အခန်း (၁၂၃၈-၁၂၄၀)
Vol. 84 Ch. 1238-1240
အခန်း (၁၂၃၈) စပွန်ဆာပေးမှု စံနှုန်းကို မြှင့်တင်ခြင်း
အိုလံပစ်ပြိုင်ပွဲများတွင် စပွန်ဆာပေးသူများ ရှိနှင့်ပြီးသား ဖြစ်သည်။ Coca colaကဲ့သို့သော ထိပ်တန်းစပွန်ဆာများအပြင် အိမ်ရှင်နိုင်ငံ၏ အိုလံပစ်ကော်မတီက သတ်မှတ်ထားသော တရားဝင်စပွန်ဆာများနှင့် တရားဝင်ကုန်ပစ္စည်းပေးသွင်းသူများလည်း ပါဝင်သည်။ ပုံမှန်အားဖြင့် တရားဝင်ကုန်ပစ္စည်းပေးသွင်းသူများသည် တရားဝင်စပွန်ဆာများလည်း ဖြစ်ကြသည်။ အခြားတစ်မျိုးမှာ မိတ်ဖက်လုပ်ငန်းဟု ခေါ်ဆိုကြသော်လည်း အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်သည်။
တရုတ်နိုင်ငံသည် တစ်ဦးကျဝင်ငွေ နည်းပါးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ရာ ယခင်အိုလံပစ် ကျင်းပခဲ့သည့် နိုင်ငံများနှင့် ယှဉ်လျှင် နောက်ကျကျန်နေသည့် အုပ်စုတွင် ပါဝင်သည်။ သို့သော် ခုလေးတင် ပြီးဆုံးသွားသည့် ဆစ်ဒနီအိုလံပစ်သည် တရုတ်နိုင်ငံအတွက် စံနမူနာကောင်းတစ်ခု ဖြစ်ခဲ့သည်။ အိုလံပစ် ကျင်းပခြင်းဖြင့် နာမည်ကောင်း ရရှိနိုင်သလို တစ်ဖက်တွင်လည်း ငွေရှာနိုင်ကြောင်း ပြသခဲ့ခြင်း ဖြစ်သည်။
အလွယ်ကူဆုံး နည်းလမ်းမှာ အစိုးရ၏ ညှိနှိုင်းမှုအောက်တွင် စီးပွားရေးဆန်ဆန် လည်ပတ်ခြင်း ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လာရန် လိုအပ်သည်။ တရုတ်နိုင်ငံသည် ယခုအကြိမ်တွင် ယခင်အိုလံပစ်ပွဲအားလုံး၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုထက်ပင် ပိုမိုများပြားသော ငွေပမာဏကို အသုံးပြုရန် စီမံထားသည်။ ဤမျှ ကြီးမားသော ရန်ပုံငွေကို တရုတ်နိုင်ငံအနေဖြင့် တောင့်ခံနိုင်စွမ်း ရှိသည်။ အကြောင်းမှာ နိုင်ငံ၏ စုစုပေါင်းဝင်ငွေမှာ မဆိုးလှသောကြောင့် ဖြစ်သည်။ သို့သော် ဤသို့လုပ်ဆောင်ပါက အခြားပြည်နယ်များက မကျေမနပ် ဖြစ်နိုင်ခြေ ရှိသည်။ ငွေအားလုံးကို ပေကျင်းတစ်ခုတည်းမှာပဲ ပုံအော မသုံးနိုင်ပါချေ။
ထို့ကြောင့် ယခုအကြိမ် အိုလံပစ်ဖြစ်မြောက်ရေး ကော်မတီသည် နည်းလမ်းတစ်ခု စဉ်းစားလိုက်သည်။ ၎င်းမှာ စပွန်ဆာများကို အကြီးအကျယ် ရှာဖွေခြင်းပင် ဖြစ်သည်။
အခြေခံအားဖြင့် ပြည်တွင်းရှိ နိုင်ငံပိုင်လုပ်ငန်းကြီးများနှင့် ဗဟိုအစိုးရပိုင် လုပ်ငန်းအားလုံး ငွေလှူကြသည်။ ဟောင်ကောင်နှင့် မကာအိုမှ သူဌေးကြီးများလည်း အမြောက်အမြား လှူဒါန်းကြသည်။ ဟုတ်ပါသည်၊ ဤနေရာတွင် နိုင်ငံတော်ဘက်မှ အပေးအယူအချို့ ရှိသည်။ ဥပမာအားဖြင့် ထိုသူတို့အား နောင်တွင် အခွန်သက်သာခွင့် ပေးခြင်းမျိုး ဖြစ်သည်။
အမှန်စင်စစ် ဤသည်မှာ နိုင်ငံတော်က လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များထံမှ ငွေချေးယူပြီး အခွန်ဖြင့် ပြန်ဆပ်သည့် သဘောမျိုးပင် ဖြစ်သည်။ ထိုလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များမှာမူ နာမည်ကောင်း ရရှိကြသဖြင့် အတိုးတောင်းရန် နည်းလမ်းမရှိပေ။
ဖုန်းယွီသည် တရုတ်နိုင်ငံ၏ နံပါတ်တစ်နှင့် အာရှ၏ နံပါတ်တစ် စူပါသူဌေးကြီးဖြစ်ရာ အမှန်တော့ သူတို့အနေဖြင့် ဖုန်းယွီ့ထံမှ အလှူငွေတောင်းရန် အစောကြီးကတည်းက ဆက်သွယ်ချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုက်ဟွာ ဦးပိုင်လုပ်ငန်းစုကြီးက အမြောက်အမြား လှူဒါန်းထားပြီးဖြစ်၍ ထပ်မံဆက်သွယ်ရန် အားနာနေခဲ့ကြခြင်းသာ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် အခွင့်သာခိုက် ကျောက်ယန့်က စကားစလိုက်ခြင်း ဖြစ်သည်။
"အလှူငွေလား... ထိုက်ဟွာ ဦးပိုင်လုပ်ငန်းစုကြီးက မလှူထားဘူးလား" ဖုန်းယွီက မေးလိုက်သည်။ ကျုံးချင်းရှန်က သူ့ကို ပြောပြစဉ်က ပထမဆုံးအချိန်မှာတင် လှူခဲ့ပြီးပြီဟု မှတ်မိနေသောကြောင့် ဖြစ်သည်။
"အဲ... လှူထားပါတယ်၊ ဒါပေမဲ့ ဘဏ္ဍာရေး ဖိအားက အတော်လေး ကြီးနေလို့ပါ။ ဒါကြောင့် မန်နေဂျာဖုန်း အဆင်ပြေမယ်ဆိုရင် နောက်ထပ် နည်းနည်းလောက် ထပ်လှူပေးလို့ ရမလားလို့ပါ" ကျောက်ယန့် အနည်းငယ် အနေရခက်သွားသည်။ လူတစ်ယောက်ကို ဒုတိယအကြိမ် ထပ်လှူခိုင်းရသည်မှာ သူလည်း အတော်လေး အားနာနေမိသည်။
"ဒီလိုလုပ်လေ... ကျွန်တော်တို့ အိုလံပစ်မှာ တရားဝင် ကုန်ပစ္စည်းပေးသွင်းသူတွေ ရှိတယ်မဟုတ်လား။ ကျွန်တော်တို့ဘက်က ပိုလှူပေးမယ်၊ ခင်ဗျားတို့က ကျွန်တော်တို့ကို တရားဝင် ကုန်ပစ္စည်းပေးသွင်းသူအဖြစ်ပဲ သတ်မှတ်ပေးလိုက်ပါ"
တရားဝင် ကုန်ပစ္စည်းပေးသွင်းသူ ဖြစ်လာပါက ထုတ်ကုန်များပေါ်တွင် အိုလံပစ် အထိမ်းအမှတ် တံဆိပ်ကို ရိုက်နှိပ်ခွင့် ရရှိမည်ဖြစ်သည်။ ဤသည်မှာ အိုလံပစ်ကာလအတွင်း အကောင်းဆုံး ကြော်ငြာများထဲမှ တစ်ခုပင် ဖြစ်သည်၊ အိုလံပစ်ဆိုသည်မှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရသည့် ပွဲကြီးပွဲကောင်း မဟုတ်ပါလား။
"ပိုလှူမယ်ဆိုတာ ဘယ်လောက်လောက်လဲ" ကျောက်ယန့်က ထပ်မံမေးမြန်းလိုက်သည်။
ဖုန်းယွီသည် ကျောက်ယန့်ကို ပြုံးကြည့်ရင်း ဆိုလိုက်သည်။ "ညွှန်ကြားရေးမှူးကျောက်... ဒါကို နောက်မှ ကျွန်တော် ကျုံးချင်းရှန်နဲ့ တိုင်ပင်ပြီးတော့မှ အကြောင်းပြန်ပါ့မယ်။ ဒါပေမဲ့ စိတ်ချပါ၊ နိုင်ငံရဲ့ အားကစားကဏ္ဍ တိုးတက်ဖို့အတွက် ကျွန်တော့်ဘက်က ဘယ်တော့မှ နောက်တွန့်နေမှာ မဟုတ်ပါဘူး"
ကျောက်ယန့် အလွန်ဝမ်းသာသွားပြီး "အိုလံပစ်ဖြစ်မြောက်ရေး ကော်မတီကို ကိုယ်စားပြုပြီး မန်နေဂျာဖုန်းရဲ့ ရက်ရောမှုအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ"
...
"လောင်ကျုံး... ငါတို့ ထိုက်ဟွာ ဦးပိုင်လုပ်ငန်းစုကြီးက အိုလံပစ်အတွက် ဘယ်လောက် လှူထားလဲ။ ငါတို့က နံပါတ်တစ်ပဲလား။ ယွမ် သန်းတစ်ထောင်လား”
ပြောရလျှင် ဤအလှူငွေ ပမာဏမှာ ယခင်အိုလံပစ်ပွဲများတွင် လုပ်ငန်းများ လှူဒါန်းခဲ့သည့်စာရင်းတွင် ထိပ်ဆုံးဖြစ်ပေလိမ့်မည်။ မည်သည့်အိုလံပစ်ပွဲတွင်မျှ ကုမ္ပဏီတစ်ခုတည်းက ဒေါ်လာ သန်းတစ်ရာထက် ကျော်လွန်လှူဒါန်းခဲ့ခြင်းမျိုး မရှိဖူးပေ။
ဖုန်းယွီ၏ အရင်ဘဝက မှတ်တမ်းများအရ တရုတ်နိုင်ငံအပြင် ဟောင်ကောင်နှင့် မကာအိုမှ သူဌေးကြီးများ၏ အမြင့်ဆုံး လှူဒါန်းမှုမှာ ဒေါ်လာ ၈၀ သန်းခန့်သာ ရှိခဲ့သည်။ လူအများ၏ စုပေါင်းလှူဒါန်းမှုများကြောင့်သာ ဒေါ်လာ ဘီလီယံနှင့်ချီသော ကြီးမားသည့် ပမာဏ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
အရင်ဘဝက တရုတ်နိုင်ငံ၏ ဤအိုလံပစ်ပွဲအတွက် အလှူငွေနှင့် စပွန်ဆာ စုစုပေါင်းမှာ ဒေါ်လာ ၅၀ ဘီလီယံကျော်အထိ ရှိခဲ့သည်။ တရုတ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၄၂ ဘီလီယံခန့် လျာထားခဲ့သော်လည်း နောက်ဆုံးတွင် ဒေါ်လာ တစ်ဘီလီယံခန့် ပိုမိုကုန်ကျခဲ့သည်။ အိုလံပစ်ပြီးဆုံးသွားသည့်အခါ ထိုအားကစားကွင်းများနှင့် အဆောက်အဦးများ၏ အသားတင်တန်ဖိုးမှာ ဒေါ်လာ ၄၅ ဘီလီယံထက် မနည်းသဖြင့် နိုင်ငံတော်အနေဖြင့် လုံးဝ အရှုံးမရှိခဲ့ဟု ဆိုနိုင်သည်။
ထို့ပြင် ပေကျင်း၏ အခြေခံအဆောက်အဦးများဖြစ်သော လေဆိပ်၊ ကားလမ်း၊ မြေအောက်ရထားများအတွက် ရင်းနှီးမြှုပ်နှံမှုမှာတင် ဒေါ်လာ ၃၀ ဘီလီယံ ရှိခဲ့သည်။ ဤအရာများသည် အနာဂတ်တွင် ပေကျင်းနှင့် တရုတ်နိုင်ငံအတွက် ဆက်လက် အကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်။ အမှန်စင်စစ် အိုလံပစ် မကျင်းပလျှင်ပင် ဤအရာများကို ရင်းနှီးမြှုပ်နှံရမည် ဖြစ်သော်လည်း ယခုကဲ့သို့ တစ်ကြိမ်တည်းနှင့် အမြောက်အမြား ရင်းနှီးမြှုပ်နှံဖြစ်မည် မဟုတ်ပေ။
ဖုန်းယွီအတွက်မူ အခြားမပြောပါနှင့်၊ ဖုန်းယွီ အတိုင်ပင်ခံလုပ်ငန်းမှတစ်ဆင့် ရွှေအနာဂတ်စျေးကွက်တွင် ရင်းနှီးမြှုပ်နှံထားမှုမှာ အပတ်စဉ် ငွေအမြောက်အမြား ရှာပေးနေသည်။ ထို့ပြင် အမေရိကန်ရှိ IT လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားမှုမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်နေသည်။ ယခုဆိုလျှင် ဖုန်းယွီသည် ထိုင်ရာမထ ငွေရေတွက်နေရုံဖြင့် သူ၏ ပိုင်ဆိုင်မှုမှာ မည်သူမျှ ကျော်တက်နိုင်ခြင်းမရှိသော ဘဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာက အံ့အားသင့်ရမည့် အိုလံပစ်ပွဲတစ်ခုကို ကျင်းပခြင်းသည် အခြားနိုင်ငံများအား တရုတ်၏အင်အားကို ပြသရာရောက်သလို၊ တရုတ်နိုင်ငံသည် တကယ်တမ်း နိုးထလာပြီဖြစ်ကြောင်း မြင်တွေ့စေကာ နိုင်ငံတကာတွင် တရုတ်၏ပြောရေးဆိုခွင့်ကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း တရုတ်လူမျိုးတို့၏ ရှေးယခင်ကတည်းက ရှိခဲ့သော မဟာနိုင်ငံတော် ဂုဏ်သိက္ခာကြောင့်လည်း ပါဝင်သည်။ အခြားသူများ ကျင်းပသည့် အိုလံပစ်တွင် ပြဿနာပေါင်းစုံ ရှိနေသည်ကို မြင်သောအခါ "ငါတို့သာ ကိုယ်တိုင်ကျင်းပရင် ဒီလိုတွေ လုံးဝမဖြစ်စေရဘူး" ဟူသော စိတ်ဆန္ဒမျိုး ရှိကြခြင်း ဖြစ်သည်။
ယခု ကိုယ်တိုင်ကျင်းပခွင့် ရသည့်အခါမှသာ စိတ်တိုင်းကျ ဖြစ်စေရန်အတွက် ငွေသုံးရမည့် နေရာများက အလွန်များပြားကြောင်း သိလာကြရသည်။ ဟုတ်ပါသည်၊ ဤငွေများမှာ အလဟဿ ဖြစ်သွားခြင်းမဟုတ်ဘဲ နည်းလမ်းမျိုးစုံဖြင့် ပြန်လည် ရရှိနိုင်သလို အနာဂတ်တွင်လည်း စီးပွားရေး အကျိုးအမြတ်များကို ဆက်လက် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။
ခရီးသွားလုပ်ငန်း တိုးတက်မှု တစ်ခုတည်းဖြင့်ပင် ဝင်ငွေအမြောက်အမြား ရရှိနိုင်သလို အခြားသော ကဏ္ဍများကိုမူ ပြောနေစရာပင် မလိုတော့ပေ။
"လောင်ကျုံး... ကုမ္ပဏီခွဲတွေအားလုံး ငွေဘယ်လောက် ထုတ်နိုင်မလဲဆိုတာ ကြည့်လိုက်ဦး။ အခုချက်ချင်း အကုန်ထုတ်ခိုင်းတာ မဟုတ်ဘူး၊ နှစ်စဉ် နည်းနည်းစီ ထုတ်သွားလို့ ရတယ်။ ငါတို့က ဒီအိုလံပစ်ပွဲရဲ့ စပွန်ဆာပေးမှု စံနှုန်းကို တစ်ကမ္ဘာလုံး အံ့သြသွားရမယ့် အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ပစ်ရမယ်"
ထိပ်တန်းစပွန်ဆာများ ပေးအပ်သည့် ငွေပမာဏမှာ အမှန်တော့ အများဆုံး မဟုတ်ပေ။ သို့သော် ၎င်းတို့သည် ကင်မရာအရှေ့တွင် အများဆုံး မြင်တွေ့ရခွင့် ရှိနေခြင်းမှာ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) နှင့် ဆက်စပ်နေသည်။
ဤအချက်မှာ ဖုန်းယွီအတွက် ဘာမှလုပ်၍ မရပေ၊ အကြောင်းမှာ ယခင်ကတည်းက ချုပ်ဆိုထားသည့် စာချုပ်များ ရှိနေသောကြောင့် ဖြစ်သည်။ သို့သော် ဖုန်းယွီသည် နိုင်ငံတကာ အိုလံပစ်ကော်မတီကို ပညာပေးလိုသည်။ "မင်းတို့ရဲ့ ထိပ်တန်းစပွန်ဆာဆိုတဲ့ လူတွေက ဒီလောက် ငွေအနည်းငယ်လေး ပေးပြီးတော့မှ ကင်မရာရှေ့မှာ နေရာယူချင်နေတာလား။ ငါတို့ဘက်က ဘယ်လိုတွေ စပွန်ဆာပေးလဲဆိုတာ ကြည့်လိုက်စမ်းပါဦး၊ မင်းတို့ဆီက ငွေဆိုတာ ငါတို့အတွက် အကြွေစေ့လောက်ပဲ ရှိတယ်" ဆိုသည်ကို သိစေချင်ခြင်း ဖြစ်သည်။
"မန်နေဂျာဖုန်း... ခင်ဗျားက ငွေဘယ်လောက်အထိ လှူဖို့ စိတ်ကူးနေတာလဲ"
"အမှတ်တံဆိပ် တစ်ခုစီအတွက် ဒေါ်လာ သန်းတစ်ရာစီ ပြင်ထားလိုက်ပါ။ မလောက်ရင် အချိန်မရွေး ထပ်တိုးမယ်။ ငါကိုယ်တိုင်လည်း အပြင်ကနေ နောက်ထပ် အများကြီး ထပ်လှူဦးမယ်။ ပြီးရင် နိုင်ငံတကာ အိုလံပစ်ကော်မတီက လူတွေ သိသွားအောင် သတင်းလွှင့်လိုက်... သူတို့ဆီက စပွန်ဆာတွေက အရမ်း တွန့်တိုလွန်းတယ်ဆိုတာ"
ကျုံးချင်းရှန် ဘာပြောရမှန်းပင် မသိတော့ပေ။ ဖုန်းယွီ၏ ဤနည်းလမ်းသည် နိုင်ငံတကာ အိုလံပစ်ကော်မတီ၏အငြိုးထားခြင်းကို ခံရနိုင်သည်မှာ သေချာသည်။ သို့သော် တွေးကြည့်လျှင်မူ အတော်လေး အရသာရှိလှသည်၊ ထိုကော်မတီမှလူများ အလွန်အကျွံ ဝင်ရောက်စွက်ဖက်နေခြင်းကိုလည်း တားဆီးရာ ရောက်ပေလိမ့်မည်။
အမှန်စင်စစ် လူအများအပြားသည် နိုင်ငံတကာ အိုလံပစ်ကော်မတီအပေါ် မကျေနပ်ချက်များ ရှိကြသည်။ ၎င်းတို့သည် နှစ်စဉ် ဝင်ငွေ အလွန်မြင့်မားသလို ဝန်ထမ်းများ၏ ပျမ်းမျှလစာမှာလည်း ကမ္ဘာ့ထိပ်တန်း ဖြစ်နေသည်။ ယွမ်ဖြင့် တွက်လျှင် ပျမ်းမျှလစာမှာ သန်းနှင့်ချီ ရှိနေသလို အနိမ့်ဆုံး ဝန်ထမ်းတစ်ဦး၏ လစာပင် ငါးသိန်းကျော် ရှိနေသည်။ သို့သော် သူတို့၏ အလုပ်မှာ ထိုမျှအထိ မခက်ခဲလှပေ။
အရေးကြီးဆုံးအချက်မှာ TOP စပွန်ဆာကြေးနှင့် ထုတ်လွှင့်ခွင့်ရငွေ၏ ၉၀ ရာခိုင်နှုန်းကို အိမ်ရှင်နိုင်ငံ၏အိုလံပစ်ကော်မတီသို့ ပေးအပ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် TOP စပွန်ဆာကြေး မြင့်မားလေလေ တရုတ်နိုင်ငံက ခွဲဝေရရှိမည့် ငွေမှာ များပြားလေလေ ဖြစ်သည်။
အကယ်၍ TOP စပွန်ဆာဆိုသူများ ပေးသည့်ငွေသည် တရုတ်နိုင်ငံ၏ တရားဝင်စပွန်ဆာများ ပေးသည့်ငွေလောက်ပင် မရှိပါက နိုင်ငံတကာ အိုလံပစ်ကော်မတီမှာ အရှက်ကွဲရပေလိမ့်မည်။ ထိုအခါ တရုတ်အိုလံပစ်ကော်မတီကလည်း ကန့်ကွက်ခွင့် ရရှိမည် ဖြစ်သည်။
"မန်နေဂျာဖုန်း... ခင်ဗျား တကယ်ပဲ ဒီအတိုင်း လုပ်မှာလား"
"ဘာလို့ မရရမှာလဲ။ ငါ့ပိုက်ဆံ ငါလှူတာ သူတို့ဆီက ခွင့်ပြုချက် တောင်းနေရမှာလား" ဖုန်းယွီ အမုန်းဆုံးအရာမှာ လှူဒါန်းသည့်အခါ လူကြီးထက် ပိုမလှူရဆိုသည့် ကိစ္စမျိုးပင် ဖြစ်သည်။ တစ်ဖန် သူသည် နိုင်ငံတကာ အိုလံပစ်ကော်မတီက သူ့ကို လာရောက် အုပ်ချုပ်နိုင်သည်ဟု တစ်ခါမျှ မယူဆခဲ့ဖူးပေ။
"ကောင်းပါပြီ၊ ဒါကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အမှတ်တံဆိပ်တစ်ခုချင်းစီရဲ့ စပွန်ဆာစာချုပ်တွေကိုတော့ သေချာ ပြန်ယူရလိမ့်မယ်" ကျုံးချင်းရှန်သည် ကုမ္ပဏီတစ်ခုချင်းစီ၏အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရသည်။ လူတိုင်းက ဖုန်းယွီလို ငွေကို ငွေလို မမြင်ဘဲ ပုံအော သုံးနိုင်ကြသူများ မဟုတ်ပေ။
"ပြဿနာမရှိပါဘူး။ ငါတို့က ပိုလှူလေလေ နိုင်ငံတော်အတွက် ငွေကုန်သက်သာလေလေ ဖြစ်မှာပဲ။ အဲဒီ နိုင်ငံခြားသားတွေက စပွန်ဆာ မပေးနိုင်ရင်လည်း အရှုံးပေးပြီး ထွက်သွားလိုက်ရုံပဲပေါ့"
...
******
အခန်း (၁၂၃၉) စိတ်ပျက်အားငယ်နေသော Coca cola
တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ် အိုလံပစ်ပွဲတော်ကို ကျင်းပတော့မည်ဖြစ်ရာ ဤသည်မှာ တရုတ်ဈေးကွက်ကို ထိုးဖောက်ရန် ရည်မှန်းထားသည့် လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းတို့ထဲတွင် ဂျပန်အီလက်ထရွန်နစ် လုပ်ငန်းများ၊ အမေရိကန်၏ အဖျော်ယမကာ ကုမ္ပဏီကြီးနှစ်ခု(Coca colaနှင့် Pepsi)နှင့် အခြားသော လုပ်ငန်းအသီးသီး ပါဝင်ကြသည်။
သို့သော် ဂျပန်အီလက်ထရွန်နစ် လုပ်ငန်းများနှင့် အမေရိကန် အဖျော်ယမကာ ကုမ္ပဏီများသည် တရုတ်အစိုးရနှင့် ဆက်ဆံရေးမှာ သာမန်မျှသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တရုတ်နိုင်ငံနှင့် တိုက်ရိုက် စပွန်ဆာကိစ္စ ဆွေးနွေးမည့်အစား နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) နှင့် ဆွေးနွေးခြင်းက ပို၍ကောင်းသည်ဟု ယူဆထားကြသည်။ အကြောင်းမှာ "TOP စပွန်ဆာ" ဟု ခေါ်သည့် ထိပ်တန်းအဆင့်အတန်းကို နိုင်ငံတကာ အိုလံပစ်ကော်မတီကသာ ဆုံးဖြတ်ခြင်းဖြစ်ပြီး ထုတ်လွှင့်ခွင့်များနှင့်အတူ အတင်းအကျပ် ထည့်သွင်းထားသောကြောင့် ဖြစ်သည်။
Panasonic၊ Coca-Cola နှင့် VISA တို့သည် အိုလံပစ်ပွဲတော်များစွာတွင် စပွန်ဆာပေးခဲ့ကြသူများ ဖြစ်ပြီး ဤသည်မှာ အလွန်တန်ဖိုးရှိသည်ဟု ယူဆထားကြသည်။ ဥပမာအားဖြင့် ၂၀၀၀ ပြည့်နှစ် ဆစ်ဒနီအိုလံပစ်တွင် ၎င်းတို့ စပွန်ဆာပေးခဲ့မှုကြောင့် ထုတ်ကုန်ရောင်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
ယခင်က Panasonicသည် အရှိန်အဟုန်ဖြင့် အောင်မြင်လာခြင်းမှာ တရုတ်ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ခြင်းနှင့် များစွာသက်ဆိုင်သည်။ သို့သော် မသိမသာဖြင့် တရုတ်ဈေးကွက်အတွင်း ၎င်းတို့၏ ဝေစုမှာ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး ယခုအခါတွင်မူ ဈေးကွက်ပြင်ပသို့ပင် တွန်းထုတ်ခံထားရပြီ ဖြစ်သည်။
တရုတ်ဈေးကွက် မည်မျှကြီးမားသည်ကို ၎င်းတို့ ကောင်းစွာသိကြသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး အလားအလာရှိသည့် ဈေးကွက်သစ်ကြီး ဖြစ်သည်။ အကယ်၍ တရုတ်ဈေးကွက်ကို တစ်ကျော့ပြန် ထိုးဖောက်နိုင်မည်ဆိုပါက Panasonic ၏ အမြတ်အစွန်းမှာ သေချာပေါက် ပြန်လည် မြင့်တက်လာပေလိမ့်မည်။
VISA ကတ်ကိုမူ တရုတ်နိုင်ငံတွင် ယခင်က လူသိနည်းခဲ့သည်။ ၎င်းတို့သည်လည်း တရုတ်ဈေးကွက်ကို ဖွင့်လှစ်လိုနေသည်။ ၎င်းတို့၏ ခရက်ဒစ်ကတ်များသည် နိုင်ငံအများအပြားတွင် အသုံးပြုနိုင်သဖြင့် ပိုမိုအဆင်ပြေစေသည် မဟုတ်ပါလား။
Coca-Colaအကြောင်းမှာမူ ပြောနေစရာပင် မလိုတော့ပေ။ ၎င်းတို့သည် တရုတ်ဈေးကွက်သို့ အစောကြီးကတည်းက ဝင်ရောက်ခဲ့သော်လည်း ဈေးကွက်အတွင်းမှ နှင်ထုတ်မခံရရုံတမယ်ဖြစ်ပြီး ရောင်းအားမှာမူ တက်မလာခဲ့ပေ။ အထူးသဖြင့် တရုတ် အဖျော်ယမကာ မဟာမိတ်အဖွဲ့သည် ၎င်းတို့အား အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေသလို ဖြစ်နေသည်။
အကောင်းဆုံး မီဒီယာကြော်ငြာများကိုလည်း လုယူခြင်းခံရသည်၊ ဖြန့်ချိရေး ကိုယ်စားလှယ်များကိုလည်း အလုခံရသည်၊ ကြော်ငြာမော်ဒယ်များကိုလည်း အလုခံရသည့်အပြင် သူတို့ ဝယ်ယူရန် ကြံစည်ထားသည့် ဘူးသွင်းစက်ရုံများကိုပင် အလုခံလိုက်ရသည်။
Coca colaသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် အဖျော်ယမကာလောက၏ ထိပ်တန်းခေါင်းဆောင် ဖြစ်သော်လည်း၊ တရုတ်နိုင်ငံတွင်မူ ဝင်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ထိပ်တန်း အဆင့်ငါးနေရာထဲသို့ပင် မဝင်နိုင်သေးပေ။
၎င်းတို့အတွက် အဆိုးဆုံးမှာ ယခုအခါ တရုတ်လူမျိုး အများအပြားက လီဟဟ၏Refreshing Cola သည်သာ မူရင်းကိုလာဖြစ်ပြီး၊ Coca colaမှာမူ ၎င်းတို့ကို အတုယူထားခြင်းဖြစ်သည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ ဤကိုလာကို Coca cola ကုမ္ပဏီက တီထွင်ခဲ့သည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
၎င်းတို့၏ Coca cola ဖော်မြူလာသည်ပင်လျှင် ကောင်းကင်အမြင့်စျေး ရှိနေသည် မဟုတ်ပါလား။
ယခုတစ်ကြိမ်သည် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်ဟု Coca cola ကုမ္ပဏီက ယူဆထားသည်။ ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချကာ လီဟဟ ကိုလာသည်သာ အတုယူသူဖြစ်ကြောင်း ကြော်ငြာပြီး အရှုံးမှ အနိုင်သို့ ပြောင်းလဲရန် ကြံစည်နေကြသည်။
...
"ဘာလဲ… ခင်ဗျား ပြောတာ မမှားဘူးလား။ TOP စပွန်ဆာရဲ့ ကြော်ငြာခက ဘာလို့ ဒီလောက်တောင် မြင့်သွားရတာလဲ။ ဒေါ်လာ ငါးသန်းကနေ စလို့ရတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား" Coca cola၏ ကြော်ငြာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌဂျင်မ်က အော်ဟစ်လိုက်သည်။
နောက်ပြောင်နေတာလား၊ သူတို့ Coca cola ကုမ္ပဏီသည် အိုလံပစ်ကို ပထမဆုံးအကြိမ် စပွန်ဆာပေးခြင်း မဟုတ်ပေ။ သူတို့သည် အိုလံပစ်၏ သစ္စာရှိသော စပွန်ဆာဖြစ်သလို၊ အိုလံပစ် သမိုင်းတစ်လျှောက် သက်တမ်းအရှည်ဆုံး စပွန်ဆာလည်း ဖြစ်သည်။ ဤမှတ်တမ်းကို သူတို့ ဆက်လက် ထိန်းသိမ်းသွားရန် ရည်မှန်းထားကြခြင်း ဖြစ်သည်။
အိုလံပစ်၏ စပွန်ဆာစျေးနှုန်းကို သူတို့ထက် ပိုသိသူ မရှိပေ။ အမေရိကန်တွင် ကျင်းပသည့် အိုလံပစ်ပွဲမှာပင် စပွန်ဆာကြေးမှာ ဤမျှ မကြီးမားခဲ့ပေ။ ဘာဖြစ်လို့ တရုတ်နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမှာမှ စပွန်ဆာကြေးက ကောင်းကင်အမြင့်စျေး ဖြစ်နေရတာလဲ။
"ဂျင်မ်... စိတ်မလောပါနဲ့ဦး။ ဒါက ခင်ဗျားတို့ Coca cola ကုမ္ပဏီတစ်ခုတည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ်အတွက် စပွန်ဆာကြေးကိုတော့ ညှိနှိုင်းထားတဲ့အတိုင်း လုပ်လို့ရပေမဲ့၊ ၂၀၀၈ ခုနှစ်အတွက်ကတော့ အဲဒီစျေးနှုန်းနဲ့ လုံးဝမရနိုင်ပါဘူး!"
"ဘာဖြစ်လို့လဲ။ နှစ်စဉ် စပွန်ဆာကြေးက အတိုင်းအတာတစ်ခုအထိ တက်လာတတ်တာကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပြီးသားပါ။ ကျွန်တော်တို့ ပေးတဲ့စျေးကလည်း အလွန်မျှတပါတယ်။ ဒါပေမဲ့ ခင်ဗျားက ရုတ်တရက်ကြီး ဒီလောက်အထိ မြင့်တင်လိုက်တာက ဘာအကြောင်းပြချက်နဲ့လဲ။ ခင်ဗျား ပြောချင်တာက ၂၀၀၈ ခုနှစ်ရောက်ရင် တရုတ်နိုင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်သွားမှာမို့လို့လား။ ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်သွားရင်တောင် စပွန်ဆာကြေးက ဒီလောက်အထိ ရူးသွပ်စရာ မကောင်းသင့်ဘူး" ဂျင်မ်က ဒေါသတကြီး ပြောလိုက်သည်။
သူသည် ၂၀၀၈ ခုနှစ်အတွက် TOP စပွန်ဆာကိစ္စကို နိုင်ငံတကာ အိုလံပစ်ကော်မတီနှင့် ကြိုတင် ညှိနှိုင်းလိုခြင်း ဖြစ်သည်။ ဤသည်မှာ ကြိုတင်ပေးချေမှုသဘောမျိုး ဖြစ်သော်လည်း အရှုံးမရှိပေ။ အကြောင်းမှာ ပွဲနီးမှ စာချုပ်ချုပ်မည်ဆိုလျှင် စျေးနှုန်းမှာ သေချာပေါက် ပိုမိုမြင့်တက်သွားမည် ဖြစ်သောကြောင့် ဖြစ်သည်။
တရုတ်နိုင်ငံအတွက်လည်း အရှုံးမရှိပေ။ ၎င်းတို့သည် ဤငွေကို စောစီးစွာ ရရှိမည်ဖြစ်ရာ အိုလံပစ်အတွက် ရင်းနှီးမြှုပ်နှံမှု အဆောက်အဦးများတွင် အသုံးပြုနိုင်သည်။ ဤကဲ့သို့သော လုပ်ထုံးလုပ်နည်းကို Coca cola ကုမ္ပဏီက ကျွမ်းကျင်ပြီးသား ဖြစ်သည်။
စောစော စပွန်ဆာပေးနိုင်လေလေ သူတို့အတွက် ပို၍ တွက်ခြေကိုက်လေလေ ဖြစ်သည်။ အကြောင်းမှာ စောစီးစွာပင် ထုတ်ကုန်များပေါ်တွင် အိုလံပစ် အထိမ်းအမှတ် တံဆိပ်ကို ရိုက်နှိပ်နိုင်မည်ဖြစ်ရာ အိမ်ရှင်နိုင်ငံတွင် ရောင်းအား မြှင့်တင်ရန်အတွက် များစွာ အထောက်အကူ ဖြစ်စေသည်။
ဥပမာအားဖြင့် အိုလံပစ် အထိမ်းအမှတ်ဘူးခွံများ ထုတ်လုပ်ခြင်းဖြင့် ရောင်းအားနှင့် အမြတ်အစွန်းကို တိုးတက်စေနိုင်သည်။ အိုလံပစ်ပွဲ ပြီးဆုံးသွားသည့်တိုင် သူတို့အပေါ် လူထု၏ စိတ်ဝင်စားမှုမှာ အတိုင်းအတာတစ်ခုအထိ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ နိုင်ငံတကာ အိုလံပစ်ကော်မတီက အကြီးအကျယ် တောင်းဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ တရုတ်အိုလံပစ် ဖြစ်မြောက်ရေး ကော်မတီ၏ ဆန္ဒများလား။
"ဂျင်မ်... ခင်ဗျားကို ဇယားတစ်ခု ပြပါရစေ၊ ဒါဆိုရင် ခင်ဗျား နားလည်သွားလိမ့်မယ်။ ဒါက ၂၀၀၈ အိုလံပစ်ရဲ့ တရားဝင် စပွန်ဆာတွေရဲ့ စာရင်းပါ။ သူတို့ ပေးထားတဲ့ စပွန်ဆာငွေ ပမာဏကို ကြည့်လိုက်ပါဦး"
ဂျင်မ် မျက်လုံးများ ပြူးသွားသည်။ မဖြစ်နိုင်ဘူး။
ထိပ်တန်း အဆင့် (၁၀) အတွင်းရှိ စပွန်ဆာများ၏ ငွေပမာဏမှာ ဒေါ်လာ သန်းနှစ်ရာ ကျော်နေပြီး၊ နံပါတ်တစ် နေရာကလူမှာ ဒေါ်လာ သန်းငါးရာတောင် ရှိနေသည်။ ဘာလို့ ဒီလောက် စျေးနှုန်းတွေ မြင့်နေရတာလဲ။
သူတို့သည် ၂၀၀၄ အိုလံပစ်အတွက် ဒေါ်လာ သန်းငါးဆယ်သာ စပွန်ဆာပေးခဲ့ရသည်။ တရုတ်အိုလံပစ်အတွက်ဆိုလျှင် သန်းခြောက်ဆယ်လောက်ဆိုလျှင် လုံလောက်ပြီဟု ယူဆထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ခုနက နိုင်ငံတကာ အိုလံပစ်ကော်မတီက သူတို့ကို ပေးသည့် စျေးနှုန်းမှာ ဒေါ်လာ သန်းနှစ်ရာ ဖြစ်နေသည်။ သူတို့က အကြီးအကျယ် တောင်းနေသည်ဟု ထင်မှတ်ခဲ့သော်လည်း အခုကြည့်ရသည်မှာ ထိုသို့ မဟုတ်ပေ။
TOP စပွန်ဆာ ဆိုသည့် လူက ပေးသည့်ငွေသည် အိမ်ရှင်နိုင်ငံ၏ တရားဝင် စပွန်ဆာ ပေးသည့်ငွေထက်တော့ နည်း၍ မရနိုင်ပါချေ။
သို့သော် ဒေါ်လာ သန်းနှစ်ရာ ဆိုသည့် စျေးနှုန်းမှာ အလွန်မြင့်မားလွန်းလှသည်။ သူတို့ စိတ်ထဲတွင် သတ်မှတ်ထားသည့် အမြင့်ဆုံးစျေးမှာပင် သန်းရှစ်ဆယ်ထက် မပိုပေ။ ဤသည်မှာ TOP စပွန်ဆာ အရည်အချင်းအတွက်သာဖြစ်ပြီး အခြားသော ကြော်ငြာစရိတ်များ ကျန်သေးသည်။
အကယ်၍ ဤနေရာတင် ဒေါ်လာ သန်းနှစ်ရာ သုံးစွဲရမည်ဆိုပါက ဤအိုလံပစ်ပွဲအတွက် စုစုပေါင်း သုံးစွဲမှုမှာ ဒေါ်လာ သန်းသုံးရာကျော် သေချာပေါက် ဖြစ်သွားပေလိမ့်မည်။ ဤမျှ ငွေအမြောက်အမြားကို သူတို့ ပြန်လည် ရှာဖွေနိုင်မည်မှာ မသေချာပေ။
"စာချုပ်ချုပ်ပြီးတဲ့သူ ရှိပြီလား" ဂျင်မ်က မေးလိုက်သည်။
"လောလောဆယ်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ လာရောက် စုံစမ်းတဲ့ ကုမ္ပဏီက ဆယ်ခုထက် မနည်းတော့ဘူး။ အားလုံးက ပြန်စဉ်းစားဦးမယ်လို့ ပြောကြတယ်။ ကျွန်တော့်အနေနဲ့ ခင်ဗျားလည်း ပြန်စဉ်းစားဖို့ အကြံပြုချင်ပါတယ်။ ခင်ဗျားတို့က အိုလံပစ်ပွဲတော်များစွာမှာ စပွန်ဆာပေးခဲ့တာဆိုတော့ အခုမှ ပြတ်တောက်သွားရင် အရမ်းနှမြောစရာ ကောင်းလိမ့်မယ်"
ဂျင်မ် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ခင်ဗျားကတော့ ငါတို့ သဘောတူစေချင်တာပေါ့၊ ဒါမှ ခင်ဗျားတို့ရဲ့ဝင်ငွေကလည်း သိသိသာသာ တိုးလာမှာကိုး။
သို့သော် ဤမျှ မြင့်မားသော ကုန်ကျစရိတ်ကို သူ တကယ်ပင် မဆုံးဖြတ်ရဲပေ။
တောက်... ဒီ တရုတ်စပွန်ဆာတွေက ဘယ်ကနေ ရောက်လာကြတာလဲ။
ဖုန်းယွီ အီလက်ထရွန်နစ်၊ ဖုန်းယွီ လျှပ်စစ်ပစ္စည်း၊ AIWA အီလက်ထရွန်နစ်၊ AIWA လျှပ်စစ်ပစ္စည်း၊ ထိုက်ဟွာ စူပါမားကတ် အုပ်စု၊ AIWA ရှောင်ပါ့ဝမ်၊ ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီ၊ လီဟဟ အုပ်စု၊ ဖုန်းယွီ အတိုင်ပင်ခံ၊ ဖုန်းယွီ ဟိုးဒင်းစ် အုပ်စု။
ဖုန်းယွီလုပ်ငန်းစုနှင့် ထိုက်ဟွာလုပ်ငန်းစုတို့ကို မြင်လိုက်ရသည့်အခါတွင်မူ ဤကိစ္စမှာ ဘယ်လိုဖြစ်သည်ကို Coca cola ကုမ္ပဏီက နားလည်သွားတော့သည်။ ၎င်းတို့အားလုံးမှာ တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖုန်းယွီ ချုပ်ကိုင်ထားသည့် ကုမ္ပဏီများ မဟုတ်ပါလား။
ဤဖုန်းယွီသည် တမင်တကာ ပြဿနာရှာနေခြင်း ဖြစ်သည်။ ဤအိုလံပစ်ပွဲမှာ ဤမျှ ငွေအမြောက်အမြား စပွန်ဆာပေးပြီး ပြန်မြတ်ပါ့မလား။ နောက်ပြီး မင်းက ဒီလောက် ငွေတွေပေးဖို့ ဆုံးဖြတ်လိုက်တာကို တခြားရှယ်ယာရှင်တွေကကော သဘောတူကြလို့လား။
ဖုန်းယွီသည် သူကိုယ်တိုင်လည်း တစ်ဖက်မှ ငွေအညီအမျှ စိုက်ထုတ်ကာ စပွန်ဆာပေးခြင်း၊ ကုမ္ပဏီအတွက် ကြော်ငြာပေးခြင်းတို့ကို လုပ်ဆောင်နေသဖြင့် အခြားသူများမှာလည်း အကျိုးအမြတ် ရရှိနေကြရာ သေချာပေါက် ကန့်ကွက်ကြမည် မဟုတ်ပေ။ အရေးကြီးဆုံးမှာ ဤသည်မှာ အိုလံပစ် စပွန်ဆာ သမိုင်းသစ်ကို ရေးထိုးခြင်းဖြစ်သဖြင့် ၎င်းတို့သည် အမြဲတမ်း အမှတ်ရနေကြမည်ဖြစ်ရာ ကုမ္ပဏီနှင့် အမှတ်တံဆိပ် ကြော်ငြာမှုအတွက် အလွန်ပင် အကျိုးရှိလှသည်။
ထို့ပြင် ၎င်းတို့အားလုံးမှာ တရုတ်လူမျိုးများ ဖြစ်ကြသဖြင့် မိမိနိုင်ငံအတွက် စပွန်ဆာပေးသည့်နေရာတွင် တွန့်တိုနေကြမည် မဟုတ်ပေ။ ပြောရလျှင် ဤကုမ္ပဏီများမှ ရှယ်ယာရှင်များသည်လည်း ပိုက်ဆံ မရှားကြသူများ ဖြစ်သည်။ ကုမ္ပဏီအတွက် ကြည့်လျှင်လည်း ဤသည်မှာ ကြော်ငြာစရိတ် တစ်ခုသာ ဖြစ်သည်။
ဂျင်မ်သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာလာခဲ့သည်။ ကုမ္ပဏီကို ဘယ်လို ရှင်းပြရမည်နည်း။ မလာခင်က သေချာပေါက် လုပ်နိုင်ပါသည်ဟု အာမခံခဲ့သော်လည်း ယခုမူ ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ ဖုန်းယွီသည် ဘာတွေ လုပ်ချင်နေတာလဲ။
...
******
အခန်း (၁၂၄၀) မင်္ဂလာသတင်း နှစ်သွယ်
စိတ်ပျက်အားငယ်နေသော Coca colaကုမ္ပဏီ ကိုယ်စားလှယ်ကို ဂရုမစိုက်အားဘဲ ဖုန်းယွီသည်လည်း ဒီရက်ပိုင်းအတွင်း အတော်လေး အလုပ်ရှုပ်နေခဲ့သည်။
ပထမဆုံးအနေဖြင့် သူသည် ငွေအမြောက်အမြားကို လှူဒါန်းခဲ့သဖြင့် အထက်လူကြီးများအထိ တုန်လှုပ်သွားခဲ့ရသည်။ ဤငွေပမာဏမှာ နည်းပါးလှသည်မဟုတ်သော်လည်း ဖုန်းယွီကမူ အေးအေးဆေးဆေးပင် ထုတ်ပေးလိုက်သဖြင့် လူကြီးမင်းတစ်ဦးက ဖုန်းယွီ၏လက်ကိုဆွဲကာ အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ယခုတစ်ကြိမ်တွင် လူကြီးမင်းက ဖုန်းယွီကို အစိုးရပိုင်းတွင် တရားဝင်ရာထူးတစ်ခု ပေးအပ်ရန် ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့သော်လည်း ဖုန်းယွီက ငြင်းပယ်လိုက်သည်။ ထိုကဲ့သို့သော ရာထူးဂုဏ်ထူးကို ရယူလိုက်ပါက သက်ဆိုင်ရာ တာဝန်ဝတ္တရားများကိုလည်း ထမ်းဆောင်ရပေတော့မည်။
ဖုန်းယွီသည် ထိုသို့လုပ်ရန် အချိန်မရှိပေ။ အစည်းအဝေးများ တက်နေရမည့်အချိန်ထက် မိမိ၏ စက်ရုံများသို့ သွားရောက်ကြည့်ရှုကာ အလုပ်သမားများ၏ခံစားခွင့်များကို မည်သို့မြှင့်တင်ပေးရမည်နည်းဟု စဉ်းစားခြင်းက ပို၍လက်တွေ့ကျသည်ဟု သူယူဆထားသည်။
အထက်ပိုင်းကိစ္စများတွင် ဖုန်းယွီက ဝင်ရောက်စွက်ဖက်လိုစိတ်မရှိသလို စိတ်လည်းမဝင်စားပေ။ သို့သော် နိုင်ငံတော်က သူ့ကို အမှန်တကယ် လိုအပ်လာသည့်အချိန်မျိုးတွင်မူ သူသည် အစဉ်အမြဲ အသင့်ရှိနေမည်သာ ဖြစ်သည်။
ယနေ့တွင် အဆင့်မြင့်လူကြီးမင်းတစ်ဦးက ဖုန်းယွီနှင့် တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုထားသော်လည်း ဖုန်းယွီက ငြင်းပယ်လိုက်သည်။ အကြောင်းမှာ သူသည် လီနကို ဆေးရုံသို့ လိုက်ပို့ပေးရန် ရှိနေသောကြောင့် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ရက်ခန့်က လီနသည် နေထိုင်မကောင်းဖြစ်နေကြောင်း ပြောလာသည့်အပြင် ရာသီသွေး ပေါ်ရမည့်ရက်ထက် တစ်ပတ်ကျော် နောက်ကျနေသဖြင့် ဖုန်းယွီ၏ ပထမဆုံးအတွေးမှာ လီန ကိုယ်ဝန်ရှိနေပြီဟူ၍ ဖြစ်သည်။
သို့သော် ဖုန်းယွီသည် အလျင်စလိုဖြင့် အိမ်ကို ဖုန်းဆက်ကာ ဝမ်းမြောက်စကား မပြောသေးပေ။ ဆေးရုံသို့သွားကာ အရင်ဆုံး အတည်ပြုပြီးမှသာ ပြောရန် ဆုံးဖြတ်လိုက်သည်။
ပေကျင်းရှိ ထိုက်ဟွာဆေးရုံ၏ သားဖွားမီးယပ်ဌာနမှူး ဒေါက်တာဆွန်းသည် ဖုန်းယွီကို ပြုံးရွှင်စွာကြည့်ရင်း ဂုဏ်ယူကြောင်း တတွတ်တွတ် ပြောနေလေသည်။
"မန်နေဂျာဖုန်း... သေချာပါတယ်၊ ရှင့်ရဲ့ဇနီးမှာ ကိုယ်ဝန်ရှိနေပါပြီ။ လောလောဆယ်တော့ ကိုယ်ဝန်ရှိနေတယ်ဆိုတာပဲ သိရသေးပြီး တခြားအချက်အလက်တွေတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အာထရာဆောင်းမှာ အစက်မည်းနှစ်စက် တွေ့ရတယ်၊ ဒါကြောင့် ကိုယ်ဝန်အိမ် နှစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ပတ်ကျရင် ပြန်လာပြပေးပါဦး"
ဖုန်းယွီ မျက်တောင်တခတ်ခတ်ဖြင့် "ကိုယ်ဝန်အိမ် နှစ်ခုဆိုတာ ဘာကိုဆိုလိုတာလဲ။ အန္တရာယ်ရှိနိုင်လား"
"ကိုယ်ဝန်အိမ် နှစ်ခုရှိတယ်ဆိုတာ အမွှာကိုယ်ဝန် ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့ လောလောဆယ်တော့ အတည်မပြုနိုင်သေးဘဲ မှန်းဆချက်လို့ပဲ ပြောလို့ရပါသေးတယ်။ ဒါပေမဲ့ ကျွန်မရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုရင်တော့ ဖြစ်နိုင်ခြေ အတော်လေး မြင့်မားပါတယ်"
ဖုန်းယွီ၏ မျက်နှာတွင် အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။ "အမွှာ ဟုတ်လား။ သိပ်ကောင်းတာပဲ။ ဒေါက်တာဆွန်း... ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်"
ဒေါက်တာဆွန်းမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။ "မန်နေဂျာဖုန်း... ဒါက ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်မ ပြောခဲ့သလိုပဲ ဒါက ခန့်မှန်းချက်ပဲ ရှိသေးတာမို့ နောက်တစ်ပတ်ကျရင် ပြန်လာပြဖို့ မမေ့ပါနဲ့ဦး"
ဒေါက်တာဆွန်း စကားမဆုံးခင်မှာပင် ဖုန်းယွီသည် အပြင်သို့ ပြေးထွက်သွားကာ လီနကို အလွန်အမင်း ဂရုတစိုက်ဖြင့် တွဲလိုက်လေသည်။
"အတည်ပြုလိုက်ပြီလား”
"အတည်ပြုလိုက်ပြီ၊ ကိုယ်ဝန်ရှိနေပြီတဲ့။ နောက်ပြီး ဆရာဝန်က ပြောတယ်... အမွှာဖြစ်နိုင်တယ်တဲ့။ လာ... ငါတွဲပေးမယ်၊ ဖြည်းဖြည်းချင်း လျှောက်နော်" ဖုန်းယွီ၏မျက်နှာပေါ်မှ ပျော်ရွှင်မှုမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခဲယဉ်းလှသည်။
လီနသည် ဖုန်းယွီကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။ "အခုမှ ကိုယ်ဝန်က လေးပတ်ကျော်ပဲ ရှိသေးတာပါ၊ ဒီလိုကြီး လုပ်နေစရာ မလိုပါဘူး။ ကျွန်မဘာသာ လျှောက်နိုင်ပါတယ်"
"မဖြစ်ဘူး၊ ငါ့စကားကို နားထောင်ပါ။ ဆရာဝန်ပြောတာက ကိုယ်ဝန်ပထမ သုံးလက အန္တရာယ်အရှိဆုံးတဲ့။ ဒီလိုလုပ်... ငါ ကျောင်းကို အရင်ဖုန်းဆက်ပြီး ခွင့်တိုင်ပေးမယ်၊ ဒီကာလအတွင်းမှာ မင်း အိမ်မှာပဲ နားနေလိုက်။ အင်း... မင်းရဲ့ စားသောက်နေထိုင်ရေးကို ဂရုစိုက်ပေးဖို့ အထိန်းတော် နှစ်ယောက်လောက် ရှာပေးမယ်။ ဟုတ်သားပဲ... ခဏနေရင် ကျန်းဟန်ကိုလည်း မေးကြည့်ရမယ်၊ ငါတို့ မစဉ်းစားမိတာတွေ ကျန်နေဦးမှာပဲ"
"ကိုယ်ဝန်ဆောင်ခွင့် ယူဖို့ အချိန်မကျသေးပါဘူး။ ပြီးတော့ ခုမှ ဘာရှိသေးလို့ အထိန်းတော်တွေ ငှားမှာလဲ" လီနသည် ဖုန်းယွီကို ရယ်ရင်းမောရင်း ကြည့်နေမိသည်။ သို့သော် ဖုန်းယွီက သူမအပေါ် ဤမျှအထိ တန်ဖိုးထား ဂရုစိုက်ပေးခြင်းကိုလည်း သူမ အလွန်ပင် ကျေနပ်မိသည်။
"ဒါဆိုရင်လည်း ပရော်ဖက်ရှင်နယ် သားဖွားသူနာပြု နှစ်ယောက်လောက် ငှားပြီး မင်းအနားမှာ ထားပေးမယ်။ ကျောင်းကိုတော့ သေချာပေါက် မသွားရတော့ဘူး။ အဲဒီမှာ လျှပ်စစ်ပစ္စည်းတွေ အများကြီးရှိသလို မြေဖြူမှုန့် တွေလည်း ရှိတယ်၊ ကျောင်းသားတွေကလည်း ပြေးလွှားဆော့ကစားနေကြတာဆိုတော့ အန္တရာယ်များတယ်။ ငါ့စကားကို နားထောင်ပါ၊ ငါတို့ နာမကျန်းခွင့် ယူလိုက်မယ်၊ လစာလည်း မယူဘူး"
"ဒါဆိုရင် ကျွန်မ အိမ်မှာနေရတာ ပျင်းစရာကြီး ဖြစ်မှာပေါ့"
"ဘယ်လိုလုပ် ပျင်းမှာလဲ၊ ငါ မင်းအနားမှာ ရှိနေပေးမှာပဲဟာ။ မင်း စာဖတ်ရတာ ဝါသနာပါတာပဲ မဟုတ်လား... စာအုပ်တွေ အများကြီး ဝယ်ပေးမယ်၊ ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို စာဖတ်ပြမယ်လေ"
"တော်စမ်းပါ... ရှင်လည်း အလုပ်တွေ ရှုပ်နေတာပဲဟာ။ ပြီးတော့ ပြီးခဲ့တဲ့ရက်က ရှင် ငွေအမြောက်အမြား လှူလိုက်တယ်ဆိုတာ အမေသိသွားတော့ အမေက အတော်လေး နှမြောနေတာ။ အခု ရှင်က အဲဒီငွေတွေကို ပြန်ရှာမပေးရင် အမေက ထပ်ပြီးတော့ ပြောနေဦးမှာ"
"ကိစ္စမရှိပါဘူး။ မင်း ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်း အမေ့ကို ပြောလိုက်ရင် ဒီထက်ပိုပြီး လှူရင်တောင် အမေက သေချာပေါက် ပျော်နေဦးမှာပဲ"
ဖုန်းယွီသည် အခြားသူများကို အကြောင်းမကြားသေးသော်လည်း ကျန်းဟန် (ဝမ်တုန်းကျွင်း၏ဇနီး)ထံသို့ ဖုန်းဆက်ကာ အတွေ့အကြုံများကို မေးမြန်းလေသည်။
တစ်နာရီပင်မပြည့်မီ ဝမ်တုန်းကျွင်းသည် ကျန်းဟန်ကို ခေါ်ဆောင်ကာ ရောက်ရှိလာသည်။ ဝမ်တုန်းကျွင်း၏ လက်ထဲတွင်လည်း သူ၏ရင်သွေးငယ်ကို ပွေ့ချီထားလေသည်။
"ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်။ အန်ကယ်နဲ့ အန်တီတို့ကော ဘယ်တော့ လာကြမှာလဲ" ဝမ်တုန်းကျွင်းက ပြုံးစပ်စပ်ဖြင့် မေးလိုက်သည်။
"သူတို့ကို မပြောရသေးဘူး"
"ဘာလို့လဲ" ဝမ်တုန်းကျွင်း အံ့သြသွားသည်။ ဤသည်မှာ မင်္ဂလာသတင်းပဲ မဟုတ်ပါလား၊ ဘာကြောင့် မပြောရသနည်း။
ဖုန်းယွီက ဂုဏ်ယူဝံ့ကြွသော လေသံဖြင့် "ဘာဖြစ်လို့လဲဆိုတော့ ဆရာဝန်က အမွှာဖြစ်နိုင်တယ်လို့ ပြောလို့လေ။ ရှေ့အပတ် ပြန်စစ်ပြီး အတည်ပြုပြီးမှ ပြောမလို့"
"တကယ်ကြီးလား… နန... ဂုဏ်ယူပါတယ်နော်" ကျန်းဟန်သည်လည်း သူတို့အတွက် ဝမ်းသာပေးသလို မျက်လုံးများထဲတွင်လည်း အားကျရိပ်များ ပါဝင်နေသည်။
ဖုန်းယွီက မေးစေ့ကို ပင့်လိုက်ကာ "မတတ်နိုင်ဘူးလေ... အမွှာမွေးတယ်ဆိုတာက ပါရမီရှိမှ ဖြစ်တာလေ။ မင်းတို့ အားကျနေလိုက်ကြပေါ့၊ ဟားဟားဟား…"
ဝမ်တုန်းကျွင်းသည် ဖုန်းယွီကို အထင်သေးသလို ကြည့်လိုက်ပြီး "ငါက ကျောင်းမနေဖူးဘူး ထင်နေလား။ မင်းတို့အိမ်မှာ ဘယ်သူက အမွှာရှိလို့လဲ။ ပါရမီတဲ့... အပိုတွေ။ ငါ့ကို အမှန်အတိုင်းပြောစမ်း၊ မင်းမှာ တစ်ခုခု ထူးခြားတဲ့ ဆေးနည်း ရှိနေတာ မဟုတ်လား"
ဖုန်းယွီ - "..."
ဤကောင်က ကျောင်းနေဖူးတာလား။ ဆေးနည်းတဲ့လား။ သဘာဝအတိုင်း ကိုယ်ဝန်ရတာကို ထိန်းချုပ်လို့မရဘူးဆိုတာ မသိဘူးလား။ ငါ့မှာသာ တကယ် ဆေးနည်းရှိရင် ပင်းချန် ဆေးဝါးထုတ်လုပ်ရေး အုပ်စုကို အစောကြီးကတည်းက ထုတ်ခိုင်းလိုက်မှာပေါ့။
"ကျန်းဟန်၊ တုန်းကျွင်း... ရှင်တို့ နှစ်ယောက်လုံး သူ့ကို ပြောပေးကြပါဦး။ သူက ကျွန်မကို အခုကတည်းက ကျောင်းကနေ ခွင့်ယူပြီး အိမ်မှာပဲ နေခိုင်းနေတာ။ ဘယ်လိုလုပ် ဖြစ်မှာလဲ။ ကျန်းဟန်ဆိုရင် ရဲမေဖြစ်တာတောင် အလုပ်ကို ပုံမှန်သွားနေတာပဲ မဟုတ်လား"
"အဲဒါက ဘယ်တူမလဲ၊ အဲဒီတုန်းက ငါက နေ့တိုင်း ကားနဲ့ အကြိုအပို့ လုပ်ပေးခဲ့ရတာလေ၊ ငါ့မှာ အတော်လေး ပင်ပန်းခဲ့တာ" ဝမ်တုန်းကျွင်းက ဖုန်းယွီဘက်မှ ချက်ချင်းပင် ကူပြောပေးလိုက်သည်။ "မင်းတို့အိမ်က ဖုန်းယွီရဲ့ ပျင်းရိတဲ့ပုံစံနဲ့ သူက ဖြစ်ပါ့မလား။ နောက်ပြီး သူ့ရဲ့ စီးပွားရေးက ဒီလောက်ကြီးတာ... တစ်ခုခု အရေးကြီးကိစ္စ ပေါ်လာရင် သူက မသွားဘဲ နေပါ့မလား"
"ဒါပေမဲ့ ဖုန်းယွီက ကျွန်မအတွက် ဒရိုင်ဘာ ငှားပေးထားတယ်လေ။ ကျွန်မ မသိဘူး မမှတ်နဲ့... နေ့တိုင်း ရုံးတက်ရုံးဆင်းရင် ကျွန်မကားနောက်ကနေ ကပ်လိုက်နေတာပဲ မဟုတ်လား" လီနက ဖုန်းယွီကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။
"ငါက မင်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်လို့ပါ" ဖုန်းယွီက ချော့မော့သလို ရယ်ရင်း ပြောလိုက်သည်။
"ကျွန်မမှာ အကြိုအပို့ ဒရိုင်ဘာ ရှိနေတာပဲ၊ ဘာကြောက်စရာ ရှိလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မ အလုပ်သွားမှာပဲ၊ အိမ်မှာနေရတာ ပျင်းလို့ သေတော့မှာ"
"ဒါဆိုရင်လည်း သင်ကြားရေးတာဝန်တွေ မယူနဲ့တော့လေ၊ မြေဖြူမှုန့်တွေက အရမ်း ညစ်ပတ်တာ။ ဒီလိုလုပ်... မင်းကို စာကြည့်တိုက်ဘက် ပြောင်းခိုင်းလိုက်မယ်၊ အဲဒါက ပိုကောင်းတယ်။ ပုံမှန်ဆိုရင်လည်း စာဖတ်လို့ရတာပေါ့" ဖုန်းယွီကလည်း တစ်ဖက်လျှော့ပေးလိုက်သည်။
အမှန်တကယ်တော့ ဖုန်းယွီလည်း နားလည်ပါသည်။ အလွန်အမင်း စိုးရိမ်လွန်းခြင်းကလည်း မကောင်းပေ။ လူနေမှုပုံစံက ရုတ်တရက်ကြီး ပြောင်းလဲသွားပါက လူသည် စိတ်ဓာတ်ကျ လွယ်တတ်သဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ဤသည်မှာ အကြီးမားဆုံး အဟန့်အတား ဖြစ်ပေလိမ့်မည်။
တစ်ပတ်အကြာတွင် ဖုန်းယွီသည် စစ်ဆေးချက် အစီရင်ခံစာကို ကြည့်ရင်း ဆေးရုံတွင်သာ မဟုတ်ပါက ကောင်းကင်ကို ကြည့်ကာ အားပါးတရ အော်ဟစ်ရယ်မောလိုက်ချင်တော့သည်။
အမွှာ... တကယ်ကြီး အမွှာပဲ…
ကျား၊မ ခွဲခြားလို့ မရသေးသော်လည်း အမွှာကိုယ်ဝန် ရရှိခြင်းက အလွန်ပင် ခဲယဉ်းလှသည် မဟုတ်ပါလား။
"လာ... လာကြ၊ သကြားလုံး စားကြဦး" ဖုန်းယွီသည် တွေ့သမျှလူကို သကြားလုံးများ လိုက်ဝေနေလေသည်။ မသိသူများကမူ သူ၏ဇနီးမှာ ကလေးမွေးဖွားပြီဟု ထင်မှတ်နေကြသော်လည်း လက်တွေ့တွင်မူ ကိုယ်ဝန်ရသည်မှာ မကြာသေးပေ။
အိမ်အပြန်လမ်းတွင် ဖုန်းယွီ၏ပါးစပ်မှာ စိမရအောင် ပြုံးနေမိသည်။ အရင်ဘဝက ကလေးမရခဲ့သော်လည်း ယခုဘဝတွင်မူ တစ်ခါတည်းနှင့် နှစ်ယောက် ရလိုက်သဖြင့် ကံကြမ္မာက သူ့အပေါ် တကယ်ပင် ကောင်းမြတ်လှသည်။
ယခုတစ်ကြိမ်တွင် ဖုန်းယွီသည် အိမ်ကို ဖုန်းဆက်ကာ တစ်ဦးချင်းစီကို သတင်းကောင်း ပါးလိုက်လေသည်။ သူ၏ ဂုဏ်ယူဝံ့ကြွနေသော လေသံမှာ စာမေးပွဲတွင် အမှတ်တစ်ရာရသဖြင့် အခြားသူများကို လိုက်လံ ကြွားဝါနေသည့် ကလေးငယ်တစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။
နောက်တစ်နေ့တွင် ဖုန်းယွီ၏မိဘများနှင့် လီန၏ မိဘများ အားလုံး ရောက်ရှိလာကြသည်။ လီန ကိုယ်ဝန်ရှိခြင်းသည် မိသားစု၏ အကြီးမားဆုံး ကိစ္စရပ် ဖြစ်သွားတော့သည်။
ဤတစ်ကြိမ်တွင်မူ လီနကို ပြုစုစောင့်ရှောက်သည့် ကိစ္စတွင် ဖုန်းယွီသည် ဝင်ရောက် စွက်ဖက်ခွင့်ပင် မရတော့ပေ။ သူက တစ်ခုခု ပြောချင်၍ ပါးစပ်ဟလိုက်တိုင်း မိဘလေးယောက်က "မင်း ကလေးမွေးဖူးလို့လား။ ကလေးမွေးမယ့် မိန်းမကို ပြုစုဖူးလို့လား၊ ဘာမှနားမလည်ဘဲနဲ့... ဟိုဘက် သွားနေစမ်း" ဟု ပြန်လည် တုံ့ပြန်ကြလေသည်။
ဖုန်းယွီမှာ စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်တွင် ဝိုင်းဝိုင်းလည်နေမိသည်။ ကိုယ်ဝန်ရှိတာက ငါ့ဇနီးပဲလေ၊ ငါက ဘာလို့ ဘေးမှာတောင် ခဏ ထိုင်လို့မရတာလဲ။
ကံကောင်းချင်တော့ ဤအချိန်တွင် သူ့အတွက် အလုပ်တစ်ခု ပေါ်လာခဲ့သည်။ ပင်းချန် စက်မှုကုန်ထုတ်လုပ်ငန်းစုဆီမှ သတင်းကောင်းတစ်ခု ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။