တွေမှာ ကင်းလှည့်တာမျိုးမှာလည်း ဒါကို သုံးလို့ရတယ်။ ဒါဟာ သွားလာရေးယာဉ်အဖြစ်လည်း သုံးလို့ရတယ်၊ နည်းနည်းလေး လေ့ကျင့်လိုက်ရင် စီးတတ်သွားလိမ့်မယ်၊ အရမ်းလွယ်ပါတယ်"
"ဒါပေမဲ့ ဒါက လက်ကိုင်ဖမ်းစရာ မပါဘူးလေ၊ ကျွန်တော်တို့ လက်ကိုင်တစ်ခု ထည့်ပေးလိုက်မလား”
"ရတယ်၊ ဒါပေမဲ့ လက်ကိုင်မပါရင်တောင် တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဥပမာ... ကြိုးတစ်ချောင်းကို ဖြတ်သွယ်ထားပြီး လက်နဲ့ အဲဒီကြိုးကို ဆွဲထားရုံနဲ့ ဟန်ချက်ထိန်းလို့ ရတာမျိုးပေါ့"
အရင်ဘဝက ဖုန်းယွီသည် ဤကဲ့သို့ ဟန်ချက်ထိန်းယာဉ်မျိုးကို စီးဖူးသည်။ လက်ကိုင်ကြိုးကို သုံးပြီးမှသာ နောက်သို့ မှီလိုက်လျှင်(ဘရိတ်အုပ်လျှင်) မလဲဘဲ နေခြင်းဖြစ်သည်။ ကြိုးပါလျှင် များစွာ ပိုမိုလွယ်ကူသွားသည်။ အတန်ကြာ စီးတတ်သွားလျှင်မူ ကြိုးကို ဖြုတ်ပစ်၍ ရပြီဖြစ်သည်။
လက်ကိုင်ထည့်ပေး၍ ရသော်လည်း လက်ကိုင်ပါရှိခြင်းက လူများ ယာဉ်ပေါ်မှ ဆင်းသည့်အခါ နောက်ဘက်သို့သာ ဆင်းနိုင်ပြီး ရှေ့သို့ ဆင်း၍မရသဖြင့် ရုတ်တရက် ဖြစ်ရပ်များတွင် တုံ့ပြန်မှုအရှိန်ကို နှောင့်နှေးစေနိုင်သည်။
ကြိုးတစ်ချောင်း သုံးမယ်ဟုတ်လား။ လီတာဖူက သူ၏ စိတ်ကူးထဲတွင် ပုံဖော်ကြည့်လိုက်ရာ မြင်းစီးရင်း ဇက်ကြိုးကို ဆွဲထားရသလိုမျိုး ခံစားလိုက်ရသည်။
သူသည် အဆင်ပြေ၊ မပြေကို မသိသော်လည်း နောက်မှပင် လူတစ်ယောက်ကို စမ်းသပ်ခိုင်းရမည်ဟု တွေးလိုက်သည်။ သို့သော် လောလောဆယ်တွင် အရေးကြီးဆုံးမှာ ကုမ္ပဏီမှတစ်ဆင့် ထိုသုတေသန ပညာရှင်များကို ဆက်သွယ်ရန်နှင့် ရန်ပုံငွေထုတ်ပေးကာ သုတေသနအရှိန်ကို မြှင့်တင်ရန်ပင် ဖြစ်သည်။
အင်း... ဓာတ်ခွဲခန်း အချို့ကိုပါ ထောက်ပံ့ပေးပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖလှယ်ခိုင်းရမည်။ ဒါမှသာ ပိုမြန်မည်ဖြစ်ပြီး လျှို့ဝှက်ထားနေ၍ မဖြစ်ပေ။
အကယ်၍ ငွေကြေးနှင့် မဆွဲဆောင်နိုင်ပါက နိုင်ငံတော်နှင့် လူမျိုးရေးတာဝန်များဖြင့် ဖိအားပေးရမည်။ ကိုယ့်အိမ်တွင်းမှာပဲ ဗိုလ်ကျနေလို့ ဘာထူးမှာလဲ၊ ငါတို့ရဲ့ ပန်းတိုင်က နိုင်ငံခြားသားတွေကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်ဆုံးမှာ ရပ်တည်ဖို့ ဖြစ်ရမယ်။
ဤစကားမှာ မန်နေဂျာဖုန်းက သူတို့ကို အမြဲတမ်း သင်ကြားပေးလေ့ရှိသည့် စကားဖြစ်ပြီး သုတေသန ပညာရှင်များကို ကိုင်တွယ်ရာတွင် အလွန်ပင် ထိရောက်လှသည်။
လူကြီးအချို့မှာ ငွေကို ဂရုမစိုက်သော်လည်း နာမည်ဂုဏ်သတင်းကိုမူ ဂရုစိုက်ကြသည်။ အားလုံးက ထူးချွန်ချင်ကြသော်လည်း နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားရှေ့မှောက်တွင်မူ ၎င်းတို့ လက်ခံလာကြရမည်သာ ဖြစ်သည်။
"ဒါနဲ့... ငါတို့ရဲ့ လျှပ်စစ်စက်ဘီးတွေကိုလည်း ခေါက်လို့ရတဲ့ အမျိုးအစားတွေ ထုတ်ဖို့လိုတယ်။ ပြီးတော့ ငါတို့ရဲ့ ခေါက်စက်ဘီးနည်းပညာကို တခြားစက်ရုံတွေကို လိုင်စင်ထုတ်ပေးပြီး စက်ဘီးတွေ ထုတ်ခိုင်းလို့ရတယ်။ ပစ္စည်းကောင်းရင် စျေးကြီးတာ မကြောက်နဲ့၊ ငါတို့ ထုတ်ကုန်က ကမ္ဘာ့နံပါတ်တစ် ဖြစ်နေသရွေ့ သူများထက် နည်းနည်းလေးပဲ သာနေပါစေဦး၊ စျေးနှုန်းက နှစ်ဆလောက် ပိုနေရင်တောင် ဝယ်မယ့်သူ ရှိမှာပဲ"
ဖုန်းယွီနှင့် လီတာဖူတို့ ဆက်လက်ဆွေးနွေးနေစဉ် ကီရီလန်ကိုဆီမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်ရှိလာလေသည်။
...
******
အခန်း (၁၂၃၀) ထောင်လွှားလွန်းသော ညီလေးကီ
ကီရီလန်ကိုက ဖုန်းယွီကို ဖုန်းဆက်လာခြင်းမှာ NBA ဖိုင်နယ်ပွဲစဉ်များ စတင်တော့မည်ဖြစ်၍ ဖုန်းယွီအား သူ၏အသင်းကို လာရောက်အားပေးရန် သတိပေးခြင်းပင် ဖြစ်သည်။
ယခင်က ဖုန်းယွီ၏အသင်း ကစားစဉ်ကလည်း ကီရီလန်ကို ကိုယ်တိုင်လာရောက် အားပေးခဲ့ဖူးရာ ယခုတစ်ကြိမ်တွင် Nets အသင်း ဖိုင်နယ်သို့ တက်လှမ်းနိုင်သည့်အခါ ဖုန်းယွီအနေဖြင့် မသွားဘဲ မနေနိုင်တော့ပေ။
ယခုလက်ရှိ Netsအသင်း၏ လူစာရင်းမှာ ဖုန်းယွီ၏ အရင်ဘဝကထက် ပိုမိုတောင့်တင်းလှသည်။ အရင်ဘဝတွင် လူသစ်များဖြင့်သာ ဂျေဆန်ကစ်၏ ဦးဆောင်မှုအောက်တွင် ပျမ်းမျှရမှတ် ၁၅ မှတ်ထက် ကျော်သူတစ်ဦးမျှ မပါဘဲ ဖိုင်နယ်သို့ တက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုဘဝတွင်မူ အသင်း၏ ကြယ်ပွင့်ကစားသမားများမှာ ပိုမိုအစွမ်းထက်လာသလို အမာခံ ကစ် မှာလည်း ပို၍တော်လာသည်။ ထို့ကြောင့် Netsအသင်းအနေဖြင့် ချန်ပီယံဆုကို ရယူနိုင်လိမ့်မည်ဟု ဖုန်းယွီ ယုံကြည်နေသည်။
ယခုနှစ်တွင် Netsအသင်းသည် ပုံမှန်ပွဲစဉ်များတွင် ရလဒ် ပိုကောင်းခဲ့သဖြင့် ပထမဆုံး အိမ်ကွင်းပွဲစဉ်ကို နက်စ်ကွင်း၌ပင် ကစားရမည်ဖြစ်သည်။ ဖုန်းယွီသည် နယူးယောက်သို့ လေယာဉ်ဖြင့် ပျံသန်းလာပြီးနောက် ဒရိုင်ဘာကို နယူးဂျာစီသို့ မောင်းခိုင်းလိုက်သည်။ အမှန်စင်စစ် မြစ်ကူးတံတားကို ဖြတ်ကျော်ရုံသာဖြစ်ပြီး ကားမောင်းလျှင် နှစ်နာရီပင် မကြာပေ။
"ဟိုး... Lakersအသင်းက အရှိန်အဟုန် တော်တော်ကောင်းနေတာပဲ။ ကြည့်ပါဦး... လေကာပရိသတ်တွေ အများကြီး လာကြတာပဲ" ဖုန်းယွီက ကွင်းအတွင်းကို ကြည့်ရင်း ပြောလိုက်သည်။ Netsအသင်း၏ အဖြူရောင်ပင်လယ်ကြီးထဲတွင် ခရမ်းရောင်နှင့် ရွှေရောင်ဝတ်စုံများ ဝတ်ဆင်ထားသူများမှာ အလွန်ပင် သိသာထင်ရှားနေသည်။
ကီရီလန်ကိုက ဒေါသတကြီးဖြင့် ပြောသည်။ "လက်မှတ်တွေကို ဘယ်လိုရောင်းလိုက်တာလဲ၊ လော့စ်အိန်ဂျလိစ်သားတွေ ဒီလောက်အများကြီး ဘယ်လိုလုပ် ဝယ်သွားနိုင်တာလဲ။ ဖုန်း... မင်းကို ပြောတာ မဟုတ်ဘူးနော်၊ မင်းကတော့ ငါကိုယ်တိုင် ဖိတ်ထားတာ"
ဖုန်းယွီက မျက်လုံးလေးကလယ်ကလယ်ဖြင့် "မင်း မေ့နေတာလား၊ လေကာအသင်းရဲ့ အိမ်ကွင်းမှာ ငါ့ရဲ့ရှယ်ယာတွေ ပါတယ်လေ။ ဒါကြောင့် မင်းသာ ဆန္ဒရှိမယ်ဆိုရင် ဟိုဘက်ကွင်းရောက်ရင်လည်း ငါ မင်းအတွက် စီစဉ်ပေးလို့ရပါတယ်။ အားလုံး စုစုစည်းစည်း ထိုင်ရအောင် လုပ်ပေးလိုက်ရင် ပိုပြီးတော့တောင် ဂုဏ်ရှိဦးမယ်"
"ဟားဟားဟား... ကောင်းပြီ၊ အဲဒီအတိုင်းပဲ လုပ်မယ်။ တကယ်ဆို လက်မှတ်တွေ အကုန်လုံးကို ဝယ်ပစ်လိုက်တာ ပိုကောင်းမယ်၊ ငါ ကြည့်စေချင်တဲ့လူပဲ ကြည့်ရမယ်လေ" ကီရီလန်ကိုက တဟားဟား ရယ်မောရင်း ပြောသည်။
"အဲဒါတော့ မဖြစ်နိုင်ဘူးလေ၊ ကြိုတင်ဝယ်ထားတဲ့လူတွေ ရှိနေတာ မေ့နေလား။ အခု ကျန်တဲ့လက်မှတ်ကလည်း သိပ်အများကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါ လော့စ်အိန်ဂျလိစ်မှာလေ၊ ငါ ရဲလ်ဖ်ကို ဖုန်းဆက်ပြီး အတတ်နိုင်ဆုံး စီစဉ်ခိုင်းလိုက်ပါ့မယ်"
နယူးယောက်ရှိ လက်မှတ်စျေးနှုန်းမှာ ပျမ်းမျှ ဒေါ်လာ ၈၀ ဝန်းကျင် ရှိသော်လည်း နယူးဂျာစီတွင်မူ ကာတာ မလာခင်က ပျမ်းမျှစျေးနှုန်းမှာ ဒေါ်လာ ၂၀ ပင် မပြည့်ပေ။ ကာတာ ရောက်လာပြီးနောက်မှသာ စျေးနှုန်းမှာ နှစ်ဆတက်လာခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် နယူးယောက်နှင့် နှစ်နာရီခရီးပင် မဝေးသဖြင့် ဤကွာခြားချက်က ကီရီလန်ကိုအား အတော်လေး ဒေါသထွက်စေသည်။
လော့စ်အိန်ဂျလိစ်ရှိ လက်မှတ်စျေးနှုန်းမှာ နယူးယောက်လောက် မကြီးသော်လည်း လေကာအသင်းဖြစ်စေ၊ ဖုန်းယွီအသင်းဖြစ်စေ ပျမ်းမျှစျေးနှုန်းမှာ ဒေါ်လာ ၆၀ ကျော်ရှိပြီး နယူးဂျာစီထက်ပင် ပို၍ရောင်းသွက်လှသည်။
ဤပွဲတွင် Netsအသင်း၏ ပွဲထွက်လူစာရင်း ပြောင်းလဲသွားပြီး ဘာတဲမှာ ပွဲထွက်စာရင်းတွင် ပါဝင်လာသည်။ သူ၏ တာဝန်မှာ ငါးမန်းကြီးကို အသေအလဲ တားဆီးရန် ဖြစ်သည်။ ဂါဆောမှာမူ သူ၏ ရှည်လျားသော လက်တံများနှင့် လျင်မြန်သော ခြေလှမ်းများကို အသုံးပြုကာ ဝိုင်းဝန်းခုခံပေးရမည် ဖြစ်သည်။
အလယ်နေရာတွင် လေကာက သာသော်လည်း၊ PFနေရာတွင် Netsက သာသည်။ SFနှင့် SGနေရာများတွင်မူ နှစ်သင်းစလုံး မတိမ်းမယိမ်း ရှိကြပြီး၊ PG (ပွိုင့်ဂတ်) နေရာတွင်မူ ကစ်မှာ လောလောဆယ် လိဂ်၏ နံပါတ်တစ် ဖြစ်သည်။
လူစားလဲကစားသမား အနေဖြင့်လည်း နှစ်သင်းစလုံး ကွာခြားချက် သိပ်မရှိလှပေ။ Netsအသင်းက ပို၍ ငယ်ရွယ်ပြီး တိုက်စစ်အား ပိုကောင်းသလို၊ လေကာအသင်းကမူ အတွေ့အကြုံ ပိုမိုရင့်ကျက်သည်။
သို့သော် ကီရီလန်ကိုအား ဒေါသထွက်စေသည့် အချက်မှာ ဘတ်စကက်ဘော ဝေဖန်ရေးသမားများနှင့် မီဒီယာများက လေကာအသင်း ချန်ပီယံဆုကို ကာကွယ်နိုင်လိမ့်မည်ဟု တညီတညွတ်တည်း ထင်ကြေးပေးနေကြခြင်း ဖြစ်သည်။ Netsအသင်းကို ထောက်ခံသူ အနည်းငယ်မှာမူ စကားပင် ပြောခွင့်မရကြပေ။
"ဒီ အမေရိကန်ကောင်တွေ ဘာသိလို့လဲ။ ငါ့ရဲ့ ဒီအသင်းက ငွေပုံအောပြီး တည်ဆောက်ထားတာလို့ မပြောနိုင်ပေမဲ့ အတော်လေးတော့ အားစိုက်ထားရတာ။ မင်းတို့က နက်စ်ကို အထင်သေးနေရင် ငါကပဲ ဒီနှစ် Netsကို ချန်ပီယံ ဖြစ်စေရမယ်!"
"ဖုန်း... မင်းရော ဘယ်လိုထင်လဲ၊ ငါတို့ ဒီနှစ် ချန်ပီယံဆု ရနိုင်ပါ့မလား" ကီရီလန်ကိုက ရုတ်တရက် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးသွားသလို မေးလိုက်သည်။
ပွဲစသည်နှင့် တစ်ပြိုင်နက် ငါးမန်းကြီးသည် လျင်မြန်စွာ လှည့်ထွက်ပြီးနောက် တစ်ဖက်ကွင်းထဲသို့ ပြေးဝင်ကာ ဘောလုံးကို အားပြင်းပြင်းဖြင့် Dunkသွင်းလိုက်လေသည်။
"လူတစ်ယောက်တည်း ဂိုးသွင်းနေရုံနဲ့ အနိုင်ရဖို့ ခက်ပါတယ်။ ဒီဝတုတ်ကြီးက ၅၀ မှတ်လောက် သွင်းနိုင်ရင်တောင် တခြားလူတွေ ရမှတ်နည်းနေသရွေ့ နက်စ်က အနိုင်ရမှာပဲ။ ပြီးတော့ မမေ့နဲ့ဦး... ဒီဝတုတ်ကြီးက အရမ်းဝလွန်းတယ်၊ ကိုယ်အလေးချိန်များတော့ လူလည်း အရမ်းပင်ပန်းတယ်။ သူက မိနစ် ၃၀ လောက်တော့ အစွမ်းပြနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ မိနစ် ၄၀ ကျော်သွားရင်တော့ သူ့ရဲ့ စွမ်းဆောင်ရည်က တဖြည်းဖြည်း ကျဆင်းလာမှာပဲ" ဖုန်းယွီက သုံးသပ်ပြသည်။
ပြောနေရင်းမှာပင် ကစ်က သုံးမှတ်တန် ဂိုးတစ်ဂိုးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ ယခုအချိန်တွင် ကစ် ၏ ဂိုးသွင်းစွမ်းရည်မှာ ထိုမျှ မဆိုးသေးပေ။ ကစ် မှာလည်း အားခဲထားခြင်း ဖြစ်သည်။ အသင်းက နှစ်နှစ်ဆက်တိုက် ရှုံးထွက်ဇုန်ထဲ ရောက်နေခဲ့ရသဖြင့် သူ အတော်လေး စိတ်ကုန်နေခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရာသီတွင် သူသည် All-Star ပွဲစဉ်များသို့ပင် ပါဝင်ခွင့် မရခဲ့ပေ။ ထို့ကြောင့် သူသည် လိဂ်၏ နံပါတ်တစ် ပွိုင့်ဂတ် ဖြစ်ကြောင်းနှင့် သူကိုယ်တိုင်လည်း ဂိုးသွင်းနိုင်ကြောင်းကို ပရိသတ်များနှင့် ဝေဖန်ရေးသမားများကို သက်သေပြလိုနေသည်။
နှစ်ဖက်အသင်းမှာ အပြန်အလှန် ဂိုးသွင်းနေကြရာ လေကာအသင်းဘက်မှ ငါးဦးစလုံး ဂိုးသွင်းယူထားနိုင်သော်လည်း Netsအသင်းဘက်မှ ပွဲထွက်စင်တာ ဘာတဲမှာမူ တစ်မှတ်မျှ မရသေးပေ။ သူ ကန်သွင်းရန် တစ်ကြိမ် ကြိုးစားသော်လည်း ငါးမန်းကြီး၏ ပိတ်ဆို့မှုကြောင့် ဘောလုံးမှာ ကွင်းပြင်သို့ ထွက်သွားခဲ့သည်။
သို့သော် ဘာတဲ၏ တာဝန်မှာ လူကပ်ကာကွယ်ရန်သာ ဖြစ်သည်။ Netsအသင်းက လေးယောက်ပဲ ဂိုးသွင်းနိုင်ရင်တောင် လေကာအသင်း ငါးယောက် ဂိုးသွင်းတာနဲ့ ရမှတ်ချင်း မတိမ်းမယိမ်း ဖြစ်နေသည် မဟုတ်ပါလား။ ရှစ်မိနစ်ပင် မပြည့်သေးသော်လည်း ဘာတဲ အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။ သို့သော် လက်ရှိ ကမ္ဘာ့အကောင်းဆုံး စင်တာဟု သတ်မှတ်ထားသည့် ငါးမန်းကြီးလည်း သေချာပေါက် ပင်ပန်းနေလိမ့်မည်ဟု သူယုံကြည်သည်။ ထိုသို့ဆိုလျှင် သူ၏တာဝန်မှာ ပြီးမြောက်ပြီ ဖြစ်သည်။
ဖုန်းယွီက ဟိုကြည့်သည်ကြည့် လုပ်နေသဖြင့် ကီရီလန်ကိုက သိချင်စိတ်ဖြင့် မေးသည်။ "မင်း ဘယ်သူ့ကို ရှာနေတာလဲ"
"ပေါလ်အယ်လန် မလာဘူးလား။ ဒီတစ်ခါ သူ မင်းနဲ့ မလောင်းဘူးလား" ဖုန်းယွီက မေးလိုက်သည်။ ထိုလူကြီး ရှုံးသွားမှာကို ကြောက်နေတာလား။
"သူ ငါနဲ့ လောင်းတာပေါ့၊ ဒါပေမဲ့ လူချင်းလာတွေ့ဖို့တော့ မရဲဘူး၊ ရှုံးရင် အရှက်ကွဲမှာ ကြောက်လို့နေမှာ။ အခု သူ တီဗွီကနေ ကြည့်နေမှာပါ၊ ခဏနေ ကင်မရာက ငါတို့ဘက် လှည့်လာရင် ငါ သူ့ကို လှမ်းနှုတ်ဆက်လိုက်ဦးမယ်၊ ဟားဟားဟား" ကီရီလန်ကိုက ထောင်လွှားစွာ ရယ်မောလိုက်သည်။
"ညီလေးကီ... ကင်မရာ ဒီဘက်လှည့်လာပြီ"
ကီရီလန်ကိုက ကင်မရာကို တကယ်ပင် လက်လှမ်းပြလိုက်ပြီး အင်္ဂလိပ်လို ပီပီသသဖြင့် ပြောလိုက်လေသည်။ "ပေါလ်... မင်း ရှုံးပြီ"
ထိုအချိန်တွင် တီဗွီရှေ့မှ ပွဲစဉ်ကို ကြည့်နေသည့် ပေါလ်အယ်လန်မှာ နဖူးမှ အကြောများပင် ထောင်တက်လာသည်။ ဒီရုရှားကောင်... အရမ်း ထောင်လွှားလွန်းတယ်။ နောက်ရာသီကျရင် ကြည့်ထားလိုက်၊ အခွန် ဒေါ်လာ သန်း ၁၀၀ ပေးရပါစေဦး၊ မင်းတို့ကို ငါ အနိုင်ယူပြမယ်….
ကီရီလန်ကိုနှင့် လောင်းကြေးထပ်စဉ်က ပြောခဲ့သည့် စကားများကို သူ မှတ်မိနေသေးသည်။ "မင်းတို့ အမေရိကန်ရဲ့ ဘတ်စကက်ဘောလိဂ်ကို ငါတို့လည်း ကောင်းကောင်း ကစားနိုင်ပါတယ်။ မနှစ်က ဖုန်းက ချန်ပီယံဆု ယူသွားတယ်၊ ဒီနှစ် ငါ့အလှည့်ပဲ၊ မင်းအတွက်တော့ ဘယ်တော့မှ အလှည့်ရောက်မှာ မဟုတ်ဘူး" ဟူသော စကားပင် ဖြစ်သည်။
ပေါလ်အယ်လန်သည် အားကစားပြိုင်ပွဲများကို အလွန်ဝါသနာပါသူ ဖြစ်ရာ အမေရိကန်၏အဓိက လိဂ်ကြီးလေးခုစလုံးတွင် အသင်းများကို ဝယ်ယူလုပ်ကိုင်နေသူ ဖြစ်သည်။ အမေရိကန်ဘောလုံးနှင့် ဘေ့စ်ဘောတို့တွင် အောင်မြင်မှု အသင့်အတင့် ရှိသလို၊ အိုက်စ်ဟော်ကီတွင်လည်း ယခုနှစ်၌ တိုးတက်မှုများ ရှိခဲ့သည်။ သို့သော် ဤဘတ်စကက်ဘော တစ်ခုကသာ သူ့ကို အမြဲတမ်း ဒေါသထွက်စေသည်။
ပြောရလျှင် သူ၏အသင်းမှာလည်း မဆိုးလှပေ။ သူ လက်လွှဲယူပြီးနောက်တွင် ညံ့ဖျင်းသောအသင်းမှသည် Playoffsသို့ နှစ်စဉ်တက်ရောက်နိုင်သလို၊ ကွန်ဖရင့်ဖိုင်နယ်အထိပင် ရောက်ဖူးသည်။ သို့သော် ဖုန်းယွီနှင့် ယှဉ်လိုက်လျှင်မူ ကွာခြားချက်က ကြီးမားလွန်းလှသည်။
ဖုန်းယွီသည် နှစ်ရာသီအတွင်းမှာတင် ညံ့ဖျင်းသောအသင်းတစ်သင်းကို ချန်ပီယံအသင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့သည်။ ပိုပြီးတော့ အရှက်မရှိတာက သူသည် အသင်း၏ အကောင်းဆုံး ကြယ်ပွင့်ဖြစ်သူ ကာတာ ကို Netsအသင်းဆီ လက်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ပို၍ စဉ်းစားမရနိုင်သည်မှာ လိဂ်၏ အရာရှိအချို့ကလည်း ဤအပြောင်းအရွှေ့ကို သဘောတူလိုက်ကြခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ယခုနှစ်တွင် Netsအသင်းမှာ အရှေ့ဘက်ခြမ်း၏ အင်အားကြီးအသင်း ဖြစ်လာပြီး ပုံမှန်ပွဲစဉ်များ၏ ချန်ပီယံကိုပါ ရယူနိုင်ခဲ့သည်။ အရှေ့ဘက်ခြမ်း၏ ပြိုင်ပွဲအားလုံးတွင် တစ်ပွဲမျှပင် မရှုံးခဲ့ဘဲ မနှစ်က ဖိုင်နယ်တက်ခဲ့သည့် 76ers အသင်းနှင့် တွေ့လျှင်ပင် အပြတ်အသတ် အနိုင်ယူနိုင်စွမ်း ရှိသည်။
သို့သော် Netsအသင်းသည် လေကာအသင်းကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ လေကာအသင်းမှာ မနှစ်ကထက် ပို၍ပင် အင်အားတောင့်တင်းလာသည်။ ငါးမန်းကြီးမှာ သူ၏ အကောင်းဆုံး စွမ်းဆောင်ရည်ရှိသည့် အချိန်ဖြစ်သလို၊ ကိုဘီမှာလည်း မိုက်ကယ်ဂျော်ဒန်နှင့် ဆင်တူလာပြီဖြစ်ရာ Netsအသင်းကို သေချာပေါက် ချေမှုန်းနိုင်လိမ့်မည်ဟု သူ ယူဆထားသည်။
ယခုတစ်ကြိမ် ၎င်းတို့၏ လောင်းကြေးမှာ "ဟူလာအက"ကရန် ဖြစ်သည်။ မီဒီယာများရှေ့တွင် မဟုတ်စေကာမူ ကီရီလန်ကို၏ ရှေ့တွင် ဟူလာအက ကပြရခြင်းမှာ သူ့အတွက် အကြီးအကျယ် အရှက်ကွဲစရာ ဖြစ်ပေလိမ့်မည်။
ပထမဆုံးပွဲစဉ် ပြီးဆုံးသွားသည့်အခါ ပေါလ်အယ်လန်မှာ အလွန်ပင် စိတ်ပျက်ဒေါသထွက်သွားရသည်။ အကြောင်းမှာ Netsအသင်းက ငါးမှတ်အသာဖြင့် အနိုင်ရသွားခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ကီရီလန်ကိုသည် သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ချန်ပီယံဆု ရရှိသည့်အချိန်တွင် မည်သို့အောင်ပွဲခံရမည်ကိုပင် စဉ်းစားနေပြီဖြစ်ကြောင်း ထောင်လွှားစွာ ထုတ်ဖော်ပြောဆိုလိုက်လေသည်။
ပေါလ်အယ်လန်မှာ အကြီးအကျယ် ဒေါသထွက်နေတော့သည်။ ထောင်လွှားလိုက်တာ၊ တကယ်ကို ထောင်လွှားလွန်းတယ်…
...
******
အခန်း (၁၂၃၁) ညီလေးကီ၏ အနိုင်ရရှိပုံ နည်းလမ်း
“ညီလေးကီ... ဒီနေ့ကြည့်ရတာ ငါးမန်းကြီးက ခြေစွမ်းမပြနိုင်သလိုပဲနော်၊ သူ စိတ်နဲ့လူနဲ့ မကပ်သလို ဖြစ်နေတယ်” ဖုန်းယွီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဘာတဲ၏ခွန်အားက ကြီးမားသည်ဟု ဆိုသော်လည်း ငါးမန်းကြီးမှာ မိနစ်နှစ်ဆယ်လောက်နှင့်ပင် ပင်ပန်းနေသည်မှာ မဖြစ်နိုင်ဟု သူယူဆမိခြင်း ဖြစ်သည်။
ကီရီလန်ကိုက ဟဲဟဲဟု ရယ်မောလိုက်ပြီး ပြောလေသည်။ “ဖုန်း... ဒါက ငါ့ရဲ့ အသင်းမန်နေဂျာ ပေးတဲ့ အကြံပဲ။ လေကာအသင်းက ကစားသမားတွေဆိုတာ လော့စ်အိန်ဂျလိစ်လို မီးရောင်စုံတဲ့ နေရာမျိုးမှာ နေလာကြတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း သိပ်မရှိကြဘူးလေ။ ဒါကြောင့် မနေ့က သူတို့ရောက်လာတော့ ငါက သူတို့အတွက် ဖျော်ဖြေရေး အစီအစဉ်လေးတွေ စီစဉ်ပေးလိုက်တာပေါ့၊ အထူးသဖြင့် အဲဒီ ငါးမန်းကြီးအတွက်ပေါ့ကွာ”
ဖုန်းယွီ မျက်လုံးအပြူးသား ဖြစ်သွားပြီး “ဟာ... မင်းက ကွင်းပြင်ပက ညစ်ကွက်တွေကို ဒီလိုတောင် သုံးတာလား”
“ငါ့ကို အဲဒီလို လာမကြည့်နဲ့၊ ဒါက သူတို့ NBA ရဲ့ အစဉ်အလာပဲ။ သူတို့ဘာသာ မထိန်းနိုင်တာ ဘယ်သူ့ကို သွားအပြစ်တင်လို့ ရမှာလဲ။ ကွင်းထဲရောက်မှ ခြေကုန်လက်ပန်း ကျနေတာက သူတို့ရဲ့ ကြံ့ခိုင်မှု မကောင်းလို့ပဲ ပြောရမှာပေါ့!”
“အရင်ကတော့ ပွဲမစခင် ပရိသတ်တွေက လာနှောင့်ယှက်တတ်တယ်လို့ပဲ ကြားဖူးတာ၊ အခုလိုမျိုးတော့ မထင်ထားဘူး” ဖုန်းယွီက ရေရွတ်မိသည်။
“ပရိသတ်တွေ နှောင့်ယှက်တာကတော့ ပရိသတ်တွေ အပိုင်းပေါ့။ မနေ့ကလည်း တစ်ဖက်အသင်း တည်းခိုတဲ့ ဟိုတယ်သတင်းက မတော်တဆ ပေါက်ကြားသွားတယ်လေ။ ပရိသတ်တွေက သန်းခေါင်ကျော်အထိ အော်ဟစ်ဆူညံနေတာတွေကတော့ ငါတို့နဲ့ လုံးဝမဆိုင်ဘူးနော်”
ကီရီလန်ကို၏ မျက်နှာပေးကို ကြည့်ပြီး ဖုန်းယွီ ဘာပြောရမှန်းပင် မသိတော့ပေ။
“မင်း ဒိုင်လူကြီးတွေကိုပါ ဝယ်ထားတာတော့ မဟုတ်ပါဘူးနော်”
“အဲဒါတော့ ဘယ်ဖြစ်နိုင်မလဲ၊ ငါတို့နှစ်သင်းစလုံးရဲ့ ပြစ်ဒဏ်ဘော အရေအတွက်က သိပ်မကွာတာ မင်းမတွေ့ဘူးလား။ ဒါပေမဲ့ ဘတ်စကက်ဘောခြင်းရဲ့ အကျပ်အတည်းကိုတော့ ချိန်ညှိလို့ ရတယ်လေ။ တစ်ဖက်က ခြင်းကို ဘောလုံးထိရင် ဝေးဝေးကို လွင့်ထွက်သွားအောင် လုပ်ထားတယ်၊ အဲဒါကြောင့် ဘောလုံးဖမ်းဖို့ နေရာယူရင် အပြင်ဘက်ကို ထွက်ယူရမယ်။ ကျန်တဲ့တစ်ဖက်ကတော့ အနည်းငယ် လျော့ထားပေးတယ်၊ ဘောလုံးက ခြင်းနားမှာပဲ ကျမှာမို့လို့ အတွင်းဘက်မှာ နေရာယူရမယ်။ ဒီလောက်ကလေးတောင် မင်းက မသိဘူးလား”
ဖုန်းယွီက ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး “ငါ တကယ်မသိဘူး!”
ဒိုင်လူကြီးကို ဝယ်တာအပြင် ဒီလို နည်းလမ်းအသေးအဖွဲလေးတွေ အများကြီး ရှိပါသေးလား။ အရင်ဘဝက ဂျော်ဒန်သည်လည်း ဤကဲ့သို့ ဆက်ဆံမှုမျိုး မကြာခဏ ကြုံခဲ့ရသည်ဟု ကြားဖူးသော်လည်း နောက်ဆုံးတွင် ဂျော်ဒန်၏ ကစားသမားဘဝမှာ ကြီးကျယ်ခမ်းနားဆဲပင် ဖြစ်သည်။ တစ်ဦးချင်း ကာကွယ်မှုတွင် သူ့ကို တားဆီးနိုင်သူ တကယ်ပင် မရှိခဲ့ပေ။
“ဒီနည်းလမ်းတွေပဲ ရှိတာလား”
“ဘယ်ကမလဲ၊ ကျန်တဲ့နည်းလမ်းတွေက နောက်တစ်ပွဲမှ သုံးဖို့ ချန်ထားတာ၊ ဟားဟားဟား…”
ဖုန်းယွီသည် လေကာအသင်းအတွက် တကယ်ပင် စိတ်မကောင်းဖြစ်မိသည်။ ဤကဲ့သို့ နည်းလမ်းလေးများကြောင့် အရေးနိမ့်ရတော့မည် မဟုတ်ပါလား။
...
ဒုတိယပွဲစဉ်တွင်မူ လေကာအသင်း တစ်သင်းလုံးမှာ စိတ်ဓာတ်ကျနေသလို ဖြစ်နေသည်ကို ဖုန်းယွီ တွေ့လိုက်ရသည်။ ပြီးခဲ့သည့် ပွဲက သင်ခန်းစာ ယူသင့်သည် မဟုတ်ပါလား။
ဖုန်းယွီက သိချင်စိတ်ဖြင့် မေးလိုက်ရာ ပါးစပ်ထဲမှ အားဖြည့်အချိုရည်ကိုပင် ထွေးထုတ်မိမတတ် ဖြစ်သွားသည်။
“မင်းပြောတော့ မနေ့ညက သူတို့ဟိုတယ်မှာ မီးသတိပေးခေါင်းလောင်း မြည်ခဲ့တယ်ဆို”
“ဟုတ်တယ်လေ၊ တစ်ယောက်ယောက်က ဆေးလိပ်သောက်ရင်း ကုတင်ကို မတော်တဆ မီးစွဲသွားတာပေါ့။ အဲဒါနဲ့ မီးသတ်ကားတွေက ရောက်တာ နည်းနည်းနောက်ကျသွားတယ်၊ ပြီးတော့ လူတွေကလည်း လာကြည့်ကြတာပေါ့၊ အဓိကကတော့ အားကစားသတင်းထောက်တွေပေါ့ကွာ။ အဲဒါနဲ့ မီးငြှိမ်းသတ်ဖို့ အချိန်တွေ ကြာသွားပြီး သန်းခေါင်ကျော်မှ အားလုံး ပြီးသွားတာ။ ပြီးတော့ ဟိုတယ်ဝန်ထမ်းတွေက စေတနာကောင်းနဲ့ အခန်းတိုင်းကို လိုက်ပြောတာပေါ့၊ ဆေးလိပ်မသောက်ကြဖို့ပေါ့လေ။ အဲဒီမှာ မတော်တဆ ဆေးခြောက် သောက်နေတဲ့သူကို တွေ့သွားရော၊ အဲဒါနဲ့ ရဲတွေရောက်လာပြီး တစ်ဟိုတယ်လုံးကို လိုက်ရှာလိုက်တာ ဒီနေ့မနက်မှ ပြီးသွားတာလေ”
ကီရီလန်ကိုက ပခုံးတွန့်ပြလိုက်ပြီး ဤကိစ္စမှာ သူနှင့် လုံးဝမပတ်သက်သလို ဟန်ဆောင်နေလေသည်။
ဖုန်းယွီက လက်မထောင်ပြလိုက်ပြီး “ညီလေးကီ... ငါ မင်းကို တကယ် လေးစားသွားပြီ။ ကြည့်ရတာ ဒီပွဲလည်း မင်းတို့ပဲ ယူသွားဦးမှာပဲ”
ထင်သည့်အတိုင်းပင် ဒုတိယပွဲမှာ Netsအသင်းက ၁၆ မှတ်အသာဖြင့် ထပ်မံအနိုင်ရရှိသွားသည်။
သို့သော် လေကာအသင်း ပြန်ခါနီးတွင် ဆရာကြီးဖီးလ်က မျက်နှာပျက်ပျက်ဖြင့် လော့စ်အိန်ဂျလိစ်ကျမှ Netsအသင်းကို ပညာပေးမည်ဟု ကြုံးဝါးသွားခဲ့သည်။
သို့သော် လော့စ်အိန်ဂျလိစ်သို့ ရောက်သည့်အခါ Netsအသင်းသားများမှာ အသီးသီး ခွဲထွက်သွားကြပြီး ဖုန်းယွီနှင့် ကီရီလန်ကိုတို့၏ မြို့ပြင်ရှိ ဗီလာများတွင် သွားရောက် တည်းခိုကြလေသည်။ ဤနေရာမှာ သူဌေးရပ်ကွက်ဖြစ်၍ သာမန်လူများ လာရောက်နှောင့်ယှက်ရန် မလွယ်ကူပေ။
ဤနေရာတွင် နေထိုင်သူများမှာလည်း အားနေ၍ လာရောက်ဆူညံမည့်သူများ မဟုတ်ပေ။ လေကာအသင်း၏ ပရိသတ်များမှာ ပြင်ဆင်ထားကြသော်လည်း ဗီလာဝန်းထဲသို့ ဝင်၍မရသဖြင့် Netsအသင်းသားများမှာ အေးအေးဆေးဆေး အနားယူနိုင်ခဲ့ကြသည်။
ကီရီလန်ကို ကိုယ်တိုင်လည်း အသင်းသားများကို အားပေးစကား ပြောကြားခဲ့သည်။ ဒီရက်ပိုင်း အစွမ်းကုန် ကြိုးစားပြီး ပွဲကို ကောင်းကောင်းကစားရန်၊ အနိုင်ရပါက သူကိုယ်တိုင် အကုန်အကျခံ၍ အားလုံးကို Las Vegasသို့ အပန်းဖြေခရီး ပို့ပေးမည်ဟု ပြောလိုက်သည်။
အသင်းသားများသည် ထိုကဲ့သို့ လှုံ့ဆော်မှုကို ရရှိလိုက်သဖြင့် တစ်ယောက်ထက်တစ်ယောက် ပို၍ ကြိုးစားလာကြသည်။
လေကာအသင်းဘက်မှ ကွင်းပြင်ပတွင် နည်းလမ်းမရှိတော့သဖြင့် ကွင်းအတွင်း၌သာ နည်းလမ်းရှာရန် ကြံစည်တော့သည်။ သို့သော် ဤကွင်းမှာ ဖုန်းယွီပိုင်သည့် ဖုန်းယွီစင်တာဖြစ်နေသည်။ ဖုန်းယွီက လူလွှတ်၍ စောင့်ကြည့်ခိုင်းထားပြီး ကွင်းဝန်ထမ်းများကိုလည်း လေကာအသင်းသည် Netsကို တရားမျှတစွာဖြင့်သာ အနိုင်ယူလိုကြောင်း၊ ညစ်ကွက်များ သုံးစွဲရန် အစီအစဉ်မရှိကြောင်း တိုက်ရိုက်ပြောဆိုထားလိုက်သည်။
ဝန်ထမ်းများကလည်း လေကာအသင်းတွင် မည်သူမှ တားဆီးမရသည့် "ငါးမန်းကြီး" နှင့် ကိုဘီ တို့ရှိနေသဖြင့် အင်အားပိုတောင့်တင်းသည်ဟု ယူဆထားကြသည်။ ၎င်းတို့မှာ OK တွဲဖက် (O'Neal & Kobe) မဟုတ်ပါလား…
ထို့ကြောင့် လေကာအသင်းက ညစ်ကွက်အချို့ သုံးရန် ကြံစည်သော်လည်း လုံးဝမအောင်မြင်ခဲ့ပေ။
သို့သော် ဖုန်းယွီ မထင်မှတ်ထားသည့်အချက်မှာ ဤပွဲတွင် လေကာအသင်းက လေးမှတ်အသာဖြင့် တကယ်ပင် အနိုင်ရသွားခြင်း ဖြစ်သည်။ ငါးမန်းကြီးမှာ အစွမ်းပြခဲ့ပြီး နောက်ပိုင်းတွင် Netsအသင်းက ဖြတ်တိုက်စစ်သုံးခဲ့သော်လည်း ယနေ့တွင် ငါးမန်းကြီးမှာ ပြစ်ဒဏ်ဘော ၁၈ ကြိမ်တွင် ၁၅ ကြိမ်အထိ ဝင်အောင် ကန်သွင်းနိုင်ခဲ့သဖြင့် နတ်ဝင်စီးနေသလို ဖြစ်ခဲ့သည်။
ယခုတစ်ကြိမ်တွင် လေကာအသင်းမှာ ဂုဏ်ယူဝံ့ကြွသွားပြီး ကွင်းဝန်ထမ်းများကလည်း လေကာအသင်းသည် Netsကို တရားမျှတစွာ အနိုင်ယူနိုင်သည့် အစွမ်းရှိသည်ဟု ယုံကြည်သွားကြသည်။
သို့သော် နောက်တစ်ပွဲတွင်မူ ငါးမန်းကြီး၏ ပြစ်ဒဏ်ဘောမှာ မူလအတိုင်း ပြန်ဖြစ်သွားပြီး ၁၈ ကြိမ်တွင် ၈ ကြိမ်သာ ဝင်ခဲ့ကာ Netsအသင်းက ၇ မှတ်အသာဖြင့် အနိုင်ရသွားသည်။
ဖိုင်နယ်ပွဲစဉ်မှာ ၃ ပွဲ ၁ ပွဲ ဖြစ်သွားပြီဖြစ်၍ ဝေဖန်ရေးသမားများကလည်း Netsအသင်း ချန်ပီယံဖြစ်မည်ဟု ပြန်လည်ပြောဆိုလာကြသည်။
ဖုန်းယွီကမူ Netsအသင်းအနေဖြင့် ညစ်ကွက်များ ထပ်မသုံးတော့ဟု ထင်ထားသော်လည်း ကီရီလန်ကိုမှာ လေကာအသင်းကို လွှတ်မပေးသေးပေ။ ယခုတစ်ကြိမ်တွင် မီးဘေးသတိပေးချက် မရှိတော့သော်လည်း ကွင်းအတွင်းရှိ လေအေးပေးစက် ပြဿနာ တက်လေတော့သည်။ အိမ်ရှင်အသင်း၏ အဝတ်လဲခန်းတွင် လေအေးများ ထွက်နေသော်လည်း ဧည့်သည်အသင်းဘက်တွင်မူ လေပူများ ထွက်နေခြင်း ဖြစ်သည်။
ကွင်းထဲ မဝင်ရသေးခင်မှာပင် လေကာအသင်းသားများမှာ အပူဒဏ်ကြောင့် မူးဝေကုန်ကြသည်။ ပွဲဝက်အနားယူချိန်တွင်လည်း တစ်ယောက်ချင်းစီ ချွေးဒိုင်ဒိုင်ကျနေသဖြင့် သူတို့သည် အဝတ်လဲခန်းထဲ မဝင်ဘဲ ကွင်းဘေးမှာတင် ထိုင်၍ အနားယူလိုကြသည်။
တတိယပိုင်းတွင်မူ ဘာတဲသည် ဂိုးဧရိယာအတွင်းသို့ အတင်းတိုးဝင်ပြီး ကစ် ၏ ပေးပို့မှုကို လက်ခံကာ ငါးမန်းကြီးကို အားဖြင့် တွန်းတိုက်၍ တစ်ဖက်သို့ လှည့်ကာ ဘောလုံးကို အားပြင်းပြင်းဖြင့် ဒန့် သွင်းလိုက်လေသည်။
ထိုဂိုးပြီးနောက် လေကာအသင်းမှာ ပြန်မထနိုင်တော့ပေ။ စတုတ္ထပိုင်းတွင်လည်း လေကာအသင်းမှာ အလဲလဲအပြိုပြို ဖြစ်သွားပြီး Netsအသင်းကသာ နောက်ဆုံးတွင် ရယ်မောနိုင်ခဲ့သည်။
ပွဲပြီးဆုံးသည့်အချိန်တွင် ကီရီလန်ကိုသည် ဝမ်းသာအားရ ခုန်ပေါက်ကာ ဖုန်းယွီကို ဖက်လိုက်ပြီး အော်ဟစ်လေသည်။ “ဖုန်း... တွေ့လား၊ ငါ့အသင်း ချန်ပီယံဖြစ်ပြီ! ငါ့အသင်း နောက်ဆုံးတော့ ချန်ပီယံ ဖြစ်သွားပြီကွ”
ဖုန်းယွီက ကီရီလန်ကို၏ လက်မောင်းကို အမြန်ပုတ်လိုက်ပြီး “အား... ညီလေးကီ မင်း ခွန်အားက အရမ်းကြီးတယ်၊ ငါ အသက်ရှူ ကျပ်နေပြီ!”
ကီရီလန်ကိုမှ သတိပြန်ဝင်လာပြီး ဖုန်းယွီကို လွှတ်ပေးလိုက်ကာ နားနားကပ်၍ အားပါးတရ အော်ဟစ်နေပြန်သည်။ သို့သော် သူ ဘာတွေအော်နေတာလဲ... ပေါလ်၊ ကတာ၊ ဂါဆောလ်က ကတတ်လို့လား…
ကီရီလန်ကိုက ကင်မရာကို ကြည့်ပြီး အော်နေသည်ကို မြင်မှသာ ဤ "ပေါလ်" ဆိုသည်မှာ ပေါလ်အယ်လန် ဖြစ်ကြောင်း ဖုန်းယွီ နားလည်သွားသည်။ သူတို့နှစ်ယောက် လောင်းကြေးက ကရမှာလား။ ပေါလ်အယ်လန်က ကပြရမှာလား။
ဖုန်း…
ပေါလ်အယ်လန်၏ လက်ထဲမှ ဖန်ခွက်သည် လွင့်ထွက်သွားပြီး တီဗွီဖန်သားပြင်ကြီးကို ထိမှန်ကာ မီးခိုးများပင် ထွက်လာတော့သည်။
လေကာအသင်းက ဘယ်လိုတွေ ကစားလိုက်တာလဲ။ Netsကိုတောင် ရှုံးရတယ်လို့! အဲဒီ ငါးမန်းကြီးကလည်း တရုတ်ကလာတဲ့ လူသစ်တစ်ယောက်ကိုတောင် မယှဉ်နိုင်ဘဲ တိုက်ခံလိုက်ရသေးတယ်၊ နံပါတ်တစ် စင်တာလို့ ပြောရမှာ ရှက်စရာကြီး…
Netsအသင်းသားများ ပျော်ပွဲရွှင်ပွဲ လုပ်နေစဉ်တွင် ကီရီလန်ကိုက ၎င်းတို့ကို ယနေ့ အရင်အောင်ပွဲခံထားရန်နှင့် ရက်အနည်းငယ်ကြာလျှင် အားလုံး Las Vegasသို့ သွားကြမည်ဖြစ်ကြောင်း၊ ယခု သူ အရေးကြီးကိစ္စ ရှိသဖြင့် သွားလိုက်ဦးမည်ဖြစ်ကြောင်း ပြောလေသည်။
ကီရီလန်ကိုက ပြန်တော့မည့် ဖုန်းယွီကို ဆွဲထားပြီး “ဖုန်း... လာ၊ ငါနဲ့အတူတူ ဖျော်ဖြေပွဲ သွားကြည့်ရအောင်”