← Chapters

အမြုတေပြီးပြည့်စုံခြင်း

Vol. 17 Ch. 168

အမြုတေပြီးပြည့်စုံခြင်း

Vol. 17 Ch. 168

အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲလေးဦးသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး တင်းမာသော အသံဖြင့် သူ့ကို သတိပေးလိုက်၏။

"စိတ်အာရုံ မလွင့်စေနဲ့။"

မင်းဆက်မှပြည်နယ်ကိုးခု၏သိုင်းပညာရှင်များအတွက် သိုင်းဘုံကျောင်းတော် သန့်စင်ခြင်း သည် ရရှိခဲသော အခွင့်အရေးတစ်ခုပင်။

အကယ်၍ စိတ်အခြေအနေ မတည်ငြိမ်မှုကြောင့် ဤအခွင့်အရေးကောင်းကို လက်လွတ်လိုက်ရလျှင်၊ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော အရှိန်အဝါများအနက် ဆယ်ပုံ တစ်ပုံ၊ နှစ်ပုံလောက်သာ ကျန်ရှိခဲ့ပါက သူတို့သည် အချိန်ကြာမြင့်စွာ နောင်တရနေကြလိမ့်မည်။

သူတို့၏ အသံများ တိတ်ဆိတ်သွားသည်နှင့် လူအချို့က တပြိုင်နက်တည်း လက်ဟန်များကို ပြုလုပ်လိုက်ကြ၏။

အာဟတ်၏ အမျက်ဒေါသထွက်နေသော မျက်လုံးများထဲတွင် ဝိညာဉ်အလင်းရောင် အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ၎င်းသည် နှစ်ရှည်လများ အိပ်ပျော်နေရာမှ နိုးထလာသကဲ့သို့ ဖြစ်နေသော်လည်း အတွေးများက ရှုပ်ထွေးနေဆဲဖြစ်ကာ အသိစိတ်များက တဖြည်းဖြည်း စုစည်းလာသည်။

နောက်ဆုံးတွင် ၎င်းသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ညာဘက်လက်ရှိ ပထမဆုံး ရွှေရောင်ကိုယ်ပွားကို ကြည့်လိုက်သည်။ ထို့နောက် ယက္ခကိုယ်ပွားထံမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ဆွဲထုတ်ခံလိုက်ရပြီး နက်မှောင်သော ချပ်ဝတ် လူငယ်၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ ပေါင်းစပ်ဝင်ရောက်သွားသည်။

အကြီးအကဲများသည် အချိန်ကို တိတ်ဆိတ်စွာ တွက်ချက်နေကြ၏။ ဤသည်မှာ သန့်စင်ခြင်းတွင် ပါဝင်သူများ၏ ပါရမီကို စမ်းသပ်သည့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။

ထူးချွန်သော မည်သူမဆို သိုင်းဘုံကျောင်းတော်၏ မှတ်တမ်းများတွင် ရေးထိုးခံရမည်။

ထွက်သက်ဝင်သက် ဆယ်ကြိမ်စာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

သူတို့အားလုံး မော့ကြည့်လိုက်ကြပြီး ရွှေရောင်အလင်းတန်းသည် ခန္ဓာကိုယ်မှ ထွက်ခွာ၍ ရွှေရောင်ကိုယ်ပွားထံ ပြန်သွားမည့်အချိန်ကို စောင့်မျှော်နေကြသည်။

သို့သော် ရှန်းယီသည် တိတ်ဆိတ်စွာ ထိုင်နေဆဲပင်။ ရွှေရောင်အလင်းတန်း နေနေသာသာ အရှိန်အဝါ အစအနလေး တစ်ခုမျှပင် သူ၏ ခန္ဓာကိုယ်မှ ထွက်ခွာမည့် အရိပ်အယောင် မပြပေ။

သူသည် ရည်ရွယ်ချက်ရှိရှိ ခေတ္တမျှ စောင့်ဆိုင်းလိုက်ပြီးနောက် အကြီးအကဲများကို ကြည့်လိုက်သည်။

"ကျွန်တော်တို့ ဆက်လုပ်လို့ရပါပြီ။"

သူ့ခန္ဓာကိုယ် တစ်ခုလုံးကို နွေးထွေးသော စီးကြောင်းတစ်ခုက လွှမ်းခြုံထားသကဲ့သို့ ခံစားရပြီး အလွန် သက်သောင့်သက်သာ ရှိလှသည်။ ၎င်း၏ အကျိုးသက်ရောက်မှုသည် သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေ၏။

【သင်၏ပထမနှစ်တွင် သင်သည် အမြုတေဖွဲ့စည်းခြင်းနည်းလမ်းကို ကျွမ်းကျင်စွာ အသုံးပြုပြီး ရွှေရောင်ကိုယ်ပွား၏ အရှိန်အဝါကို ဝါးမြိုခဲ့သည်။ အရှိန်အဝါ အများအပြား စုဆောင်းမိလာသည်နှင့်အမျှ ကောင်းကင်ဝါးမျို ပြင်ပအမြုတေ စတင် ပုံပေါ်လာသည်။】

【သက်တမ်း နှစ် (၂၀၀) တိုးလာသည်။】

အစိမ်းရောင် ဝတ်ရုံဝတ် အကြီးအကဲ တစ်ဦး၏ မျက်ခွံများ လှုပ်ခါသွားသည်။ သူသည် အခြား သုံးဦးနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။

"..."

ဒီကောင်လေးက ဖီရှို့(pixiuဒဏ္ဍာရီလာသတ္တဝါ) များလား။

သူတို့သည် လက်ဟန်များကို နောက်တစ်ကြိမ် ပြုလုပ်လိုက်ကြပြန်သည်။

အာဟတ် ရွှေရောင်ကိုယ်ထည်သည် အနည်းငယ် ထပ်မံ တုံ့ပြန်လာပြီး ဒုတိယ ရွှေရောင်ကိုယ်ပွားထံသို့ ဖြည်းညှင်းစွာ အကြည့်ပို့လိုက်ပြန်၏။

ချက်ချင်းပင် တူညီသော ရွှေရောင်အလင်းတန်းတစ်ခု ဆွဲထုတ်ခံလိုက်ရပြီး ရှန်းယီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။

ရလဒ်သည် ယခင်အကြိမ်အတိုင်းပင်။

ဤတစ်ခါတွင် သူက တစ်ဖက်လူကိုသတိပေးစရာမလိုတော့ပေ။ ထွက်သက်ဝင်သက် ဆယ်ကြိမ်စာ ကုန်ဆုံးသည်နှင့် တတိယ ရွှေရောင်အလင်းတန်းသည် ဆက်တိုက် ထွက်ပေါ်လာ၏။

ရှန်းယီသည် သူ၏ စိတ်အာရုံကို အတွင်းဘက်သို့ နှစ်မြှုပ်လိုက်သည်။

ချီပင်လယ် အတွင်းတွင် နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖို၏ ဖိနှိပ်မှုအောက်၌ သန့်စင်သော အဖြူရောင်ကျောက်စိမ်းကဲ့သို့သော ပြင်ပအမြုတေ တစ်ခုသည် မြင်သာသော အရှိန်အဟုန်ဖြင့် ဖွဲ့စည်းနေလေ၏။

【သင်၏ပဉ္စမနှစ်တွင် သင်သည် ရွှေရောင်ကိုယ်ပွား၏အရှိန်အဝါကို ဝါးမြိုပြီး အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ဝင်ရောက်ခဲ့သည်။】

【သက်တမ်း နှစ် (၂၀၀) တိုးလာသည်။】

"အခု သုံးစွဲနေတာက သာမန် သန့်စင်ခြင်း ဆယ်ကြိမ်နဲ့ ညီမျှနေပြီ။ သူက ဘယ်လို အမြုတေဖွဲ့စည်းခြင်း နည်းလမ်းကို ကျင့်ကြံနေတာလဲ။ အမြုတေပြီးပြည့်စုံခြင်းကို မရောက်သေးဘူးလား။"

အကြီးအကဲများသည် ရုတ်တရက် နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရ၏။ သူတို့ စကားမဆုံးမီမှာပင် လူငယ်လေးက သူတို့ကို ထပ်မံ ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။

"ကောင်းကင်ဝါးမျို စွမ်းအင်ကျင့်စဉ်။"

အခြားတစ်ယောက်က သက်ပြင်းချလိုက်၏။

"ဘယ်ပြည်နယ်က နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးလဲ။ နောက်တစ်ယောက်တော့ မဟုတ်လောက်ပါဘူး..."

"ချင်ကျိုး။"

"သူက ဘယ်လိုလုပ်ပြီး အရင်တစ်ယောက်ထက် ပိုကြမ်းနေရတာလဲ။ ငါမှတ်မိသလောက် အဲဒီကောင်မလေးတုန်းက ၇၅ ရာခိုင်နှုန်းပဲ ထိန်းထားနိုင်ခဲ့တာ။"

အကြီးအကဲများသည် တိုးတိုးလေး စကားပြောနေကြသော်လည်း သူတို့၏ လက်ဟန်များသည် ရပ်တန့်မသွားပေ။

ကိုးကြိမ်မြောက် ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်အထိပင်။

【သင်၏ကိုးနှစ်မြောက်တွင် သင်၏ ကောင်းကင်ဝါးမျို ပြင်ပအမြုတေသည် အမြုတေပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်။】

【ကောင်းကင်ဝါးမျို စွမ်းအင်ကျင့်စဉ်ကို စတင်ခဲ့ပြီ ဖြစ်သည်။】

【ကျန်ရှိသော သက်တမ်း - ၉၅၆ နှစ်။】

လူငယ်လေး၏ ခန္ဓာကိုယ်မှ လျှံကျလာသော ကြီးမားသော အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် အကြီးအကဲများသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်လိုက်၏။ သိသိသာသာ မှေးမှိန်သွားသော ရွှေရောင်ကိုယ်ပွား ကိုးခုကို ကြည့်လိုက်ရာ သူတို့၏ မျက်နှာထားများ မတည်မငြိမ် ဖြစ်သွားသည်။

ရှန်းယီ ထရပ်မည့် အရိပ်အယောင် မရှိသေးသည်ကို မြင်သောအခါ။

သူတို့ထဲမှ တစ်ဦးက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သတိပေးလိုက်သည်။

"မိတ်ဆွေလေး၊ မင်းက အဆင့်ချိုးဖျက်ပြီးခါစ ဖြစ်ပြီး အပြည့်စုံဆုံးအခြေအနေမှာ ရှိနေပါပြီ။ ထပ်ပြီး ဖြည့်စွက်စရာ မလိုတော့ပါဘူး။ သန့်စင်ခြင်းကို ဆက်လုပ်နေရင်တောင် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး။"

ရှန်းယီ၏ စိတ်အာရုံသည် သူ၏ ခန္ဓာကိုယ်တွင်းရှိ ချီပင်လယ်ထဲတွင် ရှိနေဆဲပင်။

သူ၏ ကျင့်ကြံခြင်း အားလုံးကို သယ်ဆောင်ထားသော ကောင်းကင်နတ်ဆိုးအမြုတေ သည် ရူးချင်ယောင်ဆောင်ကာ သူ၏ကောင်းကင်ဝါးမျို ပြင်ပအမြုတေကို လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။

ယုတ္တိအရ နှစ်ခုစလုံးသည် အမြုတေပြီးပြည့်စုံခြင်း အဆင့်တွင် ရှိနေသော်လည်း ကောင်းကင်ဝါးမျို ပြင်ပအမြုတေသည် အဆပေါင်းများစွာ ပိုမို နက်ရှိုင်းသည်။ ၎င်း၏ အရှိန်အဝါသည် ခန္ဓာကိုယ်၏အဓိက သွေးကြောစုံမှတ်များနှင့် ချိတ်ဆက်နေပြီး သွေးကြောများထဲတွင် ချောမွေ့စွာ စီးဆင်းနေကာ ပြီးပြည့်စုံစွာပေါင်းစပ်ထားသကဲ့သို့ ခံစားရ၏။

ဤသည်မှာ အမှန်တကယ် အမြုတေပြီးပြည့်စုံခြင်းပင်။

သူသည် ဖိနှိပ်အားကို ဆင့်ခေါ်ပြီး ကောင်းကင်နတ်ဆိုးအမြုတေကို ထပ်မံဖိချကာ ထောင့်တစ်နေရာသို့ လွှင့်ပစ်လိုက်၏။

ထို့နောက်မှ ရှန်းယီ မျက်လုံးများကို ဖွင့်လိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

"ကျန်တာတွေကို သိမ်းဆည်းထားပေးဖို့ မေတ္တာရပ်ခံပါတယ်။ နောက်တစ်ကြိမ် သန့်စင်ခြင်း အတွက် ကျွန်တော် ပြန်လာခဲ့ပါမယ်။"

ရွှေရောင်အလင်းတန်းဖြင့် ရေချိုးရသည့် ခံစားချက်မှာ အလွန် သက်သောင့်သက်သာ ရှိသော်လည်း သူသည် ထိုကဲ့သို့ အဖိုးတန်သော အခွင့်အရေးကို အပျော်အပါး သက်သက်အတွက် အသုံးပြုလောက်အောင် အသုံးအဖြုန်း မကြီးပေ။

အစိမ်းရောင် ဝတ်ရုံဝတ် အကြီးအကဲများသည် လက်ဝှေ့ယမ်းလိုက်ပြီး သိုင်းဘုံကျောင်းတော် အဝင်ဝရှိ အဖြူရောင် မြူခိုးများကို ဖယ်ရှားလိုက်ကာ လူငယ်လေး ခန်းမကြီးထဲမှ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်ကြလေ၏။

"..."

"မြန်လှချည်လား။ ဘယ်လို နေလဲ။"

ကျန်းချန်ယွင် ရှေ့တိုးလာပြီး အံ့သြစွာ မေးလိုက်သည်။

"အဆင်ပြေပါတယ်။"

ရှန်းယီ ခန္ဓာကိုယ်ကို အနည်းငယ် ဆန့်ထုတ်လိုက်ပြီး စိတ်လှုပ်ရှားသကဲ့သို့ ခံစားလိုက်ရသည်။ ဤမင်းဆက်၏အခြေခံအုတ်မြစ်သည် အချို့သော အခြေအနေများတွင် စနစ်မျက်နှာပြင်နီးပါး ကောင်းမွန်ပေ၏။

ကံကောင်းထောက်မစွာဖြင့် သူသည် နှစ်ဖက်စလုံးမှ အကျိုးကျေးဇူး ရရှိနိုင်ပါသည်။

တကယ်တမ်းတွင် ခွန်အားတိုးလာခြင်းနှင့် နှိုင်းယှဉ်လျှင် သူ့ကို ပိုမို စိတ်ဝင်စားစေသည်မှာ သက်တမ်း တိုးလာခြင်းပင်။

အဆုံးတွင်တော့ သူသည် ကောင်းကင်နတ်ဆိုး အမြုတေမှတစ်ဆင့် အမြုတေပြီးပြည့်စုံခြင်း ကျင့်ကြံခြင်းကို တွေ့ကြုံခံစားပြီး ဖြစ်သည်။

သို့သော် နှစ်ပေါင်း တစ်ထောင်နီးပါး ရှိသော သက်တမ်းကို ကြည့်ရင်း ရှန်းယီ ခေတ္တမျှ ကြောင်အသွားပြီး ၎င်းကို မည်သို့ အသုံးပြုရမည်ကို လုံးဝ မသေချာ ဖြစ်နေခဲ့၏။

ခွန်အားတိုးလာမှုကို အမှန်တကယ် ခံစားနိုင်သည်။

သို့သော် အသက် ၂၀ အရွယ် လူငယ်တစ်ယောက် အတွက် ဤမျှ ရှည်လျားသော နှစ်ကာလကို ရင်ဆိုင်ရခြင်းမှာ အမှန်တကယ် ရှင်းလင်းသော သဘောတရား မရှိလှပေ။

ကမ္ဘာပျက်မည့် အချိန်အထိ သူ အသက်ရှင်နေရတော့မည် မဟုတ်ပါလား... ရှန်းယီ သူ၏ စိတ်ထားကို လျင်မြန်စွာ ပြုပြင်လိုက်ပြီး လှည့်ထွက်လာကာ သူ၏ နေအိမ်သို့ ဦးတည်လိုက်လေ၏။

"ရတနာ ထုတ်ပေးဖို့ ဘယ်လောက် ကြာဦးမှာလဲ။"

ကျန်းချန်ယွင် ရှင်းပြ၏။

"မကြာခင် ရောက်တော့မှာပါ။ ဒီတစ်ခါ ချင်ကျိုးက တခြား နတ်ဆိုးဖမ်းစီးသူတွေ အတွက်ပါ တော်ဝင်ဆုလာဘ်တွေ စုဆောင်းပေးရမှာမို့ နည်းနည်းတော့ အလုပ်ရှုပ်တယ်။ ပြီးတော့ ဒီည မင်းသားရဲ့စံအိမ်မှာ စားသောက်ပွဲ ရှိသေးတယ်ဆိုတော့ ဒီတစ်ရက် နှစ်ရက်လောက်က အလျင်လိုစရာ မရှိပါဘူး။"

"ကျွန်တော် မလိုက်တော့ဘူး။"

ရှန်းယီ ခြံဝင်းအတွင်းရှိ သူ့အခန်းသို့ ပြန်လာခဲ့၏။ သူသည် ဤကိစ္စများကို အမှန်တကယ် စိတ်မဝင်စားပေ။

အခြားသူများနှင့် ဟန်ဆောင်ပေါင်းသင်းနေရသည်နှင့် နှိုင်းယှဉ်လျှင် သူသည် အမြုတေစွမ်းအင်စုစည်းခြင်းအဆင့်သို့ အဆင့်ချိုးဖျက်ရန် ကြိုးပမ်းခြင်းကို ပိုနှစ်သက်လေ၏။

"ဒါက..."

ကျန်းချန်ယွင် အားမလိုအားမရ သက်ပြင်းချလိုက်သည်။ တစ်ဖက်လူတွင် ငြင်းပယ်ပိုင်ခွင့် ရှိသော်လည်း သူကိုယ်တိုင်မှာတော့ မင်းသားလေးကျင်းကျန်း၏ တောင်းဆိုမှုကို မငြင်းရဲပေ။

"အချိန်လွန်နေပြီ။ ဒါဆို ငါတစ်ယောက်တည်းပဲ သွားလိုက်ရမလား။ ဘာပဲဖြစ်ဖြစ် ငါတို့ နှစ်ယောက်စလုံးက ချင်ကျိုးကပဲလေ။ သခင်မကျန်းကို စားသောက်ပွဲကို တစ်ယောက်တည်း လွှတ်လိုက်လို့ မဖြစ်ဘူး။"

ဘာမှ ထူးခြားသွားမည် မဟုတ်သော်လည်း လူတစ်ယောက် ပိုပါသွားခြင်းက အမြဲတမ်း ပိုကောင်းသည်။

"အင်း။"

ရှန်းယီ ခေါင်းငြိမ့်လိုက်၏။

ကျန်းချန်ယွင် လှည့်ထွက်သွားပြီးနောက် သူသည် စားပွဲတွင် ထိုင်လိုက်ပေသည်။

ပထမဆုံး သူ၏ ကိုယ်ပိုင် ပြင်ပအမြုတေနှင့် ကောင်းကင်နတ်ဆိုးအမြုတေကို အသုံးပြုခြင်းကြား ကွာခြားချက်ကို ခံစားရန် သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ကောင်းကင်ဝါးမျို စွမ်းအင်ကျင့်စဉ်ပါ အမြုတေစုစည်းခြင်းနှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အပိုင်းကို ပြန်လည် အမှတ်ရလိုက်သည်။

ထိုစဉ်မှာပင် ခြေသံများ ခြံဝင်းထဲတွင် ထပ်မံ ပဲ့တင်ထပ်လာခဲ့၏။

ရှန်းယီ ဘေးသို့ လှမ်းကြည့်လိုက်ရာ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ခြံဝင်းထဲတွင် တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ နက်မှောင်သော ဂါဝန်ရှည်မှာ လေအဝှေ့တွင် အနည်းငယ် လှုပ်ခါနေပြီး ခါးအထိ ရှည်လျားသော ဆံနွယ်နက်များ၊ ဖြူဝင်းနုနယ်သော မျက်နှာ၊ တောက်ပသော မျက်လုံးများနှင့် ဖြူဖွေးသော သွားများက မြင်သူတိုင်း၏ ရင်ခုန်သံကို မြန်ဆန်စေနိုင်သည်။

သို့သော် ဂါဝန်ရှည်အောက်ရှိ သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းနေပြီး ထိုကဲ့သို့ ဝတ်စားဆင်ယင်မှုကို မရင်းနှီးသကဲ့သို့ ဖြစ်နေသည်ကို သူ သတိပြုမိလိုက်လေ၏။

ကျန်းချိုလန်သည် အခန်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်လာပြီး စားပွဲတွင် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။

သူမသည် သိုလှောင်ရေး ရတနာထဲမှ ဝိုင်အိုးနှစ်လုံးကို ထုတ်ယူလိုက်ပြီး တစ်လုံးကို လူငယ်လေးထံ တွန်းပေးကာ တိုးတိုးလေး ပြောလိုက်၏။

"နွေးသွားအောင်လို့ပါ။"

"ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ။"

ရှန်းယီ ဝိုင်အိုးကို မထိဘဲ မေးလိုက်၏။

ကျန်းချိုလန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြင်းရှသော အရက်ကို တစ်ငုံ သောက်လိုက်လေ၏။

ထို့နောက် သူမသည် နှုတ်ခမ်းထောင့်ကို အင်္ကျီလက်စဖြင့် သုတ်လိုက်ပြီး သက်ပြင်းချလိုက်ပေသည်။

"ဘာလို့လဲဆိုတော့ မလိုအပ်ဘူးလို့ ကျွန်မ ရုတ်တရက် ခံစားမိလို့ပါ။"

"ဘာက မလိုအပ်တာလဲ။"

ရှန်းယီ မျက်ခုံးပင့်လိုက်သည်။

ထိုအမျိုးသမီးငယ်သည် သူမလက်ထဲရှိ ဝိုင်အိုးကို ကြည့်လိုက်၏။ သူမ၏ ကြည်လင်သော မျက်လုံးများထဲတွင် စူးရှသော အရောင်တစ်ချက် လက်ခနဲ ပေါ်လာပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

"ချင်ကျိုးမှာ ကျွန်မ ရှိနေသရွေ့ ဘာကိစ္စနဲ့ သူများတွေကို အားကိုးနေရမှာလဲ။"

All Chapters