← Chapters

အခန်း (၁၂၃၂-၁၂၃၄)

Vol. 84 Ch. 1232-1234

အခန်း (၁၂၃၂-၁၂၃၄)

Vol. 84 Ch. 1232-1234

အခန်း (၁၂၃၂) World of Warcraft(WOW) ကို ဖော်ဆောင်ခြင်း

အမှန်အတိုင်းပြောရလျှင် ပေါလ်အယ်လန်၏ကကွက်များမှာ ကြည့်၍မလှသော်လည်း ကီရီလန်ကိုကမူ မြိန်ရည်ယှက်ရည် ကြည့်နေလေသည်။ သူ ကြည့်နေသည်မှာ ကကွက်ကို မဟုတ်ဘဲ ကပြနေသည့်သူကို ဖြစ်သည်။ ကပြနေသူမှာ ယောက်ျားတစ်ယောက် ဖြစ်နေသော်လည်း ကီရီလန်ကိုအတွက်မူ ကျေနပ်စရာ အကောင်းဆုံး မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ဖုန်းယွီသည် ထိုအကကို ကြည့်ရှုပြီးနောက် ကီရီလန်ကို၏ Las Vegasသို့ သွားရောက်လည်ပတ်ရန် ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်။ သူသည် Californiaသို့ သွားရောက်ကာ ဖုန်းယွီဂိမ်းစ်၏ လက်အောက်ခံ Blizzard ဂိမ်းကုမ္ပဏီသို့ သွားရောက်ကြည့်ရှုရန် ရှိနေသည်။ ထိုအချိန်တွင် Warcraft 3: Reign of Chaos ဂိမ်းကို အသစ်ထုတ်လုပ်ထားပြီး ဖြစ်သည်။

Blizzard သို့ ရောက်သည့်အခါ ကုမ္ပဏီ၏ ရောင်းအားအစီရင်ခံစာများကို ကြည့်ရှုပြီး ဖုန်းယွီ အလွန်ကျေနပ်သွားသည်။

ဤနှစ်များအတွင်း Blizzard ၏ ဂိမ်းထုတ်လုပ်မှုနှုန်းမှာ အလွန်ပင် လျင်မြန်လာသည်။ ဖုန်းယွီဂိမ်းစ်က ရှယ်ယာအများစုကို ပိုင်ဆိုင်လိုက်ပြီးနောက်တွင် ရန်ပုံငွေ ပိုမိုတောင့်တင်းလာသဖြင့် ဂိမ်းဒီဇိုင်နာ အမြောက်အမြားကို ငှားရမ်းနိုင်ခဲ့ကာ ဂိမ်းဖန်တီးမှု အရှိန်မှာလည်း ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။

မနှစ်က ထွက်ရှိခဲ့သည့် Diablo 2: Lord of Destruction သည်ပင် အချပ်ရေ သုံးသန်း အလွယ်တကူ ရောင်းချခဲ့ရသည်။ ဖုန်းယွီဂိမ်းစ်၏ တွန်းအားပေးမှုကြောင့် တရုတ်ဈေးကွက်မှာလည်း ပိုမိုပွင့်လင်းလာခဲ့သည်။

ယခင်က အာရှတွင် အကြီးမားဆုံး PC ဂိမ်းဈေးကွက်မှာ ဂျပန်မဟုတ်ဘဲ တောင်ကိုရီးယား ဖြစ်သည်။ StarCraft ဂိမ်းတစ်ခုတည်းပင် တောင်ကိုရီးယားတွင် အချပ်ရေ သန်းနှင့်ချီ၍ အလွယ်တကူ ရောင်းချခဲ့ရရာ ဤပမာဏမှာ မြောက်အမေရိကထက်ပင် ပိုမိုများပြားခဲ့သည်။ အရင်ဘဝက E-sports လောကတွင် တောင်ကိုရီးယားက အမြဲတမ်း အင်အားကြီးနေခြင်းမှာ မဆန်းပေ၊ အကြောင်းမှာ ကစားသူဦးရေ အလွန်များပြားခြင်းကြောင့် ဖြစ်သည်။

ထိုစဉ်က တရုတ်နိုင်ငံတွင်မူ ကွန်ပျူတာ အသုံးပြုနိုင်မှုနှုန်း မမြင့်မားသေးခြင်း၊ အထူးသဖြင့် အိမ်သုံးကွန်ပျူတာ နည်းပါးခြင်းနှင့် မူပိုင်ခွင့် ကာကွယ်မှု အားနည်းခြင်းတို့ကြောင့် လူအများစုမှာ ခိုးကူးဂိမ်းများကိုသာ အသုံးပြုကြသည်။ ထို့ကြောင့် အရင်ဘဝက တရုတ်နိုင်ငံတွင် ဂိမ်းရောင်းအားမှာ ထူးထူးခြားခြား မရှိခဲ့ပေ။

ယခုဘဝတွင်မူ ဖုန်းယွီသည် ခိုးကူးမှုများအပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သည်။ သူသည် ရန်ပုံငွေ အမြောက်အမြား အသုံးပြုကာ ခိုးကူးပစ္စည်း ထုတ်လုပ်သူနှင့် ရောင်းချသူများကို တိုင်ကြားပါက ဆုကြေးငွေများ ပေးအပ်ခဲ့သည်။ ထို့ပြင် ခိုးကူးခွေများတွင် ဗိုင်းရပ်စ်နှင့် မဲလ်ဝဲလ်များ ပါဝင်တတ်သဖြင့် ကွန်ပျူတာ၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်းလည်း ပညာပေးခဲ့သည်။

ထို့ပြင် ဤဂိမ်းခွေများကို Lenovo ကွန်ပျူတာများနှင့် တွဲဖက်ရောင်းချစေခဲ့သည်။ ရောင်းစျေးမှာ ပြည်ပထက် နည်းပါးနေသေးသော်လည်း အမြတ်အစွန်း ရရှိလာသည့်အပြင် လူများကိုလည်း မူရင်းပစ္စည်း ဝယ်ယူသည့် အလေ့အကျင့် ရလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ခိုးကူးနှင့် မူရင်းဆိုသည်မှာ အလေ့အကျင့်တစ်ခုသာ ဖြစ်သည်။ လူအများစုမှာ မူရင်းကို ဝယ်ယူရန် ငွေမရှိခြင်း မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ မပြောင်းလဲနိုင်ခြင်းသာ ဖြစ်သည်။ အခြားသူတွေက စျေးပေါတဲ့ ခိုးကူးကို သုံးနေတာကို ငါကမှ မူရင်းကို သုံးရင် ရှုံးတာပေါ့ဟု တွေးတတ်ကြသည်။

Half-Life ဂိမ်း ထွက်ရှိစဉ်က တရုတ်နိုင်ငံတွင် မူရင်းဂိမ်းခွေ ရောင်းအားမှာ မဆိုးလှပေ၊ အရင်ဘဝက အချက်အလက်များထက် သေချာပေါက် ပိုမိုမြင့်မားခဲ့သည်။ အရင်ဘဝကမူ တရုတ်နိုင်ငံကို ဂိမ်းကုမ္ပဏီများအတွက် "အိပ်မက်ဆိုးဒေသ" ဟုပင် တင်စားခဲ့ကြသည်။

ဈေးကွက်က အလွန်ကြီးမားပြီး မြောက်အမေရိကထက်ပင် သာသော်လည်း မူရင်းဂိမ်းခွေ ရောင်းရသည့်အခါ အမေရိကန်၏ သုံးပုံတစ်ပုံပင် မရှိခဲ့ပေ။ တရုတ်လူမျိုးတွေက ဂိမ်းမကစားကြလို့လား။

မဟုတ်ပါချေ။ ၎င်းတို့သည် ကွန်ပျူတာပစ္စည်းအရောင်းဆိုင်များ သို့မဟုတ် လမ်းဘေးတံတားပေါ်တွင် ရောင်းချသည့် ဖြုတ်ထားသည့်ဗားရှင်းများကိုသာ ဝယ်ယူကြခြင်း ဖြစ်သည်။ သူတစ်ပါး၏ နည်းပညာ ကာကွယ်မှုစနစ်ကို ဖောက်ထွင်းသည့်နေရာတွင် တရုတ်လူမျိုးများသည် ထိပ်တန်းပညာရှင်များ မဟုတ်ပါလား။

ထိုစဉ်က ကုမ္ပဏီများစွာက "ဘယ်သူ့ရဲ့ ဆော့ဖ်ဝဲလ် လုံခြုံရေးစနစ်က တရုတ်ဈေးကွက်မှာ အဖောက်မခံရဘူးလဲ၊ အဲဒီလူက ဆော့ဖ်ဝဲလ်လောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မယ်" ဟုပင် ဆိုခဲ့ကြသည်။ ဤအချက်ကို မိုက်ခရိုဆော့ဖ်ပင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ဖုန်းယွီကမူ မည်သို့လုပ်လျှင် အဖောက်မခံရနိုင်မည်ကို စဉ်းစားခဲ့သည်။ နည်းလမ်းမှာ ရိုးရှင်းသည်။ ထိုခိုးကူးသူများ ဖောက်ထွင်းပြီးနောက်တွင် အမြတ်အစွန်း မကျန်တော့အောင် လုပ်ရမည်ဖြစ်သလို၊ သူတို့အနေဖြင့် ကြီးမားသော ဥပဒေကြောင်းအရ တာဝန်ယူရမည်ကိုလည်း သိစေရမည် ဖြစ်သည်။

အကယ်၍ အမြတ်က ၁၀၀၀ ရာခိုင်နှုန်း ရှိနေမည်ဆိုလျှင် သူတို့သည် စွန့်စားရဲကြမည်သာ ဖြစ်သည်။ နှစ်ယွမ်လောက် ကုန်ကျသည့် အချပ်ကို အပြင်တွင် ယွမ်နှစ်ဆယ်ဖြင့် ရောင်းနေကြသည် မဟုတ်ပါလား။

သို့သော် အကယ်၍ ခိုးကူးခွေ၏ ရင်းနှီးမှုက ငါးယွမ်အထိ မြင့်တက်လာပြီး မူရင်းဂိမ်းခွေစျေးနှုန်းမှာ ယွမ်သုံးဆယ်လောက်သာ ရှိတော့မည်ဆိုပါက သူတို့၏ အမြတ်မှာ အကြီးအကျယ် ကျဆင်းသွားပေလိမ့်မည်။ ထို့ပြင် ဥပဒေကြောင်းအရ ထောင်ကျနိုင်သည်ကို သိရှိသွားပါက ထိုသူတို့သည် တွန့်ဆုတ်သွားကြမည်သာ ဖြစ်သည်။

ပထမဆုံးအနေဖြင့် သူတို့သည် ဖောက်ထွင်းပေးသည့် နည်းပညာရှင်များကို ပေးရသည့် ဝေစုမှာ မများတော့သဖြင့် ထိုသူများ၏ တက်ကြွမှုမှာလည်း ကျဆင်းသွားသည်။ ဤနည်းပညာရှင်များသည် ပညာတတ်များဖြစ်ကြရာ ဤအလုပ်မှာ ဥပဒေနှင့် မကင်းကြောင်း မည်သူက မသိဘဲ နေမည်နည်း။

အကျိုးအမြတ် ရှိနေသေးသရွေ့ စွန့်စားမည့်သူအချို့ ရှိနေဦးမည် ဖြစ်သော်လည်း လူဦးရေမှာမူ အရင်ကလို မများတော့ပေ။ ဖုန်းယွီ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ခိုးကူးဆော့ဖ်ဝဲလ်များကို ပေါ်ပေါ်ထင်ထင် ဒေါင်းလုဒ် ပေးနေသည့် ဝက်ဘ်ဆိုက်အများစုမှာလည်း အပိတ်ခံလိုက်ရသည်။

အမြတ်အတွက် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ခိုးကူးပစ္စည်း ဖြန့်ဝေနေသရွေ့ မရပေ။ ရှင်းပြခွင့်လည်း မပေးတော့ဘဲ ထိုဖိုင်များကို ဖျက်ခိုင်းပြီး ဒဏ်ငွေဆောင်ခိုင်းလိုက်သည်။

ဒဏ်ငွေမဆောင်ပါက ထိုဝက်ဘ်ဆိုက်ကို အပြီးတိုင် ပိတ်လိုက်လေသည်။ "အထက်ကလူတွေက ဘာလို့ ဖုန်းယွီကို ဒီလောက် မျက်နှာသာပေးတာလဲ" ဟု မေးစရာ ရှိသည်။ "ငွေရှိရင် နတ်သရဲကိုတောင် စပါးကြိတ်ခိုင်းလို့ရတယ်" ဟူသော စကားအတိုင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံ၏ အင်တာနက် စောင့်ကြည့်စစ်ဆေးရေးဌာန၏ စက်ကိရိယာ အများစုမှာ ဖုန်းယွီ ကိုယ်တိုင် လှူဒါန်းထားခြင်း ဖြစ်သည်။ ထိုစက်ကိရိယာများ၏ ကုန်ကျစရိတ်ကို ဖယ်ထုတ်လိုက်ပါက ဝန်ထမ်းလစာ ပေးရန်မှာ ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ပေ။ ပို၍ ရေးကြီးသည်မှာ ဤကဲ့သို့ ဌာနတစ်ခုကို တည်ထောင်နိုင်ခြင်းမှာ သက်ဆိုင်ရာဌာန လူကြီးများအတွက်လည်း ဂုဏ်ယူစရာ လုပ်ဆောင်ချက်တစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ခိုးကူးမှု ဖြစ်ထွန်းမှုမှာ အရင်ဘဝကထက် များစွာနောက်ကျကျန်နေခဲ့သည်။ လူကြီးများမှာ ထိုခိုးကူးမှုများ အကြီးအကျယ် ပျံ့နှံ့သည့်ခေတ်ကို မကြုံတွေ့ခဲ့ရသော်လည်း ဖုန်းယွီကမူ ဤသူများ၏ အလုပ်မှာ အတော်လေး ထိရောက်ကြောင်း သိနေသည်။

မူရင်းပစ္စည်းများ အသုံးပြုမှု များပြားလာခြင်းက တရုတ်နိုင်ငံရှိ ဆော့ဖ်ဝဲလ် ဖော်ဆောင်သည့် ကုမ္ပဏီများအတွက်လည်း ရှင်သန်နိုင်မည့် မြေဆီလွှာကို ရရှိစေခဲ့သည်။ ယခင်ကဆိုလျှင် ၎င်းတို့အနေဖြင့် ဆော့ဖ်ဝဲလ်ကောင်းကောင်း ဖန်တီးနိုင်သော်လည်း မရောင်းရခင်မှာပင် အခြားသူများက အလကား သုံးနေကြသည်ကို မြင်တွေ့ရတတ်သည်။

ယခုမူ ၎င်းတို့၏ ဆော့ဖ်ဝဲလ်များကို ရောင်းချပြီး ငွေရှာနိုင်ပြီ ဖြစ်သည်။ ပြည်တွင်းတွင် အကြီးဆုံး ဆော့ဖ်ဝဲလ် ကိုယ်စားလှယ်နှင့် အရောင်းကုမ္ပဏီမှာ Kingsoftဖြစ်ပြီး ၎င်းတို့မှာ ပြည်တွင်းတွင် အကြီးဆုံး ဆော့ဖ်ဝဲလ် ကုမ္ပဏီလည်း ဖြစ်သည်။

ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ်နှင့် ရုံးသုံးဆော့ဖ်ဝဲလ်တို့မှာ တရုတ်နိုင်ငံတွင်သာမက အာရှတွင်ပါ ထိပ်တန်းရောက်နေပြီး နိုင်ငံတကာတွင်လည်း နေရာတစ်ခု ရရှိထားသည်။ အခြားသော အသုံးချ ဆော့ဖ်ဝဲလ်များမှာလည်း အလွန်ကောင်းမွန်သလို၊ ဆော့ဖ်ဝဲလ် ကုမ္ပဏီငယ် အချို့ကိုလည်း ဝယ်ယူစုပေါင်းထားသည်။

Kingsoft၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုပုံစံမှာ မိုက်ခရိုဆော့ဖ်၏ ပုံစံအတိုင်းပင် ဖြစ်သည်။ မိမိဘာသာ လုပ်နိုင်သည်ကို ကိုယ်တိုင်လုပ်ပြီး၊ မိမိ မလုပ်နိုင်သည်ကို အခြားသူများ လုပ်ထားပါက ထိုကုမ္ပဏီကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

Kingsoft ကဲ့သို့ မိသားစုကြီးထဲသို့ ဝင်ရောက်ခွင့်ရခြင်းမှာ ကုမ္ပဏီငယ်များအတွက် ဝမ်းသာစရာ ဖြစ်သည်။ ထို့ပြင် မရေရာသော အနာဂတ်အတွက် ရုန်းကန်နေရမည့်အစား လက်ရှိတွင် ငွေအမြောက်အမြား ရယူလိုက်ခြင်းက ပို၍ကောင်းသည် မဟုတ်ပါလား။ ကုမ္ပဏီကို ရောင်းချလိုက်ပါက Kingsoft၏ ရှယ်ယာအချို့ကိုလည်း ရရှိနိုင်သဖြင့် အမြတ်ဝေစုမှာလည်း မနည်းလှပေ။

ဖုန်းယွီသည် Kingsoft၏ တိုးတက်မှုအပေါ် ကျေနပ်သော်လည်း တစ်ခုတည်းသော မကျေနပ်ချက်မှာ တစ်ကိုယ်ရေသုံး PC လုပ်ငန်းလည်ပတ်မှုစနစ် ဖော်ဆောင်ခြင်းပင် ဖြစ်သည်။ ယခုအခါ ပထမဆုံးဗားရှင်း ထွက်ပေါ်လာပြီဖြစ်၍ ဖုန်းယွီ စမ်းသုံးကြည့်ရာ Windows XP ထက် အနည်းငယ် သာသော်လည်း သူ ပြောပြထားသည့် Windows 7 အဆင့်သို့မူ မမီသေးပေ။

ထို့ပြင် အခြားသော ဆော့ဖ်ဝဲလ်များနှင့် လိုက်ဖက်ညီမှုမှာလည်း မလုံလောက်သေးပေ။ အကယ်၍ Windows ဆော့ဖ်ဝဲလ်များနှင့် လိုက်ဖက်ညီမှု မရှိပါက မိုက်ခရိုဆော့ဖ်၏ဈေးကွက်ကို မည်သို့သိမ်းပိုက်နိုင်မည်နည်း။ အသုံးပြုသူများသည် အကျင့်ဟောင်းအတိုင်းသာ သုံးစွဲလိုကြသည်။ အရင်ဘဝက Apple ကွန်ပျူတာများ ရောင်းအားကောင်းခဲ့ခြင်းမှာလည်း ၎င်းတို့၏ ကိုယ်ပိုင်စနစ်နှင့် ဆော့ဖ်ဝဲလ်များကြောင့်လည်း ပါဝင်သည်။

အကယ်၍ Windows စနစ်နှင့် လိုက်ဖက်ညီအောင် လုပ်နိုင်မည်ဆိုပါက ဤစနစ် ဈေးကွက်ထဲ ရောက်လာသည့်အခါ သေချာပေါက် ရောင်းအား အလွန်ကောင်းလာမည်ဖြစ်ပြီး ထိုအချိန်မှသာ Kingsoft တကယ်တမ်း ထိပ်တန်းသို့ ရောက်မည့်အချိန် ဖြစ်သည်။

ချိုးပါ့ကျွင်းနှင့် လီတာ့ကျွင်းတို့မှာ ယခုပင် ဖြန့်ချိလိုနေကြပြီ ဖြစ်သည်။ စောစောစီးစီး ငွေရှာနိုင်မှသာ သုတေသနအတွက် ရန်ပုံငွေ ပိုမိုရရှိမည် မဟုတ်ပါလား။ သို့သော် ဖုန်းယွီက ငြင်းပယ်လိုက်ပြီး "နှစ်တွေ စောင့်လာခဲ့ပြီပဲ၊ နောက်ထပ် နှစ်နှစ်လောက် ထပ်စောင့်ရမှာကို မကြောက်နဲ့" ဟု ပြောလိုက်သည်။

ဤစနစ်ဈေးကွက်ထဲ ရောက်လာလျှင် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေရမည်။ ယခု ထုတ်ကုန်မှာမူ ထိုမျှ အစွမ်းမထက်သေးပေ။

ထိုအချိန်ကျလျှင် မိုက်ခရိုဆော့ဖ်၏ အံ့အားသင့်သွားမည့် မျက်နှာကို ဖုန်းယွီ စိတ်ကူးကြည့်ပြီး ကျေနပ်နေမိသည်။ အနာဂတ်တွင် ဆော့ဖ်ဝဲလ်လောက၏ ထိပ်တန်းနေရာကို ငါတို့ တရုတ်ကုမ္ပဏီတွေ ထိုင်ရမည့်အချိန် ရောက်လာပေတော့မည်။

"အက်ဒမ်... ဒီနောက်ဆုံး အစီရင်ခံစာက ဘာလဲ”

"ဒါကတော့ ဂိမ်းအသစ်တစ်ခုရဲ့ ဖော်ဆောင်ရေး စီမံချက်ပါ၊ ကျွန်တော်တို့ကတော့ အဲဒီဂိမ်းကို World of Warcraft လို့ နာမည်ပေးထားပါတယ်!"

...

******

အခန်း (၁၂၃၃) PC ဂိမ်းခေတ်

ဖုန်းယွီ အလွန်ဝမ်းသာသွားသည်။ "မင်း အခုပြောလိုက်တဲ့ဂိမ်းနာမည်က ဘာတဲ့... World of Warcraft ဟုတ်လား"

"ဟုတ်ပါတယ်၊ မန်နေဂျာဖုန်းကပဲ ဝေါ့ခရပ်ဖ်စီးရီးကို အကြီးစား လူအများအပြား ပါဝင်ကစားနိုင်တဲ့ ဇာတ်ကောင်သရုပ်ဆောင် အွန်လိုင်းဂိမ်း (MMORPG)အဖြစ် လုပ်သင့်တယ်လို့ လူလွှတ်မှာလိုက်တာ မဟုတ်လား။ နောက်ပြီး ဂိမ်းနောက်ခံ ဒီဇိုင်းတွေနဲ့ တာဝန်တွေပါ အများကြီး ပေးထားတယ်လေ" Blizzard ဥက္ကဋ္ဌ အက်ဒမ်က အံ့အားသင့်စွာ ပြန်ဖြေသည်။

"အော်... အဲဒါလား၊ ဟုတ်သားပဲ။ ဒါပေမဲ့ မင်းတို့ ဒီလောက်မြန်မြန် လုပ်နေကြလိမ့်မယ်လို့ မထင်ထားဘူး။ Warcraft ၃ ကော ဖော်ဆောင်လို့ ပြီးပြီလား”

"မပြီးသေးပါဘူးခင်ဗျာ။ ဒါပေမဲ့ ဒီနှစ်မှာ Reign of Chaosကို ထုတ်မယ်၊ နောက်နှစ်မှာ The Frozen Throneကို ထုတ်ဖို့ စီစဉ်ထားပါတယ်”

"ဒါဆို World of Warcraft ကော"

"ဒီလို အကြီးစား 3D အွန်လိုင်းဂိမ်းမျိုးကို ဖော်ဆောင်ရတာ တော်တော်တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ တခြားဂိမ်းကုမ္ပဏီတွေဆီက လူတွေက ကူညီပေးကြလို့ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။ အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ဖို့ နောက်ထပ် နှစ်နှစ်လောက် ကြာဦးမယ်လို့ ခန့်မှန်းထားပါတယ်။ စမ်းသပ်မှုတွေ၊ ချိန်ညှိမှုတွေ လုပ်ပြီးရင် ၂၀၀၅ ခုနှစ်မှာ ဈေးကွက်ထဲ စတင်ဖြန့်ချိနိုင်ဖို့ စီစဉ်ထားပါတယ်"

ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ သူ၏ အရင်ဘဝက အချိန်ကာလနှင့် တူညီနေသည်။ The Legend ဂိမ်း အရှိန်အဟုန် ကျဆင်းသွားပြီး အခြားဂိမ်းသစ်များ ထွက်ပေါ်လာချိန်တွင် ဖုန်းယွီဂိမ်း၏အမည်ကို တစ်ကျော့ပြန် ထင်ရှားစေရန် အကွက်ကျကျ ဖြစ်နေသည်။

ယခုဘဝသည် အရင်ဘဝနှင့် မတူပေ။ The Legend ဂိမ်း၏ ကုဒ်များ ပေါက်ကြားသွားခြင်း မရှိသဖြင့်"ကိုယ်ပိုင်ဆာဗာဆိုသည်မှာလည်း မရှိခဲ့ပေ။ ထို့ကြောင့် The Legendသည် ဖော်ဆောင်မှုပိုင်းတွင် အရှိန်အဟုန်ကောင်းဆဲဖြစ်ပြီး မြေပုံအသစ်များ၊ တာဝန်အသစ်များ၊ စွမ်းရည်အသစ်များနှင့် မိစ္ဆာကောင်အသစ်များဖြင့် ဆက်လက်ဆွဲဆောင်နိုင်နေဆဲ ဖြစ်သည်။

အရင်ဘဝက ကိုယ်ပိုင်ဆာဗာများ ပေါ်ထွက်လာသည့်တိုင် မူရင်းဆာဗာတွင် ကစားသူ အမြောက်အမြား ရှိနေဆဲဖြစ်သည်။ သို့သော် ကိုယ်ပိုင်ဆာဗာများက ကစားသူ အများအပြားကို ခွဲထုတ်သွားခဲ့သည်မှာ ငြင်းမရပေ။ အကြောင်းမှာ ကိုယ်ပိုင်ဆာဗာများတွင် အဆင့်တက်ရန် ခက်ခဲမှုမရှိဘဲ ဂိမ်းစသည်နှင့် စွမ်းရည်အားလုံးနီးပါးကို သင်ယူနိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် လူနည်းသဖြင့် မိစ္ဆာကောင်များကို လုယက်သတ်ဖြတ်ရန်လည်း မလိုပေ။

နောက်တစ်ချက်မှာ အချိန်ကတ်ဝယ်ယူရန် မလိုခြင်းပင်။ အချိန်ကတ်စျေးနှုန်းမှာ ထိုမျှ မကြီးသော်လည်း တစ်နှစ်စာ တွက်ကြည့်ပါက ကျောင်းသားများအတွက်မူ အတော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။

The Legend ဂိမ်းသည် နောက်ထပ် သုံးနှစ်ခန့်အထိ ယခုကဲ့သို့ အခကြေးငွေ ကောက်ခံနိုင်လိမ့်မည်ဟု ဖုန်းယွီ ခန့်မှန်းထားသည်။ သုံးနှစ်ကြာပြီးနောက် ဂိမ်းသစ်များ ထွက်ပေါ်လာချိန်တွင် The Legend ၏ အရှိန်မှာ ကျဆင်းသွားပေလိမ့်မည်။ ထိုအချိန်ကျမှ အချိန်ကတ်စျေးနှုန်းကို အကြီးအကျယ် လျှော့ချကာ လူထုကို တစ်နှစ်ခန့် ထပ်မံဆွဲဆောင်ရမည် ဖြစ်သည်။

ထို့နောက် ၂၀၀၆ ခုနှစ်ဝန်းကျင်ကျလျှင် အချိန်ကတ် ဖြင့် ငွေကောက်ခံသည့် စနစ်ကို ဖျက်သိမ်းပြီး အဖွဲ့ဝင်စနစ်ဖြင့် ပြောင်းလဲသွားရန် ဖုန်းယွီ တွက်ချက်ထားသည်။ အဖွဲ့ဝင်အဆင့်အလိုက် နေ့စဉ် ဆုလာဘ်များ ပေးအပ်ခြင်းသည် အရင်ဘဝက ဝက်ဘ်ဂိမ်းများနှင့် လက်ကိုင်ဖုန်းဂိမ်းများတွင် ငွေရှာသည့် နည်းဗျူဟာကောင်းတစ်ခု မဟုတ်ပါလား။ အရင်ဘဝက The Legend သည်လည်း ဤနည်းဖြင့် သူဌေးကြီးများကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် The Legend သည် နောက်ထပ် နှစ်အတော်ကြာအောင် ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဝက်ဘ်ဂိမ်းနှင့် လက်ကိုင်ဖုန်းဂိမ်းအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းဖြင့် ဤအမှတ်တံဆိပ်သည် ဖုန်းယွီဂိမ်းစ်အတွက် နောက်ထပ် ဆယ်နှစ်စာ အမြတ်အစွန်းများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် The Legend သည် 2D ဂိမ်းတစ်ခုသာ ဖြစ်သည်။ ယခုအခါ ဈေးကွက်ထဲတွင်MU Onlineကဲ့သို့ ၂.၅D ဂိမ်းများ ထွက်ပေါ်လာပြီဖြစ်ရာ ပိုမိုလှပသော ရုပ်ထွက်များကြောင့် အသုံးပြုသူအချို့ကို ဆွဲဆောင်သွားနိုင်ခဲ့သည်။ အထူးသဖြင့် ပြည်ပဈေးကွက်တွင် အလွန်ရေပန်းစားသည်။

MUဂိမ်းသည် အနောက်တိုင်း ဒဏ္ဍာရီများကို အခြေခံထားသဖြင့် အနောက်နိုင်ငံသားများအတွက် ပိုမိုစိတ်ဝင်စားစရာ ကောင်းသည်။ သို့သော် The Legend သည် တရုတ်ဈေးကွက် တစ်ခုတည်းဖြင့်ပင် ကမ္ဘာ့အွန်လိုင်းဂိမ်း သမိုင်းတွင် ခိုင်မာသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။

သို့သော် 3D အွန်လိုင်းဂိမ်းဟူသော ကိတ်မုန့်ကြီးကိုမူ သူတစ်ပါးထံ အလွယ်တကူ မပေးနိုင်ပေ။ Blizzard ၏ အမာခံ IP သုံးခုဖြစ်သော Diablo၊ StarCraft နှင့် Warcraft တို့ကို အလေးပေး ဖော်ဆောင်ရမည် ဖြစ်သည်။ လောလောဆယ်တွင် သူတို့၏ ကာတွန်းစာအုပ်များမှာ ရောင်းအားကောင်းနေသလို၊ အရုပ်များနှင့် အဝတ်အထည်များကလည်း ကုမ္ပဏီအတွက် အမြတ်အစွန်းများစွာ ရရှိစေသည်။

ဂိမ်းဆိုသည်မှာ ဂိမ်းခွေရောင်းခြင်းနှင့် အချိန်ကတ်ရောင်းခြင်းသာ မဟုတ်ဘဲ ၎င်း၏ ဆက်စပ်ပစ္စည်းများကလည်း ကြီးမားသော အမြတ်အစွန်းကို ဖန်တီးပေးနိုင်သည်။ ဆက်စပ်ပစ္စည်းများ ဖော်ဆောင်ရာတွင် အမေရိကန်နှင့် ဂျပန်ကုမ္ပဏီများက အတွေ့အကြုံ ရင့်ကျက်ကြရာ ဖုန်းယွီသည် ဤကိစ္စကို ခါမဲဒါ မာဆာအို ထံ လွှဲအပ်ထားခဲ့သည်။ သူသည်လည်း အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေသဖြင့် The Legend ၏ ဆက်စပ်ပစ္စည်းများမှာ တရုတ်နိုင်ငံတွင် ရောင်းအား အလွန်ကောင်းနေသည်။

အရင်ဘဝက တစ်ကမ္ဘာလုံးကို လွှမ်းမိုးခဲ့သည့် World of Warcraft သည် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ရေပန်းစားခဲ့သည်။ ဖုန်းယွီ အရင်ဘဝကဆိုလျှင် သူ ပြန်လည်မွေးဖွားလာချိန်အထိပင် ဤဂိမ်းကို ကစားနေသူများစွာ ရှိသေးသည်။ ဤဂိမ်းထွက်ရှိပြီးနောက်တွင်မှ 3D အွန်လိုင်းဂိမ်းအမျိုးမျိုး ခေတ်စားလာခဲ့ခြင်း ဖြစ်သည်။ ၎င်းကို 3D အွန်လိုင်းဂိမ်းခေတ်၏ ရှေ့ဆောင်လမ်းပြဟု ခေါ်ဆိုလျှင်ပင် မမှားပေ။

တရုတ်နိုင်ငံကို မထည့်တွက်လျှင်ပင် "World of Warcraft" အသုံးပြုသူဦးရေမှာ ဆယ်သန်းကျော် ရှိခဲ့သည်။ The Legend သည် အထွတ်အထိပ်ကာလတွင် အသုံးပြုသူ သန်းသုံးဆယ်ရှိသည်ဟု ဆိုသော်လည်း ထိုအရေအတွက်မှာ အကောင့်ဖွင့်ထားသူဦးရေသာ ဖြစ်သည်။ တစ်ပြိုင်နက်တည်း ဆော့ကစားသူဦးရေ မှာမူ သန်းဂဏန်းဝန်းကျင်သာ ရှိသည်။

ယခုဘဝတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့သည်။ The Legend ၏ တစ်ပြိုင်နက်တည်း ဆော့ကစားသူဦးရေမှာ ကြော်ငြာအားကောင်းခြင်း၊ ဆာဗာများ မထစ်ခြင်းနှင့် တရုတ်နိုင်ငံ၏ အင်တာနက် ဖွံ့ဖြိုးမှု မြန်ဆန်ခြင်းတို့ကြောင့် သိသိသာသာ တိုးတက်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ဆာဗာတစ်ခုချင်းစီ၏ ကစားသူအရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာနေသည်။

ကံကောင်းသည်မှာ The Legend ဆာဗာအသစ်များကို အရှိန်အဟုန်ဖြင့် ဖွင့်လှစ်နိုင်နေသဖြင့် အသုံးပြုသူဦးရေမှာ တဖြည်းဖြည်း တိုးတက်နေဆဲ ဖြစ်သည်။ အင်တာနက်ဆိုင်များသို့ သွားကြည့်လျှင် အများစုမှာ The Legend ကိုသာ ကစားနေကြပြီး၊ အချို့မှာမူ Half-Life သို့မဟုတ် Diablo တို့ကို ကစားနေကြကာ အချို့မှာမူ ဗီဒီယိုများ ကြည့်နေကြလေသည်။

ယခုအချိန်သည် အွန်လိုင်းဂိမ်းများစွာ ထွက်ပေါ်လာသည့် အချိန်ဖြစ်သဖြင့် လူအများက "PC ဂိမ်းခေတ်" ဟုပင် တင်စားကြသည်။

ယခုအချိန်တွင် PS ဂိမ်းစက်၊ နင့်တန်းဒိုး သို့မဟုတ် GBOX တို့မှာ ရေပန်းစားနေပြီး ကောင်းမွန်သော ဂိမ်းများစွာ ရှိနေသော်လည်း၊ အွန်လိုင်းဂိမ်း အမျိုးအစားများ ပိုမိုများပြားလာပြီး ကုမ္ပဏီသစ်များစွာ ဝင်ရောက်လာသည်နှင့်အမျှ အိမ်သုံးဂိမ်းစက်ဈေးကွက်မှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာနေသည်။

တကယ်တမ်း အိမ်သုံးဂိမ်းစက်များကို မှေးမှိန်သွားစေသည်မှာ "လက်ကိုင်ဖုန်းဂိမ်း" များပင် ဖြစ်သည်။ စမတ်ဖုန်းများ ပျံ့နှံ့လာသည်နှင့်အမျှ လူများသည် နေရာမရွေး၊ အချိန်မရွေး ဂိမ်းကစားခြင်း၊ ဝတ္ထုဖတ်ခြင်းနှင့် ဗီဒီယိုကြည့်ခြင်းတို့ကို လုပ်ဆောင်နိုင်လာကြရာ အားလပ်ချိန်ကို မည်သို့ဖြုန်းရမည်နည်းဟူသော ဒုက္ခမှ ကင်းဝေးသွားကြသည်။

ဖုန်းသည် လူတို့၏အနီးကပ်ဆုံး ကိရိယာဖြစ်ပြီး သယ်ဆောင်ရ လွယ်ကူလှသည်။ ထိုအချိန်ကျမှ အိမ်သုံးဂိမ်းစက်များသည် ခန္ဓာကိုယ်အာရုံခံ သို့မဟုတ် မြင်ကွင်းကျယ် 3Dဘက်သို့ ဦးတည်ပြီး ရုန်းကန်ကြရတော့မည် ဖြစ်သည်။

သို့သော် ထိုဂိမ်းစက်များတွင် ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသည်။ မင်းကို ထိုကမ္ဘာထဲသို့ တကယ်ရောက်သွားသလို ခံစားရစေသည်ဟု ဆိုသော်ငြားလည်း၊ ကစားရန် ကျယ်ဝန်းသော နေရာလွတ်တစ်ခု လိုအပ်မည့်အပြင်၊ မတော်တဆ ပစ္စည်းများနှင့် တိုက်မိကာ ထိခိုက်ဒဏ်ရာ ရရှိနိုင်ခြေလည်း ရှိနေသည်။ ဂိမ်းထဲမှ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် လှုပ်ရှားရဦးမည် မဟုတ်ပါလား။

အကယ်၍ မင်းက ကုတင်ပေါ်မှာ ထိုင်နေမယ်ဆိုရင်ရော... ကုတင်ပေါ်မှာ ထိုင်နေမှန်း သိနေလျက်နဲ့ ဘယ်လိုလုပ် ဂိမ်းထဲ တကယ်ရောက်နေသလို ခံစားရမှာလဲ။

ထို့ကြောင့် အနာဂတ်တွင် ဒီလိုဂိမ်းစက်တွေဟာ အဆင့်မြင့် ဈေးကွက်ထဲမှာပဲ ကျန်ရစ်တော့မှာဖြစ်ပြီး၊ အဓိက ဂိမ်းဈေးကွက်ကြီးတစ်ခုလုံးကို PC ဂိမ်းနဲ့ လက်ကိုင်ဖုန်းဂိမ်းတွေက သိမ်းပိုက်သွားမှာ ဖြစ်သည်။

ယခုအချိန်တွင် လက်ကိုင်ဖုန်းဂိမ်းများ မပျံ့နှံ့သေးသဖြင့် အကြီးဆုံးဈေးကွက်မှာ အိမ်သုံးဂိမ်းစက်များ ဖြစ်နေသေးသော်လည်း PC ဂိမ်းဘက်သို့ တဖြည်းဖြည်း ကူးပြောင်းနေပြီ ဖြစ်သည်။

နောင်တစ်ချိန်တွင် ဂိမ်းကစားသူတိုင်းက PC ဂိမ်းခေတ်အကြောင်း ပြောဆိုသည့်အခါ ဖုန်းယွီဂိမ်းကို ပထမဆုံး သတိရစေရန် ဖုန်းယွီ ရည်မှန်းထားသည်။ 2D ခေတ်၊ 3D ခေတ်မှသည် ခန္ဓာကိုယ်အာရုံခံ ဂိမ်းခေတ်အထိ သူက ကြီးစိုးလိုသည်။

"စိတ်ချလက်ချသာ လုပ်ပါ၊ ရန်ပုံငွေ အခက်အခဲရှိရင် ခါမဲဒါ မာဆာအို ကို ပြောပါ၊ ဒါမှမဟုတ် ရဲလ်ဖ် ကို ဆက်သွယ်လိုက်"

"ငွေကြေးပိုင်းကတော့ အခက်အခဲ မရှိပါဘူး။ အခု ဝေါ့ခရပ်ဖ် ၃ က ရောင်းအားကောင်းနေတော့ ရတဲ့အမြတ်နဲ့တင် World of Warcraftကို ဖော်ဆောင်ဖို့ လုံလောက်ပါတယ်"

"ကောင်းပြီ၊ ဝန်ထမ်းတွေကိုလည်း ဂရုစိုက်ဖို့ မမေ့နဲ့။ သူတို့ ကုမ္ပဏီအပေါ် သံယောဇဉ်ရှိနေဖို့ လိုတယ်။ ထိုက်တန်တဲ့ ဆုကြေးတွေပေးဖို့ တွန့်တိုမနေနဲ့။ အရေးပါတဲ့ အရာရှိတွေနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ ဝန်ထမ်းတွေကို ရှယ်ယာပေးဖို့ကိစ္စဆိုရင် ငါ့ဆီ ခွင့်တောင်းနေစရာ မလိုဘူး"

အရင်ဘဝက Blizzard သည် အဆင့်မြင့်အရာရှိအချို့ တစ်ပြိုင်နက်တည်း ထွက်ခွာသွားသည့် ကိစ္စကြောင့် ကုမ္ပဏီလည်ပတ်မှုတွင် အကြီးအကျယ် ထိခိုက်ခဲ့ဖူးသည်။ ယခုဘဝတွင်မူ ထိုသို့မဖြစ်စေရန် ဖုန်းယွီ ကြိုတင်ကာကွယ်လိုခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် မန်နေဂျာဖုန်း။ မန်နေဂျာဖုန်းရဲ့ ဦးဆောင်မှုအောက်မှာ ကုမ္ပဏီက သေချာပေါက် ပိုပြီး တိုးတက်လာမှာပါ။ ဖုန်းယွီဂိမ်းဟာ အနာဂတ်မှာ PC ဂိမ်းလောကကို စိုးမိုးထားနိုင်မှာဖြစ်လို့ တခြားကုမ္ပဏီတွေကတော့ အဝေးကနေ ငေးကြည့်နေရုံပဲ ရှိတော့မှာပါ"

ဒီ အမေရိကန်ကောင်လည်း ဖားတတ်သားပဲဟု ဖုန်းယွီ တွေးရင်း တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

"ကုမ္ပဏီ တိုးတက်ဖို့အတွက် မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေလည်း လိုအပ်ပါတယ်။ မင်းတို့ ရသင့်ရထိုက်တာတွေကိုတော့ ငါ လက်တွန့်နေမှာ မဟုတ်ဘူး။ ကုမ္ပဏီရဲ့ အနာဂတ်ကို အားလုံးအတူတူ ဖန်တီးကြတာပေါ့။ PC ဂိမ်းလောကရဲ့ သမိုင်းသစ်ကို ငါတို့အားလုံး အတူတူ ရေးထိုးကြမယ်"

...

******

အခန်း (၁၂၃၄) ဘောလုံးမဟာမိတ်

ဖုန်းယွီသည် အမေရိကန်မှ တရုတ်နိုင်ငံသို့ ပြန်ရောက်ခါစတွင်ပင် ယခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်များ ပြီးဆုံးသွားခဲ့သည်။ ရလဒ်များမှာ ထင်ထားသည့်အတိုင်းပင် ဘရာဇီးလ်အသင်းက ချန်ပီယံဖြစ်သွားကာ ရော်နယ်ဒင်ညိုက ရွှေဖိနပ်ဆု ရရှိခဲ့ပြီး အိုလီဗာကာန်းက ရွှေဘောလုံးဆုကို ရရှိခဲ့သည်။

အစောပိုင်းက ဖုန်းယွီသည် ကျုံးချင်းရှန်ကို ရော်နယ်ဒင်ညိုနှင့် စာချုပ်ချုပ်ခိုင်းစဉ်က ကျုံးချင်းရှန်မှာ အတော်လေး မလိုမလား ဖြစ်ခဲ့ဖူးသည်။ အကြောင်းရင်းမှာ ထိုအချိန်က ရော်နယ်ဒင်ညို၏ ကျော်ကြားမှု မမြင့်မားသေး၍ မဟုတ်ဘဲ... ရော်နယ်ဒင်ညိုမှာ အရမ်းရုပ်ဆိုးလွန်းသောကြောင့် ဖြစ်သည်။

မှန်သည်၊ ရော်နယ်ဒင်ညိုသည် အနောက်တိုင်းသားမျက်စိနှင့် ကြည့်ကြည့်၊ အရှေ့တိုင်းသားမျက်စိနှင့် ကြည့်ကြည့် ရုပ်ဆိုးသည်မှာ အမှန်ပင်။ သူ၏ အမှတ်အသားဖြစ်သော သွားခေါခေါကြီးမှာ မေ့ပျောက်နိုင်စရာ မရှိအောင်ပင် ထင်ရှားလှသည်။

ထိုအချက်ကြောင့်ပင် Coca colaနှင့် Pepsiတို့က ရော်နယ်ဒင်ညိုကို စာချုပ်မချုပ်ခဲ့ကြဘဲ "တရုတ် အဖျော်ယမကာ မဟာမိတ်အဖွဲ့"ကသာ ကံကောင်းထောက်မစွာဖြင့် အခွင့်ကောင်း ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ရော်နယ်ဒင်ညိုသည် ဘောလုံးစွမ်းရည် အလွန်မြင့်မားသော်လည်း လူကြိုက်များမှုမှာ အလွန်နည်းပါးခဲ့သည်။ သူ့ထက် ညံ့ဖျင်းသူများပင်လျှင် ရုပ်ရည်ချောမောကြသဖြင့် ကြော်ငြာများစွာ ရရှိကာ သူ့ထက် ဝင်ငွေ အဆပေါင်းများစွာ ပိုရနေခဲ့ကြသည်။

ထို့ကြောင့်ပင် တရုတ် အဖျော်ယမကာ မဟာမိတ်အဖွဲ့က ရော်နယ်ဒင်ညိုနှင့် ဆယ်နှစ်သက်တမ်းရှိသော ရေရှည်စာချုပ်ကို ချုပ်ဆိုလိုက်ရာ ရော်နယ်ဒင်ညိုကလည်း သဘောတူခဲ့လေသည်။

ကြော်ငြာခမှာ ထိုမျှမမြင့်မားသော်လည်း ၎င်းတွင် ဆုကြေးပေးမှုဆိုင်ရာ စည်းကမ်းချက်များစွာ ပါဝင်နေသဖြင့် ရော်နယ်ဒင်ညိုကို သူ၏ ခြေစွမ်းကောင်းများ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် တွန်းအားပေးနိုင်ခဲ့သည်။ သို့မှသာ သူ ငွေများများ ပိုရမည် မဟုတ်ပါလား။

သို့သော် ရော်နယ်ဒင်ညို ကြုံတွေ့ရမည့် ထိုးနှက်ချက်များမှာ ဤမျှတင် မကသေးကြောင်း ဖုန်းယွီ သိနေသည်။ လာမည့်နှစ်တွင် ဥရောပ၏ ထိပ်တန်းကလပ် Real Madridသည် ရော်နယ်ဒင်ညိုကို စာချုပ်ချုပ်ရန် အခွင့်အရေး ရသော်လည်း ၎င်းတို့က ချင့်ချိန်ပြီးနောက် ဘက်ခမ်းကိုသာ ရွေးချယ်ခဲ့ကြသည်။

ထိုစဉ်က လူအများမှာ ဝေခွဲမရ ဖြစ်ခဲ့ကြသည်။ အကြောင်းမှာ ထိုအချိန်တွင် ရော်နယ်ဒင်ညိုမှာ ဘက်ခမ်းထက် အလားအလာ ပိုကောင်းနေသည်မှာ သိသာလှသလို၊ ၂၀၀၂ ကမ္ဘာ့ဖလားတွင်လည်း သူ၏ ခြေစွမ်းမှာ အံ့မခန်း ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော် Real Madrid၏မန်နေဂျာကမူ စီးပွားရေးအကျိုးအမြတ်အရ ကြည့်လျှင် ရော်နယ်ဒင်ညိုမှာ အရမ်းရုပ်ဆိုးလွန်းသဖြင့် မည်သူမျှ သူ၏ ဂျာစီကို ဝယ်လိုကြမည်မဟုတ်ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် ရော်နယ်ဒင်ညိုက ရွှေဖိနပ်ဆု ရရှိခဲ့ချိန်မှာပင် သူ့ထံတွင် လက်မှတ်လာတောင်းသူပင် ထူးထူးခြားခြား မရှိခဲ့ကြောင်း ဆိုခဲ့သည်။

ဘက်ခမ်းမှာမူ ထိုသို့မဟုတ်ပေ။ အနောက်တိုင်းမှာဖြစ်စေ၊ အရှေ့တိုင်းမှာဖြစ်စေ သူသည် လူချောလူလှ တစ်ဦးဖြစ်ပြီး အာဖရိကတွင်ပင် ပရိသတ်များစွာ ရှိနေသည်။ လက်တွေ့တွင်လည်း Real Madridသည် ဘက်ခမ်းကို ဝယ်ယူပြီးနောက် အမြတ်အစွန်းကြီးစွာ ရရှိခဲ့ကြောင်း သက်သေပြနိုင်ခဲ့သည်။ သို့သော် ဤအချက်ကပင် ဘာစီလိုနာအသင်းအတွက် အခွင့်အရေး ဖြစ်သွားခဲ့သည်။ နောက်နှစ်အနည်းငယ်အတွင်း ရော်နယ်ဒင်ညိုသည် သူ၏ အကောင်းဆုံး ခြေစွမ်းအဆင့်သို့ သေချာပေါက် ရောက်ရှိတော့မည် မဟုတ်ပါလား။

ရော်နယ်ဒင်ညိုကို အမာခံကြယ်ပွင့်အဖြစ် ထားရှိပြီး ကြော်ငြာခဲ့သဖြင့် အနည်းဆုံးတော့ ဥရောပနှင့် တောင်အမေရိကတွင် တရုတ် အဖျော်ယမကာ မဟာမိတ်အဖွဲ့၏ ရောင်းအားမှာ သိသိသာသာ တက်လာခဲ့သည်။ Coca colaနှင့် Pepsiတို့မှာ ထိုအခါမှ နောင်တရကုန်ကြပြီး ဤရော်နယ်ဒင်ညိုမှာ ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သို့သော် ၎င်းတို့က သိပ်ပြီး ဂရုမစိုက်ကြသေးပေ။ ဘက်ခမ်းကဲ့သို့ လူကြိုက်များသော ကြယ်ပွင့်များမှာ ၎င်းတို့လက်အောက်တွင် ရှိနေသေးသည်။ နောက်နှစ်အနည်းငယ်ကြာလျှင် ရော်နယ်ဒင်ညို ခြေစွမ်းကျသွားပါက အဖျော်ယမကာ မဟာမိတ်အဖွဲ့တွင် မည်သည့်ကြယ်ပွင့် ကျန်ဦးမည်နည်း၊ ဘတ်စကက်ဘော ကစားသမားဖြစ်သူ ကာတာကိုပဲ ဆက်ပြီး အားကိုးနေမှာလားဟု ၎င်းတို့က ယူဆထားကြသည်။

ယခုနှစ်တွင် ချန်ပီယံဆုကို တစ်ဖန်ရရှိခဲ့သဖြင့် ကာတာ၏ ကျော်ကြားမှုမှာလည်း ထပ်မံမြင့်တက်လာခဲ့သည်။ မြောက်အမေရိကတွင် ကာတာကြောင့်ပင် အဖျော်ယမကာ ရောင်းအားမှာ ထပ်မံတိုးတက်လာခဲ့သလို၊ ယခုမှာ နွေရာသီဖြစ်၍ အဖျော်ယမကာ ရောင်းအား အကောင်းဆုံး အချိန်လည်း ဖြစ်သည်။

ရော်နယ်ဒင်ညို၏ အောင်မြင်မှုကြောင့် ကျုံးချင်းရှန်သည် ဖုန်းယွီ ယခင်က ပြောခဲ့သည့် လူငယ်အားကစားသမားများကို စာချုပ်ချုပ်ဆိုခြင်းမှာ မှန်ကန်ကြောင်း ယုံကြည်သွားခဲ့သည်။ ထို့ကြောင့် ကျုံးချင်းရှန်သည် တွန့်ဆုတ်မနေတော့ဘဲ စာချုပ်ချုပ်ဆိုရန် စေလွှတ်ထားသူများကို အမြန်ဆုံး ဆောင်ရွက်ခိုင်းလိုက်သည်။ ၎င်းတို့ လိုချင်သည်မှာ ဆယ်နှစ်သက်တမ်းရှိသော ရေရှည်စာချုပ်ဖြစ်ပြီး ဆုကြေးခံစားခွင့်များကိုလည်း အမျိုးမျိုး ပေးအပ်ထားသည်။

ရေတိုစာချုပ်မှာမူ မဖြစ်နိုင်ပေ၊ အကြောင်းမှာ ထိုသူတို့သည် ယခုအချိန်တွင် နာမည်မကြီးကြသေးသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ဖုန်းယွီနှင့် ဝမ်တုန်းကျွင်းတို့သည် စားသောက်ဆိုင်လေးတစ်ခုတွင် ထိုင်နေကြသည်။ သူတို့နှစ်ဦးသည် သာမန်အိမ်ချက်ဟင်းလျာများကို စားရင်း ဘီယာသောက်ကာ စကားပြောနေကြခြင်း ဖြစ်သည်။

"မင်းကတော့ တကယ်ကို နတ်ဘုရားလိုပဲကွာ။ ဘာလို့ တောင်ကိုရီးယားက ဆီမီးဖိုင်နယ် တက်မယ်ဆိုတာ သိနေတာလဲ။ အစကတော့ တောင်ကိုရီးယားက ငါတို့ တရုတ်ထက် သိပ်သာမယ်လို့ ငါမထင်ထားဘူး"

"တောင်ကိုရီးယားက ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ကျင်းပတာလေ၊ ဖက်စပ်ကျင်းပတာ ဆိုပေမဲ့ အိမ်ရှင်တစ်ဦးပဲ မဟုတ်လား။ အိမ်ရှင်ဖြစ်လာပြီဆိုရင် လုပ်ပိုင်ခွင့်တွေက အများကြီးရှိလာတာပေါ့။ ဥပမာ... ဒီနှစ် NBA ပွဲစဉ်မှာလည်း Netsအသင်းက အိမ်ကွင်းအားသာချက်ကို သုံးပြီး လေကာအသင်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးလိုက်တာပဲလေ..."

ဖုန်းယွီသည် Netsအသင်း သုံးစွဲခဲ့သည့် ညစ်ကွက်အချို့ကို ဝမ်တုန်းကျွင်းအား ပြောပြလိုက်ပြီး အိမ်ရှင်ဖြစ်ခြင်းက မည်မျှအားသာချက်ရှိကြောင်း ရှင်းပြလေသည်။

"ဒါဆို မင်းပြောချင်တာက တောင်ကိုရီးယားသားတွေက တခြားအသင်းသားတွေကို လိုက်နှောင့်ယှက်ခဲ့တာပေါ့”

"အဲဒါက မီဒီယာတွေမှာတောင် ပါပြီးသားပါ၊ ငါ လျှောက်ပြောနေတာ မဟုတ်ဘူး။ ပြီးတော့ တောင်ကိုရီးယားရဲ့ဒိုင်လူကြီးလာဘ်စားမှုက ဘယ်လောက် ပြင်းထန်လဲဆိုတာ မင်း တီဗွီကြည့်ရင် သိမှာပါ။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေက လုံးဝကို စံနှုန်းနှစ်မျိုး ဖြစ်နေတာ။ တောင်ကိုရီးယားကစားသမားတွေက အားကစားပြိုင်ပွဲ မဟုတ်ဘဲ ရန်ပွဲလုပ်နေသလို ဖြစ်နေတာတောင် တစ်ခါမှ အမှားမပေးဘူး။ ဒါပေမဲ့ သူတို့လည်း ဆီမီဖိုင်နယ်အထိပဲ ညစ်ရဲတာပါ။ သူတို့ကို ဖိုင်နယ်အထိ ပေးတက်လိုက်လို့၊ ဒါမှမဟုတ် တတိယနေရာအထိ ပေးယူလိုက်လို့ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က လူတွေ ပိုပြီးတောင် အရှက်ကွဲကုန်ကြမှာ"

"ဟင်း... ငါတို့သာ အိမ်ရှင်အဖြစ် လျှောက်ခဲ့ရင် ကောင်းမှာပဲ။ ငါတို့နိုင်ငံမှာ ကျင်းပရင် ငါတို့လည်း ထူးထူးခြားခြား အောင်မြင်မှုတွေ ရမှာ မဟုတ်ဘူးလား။ ဒီနှစ်မှာ ကမ္ဘာ့ဖလားကို ခက်ခက်ခဲခဲ တက်နိုင်ခဲ့တာတောင် တစ်မှတ်မှမရဘဲ အိမ်ပြန်ခဲ့ရတယ်။ အစကတော့ မျှော်လင့်ချက်တွေ အကြီးကြီး ထားခဲ့တာ၊ ပွဲကြည့်ဖို့အတွက် ငါ ဂိမ်းတောင် မဆော့ဘဲ နေခဲ့တာကွာ" ဝမ်တုန်းကျွင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

"ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လျှောက်ချင်ရင် အနည်းဆုံး ကမ္ဘာ့ဖလားကို နှစ်ကြိမ်လောက် တက်ဖူးဖို့ လိုတယ်။ ငါတို့က ခုမှ ပထမဆုံးအကြိမ်ပဲ ရှိသေးတာ၊ အခြေအနေက မပြည့်စုံသေးဘူး။ ပြီးတော့ ငါတို့က အိုလံပစ်ကို အိမ်ရှင်အဖြစ် ကျင်းပဖို့ အောင်မြင်ထားတော့ အနည်းဆုံး အိုလံပစ်ပြီးမှပဲ ကမ္ဘာ့ဖလားကို လျှောက်လို့ရမှာပါ။ နိုင်ငံတကာ အားကစားပွဲတွေ ကျင်းပတိုင်း မိမိနိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီး ရတတ်တာဆိုတော့ အကျိုးကျေးဇူးတွေ အကုန်လုံးကို ငါတို့ပဲ ယူနေလို့ မရဘူးလေ"

ဖုန်းယွီသည်လည်း မိမိနိုင်ငံတွင် ကမ္ဘာ့ဖလား ကျင်းပလိုသည်မှာ အမှန်ပင်။ သို့သော် မိမိအသင်း၏ ခြေစွမ်းကလည်း လုံလောက်ရန် လိုအပ်သည်။ မိမိက အိမ်ရှင်အဖြစ် ကျင်းပပြီးမှ မိမိအသင်းက ခြေစစ်ပွဲတောင် မအောင်ဘူးဆိုလျှင်... အဲဒါက ဘယ်လောက်တောင် အရှက်ကွဲစရာ ကောင်းမလဲ။

"ဒါဆို ငါတို့နိုင်ငံရဲ့ ဘောလုံးခြေစွမ်းက ဘာလို့ မတိုးတက်နိုင်ရတာလဲ။ ငါတို့နိုင်ငံမှာ လူတွေ ဒီလောက်အများကြီး ရှိတာ၊ ဘောလုံးဝါသနာပါတဲ့သူတွေလည်း အများကြီးပဲ။ ဒါပေမဲ့ ပွဲကစားနိုင်တဲ့ လူ ၁၁ ယောက်လောက်တောင် ဘာလို့ မရွေးချယ်နိုင်ရတာလဲ" ဝမ်တုန်းကျွင်းက သက်ပြင်းချရင်း မေးသည်။

"ငါ မင်းကို မေးမယ်... မင်းသာ ငယ်ငယ်တုန်းက ဝမ်အန်ကယ်ကို 'ကျွန်တော် ကြီးလာရင် ဘောလုံးသမား လုပ်မယ်' လို့ ပြောခဲ့ရင် ဝမ်အန်ကယ်က ဘယ်လိုလုပ်မလဲ”

"အဲဒါ မေးနေစရာ လိုသေးလို့လား၊ သေချာပေါက် အဲဒီအိပ်မက်ကို လက်ဝါးနဲ့ ဖြတ်ရိုက်မှာပေါ့။ အခြေအနေဆိုးရင် နှီးဖျားနဲ့တောင် အဝိုက်ခံရဦးမှာ"

"အဲဒါပဲပေါ့။ မိသားစု တော်တော်များများက ဒီလိုပဲ။ သူတို့အမြင်မှာ ဘောလုံးကန်တယ်ဆိုတာ ကစားနေတာပဲ၊ အလုပ်အကိုင် မဟုတ်ဘူးလို့ ယူဆကြတာ"

ဤသည်မှာ လက်တွေ့ဘဝပင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဘောလုံးကန်သည့် ပတ်ဝန်းကျင်မှာ စားပွဲတင်တင်းနစ်လောက် မခိုင်မာပေ။ အကယ်၍ သင်က စားပွဲတင်တင်းနစ် ကစားသမား လုပ်မည်ဟု ပြောပါက မိသားစုက သေချာပေါက် ထောက်ခံကြလိမ့်မည်။ အလွန်ဆုံး "မင်း လုပ်နိုင်ပါ့မလား" ဟုသာ မေးကြမည်ဖြစ်ပြီး၊ ဒါဟာ အချိန်ဖြုန်းနေတာပဲဟု မည်သူမျှ မယူဆကြပေ။

ဥရောပ၊ အမေရိက၊ အာဖရိကနှင့် အခြားသော အာရှနိုင်ငံများတွင်မူ ဘောလုံးသမားဆိုသည်မှာ ရုပ်ရှင်မင်းသားများကဲ့သို့ပင် ကျော်ကြားကြသူများ ဖြစ်သည်။ တရုတ်နိုင်ငံတွင်မူ လူအများစုမှာ လက်ရွေးစင်အသင်းက ကစားသမား အမည်တွေကိုတောင် မသိကြသလို၊ မျက်နှာတွေကိုတောင် မမှတ်မိကြပေ။

"ဒါဆို ဘယ်လိုလုပ်မလဲ။ ဟေး... မင်းက အမေရိကန်မှာတောင် ဘတ်စကက်ဘောအသင်းကို အောင်မြင်အောင် လုပ်ထားတာပဲ၊ ငါတို့နိုင်ငံမှာ ဘာလို့ ဘောလုံးအသင်းတစ်သင်း မထောင်တာလဲ။ မင်းတို့ ကုမ္ပဏီက ဒီလောက်ကြီးတာ၊ ဘောလုံးအသင်း တစ်သင်းလောက် ထောင်ရင် ကောင်းမှာပဲ" ဝမ်တုန်းကျွင်းက ရုတ်တရက် ပြောလိုက်သည်။

ဖုန်းယွီ အတန်ကြာ စဉ်းစားလိုက်သည်။ လောလောဆယ်တွင် တရုတ်နိုင်ငံ၏ ဘောလုံးပတ်ဝန်းကျင်မှာ မဆိုးလှပေ။ အနည်းဆုံးတော့ ယခုနှစ် ကမ္ဘာ့ဖလားတက်ခဲ့သည့် အရှိန်ကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း ကွင်းအတွင်း ပရိသတ်ဝင်ရောက်မှုမှာ အလွန်ကောင်းနေလိမ့်မည်။ သို့သော် နောက်ပိုင်းတွင် ညစ်ကွက်များစွာ ပါဝင်လာခဲ့သဖြင့် မော်တူးအသင်း၏ ချန်ပီယံဆုကိုပင် ပြန်လည်ရုပ်သိမ်းခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့သည်။

"ဒါကိုလည်း ထည့်သွင်းစဉ်းစားလို့ ရတာပဲ။ နောက်မှ ငါ ကျုံးချင်းရှန်ကို မေးကြည့်ပြီး အသင်းတစ်သင်းလောက် ဝယ်ခိုင်းလိုက်မယ်။ ဒါနဲ့... အသင်းတွေ အားလုံးကို စုပေါင်းပြီး အားကစား မဟာမိတ်အဖွဲ့တစ်ခု ထောင်လိုက်ရင်ရော… အဲဒီ မဟာမိတ်အဖွဲ့ကြီးတစ်ခုလုံးကို ငါ ဝယ်လိုက်ရင် ဘယ်လိုနေမလဲ”

ဝမ်တုန်းကျွင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ထမင်းစားတံကျင်နှင့် ညှပ်ထားသည့် မြေပဲစေ့မှာလည်း စားပွဲပေါ်သို့ ပြုတ်ကျသွားလေသည်။

"မင်း... မင်း ဘာပြောလိုက်တာလဲ။ မင်းက ဘောလုံးမဟာမိတ်(လိဂ်) တစ်ခုလုံးကို တည်ထောင်မလို့လား"

All Chapters