← Chapters

အခန်း (၁၂၃၅-၁၂၃၇)

Vol. 84 Ch. 1235-1237

အခန်း (၁၂၃၅-၁၂၃၇)

Vol. 84 Ch. 1235-1237

အခန်း (၁၂၃၅) ကုမ္ပဏီတစ်ခု တည်ထောင်ရန်

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ်ဖြစ်သူ မာပေါ့သည် ဖုန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ "မန်နေဂျာဖုန်း... ခင်ဗျား ဘာပြောလိုက်တာလဲ၊ ကလပ်အသင်းတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ပရော်ဖက်ရှင်နယ်လိဂ်တစ်ခု ကျင်းပမလို့လား”

"ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ကလပ်များလိဂ်ကို မှတ်မိသေးတယ် မဟုတ်လား။ အဲဒီပြိုင်ပွဲကို တက်လှမ်းနိုင်ဖို့က တခြားနည်းလမ်းတွေထက် ပိုလွယ်ကူပါတယ်" ဖုန်းယွီက ပြုံးရယ်ရင်း ပြောလိုက်သည်။

သူ၏ အရင်ဘဝကဆိုလျှင် ကမ္ဘာ့ကလပ်များဖလား ပြိုင်ပွဲသည်သာ တရုတ်ဘောလုံးပရိသတ်များအတွက် အနည်းငယ်မျှသော စိတ်သက်သာရာကို ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအသင်းများတွင် နိုင်ငံခြားသား ကစားသမား အမြောက်အမြား ပါဝင်နေသော်လည်း အခြားကလပ်အသင်းများမှာလည်း ထိုနည်းတူပင် မဟုတ်ပါလား။ ဤသည်မှာ ကလပ်အသင်းကို အခြေခံထားသည့် ပြိုင်ပွဲဖြစ်၍ နိုင်ငံသားဖြစ်မှုနှင့် မသက်ဆိုင်ပေ၊ သို့သော် ကလပ်အသင်းအမည်၏ ရှေ့တွင် မြို့အမည်များ ပါရှိနေသည် မဟုတ်ပါလား။

"ဒါပေမဲ့ ကျွန်တော်တို့မှာ အခုလည်း ပရော်ဖက်ရှင်နယ်လိဂ်တွေ ရှိနေတာပဲလေ။ အထူးတန်း၊ ပထမတန်းနဲ့ ဒုတိယတန်းလိဂ်တွေ စသဖြင့်ပေါ့... အဲဒါတွေလည်း အဆင်ပြေပြေ ကျင်းပနေတာပဲ မဟုတ်လား"

မာပေါ့တွင် မပြောဘဲ ချန်ထားသည့် စကားတစ်ခွန်း ရှိသေးသည်။ ၎င်းမှာ 'အဆင်ပြေရုံတင်မကဘဲ အလွန်ကောင်းမွန်နေသည်' ဟု သူယူဆထားခြင်း ဖြစ်သည်။ အကြောင်းမှာ ယခုနှစ်တွင် တရုတ်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားသို့ ဝင်ရောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ရမှတ်တစ်မှတ်မျှ မရဘဲ အိမ်ပြန်ခဲ့ရသော်လည်း ဤသည်မှာ သမိုင်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

"အတွင်းရေးမှူးချုပ်မာ... ကျွန်တော်ပြောတာကို စိတ်မရှိပါနဲ့။ ဒီနှစ် ကမ္ဘာ့ဖလားဝင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပွဲထွက်ကစားသမား အများစုဟာ ပြည်ပမှာ ပညာသင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော် ကြားနေရတာက အခုနောက်ပိုင်း ကျွန်တော်တို့က ပြင်ပကမ္ဘာနဲ့ ဆက်ဆံရေးတွေ ဖြတ်တောက်နေတယ် ဆိုတာ ဟုတ်ပါသလား"

"ဘယ်သူက ပြောလို့လဲ၊ ကျွန်တော်တို့မှာ နှစ်စဉ် ခြေစမ်းပွဲတွေ ရှိနေတာပဲ။ ပြီးတော့ ပြည်ပကိုလည်း လူတော်တွေ ပို့ပေးနေတာပဲလေ!"

"နိုင်ငံတကာ လိဂ်တွေမှာလည်း အဆင့်အတန်းတွေ ရှိပါတယ်။ ကမ္ဘာ့ဖလားနဲ့ အိုလံပစ်က တစ်ဆင့်၊ ယူရိုဖလားတို့က တစ်ဆင့်၊ အဲဒီနောက်မှာမှ ဘောလုံးအင်အားကြီးနိုင်ငံတွေရဲ့ ထိပ်တန်းလိဂ်တွေ ရှိတာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ လိဂ်တွေကတော့ အဆင့်သတ်မှတ်ချက်ထဲမှာတောင် မပါနိုင်သေးပါဘူး။ ဒီအချက်အလက်တွေကို ကျွန်တော့်ထက် ခင်ဗျား ပိုသိမှာပါ"

မာပေါ့သည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။ သူသည် ဤရာထူးတွင် ရှိနေသူဖြစ်ရာ ဤအချက်များကို ကောင်းစွာ သိရှိပါသည်။ သာမန်ပရိသတ်များကို လှည့်စားထားသည့် စကားလုံးများမှာ ဖုန်းယွီ့ရှေ့တွင်မူ အသုံးမဝင်ပေ။

"မန်နေဂျာဖုန်း... ဒါပေမဲ့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ စဉ်းစားနေပါပြီ။ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေတောင် အတည်ပြုပြီးပါပြီ၊ နောက်နှစ်မှာ တရားဝင် စတင်တော့မှာပါ"

"အထူးတန်းကို စူပါလိဂ်လို့ နာမည်ပြောင်းပြီး ပထမတန်းကို ပထမတန်းလိဂ်လို့ ပြောင်းမှာလား။ နာမည်ပြောင်းလိုက်တာနဲ့တင် ပြုပြင်ပြောင်းလဲရေးလို့ ခေါ်လို့ရမလား" ဖုန်းယွီ အလွန်စိတ်ပျက်သွားမိသည်။ ဤသို့သာ ပြုပြင်ပြောင်းလဲမည်ဆိုပါက နှစ်တိုင်းပင် ပြောင်းလဲ၍ ရပေသည်။

တရုတ်ဘောလုံးလောကအတွက် အမှန်တကယ် လိုအပ်နေသည်မှာ လေ့ကျင့်ပျိုးထောင်မှု စနစ်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ငွေကြေးအမြောက်အမြား အသုံးပြုကာ နိုင်ငံတကာအဆင့်မီ နည်းပြများနှင့် လေ့ကျင့်ရေးဆရာများကို ငှားရမ်းရမည် ဖြစ်သည်။ ကစားသမားများကို နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲများ၏ အရှိန်အဟုန်နှင့် ပြင်းထန်မှုကို ခံစားသိရှိစေရမည်ဖြစ်ပြီး ကွင်းထဲရောက်မှ ပုံမှန်ခြေစွမ်းပင် မပြနိုင်သည့် အခြေအနေမျိုး မဖြစ်စေရပေ။

ပြောရလျှင် တရုတ်ဘောလုံးပရိသတ်များအတွက် အနည်းငယ် စိတ်သက်သာရာ ရစေသည့်အချက်မှာ အမျိုးသမီးဘောလုံးအသင်း ဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာ့ဖလားတွင် ဒုတိယဆုနှင့် အိုလံပစ်တွင် ငွေတံဆိပ်ဆုများ ရရှိခဲ့ဖူးသည်။

အမျိုးသမီးအသင်း လုပ်နိုင်သည့်အရာကို အမျိုးသားအသင်းက ဘာကြောင့် မလုပ်နိုင်ရသနည်း။ ပြည်ပတွင်လည်း အမျိုးသမီးဘောလုံးပရိသတ် နည်းပါးသဖြင့် ပျိုးထောင်မှုစနစ်မှာ အနည်းငယ် အားနည်းသော်လည်း တရုတ်အမျိုးသမီးအသင်းထက် ပိုမိုကောင်းမွန်နေဆဲ ဖြစ်သည်။ သို့သော် တရုတ်အမျိုးသမီးအသင်းမှာ ရလဒ်ကောင်းများ ရရှိခဲ့သည် မဟုတ်ပါလား။

ဖုန်းယွီ၏ အမြင်တွင် အမျိုးသမီးအသင်းမှ မိန်းကလေးများသည် အမျိုးသားအသင်းသားများထက် ပို၍ကြိုးစားအားထုတ်လိုစိတ် ရှိကြသည်။ အမျိုးသမီးအသင်းသားများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ပြည်ပကစားသမားများထက် ပိုကောင်း၍ မဟုတ်ပေ။

ယေဘုယျအားဖြင့် တစ်ကမ္ဘာလုံးက လက်ခံထားသည်မှာ လူမည်းများသည် အရှိန်အဟုန် အကောင်းဆုံး ဖြစ်ပြီး၊ လူဝါ(အာရှသား)များသည် ဇွဲအကောင်းဆုံး ဖြစ်ကာ၊ လူဖြူများမှာမူ အလယ်အလတ် ဖြစ်သည်။ ဥပမာအားဖြင့် တာတိုအပြေးသမား အများစုမှာ လူမည်းများ ဖြစ်ကြသော်လည်း၊ တာလတ်နှင့် တာဝေးအပြေးတွင်မူ အာရှသားများက ပို၍ထူးချွန်ကြသည်။

သို့သော် တရုတ်အမျိုးသားဘောလုံးအသင်းက ဘာကြောင့် မတိုးတက်ရသနည်း။ ၎င်းမှာ လေ့ကျင့်မှု မလုံလောက်ခြင်းကြောင့်တင် မကဘဲ ကလပ်အသင်းများအတွင်းရှိ ပုပ်ပွနေသော စနစ်များကြောင့်လည်း ပါဝင်သည်။

အလားအလာကောင်းသော လိဂ်တစ်ခုသည် ဒိုင်လူကြီးလာဘ်စားမှု၊ လောင်းကစားမှုများကြောင့် ပုပ်ပွနေခဲ့သည်။ ထိုကစားသမားများသည် ကောင်းကောင်းကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ ငွေအမြောက်အမြား ရနေသည်ကို မြင်သောအခါ ဘာကြောင့် အားစိုက်ကြတော့မည်နည်း။

NBA တွင်လည်း ထိုနည်းတူပင်။ အထက်တန်းနှင့် တက္ကသိုလ်ကာလတွင် ပါရမီထူးချွန်သော ကစားသမားများစွာသည် NBA သို့ ရောက်ရှိကာ စာချုပ်ကြီးများ ချုပ်ဆိုပြီးနောက် သန်းကြွယ်သူဌေးများ ဖြစ်လာသည့်အခါ သာမန်လူများအဖြစ်သို့ မှေးမှိန်သွားတတ်ကြသည်။

အကြောင်းမှာ ငွေရလာသည့်အခါ ယခင်က မခံစားဖူးသည့် အပျော်အပါးများကိုသာ မက်မောသွားခြင်းကြောင့် ဖြစ်သည်။ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်သူများသာလျှင် အထွတ်အထိပ်သို့ ရောက်ရှိကာ ငွေများစွာ ပိုမိုရှာဖွေနိုင်ကြခြင်း ဖြစ်သည်။

သူ၏ အရင်ဘဝက ဘောလုံးနှင့် ဘတ်စကက်ဘော ကြယ်ပွင့်များ၏ လေ့ကျင့်မှုကို ကြည့်လျှင် သူတို့သည် အသင်းမှပေးသော လေ့ကျင့်ခန်းများအပြင် ကိုယ်ပိုင်နည်းပြများ ငှားရမ်းကာ မိမိကိုယ်ကိုယ် ပိုမိုထူးချွန်အောင် လေ့ကျင့်ကြသည်။

ထိုသူများသည် တရုတ်ကစားသမားများထက် ငွေပိုချမ်းသာကြသော်လည်း သူတို့ ဘာကို ရှာဖွေနေသည်ကို ကောင်းစွာ သိရှိကြသည်။ အနားယူရန်နှင့် အပန်းဖြေရန်အတွက် တစ်နှစ်လျှင် အားလပ်ရက်များ ရှိနေသည် မဟုတ်ပါလား။ ကစားသမားတစ်ဦး၏ အကောင်းဆုံးအချိန်မှာ ခဏတာသာ ဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူပြီးမှသာ ဘဝကို စိတ်ကြိုက် ပျော်ပါးလျှင်လည်း ရပေသည်။

မာပေါ့သည် ဖုန်းယွီကို အံ့အားသင့်စွာ ကြည့်နေမိသည်။ ဤသတင်းများကို မကြေညာရသေးခင် ဖုန်းယွီ မည်သို့သိနေသနည်း။ သို့သော် ဖုန်းယွီ၏ စွမ်းဆောင်ရည်ကို တွေးကြည့်ပါက ဤသည်မှာ မခဲယဉ်းလှပေ။

"ဟုတ်ပါတယ် မန်နေဂျာဖုန်း... ကျွန်တော်တို့က ဒီလိုမျိုး ပြုပြင်ပြောင်းလဲပြီး ဥရောပလိဂ်တွေရဲ့ စနစ်ကို အတုယူထားတာပါ။ တန်းတက်၊ တန်းဆင်းစနစ်တွေ ပါဝင်လာမှာဖြစ်လို့ သူတို့ကို ပိုပြီး ကောင်းကောင်းကစားလာအောင် လှုံ့ဆော်နိုင်မှာပါ"

ဖုန်းယွီက ခေါင်းခါယမ်းလိုက်ပြီး "ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိပါတယ်။ အသင်းတစ်သင်းက ပထမတန်းလိဂ်ကနေ စူပါလိဂ်ကို တက်လာတယ်ဆိုပါစို့၊ ဒါဟာ ညံ့တဲ့အထဲက အတော်ဆုံးတစ်ယောက်ကို ရွေးလိုက်တာပဲ။ သူ စူပါလိဂ်ကို ရောက်သွားတဲ့အခါ သူ့ရဲ့နေရာကို ခိုင်မြဲအောင် ထိန်းထားနိုင်မယ်လို့ ခင်ဗျား ထင်လား။ ဒီနှစ် တက်လာပြီး နောက်နှစ် ပြန်ဆင်းသွားရမှာက ဘာများ ထူးခြားမှာလဲ”

ဖုန်းယွီ့အမြင်တွင် ဤတန်းတက်၊ တန်းဆင်းစနစ်မှာ ဟာသတစ်ခုသာ ဖြစ်သည်။ တန်းတက်လာသည့် အသင်းများအတွက် ပိုမိုကောင်းမွန်သော ကစားသမားများ ခေါ်ယူနိုင်မည့် ဆုကြေးပေးမှုစနစ် မရှိပါက အကုန်လုံးမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

နှစ်တိုင်း အသင်းအနည်းငယ်သာ ညံ့ဖျင်းနေမည်ဆိုလျှင် ဘာထူးမည်နည်း။ အခြားအသင်းများက စိုးရိမ်စရာမရှိဟု ယူဆသွားသည့်အခါ ငွေရှာမည့်နည်းလမ်းများကိုသာ စဉ်းစားကြတော့မည်ဖြစ်ပြီး၊ ထိုအခါ သတင်းမှားများနှင့် ပွဲညှိမှုများ ပေါ်ထွက်လာပေတော့မည်။

'ငါ မင်းကို ရမှတ်ပေးမယ်၊ မင်း ငါ့ကို ငွေပေးရမယ်' ဆိုသည့် သဘောမျိုး ဖြစ်သည်။

"ဒါဆို မန်နေဂျာဖုန်းက ဘယ်လိုလုပ်သင့်တယ်လို့ ထင်ပါသလဲ” မာပေါ့ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ ဥရောပတွင် ဤသို့လုပ်နေသည်မှာ အောင်မြင်နေသည် မဟုတ်ပါလား၊ ကျွန်တော်တို့ လုပ်သည့်အခါကျမှ ဘာကြောင့် မရရမည်နည်း။

"NBA ရဲ့ စည်းမျဉ်းတွေကို အတုယူသင့်ပါတယ်။ တက်လာတဲ့အသင်းက ပြန်ဆင်းစရာ မလိုဘူး၊ ဒါပေမဲ့ ပွဲအရေအတွက်ကို တိုးမြှင့်ပြီး ပွဲအတွေ့အကြုံနဲ့ တိုးတက်အောင် လုပ်ရမယ်။ ပြီးတော့ ပြည်ပကနေ ကစားသမားအချို့ကို ခေါ်ယူပြီး ပြည်တွင်းကစားသမားတွေနဲ့ ယှဉ်ပြိုင်ခိုင်းရမယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ပြည်တွင်းကစားသမားတွေကိုပဲ ဦးစားပေး ကြော်ငြာရမယ်၊ နိုင်ငံခြားသားဆိုတာ နိုင်ငံခြားသားပါပဲ။ ပထမတန်းလိဂ်ကတော့ စူပါလိဂ်ကို တက်လှမ်းမယ့် လှေကားထစ်အဖြစ်ပဲ ထားရမယ်။ စူပါလိဂ်မှာ ပြင်းထန်တဲ့ စည်းကမ်းချိုးဖောက်မှုတွေ ရှိလာမှသာ တန်းဆင်းခိုင်းတာမျိုး လုပ်သင့်တယ်..."

ဖုန်းယွီက အချက်အလက်များစွာကို ပြောကြားသွားခဲ့သည်။ ဤအစီအစဉ်မှာ သူငှားရမ်းထားသည့် နိုင်ငံတကာ ပညာရှင်တစ်ဦးက ရေးဆွဲပေးထားသည့် အစီအစဉ်ဖြစ်ပြီး နိုင်ငံအသီးသီး၏လိဂ်များ စတင်ပျိုးထောင်ချိန်တွင် အသုံးပြုခဲ့သည့် နည်းလမ်းများ ဖြစ်သည်။

ဖုန်းယွီ စကားပြောပြီးသည့်အခါ မာပေါ့၏ မျက်နှာတွင် မကျေမနပ်ဖြစ်နေသော အမူအရာကို တွေ့လိုက်ရသည်။ "မန်နေဂျာဖုန်း... ခင်ဗျားပြောတာကတော့ လွယ်တာပေါ့။ ဒါတွေအတွက် ငွေဘယ်လောက် ကုန်မလဲဆိုတာ သိလား။ နိုင်ငံတော်က ကျွန်တော်တို့ကို ငွေဘယ်လောက်ပဲ ပေးတယ်ဆိုတာ ခင်ဗျား သိလား။ ကလပ်အသင်းတော်တော်များများဟာ အရှုံးပေါ်နေကြတာ ခင်ဗျား သိလား။ ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်မှာ မန်နေဂျာဖုန်းလို ငွေမရှိပါဘူး"

"ဒါကြောင့်လည်း ကျွန်တော်က စီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခု တည်ထောင်သင့်တယ်လို့ ပြောတာပေါ့။ ကျွန်တော် ငွေအမြောက်အမြား ထည့်ဝင်ပါ့မယ်။ ကလပ်အသင်းတစ်ခုချင်းစီကလည်း ရှယ်ယာအချို့ ပိုင်ဆိုင်ရမယ်။ တစ်ချိန်တည်းမှာပဲ ဘောလုံးအဖွဲ့ချုပ်ကလည်း ငွေထည့်ဝင်ပြီး ရှယ်ယာပိုင်ဆိုင်ရမယ်။ ဒါမှသာ ဘောလုံးလောကကို စျေးကွက်စနစ်ထဲ ပိုမြန်မြန် သွင်းနိုင်မှာပါ။ အတွင်းရေးမှူးချုပ်မာ... ဘယ်လိုထင်လဲ" ဖုန်းယွီက ပြုံးလျက် ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

...

******

အခန်း (၁၂၃၆) ကလေးအရွယ်ကတည်းက စတင်ပျိုးထောင်ရမည်

အရင်ဘဝက တရုတ်နိုင်ငံသည် ဤကဲ့သို့သော Super League Co.Ltd. ကို ဖွဲ့စည်းခဲ့ဖူးသော်လည်း ကလပ်အသင်းများတွင် ဘာပြောရေးဆိုခွင့်မှ မရှိခဲ့ဘဲ ဘောလုံးအဖွဲ့ချုပ် (CFA) ကသာ အရာရာကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ဤကဲ့သို့သော ကုမ္ပဏီမျိုး ဖွဲ့စည်းခြင်းက ဘာထူးမည်နည်း။ နောက်ဆုံးတော့လည်း ဘောလုံးအဖွဲ့ချုပ်၏ ညွှန်ကြားမှုကိုသာ နာခံနေရမည် မဟုတ်ပါလား။ နားမလည်သူက နားလည်သူကို လာရောက်ညွှန်ကြားနေခြင်းမျိုး မဟုတ်စေကာမူ ဤသည်မှာ "ဟင်းရည်ကတော့ ဒါပဲ၊ အိုးပဲ လဲလိုက်တာ"ဆိုသလိုပင် ဖြစ်နေသည်။

"ဒါကို... ဒါကိုတော့ နည်းနည်း ပြန်ဆွေးနွေးရဦးမယ် မဟုတ်လား။ နောက်ပြီး ကုမ္ပဏီ ထောင်မယ်ဆိုရင် ရှယ်ယာတွေကို ဘယ်လို ခွဲမှာလဲ" မာပေါ့က မေးသည်။

ကုမ္ပဏီတစ်ခု တည်ထောင်သည်ဖြစ်စေ၊ မတည်ထောင်သည်ဖြစ်စေ ဘောလုံးအဖွဲ့ချုပ်အတွက် သိပ်ပြဿနာမရှိပေ၊ ၎င်းတို့ အဓိကထားသည်မှာ ဆုံးဖြတ်ပိုင်ခွင့်ပင် ဖြစ်သည်။ ဘောလုံးအဖွဲ့ချုပ်ကသာ ဆက်လက်ချုပ်ကိုင်ထားနိုင်မည်ဆိုပါက ကုမ္ပဏီထောင်ခြင်းမှာ ပြဿနာမဟုတ်သည့်အပြင် ထိုကလပ်အသင်းများကိုပါ ငွေထုတ်ခိုင်းပြီး ဘောလုံးအဖွဲ့ချုပ်က ပြန်လည်ခွဲဝေပေးနိုင်မည်ဖြစ်ရာ ၎င်းတို့၏ အကျိုးစီးပွားနှင့် ပို၍ပင် ကိုက်ညီနေသေးသည်။

"ငွေများများ ထည့်နိုင်တဲ့သူက ပိုရမှာပေါ့။ ဥပမာ... ဒီကုမ္ပဏီက ယွမ် သန်းတစ်ထောင် ရင်းနှီးမယ်ဆိုရင် ကျွန်တော်က သန်းငါးရာ ထည့်မယ်၊ ဒါဆိုရင် ကျွန်တော်က ရှယ်ယာ ၅၀ ရာခိုင်နှုန်း ရမှာပေါ့။ ဒါက ရိုးရိုးရှင်းရှင်းလေးပဲလေ" ဖုန်းယွီက ပြန်ဖြေသည်။

မာပေါ့ ချက်ချင်းပင် လက်မခံနိုင်ဖြစ်သွားသည်။ "ဒါက ဘာစကားလဲ။ အခု ကုမ္ပဏီကို ငွေဘယ်သူ ပိုထည့်လဲဆိုတာပေါ် မူတည်ပြီး ရှယ်ယာခွဲမယ်ဆိုရင် ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်က ဘယ်နေရာမှာ သွားနေရမလဲ"

"ဘောလုံးအဖွဲ့ချုပ်ကလည်း ငွေထည့်လို့ ရတာပဲလေ။ ခင်ဗျားတို့က ငွေအများဆုံး ထည့်နိုင်မယ်ဆိုရင် ရှယ်ယာ အများဆုံးကို ရမှာပေါ့"

"ဒါဆို နောက်ပိုင်း တန်းတက်လာမယ့် အသင်းတွေကျတော့ ဘယ်လိုလုပ်မလဲ”

"တခြား ကလပ်အသင်းတွေလိုပဲ ငွေထည့်ရမှာပေါ့။ သူထည့်တဲ့ငွေကို မူလရှယ်ယာရှင်တွေကို အချိုးကျ ခွဲဝေပေးပြီးတော့ သူက ရှယ်ယာအချို့ကို ပြန်ရယူရမှာပေါ့။ ဒီလောက် ရိုးရှင်းတဲ့ ရှယ်ယာထည့်ဝင်မှု ပုံစံကို အတွင်းရေးမှူးချုပ်မာ မသိဘူးလား”

မာပေါ့၏ မျက်နှာမှာ မဲမှောင်သွားသည်။ ဖုန်းယွီက သူ့ကို အထင်သေးနေသလို သူ ခံစားလိုက်ရသည်။ သို့သော် ဖုန်းယွီကို သူ ပြန်ပြီး အထင်မသေးရဲပေ။ အကယ်၍ ဖုန်းယွီက သာမန်သူဌေးလေးတစ်ယောက်ဆိုလျှင် သူ မောင်းထုတ်လိုက်သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ဖုန်းယွီသည် သာမန်သူဌေး မဟုတ်ဘဲ လီချောင်ရင်ထက်ပင် ပို၍ ချမ်းသာသူဖြစ်သည့်အပြင် အလွန်လည်း ငယ်ရွယ်နေသေးသည်။

သို့သော် ဤဖုန်းယွီသည် သူ့ကို အထင်သေးရုံတင်မကဘဲ ဘောလုံးအဖွဲ့ချုပ်ကိုပါ မျက်ကွယ်ပြုနေသဖြင့် သူ လက်မခံနိုင်ပေ။ ဘောလုံးအဖွဲ့ချုပ်သာ မရှိလျှင် သူတို့ကဲ့သို့ လူများ ဘာလုပ်မည်နည်း။ ဖုန်းယွီက ကုမ္ပဏီထောင်မည်ဆိုသည်မှာ ဘောလုံးအဖွဲ့ချုပ်၏ လုပ်ပိုင်ခွင့် အတော်များများကို ခွဲထုတ်ယူခြင်းပင် ဖြစ်သည်။

ကုမ္ပဏီထောင်လျှင် ရသော်လည်း ဤကုမ္ပဏီသည် ဘောလုံးအဖွဲ့ချုပ်၏ လမ်းညွှန်မှုအောက်တွင်သာ ရှိရမည် ဖြစ်သည်။

"မန်နေဂျာဖုန်း... ခင်ဗျား အခြေအနေကို သိပ်နားမလည်သေးဘူး ထင်တယ်။ ကျွန်တော်တို့ဆီက အမေရိကန်တို့၊ ဥရောပတို့နဲ့ မတူဘူးလေ၊ နိုင်ငံအခြေအနေချင်းက ကွဲပြားပါတယ်။ ဒီဘောလုံးကိစ္စကို ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်ကပဲ ပိုနားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဘောလုံးလောက တိုးတက်လာတာကတော့ သိသာပါတယ် မဟုတ်လား။ အမျိုးသားအသင်းက ကမ္ဘာ့ဖလားဝင်နိုင်ခဲ့တယ်၊ အမျိုးသမီးအသင်းကလည်း ဒုတိယဆု နှစ်ကြိမ်ရခဲ့တယ်၊ ဒါတွေဟာ လက်တွေ့မြင်နေရတဲ့ အောင်မြင်မှုတွေပဲ မဟုတ်လား" မာပေါ့က ဆိုဖာနောက်သို့ မှီလိုက်ရင်း အစိုးရအရာရှိ လေသံဖြင့် ပြောဆိုလိုက်သည်။

"အောင်မြင်မှုတွေကို ဘောလုံးအဖွဲ့ချုပ်ကို ပေးပါ့မယ်၊ ငွေကိုတော့ ကျွန်တော် ထုတ်မယ်။ အကယ်၍ ရှုံးနိမ့်သွားခဲ့ရင်တော့ အပြစ်တင်တာကို ကျွန်တော်ပဲ ခံယူပါ့မယ်။ ကျွန်တော်လည်း ဘောလုံးဝါသနာအိုး တစ်ယောက်ပါပဲ၊ ပြီးတော့ ကျွန်တော်က တရုတ်လူမျိုး ဖြစ်တဲ့အတွက် တရုတ်ဘောလုံးလောက တိုးတက်တာကို မြင်ချင်ပါတယ်။ အတွင်းရေးမှူးချုပ်မာ မသိတာ တစ်ခုရှိမယ်... ကျွန်တော် လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်တုန်းကမှ အရှုံးမပေါ်ခဲ့ဖူးဘူး၊ တစ်ခါမှ မရှိခဲ့ဖူးပါဘူး"

ဘောလုံးလောကကို မည်သို့ အားကောင်းအောင် လုပ်ရမည်ကို ဖုန်းယွီတွင် အထူးတလည် နည်းလမ်းမရှိသော်လည်း အရှိဆုံး နည်းလမ်းမှာ ငွေပုံအောခြင်းပင် ဖြစ်သည်။ ကစားသမားများအတွက် ပိုမိုကောင်းမွန်သော လေ့ကျင့်ရေးပုံစံများ၊ ပိုကောင်းသော နည်းပြများ၊ မိမိကိုယ်ကိုယ် ပြသနိုင်မည့် ပိုကောင်းသော စင်မြင့်များကို ဖန်တီးပေးရမည် ဖြစ်သည်။ အကယ်၍ ကြော်ငြာမှု ကောင်းမွန်မည်ဆိုပါက ကွင်းအတွင်း ပရိသတ် ဝင်ရောက်မှုနှုန်းမှာလည်း အကြီးအကျယ် မြင့်တက်လာလိမ့်မည်။ လောလောဆယ်တွင် ငွေမရနိုင်သေးသော်လည်း အနာဂတ်တွင် ဘယ်သူက မရနိုင်ဘူးဟု ပြောနိုင်မည်နည်း။

သူ၏ အရင်ဘဝက ပြည်တွင်းရှိ ထိပ်တန်းကလပ်များမှာ အမြတ်အစွန်းများစွာ မဟုတ်စေကာမူ ငွေရှာနိုင်ခဲ့ကြသည်။ အဓိကအချက်မှာ ပရိသတ်များ ကွင်းထဲလာပြီး ပွဲကြည့်ချင်လာအောင် လုပ်ဆောင်နိုင်ခြင်းနှင့် လက်မှတ်ဖိုးပေးရခြင်းမှာ တန်ဖိုးရှိသည်ဟု ခံစားရစေရန် လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ပြည်တွင်း၌ ထိုသို့လုပ်ဆောင်နိုင်မှုမှာ အလွန်ညံ့ဖျင်းနေပြီး နောက်ပိုင်းနှစ်များတွင် ပို၍ပင်ဆိုးရွားလာပေလိမ့်မည်။ အသင်းများ တစ်သင်းပြီး တစ်သင်း ဖျက်သိမ်းခြင်း၊ ပေါင်းစည်းခြင်းနှင့် မိမိဘာသာ တန်းဆင်းခြင်းများပင် ရှိလာလိမ့်မည်။

ပရိသတ်များသည် လက်မှတ်စျေး အလွန်ပေါသော်လည်း ပြည်တွင်းပွဲများကို ကွင်းထဲလာမကြည့်ဘဲ တီဗွီကနေ ပြည်ပပွဲစဉ်များကိုသာ ကြည့်ရန် ရွေးချယ်လာကြပေလိမ့်မည်။

ဖုန်းယွီ၏ ဤကမ်းလှမ်းချက်က မာပေါ့ကို စိတ်လှုပ်ရှားသွားစေသည်။ ငွေကို ဖုန်းယွီက ထုတ်မည်၊ အောင်မြင်မှုကို ဘောလုံးအဖွဲ့ချုပ်က ယူမည်၊ ရှုံးနိမ့်လျှင် ဖုန်းယွီက ခံမည်ဆိုသည့်အချက်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

ထို့ပြင် ဖုန်းယွီ ခုနက ဘာပြောလိုက်သနည်း၊ သူလုပ်သမျှ လုပ်ငန်းတိုင်း ဘယ်တုန်းကမှ အရှုံးမပေါ်ခဲ့ဖူးဘူးတဲ့။ ဖုန်းယွီအနေဖြင့် ပြည်တွင်းဘောလုံးပွဲစဉ်များ၏ ပရိသတ်ဝင်ရောက်မှုကို မြှင့်တင်ပေးနိုင်ပြီး ကလပ်အသင်းများကို ငွေရှာပေးနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေတာလား။

အမှန်စင်စစ် ပရိသတ်ဝင်ရောက်မှုနှုန်း တက်လာသည်နှင့် ငွေရှာရန်မှာ အလွန်လွယ်ကူသွားသည်။ အခြားမပြောပါနှင့်၊ ကွင်းဘေးရှိ ကြော်ငြာခများတင်မကဘဲ ဂျာစီကြော်ငြာခ၊ အသင်းအမည် ကြော်ငြာခ စသည်တို့မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။ ဖုန်းယွီသည် NBA အသင်းတစ်သင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ရာ ဤအချက်များကို အနည်းနှင့်အများ သိရှိနားလည်ထားသည်။

နောက်ပြီး သူကိုယ်တိုင် မလုပ်နိုင်ရင်တောင် ကျွမ်းကျင်တဲ့ မန်နေဂျာတွေကို ငှားလို့ရတာပဲ မဟုတ်လား။ ပြည်ပကနေ လစာကြီးကြီးပေးပြီး ခေါ်ထုတ်လာရင် မအောင်မြင်စရာ အကြောင်းမရှိပေ။

အရင်ဘဝက စားပွဲတင်တင်းနစ်လိဂ်(CBA)တောင်မှ အရှုံးပေါ်ရာကနေ အမြတ်ရလာသေးတာပဲ၊ ဘောလုံးစူပါလိဂ်က ဘာလို့ မရရမည်နည်း။

ဘောလုံးဝါသနာအိုး ဦးရေမှာ ဘတ်စကက်ဘောထက် လျော့နည်းခြင်းမရှိသလို၊ အချို့က ဘောလုံးပရိသတ်တွေက ပိုပြီး ငွေသုံးရဲတယ်လို့တောင် ဆိုကြသေးသည်။ ကွင်းထဲမဝင်ခင်မှာတင် အားကစားကွင်းတံခါးဝကနေ ယွမ်ဆယ်ဂဏန်းလောက်ပဲ တန်တဲ့ ဂျာစီကို ယွမ်ငါးဆယ်လောက်ပေးပြီး ဝယ်ဝတ်ကြတာပဲ မဟုတ်လား၊ ဘတ်စကက်ဘောပရိသတ်တွေမှာ ထိုသို့ မရှိပေ။

ဘောလုံးပွဲစဉ်က ဘတ်စကက်ဘောထက် နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ဘာပဲဖြစ်ဖြစ် ဤကုမ္ပဏီကို အရင်ဆုံး တည်ထောင်လိုက်ခြင်းဖြင့် ပွဲညှိခြင်း စသည့် ကိစ္စများကို ရှောင်လွှဲနိုင်မည်ဖြစ်ရာ ဘောလုံးလောက၏ လမ်းမှားရောက်မှုကို အနည်းဆုံးတော့ တားဆီးနိုင်မည် ဖြစ်သည်။

ဤလုပ်ငန်းတွင် အရှုံးပေါ်သွားလျှင်ပင် ဖုန်းယွီ့အနေဖြင့် ဘာမှမဖြစ်ပေ၊ သူက ဘောလုံးကို ဝါသနာပါသလို တရုတ်လူမျိုးလည်း ဖြစ်နေသည် မဟုတ်ပါလား။

"ဒါ... ဒါကတော့ မန်နေဂျာဖုန်း၊ ကျွန်တော်တို့ ပြန်ဆွေးနွေးရဦးမယ် ထင်ပါတယ်။ ဒီလောက် ကြီးမားတဲ့ကိစ္စကို ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့မရပါဘူး။ ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်တင်မကဘဲ အထက်က အားကစားစီမံခန့်ခွဲမှု ဌာနချုပ်က လူကြီးတွေရဲ့ သဘောတူညီချက်လည်း လိုအပ်ပါတယ်"

"ကျွန်တော် သိပါတယ်၊ ဒါကို အတွင်းရေးမှူးချုပ်မာကပဲ တစ်ဆင့် ပြောပြပေးဖို့ အကူအညီတောင်းပါရစေ။ ဪ... ဒါနဲ့၊ ကျွန်တော် ထင်တာကတော့ လူငယ်ဘောလုံးကဏ္ဍကိုလည်း အားကောင်းအောင် လုပ်ဆောင်သင့်တယ်။ ကျွန်တော်တို့ဆီမှာ ပြည်ပကို ပညာတော်သင်စေလွှတ်တဲ့ စနစ် ရှိခဲ့ဖူးတယ် မဟုတ်လား၊ အဲဒါကို ဆက်ပြီး ထိန်းသိမ်းထားရမယ်။ အခြား အားကစားနည်းတွေလိုပဲ ဘောလုံးဟာလည်း ငယ်စဉ်ကတည်းက လေ့ကျင့်ရမှာပါ။ ပြီးတော့ ဘောလုံးဟာ ဗီဒီယိုကြည့်ရုံနဲ့ မရဘဲ ပိုပြီး ထူးချွန်တဲ့ နိုင်ငံတွေမှာ သွားရောက် လေ့လာသင့်ပါတယ်၊ ဒီကိစ္စကိုလည်း ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်"

နိုင်ငံတော်က ယခင်က "ပညာရေးကို ကလေးဘဝကတည်းက စတင်ပျိုးထောင်ရမည်"ဟု ပြောခဲ့ဖူးသလို၊ နောက်ပိုင်းတွင် "ကွန်ပျူတာပညာကို ကလေးဘဝကတည်းက စတင်ပျိုးထောင်ရမည်" ဟုလည်း ဆိုခဲ့ကြသည်။ အားကစားတွင်လည်း ဤဆောင်ပုဒ် ရှိသော်လည်း ဘောလုံးနှင့် ဘတ်စကက်ဘောတို့တွင်မူ အလွန်ပင် ညံ့ဖျင်းနေခဲ့သည်။

အကြောင်းမှာ ဤအရာများကို မိဘများက ကလေးများအတွက် ကစားစရာအဖြစ်သာ မြင်ကြခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင်က တာတိုအပြေး သို့မဟုတ် ကျွမ်းဘား ကျင့်မည်ဆိုပါက သူတို့က အားကစားသမားလုပ်ပြီး နိုင်ငံဂုဏ်ဆောင်မည်ဟု ယူဆကြသည်။

ပြောရလျှင် ဘောလုံးနှင့် ဘတ်စကက်ဘောတို့မှာ အလွန်ပျော်စရာကောင်းပြီး ပါဝင်ကစားသူ များပြားသလို၊ အခြေခံမရှိဘဲ မည်သူမဆို ဝင်ကစားနိုင်သဖြင့် ထိုသို့ အထင်သေးခံရခြင်း ဖြစ်သည်။

သို့သော် ကစားခြင်းနှင့် တကယ့်ပြိုင်ပွဲဝင်ခြင်းကြားမှာ ကြီးမားသော ကွာခြားချက် ရှိသည်။ ဤအမြင်ကို မပြောင်းလဲနိုင်သရွေ့ အကုန်လုံး အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အလွယ်ဆုံးနည်းလမ်းမှာ ဘောလုံးကန်သည့် လူငယ်များအတွက် ပညာသင်ဆုများ ပေးအပ်ခြင်းနှင့် ကျောင်းဝင်ခွင့်များတွင် အမှတ်တိုးပေးသည့် စနစ်များကို ကျင့်သုံးခြင်းပင် ဖြစ်သည်။ ထိုအခါမှသာ မိဘများက ဘောလုံးကန်ခြင်းသည်လည်း အသုံးဝင်ကြောင်း မြင်လာကြပေလိမ့်မည်။

"လူငယ်တွေကိုလည်း ကျွန်တော်တို့ ပျိုးထောင်ပေးနေတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ငွေကြေးအကန့်အသတ် ရှိနေတော့ လုံလောက်အောင် မလုပ်နိုင်တာပါ။ အကယ်၍ မန်နေဂျာဖုန်းကသာ ရက်ရက်ရောရော ထောက်ပံ့ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့က နှစ်လက်မကွပြီး ကြိုဆိုပါတယ်" မာပေါ့က ပါးနပ်စွာ ပြောလိုက်သည်။

အကယ်၍ လူငယ်ကဏ္ဍကိုပါ ဖုန်းယွီက တာဝန်ယူမည်ဆိုလျှင် ဖုန်းယွီက ငွေထုတ်မည်ဖြစ်ပြီး ၎င်းတို့က နာမည်ရမည်ဖြစ်သည်။ ထို့ပြင် အထက်မှ ပေးထားသည့် ရန်ပုံငွေများပင် ပိုထွက်လာနိုင်သေးသဖြင့် ပို၍ပင် ကောင်းသေးသည်။

"ပြဿနာမရှိပါဘူး၊ လူငယ်ကဏ္ဍကိုလည်း ကျွန်တော် တာဝန်ယူပါ့မယ်။ ဘောလုံးကိုလည်း ကလေးအရွယ်ကတည်းက စတင်ပျိုးထောင်ရမှာပေါ့။ အတွင်းရေးမှူးချုပ်မာ... ခင်ဗျားဆီက သတင်းကောင်းကို ကျွန်တော် စောင့်မျှော်နေပါ့မယ်"

...

******

အခန်း (၁၂၃၇) အိုလံပစ်ကလည်း ပိုက်ဆံလိုနေတယ်

အားကစားစီမံခန့်ခွဲမှုဌာနချုပ် (GAS) ၏ အကြီးအကဲ ကျောက်ယန့်သည် မာပေါ့၏ အစီရင်ခံစာကို နားထောင်ပြီးနောက် မာပေါ့၏ ကံကောင်းမှုကို အံ့သြနေမိသည်။ အကယ်၍ မာပေါ့သည် ယခင်က သူ၏ အတွင်းရေးမှူး မဟုတ်ခဲ့လျှင် မာပေါ့တစ်ယောက် နောက်ပြောင်နေသည်ဟု သူ ထင်မိပေလိမ့်မည်။

ဘောလုံးအဖွဲ့ချုပ်အနေဖြင့် တစ်ပြားမှ ထုတ်စရာမလိုဘဲ အောင်မြင်မှုအတော်များများကို ခွဲဝေယူနိုင်မည် ဖြစ်သည်။ လုပ်ပိုင်ခွင့်အချို့ လျော့နည်းသွားသည်ဟု ထင်ရသော်လည်း ဌာနချုပ်၏ ရန်ပုံငွေကိုမူ ပိုမိုသက်သာ စေမည်ဖြစ်သည်။ မမေ့သင့်သည့် အချက်မှာ ယခုအခါ တရုတ်နိုင်ငံသည် ၂၀၀၈ အိုလံပစ်ကျင်းပခွင့် ရရှိထားပြီးဖြစ်ရာ အားကစားကဏ္ဍတွင် ငွေသုံးရမည့် နေရာများက အလွန်ပင် များပြားလှသည်။

"မင်း မန်နေဂျာဖုန်းနဲ့ ဘယ်လိုလုပ် သိတာလဲ" ဟု ကျောက်ယန့်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ မာပေါ့တွင် ဤကဲ့သို့ အဆက်အသွယ်ရှိမှန်း သူ အစက မသိခဲ့ပေ။

ယခင်က ဖုန်းယွီသည် ဌာနချုပ်ကို အကူအညီများစွာ ပေးခဲ့ဖူးသော်လည်း ထိုစဉ်က ကျောက်ယန့်မှာ ဒုတိယအကြီးအကဲသာ ဖြစ်သဖြင့် ဖုန်းယွီနှင့် အဆက်အဆံ သိပ်မရှိခဲ့ပေ၊ သို့မဟုတ် ဖုန်းယွီ၏ အဆင့်အတန်းကို မမီခဲ့ဟု ဆိုလျှင်လည်း ရပေသည်။

"မန်နေဂျာဖုန်းက ကျွန်တော့်ဆီကို အရင်ဆက်သွယ်လာတာပါ။ ကျွန်တော်လည်း အစကတော့ အံ့သြသွားပေမဲ့ ပြန်စဉ်းစားကြည့်တဲ့အခါ အကျိုးရှိတာတွေက ပိုများပါတယ်။ ပြီးတော့ မန်နေဂျာဖုန်းက ပြည်ပမှာ ကိုယ်ပိုင်အသင်းကို စီမံခန့်ခွဲနေတာလေ၊ ဘတ်စကက်ဘော ဖြစ်နေပေမဲ့ အောင်မြင်ဆုံး ပရော်ဖက်ရှင်နယ်လိဂ်တစ်ခု ဖြစ်တဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ထက် သေချာပေါက် သာပါတယ်။ အရေးကြီးဆုံးကတော့ မန်နေဂျာဖုန်းက ပိုက်ဆံက ပြဿနာမဟုတ်ဘူးလို့ ပြောထားတာပဲ"

ဤနောက်ဆုံးစကားမှာ အဓိကအချက်ပင် ဖြစ်သည်။

ကျောက်ယန့် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး "ဒါဆို မန်နေဂျာဖုန်းက ငွေဘယ်လောက် ထုတ်ပေးနိုင်မယ်လို့ မင်းထင်လဲ”

"မန်နေဂျာဖုန်း ပြောတဲ့အတိုင်းဆိုရင်တော့ သန်းတစ်ထောင်လောက် ရှိမယ်ထင်တယ်"

"ဘယ်လောက်.. သန်းတစ်ထောင်… မာပေါ့... မင်းတော့ အကြီးအကျယ် စွမ်းဆောင်နိုင်ခဲ့ပြီ!"

ထိုသို့ဆိုလျှင် နောက်နှစ်အနည်းငယ်အတွင်း ဘောလုံးလောကအတွက် ရန်ပုံငွေ ချပေးစရာ မလိုတော့ပေ။ အမှန်စင်စစ် ၎င်းတို့ ရန်ပုံငွေ ချပေးလျှင်ပင် ထိုမျှအထိ ပေးနိုင်မည်မဟုတ်ပေ။ ထို့ပြင် သူကိုယ်တိုင် ဖုန်းယွီနှင့် ဆွေးနွေးကြည့်မည်ဆိုပါက ဖုန်းယွီအနေဖြင့် ပို၍ပင် ထုတ်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။

"ဒါတွေအားလုံးက လူကြီးမင်းရဲ့လမ်းညွှန်မှုကြောင့်ပါ" မာပေါ့က အလိုက်သင့်ပင် ဖားလိုက်ရာ ကျောက်ယန့်မှာ အလွန်ပင် ကျေနပ်သွားလေသည်။

"ဒီလိုလုပ်၊ မန်နေဂျာဖုန်းကို ချိန်းလိုက်ဦး။ ငါကိုယ်တိုင် သူ့ကို တွေ့ပြီး စကားပြောချင်တယ်။ နိုင်ငံရဲ့ တခြားအားကစားနည်းတွေကိုရော မန်နေဂျာဖုန်းက ထောက်ပံ့ပေးဖို့ စိတ်ကူးရှိ၊ မရှိ မေးကြည့်ရမယ်"

ပြီးခဲ့သည့် အိုလံပစ်ပွဲတော် နှစ်ခုစလုံးတွင် ဖုန်းယွီသည် ငွေအမြောက်အမြား လှူဒါန်းခဲ့ရာ ၂၀၀၈ ခုနှစ် မိမိအိမ်ရှေ့မှာ ကျင်းပမည့်ပွဲတွင်လည်း ဖုန်းယွီ လက်တွန့်နေမည် မဟုတ်ကြောင်း သူ ယုံကြည်နေသည်။

...

"ဟင်... မင်းက ဘာလို့ ဒီကို ထပ်ရောက်နေတာလဲ" ဖုန်းယွီ ဌာနချုပ်သို့ ရောက်ရှိလာပြီး ကျောက်ယန့်၏ရုံးခန်းထဲသို့ ဝင်လိုက်သည့်အခါ ဝမ်တုန်းကျွင်းကို တွေ့လိုက်ရသည်။

ဝမ်တုန်းကျွင်းသည် နှုတ်ခမ်းဆူလျက် ဖုန်းယွီ့အတွက် လက်ဖက်ရည်တစ်ခွက် ချပေးပြီးနောက် မျက်နှာပျက်ပျက်ဖြင့် ပြန်ထွက်သွားလေသည်။

တောက်... ဒီလို ရာထူးတိုးတာမျိုးကို ဘယ်သူက လိုချင်လို့လဲ။ ငါ ဘတ်စကက်ဘော အဖွဲ့ချုပ်မှာ နေရတာ ဘယ်လောက် ပျော်ဖို့ကောင်းလဲ၊ အခုတော့ ငါ့ကို ရုံးခန်းထဲ ပြန်ခေါ်ထားတယ်။ ရာထူးတိုးတယ်ဆိုပေမဲ့ မပျော်ပါဘူး၊ အတွင်းရေးမှူးဆိုတာထက် လက်ဖက်ရည် လိုက်ချပေးရတဲ့ ကောင် ဖြစ်နေပြန်ပြီ!

"ရှောင်ဝမ်... မင်းလည်း ထိုင်ပြီး နားထောင်လိုက်ဦးလေ" ကျောက်ယန့်က လှမ်းပြောသည်။

ဝမ်တုန်းကျွင်းမှာ မျက်နှာမသာမယာဖြင့်ပင် ပြန်ဝင်လာကာ ဘေးတွင် ဝတ်ကျေတမ်းကျေ ထိုင်လိုက်ရသည်။

"မန်နေဂျာဖုန်း... ကျွန်တော် ကြားတာကတော့ ခင်ဗျားနဲ့ရှောင်ဝမ်က ငယ်သူငယ်ချင်းတွေဆို.. ရှောင်ဝမ်က လောလောဆယ် ကျွန်တော့်ဆီမှာ အတွင်းရေးမှူး လုပ်နေတာပါ။ သူ့ကို အိုလံပစ်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ (BOCOG) ထဲ ထည့်ဖို့ ကျွန်တော် စီစဉ်ထားပါတယ်။ ဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်ရင်တော့ သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပသွားမှာပါ" ကျောက်ယန့်က ပြုံးရယ်ရင်း ပြောသည်။

ဤအချက်ကို ဖုန်းယွီ မကန့်ကွက်ပေ။ အရင်ဘဝက ဤအိုလံပစ်ပွဲတော်တွင် တရုတ်နိုင်ငံသည် ရွှေတံဆိပ်နှင့် ဆုတံဆိပ်ဇယားတွင် ပထမဆုံးအကြိမ် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ အားကစားနယ်ပယ်မှ ဝန်ထမ်းများအတွက်မူ ဤသည်မှာ အလွန်ခိုင်မာသော စွမ်းဆောင်ရည် မှတ်တမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဖုန်းယွီသည် ဝမ်တုန်းကျွင်းကို ကျီစယ်သလို ကြည့်လိုက်ပြီး ကျောက်ယန့်ကို ပြန်ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ ကျွန်တော်တို့က ငယ်ငယ်ကတည်းက အတူတူ ကြီးလာကြတာပါ။ ကျွန်တော့်ရဲ့မင်္ဂလာပွဲမှာတောင် သူကိုယ်တိုင် ဗီဒီယို ရိုက်ပေးခဲ့တာလေ"

"မန်နေဂျာဖုန်း... စကားနာတွေ မပြောတော့ပါဘူး။ မာပေါ့ဆီက ကြားတာကတော့ ခင်ဗျားမှာ ဘောလုံးလိဂ် စီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ စိတ်ကူးရှိတယ်ဆို… ပြီးတော့ နိုင်ငံရဲ့ ဘောလုံးလောက တိုးတက်ဖို့နဲ့ လူငယ်ဘောလုံးကဏ္ဍအတွက် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံချင်တယ်လို့လည်း ကြားတယ်"

ကျောက်ယန့်သည် ငွေအမြောက်အမြားဆိုသည့် စကားလုံးပေါ်တွင် အသံကို အထူးပြု၍ ပြောလိုက်သည်။

ဖုန်းယွီ ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ်၊ ကျွန်တော့်မှာ အဲဒီလို စီမံချက် ရှိပါတယ်"

ဘေးမှ မာပေါ့မှာ သက်ပြင်းချနိုင်သွားသည်။ ဖုန်းယွီက ရုတ်တရက် စိတ်ပြောင်းသွားပြီး အစက နောက်ပြောင်လိုက်တာပါဟု ပြောထွက်လာမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဟာသက အတော်လေး ကြီးသွားပေလိမ့်မည်။

"ယွမ် သန်းတစ်ထောင်ထက် မနည်းဘူးလို့ ကြားတယ်နော်" ကျောက်ယန့်က ဆက်မေးသည်။

မာပေါ့ အစီရင်ခံစဉ်က သန်းတစ်ထောင်ဟု ပြောသော်လည်း၊ ကျောက်ယန့်ဆီ ရောက်သည့်အခါ "သန်းတစ်ထောင်ထက် မနည်း" ဟု ပြောင်းလဲသွားခြင်းမှာ ဖုန်းယွီ့ကို ငွေပိုထုတ်ရန် အရိပ်အမြွက် ပေးလိုက်ခြင်း ဖြစ်သည်။

"ဟုတ်ပါတယ်၊ သန်းတစ်ထောင်ထက် မနည်းပါဘူး။ ဒီလောက် ငွေပမာဏဆိုရင် လုံလောက်မယ်လို့ ကျွန်တော် ယူဆပါတယ်။ အားကစားကွင်းတွေ၊ လေ့ကျင့်ရေး စင်တာတွေနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းကိရိယာ အားလုံး ပါဝင်မှာပါ" ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။

"မန်နေဂျာဖုန်း... အားကစားကွင်းတွေကို ပြန်လည်ပြုပြင်ဖို့တင် ငွေက နည်းမှာမဟုတ်ဘူး။ လေ့ကျင့်ရေးစင်တာတွေ၊ လူငယ်ဘောလုံးကဏ္ဍတွေပါ ဆိုရင် သန်းတစ်ထောင်နဲ့ လောက်ပါ့မလား။ ကလပ်အသင်းတွေကလည်း ငွေအများကြီး ထုတ်နိုင်ကြတာ မဟုတ်ဘူးလေ"

ကျောက်ယန့် အနည်းငယ် စိုးရိမ်နေမိသည်။ ကလပ်အသင်းပိုင်ရှင်များမှာ သန်းချီ၍ ချမ်းသာကြသည်ဟု ဆိုသော်လည်း ထိုသူတို့ထံမှ ယွမ်ဆယ်သန်းလောက် ထုတ်ခိုင်းလျှင်ပင် သေမတတ် နှမြောနေကြသူများ ဖြစ်သည်။

"သန်းတစ်ထောင်ဆိုရင် လုံလောက်ပါတယ်၊ ကျွန်တော်ပြောတာက ဒေါ်လာ သန်းတစ်ထောင်ပါ" ဖုန်းယွီသည် ခြေထောက်ချိတ်ထိုင်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

ရှူး...

ကျောက်ယန့်နှင့် မာပေါ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်သွားသည်။

ဒေါ်လာ သန်းတစ်ထောင်…

တကယ့်ကို ကြီးမားလွန်းတဲ့ လက်ဆောင်ကြီးပါပဲ…

ဝမ်တုန်းကျွင်း တစ်ယောက်သာ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ အကြောင်းမှာ ဖုန်းယွီသည် ဝမ်တုန်းကျွင်းထံမှ အခြေခံ အချက်အလက်အချို့ကို တောင်းယူထားခဲ့သဖြင့် ဖုန်းယွီအနေဖြင့် ဤဘောလုံးလိဂ် ကုမ္ပဏီအတွက် ငွေအမြောက်အမြား သုံးစွဲမည်ကို သူသိနှင့်ပြီးသား ဖြစ်သည်။ ထို့ပြင် ဖုန်းယွီသည် ငွေရှာလျှင်လည်း ပုံအောရှာသလို၊ သုံးလျှင်လည်း ပုံအောသုံးတတ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။

"မန်နေဂျာဖုန်း... ကျွန်တော် နားမမှားဘူး မဟုတ်လား။ ခင်ဗျားပြောတာက ဒေါ်လာ သန်းတစ်ထောင်လား”

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အားကစားကွင်း အများစုက အသစ်ဆောက်ဖို့ ဒါမှမဟုတ် အကြီးစား ပြုပြင်ဖို့ လိုအပ်နေပါတယ်။ တခြားလိုအပ်တဲ့ လေ့ကျင့်ရေး ပစ္စည်းကိရိယာတွေကလည်း အသေးအဖွဲ မဟုတ်ပါဘူး။ ပြီးတော့ လိဂ်ပြိုင်ပွဲအတွက် ဆုကြေးငွေတွေကိုလည်း ရက်ရက်ရောရော ပေးနိုင်ဖို့ ကျွန်တော် ထည့်သွင်းစဉ်းစားထားပါတယ်" ဖုန်းယွီက တည်ငြိမ်စွာပင် ဆိုသည်။

"မန်နေဂျာဖုန်း... ဒီကုမ္ပဏီ တည်ထောင်ဖို့အတွက် ခင်ဗျားမှာ ဘာတောင်းဆိုချက်တွေ ရှိလဲ၊ အကုန်ပြောပါ။ ကျွန်တော် အကုန်လုံး ဖြေရှင်းပေးပါ့မယ်!"

ဤအချိန်တွင် ကျောက်ယန့်သည် အလွန်ပင် ပြတ်သားသွားတော့သည်။ အကယ်၍ မည်သည့်ကလပ်အသင်းကမဆို ကန့်ကွက်လာလျှင် သူ၏ ပွဲပယ်ပြစ်ဒဏ်ကို မကြောက်ရင် စမ်းကြည့်လိုက်ဟုပင် သူ တွေးထားလိုက်သည်။

"ဒီကုမ္ပဏီကို ရှယ်ယာစနစ်နဲ့ လုပ်ချင်ပါတယ်။ ကလပ်အသင်း အားလုံးက ငွေအနည်းငယ်စီ ထည့်ဝင်ပြီး ရှယ်ယာ ပိုင်ဆိုင်ရမယ်။ ကလပ်အသင်းတွေရဲ့ လက်မှတ်ရောင်းရငွေကို ကွင်းငှားခတွေ နုတ်ပြီးတဲ့အခါ ရရှိတဲ့ အကျိုးအမြတ် တစ်ဝက်ကို ကုမ္ပဏီကို အပ်ရမယ်၊ အဲဒါကိုမှ ရှယ်ယာအလိုက် ပြန်ခွဲဝေပေးပြီး အချို့ကိုတော့ ဆုကြေးငွေအဖြစ် သီးသန့် ဖယ်ထားရမယ်။ ကျန်တဲ့ တစ်ဝက်ကိုတော့ ကလပ်အသင်းကပဲ ရယူရမယ်။ ဒါမှသာ ငွေမရှာနိုင်တဲ့ အသင်းတွေအတွက် တစ်ဖက်တစ်လမ်းက မျှတအောင် လုပ်ပေးနိုင်မှာပါ။ ကလပ်အသင်းတစ်ခုချင်းစီက ဘယ်လောက် ထည့်ရမလဲဆိုရင်တော့ ယွမ် ၁၀ သန်းစီပဲ ထားလိုက်ရအောင်။ အများကြီးဆိုရင်လည်း သူတို့ မထုတ်နိုင်မှာ စိုးရသလို၊ နည်းလွန်းရင်လည်း သူတို့မှာ ရှယ်ယာ မရှိသလို ဖြစ်နေလိမ့်မယ်"

"ကောင်းပါပြီ၊ သူတို့ကို ယွမ် ၁၀ သန်းစီ ထုတ်လာအောင် ကျွန်တော် လုပ်ပေးပါ့မယ်။ ကျွန်တော်တို့ရဲ့ မူလစီမံချက်အရ စူပါလိဂ်မှာ အသင်း ၁၂ သင်းနဲ့ စချင်တာ၊ အဲဒါ လောက်ပါ့မလား”

"လောက်ပါတယ်။ အသင်းတွေရဲ့ တန်းတက်၊ တန်းဆင်း ကိစ္စကိုတော့ ကုမ္ပဏီကပဲ ဆုံးဖြတ်ပါ့မယ်၊ ဘောလုံးအဖွဲ့ချုပ်က လူကြီးတွေ ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီလောက် ငွေအမြောက်အမြား ရင်းနှီးထားတာ နောက်နေတာ မဟုတ်ဘူးလေ"

"ဒါပေါ့... ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေက ဥပဒေနဲ့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီနေသရွေ့ ပြည်တွင်းကနေ ဘာမှ ဝင်ရောက်နှောင့်ယှက်မှာ မဟုတ်ဘူးဆိုတာ မန်နေဂျာဖုန်း စိတ်ချပါ"

ဤကဲ့သို့သော ငွေရှင်နတ်မင်းကြီးကို သူ လက်လွှတ်မခံရဲပေ။ မဟုတ်ပါက အထက်လူကြီးများ သိသွားလျှင် သူ့အတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။

ငွေရှိရင် အရာရာ အောင်မြင်သည်ဟု လုံးဝ မဆိုနိုင်သော်လည်း ၎င်းတို့ကဲ့သို့ လူများအတွက်မူ ငွေရှိခြင်းသည်ပင် စွမ်းဆောင်ရည်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

"ကျန်တဲ့ အသေးစိတ် ကိစ္စတွေကိုတော့ နောက်မှ ကျွမ်းကျင်တဲ့လူတွေ လာရောက် ညှိနှိုင်းပါလိမ့်မယ်၊ ကျွန်တော် အများကြီး မပြောတော့ပါဘူး"

"ကောင်းပါပြီ၊ ဒါဆို ရှောင်ဝမ်ကိုပဲ ခင်ဗျားတို့နဲ့ ဆက်သွယ်ဖို့ တာဝန်ပေးလိုက်မယ်။ လိုအပ်တဲ့ လုပ်ငန်းစဉ်မှန်သမျှ လမ်းကြောင်းအမြဲ ပွင့်နေစေရမယ်၊ ဘာပြဿနာရှိရှိ ကျွန်တော့်ဆီ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ ဪ... ဒါနဲ့ မန်နေဂျာဖုန်း၊ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်မှာ အိုလံပစ်ပွဲ ကျင်းပရမယ် မဟုတ်လား... အဲဒီ အိုလံပစ်ကလည်း အခု ပိုက်ဆံ လိုနေတယ်" ကျောက်ယန့်က ဖုန်းယွီကို မျှော်လင့်တကြီး ကြည့်ရင်း ပြောလိုက်လေသည်။

All Chapters